Sunday, September 16, 2018

ဒေါ်ခင်ကြည်ပြောပြတဲ့ လူ (၅)ယောက်အကြောင်း (လှကွန့်) (အစပိုင်း ၂)

0 comments
ဒေါ်ခင်ကြည်ပြောပြတဲ့ လူ (၅)ယောက်အကြောင်း (လှကွန့်) (အစပိုင်း ၂)
ဧပြီ ၂ဝ၁၂ မြန်မာသစ်မဂ္ဂဇင်းမှ
ဒုတိယအအကြိမ် ဒေါ်ဒေါ်နဲ့ဆုံဖြစ်တာက အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးရာထူးက ဖယ်ရှားခံရပြီးတဲ့အချိန်။ ၁၉၆၉ ဝန်းကျင်ဆိုပါစို့။ အိုးဝေဂျာနယ် ထုတ်နေချိန်ပေါ့။ နိုင်ကငံရေးခေါင်းဆောင်ဟောင်းကြီးတွေ သက်ကြီးရွယ်အို ပညာရှင်ဟောင်းကြီးတွေနဲ့ လိုက်လံတွေ့ဆုံဖို့ ဦးညိုမြက တိုက်တွန်းပါတယ်။ သူကိုယ်တိုင် လိုက်မိတ်ဆက်ပေးပါတယ်။ ဦးကျော်ငြိမ်း၊ ဦးဘဆွေ၊ ဒေါက်တာဘမော်၊ သခင်ဝတင်၊ သခင်တင်၊ သခင်ချစ်မောင်၊ ဗိုလ်မြသွေးစတဲ့ လက်ဝဲလက်ယာခေါင်းဆောင် တော်တော်များများနဲ့ တွေ့ပေးပါတယ်။ ဒီလိုတွေ့ပေးတာက သူတို့ဆီက စာမူတွေရအောင်တောင်းဖို့ပါ။ စာမူတောင်းလို့မရရင် သူတို့စကားပြောလာအောင် ဆွပေးပါ။ သူတို့ပြောတဲ့အထဲမှာတန်ဖိုးရှိတဲ့၊ သမိုင်းတန်ဖိုးရှိတဲ့စကားတွေ ပါလာလိမ့်မယ်။ အဲ့ဒါကို သေသေချာချာ မှတ်သားပါ။ အဲ့ဒီမှတ်သားထားတာတွေဟာ မင်းအတွက် စာတွေဖြစ်လာလိမ့်မယ်လို့ ဆရာဦးညိုမြက သွန်သင်ပါတယ်။ ဒီသွန်သင်ချက်က ခေါင်းဆောင်ကြီးတွေနဲ့ တွေ့ဖြစ်တာပါ။ ဒေါ်ဒေါ် ဒေါ်ခင်ကြည်နဲ့တွေ့ဖြစ်တာလည်း ဒါ့ကြောင့်ပါပဲ။ သားသေလင်ဆုံးဘဝမှာ သံအမတ်ကြီးအဖြစ်ကလည်း ပြုတ်ကျခံရတဲ့ဘဝ၊ ဒီကြားထဲ ရှိတဲ့သားသမီးနှစ်ဖြာကလည်း နိုင်ငံရပ်ခြားမှာ၊ အင်မတန်စိတ်ဓါတ်ကျပြီး ညှိုးချုံးနေမှာပဲလို့တွေးထင်ရင်း တက္ကသိုလ်ရိပ်သာလမ်းက အခု ဒေါ်အောင်ဆန်းစုကြည် နေထိုင်နေတဲ့အိမ်ရှေ့ ရောက်ခဲ့ပါတယ်။ ခြံဝမှာ သစ်သားတံခါးလေး ကာဆီးထားပါတယ်။ တခြားဘယ်လို အစောင့်အရှောက် အတားအဆီးမှမရှိပါ။ စစ်ဆေးမေးမြန်းမယ့်သူလည်း မရှိ။ (သြော်..အတော်အထီးကျန်ဆန်လှပါလားလို့ တွေးမိပါတယ်) သစ်သားတံခါးလေးကို အသာဟပြီး အထဲဝင်လိုက်တယ်ဆိုရင်ပဲ သင်းပျံ့မွှေးကြိုင်တဲ့ပန်းရနံ့လေးက နှာဝကို ကလူကျီစယ်လိုက်တယ်။ အင်းလျားရေပြင်ကိုရှပ်တိုက်ပြေးလွှားလာတဲ့လေပြေနုက လန်းဆန်းစေတယ်။ ခြံတွင်းမှာ သန့်ပြန့်ရှင်းလင်းနေတယ်။ ခြံကျယ်ကြီးရဲ့ နောက်ဖက်မှာ အဖြူရောင်ဆင်ဝင်နဲ့ ၂ ထပ်တိုက်ကြီး တစ်လုံး၊ ရှေ့မြောက်ဘက် အင်လျားကန်စပ်မှာ အရှေ့ဘက်လမ်းမကြီးနဲ့ကပ်လျက်မှာ သစ်သားအိမ်လေးတစ်လုံးစီ၊ အလယ်မြေကွက်လပ်မှာ စက်ဝိုင်းပုံမြေကြီးပေါင် လုပ်ထားတယ်။ အဲ့ဒီပေါင်ပေါ်မှာ လစ်လီပန်းတွေအပြည့် စိုက်ထားတဲ့ပန်းခင်းကြီး၊ ခြံရဲ့ တခြားကျန်နေရာတွေမှာလည်း တခြားအပင်တွေစိုက်ထားတယ်။ တစ်ခြံလုံး စိမ်းလန်းစိုပြေလှပနေတယ်။ အဖြူရောင် လစ်လီပန်းပွင့်ကြီးတွေက ဆွဲဆောင်မှုအား အကောင်းဆုံး။

ညှိုးငယ်ပန်းလျနေလိမ့်မယ်လို့ ထင်ထားတဲ့အထင် ပါစင်အောင်လွဲပါပေါ့။ ခြံထဲက အပြင်အဆင်အမွမ်းအမံတွေက စိတ်ဓါတ်မကျတဲ့အပြင် လန်းဆန်းတက်ကြွလာစေတယ်။ ဒါဟာ ဒေါ်ဒေါ့်ရဲ့စိတ်ဓာတ်ကို ခန့်မှန်းနိုင်တယ်။ သားကွဲလင်ကွဲဘဝ၊ အိမ်နိမ့်စံဘဝမှာတောင် စိတ်ဓါတ် မကျပဲ သဘာဝပတ်ဝန်းကျင်ကို လန်းဆန်းတက်ကြွလာအောင် ဖန်တီးနိုင်စွမ်းရှိသလို သူ့ကိုယ်သူလည်း စိတ်ဓာတ်ခိုင်ခိုင် ထားနိုင်တယ်ဆိုတာ တွေ့ရပါတယ်။

အိုးဝေဂျာနယ် ၂ ပတ်တစ်ကြိမ် စနေနေ့မှာ ထုတ်ဝေလေ့ရှိတယ်။ ဂျာနယ်ထွက်တဲ့စနေနေ့တိုင်းမှာ ဒေါ်ဒေါ့်အိမ် ရောက်လေ့ရှိတယ်။ ရောက်တဲ့ နေ့တိုင်းလိုလို ဆင်ဝင်အောက်မှာ ဒေါ်ဒေါ့်ကို တွေ့ရလေ့ရှိတယ်။ ဒေါ်ဒေါ့်ရဲ့ပုံသဏ္ဍန်က သူပြောတာတွေကို နားထောင်ပေးမယ့် သူကို ငံ့လင့်နေဟန်တူတယ်။ ကျနော်က ဆယ့်ငါးရက် စနေနေ့တိုင်းလို ဒေါ်ဒေါ်ပြောတာတွေကို နားထောင်မှတ်သားလေ့ရှိတာကိုး။ ကျနော် မရောက်ခင်မနက်ပိုင်းမှာ သံဃာတော်တွေကို ဆွမ်းလောင်းတယ်။ ဆင်ဝင်အောက်ထပ်က စားပွဲလေးပေါ်မှာ ကြွေရေသုတ်ဆွမ်းချိုင့်လေးတင် ထားပြီး လောင်းလေ့ရှိတယ်။ ကျနော့်အတွက် လက်ဘက်ရည်၊ မုန့်၊ ရေနွေးကြမ်းတို့ ဒေါ်ဒေါ့်ဝေယျာဝစ္စလုပ်ပေးတဲ့ ကုလားမလေးက လာချ ပေးတယ်။

ဒေါ်ဒေါ်က သူ့ခင်ပွန်းသည်အကြောင်း တမ်းတမ်းတတ ပြောလေ့ရှိတယ်။ နိုင်ငံရေးခေါင်းဆောင်တချို့အကြောင်းလည်း ပါတယ်။ သူ့ခင်ပွန်းသည် ဗိုလ်ချုပ်အောင်ဆန်းပြောပြခဲ့တဲ့ ဂျပန်နဲ့ပေါင်းရတဲ့အကြောင်း၊ ဂျပန်သွားခရီးအကြောင်း၊ ဂျပန်တော်လှန်ရေးအကြောင်းတွေနဲ့ လွတ်လပ်ရေးကြိုးပမ်းမှု သူမကိုယ်တွေ့တွေကို ပြောပြလေ့ရှိတယ်။ အဲ့ဒီအထဲက မှတ်မှတ်သားသား လူ (၅)ဦးအကြောင်း ပြောပြခဲ့ပါတယ်။

အဲ့ဒါလေး ပြန်လည်တင်ပြချင်ပါတယ်။
“ဒီနေ့တော့ လူ (၅)ယောက်အကြောင်း ပြောပြမယ်။ ပထမပြောပြမှာက ဒေါ်ဒေါ့်ယောင်္ကျားအကြောင်းပဲ။ ဒေါ်ဒေါ့်ယောင်္ကျားဟာ စောစော စီးစီးငယ်ငယ်ရွယ်ရွယ်နဲ့ သေသွားတာကောင်းတယ်။ တကယ်လို့ စောစောမသေပဲ ဟိုဟာတွေနဲ့ပေါင်းမိသွားရင် နံမည်ပျက်နဲ့သေရမှာ။
အဲ့ဒါလေး နည်းနည်းရှင်းပြမယ်။ နောက်လူတွေအတွက် သင်ခန်းစာယူစရာလည်းကောင်းတယ်။ နိုင်ငံရေးမှာ ခေါင်းဆောင်ကောင်းတယောက် ဖြစ်လာဖို့ဆိုတာ တော်တည့်ဖြောင့်မှန်တဲ့ အဝန်းအဝိုင်းလိုတယ်။ သူ ကျောင်းသားခေါင်းဆောင်ဖြစ်တဲ့အချိန်မှာ ကိုဗဟိန်းတို့လိုလူတွေက ဝိုင်းရံပေးကြတယ်။ သခင်ခေါင်းဆောင်ဖြစ်တဲ့အချိန်မှာ သခင်ဗဟိန်းတို့၊ သခင်သန်းထွန်းတို့ ဝိုင်းရံပေးကြတယ်၊ လက်တွဲလုပ်ခဲ့ကြတယ်။ သခင်မြ၊ သခင်ချစ်၊ သခင်စိုးတို့ သခင်လေးမောင်တို့လည်း ပါတာပေါ့။ အထူးသဖြင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဒီးဒုတ်ဦးဘချို၊ သခင်သန်းထွန်း၊ သခင်ဗဟိန်း၊ သခင်မြတို့က အနီးကပ် ထိန်းပေးကြတယ်။ တပ်ထဲရောက်တော့လည်း ဗိုလ်လက်ယာ၊ ဗိုလ်ဇေယျ၊ ဗိုလ်ကျော်ဇောတို့ ဗိုလ်ဗထူးတို့လိုသူတွေက ဝိုင်းရံထားကြတယ်။ ဒါ့ကြောင့် ကိုအောင်ဆန်း၊ သခင်အောင်ဆန်း၊ ဗိုလ်အောင်ဆန်းလို့ တရှိန်ထိုးနံမည်ရလာတာပဲ။

ဒါဟာ ဘာလဲဆိုရင် ပညာတတ်တာ၊ လူစွမ်းလူစရှိတာလောက်နဲ့ မလုံလောက်ဘူး။ ရိုးသားဖြောင့်မတ်ရမယ်။ ကိုယ်ကျင့်သိက္ခာလည်း ရှိရမယ်။ နိုင်ငံရေးယုံကြည်ချက်ရှိရမယ်။ ခိုင်မာရမယ်။ နိုင်ငံတကာနဲ့ ပြည်တွင်းနိုင်ငံရေးမှာ အမြော်အမြင်ရှိရမယ်။ အရှည်မြင်တတ်ရမယ်။ ပြည်သူလူထုအကျိုးအတွက် မိမိကိုယ်ကျိုးကိုမငဲ့တဲ့ ပိုင်းဖြတ်မှုရှိရမယ်။ မိတ်ဆွေနဲ့တွေ့ရင်ဖယောင်း ရန်သူနဲ့တွေ့ရင်သံချောင်း၊ နာယကဂုဏ်နဲ့ ပြည့်စုံရမယ်။ အဲ့ဒီလို နိုင်ငံရေးသမားတွေနဲ့ပေါင်းမိလို့ ငါ့ယောင်္ကျား နံမည်သတင်းကောင်းခဲ့တာ။ တိုင်းပြည်လွတ်လပ်ရေး လုပ်ရင်း အယူအဆတွေကွဲလာတယ်။ စိတ်ဝမ်းကွဲလာတယ်။ လက်ဝဲအင်အားစုဖြစ်တဲ့ ကွန်မြူနစ်တွေကို ဖဆပလထဲက ကန်ထုတ်ခဲ့တယ်။ (ဆက်တင်ပေးပါ့မယ်) ကိုယ်ရိုက်ထားတဲ့စာမှာ အကျအပေါက်လေးတွေ ပြန်စစ်နေလို့ပါ)

0 comments:

Post a Comment