၂ဝ၁၁
နောက်ပိုင်းကမ္ဘာကြီးကို ပွက်လောညံနေတဲ့ကမ္ဘာကြီးအဖြစ် ရေးသားပြောဆိုနေကြပါတယ်။ ကမ္ဘာ့သမိုင်းမှာ
ခုလောက် မုန်တိုင်းထန်တဲ့ကာလ၊ ခုလောက် ထိန်မနိုင်သိမ်းမရ အပြောင်းအလဲမျိုးစုံ ဘွားခနဲထွက်ပေါ်လာကြတဲ့ကာလ
မရှိသေးဘူးလို့တောင် သမိုင်းဆရာတွေကဆိုကြတယ်။ ၂ဝ နှောင်းပိုင်းမှ အရှိန်အဟုန်ကောင်းခဲ့တဲ့
ဂလိုဘယ်လိုက်ဇေးဟာ ခုဆိုရင် အရင်းရှင်စနစ်ဂလိုဘယ် အကျပ်အတည်းကြီးအဖြစ် သူ့ဘာသာ ပွင့်ကျသွားပြီ။
အဲ့သလို ဂလိုဘယ်အကျပ်အတည်းတွေကြားကပဲ အဖြစ်အပျက်တွေဟာ မြန်မြန်ဆန်ဆန်ကြီး ရင့်မှည့်လာကြတာဖြစ်ပါတယ်။
ဟိုတုန်းက မှေးမှိန်သွားတဲ့ လူတန်းစားတိုက်ပွဲအမြင်တွေလည်း အခု ပြန် အားကောင်းလာနေတယ်။
လူတန်းစားတိုက်ပွဲဟာ ပြန်လည်ရှင်သန်လာရုံမက တချို့နေရာတွေမှာ စတောင် စနေပြီ။
အခြေအနေပြောင်းလဲမှုကို စူးစူးရဲရဲဖော်ပြတဲ့နေရာတွေကတော့
ကမ္ဘာအနှံ့ဆန္ဒပြပွဲကြီးတွေ ဆက်တိုက်ပေါ်ထွက်လာခြင်းနဲ့ အရင်းရှင်စနစ်နဲ့ အရင်းရှင်စနစ်ရဲ့လုပ်ဆောင်ချက်တွေကို လူတွေလက်မခံချင်တော့ခြင်းဆိုတဲ့ဖြစ်ရပ်မှာ တွေ့နိုင်တယ်။
အရင်းရှင်စနစ်ရဲ့ တရားမျှတမှု ကင်းမဲ့ခြင်းတွေကို လူတွေက ဆန့်ကျင်လာတဲ့နေရာမှာတွေ့နိုင်တယ်။
လူတွေကို သိန်းချီ အလုပ်ဖြုတ်ပစ်ခြင်း၊ ဆင်းရဲချမ်းသာ ချောက်ကမ်းပါးက ကြာလေကျယ်လေဖြစ်ခြင်း၊
ကမ္ဘာ့ဓနဥစ္စာအားလုံးလောက်နီးပါးကို လက်တဆုပ်စာ လူတစုရဲ့လက်ထဲမှာစုနေပြီး လူသားတွေရဲ့ကံကြမ္မာကို
ထင်သလို ခြယ်လှယ်နေခြင်း၊ စစ်ပွဲတွေ၊ လူမျိုးရေးမုန်းတီးမှုတွေ၊ ခွဲခြားဆက်ဆံမှုတွေ များသထက်များလာခြင်း
စတဲ့အချက်တွေကို လူတွေ ငြီးငွေ့လာပြီး အပြောင်းအလဲတောင်းဆိုလာကြပြီ။
၂ဝဝ၈-၂ဝဝ၉
စီးပွားရေးဆုတ်ယုတ်မှုကြီးဟာ အဲ့ဒီအနာပုပ်တွေကို ပိုပြီးပွင့်ကျလာစေလိုက်တယ်လို့လည်း
ဆိုနိုင်ပါတယ်။ အကျပ်အတည်း ဖြစ်တော့ ဘဏ်လုပ်ငန်းရှင်ကြီးတွေကို အစိုးရက ကယ်ထုတ်တယ်။ ဘဏ်မှာ အပေါင်စနစ်နဲ့အိမ်ဝယ်ထားတဲ့ သာမန်ပြည်သူ
၁ဝ သန်း လောက်မှာတော့ အိမ်တွေ အပေါင်ဆုံးကုန်ပြီး
အိုးမဲ့အိမ်မဲ့ဖြစ်ရတယ်။ အမေရိကန်မှာရှိတဲ့လူဦးရေရဲ့ တစ် ရာခိုင်နှုန်းဖြစ်တဲ့ သူဌေးကြီး
လက်တဆုပ်စာဆီမှာ ဓနဥစ္စာ ၃၄ ဒဿမ ၆ ရာခိုင်နှုန်းစုဝေးနေသတဲ့။ လူဦးရေရဲ့ ၁၉ ရာခိုင်နှုန်းဖြစ်တဲ့သူဌေးကြီးတွေလက်ထဲမှာ
ဓန ၅ဝ ရာခိုင်နှုန်း ရှိနေတယ်တဲ့။ တဘက်မှာတော့ အောက်ခြေပြည်သူလူထုရဲ့ ၈ဝ ရာခိုင်နှုန်းကပိုင်ဆိုင်တာ
တပြည်လုံးရဲ့ဓန ၁၅ ရာခိုင်နှုန်းပဲ ရှိနေတယ်။ ဒီနေရာမှာ ၂ဝဝ၈ စီးပွားပျက်ကပ်က လူအားလုံးကို
ထိခိုက်စေတာမဟုတ်ဘူးလားလို့ မေးစရာရှိတယ်။ ၂ဝဝ၇ နောက်ပိုင်း စာရင်းဇယားတွေအရ အဲ့ဒီကပ်ကြောင့်
ထိခိုက်မှုပမာဏကို စစ်တမ်းထုတ်လိုက်တဲ့အခါ အလယ်အလတ်တွေရဲ့ မိသားစုဓနဥစ္စာဟာ ၃၆ ဒဿမ ၁
ရာခိုင်နှုန်း ကျဆင်းသွားပေမယ့် ထိပ်ဆုံးလူချမ်းသာတစ်ရာခိုင်နှုန်းရဲ့ ဓနဥစ္စကတော့ ၁၁
ဒဿမ ၁ ရာခိုင်နှုန်းပဲ ထိခိုက်တယ်တဲ့။ ဒါ့ကြောင့် ၂ဝဝ၈ ကပ်ကြောင့် ချမ်းသာသူလူတစုနဲ့
ကျန်အမေရိကန်ပြည်သူတွေအကြား ကွာခြားမှုဟာ ၉၉ ရာခိုင်နှုန်းတောင် တိုးလာတယ်လို့ ဆိုပါတယ်။
ဒါဆိုရင်
လူတွေဟာ အရင်တုန်းက(တော့) ငြိမ်ချက်သားကောင်းနေပြီးခုမှ ဘာလို့ လမ်းပေါ်ထွက်ဆန္ဒပြကြကုန်တာလဲလို့
မေးချင် မေးလိမ့်မယ်။ လူတွေရဲ့သဘာဝက “သာမန်မှန်တမ်း” အချိန်မျိုးဆိုရင် ဘာလို့ လမ်းပေါ်ထွက်မှာလဲ။
မှန်တမ်းအချိန်မျိုးမဟုတ်လို့သာ လမ်းပေါ်ထွက် ဆန္ဒပြကြတာပေါ့လို့ ရိုးရိုးပဲဖြေရမှာပါ။
သာမန်အချိန်ဆိုတာမှာလည်း မေးစရာရှိပြန်ပါတယ်။ တချို့က သမာမန်အချိန်လို့ ထင်နေပေမယ့်
သူတို့ရဲ့ကံကြမ္မာတွေနဲ့ဘဝတွေကို ကျွမ်းထိုးမှောက်ခုံလုပ်ပစ်တာ ခံနေရတာတွေလည်း ရှိနေကြတာပါ။
နောက်ဆုံး သူတို့ကို လှုပ်နှိုးပြီး လမ်းပေါ်ဆွဲထုတ်လိုက်မှသာ သာမန်အချိန်လည်း ကုန်ဆုံးသွားကြတယ်။
ကမ္ဘာ့သမိုင်းမှာတော့ ၁၇၇၆ အမေရိကန်တော်လှန်ရေး၊ ၁၇၈၉-၉၃ ပြင်သစ်တော်လှန်ရေး၊ ၁၈၄၈ ဥရောပတော်လှန်ရေး၊
၁၈၇၁ ပဲရစ်ဘုံအဖွဲ့၊ ၁၉ဝ၅ နဲ့ ၁၉၁၇ ရုရှားတော်လှန်ရေးများ၊ ၁၉၃၁-၃၇ စပိန်တော်လှန်ရေး စတာတွေဟာ လူတွေကို အလုံးအရင်း(နဲ့)ထွက်လာစေပြီး
ကိုယ့်လိုလားချက်တွေကို ထုတ်ဖော်ခဲ့တဲ့ အရေးအခင်းကြီးတွေ ဖြစ်ပါတယ်။ မကြာခင်ကဖြစ်ပွားခဲ့တဲ့
အီဂျစ်တော်လှန်ရေးနဲ့ တူနီးရှားတော်လှန်ရေးတေါအပါအဝင် အာပ်နွေဦးဟာလည်း အဲ့သလို အရေးအခင်းကြီးတွေဖြစ်ပါတယ်။
သမိုင်းဆရာတွေကတော့
မျက်မှောက်ခေတ်ကာလ လူထုလှုပ်ရှားမှုကြီးတွေဟာ တော်လှန်ရေးအခြေအနေတရပ်မှာဖြစ်လေ့ရှိတဲ့
ရှေ့ပြေး အဆင့်တွေနဲ့တူတယ်လို့ ဆိုပါတယ်။ မျက်မှောက်အနေအထားတွေကိုကြည့်ရင် အရင်က နိုင်ငံရေးကို
ကိုယ်နဲ့မသက်ဆိုင်ဘူးလို့ ထင်ထား ကြသူအများစုကြီးဟာ တည်ဆဲ နိုင်ငံရေး လူမှုရေးစနစ်တွေကို
မကျေမနပ် ဆန့်ကျင်ဆန္ဒပြတာတွေ လုပ်နေကြတယ်။
သူတို့တတွေဟာ
အဲ့သလိုလှုပ်ရှားရင်း နိုင်ငံရေးအသိတွေလည်း မကြုံစဖူး မြင့်မားတိုးတက်လာနေတယ်။ အီဂျစ်နိုင်
ကိုင်ရိုမြို့လည် တာဟီရာ ရင်ပြင်မှာဆန္ဒပြကြသူတွေဟာ ၂၄ နာရီအချိန်လေးအတွင်းမှာ အရင်
“သာမန်မှန်တမ်း”အချိန် နှစ်ပေါင်း ၂ဝ အတွင်းမရရှိနိုင်တဲ့ နိုင်ငံရေး အသိတွေကို ရခဲ့ကြတယ်။
အလားတူပဲ အမေရိကန်က ဝေါလမ်းသိမ်းပိုက်ရေး Occupy Movement လှုပ်ရှားမှုလုပ်သူတွေနဲ့ ဥရောပက
Anti-austerity အတင်းအကျပ်ခြိုးခြံချွေတာရေးပေါ်လစီ(ကို) ဆန့်ကျင်လှုပ်ရှားသူတွေဟာလည်း
သာမန်အချိန် အနှစ် ၂ဝ လေက် အတွင်းမရခဲ့တဲ့ နိုင်ငံရေးအသိတွေ ရခဲ့ကြတယ်။
အခုကာလကို
လူတန်းစားတိုက်ပွဲတွေ ပြန်လည်ရှင်သန်လာတဲ့ကာလလို့ပြောကြရာမှာ လူတန်းစားတိုက်ပွဲတို့
အလုပ်သမာလှုပ်ရှားမှုတို့နဲ့ ဆက်နွယ်နေတဲ့ အတွေးအခေါ်အယူဝါဒက တမျိုးတည်းမဟုတ်လို့ သူတို့နဲ့ဆက်နွယ်နေတဲ့အတွေးအခေါ်မျိုးစုံလည်း တပါတည်း
ပြန်လည် အားကောင်းလာတာကို တွေ့ကြရမှာဖြစ်ပါတယ်။ အခုလို ဝါဒတွေ ပြန်လည်ရှင်သန်လာတာဟာ
လှုပ်ရှားမှုတွေနဲ့အုံကြွမှုတွေထဲ ပါဝင်ကြသူ တွေက ကိုယ်ပါဝင်နေတဲ့လှုပ်ရှားမှုအကြောင်း ခြေခြေမြစ်မြစ်သိအောင်ကြိုးစားကြသလို
လက်ရှိအကျပ်အတည်းအကြောင်း သဘောတရားအရ ရှင်းပြတာတွေနဲ့ သူတို့တတွေ ရှေ့ခရီး ဘယ်လမ်းက
ချီတက်ကြမလဲဆိုတာတွေကို သဘောတရားအရညွှန်ပြနိုင်ဖို့ ရှာဖွေလာကြလို့ ဖြစ်ပါတယ်။ အဲ့သလို
ပြန်လည်ရှင်သန်လာတဲ့အတွေးအခေါ်တွေထဲမှာ ဆိုရှယ်လစ်ဝါဒပါသလို မင်းမဲ့ဝါဒလည်းပါတယ်။ ကိုယ်ယုံကြည်ရာ
လွတ်လွတ်လပ်လပ် တွေးတောလုပ်ကိုင်ခွင့်ဝါဒ Libertarianism တွေလည်း ပါဝင်တယ်။ အဲ့သလို
ပြန်ပေါ်လာကြတဲ့အခါ အလုပ်သမားသမဂ္ဂတွေ ပြန်ထူထောင်လိုသူအလုပ်သမားများကြားမှာ ၁၉ ရာစု ၊ WW စက်မှုကမ္ဘာ့အလုပ်သမားများရဲ့ရွှေခေတ်ကို
ပြန်လည် တမ်းတသူများရှိလာသလို မင်းမဲ့ဝါဒဖခင်ကြီးတွေဖြစ်ကြတဲ့ ပရောက်ဒွန်း၊ ဘာကူနင်၊
ခရိုပေါ့ကင်၊ ဒူယာရူဒင်တို့ကနေပြီး ဒီနေ့ခေတ် ဟိုးဝပ်ဇင်းတို့၊ မိုက်ကယ်လ်အဲလ်ဘတ်တို့၊
နိုအမ်ချွန်စကီးတို့ရဲ့ မင်းမဲ့ဝါဒသင်ကြားချက်တွေကလည်း နယ်ချဲ့စနစ်နဲ့ အရင်းရှင်စနစ်ရဲ့
ဆိုးဝါးမှုတွေကို စူးစမ်းလိုကြတဲ့လူငယ်တွေအကြားမှာ ခေတ်စားလာခဲ့တယ်။
အဲ့ဒီ
ဝါဒမျိုးစုံဟာ အရင်းရှင်စနစ်ရဲ့ ဒီမိုကရေစီမကျတဲ့လက္ခဏာတွေ၊ သွေးစုပ်တဲ့လက္ခဏာတွေကို
ရှင်းပြကြတဲ့အတွက် လူတွေလည်း အတော် မျက်စေ့ပွင့်လာကြတယ်။ အဲ့ဒီအထဲမှာ တည်ဆဲလူ့အဖွဲ့အစည်းစနစ်မှန်သမျှ
ဆန့်ကျင်ရေးဆိုတဲ့ အလွန်ရိုးရှင်းတဲ့မင်းမဲ့ဝါဒကို လူငယ်တော်တော်များများက သဘောကျတာအမှန်ပဲ။
ဒါပေမဲ့ ဒီနည်းဟာ လက်ရှိ အရင်းရှင်စနစ်အကျပ်အတည်းအတွက် ဘယ်လို အဖြေတွေပေးနိုင်လဲ၊ အရင်းရှင်စနစ်နေရာမှာ
ဘာနဲ့အစားထိုးမလဲဆိုတဲ့ မေးခွန်းတွေကို ဖြေဆိုနိုင်ပါရဲ့လား။ ပညာရှင်တဦးကတော့ မင်းမဲ့ဝါဒလပ်ရှားမှုဟာ
လှုပ်ရှားမှုသဘောအရ ကလေးသူငယ်အဆင့်မှာသာရှိတယ်၊။ သူ့မှာ ခေါင်းဆောင်တို့၊ အဖွဲ့အစည်းတို့၊
နိုင်ငံရေး ရည်မှန်းချက်တို့မရှိတဲ့အတွက် လှုပ်ရှားမှုကိုရှေ့တဆင့်တက်ဖို့ လုပ်နိုင်စွမ်းမရှိဘူး။
ဘာနဲ့တူသလဲဆိုရင် ကလေး လေးကို လေးဘက်တွားတဲ့ အဆင့်မှာသာထားပြီး လမ်းလျှောက်တတ် စကားပြောတတ်
လူ့ဘဝထဲမှာရပ်တည်တတ်အောင်အထိ သင်မပေးတာနဲ့တူတယ်လို့ ပြောခဲ့ဖူးတယ်။
မင်းမဲ့ဝါဒကို
အပေါ်ယံကြည့်လိုက်ရင် ဖိနှိပ်မှုမှန်သမျှ၊ သြဇာလွှမ်းမိုးမှုမှန်သမျှ
ပြတ်ပြတ်သားသား ငြင်းပယ်တဲ့အယူအဆဖြစ်လို့ ဖီနှိပ်မှု ဆန့်ကျင်သူအားလုံးကို ကိုယ်စားပြုတဲ့ဝါဒလို့
ထင်မြင်ကောင်း ထင်မြင်မိကြလိမ့်မယ်။ သြဇာအာဏာမှန်သမျှ
ဆန့်ကျင်တဲ့ခံစားချက်ရှိသူတွေ၊ အထူးသဖြင့်
လူငယ်တွေအတွက် အလွန်သဘောကျစရာလည်း ဖြစ်လိမ့်မယ်။ ကွန်မြူနစ်ဝါဒ ခေါင်းဆောင်ကြီးတဦဖြစ်တဲ့
ဖရက်ဒရစ် အိန်ဂယ်လ်ကတော့ မင်းမဲ့ဝါဒကို အလွန်ကြီးတဲ့ ဘုရားရှိခိုးကျောင်းကြီးတကျောင်းနဲ့တူတယ်လို့
ပြောခဲ့ဖူးတယ်။ “အဲ့ဒီ ဘုရားရှိခိုးကျောင်းကြီး ထဲမှာ တယောက်နဲ့တယောက် ထပ်တူကျတာမရှိသလို၊
တယောက်သဘောထားကို တယောက်က သဘောတူတာမျိုးလည်းမတွေနိုင်တဲ့ ထူးခြားရှားပါးတဲ့ ဘုရားကျောင်းကြီးမျိုးပဲ”
ပြောခဲ့တယ်။ မင်းမဲ့ဝါဒလှုပ်ရှားမှုထဲမှာ သိသာတဲ့အချက်တချက်ကတော့ အစွန်းရောက် တသီးပုဂ္ဂလဝါဒပဲဖြစ်ပါတယ်။ ဒီဝါဒအရ အဖွဲ့အစည်းမှန်သမျှကို ဓားမိုးအုပ်စိုးတဲ့
သက်ဦးဆံပိုင်များအဖြစ်ရှူမြင်ပြီး အဖွဲ့အစည်းထားတာကို ဆန့်ကျင်လေ့ရှိတယ်။
ဒါပေမဲ့
အထက်က အိန်ဂယ်လ်ပြောခဲ့သလို နှစ်ယောက်ရှိရင်
ဝါဒနှစ်မျိုးဖြစ်နေလေတော့ တချို့မင်းမဲ့ဝါဒီတွေဟာ မာ့က်စ်ဝါဒီတွေအတိုင်း လိုက်ပြီး
အဖွဲ့အစည်းနဲ့လုပ်ချင်ကြပြန်တယ်။ သူတို့ကိုတော့ မင်းမဲ့အလုပ်သမားသမဂ္ဂဝါဒလို့ ခေါ်ကြတယ်။
နောက်မင်းမဲ့ဝါဒတမျိုးလည်း ရှိသေးတယ်။ သူတို့ကတော့
လက်တွေ့လုပ်ဆောင်မှု ဝါဒဖြန့်ရေး ဆော်သြသူတွေ ဖြစ်ပါတယ်။ အဲ့ဒီ လက်တွေ့လုပ်ဆာင်မှုနဲ့
ဝါဒဖြန့်ရေး ဆိုတာ တခြားမဟုတ်ဘူး။ တသီးပုဂ္ဂ အကြမ်းဖက်လှုပ်ရှားမှုတွေလုပ်ကိုင်ရေးပဲ ဖြစ်ပါတယ်။
သူတို့အမြင်အရ အဲ့သလို အကြမ်းဖက် ခြိမ်းခြောက်တာလုပ်လိုက်ရင် လူတွေကို ဝါဒဖြန့်လိုက်သလိုဖြစ်ပြီး
အလွန်ကြီးမားတဲ့ပုန်ကန်မှုကြီးတွေ ပေါ်လာလိမ့်မယ်လို့ ယူဆကြတယ်။ သူတို့နဲ့သိတ်မကွာတဲ့အမြင်ကတော့
လူကြားသူကြား စတန့်အမျိုးမျိုးလုပ်ပြီး လူတွေထိတ်လန့်တုန်လှုပ်အောင် လုပ်ချင်သူတွေပါပဲ။
ဒီနေ့ ကာလမှာ သူ့လိုအမျိုးအစား ပိုတွေ့ရမယ်။ မျက်မှောက်ခေတ်မင်းမဲ့ဝါဒမဂ္ဂဇင်းတွေမှာ
အဲ့သလို လူစိတ်ဝင်စားအောင် အကွက်ချဇာတ်တိုက် ပြုလုပ်တာတွေကို အများကြီးတွေ့နိုင်တယ်။
မျက်မှောက်ခေတ်မင်းမဲ့ဝါဒဟာ
၁၉ ရာစု ဂန္တဝင်မင်းမဲ့ဝါဒကနေ ဆင်းသက်လာတယ်လို့တောင် ဆိုလို့မရတော့ဘူး။ အများစုဟာ ၁၉၆ဝ နဲ့ ၁၉၇ဝ ကာလ သူပုန်လူငယ်တွေက ဆင်းသက်လာတယ်လို့ပဲ
ပြောနိုင်ပါတယ်။ မျက်မှောက်မင်းမဲ့ဝါဒဟာ ၂ဝ ရာစုအစောပိုင်းက အမေရိကန်က WW စက်မှုအလုပ်သမားတွေနဲ့
စပိန်တော်လှန်ရေကာလ CNT အလုပ်သမားသမဂ္ဂမင်းမဲ့ဝါဒီတွေရဲ့ လူ့အဖွဲ့အစည်းကို ပြောင်းလဲရာမှာ
အလုပ်သမားလူတန်းစား စုပေါင်းတိုက်ပွဲဆင်နည်းနဲ့အာဏာရယူရေး ဆိုတာမျိုးနဲ့ အတော်ကြီးကို
အလှမ်းဝေးသွားပါပြီ။ သူတို့တတွေဟာ အရင်းရှင်ပါလီမန်နဲ့ အရင်းရှင်ဥပဒေတွင်းဆိုရှယ်လစ်ပါတီတွေနဲ့
ပြုပြင်ရေးပါတီတွေကို အော့နှလုံးနာပြီး နိုင်ငံရေး မှန်သမျှကို လက်မခံချင်ကြသူတွေ ဖြစ်နေကြတယ်။
သူတို့ဟာ နိုင်ငံရေး၊ တ်ာလှန်ရေးဆိုတဲ့စကားလုံးနေရာမှာ လူမှုတော်လှန်ရေးဆိုတာကို မနောခွေ့လာကြတယ်။
ခေတ်သစ်မင်းမဲ့ဝါဒဟာ ဘဝနေထိုင်နည်းစမ်းသပ်မှုတွေဘက် ပိုပြီးအားသန်သလို သင်္ကေတအထိမ်းအမှတ်ပြုနိုင်တဲ့
ဆန္ဒပြပွဲတွေလုပ်ဖို့လည်း ပိုသန်ကြတယ်။
၁၉၇ဝ
ခုတွေမှာ ခေတ်စားလာတဲ့ သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေးသမားတွေဆိုရင် မင်းမဲ့ဝါဒဆီကနေ
ခေါင်းဆောင်မရှိ၊ နော်လိုက်မရှိဝါဒ၊ ဗဟိုဦးစီးစနစ်မရှိဝါဒနဲ့ ငယ်သော်လှ၏ဝါဒဆိုတဲ့
ဒေသန္တရအဖွဲ့လေးတွေ အစိတ်စိတ်အမြွှာမြွှာခွဲလုပ်ရေးဝါဒတွေကို လက်ခံ ကျင့်သုံးကြသူတွေဖြစ်နေတယ်။
ခေတ်သစ်မင်းမဲ့ဝါဒီတချို့ဆိုရင် အလုပ်သမားလူတန်းစားလှုပ်ရှားမှုကို စာရင်းမသွင်းရုံမက
ဆန့်ကျင်ရန်လို တာတွေတောင်ရှိနေတယ်။ ပိုဆိုးတာက အရင်းရှင်လူတန်းစားဟာ မင်းမဲ့ဝါဒက သူတို့ရဲ့သွေးစုပ်မှုအခြေခံအုတ်မြစ်ကို
ဘာအန္တရာယ်မှ မပြုမှန်းသိနေတဲ့အောက်မှာ တဘက်လှည့်နဲ့ မင်းမဲ့တွေကို မြှောက်ပေးတာ၊ ထောက်ပံတာတွေလုပ်သလို
မင်းမဲ့ဝါဒသဘောတရားတွေ အသုံးပြုပြီး အရင်းရှင်စနစ်အုတ်မြစ်ကို တကယ်တိုက်နေတဲ့မာ့က်စ်ဝါဒကို
ထိုးနှက်လာတာတွေ့နေရတာပါပဲ။
အခုစာတမ်းဟာ
မျက်မှောက်ခေတ်ကာလတော်လှန်ရေးတွေရင်ဆိုင်နေရတဲ့
နိုင်ငံရေးပြဿနာတွေကို ပြင်းပြင်းထန်ထန် အဖြေရဖို့ လုံးပမ်းနေကြတဲ့ တက်ကြွလှုပ်ရှားသူတွေအတွက်ရည်ရွယ်တာဖြစ်ပြီး
သဘောတရားရော လက်တွေ့ပိုင်းပါ ပါနိုင်အောင်ကြိုးစားပါတယ်။ တကယ်တမ်းပြောရရင် ဒီခေါင်းစဉ်ဟာ
အတော်ကျယ်ပြန့်သလို နှိုက်နှိုက်ချွတ်ချွတ်လည်း ဆက်လေ့လာသင့်တဲ့ခေါင်းစဉ် ဖြစ်နေတယ်။
ဒီနေ့ခေတ် တက်ကြွလှုပ်ရှားသူတွေဟာ ကျနော်တို့ခေတ်ကထက် သတင်းအချက်အလက် အများကြီး ပိုရရှိနေကြသလို
စူးစမ်းချင်စိတ်လည်း မယုံနိုင်လောက်အောင် မြင့်မားနေကြချိန်ဖြစ်ပါတယ်။ ဒီစာတမ်းကို
အစက “မင်းမဲ့ဝါဒနဲ့ မာ့က်စ်ဝါဒ”လို့ ရိုရိုးပဲတပ်ဖို့စဉ်းစားပါတယ်။ ဒါပေမဲ့ အခုအားထုတ်မှုလောက်နဲ့
ဒီခေါင်းစဉ်ကိုမတပ်သင့်ဘူးလို့ ယူဆပါတယ်။ စိတ်ဝင်စားသူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို
မိတ်ဆက်တဲ့ အနေနဲ့ တစေ့တစောင်းလောက်ကိုပဲ တင်ပြထားတာဖြစ်လို့ပါ။ ဒီစာတမ်းဖတ်ပြီး နိုင်ငံရေး
လှုပ်ရှားတက်ကြွသူတွေအကြား ကိုယ်စီးထားတဲ့မြင်း အထီးလား အမလားဆိုတာ သတိပြုမိရင်ပဲကျေနပ်မှာပါ။
(နေဦးဝေ
ရေးသားပြုစုသည့် ဂန္တဝင်မင်းမဲ့၊ မော်ဒန်မင်းမဲ့ စာအုပ်မှ စာရေးသူရဲ့အမှာစာဖြစ်ပါတယ်)
0 comments:
Post a Comment