Sunday, September 9, 2018

အရေးတော်ပုံဂျာနယ်မှ ကူးယူဖော်ပြတာဖြစ်ပါတယ်။(သတင်းနဲ့ မှတ်ချက်)

0 comments
၂၀၀၈ ဖွဲ့စည်းပုံက စစ်အုပ်စုအတွက် အလုပ်ဖြစ်တယ်။ အကျိုးအမြတ် တော်တော်ထွက်သွားတယ်။ အခုဆိုရင် ကောက်သင်းကောက်ရုံပဲ။ ဗိုလ်သန်းရွှေတို့၊ ဗိုလ်ခင်ညွန့်တို့ ‘အငြိမ်းစား’ ပုံများ အတော်သင်းတယ်လို့ပြောရမှာပါ။ နအဖ စစ်ကောင်စီကို ဖျက်ရကျိုးနပ်အောင် အပိုင်ကြံသွားတာ အခုတော့ ဘယ့်နဲ့ရှိစလို့ ဒီမိုကရေစီရေးလုပ်သူတွေကို မျက်စပစ်နေလောက်ပြီ။

လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်ကာလတုန်းက စစ်အစိုးရကိုတော်လှန်ဆန့်ကျင်တဲ့ သံဃာတွေဟာ တကမ္ဘာလုံးမှာ ကြည်ညိုဦးချစရာဖြစ်ခဲ့တယ်။ အခုတော့ ၀ါဝါမြင်တိုင်း ရွှေမထင်နဲ့လို့ ကမ္ဘာက လက်တို့သတိပေးတာခံရတဲ့ဘ၀ကို ရောက်သွားပါတယ်။ ဆရာတင် နာမည်ပျက်တာမဟုတ် ဒကာလည်း လူတောတိုးဖို့မလွယ်တော့တဲ့အဖြစ်ကို ရောက်သွားတာပါ။
 

တချိန်က နိုင်ငံတကာမှာ လျှမ်းလျှမ်းတောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အဖြစ်ဟာလည်း အခုတော့ ဖျော့တော့မှေးမှိန် သြဇာနေ၀င်ချိန် ဖြစ်ရပြီ။ ရခိုင်အရေးကြောင့် ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာရှိတဲ့ နိုင်ငံတကာရဲ့ယုံကြည်ကိုးစားမှု တစစီပြိုကွဲသွားပြီလို့ သတင်းတွေမှာ ပြောကြဆိုကြတယ်။ လူသတ်ကောင် စစ်ဗိုလ်ချုပ်တွေနဲ့ယှဉ်တွဲဖော်ပြခံရ၊ စာလုံးမည်းကြီးတွေနဲ့ ဖော်ပြအပြစ်တင်ခံရတာလည်း အကြိမ်ကြိမ်။ ရခဲ့သမျှ နိုင်ငံတကာက ဘွဲ့ထူး၊ ဂုဏ်ထူးတွေ ပြန်အသိမ်းခံရတာလည်း နောက်ဆိုရင် ပြန်သိမ်းရိုးထုံးစံမရှိတဲ့ နိုဘယ်ဆုလောက်ပဲ ကျန်မယ်ထင်ပါတယ်။ ဆုတွေ အသိမ်းခံရတာထက် နိုင်ငံတကာရဲ့ယုံကြည်လေးစားလာမှုပျက်ပြားလာတဲ့အခြေအနေကို ဖော်ပြချင်တာပါ။ ဒါက နိုင်ငံတကာမှာဖြစ်နေတဲ့ ဒေါ်စုအခြေအနေ ပြောတာပါ။ ပြည်တွင်းမှာလည်း ဒေါ်စုရဲ့ပုံရိပ်ဟာ 
တစတစ ဖျော့တော့လာပါတယ်။
 

တချို့ကိစ္စတွေမှာ ဒေါ်စုနဲ့အတူရပ်တည်တာဟာ စစ်အုပ်စုနဲ့အတူရပ်တည်လိုက်တာ၊ စစ်အုပ်စု ကျူးလွန်သမျှကိုထောက်ခံလိုက်တာ ဖြစ်သွားတယ်။ ဒီချုပ်အစိုးရ၊ အစိုးရအကြီးအကဲ၊ အစိုးရစစ်တပ်တွေဟာ ရင်ကြားစေ့ချင်ချင်၊ မစေ့ချင်ချင် ၂၀၀၈ အရ ပေါင်းစပ်ကြရမှာပဲ။ အစိုးရလည်းလုပ်ချင်၊ အစိုးရတပ်ကို ရန်လုပ်ဖို့ခက်၊ ရန်လုပ်ဖို့လည်းမ၀ံ့တော့ စစ်အုပ်စုပြုသမျှ ခေါင်းခံပေးရတဲ့ဘ၀ပါ။ စစ်အုပ်စုနဲ့ သူတို့အမွေပေးခဲ့တဲ့ ဗျူရိုကရေစီယန္တရားတခုလုံးကတော့ ပျော်ပွဲ၊ စားပွဲ၊ ကစားပွဲလုပ်နေရင်း ရန်သူကျဆုံးခန်းကို မြိန့်မြိန့်ကြီး ထိုင်ကြည့်နေကြတယ်။ ၂၀၀၈ အခြေခံဥပဒေအရ တက်တဲ့အစိုးရမှန်သမျှ စစ်အုပ်စုလူတွေကလွဲလို့‘ပုဇွန်ဆိတ်ခေါင်း’ အစိုးရပဲ ဖြစ်လိမ့်မယ်။ ပြည်သူ့အစေခံမဟုတ်ဘဲ စစ်အုပ်စုရဲ့အစေခံပဲ ဖြစ်လိမ့်မယ်။ စစ်အစိုးရလက်ထက် မကြာခဏ ကြားရတဲ့အဖြစ်တွေလိုပဲ ထောင်ကျတန်းကျဖို့လိုရင် လူစားထိုးတာခံရတဲ့အဖြစ်ကိုတောင် ရောက်နိုင်သေးတယ်။
 

စစ်အုပ်စုနဲ့သူတို့မိသားစုတွေ၊ မိတ်ဆွေ၊ အပေါင်းအသင်းရောင်းရင်းတွေပဲ အမြတ်ထွက်နိုင်တဲ့ ၂၀၀၈ စနစ်ဆိုးကို ရိုက်ချိုးမှသာလျှင် တိုင်းပြည်နဲ့လူထုအကျိုးစီးပွားဖြစ်ထွန်းဖို့ လမ်းစ ပေါ်ပါလိမ့်မယ်။ ၂၀၀၈ ကို ရိုက်ချိုးရမှာပါ ချော့ပြီးပြုပြင်ခိုင်းလို့ မရပါဘူး။
 

ဒါက စစ်အာဏာပိုင်တွေနဲ့ပတ်သက်ရင် အခြေအနေရဲ့ဘက်တဘက်ကိုသာ မီးမောင်းထိုး ပြောဆိုလိုက်တာဖြစ်ပါတယ်။ အခြားတဖက်မှာကျတော့ စစ်အုပ်စုနဲ့စစ်အာဏာပိုင်တွေဟာ ရခိုင်မှာ သူတို့မွှေးလိုက်တဲ့မီးစရဲ့ရလဒ်အဖြစ် အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်။ အခုအခြေအနေမှာ သူတို့ရဲ့အကျပ်အတည်း ကြီးပါတယ်။ သူတို့ဟာ သူတို့ရဲ့အကျပ်အတည်းရဲ့ထွက်ပေါက်အဖြစ် မရိုးသားတဲ့ မတရားတဲ့နည်းလမ်းပေါင်းစုံအသုံးပြုဖို့ ကြံစည်ကြပါလိမ့်မယ်။ ဒါဟာ စစ်အုပ်စုရဲ့ သန္ဓေ့ပါ ပြုပြင်လို့မရ ဖျောက်ဖျက်ပစ်လို့မရတဲ့ အကျင့်ဆိုးပါပဲ။

0 comments:

Post a Comment