Tuesday, September 11, 2018

အစိုးရဆိုတာ ဖိနှိပ်ရေးအင်အားစုဖြစ်ကြောင်း ဖုယွင်သပိတ်က သက်သေထူ

0 comments
အစိုးရဆိုတာ ဖိနှိပ်ရေးအင်အားစုဖြစ်ကြောင်း ဖုယွင်သပိတ်က သက်သေထူ

အစိုးရလို့ ခေါ်ခေါ် နိုင်ငံတော်လို့ ပြောပြော။ အစိုးရ ဒါမှမဟုတ် နိုင်ငံတော်ဆိုတာ ဘာလဲ။ လူသားမျိုးနွှယ်စတင်ကတည်းက အစိုးရဆိုတာ ရှိခဲ့သလား။ မရှိခဲ့ဘူးဆိုတာကို ပညာရပ်အသီးသီးကနေ အကိုးအကားတွေယူ ပြောလို့ရပါတယ်။ လူသားရယ်လို့ စတင်ကတည်းက အစိုးရ ရှိခဲ့ပါတယ်လို့ ဘယ်သူမှ ပြောဝံ့မယ်တော့ မထင်ဘူး။ ပြောဝံ့သူရှိရင်လည်း ခိုင်လုံအောင်တင်ပြရမှာ သူ့တာဝန်သာဖြစ်သွားပြီ။

အန်းဂယ်(လ်စ်)ရဲ့ “The Origin of Family, Private Property and the State” စာအုပ်ကို ကိုးကားပြီးပြောရရင် အစိုးရဆိုတာ လူ့အဖွဲ့အစည်းရဲ့ ပြင်ပကတင်ပို့လိုက်တဲ့ ပါဝါတခု (ဘယ်နည်းနဲ့မှ) မဟုတ်ဘူး။ ဟေဂယ်ပြောသလို ကိုယ်ကျင့်ဆိုင်ရာ အိုင်ဒီယာကို လက်တွေ့ ဖော်ဆောင်ထားခြင်း၊ ပကတိဆင်ခြင်ဉာဏ်ရဲ့ ပုံရိပ်၊ ပကတိဆင်ခြင်ဉာဏ်ကို လက်တွေ့ဖော်ဆောင်ခြင်းလည်း မဟုတ်ဘူး။ ဖွံ့ဖြိုးမှုအဆင့်တနေရာကို ရောက်ရှိလာတဲ့ လူ့အဖွဲ့အစည်းရဲ့ထုတ်ကုန်သာ ဖြစ်တယ်။ အစိုးရပေါ်ပေါက်လာခြင်းဟာ လူ့အဖွဲ့အစည်းက ဘယ်လိုမှ မဖြေရှင်းနိုင်တဲ့ပဋိပက္ခတွေကြား ရောယှက်နှောင်ဖွဲ့ခံထားရကြောင်း ဝန်ခံခြင်းပဲ။ အစိုးရပေါ်ပေါက်လာခြင်းဟာ လူ့အဖွဲ့အစည်းက သူကိုယ်တိုင်ဖြေရှင်းဖို့ ဘယ်လိုမှမတတ်နိုင်တော့တဲ့ ရင်ကြားစေ့မရသော ပဋိပက္ခတွေအဖြစ် ကွဲထွက်သွားခြင်းကို ဝန်ခံလိုက်ခြင်းပဲ။ ဒီ လို ဆန့်ကျင်ဘက်စီးပွားရေး အကျိုးစီးပွားတွေနဲ့ ပဋိပက္ခဖြစ်နေတဲ့လူတန်းစားတွေက သူတို့ကိုယ်တိုင်နဲ့ လူ့အဖွဲ့အစည်းတခုလုံးကို အကျိုးမဲ့ တိုက်ပွဲမှာ မပြုန်းတီးရလေအောင် လူ့အဖွဲ့အစည်းအထက်မှာ “ရှိနေတယ်ထင်ရတဲ့” ပါဝါတခု ရှိဖို့လိုအပ်လာတယ်။ အဲဒီပါဝါက ဘယ်လိုမှ စေ့စပ်မရတဲ့ပဋိပက္ခကို မဖြေရှင်းနိုင်ပေမယ့် ခဏတာ သက်သာအောင်လုပ်ပေးပြီး အကျိုးစီးပွားချင်းဆန့်ကျင်ဖက်ဖြစ်နေတဲ့ လူတန်းစား ပဋိပက္ခကို စနစ်အကန့်အသတ်အတွင်း ထိန်းပေးထားတယ်။ လူ့အဖွဲ့အစည်း“အတွင်း” ကနေထွက်ပေါ်လာပြီး လူ့အဖွဲ့အစည်းရဲ့“အထက်” မှာ ရှိနေတဲ့အပြင် လူ့အဖွဲ့အစည်းနဲ့ ကင်းကွာသထက် ကင်းကွာလာတဲ့ အဲဒီပါဝါဟာ အစိုးရပဲ။ (နိုင်ငံတော်လို့ ခန့်ခန့်ညားညား ခေါ်ချင်သူတွေ နိုင်ငံတော်လို့ ခေါ်ပါ။ အစိုးရနဲ့ နိုင်ငံတော် မတူဘူးကွ ကွာတယ် ပြောချင်သေးရင်တော့ ဘယ်လိုကွာကြောင်း ခိုင်လုံအောင်ရှင်းကြပါ)။
အန်းဂယ်(လ်စ်)ရဲ့အရေးအသားကို ဗမာလိုပြန်လိုက်တော့ ဘာသာပြန်သူအားနည်းချက်ကြောင့် ဖတ်ရသူ ရှုပ်သွားနိုင်ပါတယ်။

အတိုချုပ် အလွယ်ပြောရရင်တော့ အစိုးရဆိုတာ ဘယ်လိုမျှစေ့စပ်မရတော့တဲ့ လူတန်းစားပဋိပက္ခတွေရှိနေလို့ ပေါ်ပေါက်လာရခြင်းဖြစ်တယ်။ လူတန်းစားပဋိပက္ခကြောင့် အစိုးရပေါ်ပေါက်လာရတာ ဖြစ်တဲ့အတွက် လူတန်းစားအားလုံးရဲ့ အကျိုးစီးပွားကို ကိုယ်စားပြုတဲ့ အစိုးရဆိုတာ ဘယ်တုန်းကမှ မရှိ။ လူတန်းစားပဋိပက္ခရှိနေသရွေ့ ပေါ်ပေါက်လာမယ့်အစိုးရတိုင်းဟာလည်း သူကိုယ်စားပြုရာ လူတန်းစားအကျိုးစီးပွား ကိုသာ ကာကွယ်ပေးလိမ့်မယ်။ အစိုးရက လူတန်းစားအားလုံးကို ကိုယ်စားပြုတယ်ဆိုတာ အုပ်စိုးသူလူတန်းစားနဲ့လစ်ဘရယ်တွေရဲ့ မှိုင်းတိုက်မှုသာဖြစ်တယ်။

အန်းဂယ်(လ်စ်)က အခုလို ဆက်ပြောတယ်။ အစိုးရဆိုတာ လူတန်းစားပဋိပက္ခတွေကို စနစ်ဘောင်အတွင်း ထည့်ထိန်းထားဖို့ ပေါ်ပေါက် လာတာဖြစ်သလို၊ ဒီလူတန်းစားတွေရဲ့ ပဋိပက္ခကြားကနေ အစိုးရဆိုတာ ဖြစ်ပေါ်လာရတဲ့အတွက် အစိုးရမှန်သမျှဟာ စီးပွားရေးအရ အုပ်စီးထားတဲ့ အင်အားအကြီးဆုံးလူတန်းစားရဲ့အစိုးရသာ ဖြစ်တယ်။ စီးပွားရေးအရအုပ်စီးထားတဲ့လူတန်းစားဟာ အစိုးရဆိုတဲ့ ကြားခံ ကနေတဆင့် နိုင်ငံရေးအရလည်းအုပ်စီးနိုင်တဲ့ လူတန်းစားဖြစ်လာတယ်။ ဒါ့ကြောင့် အဖိနှိပ်ခံလူတန်းစားကို သွေးစုပ်ခြယ်လှယ်ပြီး ဆက်ဖိ ထားဖို့ နည်းသစ်ကိရိယာအသစ်တွေ ရရှိပိုင်ဆိုင်သွားပြန်တယ်။

ကျေးကျွန်ခေတ်မှာ ပေါ်ပေါက်ခဲ့တဲ့အစိုးရတွေက ကျွန်ပိုင်ရှင်လူတန်းစားကိုယ်စားလှယ်အစိုးရ ဖြစ်တဲ့အတွက် ကျွန်တွေကို ဖိနှိပ်ခဲ့တယ်။ မြေရှင်ပဒေသရာဇ်ခေတ်အစိုးရတွေဟာ မြေရှင်လူတန်းစားကိုယ်စားလှယ်အစိုးရ ဖြစ်တဲ့အတွက် မြေကျွန်တွေကို ဖိနှိပ်ခဲ့တယ်။ ဗမာတွေ နားယဉ်ပြီးသားဖြစ်တဲ့ ရေမြေ့သခင် ရှင်ဘုရင်၊ မြေယာလုပ်ကိုင်စားသောက်ရတဲ့လူတန်းစားက ကျေးတော်မျိုး ကျွန်တော်မျိုး၊ ဘယ်အမတ် ကိုတော့ ဘယ်နယ်ကို အပိုင်စားပေးလိုက်သည်ဆိုတာတွေ အားလုံးဟာ မြေရှင်ပဒေသရာဇ်ခေတ်ကို ထင်ဟပ်နေတာတွေပဲ။

အရင်းရှင် ခေတ်ကိုရောက်တော့ ပါလီမန်ဒီမိုကရေစီ၊ ပါတီစုံဒီမိုကရေစီ စသဖြင့် အစိုးရ “ပုံသဏ္ဍာန်တွေ” အမျိုးမျိုး ပေါ်ပေါက်လာတယ်။ ပုံသဏ္ဍာန်တွေ မျိုးစုံ ပေါ်ပေါက်လာပေမယ့် အစိုးရဆိုတဲ့အနှစ်သာရက ပြောင်းမသွားဘူး။ အနှစ်သာရမပြောင်းရတဲ့ အကြောင်းကတော့ အကျိုးစီးပွားချင် ပဋိပက္ခဖြစ်နေတဲ့ လူတန်းစားပဋိပက္ခ ဆက်ရှိနေလို့ပဲ။ ဆက်ရှိနေရုံမက အပြင်းထန်ဆုံးအဆင့်ကို ရောက်လာတယ်။ ဒီတော့ အရင်းရှင်လူ့အဖွဲ့ အစည်းမှာ ပေါ်ပေါက်လာတဲ့အစိုးရတွေဟာလည်း ပုံသဏ္ဍာန်အားဖြင့် ဘယ်လိုပဲကွဲပါစေ (တပြည်ထောင် ဗဟိုချုပ်ကိုင်မှုပဲ လုပ်လုပ်၊ ဖက်ဒရယ်ဒီမိုကရေစီပဲလုပ်လုပ်) အရင်းရှင်လူတန်းစားကိုယ်စားလှယ်အစိုးရသာ ဖြစ်တယ်။ အရင်းရှင်လူတန်းစားကိုယ်စားလှယ် အစိုးရ ဖြစ်တဲ့အတွက် အရင်းရှင်လူတန်းစားနဲ့ အကျိုးစီးပွားချင်းပဋိပက္ခဖြစ်နေတဲ့ အလုပ်သမား၊ လယ်သမားလူတန်းစားကို ဖိနှိပ်ရတော့မယ်။
အရင်းရှင်လူတန်းစားနဲ့ အလုပ်သမားလူတန်းစားက အကျိုးစီးပွားချင်းပဋိပက္ခဖြစ်နေတယ်ပြောတာကို လက်ဝဲသမားမဟုတ်သူတွေ နားလည် ချင်မှ နားလည်မယ်။ နားလည်ဦးတော့ လက်ခံချင်ကြမှာ မဟုတ်။

အရင်းရှင် ကုန်ထုတ်စနစ်နဲ့ မြေရှင်ပဒေသရာဇ်စနစ် မတူတဲ့အချက်တွေ ထဲမှာ ပထမဦးဆုံး စကွဲတာက စုပေါင်းကုန်ထုတ်ခြင်းပဲ။ နေရာ တနေရာတည်းက အဆောက်အဦတခုအောက်မှာ လူတွေအများကြီး တပြိုင်တည်းကုန်ထုတ်ခြင်းကနေ စကွဲတာပဲ။ သဘောက အရင်းရှင် စနစ်မှာ ကုန်ထုတ်ခြင်းက စုပေါင်းကုန်ထုတ်ခြင်း။ ထွက်လာတဲ့ ထုတ်ကုန်ကို ပိုင်ဆိုင်မှုကျတော့ ဘာလုပ်အားမှ မစိုက်ထုတ်ထားတဲ့ အရင်းရှင်က ပိုင်သွားတယ်။ ဒါကို အရင်းရှင်စနစ် ဘက်တော်သားတွေ ပြန်ချေပနိုင်တာက အရင်းရှင်က လုပ်အား မစိုက်ထုတ်ပေမယ့် အရင်းစိုက်ထုတ်ထားလို့ ထုတ်ကုန်တွေကို ပိုင်ခွင့်ရှိတယ်။ ဟုတ်ပြီ၊ ဒါဆို အရင်းဆိုတာဘာလဲလို့ပြန်မေးရင် သူတို့ဘယ်လိုပြန်ဖြေမလဲ မပြောတတ်ဘူး။ စက္ကူတွေ၊ ဒင်္ဂါးပြားတွေကို အရင်းလို့ သူတို့ပြောမလား မသိဘူး။ နည်းနည်း အဆင့်မြင့်ပြီး အရင်းဆိုတာ means of production ကို ပြောင်းထားတဲ့ပုံသဏ္ဍာန်လို့ သူတို့ပြောလိမ့်မယ် ယူဆကြည့်မယ်။ means of production ခေါ် ကုန်ထုတ်အရင်းအနှီးမှာ ကုန်ကြမ်း၊ ကုန်ထုတ်ကိရိယာတွေ ပါဝင်တယ်။ ဒါဆို အဲဒီ ကုန်ကြမ်းတွေ၊ ကုန်ထုတ်ကိရိယာတွေက ဘယ်လိုဖြစ်ပေါ်လာသလဲ။ မိုးပေါ်က ကျလာတာလား။ ဘုရားသခင်က အရင်းရှင်တွေ လက်ထဲ ရော့ အင့်ဆိုပြီး ကံထူးသူမို့ လက်ဆောင် ချီးမြှင့်သွားတာလား။ ဒါမှမဟုတ် သဘာဝအလျောက် ကုန်ကြမ်းတွေ မြေကြီးထဲက သူ့အလိုလိုထွက်လာပြီး အရင်းရှင်လက်ထဲ ဘွားကနဲ ရောက်သွားတာလား။ ကုန်ထုတ်ကိရိယာတွေက ခြေထောက်ပေါက်ပြီး အရင်းရှင်အိမ်ဝန်းထဲ အလိုလိုဝင်လာတာလား။ ဒီမေးခွန်းတွေကို ကျပ်မပြည့်သူကလွဲလို့ ဆင်ခြင်တတ်သူတိုင်း ဟုတ်ပါတယ်လို့ ဖြေမယ်မထင်ဘူး။

အခုလောလောဆယ် ဖုယွင်အထည်ချုပ်စက်ရုံက သမဂ္ဂအဖွဲ့ဝင်အလုပ်သမား ၃ဝ အလုပ်ထုတ်ခံထားရလို့ သပိတ်မှောက်နေကြတာ ရက်၂ဝ ရှိသွားပြီ။ အဲ့တော့ အထည်ချုပ်လုပ်ငန်းကို နမူနာထား စဉ်းစားကြည့်ရအောင်။ လူ့လုပ်အား စိုက်ထုတ်လိုက်ပါမှ သဘာဝအတိုင်းရှိနေတဲ့ မြေကြီးကနေ ဝါဂွမ်းရလာတယ်။ ရလာတဲ့ဝါဂွမ်းကို လူ့လုပ်အားစိုက်ထုတ်ပြီး ချည်မျှင်ဖြစ်လာအောင်လုပ်ရတယ်။ ချှည်မျှင်ဖြစ်လာပြီးတဲ့ နောက် ပိတ်စဖြစ်အောင် လူ့လုပ်အားသုံး ရက်လုပ်ရတယ်။ ရလာတဲ့ပိတ်စဟာ အထည်ချုပ်လုပ်ငန်းအတွက် ကုန်ကြမ်းဖြစ်တယ်။ အဲဒီ ကုန်ကြမ်းဖြစ်လာဖို့ လူ့လုပ်အားရယ် သဘာဝရယ် ပေါင်းစပ်ခဲ့ရတယ်။ ဘယ်မှာလည်း အရင်းရှင်ရဲ့ အခန်းကဏ္ဍ။ ကုန်ထုတ်လုပ်ငန်းလုပ်ရာမှာ ကုန်ထုတ်ကိရိယာကို အသုံးပြုရတယ်။ ကျောက်ခေတ်မှာ သဘာဝတိုင်းရှိနေတဲ့ကျောက်ရိုင်းကို လူ့လုပ်အားနဲ့ပေါင်းစပ်ပြီး ချွန်ထက်တဲ့ ကျောက်လက်နက်ဖြစ်အောင် လုပ်ယူခဲ့ရတယ်။ လူ့လုပ်အားမပါပဲ သဘာဝအတိုင်းရှိနေတဲ့ ကျောက်ရိုင်းဟာ အသုံးဝင်တန်ဖိုး ဖြစ်မလာဘူး။ ဝါဂွမ်းရဖို့ လူ့လုပ်အားနဲ့ ထွန်တုံးထယ်တုံးကို ပြုလုပ်ရတယ်။ လူ့လုပ်အားနဲ့ သဘာဝအတိုင်းရှိနေတဲ့နွားကို နှဖားကြိုးထိုး ယဉ်ပါးအောင် မွေးမြူပြီး ကုန်ထုတ်ကိရိယာအဖြစ် အသုံးပြုရတယ်။ ခေတ်မီနည်းပညာတွေ တိုးတက်လာအောင်လည်း လူ့လုပ်အားတင်မက သိပ္ပံစမ်းသပ်မှု တိုက်ပွဲမှာ လူ့အသက်တောင် စတေးခဲ့ရတယ်။ အဲဒီကနေမှ တော်လှန်တိုးတက်တဲ့ ကုန်ထုတ်ကိရိယာတွေကို ထုတ်နိုင်ခဲ့တယ်။ အထည်ချုပ် စက်တွေထုတ်နိုင်ဖို့ လူ့လုပ်အားကို ရင်းခဲ့ရတယ်။ အရင်းရှင်ဆီ ကုန်ထုတ်ကိရိယာတွေ ခြေထောက်ပေါက် ရောက်လာတာမဟုတ်ဘူး။
ကုန်ကြမ်းတွေ၊ ကုန်ထုတ်ကိရိယာတွေကို လူ့လုပ်အားကို စိုက်ထုတ်ပါမှ ရရှိနိုင်တယ်။

ဒါဆို ဘာလုပ်အားမှ မစိုက်ပဲ အသက်ရှင်နေကြတဲ့ အရင်းရှင်လူတန်းစားက ဘာလို့ ကုန်ကြမ်းတွေ၊ ကုန်ထုတ်ကိရိယာတွေကို မောင်ပိုင် စီးထားနိုင်ကြတာလဲ။ သမိုင်းကိုပြန်ကြည့်ရင် ရှင်းပါတယ်။ လတ်တလောသမိုင်းကို ကြည့်ရင် immediate producers လို့ခေါ်တဲ့ တနိုင်တပိုင် ကုန်ထုတ်ကိရိယာလေးနဲ့ လုပ်ကိုင်စားသောက်နေတဲ့ မြေယာလုပ်သားတွေကို မြေယာလုပ်ကွက်တွေကနေ အကြမ်းဖက်မောင်းထုတ်လိုက် ကြတယ်။ စစ်ဗျူရိုခရက် အရင်းရှင်လူတန်းစားနဲ့ လက်ဝေခံတွေက အကြမ်းဖက်မောင်းထုတ် လိုက်တယ်။ ဒီနည်းအားဖြင့် လယ်သမားနဲ့ မြေယာ ခွဲထုတ်ခံလိုက်ရတယ်။ တနည်း immediate producer တွေဆီကနေ ကုန်ထုတ်အရင်းအနှီးကို ခွဲထုတ်ပစ်လိုက်တယ်။ ခွဲထုတ် ခံလိုက်ရတဲ့ ကုန်ထုတ်အရင်းအနှီးတွေက အကြမ်းဖက်လုယူလိုက်သူ စစ်ဗျူရိုခရက် အရင်းရှင်လူတန်းစားလက်ထဲ ပုဂ္ဂလိကပိုင်ဆိုင်မှုအဖြစ် ရောက်ရှိသွားတယ်။ အင်္ဂလိပ်ကိုလိုနီခေတ် သမိုင်းကို ဖြတ်ခနဲ ပြန်ကြည့်လိုက်ပါ။ သဘာဝအတိုင်း သယံဇာတပေါကြွယ်ဝတဲ့ ဗမာ့မြေကနေ ဗမာတောင်သူလယ်သမား၊ ကုလားအလုပ်သမားတွေရဲ့လုပ်အားနဲ့ ဆန်စပါးတွေ၊ ဝါဂွမ်းတွေ ထုတ်ယူသွားရာက ဘရစ်တစ်ရှ်အရင်းရှင်တွေ အရင်းအနှီးစုပုံ ပိုင်ဆိုင်သွားတယ်။ ဘီအိုစီက သဘာဝအတိုင်းရှိနေတဲ့ ရေနံတွင်းတွေကို ဗမာ၊ အမေရိကန် အလုပ်သမားတွေလုပ်အားနဲ့ သန်းပေါင်းများစွာ ထုတ်ယူပိုင်ဆိုင်သွားတယ်။ သစ်တောတွေလည်း ထိုနည်းလည်းကောင်းပဲ။ တွင်းထွက် ရတနာတွေလည်း အလားတူပဲ။

ဒီလိုနည်းနဲ့ ဘာလုပ်အားမှ မစိုက်ထုတ်သူတွေကပိုင်ဆိုင်သွားတဲ့ အရင်းအနှီးကို အကြောင်းပြုပြီး ကုန်ကြမ်းတွေဝယ်၊ ကုန်ထုတ်ကိရိယာတွေ ဝယ်၊ လူ့လုပ်အားစွမ်းပကားကို ဝယ်၊ ထွက်လာသမျှထုတ်ကုန်ကို သူတဦးတည်းကပဲ ပိုင်ပြန်တယ်။ ဘယ်မှာလည်း အရင်းရှင်ဘက်က စိုက်ထုတ်လိုက်ရတာ။ ဘာတခုမှ မစိုက်ထုတ်လိုက်ရပဲ ပုဂ္ဂလိကပိုင်ဆိုင်မှုအဖြစ် မောင်ပိုင်စီးခွင့်ရနေခြင်း ဖြစ်တယ်။

ဒီကနေ့ကမ္ဘာ့အခင်းအကျင်းက နီရိုလစ်ဘရယ်သမားတွေ မှိုင်းတိုက်ထားတဲ့ဝေါဟာရအရဆို ဂလိုဘယ်လိုက်ဇေရှင်း။ အနှစ်သာရအရဆို လက်ဝါးကြီးအုပ်အရင်းရှင်စနစ်ကို ကူးပြောင်းသွားခဲ့တာကြာပြီဖြစ်တဲ့ အရင်းရှင်နယ်ချဲ့စနစ်ရဲ့ အခင်းအကျင်း။ အရင်းအနှီးတွေဟာ လက်တဆုပ်စာ လူအနည်းငယ်လက်ထဲ စုပြုံရောက်ရှိသွားတယ်။ Oxfam အစီရင်ခံစာအရဆိုရင် ဇူကာဘတ်၊ ဘေလ်ဂိတ် အပါအဝင် လူခြောက်ဦးရဲ့ပိုင်ဆိုင်မှုဟာ ကမ္ဘာ့လူဦးရေတဝက်ရဲ့ ပိုင်ဆိုင်မှုထက် ပိုများနေတယ်။ လက်ဝါးကြီးအုပ်အရင်းရှင်စနစ် ဖြစ်တဲ့အတွက် ကိုယ့်နိုင်ငံတခုတည်း အတွင်းမှာတင် ကုန်ထုတ်လုပ်ငန်းကို မလုပ်တော့ဘူး။ ဗမာလို ကုန်ကြမ်းပဲရောင်းစားနိုင်တဲ့ နိုင်ငံတွေဆီက ကုန်ကြမ်းကို ဈေးချိုချိုနဲ့ဝယ်ပြီး ကုန်ထုတ်လာတယ်။ ကုန်ကြမ်းတင် ဈေးချိုတာမဟုတ်ပဲ လုပ်အားခကလည်း အရင်းရှင်နယ်ချဲ့နိုင်ငံတွေထက် အများကြီး ဈေးချိုပြန်တယ်။ ဗမာမှာလာလုပ်ရင် တနာရီမှ ၆ဝဝကျပ်။ အမေရိကမှာလုပ်ရင် တနာရီ ၁၂ဝဝဝ ကျပ်။ ဂျပန်မှာလုပ်ရင် တနာရီ ၁၁ဝဝဝ ကျပ်။ ဘယ်လောက်ဈေးချိုချိုနဲ့ အမြတ်ထုတ်လို့ရသလဲ။ ဒါ့ကြောင့် အမြတ်လို့မသုံးဘဲ super profit လို့သုံးပါတယ်။ တရုတ်မှာဆိုရင် အမေရိကလောက် လုပ်အားခဈေး မရှိပေမယ့် ဗမာထက်တော့ အဆပေါင်းများစွာ လုပ်ခပိုကြီးတယ်။ ဒါကို ဖုယွင် အထည်ချုပ်အရင်းရှင် ဘက်က လုပ်ခ တနာရီ ၆ဝဝ ကျပ်ပေးရလို့ သမဂ္ဂအဖွဲ့ဝင်အလုပ်သမား ၃ဝ ကို အလုပ် ထုတ်ရပါတယ် ပြောရဲတာ တော်ရုံအရှက်မဲ့တာ မဟုတ်ဘူး။

ကျေးကျွန်ခေတ်၊ မြေရှင်ခေတ်မှာလည်း အရင်းရှင်ခေတ်မှာလို သွေးစုပ်ခြယ်လှယ်မှု ရှိခဲ့တာပဲ။ အရင်းရှင်ခေတ်မှာ ဘာကွာသွားလဲဆိုတော့ naked exploitation ဖြစ်သွားတာပဲ။ (ကွန်မြူနစ်ကြေညာစာတမ်းမှာ ဒီသဘောရေးခဲ့တာ ဘယ်လောက်မှန်သလဲ အခု ဖြစ်နေတဲ့ ဖုယွင် အလုပ်သမားသပိတ်ကိုသာကြည့်)။ အရင်းရှင်နယ်ချဲ့အခင်းအကျင်းထဲမှာ ပြည်တွင်းအခြေအနေက စစ်ဗျူရိုခရက်အရင်းရှင်စနစ်။ ပြည်တွင်းက စစ်ဗျူရိုခရက်အရင်းရှင်တွေက သူတို့ချည်း အရင်းရှင်စနစ်ကို မသွားနိုင်တော့ အရင်းရှင်နယ်ချဲ့သမားပေါ် မှီခို နေကြရတယ်။ ရန်ကုန်စက်မှုဇုံကိုပဲကြည့်ကြည့်၊ လက်ပံတောင်းတောင်၊ ဖားကန့်ကိုပဲကြည့်ကြည့်၊ နည်းပညာကဏ္ဍကို ကြည့်ဦးမလား။ အိုင်တီကုမ္ပဏီ အားလုံးနီးနီးဟာ ဂျပန်က။ ဒီတော့ ဗမာနိုင်ငံရဲ့အစိုးရဟာ စီးပွားရေးအရအုပ်စီးထားတဲ့ စစ်ဗျူရိုခရက်အရင်းရှင်လူတန်းစားနဲ့ သူတို့ရဲ့မာစတာ အရင်းရှင်နယ်ချဲ့ကိုယ်စားလှယ်အစိုးရ ဖြစ်ကြောင်း လက်တွေ့လုပ်ရပ်တွေက သက်သေထူနေတယ်။ အခုဆို သမဂ္ဂအဖွဲ့ဝင် ၃ဝ ကို အလုပ် ထုတ်ပစ်တဲ့အရင်းရှင်ကို အရေးယူဖို့နေနေသာသာ အစိုးရအာဏာပိုင်တွေက အကာအကွယ်ပေးထားလို့ စက်ရုံရှေ့က သပိတ်မှောက် အလုပ်သမားတွေ လမ်းပေါ်ထွက်လာရပြီ။ အရင်းရှင်လူတန်းစားကိုယ်စားလှယ်အစိုးရက သူ့လူတန်းစားဘက်က အပြတ်ရပ်တည်ပြ လိုက်သလို အဖိနှိပ်ခံလူတန်းစားကလည်း အဖိနှိပ်ခံအလုပ်သမားထုဘက်က အပြတ်ရပ်တည်ကြရမယ်။ အဖိနှိပ်ခံလူတန်းစားက အရင်းရှင်လူတန်းစားကိုယ်စားလှယ်အစိုးရကို မဖြိုချနိုင်သေးသရွေ့ သွေးစုပ်ခံ၊ အဖိနှိပ်ခံဘဝမှာ ဆက်ရှိနေဦးမယ်ဆိုတာကို ရှင်းရှင်းမြင်ထား ရလိမ့်မယ်။
ကိုတင်ဦး
The Communist  (https://www.facebook.com/groups/1704025276281198/permalink/2283309485019438/?__xts__[0]=68.ARATktj8-ui17v0veP_uwgoL0tKyX1Tmu7sLVGwouWhV6i75feXhYAFu6LAOQD7IvAC4SE_uqu4l6lCGjxM3PqfY7hQI4zcqze3QRIrV7ECF2-6MtBcqqcWTzLahSPTerDPHbZ1C_Ygkdg9LzZgHNc3jKInjFCMKFx275Ki5sqDF8IHyxyxodhyQYDyLOcF8qjBHw42ls1S2l6X79ymZ_oH13nSNyX9Sy8H5P_I&__tn__=-UC-R)

0 comments:

Post a Comment