Saturday, September 1, 2018

သူခိုးကြီးတော့ ဓမြ။ ဓမြကြီးတော့ သူပုန်။ သူပုန်ကြီးတော့ အစိုးရ...တဲ့။

0 comments
သူခိုးကြီးတော့ ဓမြ။ ဓမြကြီးတော့ သူပုန်။ သူပုန်ကြီးတော့ အစိုးရ...တဲ့။
သူခိုး။ လူတိုင်းသိပြီးသားဆိုပေမယ့် တိုင်းပြည်ဘဏ္ဍာခိုးတဲ့သူခိုးကြီးက သူခိုးလေးတွေငတ်လို့ သူ့ပစ္စည်းနည်းနည်းခိုးမိတော့ “မင်းဘဏ္ဍာ ကိုယ့်ဟာမမှတ်နဲ့”လို့ ဆိုပြန်တယ်။ နောက်ပြီး ရန်သူမျိုး(၅)ပါးထဲက (၄)ပါးမြောက်မှာယူထားတယ်။ သူက ရန်သူစာရင်းသာပေါက်တာ ရန်သူချင်းတွေ မိတ်ဆွေလုပ်ဖို့ကြ သေဖော်ညှိပြီး ပြီးပျောက်သွားတတ်ပြန်တယ်။ ခုအပေါ်က တန်းစီဇယားထဲမှာ သူက အငယ်ဆုံး အရေး မပါဆုံး။ ဒါတောင် ရန်သူစာရင်းဝင်ဖြစ်နေသေးတယ်။ သူက အခြားသူတွေရဲ့ပစ္စည်းဥစ္စာကို မသိအောင်ယူတယ်။

ဓမြ။ ရန်သူမျိုးစာရင်းထဲသူ့မသွင်းတာမှာ အကြောင်းတော့ရှိမယ်။ ဒါပေမယ့် “ခိုးသူ”လို့ ဆိုရာမှ သူပါအကြုံးဝင်ကြောင်းဖတ်ဖူးတယ်။ သူက လက်ထောက်ချမယ့်သူလိုတယ်။ တိုက်လို့ရတာကို ဝေစုခွဲရတယ်။ ဗိုလ်ကအများဆုံးယူတယ်။ ဝေစုမတည့်တဲ့အခါ ဗိုလ်လုရတတ်တယ်။ ဓမြရိုးရိုးနဲ့ လူသတ်မုဒိန်းဓမြတွေလည်းရှိသေးရဲ့။ ပြီးတော့ ဓမြမှာ အေးဓမြဆိုတာလည်းရှိသေးဆိုတယ်။ ဓမြကသူ့နယ်နဲ့သူတိုက်တယ်။ သူ့ဂွင်ထဲက သူခိုးသေးလေးတွေကိုနှိပ်ကွပ်ပြီး နည်းနည်းကြီးလာတဲ့ကောင်ကိုမွေးတယ်။ နောက်တော့ သူခိုးပါးဝ ဓမြသားမွေးတွေက ဓမြပြန်ဖြစ်လာတာလည်းရှိတယ်။ သူက တခြားသူတွေရဲ့ပစ္စည်းဥစ္စာကို ဗြောင်လုယက်ယူတယ်။

သူပုန်။ ဒီဝေါဟာရတော့ ပဒေသရာဇ်စနစ်အောက်ကနေ ပေါက်လာတာလို့မှတ်ဖူးတယ်။ ဘုရင်ကိုပုန်ကန်လို့ ပုန်ကန်သူကနေ သူပုန်လို့ ရွေ့လာတာလို့ဆိုတယ်။ ဆိုတော့ အစိုးရ(အုပ်ချုပ်ရေးပုံစံသစ်)ဟာ ပဒေသရာဇ်စနစ်အချုပ်မှာပေါ်ပြီး၊ သူပုန်ကတော့ အစိုးရမပေါ်ခင်တည်းက ပေါ်နှင့်ပြီးသားလို့ဆိုရမယ်မှတ်တာပဲ။ ”သူပုန်”လို့ဆိုတာနဲ့ မကောင်းတဲ့အနက်နဲ့ထွက်အောင် အလုပ်ခံထားရခြင်းပဲ။ “တိုင်းစွန်ကျေးဖျားတွင် ခိုးသားဓမြများပုန်ကန်ထကြွနေသဖြင့်”တို့ ”သူပုန်သူကန်တို့အားနှိမ်နင်းရန် ရွှေနန်းရှင်မှစေလွှတ်တော်မူသော”တို့ စတဲ့အသုံးနှုန်းတွေဟာ ”သူပုန်ဆိုတာမကောင်း”ဆိုတဲ့အနက်ကောက်ကိုတိုက်ရိုက်ရတာပဲ။ သူပုန်မှာ (၂)မျိုးရှိတယ်မှတ်တာပဲ။

တစ်မျိုးက “မင်းသားသူပုန်”၊ နောက်တစ်မျိုးက “လူသူပုန်”ဖြစ်မယ်။ ပဒေသရာဇ်အုပ်စိုးမှုအောက်မှာ နန်းတွင်းကနေထတဲ့သူပုန်က မင်းညီမင်းသားနန်းလုကြတာထက် ဘာမှမပို။ နန်းတွင်းလုပ်ကြံမှု(အရေးတော်ပုံ၊ နန်းတွင်းပုန်ကန်မှု၊ အရေးအခင်း)လို့ဆိုသကိုး။ နန်းတွင်း လုပ်ကြံမှုမအောင်မြင်လို့ နောက်လိုက်နောက်ပါ (ငယ်ကျွန်)တချို့နဲ့ ထွက်ပြေးလာတဲ့မင်းသားလည်း လူထုအခြေခံနဲ့ဘုရင်ဖြစ်အောင် ကြံဆောင်တာမရှိဘူးမဟုတ်ဘူး ရှိတယ်။ ဒါပေမယ့် ဘုရင်သတ်နိုင်မှ ဘုရင်ဖြစ်တဲ့ခေတ်မှာ ဘုရင့်သတ်ဖို့ရာ ဘုရင်နဲ့အနီးဆုံးလူ (နန်းတော်ထဲကျန်ခဲ့/ချန်ခဲ့တဲ့ ဒါမှမဟုတ် မင်းဟောင်း နေညိုချိန်ကိုမှန်းနိုင်ပြီး မင်းသစ်အောက်မှာအမြှောက်စားခံဖို့ အကွက်မြင်အရည်လည် အပါးဝမင်းလူယုံဖြစ်တဲ့ အတွင်းလူအခါတော်ပေး)ရဲ့အားက အဓိကကျနေတတ်တယ်။ အဲ့ဒါမပါပဲ အထမြောက် သွားတဲ့လုပ်ကြံမှုတစ်ခု ရှိတယ်လို့ မကြားမိသေးဘူး။ အဲ့သလို သူပုန်မျိုးက(အရေးတော်အောင်လျှင် မောင်မင်းများလည်း အဖိုးဝေစုပါစေ့မည်ဆိုကာ)လူသူ လက်နက်စုပြီး လက်ကိုင်တုတ်တပ် ဖွဲ့တာလောက်တော့ရှိတယ်။ နန်းရရေးလုပ်တာဖြစ်လို့ အောင်ရင် ရွှေထီးပဲ။ မအောင်ရင် အသုတ်သင် အကွပ်မျက်ခံရပြီး ကံကောင်းလို့လွတ်ရင် တနယ်ခြားမှာပြေးဝင်ခိုလှုံ။ နောက်ဆုံး လူမသိသူမသိနဲ့ဇာတ်သိမ်း။ မအောင်မြင်လို့ ”မှားပါပြီ အရှင့်သစ္စာခံပါတော့မယ်”ဆိုကာ ပြန်ဒူးထောက် အောက်ကြို့တဲ့မင်းညီမင်းသား မရှိသလောက်ရှားတယ်။ ပြန်ကြို့လည်း ဘယ်အချက် ဇက်ပေါ် ဓါးကျလာလေမလဲစိတ် တထိတ်ထိတ်နဲ့သစ္စာခံပြရင်း သေနေ့ထိုင်စောင့်ရမယ့်အဖြစ်မျိုး ဘယ်သူရွေးချင်ပါ့မလဲ။ နန်းပြင်ထွက် ပုန်ကန်ပြီး မအောင်မြင်တဲ့”မင်းသားသူပုန်တွေ”ဟာ “သူပုန်မင်းသားတွေ”အဖြစ်နိဌိတံကြတာများတယ်။ အဝေးကြီးမကြည့်နဲ့ မြင်ကွန်း မြင်းခုံတိုင်အရေးလောက် ကြည့်ရုံနဲ့မြင်ပါတယ်။

လူသူပုန်(လူထုအခြေခံ)ကျတော့ သူပုန်လည်းလူထု၊ လူထုကပဲ သူပုန်ခေါင်းဆောင်ပြန်လုပ်တာမျိုး။ တခုတော့ရှိတာပေါ့ ခေါင်းဆောင်က နောက်လိုက်တွေထက် ခေါင်းတစ်လုံးတော့ ပိုမြင့်မှရတာမျိုး။ အဲ့ဒီခေါင်းဆောင်မှုမျိုးနဲ့ ထတဲ့သူပုန်ဟာ ဘုရင်လုပ်ဖို့ထက် အဆင့်ဆင့်သော အုပ်ချုပ်ရေးယန္တရားကြီးရဲ့ ဖိစီးဒဏ်ကိုမခံနိုင်တော့တဲ့အဆုံး ရတဲ့လက်နက်စွဲပြီး ဖြစ်တဲ့နည်းနဲ့ပြန်ခံချရတာပဲ။ အရင်းခံသဘောကိုက စနစ်ကို ဆန့်ကျင်တာပဲ။ အခြေခံတာလည်း လူထုပဲ။ အတန်းအစားသဘောအရသာ ကွာရင်ကွာမယ်။ ဆိုတော့ အနှစ်သဘောကတော့ စနစ်ကို အရှိုက်ထိုးတာပဲ။ သူပုန်မှန်ပေမယ့် သူပုန်ချင်းမတူဘူး။ ဒီသူပုန်(၂)ပုန်ကို ကွဲအောင် “မင်းသားသူပုန်”နဲ့“လူသူပုန်”လို့မှတ်ထား မိတာပါပဲ။

ဘယ်သူပုန်မှာဖြစ်ဖြစ် ဘက်ပြောင်း၊ သစ္စာဖေါက်တွေရှိသလို ပဉ္စမံတပ်သားတွေလည်; ရှိကြတာချည်းပါ။ မနက်ဖြန်မှာ အရေးတော်ကြီး အောင်မယ်ဆိုရင်တောင် ဒီနေ့ဘက်ပြောင်းသူရှိတတ်တယ်။ ထားပါတော့။ သူပုန့်သဘာဝက သူအာဏာမရခင်စပ်ကြား သူ့အပိုင်စားမြေမှာ သူဗိုလ်ပဲ။ သူ့ကို ထောက်ပံ့ကျွေးမွေးသူကို ကာကွယ်မယ်။ အဲ့ဒီလူတွေအားကိုယူပြီး အာဏာလက်ရှိကို တိုက်မယ်။ သူအာဏာရရင် “ဘယ်လူတန်းစားအတွက်”ဆိုတဲ့ နိုင်ငံရေးစနစ်နဲ့ စီးပွားရေးစနစ်တခုခုရှိတယ်။ အဲ့စနစ်အခြေခံတဲ့ အဘိဓမ္မာတခုခု မလွဲမသွေရှိမှရတယ်။ အဲ့စနစ်အတွက် အသေခံရဲသွားအောင် လူတွေကိုအတွေးအခေါ် သွပ်သွင်းတယ်ဆိုတာ တော်ရုံခေါင်းဆောင်မှုနဲ့ တော့မရ။ အဲ့ဒါမျိုးကိုကျ တော်လှန်ရေးလုပ်တယ်လို့ဆိုတယ်။ ကိုယ့်ခေါင်းထဲ နဂိုရှိနေတဲ့အတွေးအခေါ်ဟောင်းကို ကိုယ်တိုင်ပြန်လှန်ပြီးမှ ကျန်တာတွေ ဆက်လို့ ရတတ်တာမျိုး။ ဆိုတော့ တော်လှန်တဲ့အတွေးအခေါ်မရှိရင် အပျော်တမ်းသူပုန်ထတာလောက်နဲ့တင် ကိစ္စ ပြတ်ပြတ်သွားတယ်လို့ဆိုတာများ ကြားဖူးတယ်။ သူပုန်ဟာ သူ့နယ်ကဓမြကို သူပုန်ဖြစ်အောင် အတွေးအခေါ်အရမွေးရတယ်။ သူပုန်ဖြစ်မလာတဲ့ ဓမြကိုတော့ နာနာနှိပ်ကွပ် ပစ်ရတယ်။ ဒါ့ကြောင့် သူပုန်အားကောင်းရင် ဓမြခေါင်းထောင်လို့ မရဖြစ်တာပဲ။ အရင်တုန်းကတော့ သူပုန်လို့ပြောရင် လူတွေမကြိုက်ကြဘူး။ ခုတော့ သူပုန်ဆိုပြီး ပါးစပ်အရသာခံပြောသူတွေ ဒုနဲ့ဒေး။ သူပုန်ခေါ်မှကြိုက်တဲ့သူလည်း သိတ်မရှား။  

ပထမတစ်မျိုးက တခြားသူတွေရဲ့ပစ္စည်းဥစ္စာကို နိုင့်ထက်စီးနင်း ခြိမ်းခြောက်လုယက်ယူတယ်။ ဒုတိယတစ်မျိုးကတော့ စည်းရုံးသိမ်းသွင်းပြီး လူတွေကပေးလာအောင်လုပ်ယူတယ်။

အစိုးရ။ သူက ရန်သူမျိုး(၅)ပါးမှာ နံပတ်(၃)။ “ဘယ်လို မင်းမျိုးကိုသာ ရန်သူစာရင်းသွင်းရာတယ်”ဆိုပြီး ဇာတ်တော်နိပတ်တော်လာ၊ ဒဏ္ဍာရီလာ၊ ဟိုကျမ်းလာ ဒီကျမ်းလာတွေထဲက အဆိုအမိန့်တွေ၊ ပုံတိုပတ်စတွေနဲ့ ဖန်တစ်ရာထေအောင် အနက်ဖွင့်ကြတာတွေလည်း လူတိုင်းသိကြရဲ့။ “အစိုးရ”ဆိုတဲ့စကားက ဘုရင်တို့(ပဒေသရာဇ်စနစ်)နေဝင်ချိန်၊ အစိုးရ (စက်မှုအရင်းရှင်စနစ်နဲ့ အမျိုးသားအစိုးရ)များ အရုံဦးမှာ ပေါ်ခဲ့တာလို့ ဆိုတယ်။ အစိုးရမပေါ်ခင်တုန်းကတော့ လူတွေကို “အစိုးတရ”ထင်တိုင်းကြဲခွင့်ရှိတာက ပဒေသရာဇ်နဲ့ဧကရာဇ်ပဲ။ အဲ့ဒီစနစ်ထက်မကောင်းရင် “အစိုးရ”ပေါ်စရာအကြောင်းကို မရှိဘူးလို့ဆိုရမယ်။ အစိုးရဆိုတာကို “အစိုးမရ”ဆိုတာနဲ့ ထပ်ကြည့်ဟပ်ကြည့်ရင် ထင်းကနဲပေါ်တယ်။ သူပုန်နိုင်လို့(တော်လှန်ရေးအောင်လို့)ဖြစ်တဲ့အစိုးရမျိုးရှိသလို နိုင်ငံရေးကစားတတ်လို့ ဖြစ်တဲ့အစိုးရလည်းရှိတာပဲ။

ဒါပေမဲ့ လူ့သမိုင်းကို ပြန်ကြည့်တော့ စနစ်တစ်ခုကတစ်ခုကိုပြောင်းတာဟာ တော်လှန်ရေး(သူပုန်နိုင်တာ)ဖြစ်ပြီး၊ စနစ်တစ်ခုအထိုင်ကျပြီး အထိုင်ထဲကပုံစံနဲ့ အပြောင်းအလဲဖြစ်တာကတော့ “အစိုးရ”ပဲ။ အစိုးရပြောင်းတာပဲ။ စနစ်ကတော့ ဒီစနစ်ပဲ။ ဟိုနေရာ ဒီနေရာ နည်းနည်းပါး ဖါထေးတာတော့ ရှိမှာပဲ။ အစိုးရပြောင်းသက်သက်နဲ့ စနစ်တစ်ခုလုံးပြောင်းတာ မတူမှန်း လူတိုင်းသိကြတာပါပဲ။ လုံးရိုက်လို့မှ မရတာ။ အစိုးရဆိုတာက လူတန်းစားရှိတဲ့လူ့အဖွဲ့အစည်းမှာ လိုအပ်လို့ကို ရှိနေရတာပါပဲ။ လူတစ်ယောက်နဲ့တစ်ယောက်၊ တစ်ဖွှဲနဲ့တစ်ဖွဲ့၊ တစ်စုနဲ့တစ်စု ကြားက လူ့လွတ်လပ်ခွင့်ကို အာမခံဖို့၊ တရားမျှတမှုနဲ့တန်းတူမှုရှိဖို့ အစိုးရက ဝင်တာဝန်ခံပေးရတာပဲ။ လူတွေအတွက် ပဋိဉာဉ်ကိုလူတွေက ရေးပြီး၊ လူတွေကရွေးတဲ့သူအစိုးရလုပ်ပြီး အုပ်ချုပ်တာပါပဲ။ သူကကျ သူခိုး၊ ဓမြ၊ သူပုန်ပါမကျန် နှိပ်ကွပ်ရတာပဲ။ (ဒီနေရာမှာ ပြောစရာတွေ များပေမယ့် ခုပြောတဲ့အကြောင်းကနေ ဘေးချော်သွားမစိုးလို့ ချန်ခဲ့ပါမယ်။ ရှေ့မှာလည်း ချန်ခဲ့ရတာတွေအများကြီးရှိပါတယ်)သူကကျတော့ တိုင်းပြည်ရဲ့ဓနကိုတင်မက တိုင်းသား ပြည်သူရဲ့လုပ်အား(ငွေအား၊ ဉာဏ်ပညာအားတွေ)ပေါ်ကနေ အခွန်စည်းကြပ်တယ်ဆိုကာ ဥပဒေအရ ယူတာပဲ။

ထားပါတော့ သူခိုးဖြစ်ဖြစ်၊ ဓမြဖြစ်ဖြစ်၊ သူပုန်ဖြစ်ဖြစ်၊ အစိုးရဖြစ်ဖြစ်ပါ၊ လူတွေရဲ့ဥစ္စာပစ္စည်းတွေကို ဘယ်လိုနည်းနဲ့ယူယူပါ။ ကျနော် ပြောချင်တာက အဲ့ဒါမဟုတ်ပါ။ ပြောချင်တာက တစ်ခုကတစ်ခုကို နိုင်အောင်မထောင်းပဲ သူခိုးက ဓမြနဲ့ပေါင်း၊ ဓမြက သူပုန်နဲ့ပေါင်း၊ သူပုန်က အစိုးရနဲ့ပေါင်းပြီဆို လူတွေခမျာ သူခိုးဒဏ်၊ ဓမြဒဏ်၊ သူပုန်ဒဏ်နဲ့အစိုးရဒဏ်ပါရောပြီး ဒဏ်(၄)ဒဏ်ခံရတော့တာပါပဲ။ ပြည်နာတော့တာပါပဲ။ နိုင်ငံ ထောင်းလမောင်းကြေတော့တာပါပဲ။ ဗမာပြည်မယ် ခုဖြစ်နေတာလည်း ဒါပါဘဲ။
မျိုးမြင့်ချို (နိုဝင်ဘာ ၂ ရက်၊ ၂ဝ၁၃)

0 comments:

Post a Comment