အာဏာရှင်စနစ်အောက်မှာနေရတဲ့ လူထုရဲ့ ကျိန်စာတိုက်တယ်တို့၊ ငါးလေးတွေ
ငှက်လေးတွေလွှတ်တာတို့၊ ဆုတောင်းတယ်တို့ဆိုတာဟာ မုန်းတီးရွံ့ရှာမှုနဲ့
လိုလားတောင့်တမှုကို ငြင်သာတဲ့နည်းနဲ့ အထင်ကရဖော်ပြတဲ့၊
နိုင်ငံရေးလက္ခဏာပါတဲ့ အဖိနှိပ်ခံဘဝ၊ မလွတ်လပ်တဲ့ဘဝကနေ
လွတ်မြောက်ရေးအတွက်ရည်ရွယ်တဲ့ လှုပ်ရှားမှုဖြစ်ပါတယ်။
ကျိန်စာ တကယ်သင့် မသင့်၊ ဆုတောင်းတကယ်ပြည့် မပြည့်က တပိုင်းပါ။ Superstition ဆန်တယ်လို့ ပျက်ရယ်မပြုကောင်းပါ။ စစ်ဗိုလ်တွေ ယတြာချေတာတို့ တြင်းကြေ နဝင်းကြေလုပ်တာတို့ ကက်ကင်းရိုက်တာတို့နဲ့ ထပ်ပြီးတွေးလို့မရပါ။ ဟိုဟာက စစ်အာဏာအတွက်ပါ။ ကိုယ်ကျိုးစီးပွားအတွက်ပါ။ ဖိနှိပ်ထားဖို့အတွက်ပါ။ မှိုင်းတိုက်တဲ့လက္ခဏာပါ။
ဒီဟာက လူထုအတွက်ပါ။ အများစုအကျိုးစီးပွားအတွက်ပါ။ ဖိနှိပ်မှုကိုဆန့်ကျင်တာပါ။ စည်းရုံးရေး နည်းနာတခုအဖြစ်သုံးတာမျိုးပါ။ တကယ်ယုံကြည်တာလည်း ပါပါတယ်။ ပါလည်း ကိစ္စမရှိပါ။ မယုံလို့ဖြစ်ဖြစ်၊ အရာမထင်လောက်ဘူး ထင်လို့ဖြစ်ဖြစ်၊ မဝံ့လို့ဖြစ်ဖြစ် ကိုယ်တိုင်မပါဝင်ရင်တောင်မှ စာနာစိတ်ရှေ့ထားပြီး စိတ်ဓာတ်ခွန်အားနဲ့ အားဖြည့်ပေးနိုင်တယ်ဆို ကောင်းပါတယ်။
အင်္ဂါသမီးကြီး နေအိမ်အကျယ်ချုပ်ကနေတုန်းက နော်အုန်းလှတို့ ရွှေတိဂုံအင်္ဂါထောင့်မှာ အပတ်စဉ်ဆုတောင်းကြတာ အနုနည်းနဲ့ စစ်အာဏာဖီဆန်တဲ့ပြယုဂ်ပါ။ ခုတော့ အင်္ဂါသမီးကြီးလည်း နိုင်ငံရေးခြေချုပ်မိပြီး ရပ်တည်ချက်အိမ်နိမ့်စံအဖြစ်ပါ။ ခုတော့ သူ့လွတ်မြောက်ရေးအတွက် ဆုတောင်းပေးစရာမလိုတော့ပါ။ မျောက်သစ်ကိုင်းလွတ်သလို မလွတ်ဖို့ ဆုတောင်းပေးရတော့မလိုပါ။
အဲဒီအခါ နော်အုန်းလှတွေ ရွှေတိဂုံ အင်္ဂါထောင့်တက်ကြတော့မယ်မထင်ပါ။
မျိုးမြင့်ချို(စက်တင်ဘာ ၂၂၊ ၂ဝ၁၈)

0 comments:
Post a Comment