လူသူတော် အိပ်ယာထ (မျိုးမြင့်ချို)
ညက နည်းနည်းများသွား သို့မဟုတ်
နည်းနည်း နည်းမသွားဘူးဆိုလျှင် ရေဒီယိုနှိုးစက်သတင်းကြေငြာသံနှင့်အတူ
မနက်ငါးနာရီခွဲတွင် အိပ်ယာမှနိုးပါသည်။ ဤနေရာတွင် အိပ်ယာကို အိပ်စရာနေရာ(အိပ်ရာ)ဟု
လူတိုင်းသိပါသည်။ ရေဒီသတင်းပလင်း အတင်းအဖျင်း စကားနိုင်လုပွဲစသည့် စိတ်ဝင်စား
စရာများပါလေမလားဟု ခနစောင့်ကြည့်ပြီး ဘာမှမပါလျှင် ရေအေးအေးတဖန်ခွက်အပြည့်သောက်ကာ ခွေးလေး
၂ ကောင်ကိုနှိုးပြီး ချီးပါသေးပေါက် ထုတ်ပါသည်။
သူတော်ကောင်းများကတော့ မျက်စေ့ ၂ လုံး
ပွင့်ချိန်မှစကာ ဘုရားတရားအာရုံပြုသည်ဟုဆိုသဖြင့် ကျနော်ကား သူတော်မကောင်း စာရင်းပေါက်
ဖြစ်ပါသည်။ တံခါးမဖွင့်မချင်း အသံမစဲပဌာန်းရွတ်သလို အောက်အီအီးအွတ်နေကြသော
ကြက်ဖကြီး ၂ ကောင်နှင့် ယင်းတို့၏ မောင်းမမိဿံများ စက်တော်ခေါ်ရာ
ကြက်အိမ်တံခါးကိုဖွင့်ပေးပါသည်။ အစာရေ လဲပေး ထည့်ပေးပါသည်။ ကြက်ဘရိတ်ဖတ်စ်ဟု ခေါ်ရမည်လား
မပြောတတ်ပါ။ ခွေးလေးတွေကိစ္စပြီးပြီဆိုလျှင် အိမ်ထဲပြန်သွင်းပြီး ကျနော့်
ကျင်ကြီးကျင်ငယ်ကိစ္စ ရှင်းရပါသည်။ တိရိစ္ဆန်များကို ချီးပါသေးပေါက်သည်ဟုသုံးပြီး
လူကြတော့ ကျင်ကြီးကျင်ငယ်တို့၊ အပေါ့အလေးတို့၊ အခင်းကြီးအခင်းလေးတို့၊
အိမ်သာတက်သည်တို့၊ တောထိုင်သည်တို့၊ အီအီးပါ ရှူရှူးပေါက်သည်တို့၊
သန့်စင်ခန်းဝင်သည်တို့ စသည်ဖြင့် ရေလဲသုံးသဖြင့် မြန်မာစာပေ ဝေါဟာရကြွယ်ဝကြောင်း
သက်သေပြလျှင်ရပါသည်။ အများသုံး Rest Room ကို သန့်စင်ခန်းဟု မြန်မာပြန်သဖြင့်
မိတ်ဆွေကြီး ကိုသန့်စင်ကို အားနာသလို သူငယ်ချင်းမ ခင်သန့်စင်ကိုလည်း
မျက်နှာပူမိပါသည်။ သူတို့ ရှိကြသေးလား မလားတော့ မပြောတတ်ပါ။
ထို့နောက် ကွန်ပြူတာဖွင့်ထားခဲ့ပြီး
ကရားထဲရေထည့်ကာ မီးဖိုပေါ်တင်ပါသည်။ စက်ရှေ့ထိုင်မိတိုင်း ကွန်ပြူတာဖွင့်သည်ကို
Open ဟု ပြောသည့် တက္ကသိုလ်ဆရာတယောက်ကို သတိရပါသည်။ အမေရိကန်တွင် မီးပျက်ခဲကြောင်း လူသိများသော်လည်း
တလတလ နင့်နေအောင်ကျသည့် မီတာခအကြောင်း ဘယ်သူမှပြောသံမကြားပါ။ အမေရိကန်သည် အခြားစက်မှုနိုင်ငံကြီးများနည်းတူ
လျှပ်စစ်နှင့်ရေနံ မရှိလျှင် နေမရသည့်ပြည် ဖြစ်ပါသည်။ ထို့ကြောင့် ရေနံထွက်သည့်တိုင်းပြည်များ
မီးဟုန်းဟုန်းလောင်ကြရပါသည်။
ရေနွေးစောင့်ရင်း ခွေးအစာခွက်ရေခွက်
ဖြည့်ပေးပါသည်၊ ကော်ဖီ ၂ ခွက်စာပြင်ပါသည်။ တခွက်က မိန်းမနိုးလာလျှင်
သောက်ရန်ဖြစ်ပါသည်။ ရှေးဗမာကြီးတို့အလိုတွင် ဇနီးသည် သည် ခင်ပွန်းထက်
အိပ်ယာဝင်နောက်ကျပြီး အိပ်ယာထနောက်ကျရပါသည်။ ဒါဆို ဇနီးကောင်း တယောက်၏
လက္ခဏာချက်တွေထဲကတချက်ဟု ချီးမွမ်းကြပါသည်။ ကျနော်လည်း ရှေးဗမာကြီးမဟုတ်သလို
ကျနော့်ဇနီးလည်း ဗမာမ မဟုတ်ပါ။ ပြီးတော့ ခေတ်သည် ရှေးခေတ်မဟုတ်သလို ကျနော်နေတာလည်း
အမေရိကန်ပြည်ဖြစ်နေပါသည်။ ကျနော့်ကော်ဖီမှာ နက်စ်ကော်ဖီဟုခေါ်ပြီး မိန်းမက
ဗမာကော်ဖီဟုခေါ်သည့် ကော်ဖီဖြစ်ပါသည်။ ကျနော့်ကော်ဖီမှာ ဆရာနေဝင်းမြင့်ပြောသော
နတ်ကော်ဖီ ဖြစ်ပါသည်။
ညက များသွားနည်းသွား၍
မနက်မထချင်သည့်အခါတိုင်း မိန်းမဖျော်သည့် အမေရိကန်ကော်ဖီ သောက်ရပါသည်။ ကော်ဖီစေ့ဝယ်
အိမ်မှာလှော် အိမ်မှာကြိတ် နှပ်အိုးဖြင့် အကျအနနှပ်ကာဖျော်သည့် ကော်ဖီအစစ်ဖြစ်ပြီး
ကျနော် သိတ် အာမတွေ့သော်လည်း ကောင်းလားဟု မေးလျှင် ခတ်မြန်မြန် Yeah, Yeah ဟုပြောကျင့်ရနေပြီမို့
ကော်ဖီကြောင့် သူနှင့်ကျနော်ကြားတွင် ဘာပြဿနာမှမရှိပါ။ ကျနော့်နတ်ကော်ဖီကို
သူလည်းတခါတခါသောက်ပါသည်။ ထို့ကြောင့် ကော်ဖီပြန်လည်သင့်မြတ်ရေးလည်း မလိုပါ။
ထို့နောက် ကော်ဖီခွက်ဘေးချပြီး မြန်မာသတင်း ဝဘ်ဆိုက်များတက်ကြည့်ကာ
စိတ်ဝင်စားစရာတွေ့လျှင်ဖတ်ပြီး တွေးစရာအစရလျှင် ရေးရန် ချန်ထားပါသည်။ ရေဒီယို
အာရ်အက်ဖ်အေတို့ ဗီအိုအေတို့ အမေရိကန်မှလွှင့်သော်လည်း ဝဘ်ဆိုက်တွင်သာ ကြည့်ပြီး
ကွန်ပြူတာနှင့်သာ ကြည့်ပါနားထောင်ပါသည်။
ရေဒီယိုတွေ ခေတ်တုန်းတော့မယ်ဟုပြောခြင်းမှာ
ရေနွေးငွေ့အင်ဂျင်ပေါ်စက ရွက်သင်္ဘောတွေခေတ်ကုန်ပြီဟူ၍ လည်းကောင်း၊ မီးရထားတွေ ပေါ်လာတော့
သင်္ဘောတွေနေဝင်ပြီဟူ၍ လည်းကောင်း၊ ဟိုင်းဝေးကြီးတွေနှင့် ကုန်ကားကြီးတွေပေါ်လာတော့
မီးရထားတွေနိဌိတံပြီဟု လည်းကောင်း၊ လေယဉ်ပျံတွေပေါ်လာတော့ လူစီးကားတွေတိမ်ကောပြီဟူ၍
လည်းကောင်း၊ အင်တာနက်တွေပေါ်လာတော့ စာတိုက်နှင့် ကြေးနန်းဆက်သွယ်ရေးတွေ ဘဝပျက်ပြီဟူ၍
လည်းကောင်း ပြောပုံမျိုးနှင့်ဆင်ပါသည်။ ရွက်သင်္ဘောတွေ၊ ရေနွေးငွေ့သင်္ဘောတွေ၊
မီးရထားတွေ၊ လူစီးကားတွေ၊ စာတိုက်နှင့်ကြေးနန်းလုပ်ငန်းတွေ ခေတ်မီအောင် ပြင်တန်တာပြင်ပြီး
ခုတိုင်ရှိနေပါသည်။ အွန်လိုင်းရှော့ပင်န်း တွေကြောင့် ပါဆယ်ပက်ကေ့ဂ်ျနှင့်ပို့တာတွေ
ပိုတောင်လုပ်ရသည်ဟု ပြောသံလည်းကြားပါသည်။ ဖြစ်နိုင်ပါသည်။ ကျနော့်ယောက္ခမကြီးက
ငါတို့ခေတ်တုန်းက တခုခုလိုချင်ရင် ဆိုင်သွားဝယ်ရတာကွ။ ခု အွန်လိုင်းကမှာပြီး
အိမ်တိုင်ယာရောက် လာပို့တော့ အဆင်ပိုပြေတာပေါ့ကွ ဟုပြောပါသည်။
ပြီးလျှင် အီးမေးလ် Check ပါသည်။
မြန်မာမိတ်ဆွေတွေကတော့ အီးမေးလ်စစ်သည်ဟုပြောပါသည်။ စစ်ဆေးကြည့်ရှုခြင်းကို
အတိုကောက် ပြောတာ ဖြစ်လိမ့်မည်ထင်ပါသည်။ အီးမေးလ်ကို တရားခံအမှုစစ်သလို
စစ်၍မရသကဲ့သို့ ထောက်လှမ်းရေးများလို စစ်ကြောရေးလည်း လုပ် မရပါ။ ရေလိုလည်း
စစ်မရပါ။ အီးမေးလ်တွင် ဒီနေ့အတွက် ကပ်၍ပေးသော အလုပ်အဆိုင်းမင်န့်(အပွိုင်မင်န်)မတွေ့လျှင်
စိတ်အေးလက်အေး ကော်ဖီတငုံ မော့ပါသည်။ ပြန်ရမည့် အီးမေးလ်များပြန်ကာ ဖျက်ရမည့်မေးလ်များဖျက်သလို
မသိသလိုနေလိုက်ရသည့် အီးမေးလ်များလည်း ရှိပါသည်။ ထို့နောက် မိမိဘလော့ဂ်လေးသွားပြီး
ဒီနေ့ လူဘယနနှယောက် တက်ဖတ်သွားသလဲနှင့် ချက်တ်ဘောက်စ်တွင် ဘာတွေရေးကြ သလဲကို
ကြည့်ပါသည်။ ဘယ်သူမှ ဘာထွေထွေထူးထူးမှ မရေးကြတောတာ့နှစ်နှင့်ပင်ချီနေပါပြီ။
ပြောရလျှင် ဖေ့စ်ဘွတ်ခ်ပေါ်ကတည်းကဟု ဆိုရမည် ထင်ပါသည်။
ဟိုနေ့က မဟန်သူလွင်ပြောသလို
“ဖေ့စ်ဘွတ်ခ်ပေါ်ကတည်းက ကိုပေါရဲ့ ပိတောက်ရိပ်တောင် မရောက်ဖြစ်တော့ဘူး”ဆိုသည်မှာ
အမှန် ဖြစ်ပါလိမ့်မည်။ ဇကာဘာ့ဂ်ကား အတော်ဖမ်းစားနိုင်စွမ်းသည့် ထက်မြက်သော ဂျူးလူငယ်လေးတဦးဖြစ်ပါသည်။
သူ့ကြောင့် ဂျီတော့ခ်တို့ ရာဟူးတို့ “လုပ်တိုင်း”ရောက်ကုန်သလောက် ဖြစ်ကြရပါသည်။
ဤတွင် ကျနော် ဖေ့စ်ဘွတ်ခ်ဘက် ခြေဦးစလှည့်ပါသည်။ ဖတ်စရာတွေ့လျှင် ဖတ်၊ Like လုပ်စရာရှိလုပ်၊
ကွန်မန့်ရေးစရာရှိရေး၊ စတေးတပ်စ် ရေးစရာပေါ် ကောက်ကက်ခြစ်ကာ အနည်းဆုံး
တနာရီနီးပါးခန့် အချိန်သုံးပါသည်။ ဖြုန်းသည်ဟုပြောလည်း ရပါသည်။ အချိန်ဆိုသည်မှာ
သုံးရန်နှင့်ဖြုန်းရန်သာဖြစ်ပြီး အရန်ထားရမည့်အရာမဟုတ်ပါ။ အရန်လည်း ထားမရပါ။ တခါတခါ
ဖြုန်းတီးပေးမှရပါသည်။
အချိန်ကို တန်ဖိုးရှိအောင်ဘယ်လိုသုံး
ဘာညာနှင့် လူတတ်လုပ်ကာ အာတတ် သည့်တက်ကျမ်းဆရာတွေကို ကျနော် တခါတခါ
စောက်မြင်အတော်ကပ်ပါသည်။ အချိန်ဆိုသည်မှာ ဘဝဖြစ်ပါသည်၊ ဘဝဆိုသည်မှာ အသုံးချရန်နှင့်
သုံးဆောင်ခံစားရန် ဖြစ်ပါသည်။ တခုခု အကျိုးရှိရန် အချိန်ကိုသုံးဖို့လိုသလို
စိတ်အလိုလိုက်ကာ အပျော်အပါးအတွက်လည်း ဖြုန်းတီးပေးရပါသည်။ အပျော်အပါးဆိုသည်မှာ
လိုက်စားတတ်လျှင် အလွန်ပျော်စရာကောင်းပါသည်။ လောကတွင် လိုက်စားစရာ အပျော်အပါးများသာမရှိလျှင်
ပျင်းစရာကောင်းမည်ဟု ထင်ပါသည်။ အချိန်ကို ကုသိုလ်၊ ဥစ္စာနှင့်ပညာတွေချည်း ရအောင်လုပ်နေသူများလည်း
သူတို့ဘာသာသူတို့ ပျော်နေကြသည် စိတ်ချမ်းသာ နေကြသည်ဆိုလျှင် အလွန်ကောင်းပါသည်။
ပျော်နေ စိတ်ချမ်းသာနေမည်ဟုလည်း(ကိုယ့်ဘာသာ)ထင်မိပါသည်။ ငွေထုပ်ကြီးပိုက်ကာ၊
နံမည်နောက် အမြီးကြီးရှည်လာတာ၊ သူတော်ကောင်းကြီးဟု အခေါ်ခံရတာတွေမှာ
ကြည်နူးနှစ်ခြိုက်နေသူများလည်း သူတို့နည်းနှင့်သူတို့ စိတ်လက်ချမ်းသာနေသည်ဟု ထင်ပါသည်။
လူတို့တွင် စိတ်လက်ချမ်းသာခြင်း
တွေ့ရှိရာနယ်ပယ်များ တယောက်နှင့်တယောက်မတူကြပါ။ တူလို့လည်း မဖြစ်ဟုထင်ပါသည်။
စိတ်ဆင်းရဲခြင်းလည်း ထိုနည်းနှင်နှင် ဖြစ်ပါလိမ့်မည်။ သို့သော် လူဆင်းရဲတို့အား
ပြဿနာပေါင်း သောင်းခြောက်ထောင်နှင့် ဓနဥစ္စာ ကြွယ်ဝသူများကို လက်ညှိုးထိုးပြပြီး
“လူမချမ်းသာရင်နေ စိတ်ချမ်းသာရင်တော်ပြီ”ဆိုကာ မဟုတ်တမ်းတရား ပြောခြင်းမှာကား
ဉာဏ်နုံ့နဲ့ရာကျလွန်းသလို မှိုင်းတိုက်ခြင်းလည်းမြည်ပါသည်။ ပြဿနာပေါင်း
သောင်းခြောက်ထောင်မှာ လူဆင်းရဲလူချမ်းသာမရွေး ကြုံရသည့်အရာဖြစ်ပါသည်။ ရှောင်မရပါ။
ကုန်ကုန်ပြောရလျှင် ဆင်းရဲ(ဒုက္ခ)ဟုဆိုသော ဇာတိ ဇရာ ဗျာဓိ မရဏာသည်ပင် ဆင်းရဲချမ်းသာ
မရွေးပါ။ ထိုထိုသော ဆင်းရဲ(ဒုက္ခ)ဆိုသည်များကို ခံရတာခြင်းအတူတူ ချမ်းချမ်းသာသာဆိုလျှင်
အခံရသက်သာပါလိမ့်မည်။ လူဆင်းရဲခြင်းမှာလည်း ဆင်းရဲဒုက္ခပင်ဖြစ်ပါသည်။ ချမ်းသာလျှင်
အနည်းဆုံး လူဆင်းရဲခြင်းဒုက္ခမှ လွတ်ပါသည်။ ထို့ကြောင့် ကျနော်အပါအဝင်
လူတိုင်းချမ်းသာကြပါစေဟု အမြဲတိုင်းဆန္ဒပြုပါသည်။ ထို့အပြင် လူတိုင်း အသက်ရှည်သမျှ
ကျန်းမာကြစေ့ချင်စိတ်လည်း တရံမလပ်ရှိပါသည်။ နိဂုံးချုပ် စာ ၂ ကြောင်းကိုထောက်ချင့်သော်
ဤစာသည် နိုင်ငံရေးသဘော၊ ရန်သူမိတ်ဆွေသဘော၊ ဖိနှိပ်သူအဖိနှိပ်ခံသဘောတို့အား
သိစိတ်ရှိရှိကွင်းရှောင်၍ လူသူတော်ပုံဖမ်းရေးသည့်စာမှန်း အလွန်ထင်ရှားလှပါသည်။
စက်တင်ဘာ ၂၄၊ ၂ဝ၁၅
0 comments:
Post a Comment