Thursday, September 13, 2018

နည်းပရိယာယ် အခင်းအကျင်း ဟန်ချက်(တင်အေး ၈၈ မျိုးဆက် ဗကသ)

0 comments
နည်းပရိယာယ် အခင်းအကျင်း ဟန်ချက်(တင်အေး ၈၈ မျိုးဆက် ဗကသ)
(လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ စာစဉ် အတွဲ ၂၊ အမှတ် ၄၊ ၂၀၁၈-စက်တင်ဘာလ မှာ ဖေါ်ပြထားတဲ့ဆောင်းပါးဖြစ်ပါတယ်)

ဒီနေ့ ဗမာပြည်နိုင်ငံရေးမှာ လိုအပ်နေတာက သူသူငါငါ ပြောနေကြသလို တတိယအင်အားစုတခု မဟုတ်ပါဘူး၊ ဘယ်သူ့အလွန် ဘယ်ဝါ့ အလွန်ကာလအတွက် ပြင်ဆင်ထားရမယ့်အင်အားစုလည်း မဟုတ်ပါဘူး။

ဒါဆို ဒီနေ့လိုအပ်နေတာ ဘာလဲ၊ အဲဒါကိုဘဲ ဆွေးနွေးချင်တာပါ။
ဒီနေ့ ဗမာပြည်နိုင်ငံရေးအခြေအနေဟာ ဖြတ်သန်းခဲ့ဖူးတဲ့ခေတ်ကာလတွေနဲ့ မတူတဲ့အခင်းအကျင်းတွေနဲ့ ရင်ဆိုင်နေရတယ်။ ဒါဟာ ကမ္ဘာကြီးရဲ့ သိပ္ပံနည်းပညာနယ်ပယ်အပါအဝင် အမျိုးမျိုးသော အပြောင်းအလဲတွေကနေ ထင်ဟပ်ရိုက်ခတ်မှုကြောင့်လည်း ဖြစ်သလို၊ ဗမာပြည်ရဲ့ရောက်ရှိနေတဲ့ခေတ်ရဲ့ သမိုင်းပေးအခြေအနေကြောင့်လည်း အခုလို အရင်ကာလတွေနဲ့မတူတဲ့ အခင်းအကျင်းမျိုးနဲ့ ရင်ဆိုင် နေရတာပါ။။ အရင်ခေတ်ကာလတွေနဲ့မတူတဲ့ အခင်းအကျင်းတွေကို လက်မခံချင်လို့တော့ မရ၊ အဲဒါကိုက အရှိတရားဖြစ်နေပါတယ်။ အဲဒီ့အရှိတရားဟာ ရှုပ်ထွေးလှတဲ့ အခင်းအကျင်းလို့တော့ ပြောနိုင်ပါတယ်။

ရပ်တည်ချက် အရှုပ်အထွေး
ရှုပ်ထွေးလှတဲ့အခင်းအကျင်းနဲ့အညီပါဘဲ၊ ရပ်တည်ချက်ဆိုင်ရာ အရှုပ်အထွေးတွေလည်း ပေါ်လာတာတွေ့ရပါတယ်။ ဒီမိုကရေစီဘက်ခြမ်းမှာ ရှိနေပေမယ့် ဒါဟာ ပြည်သူလူထုဘက်ကရပ်တည်တဲ့၊ အဖိနှိပ်ခံတွေဘက်ကရပ်တည်တဲ့ သဘောထား၊ အပြောအဆို၊ လုပ်ကိုင်ဆောင်ရွက်မှု မှ ဟုတ်ရဲ့လားဆိုတဲ့ ဆန်းစစ်စရာတွေလည်း ဖြစ်လာပါတယ်။

ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ မတိုင်မီကာလ၊ အရေးတော်ပုံကာလနဲ့ အရေးတော်ပုံ နောက်ဆက်တွဲကာလတွေ တလျှောက်လုံးမှာ ရပ်တည်ချက်ဆိုင်ရာကိစ္စက သိသာရှင်းလင်း ရှိလှပါတယ်။ အဲဒီ့အတွက် ရန်သူ၊ မိတ်ဆွေ၊ ရဲဘော်ဆိုတာလည်း ရှင်းရှင်းလင်းလင်း ရှိ၊ မဟာမိတ်စည်းကလည်း ပြတ်ပြတ်သားသား ခြားရလွယ်ပါတယ်။ အပြောအဆို၊ အရေးအသား၊ လှုပ်ရှားမှု၊ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေနဲ့ ပတ်သက်လို့ ဒါ ဘယ်ဘက်ကလည်းလို့ အထူးတလည် စဉ်းစားနေရစရာမလို၊ ရှင်းရှင်းလင်းလင်း သိနိုင်ပါတယ်။

ဒီနေ့ကာလ၊ ပိုတိတိပပ အထူးပြုပြောရရင် ပါတီစုံ လွှတ်တော်နိုင်ငံရေးအခင်းအကျင်း ပေါ်ပေါက်လာပြီးတဲ့နောက်မှာတော့ အပြောအဆို၊ အရေးအသား၊ လှုပ်ရှားမှု၊ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကိုကြည့်ပြီး ရန်သူလား၊ မိတ်ဆွေလား၊ နှစ်ဘက်ခွနေတာလားဆိုတာ အကဲဖြတ်ရ ခက်လာပါတယ်။ ညီအစ်ကို မသိတသိ ဖြစ်လာပါတယ်။

ရန်သူ၊ မိတ်ဆွေ
ဒါကြောင့် ရန်သူ၊ မိတ်ဆွေ ခွဲခြားရမယ့် သဘောထားအမြင်တခုတော့ ဒီနေ့အခြေအနေမှာ မဖြစ်မနေ ဖေါ်ထုတ်ထားဖို့ လိုအပ်နေပါပြီ။ အဲဒါဟာ ရပ်တည်ချက်အရှုပ်အထွေးကို ရှင်းထုတ်အကဲဖြတ်ရမယ့် သဘောထားအမြင် အယူအဆဘဲဖြစ်ပါတယ်။ အနိမ့်ဆုံးရှိသင့်ရှိထိုက်တဲ့ အချက်အလက်တွေနဲ့ ဒီမိုကရေစီဘက်တော်သားလား၊ ဒီမိုကရေစီဆန့်ကျင်တဲ့ ဘက်တော်သားလားဆိုတာ တိုင်းတာအကဲဖြတ်ဖို့တော့ လိုပါတယ်။ ဒီနေ့ကာလမှာ အဖိနှိပ်ခံ တိုင်းရင်းသားပြည်သူတွေဘက်ကရပ်တည်တဲ့ ဒီမိုကရေစီဘက်တော်သား ဟုတ်မဟုတ် ဆန်းစစ်တဲ့ အခါ အမြင့်ဆုံးဖော်ပြချက်၊ အနိမ့်ဆုံးဖော်ပြချက် တိုင်းတာစရာအချက်အလက် အများအပြား ရှိနိုင်ပါတယ်။ ဖော်ပြချက်ဒီကရီလိုက်လို့ မဟာမိတ်အဖြစ် လက်တွဲဆောင်ရွက်မှုအတိမ်အနက်လည်း ကွာမှာပါ။

ဒီနေ့လို ရန်သူ့ဘောင်ကို ချုံ့စေပြီး၊ မိတ်ဆွေဘောင်ကို ချဲ့သထက်ချဲ့ရဖို့ ပိုလိုအပ်နေတဲ့အခြေအနေမှာ တမိနစ်တူ တမိနစ်တွဲလုပ်၊ နှစ်မိနစ်တူ နှစ်မိနစ်တွဲလုပ်ကြရမှာဖြစ်သလို၊ တခုတူ တခုတွဲလုပ်၊ နှစ်ခုတူ နှစ်ခုတွဲလုပ်ကြ ရမှာဘဲမဟုတ်လား။ ဒါကြောင့် တူညီတဲ့အခြေအနေပေးမှု အပေါ်မှာ တူနိုင်သလောက် တွဲအလုပ်လုပ်လို့ရအောင် အနိမ့်ဆုံးဖော်ပြချက်နဲ့ ရန်သူ၊ မိတ်ဆွေ၊ ရဲဘော်ဆိုတဲ့စည်း၊ ဒီမိုကရေစီဘက်တော် သားနဲ့ ဒီမိုကရေစီဆန့်ကျင်သူ ဘက်တော်သားဆိုတဲ့စည်းကို သတ်မှတ်ရပါလိမ့်မယ်။ ဒီနေ့ စည်းသတ်မှတ်ဖို့၊ ဘက်ခွဲခြားဖို့ အနိမ့်ဆုံး ဖော်ပြချက်ကတော့ -
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အနှစ်သာရပြောင်းလဲပစ်ဖို့လိုအပ်ကြောင်း တစိုက်မတ်မတ် လက်တွေ့ကျကျ အခိုင်အမာဖော်ပြခြင်းဘဲ ဖြစ်ပါတယ်။
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အဖုံးကစပြောင်းရမယ်၊ အသစ်ရေးဆွဲရမယ်၊ ပြင်ဆင်ရေးဆွဲမယ်၊ ဖွဲ့စည်းပုံကို လက်ခံကြောင်း၊ လက်မခံ ကြောင်း လူထုဆန္ဒခံယူပွဲ ပြန်လုပ်ရမယ် စသဖြင့် ဖော်ထုတ်ချက်အမျိုးမျိုးရှိပါတယ်။ ဖော်ထုတ်ချက်အမျိုးမျိုးဖြစ်နေတာဟာ နည်းပရိယယ် မတူကြတာသာဖြစ်ပြီး အဓိကဖော်ပြရမှာကတော့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖက်ဒရယ်ဒီမိုကရေစီအနှစ်သာရတွေပါတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအဖြစ် ပြောင်းလဲပစ်ရမယ်ဆိုတဲ့ အချက်ကိုတော့ တစိုက်မတ်မတ် လက်တွေ့ကျကျ ခိုင်ခိုင်မာမာဆုတ်ကိုင်ဖေါ်ပြရပါမယ်။
အဲဒီ့ထဲမှာမှ အခြေအနေလိုက်လို့ စစ်အာဏာရှင်စနစ်ကို အကာအကွယ်ပေးထားတဲ့ အနှစ်သာရတွေကို မထိပါးစေဘဲ၊ ဟိုနားတိ ဒီနားတိ ပြင်ချင်တာမျိုးကတော့ အနှစ်သာရကိုပြောင်းလဲချင်တဲ့ဖော်ပြချက်မဟုတ်လို့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူလူထုဘက်က ရပ်တည် ပြီး ပြောင်းလဲချင်တာလို့ အကဲဖြတ်သတ်မှတ်လို့ မရနိုင်ပါဘူး။ ပြည်သူလူထုအကျိုးစီးပွားအပေါ်မှာရပ်တည်တဲ့ ရပ်တည်ချက်၊ အဖိနှိပ်ခံ ပြည်သူတွေ၊ အဖိနှိပ်ခံတိုင်းရင်းသားတွေဘက်က ရပ်တည်တဲ့ရပ်တည်ချက်၊ ဒီမိုကရေစီဘက်ခြမ်းမှာရှိကြသူတွေဟာ အဲသလို ရပ်တည်ချက် တူကြတယ်ဆိုတဲ့ အခြေခံအပေါ်မှာ ဆက်ဆွေးနွေးမှာပါ။

နည်းပရိယာယ်အခင်းအကျင်းနဲ့ ပွတ်တိုက်မှု
ရပ်တည်ချက်တူကြတဲ့အတွက် ဘက် တဘက်တည်း၊ ပန်းတိုင်တခုတည်း၊ ရည်ရွယ်ချက် အတူတူ။ ဒါပေမယ့် ပန်းတိုင်ကို ရောက်အောင်သွား ကြမယ့် ခင်းကျင်းကြတဲ့နည်းပရိယာယ်၊ ချမှတ်ထားတဲ့နည်းနာက မတူ။ နည်းပရိယာယ်မတူတော့ အကောင်အထည်ဖေါ်ကြတဲ့ အလုပ်တွေ၊ လှုပ်ရှားမှုတွေ မတူ။ နည်းပရိယာယ် မတူကြတဲ့အပေါ်မှာ ဒီမိုကရေစီဘက်ခြမ်းမှာရှိကြသူချင်းဟာ ကိုယ်ယုံကြည်တဲ့နည်းပရိယာယ်နဲ့အညီ ပေါ်ထွက်လာတဲ့ ကိုယ့်လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖေါ်ရင်း ပွတ်တိုက်မှုတွေ ဖြစ်ပေါ်တတ်ကြပါတယ်။ အဲဒီ့ပွတ်တိုက်မှုတွေကို မှန်မှန်ကန်ကန် ရင်ဆိုင်ကျော်လွှားနိုင်ဖို့ ကြည်လင်တဲ့ သဘောထားအမြင်တရပ်ရှိဖို့ လိုအပ်ပါတယ်၊ အဲဒီ့အတွက် နည်းပရိယာယ် အခင်းအကျင်းမတူကြရတဲ့အကြောင်းတွေကိုလည်း နားလည်ထားဖို့ လိုအပ်ပါတယ်။
ရပ်တည်ချက် အနိမ့်ဆုံးတူသော်လည်း နည်းပရိယာယ်အခင်းအကျင်း မတူကြရတဲ့ အကြောင်းရင်းတွေကို ရှာကြည့်တဲ့အခါ -
- ပကတိအခြေအနေတရပ်အပေါ်မှာ အကဲဖြတ်ချက်မတူရင် နည်းပရိယာယ်အခင်းအကျင်း ကွဲပါတယ်။
- အတွေ့အကြုံ၊ ဖြတ်သန်းမှု၊ ဘဝခံစားမှု မတူရင် နည်းပရိယာယ်အခင်းအကျင်း ကွဲပါတယ်။
- ယုံကြည်ချက်၊ လေ့လာမှု(ဖတ်တဲ့စာအုပ်) မတူရင် နည်းပရိယာယ်အခင်းအကျင်း ကွဲပါတယ်။

နည်းပရိယာယ်အခင်းအကျင်း ကွဲကြတာဟာ အဲဒီ့အကြောင်းခံတွေကြောင့်လို့ နားလည်ရင်၊ ပွတ်တိုက်မှုတွေဖြစ်တဲ့အခါ ငါနဲ့ မတူ၊ ငါ့ရန်သူ ဆိုတဲ့သဘောထားနဲ့တုံ့ပြန်မှုတွေကို ထိန်းသိမ်းနိုင်ပါလိမ့်မယ်၊ မုန်းသူတွေ ဝမ်းသာစေပြီး၊ ချစ်သူတွေ ဝမ်းနည်းစေမယ့် အပြုအမူ၊ အပြော အဆိုတွေကို ထိန်းသိမ်းနိုင်ပါလိမ့်မယ်။ ပွတ်တိုက်မှုအပေါ် ရန်ဘက်အသွင်မဆောင်စေဘဲ၊ မိတ်ဘက်အသွင် တုံ့ပြန်နိုင်ပါလိမ့်မယ်။

နည်းပရိယာယ်အခင်းအကျင်း နဲ့ ခေါင်းဆောင်မှုအခန်း
နိုင်ငံရေးလှုပ်ရှားမှုမှာ ခေါင်းဆောင်မှုအခန်းဆိုတာ ရှိပါတယ်။ နည်းပရိယာယ်အခင်းအကျင်း မတူကြတာနဲ့ပတ်သက်လို့ တဖွဲ့နဲ့တဖွဲ့ကြား၊ တဦးနဲ့တဦးကြား မတူတာဟာ လွှမ်းမိုးမှု၊ အပြန်အလှန် ထိခိုက်မှု၊ ပွတ်တိုက်မှု မကြီးမားလှပါဘူး။ ဒါပေမယ့် ခေါင်းဆောင်မှုအခန်းနဲ့ ကျန် အင်အားစုတွေကြား နည်းပရိယာယ်အခင်းအကျင်း မတူရင်တော့ သက်ရောက်မှုဟာ ကြီးမားတတ်ပါတယ်။ ပွတ်တိုက်မှုတွေအပေါ် တုံ့ပြန်မှု တွေကလည်း ပြင်းထန်တတ်ပါတယ်။ မိတ်ဘက်အသွင်မဆောင်ဘဲ၊ ရန်ဘက်အသွင်ဆောင်တဲ့ တုံ့ပြန်မှုတွေအထိ ဖြစ်တတ်ပါတယ်။ ဒါဟာ ဒီမိုကရေစီအင်အားစုတွေကြားက အနှုတ်လက္ခဏာပါ။ အနှုတ်လက္ခဏာမဖြစ်စေချင်လို့ အလျှော့အတင်းလုပ်ပြီး ကိုယ့်နည်းပရိယာယ်ကို ပြောင်းပေးရမယ်ဆိုတာလည်း ဘယ်သူ့ဘယ်သူ ဘယ်ဘက်ကမှ မဖြစ်နိုင်၊ စိတ်ကူးယဉ်တာဘဲ ဖြစ်ပါလိမ့်မယ်။

ယုံကြည်ချက်မှာ အလျှော့အတင်းဆိုတာ မရှိပါဘူး။ ယုံကြည်ချက်ဟာ မျဉ်းဖြောင့်သဘောဆောင်ပါတယ်။ ဒါဆိုရင် ဘက်တူ၊ ရပ်တည်ချက် တူ၊ ရည်ရွယ်ချက်တူသူတွေကြားမှာ နည်းပရိယာယ်မတူကြတာကို ဘယ်လိုသဘောထား စခန်းသွားကြမလဲ။

နည်းပရိယာယ်ဟန်ချက်ညီရေး
နိုင်ငံရေးအဖွဲ့အစည်းတရပ်၊ နိုင်ငံရေးပါတီတရပ်၊ နိုင်ငံရေးသမားတယောက်ဟာ ကိုယ့်စိတ်ကူးထဲရှိတဲ့အတိုင်း ထင်ရာမြင်ရာပြောလို့ဆိုလို့ လုပ်လို့ မရပါဘူး။ ပကတိအခြေအနေတရပ်အပေါ်မှာ အကောင်းဆုံး ဖြစ်နိုင်ခြေလို့ သူ ယုံကြည်တဲ့လမ်းကို ရွေးလျှောက်ရတာပါ။
အဲဒီ့မှာ အရေးကြီးတာက ပကတိအခြေအနေတရပ် ဆိုတာပါ။ ကိုယ်ဖြတ်သန်းနေတဲ့ ခေတ်ကာလမှာ ဖြစ်ပျက်နေတဲ့အရာအားလုံးဟာ ပကတိအခြေအနေပါဘဲ။

အဲဒါကြောင့် အခြေအနေတရပ်ကိုချဉ်းကပ်ပြီဆိုရင် ကိုယ်နဲ့မတူတဲ့၊ ကိုယ့်အဖွဲ့အစည်းနဲ့မတူတဲ့၊ ကိုယ့်အင်အားစုနဲ့မတူတဲ့ နည်းပရိယာယ် အခင်းအကျင်းနဲ့ လှုပ်ရှားဆောင်ရွက်မှုတွေဟာ ကိုယ့်နေရာ၊ ကိုယ့်အဖွဲ့အစည်းနေရာ၊ ကိုယ့်ပါတီနေရာက ချဉ်းကပ်စဉ်းစားတဲ့အခါမှာ ပကတိအခြေအနေတရပ်ထဲက အချက်အလက်တွေအဖြစ်သာ ချဉ်းကပ်ကြည့်မြင်ရပါမယ်။
ဦးဆောင်မှုအခန်းက ရွေးချယ်ထားတဲ့နည်းပရိယာယ်အခင်းအကျင်းဖြစ်ပါစေ၊ ကိုယ်နဲ့မတူ ကိုယ်မယုံကြည်ရင် အဲဒီ့နည်းပရိယာယ် အခင်းအကျင်းအတိုင်း လိုက်လုပ်စရာမလိုပါဘူး၊ ဒါပေမယ့် … ဦးဆောင်မှုအခန်းကသွားနေတဲ့ နည်းပရိယာယ်အခင်းအကျင်းနဲ့ လုပ်ငန်းစဉ် တွေကို ပကတိအခြေအနေရဲ့ အချက်အလက်တွေအဖြစ်တော့ နားလည်ရပါမယ်။ မတူညီကြသူများကြား ဘယ်ဘက်ကမှ ငါနဲ့မတူ င့ါရန်သူ ဆိုတဲ့အမြင်နဲ့ချဉ်းကပ်လို့ အလုပ်မဖြစ်ပါဘူး။ ကိုယ်နဲ့မတူတဲ့ နည်းပရိယာယ်အခင်းအကျင်း အကောင်းအဆိုးကိုတော့ အနည်းနဲ့အများ ခံကြရ ပါလိမ့်မယ်။ ရပ်တည်ချက် တလှေတည်းစီးနေကြသူတွေဖြစ်လို့ တယောက်က အရပ်မျက်နှာတခုကိုလှော်နေတဲ့အချိန်မှာ နောက်တယောက် က တခြားအရပ်မျက်နှာတဘက်ကိုလှော်နေရင်တော့ ရှေ့ကိုရောက်ဖို့ ပိုကြာပါလိမ့်မယ်။ အဲဒီ့ဒဏ်ကိုတော့ အတိုင်းအတာ တခုအထိ ခံကြရ မှာပါ။ ဒါပေမယ့် … နောက်ဆုံးမှာတော့ မှန်ကန်သူရဲ့ လှော်ခတ်မှုဦးတည်ရာကို ရောက်ပါလိမ့်မယ်။

မတူတဲ့နည်းပရိယာယ်နဲ့ မတူတဲ့လုပ်ဆောင်ချက်တွေကို ကိုယ်ရင်ဆိုင်ဖြတ်သန်းရတဲ့ ပကတိအခြေအနေရဲ့ အချက်အလက်တွေအဖြစ် ကြည့်မြင်သုံးသပ်ပြီး၊ ရှိနေတဲ့ပကတိအခြေအနေနဲ့အညီ အကောင်းဆုံးဖြစ်နိုင်ခြေတွေနဲ့ ကိုယ့်နည်းပရိယာယ်အခင်းအကျင်းကို ချမှတ်ရမှာပါ။ ဒါမှလည်း မတူတဲ့နည်းပရိယာယ်တွေကြားမှာ ရန်ဘက်သဘောဆောင်တဲ့ပွတ်တိုက်မှုကို ရှောင်နိုင်ပြီး၊ နည်းပရိယာယ်ဟန်ချက် ထိန်းညှိ နိုင်တဲ့ အားသာချက်တွေကို ရှာဖွေနိုင်မှာပါ။

ဒါကြောင့် ဒီနေ့လိုအပ်နေတာဟာ ကိုယ်ယုံကြည်တဲ့ နည်းပရိယာယ်အခင်းအကျင်း၊ နည်းပရိယာယ်လမ်းစဉ်ကို ခိုင်ခိုင်မာမာချမှတ်ထားဖို့၊ အဲဒီ့နည်းပရိယာယ်နဲ့အညီ အကောင်အထည်ဖေါ်မယ့်လုပ်ငန်းစဉ်ကို ရှင်းရှင်းလင်းလင်း ချမှတ်ထားဖို့ပါဘဲ။ အဲဒီ့လုပ်ငန်းစဉ်ကို အကောင် အထည်ဖော်မှာကလည်း တတိယအင်အားစု မဟုတ်ပါဘူး။ အခုရှိနေတဲ့ ဒီမိုကရေစီအင်အားစုနဲ့ တိုင်းရင်းသားပြည်သူတွေဘဲဖြစ်ပါတယ်။
တင်အေး(၈၈ မျိုးဆက်၊ ဗကသ)
(လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ စာစဉ် အတွဲ ၂၊ အမှတ် ၄၊ ၂ဝ၁၈-စက်တင်ဘာလ မှာ ဖေါ်ပြထားတဲ့ဆောင်းပါးဖြစ်ပါတယ်။)

0 comments:

Post a Comment