ကမ္ဘာမြေ ရွေ့နေပါသည်
“ကျနော် ညတုန်းကဖျားလို့ဗျာ၊ အဲဒါဆေးမှူးက ထမင်းမစားနဲ့ဦး၊
ကော်ဖီလေးနို့ လေးသောက်ဆိုလို့၊ အကိုတို့ဝိုင်းမှာများ နို့မှုန့်ရှိမလားလို့” ကျနော်
စာခိုးဖတ်နေရင်း အသံကြား၍မော့ကြည့်လိုက်တော့ ကိုညီညီ။ “ရှိတယ်၊ ကိုညီ ခဏလေး” ပြောပြီး
ဟိုနှိုက်သည်နှိုက် လုပ်ရသည်။ အနားတွင် ပုတီးစိတ်နေသည့် ကိုအောင်ခိုင်က အစအဆုံးကြားပုံရ၏။
စိတ်လက်စပုတီးကိုရပ်ပြီး ထလာ၏။ “တဝက်လောက်ရှိသေးတယ်၊ ယူသာသွား ကိုညီ” “ဟာအများကြီးပဲ၊
နည်းနည်းခွဲယူသွားမယ်” “ရတယ်ကိစ္စမရှိဘူး၊ ယူသာသွား၊ ထောင်ဝင်စာနီးပြီ”ဟု ပြောလည်းလည်း သူ့ လက်ထဲလည်း
ထိုးထည့်လိုက်၏။ ကျနော်တို့ကိုကြည့်ရင်း ကိုအောင်ခိုင်က “မှန်းစမ်း”ဟုဆိုကာ နို့မှုန့်ထုတ်ကိုယူပြီးအောက်ခြေပိုင်းကို
သေသေချာချာကြည့်၏။ “အင်း သက်တမ်းတော့ မကုန်သေးဘူး၊ ကောင်းဦးမယ်ထင်တာပဲ၊ ကျနော့်မှာ
အထုတ်သစ်ရှိတယ် ကိုညီ၊ ကာနေရှင်းပဲ၊ ရော့ ဒါယူသွား၊ အဲဒါ ပြန်ပေးလိုက်”ဟုဆိုတော့ ကျနော့်စိတ်ထဲ
ခုတုတုဖြစ်သွားသည်ကို ကိုညီရော သူပါ ရိပ်မိပုံရသည်။ ကိုညီက အားနာဟန်ဖြင့် “ရပါတယ် ကိုအောင်ခိုင်၊
နေပါ့စေ၊ ကျေးဇူးပဲ၊ ကျနော် ဒါပဲယူသွားမယ်” “မဟုတ်တာ ကိုညီရယ် ကျနော်က စေတနာနဲ့ပြောတာပါ၊
အဲဒါက တရုတ်လုပ်ကြီးဗျာ၊ ဖေါက်လည်း ဖေါက်ပြီးသားကြီး၊ သာမန်အချိန်တောင် အာဟာရမပြည့်ပါဘူး၊
အခုဟာက ဖျားလည်းဖျားနေတာ၊ အားရှိဖို့ လိုတယ်လေ၊ မတော် ဝမ်းတွေဘာတွေပျက်ရင် ဖျားနေရတဲ့အထဲ
ပိုဆိုးမယ်၊ ရော့ယူသာသွား အားမနာနဲ့”ဟု ပြောလည်းပြော ပေးလည်းပေးလိုက်သည်။ ကိုညီလည်း
ယူသာသွားရသည် ကျနော့်ကို အားနာနေသယောင်။
ကာနေးရှင်းဘယ်လောက်ကောင်းမှန်း ကျနော်အသေအချာမပြောနိုင်သော်လည်း
တရုတ်ထုတ်လိပ်ပြာနို့မှုန့်ကား ကျနော်တို့ငယ်ငယ်က သောက်ခဲ့သည့် လူရည်ချွန်နို့မှုန့်လောက်
မကောင်းကြောင်းသိပါသည်။ ယခု လူရည်ချွန်လည်း မရှိတော့။ ဈေးသက်သာပြီး အများသုံး
စိနတိုင်းထွက် လိပ်ပြာနို့မှုန့်များ မြန်မာပြည်
နေရာအတော်များများတွင် ပျံဝဲနေကြလေပြီ။
ဆော်ဒီအာရေဗျနိုင်ငံ မက္ကာဘုရားဖူးမှပြန်လာသည့်အမေ့နားတွင်
ဆွေမျိုး၊ မိတ်ဆွေများဝိုင်းဝိုင်းလည်။ တချို့က အမေ့ကို နိုင်ငံခြားဆိုတာ
ဘာနဲ့တူကြောင်း။ တချို့ ရာသီဥတုအကြောင်း၊ တချို့က
အစားအသောက်အကြောင်း၊ တချို့က လေယဉ်စီးတဲ့အကြောင်း၊ တချို့က မက္ကာမဒီနာ အကြောင်း စုံနေသည်။
ဘေးက ကျနော်သာ ကိုယ်စားမောသော်လည်း အမေကတော့ မမော။ နည်းနည်းလေး အချိန်လင့်တော့မှ ဘုရားဖူးပြန်
လက်ဆောင်ပစ္စည်းထုတ်ကို ဖြည်၏။ တော်တော်လေးစုံသည်။ အာရဗစ်စာများ ထွင်းထုရေးသားထားသည့်
ဖန်တုံးဖန်ပြားလေးများ၊ ဘာသာရေး သမိုင်းဝင်နေရာများကို ရုပ်ကြွပုံသွင်းထားသည့်ဖန်ထည်များ၊
ပရောဖက်မိုဟာမက်ဝတ်ပြုခဲ့ရာ ကျောင်းတော်ပုံစံငယ်၊ ဘုရားဖူး အမျိုးသမီးဝတ်စုံ၊ ခြုံထည်များပုဝါများ၊
ဝတ်ပြုရာခင်းသည့် ကော်ဇော်ငယ်များ၊ အစ္စလာမ်ဘာသာဝင်တိုင်း အထွဋ်အမြတ်တန်ဖိုးထားကြသည့်
အမှတ်တရအောက်မေ့ဖွယ်များ စုံနေသည်။
ဒါက ဘယ်သူ့အတွက် ဒါက ဘယ်ဝါ့အတွက်ပြောပြီး ခွဲတမ်းချနေသည့်အမေ့ဘေးတွင်ထိုင်ကာ
ကျနော် ထိုပစ္စည်းများကိုကြည့်နေမိ၏။ လက်ရာလေးတွေက ဖန်စီဆန်ပြီးလှနေသည်။ သိပ်အခန့်ကြီးတွေမဟုတ်ကြ။
ဈေးကလည်း အလွန်သက်သာသည်။ လိုချင် သိမ်းချင်စရာလေးတွေချည်း ဖြစ်နေ၏။ “ဟယ်တရုတ်လုပ်တွေတော့”ဟုဆိုသည့်
တအံ့တဩအသံကြားတော့မှ ပစ္စည်းလေးတွေကို သေချာကြည့်မိတော့၏။ ဟုတ်သည်။ မက္ကာဘုရားဖူးပြန် အထွဋ်မြတ်အမှတ်တရပစ္စည်းတိုင်းတွင် ကျီနားပြည်မှ
နဂါးကြီးခံတွင်းမှ မှုတ်ထုတ်လိုက်သည့်မီးလျှံများ ဟပ်နေပြီကော။
ကျနော်ထိုင်းရောက်တော့မှ ကွန်ပြူတာနှင့်စတွေ့ရသည်။
ဒီ့အရင်က ကွန်ပြူတာဆိုတာ လက်နှိပ်စက်နှင့်တီဗီတွဲထားတဲ့ဟာဟု ထင်၏။ နောက်တော့ အခန့်သင့်ပြီး
ကွန်ပြူတာတလုံးဝယ်ဖြစ်ရန် ဖန်လာ၏။ နားလည်သည့်သူငယ်ချင်းတဦးက“ဒီမှာတော့ အိပ်ခ်ျပီနဲ့
ဒဲလ် လူသုံး များတယ်။ ခင်ဗျားသုံးမယ့်အနေအထားနဲ့ဆို အိပ်ခ်ျပီဝယ်တာ ပိုကောင်းတယ်”ဆိုသောကြောင့်
သူ ပြောတာပဲဝယ်လိုက်သည်။ သူပဲ ဆင်ပေး သည်။ ကျနော် ထိုင်ကြည့်သူသက်သက်။ “ဆော့ဖ်ဝဲတချို့
ဝယ်ရမယ်။ ကျနော့်ရှိတာတော့ တခါတည်း အင်စတောလ်လုပ်ပေးသွားမယ်” “အေးဗျာ ကြည့်ကျက်သာ လုပ်ပေးပါ၊
ကျနော်မှ နားမလည်တာ၊ တခုပဲဗျာ တရုတ်ပစ္စည်းတွေတော့ မလိုချင်ဘူး” “ဘာဖြစ်လို့လဲဗျ” “တရုတ်လုပ်တွေက
ညံ့တယ်ဆို” “အင်းလေ၊ အမေရိကန်လုပ် ဂျပန်လုပ်တွေလောက်တော့ မကောင်းတာအမှန်ပဲ၊ ဒါပေမယ့်
အခုခင်ဗျားရှိတဲ့ ပိုက်ဆံနဲ့လည်း အဲဒါမျိုးတွေ မကပ်နိုင်ဘူးဗျ။ အခု ဒီကွန်ပြူတာကိုယ်၌က
တရုတ်လုပ်လေဗျာ။ အလုပ်ဖြစ်ပါတယ်။ ဆော့ဖ်ဝဲတွေဆိုလည်း အပြင်က ကော်ပီတွေဝယ်တာ ဈေးပိုသက်သာတယ်၊
သုံးတော့လည်း မထူးဘူး၊ အတူတူပါပဲ” “အေးဗျာ မသိပါဘူး သူများတွေပြောလို့”ဟု ဆိုတော့ မိတ်ဆွေက
“ကျနော်လည်း အကောင်းစားသုံးချင်တာပေါ့ဗျ၊ ဒါပေမယ့် ဒါနဲ့လည်း အလုပ်ဖြစ်နေတာပဲဟာ။ ငွေပိုကုန်လည်း
ကိုယ်သုံးမှာက ဒီလောက်ပဲဆိုတော့ ဒါနဲ့ပဲကိုက်တယ်ဗျ” “ အေးလေ ဒါဆိုလည်းပြီးတာပဲ”သည်လိုနှင့် ကျနော် ပထမဆုံး
ကိုင်ဖူးသော ကွန်ပြူတာသည် ဂန္ဓာလရာဇ်လက်ရာဖြစ်၏။ နည်းပညာနယ်ပယ်၏အစိတ်အပိုင်းတချို့ကို
ဂရိတ်ဝေါတံတိုင်းကြီးနောက်ခံတွင် မြင်လာရ၏။
၂ဝ၁ဝ ကမ္ဘာ့ဖလားဘောလုံးပွဲကြီးကို တောင်အာဖရိကတွင်
လုပ်သွားသည်။ ကျနော်က ဘောလုံးပွဲကို ဝါသနာမပါလှ။ လူပြောများသော
အကြောင်းအရာ ၃ ခုကိုတော့နားစွင့်မိ၏။ ဂျာမနီ ရေဘဝဲ၊ စင်္ကာပူကြက်တူရွေးနှင့် ဗူဗူဇီလာ။
ထိုရေဘဝဲက ပွဲမစမီကပင် ဘယ်အသင်း နိုင်မည်ရှူံးမည်ကို ကြိုဟော၏။ အမှန်များသည်ဟုလည်း ပြောကြသည်။
တချို့က ရွှေရေဘဝဲလေးဆိုပြီးအချစ်ပိုကြသလို တချို့က ရေဘဝဲစုတ် အသုတ်စာဖြစ်ချင်လို့ဆိုပြီး
ကြိမ်း၏။ စင်္ကာပူကြက်တူရွေးကတော့ ရေဘဝဲလောက် လူချစ်လူမုန်းမများသလို လူသိလည်းနည်း၏။
နောက်တခုက ဗူဗူဇီလာဆိုသည့် အာဖရိကန်ရိုးရာ လေမှုတ်တူရိယာ။
ပွဲကြည့်စင်တွေကနေ ဗူဗူဇီလာမှုတ်ကြတာ နားကွဲမတတ်။
ဒိုင်တွေလည်း စိတ်ညစ်၏။ ကွင်းထဲမှာ ဘောလုံးသမားအချင်းချင်းရော ဒိုင်တွေပါ တယောက်ကိုတယောက်
မကြားရတော့။ နောက်ပိုင်းပွဲတွေမှာ ဗူဗူဇီလာတွေကိုတားပေးဖို့ ဘောလုံးအဖွဲ့ ချုပ်ကို
ဒိုင်တွေ၊ ဘောလုံးသမားတွေ၊ အသင်းနည်းပြတွေကပါ တိုင်သည်။ အဖွဲ့ချုပ်က အိမ်ရှင်တို့၏ရိုးရာတူရိယာဖြစ်သည်။
တားခွင့်မရှိဟု အကြောင်းပြန်၏။ ပူညံပူညံနှင့်
ပွဲသာပြီးသွားသည် ဗူဗူဇီလာသံတွေ ကွင်းထဲမှာညံတုန်း။ ကမ္ဘာ့ဖလားမှာ ဗူဗူဇီလာတွေ သန်းချီရောင်းလိုက်ရ၏။
ထုတ်သူ၊ တင်ပို့ရောင်းချသူတွေ မြက်မြက်လေးရသွားကြသည်ဆို၏။ ဗူဗူဇီလာကား ရှေးတုန်းက စစ်ပွဲ၊ ဘာသာရေးနှင့် ရိုးရာအခမ်းအနားတွေမှာ
အာဖရိကသားတို့သုံးသည့် ရိုးရာတူရိယာ။ သူက အာဖရိကချက်မြုတ်၊ အာဖရိကားသားအစစ်။ အခု ထိုအာဖရိကသွေးအစစ်ဗူဗူဇီလာသည်
စိန့်ပြည်ကြီး ယန်စီမြစ်မှရေကူးပြီး ဇာတိမြေကဘောလုံးပွဲကို ဘယ်ကဘယ်လိုရောက်လာသည် မသိ။
ကျနော့်နားလည်ထားချက်အရ တိုင်းပြည်တခု၏ အလံနှင့်နိုင်ငံတော်အမှတ်တံဆိပ်ဆိုသည်မှာ
ထိုတိုင်းပြည်၏သင်္ကေတနှင့်အထွဋ်တပ်ရာ။ အလံပေါ်တင်ထားသည့်သင်္ကေတရုပ်တို့ အမျိုးမျိုးဖြစ်နိုင်မည်။
အသေမဟုတ်။ ပြင်လို့ရသည်။ ပြင်လည်း ပြင်ကြသည်။
လက်ရှိသင်္ကေတကို လက်ရှိလူတွေက ကြိုက်လို့သုံးနေတာဖြစ်ဖြစ်၊ ကြောက်လို့လက်ခံနေရတာဖြစ်ဖြစ်
ကိစ္စမရှိ။ အကြိုက်နှင့်အကြောက်ပြောင်းလျှင် သင်္ကေတလည်း ပြောင်း၏။ တိုင်းပြည်တပြည်ကို
သိမ်းပိုက်ပြီးပြီးခြင်း အရင်ဆုံးလုပ်သည်မှာ အလံလဲခြင်းဖြစ်သည်။ အလံဟောင်းနှင့်အတူ
အလံဟောင်း၏အတိတ်ကို၊ မျိုးချစ်စိတ်ကို ချိုးပြခြင်းဖြစ်၏။
တချို့နိုင်ငံများ၏ အလံအပေါ်အလေးအမြတ်ပြုမှုက
တချို့ထက်ပို၏။ ဘယ်လောက်ပိုပို ဘယ်လောက်လျော့လျော့ သူတို့အလံကိုမီးရှို့လျှင် ဇောက်ထိုးလွှင့်လျှင်
တိုင်းပြည်ကိုထိပါးခြင်းဟု ခံယူကြသည်။ အမေရိကန်အလံကို အတွင်းခံဘောင်းဘီ လုပ်ဝတ်လို့ရသော်လည်း
မီးရှို့ခွင့်မရှိ။ ၉/၁၁ ဖြစ်ပြီးနောက်ပိုင်း အမေရိကန်မှာ အလံထူတာတွေပိုများလာသည်ဟု
ပြောသံကြားရသည်။ ခပ်လှမ်းလှမ်းမှပင် မြင်နိုင်လောက်အောင် လွှင့်ထားသည့်ဧရာမအလံကြီးများ
ကျနော်နေသည့်မြို့ကလေးမှာပင် အမြောက်အများရှိ၏။ တခြားမြို့များတွင်လည် ထိုအတိုင်း။
“အရင်က အဲဒီ အလံကြီးတွေမရှိ”ဟု မြို့ခံတွေက ပြောပြသည်။ ၉/၁၁ အပြီးမှာ အမေရိကန်တွေ သူတို့အလံကို
ပို ချစ်လာကြတာများလားဟု တွေးချင်စရာ။
အလံကို ဘီကီနီချုပ်ဝတ်ထားသည့်အမေရိကန်မတဦးကို
“ဘာလို့ဝတ်လာလဲ”ဟု မေးကြည့်တော့ “ငါတို့အလံကို မြတ်နိုးလို့ပေါ့”ဟု ဆို၏။ ချစ်ပုံချစ်နည်းများ
ကွာသလောဟုလည်း ထင်ချင်စရာကောင်းသည်။
ပြီးခဲ့သည့်အပတ်က ကိစ္စတခုဖြင့်မြို့ပြင်ဘက်
ရောက်သည်။ အပြန်ကျတော့ လိုက်ပို့ပေးသူက အလာတုန်းကနဲ့အမြင်ကွဲအောင် အခြားလမ်းက ပြန်မည်ဆိုသည်။
အလာလမ်းမှာ စက်ရုံအလုပ်ရုံတွေ မတွေ့ရသလောက် အပြန်လမ်းကြတော့ ပေါလိုက်သည့်စက်ရုံများ။
ကားအသွားအလာကလည်း ထူသည်။ မီးပွိုင့်လည်း ခနခနမိပြီး ခရီးသိပ်မတွင်လှ။ ဘေးဘီကို ကြာကြာကြည့်ရသဖြင့်
ကျနော်က ကြိုက်သည်။ ဖတ်လို့မီသမျှဆိုင်းဘုတ်တွေကိုဖတ်ရင်း မရှင်းတာတွေ သူ့ကိုမေးရသည်။
စက်ရုံကြီးတခုနားရောက်တော့ မီးပွိုင့် အကြာကြီးမိသည်။ စက်ရုံကြီးဘေးမှာ စက်ရုံငယ်လေးတွေလည်း မြင်ရသည်။
သည်မှာ ဆိုင်းဘုတ်တခုဆီသို့ ကျနော့် မျက်စေ့က ရောက်သွားသည်။
Here!!! American Flags, Made in America,
Buy one, and Get one Free
သဘောကတော့ “ဟောဒီမှာ အမေရိကန်လုပ် အမေရိကန် အလံတွေနော်၊ တခုဝယ်ရင် တခုအလကားရမယ်” ဆိုခြင်းပင်။
ဖတ်ပြီး သူ့ကိုလှည့်မေးမည်အလုပ် သူကရယ်ပြီး “ဘာလဲ မျိုး၊ မင်း အံ့သြ သွားလား”တဲ့။ ကျနော်က
“အင်း” ဆိုတော့ “အမေရိကန်အလံအများစုက တရုတ်လုပ်လေ၊ ဒီမှာလုပ်တာနဲ့ဟိုကလာတာမှာ ဈေးကြ
အတော် ကွာတာကွ။ အရည်အသွေးကတော့ သိတ်မထူးပါဘူး၊ ငါတို့လည်း တရုတ်လုပ်ပဲဝယ်သုံးတာပါ။
Made
in China, of America ပေါ့ကွ”ဟု ဆိုနေသည့် သူ့အမူအရာနှင့်လေသံတွင်
ထူးထူးခြားခြားမရှိ။ ပြောရိုးပြောစဉ်ကိစ္စတခုလို။ ကျနော်ကသာ “တခြားပစ္စည်းကတော့ ထားပါတော့၊
အခုဟာက အလံလေကွာ”ဟု ကျနော့်စကားကို သူက “အလံဖြစ်ဖြစ် ဘာဖြစ်ဖြစ်လေ၊ ကုန်ပစ္စည်းပဲမဟုတ်လား၊
အရည်အသွေးတူပြီး ဈေးသက်သာရင် သက်သာတာကိုပဲ ဝယ်မှာပေါ့၊ အခြေအနေက မင်းသိတဲ့အတိုင်းပဲ၊
မင်းဆိုရင်ကော”တဲ့။ ကျနော် ဘာမှပြန်မပြောဖြစ်ခဲ့။
စက်မှုလုပ်ငန်းများ တဟုန်ထိုးတက်လာပြီး စက်မှုအရင်းရှင်ကြီးများ
ကမ္ဘာပတ်အမြတ်ရှာချိန်။ အိမ်တွင်းလက်မှုနှင့် အမျိုးသားပိုင် လုပ်ငန်းလေးများ နေညိုစ။
စက်ယက္ကန်းများက လက်ယက္ကန်းများကို တွန်းတိုက်ဖယ်ချစ။ လက်လှည့်ဗိုင်းငင်စက်ကလေးတလုံးနှင့်
မဟတ္တမဂန္ဓီကြီး။ ပြည်တွင်းဖြစ်ကို အားပေးပါ ကြွေးကြော်သံနှင့်ပွဲဝင်ခဲ့သည့် ဗမာ့ဝံသာနုခေတ်
အမျိုးသားရေးလှုပ်ရှားမှု။ အရင်းရှင်စနစ်၊ ဆိုရှယ်လစ်စနစ်၊ ဘုံဝါဒတည်ဆောက်ခြင်း၊ တံခါးဖွင့်ဝါဒ၊ ဈေးကွက်စီးပွားရေး၊ ဂလိုဘယ်လ်လိုက်ဇေးရှင်း၊ စီးပွားရေးအကျပ်အတည်းများ၊
ငွေကြေးဝေးကွက်ပြိုလဲခြင်း၊ ငွေတန်ဖိုးအနိမ့်အမြင့်၊ ပါဝါအပျော့အမာ စသည့် ကျနော် နားမလည်သည့်
ပြဿနာပေါင်း သောင်းခြောက်ထောင်ဖြင့် ရွေ့နေသည့်ကမ္ဘာမြေကား ကျနော်တို့နှင့်အတူ ကျနော့်အတွေးများနှင့်အတူ
လိုက်ရွေ့နေပါပကော။
မျိုးမြင့်ချို စက်တင်ဘာ ၂ဝ၁၁
0 comments:
Post a Comment