(၁)
အုပ်စိုးသူတွေရဲ့အကျပ်အတည်း
၂၀၁၈ ခုသြဂုတ်လက စပြီး စက်တင်ဘာ ပထမပတ်အထိ ဗမာပြည် အစိုးရ(စစ်တပ်+ ဒီချုပ်) အဖို့ကတော့ ဘေးကျပ်နံကျပ် အဖြစ်ဆုံးအချိန်ပဲ။
ကြီးကြီးမားမားပြဿနာတွေကတော့ - ကုလလုံခြုံရေးကောင်စီ အချက်အလက်ရှာဖွေရေးအဖွဲ့အစီရင်ခံစာ၊ ဖေ့စ်ဘွတ်လူမှုကွန်ရက်ရဲ့အရေးယူမှု၊ ကုလ-အီးယူ- အမေရိကန်ရဲ့သဘောထားဖော်ပြချက်တွေ၊ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ အထွေထွေ၊ သဘာဝဘေးဒဏ်နဲ့အစိုးရပယောဂကြောင့် ပြည်သူတွေ အငတ်ဘေးဆိုက် ဆူပူလာကြတာ၊ ဒီမိုကရေစီရေးနဲ့လူ့အခွင့်အရေးကိစ္စတွေမှာ ပိုတင်းကျပ်လာတဲ့ အစိုးရပေါ်လစီတွေကို ဆန့်ကျင်အုံကြွတဲ့ကိစ္စ …. စသဖြင့် ပြည်တွင်းပြည်ပဖိအားတွေက အုပ်စိုးသူတွေရဲ့ လည်ပင်းကို လာညှစ်နေကြပါပြီ၊ အလုပ်သမား၊ လယ်သမားမြို့နေဆင်းရဲသားတွေနဲ့ ကျောင်းသားတွေရ့ ဆန္ဒပြမှုတွေ တနေ့ထက်တနေ့ ပိုမိုများပြားလာနေပါတယ်။ သူတို့ အစမ်းသပ်ခံကြရတော့မယ်။
(၂)
ဖိအားပေးမှုတွေ
ပြည်ပ-ကုလသမဂ္ဂရဲ့ ‘လွတ်လပ်သည့် အချက်အလက်ရှာဖွေရေးအဖွဲ့’ တွေ့ရှိချက်တွေကနေ (၁) စစ်ခေါင်း ဆောင်တွေကို လူမျိုးတုံးသတ်ဖြတ်မှုတွေအတွက် စွဲချက်တင်ဖို့ ဖော်ထုတ်လာပြီး (၂) ဒေါ်အောင် ဆန်းစုကြည်ကိုလည်း မတားဆီးရကောင်းလားဆိုပြီး အပြစ်တင်လိုက်တယ်။
ဆက်တိုက်လိုက်လာတာက ဖေ့စ်ဘွတ်လူမှုကွန်ရက်ကနေ စစ်ခေါင်းဆောင်အကြီးအကဲအပြင် စစ်ဗိုလ်ကြီးအချို့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေဟာ လူ့အခွင့်အရေးကို တိုက်ရိုက်ချိုးဖောက်(သို့မဟုတ်) သွယ်ဝိုက်အားပေး ချိုးဖောက်တာတွေလုပ်နေကြလို့ဆိုပြီး သူတို့ရဲ့အကောင့်တွေကို ပိတ်ပစ်လိုက်တာပဲ။ ဒီကိစ္စဟာ အမျိုးသားရင်ကြားစေ့ရေးကိုထိခိုက်နိုင်တယ်လို့ စစ်တပ်ဘက်က ပြောထွက်လာတယ်။ သက်ဆိုင်သူတွေ ရိပ်မိကြစေဆိုတဲ့သဘောလည်း ပြောပါတယ်။ ချက်ချင်းလိုပဲ ဒီချုပ်က ‘ဒီကိစ္စ မိမိတို့နဲ့ မဆိုင်ဘူး’လို့ ဖြေရှင်းပါတယ်။
တကယ်က ရိုဟင်ဂျာ(သူတို့အသုံးအနှုန်း) ဆိုတဲ့ လူတွေအပေါ် လူသားမဆန်တဲ့ပြစ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ဟာ လူ့အခွင့်အရေးအဖွဲ့ကြီး ၄ ဖွဲ့က နိုင်ငံတကာရာဇဝတ်ပြစ်မှု ခုံရုံး(ICC) တင်ဖို့ ကုလသမဂ္ဂကိုတောင်းဆိုနေကြတာ မေလကတည်းက ဖြစ်တယ်။ သူတို့ထုတ်ပြန်ချက်တွေထဲမှာ နောက်ပိုင်းရောက်လေ - အသတ်ခံရသူ၊ ဒဏ်ရာရသူ၊ အဓမ္မကျင့်ခံရသူအရေအတွက်ဟာ ပိုပိုများလေ ဖြစ်လာတယ်။ သူတို့ကွင်းဆင်းလေ့လာချက်တွေအရ မတူကွဲပြားတဲ့အရေအတွက်တွေ ထုတ်ပြန်ပါတယ်။
ပြည်တွင်း -ရခိုင်ပြဿနာ ဖြေရှင်းရေးအတွက် ပြည်တွင်းပြည်ပ ဖွဲ့လိုက်ကြတဲ့ကော်မတီတို့ မစ်ရှင်အဖွဲ့တို့ကလည်း ‘လှေကြီးပေါ် လှေငယ်တင်’ လိုက်ကြတာ မျက်စိနောက်လောက်အောင် ဖြစ်လာပြီ။ ပြည်ပကလာတဲ့အဖွဲ့တွေကို စစ်အုပ်စုက မလိုလားဘူး။ သူတို့လည်ပင်း ကြိုးကွင်းစွပ်ဖို့လာတယ်ဆိုတာ သူတို့သိနေကြတယ်။ ပြည်တွင်းကဖွဲ့ပေးတဲ့ (တည့်တည့်ပြောရရင် ဒေါ်အောင်ဆန်းစုကြည် ဖွဲ့ပေးတဲ့) အဖွဲ့ဆိုရင်လည်း သံသယနဲ့ ကြည့်တယ်၊ ဥပမာ-‘လွတ်လပ်သော စုံစမ်းရေးကော်မရှင်’ ဆိုပါတော့ - သူတို့ကို ကာချုပ်ကတွေ့ဆုံ ပြီး “ခင်ဗျားတို့ သမာသမတ် ရှိရမယ်၊ မြန်မာနိုင်ငံအပေါ် အပြစ်ရှာသည့် လုပ်ရပ်များ မလုပ်မိကြပါစေနဲ့” လို့ ဘေးဆီးရန်ကာ ပြောလွှတ်လိုက်တယ်။
(၃)
ဒီချုပ်နဲ့ စစ်အုပ်စု
ဒီကာလမှာ စစ်အုပ်စု မိုးကြိုးပစ်ခံနေရတယ်။ ဟိုနေရာက ပစ်လိုက်၊ ဒီနေရာက ပစ်လိုက်ပဲ။ “အမေ ကယ်ပါ- အဘကယ်ပါ” အခြေအနေပဲ။ ဒီအထဲ ‘ကြောက်ပါတယ်ဆိုမှ ဖြဲခြောက်ကြသူ’ တွေက ရှိသေးတယ်။ ICC ပို့ရမယ်၊ အထူးခုံရုံးဖွဲ့ စစ်ဆေးနိုင်တယ်၊ စစ်တပ်တင်မက အစိုးရကိုလည်း ရိုက်ခတ် လိမ့်မယ်။ ပြည်ပထွက်ရင် အဖမ်းခံရမှာပဲဆိုတဲ့လှန့်ချီတွေ ပေးလာတယ်။ ပေါက်တဲ့နဖူး မထူးတော့ဘူး ဆိုရမလားပဲ၊ နိုင်ငံတော်အတိုင်ခံပုဂ္ဂိုလ်က ‘ပြည်ထောင်စုအစိုးရ’ ကိုယ်စားပြုပြီး စစ်တပ်အပေါ်တင်လာတဲ့ စွဲချက်တွေကို ပယ်ချပေးနေရတယ်။ အခု အိုင်စီစီတရားသူကြီးအဖွဲ့က သူတို့မှာ “ရိုဟင်ဂျာ” (သူတို့အသုံးအနှုန်း) အရေး တရားစီရင်ပိုင်ခွင့်ရှိတယ်လို့ ကြေညာလိုက်တယ်။
လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာကိုင်ထားတဲ့ နိုင်ငံကြီးတွှေအနေနဲ့ ကိုယ်တွက်ကျန်အောင်ချည်း မလုပ်သင့်ကြဘဲ မီးဝိုင်းနေတဲ့နိုင်ငံငယ်လေးတွေ ဒုက္ခရောက်သွားမှာလည်း ထည့်တွက်သင့်ကြပါတယ်။ ဒါတောင် ဆက်တိုက်လို ဖိအားတွေအပေးခံနေရတဲ့စစ်အုပ်စုဟာ မာန်မာနတွေ ကျကြသေးတာ မဟုတ်ကြောင်း တွေ့နေရတယ်။
လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်းသော စစ်တပ်ကိုယ်စားလှယ်ဗိုလ်ချုပ်တယောက်က သူ့အလုပ်သူ လုပ်နေတဲ့ မီဒီယာသမားတယောက်ကို အသားလွတ်ဆဲဆို ကြိမ်းမောင်းတာရှိတယ်။ ငြိမ်းချမ်းရေးညီလာခံမှာ တာဝန်ယူနေတဲ့ဒုဗိုလ်ချုပ်ကြီးဟောင်းက အင်တာဗျူးလုပ်တဲ့ မီဒီယာအမျိုးသမီးကို “နားမလည်ဘူးလား၊ ငါဗမာလို ပြောနေတာ၊ အင်္ဂလိပ်လို ပြောရမှာလား”လို့ ဟောက်ခဲ့တယ်။ သူတို့မာန်မကျကြပါဘူး။
ဒေါ်စုက ‘ ၂၁ ပင်လုံညီလာခံ’ ကနေ ငြိမ်းချမ်းရေးလမ်းကြောင်း ဖွင့်ချင်တယ်။ ဒီနည်းနဲ့ အပြောင်းအလဲ လုပ်ရမယ်ထင်နေတယ်။ ဒါပေမဲ့ စစ်အုပ်စုက “၂၀၀၈ ခြေဥဖျက်ရေး”အထိ ဆွဲဆန့်လာတာကို ကြောက်နေတယ်။ အဲဒီအဆင့်ထိရောက်မလာအောင် တားထားဖို့လိုတယ်။ ဒါကြောင့် ဆွေးနွေးပြီး အဖြေရှာချင်တဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် KIA ကို (၁) တို့တာဝန်အရေးသုံးပါးကို လက်ခံရမယ် (၂) ပြည်ထောင်စုကခွဲမထွက်ဘူး ကတိပေးရမယ် (၃) လက်ရှိသွားနေတဲ့ ငြိမ်းချမ်းရေးလမ်းကြောင်း (NCA, JMC, UPDJC စသည်) အတိုင်း အပြည့်အဝသွားရမယ်။ လိုက်ပါရမယ်။ ဒီ ၃ ချက်ကို လက်ခံကျင့်သုံးမှ ဆွေးနွေးနိုင်မယ်လို့ ပွဲဖျက် စကားပြောပြီး ငြိမ်းချမ်းရေးတံခါးပိတ်ပစ်လိုက်တယ်။ နောက် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်ဘက်တွေမှာ ထိုးစစ်တွေဝင်၊ တိုက်ပွဲတွေ ဆက်တိုက်တယ်။ ကန့်ကွက်သံတွေထွက်လာတဲ့ အခါမှာ “သမ္မတက အခြေခံဥပဒေနဲ့အညီ အမိန့်ပေးရင် ထိုးစစ်တွေ ရပ်ပေးနိုင်တယ်”လို့ (စဉ်းစားစရာတွေ ဖြစ်အောင် ပြောပြန်တယ်။) ဘာသဘောလည်း စောကြောကြည့်သင့်ကြပါတယ်။
တကယ်က စစ်အုပ်စုဟာ ထရမ့်လိုပဲ ကုန်သည်အတွေးအခေါ်နဲ့ ကုန်သည်လုပ်ဟန် အပြည့်ရှိတယ်။ ရေနှောက်ပြီး ငါးဖမ်းတယ်၊ ငါးမရရင် ရေချိုးပြန်မယ် ….. ဆိုတဲ့ လူစားမျိုးပဲ။ ထရမ့်ဆိုတဲ့လူက သူ့ဘက်ပါ မလား၊ ငါ့ဘက်ပါမလား - မေးတတ်တဲ့လူမျိုး မဟုတ်၊ စဉ်းစားချိန်မပေး၊ ငါပြောသလိုလုပ်ရမယ်၊ မလုပ်ရင် ဒုက္ခရောက် စေမယ်….. ဆိုတဲ့သူ။ ဘာထူးသလဲ။ စစ်အုပ်စုဟာ ကျန်တဲ့အဖွဲ့တွေ (လက်မှတ်ထိုးသူရော မထိုးသူပါ) ကိုလည်း ဒီအနှစ်သာရအတိုင်း အကျပ်ကိုင်လိုက်နာစေတာတွေ ဆက်လုပ်နေတယ်။ ပြေလည်မှုအရှိဆုံးလို့ သတ်မှတ်ခြင်းခံရတဲ့ KNU သည်ပင် ကျောချမှ ဓားပြမှန်းသိပြီး သေနတ်ပြန်ဖောက်နေရတယ်။
စစ်တပ်လုပ်ချင်ရာလုပ်ခဲ့လို့ ပေါ်လာတဲ့ ရိုက်တာသထင်းထောက် ၂ ဦး အမှုမှာ စစ်တပ်ဘက်က ရပ်တည်ခဲ့လို့ ဒေါ်အောင်ဆန်းစုကြည် သိက္ခာကျခဲ့ရပြီ။ ထောင်ချောက်ဆင်ဖမ်းခဲ့တဲ့အမှုမှန်း ထင်ရှားပါလျက်၊ ကိုယ့်လူကိုယ် ကာကွယ်ခဲ့တာဟာ - တည်မြဲသန့်ရှင်းအကွဲ ရန်ကုန်ဘဆွေရဲ့ ရပ်တည်ချက်ကို သတိရစေပါတယ်။ “တည်မြဲတွေ မကောင်းတာ သိတယ်၊ ဒါပေမဲ့ သူတို့ဟာ ငါ့ရဲဘော်တွေဖြစ်လို့ သူတို့ဘက်ကပဲ ငါရပ်တည်မယ်” ….လို့ မီးဒုတ်သတင်းစာထုတ်ပြီး ရပ်ခံကာကွယ်ခဲ့တယ်။ အမှုစီရင်ချက် မချခင် တရား သူကြီးကို တပတ်လောက်ဖျားသွားစေတဲ့ ဒီအမှုရဲ့ဂယက်ဟာ ခုအထိ ရိုက်ခတ် နေဆဲပါ။
(၄)
နိဂုံး
ချုပ်လိုက်ရင် -စစ်အုပ်စု (ဟောင်း-သစ်) အကျိုးစီးပွားကို အကောင်အထည်ဖော်ပေးရတဲ့ အာဏာကိုင် ဗိုလ်ချုပ်တွေကတဖက်-စစ်အုပ်စုရဲ့လောဘ ဒေါသ မောဟမီးတွေကို ပရိတ်ရွတ် ရေမန်းတိုက်ပြီး ငြှိမ်းသတ်ချင်တဲ့ လစ်ဘရယ်သမားတွေကတဖက်ဖြစ်နေတဲ့ အစိုးရအဖွဲ့ထဲက လမ်းစဉ်တိုက်ပွဲဟာ ဆက်တည်ရှိနေပါတယ်။
ဒါပေမဲ့ တချိန်တည်းမှာ အပြန်အလှန်အမှီသဟဲပြုနေကြတယ်။ ၂၀၀၈ ခြေဥကို အသိအမှတ်ပြုထားမိတဲ့ ဒီချုပ်ဟာ ကာချုပ်ရဲ့လုပ်ပိုင်ခွင့်ကို သတိထားနေရတော့ လက်ရှိက လက်မဲ့အဖြစ်မခံနိုင်ဘူး၊ ရုန်းမထွက် နိုင်တဲ့ မြှုံးထဲကငါးပဲ။
တခါ နိုင်ငံတကာရာဇဝတ်ကောင်တွေဖြစ်နေတဲ့ စစ်အုပ်စုမှာလည်း ဒီချုပ်မရှိရင် မဖြစ်ဘူး။ ဒါကြောင့် တတွဲတည်း ချည်နှောင်ထားရတယ်။
ကြားထဲက ငထွားခါးနာဖြစ်နေတဲ့ ပြည်သူတွေအဖို့တော့ သူတို့ချင်း ရင်ကြားစေ့နေတာကိုမခံနိုင်တော့တဲ့ အခြေအနေ ဖြစ်နေပြီ။ ငတ်လည်း ငတ်နေကြပြီ။ သေလည်း သေနေကြရပြီ။ ပြေးလည်း ပြေးနေရပြီ။ ဒုက္ခသည်တွေ တိုးပြီးရင်းတိုးလာနေပြီ။ တာဝန်ရှိအစိုးရ ဘာလုပ်ပေးသလဲ။ ဒုက္ခသည်တွေ တိုးသထက်တိုးအောင်ပဲ လုပ်ပေးနေကြတယ်။
ဒီတော့ လျှောက်ရမယ့်လမ်းက ရှေ့မှာ ၂ လမ်းပဲ ရှိတယ်။ တခုက တော်လှန်တဲ့လမ်း-နောက်တခုက ဒီအတိုင်းပဲ ခေါင်းငုံ့ခံနေရမယ့်သိက္ခာမဲ့လမ်း- ဂုဏ်ရောင်ပြောင်ပြောင်နဲ့ ပြည်သူတွေအဆုံးအဖြတ်ပေးမယ့်အချိန် မဝေးတော့ဘူးလို့ ကျွန်တော်တို့က ယုံတယ်။
စာတည်းအဖွဲ့
(၆၊ ၉၊ ၂၀၁၈)

0 comments:
Post a Comment