Wednesday, September 19, 2018

တရွေ့ရွေ့ နီးလာပြီလား(လှဝင်း)

0 comments
တရွေ့ရွေ့ နီးလာပြီလား(လှဝင်း)
အုပ်စိုးသူ စစ်အာဏာရှင်များဘက်
အုပ်စိုးသူ စစ်အာဏာရှင်တွေနဲ့စစ်တပ်ထိပ်သီးတွေဘက်ကို ကြည့်ရင်-
နိုင်ငံတကာမျက်နှာစာဘက်မှာ သူတို့ အဆင့်တဆင့်အထိ အကျပ်အတည်းရှိနေတယ်။
- သူတို့ ထွက်ပေါက်တခု လိုနေတယ်။ ရှာလိမ့်မယ်။ ဘယ်လိုထွက်ပေါက်မျိုး သူတို့လိုချင်နေသလဲ။ သတိထားစောင့်ကြည့်ဖို့ လိုတယ်။
- မန္တလေးနဲ့ အခြားဒေသတွေမှာ ပြည်သူ့ဘဝလုံခြုံရေးအခြေအနေ၊ မင်းမဲ့တိုင်းပြည် ဆန်သလိုလို ဖြစ်လာတဲ့အခြေအနေတွေဟာ သူတို့ဖန်တီးနေတာလား။ မူးယစ်ဆေးဝါး၊ ခိုးဆိုးလုယက် လူသတ်မှုတွေ မုဒိမ်းမှုတွေ အလုပ်သမားတွေ လယ်သမားတွေ ကျောင်းသားတွေအပေါ် တိုးတိုး ဖိနှိပ်လာတာတွေဟာ သူတို့လှစ်ဟပေးတဲ့ တံခါးပေါက်တွေကနေ ဖြစ်လာတာလား။
- ထောင်ဖောက်မှုတွေ အချုပ်ခန်းဖောက်မှုတွေကို သူတို့ရည်ရွယ်ချက်တခုနဲ့ ဖန်တီးနေတာလား။ ရာဇဝတ်သားတွေကို လွှတ်ပေးပြီး လူထုအတွင်း ဖရိုဖရဲဖြစ်မှုတွေကို ဖန်တီးဖို့လား။ ရဲအရာရှိတယောက်ရဲ့ ဖွင့်ပြောတဲ့အချက်အရဆိုရင် စစ်တပ်၊ရဲတပ်ဖွဲ့အပြင် စွမ်းအားရှင်ဆိုတာ သူတို့ရဲ့အမာခံတပ်အင်အားဆိုတာ ပိုမို ပေါ်လွင်လာတယ်။
- ယုတ်စွအဆုံး မြဝတီရုပ်မြင်သံကြားမှာ ရှစ်လေးလုံးအရေးတော်ပုံရဲ့ကြီးမြတ်မှုကို ပြောင်းပြန်လှန်လိုတဲ့ပေါ်လစီကားကို ပြသလာနေတာ ဘာရည်ရွယ်ချက်လဲ။ လူထုရ့အရေးတော်ပုံကို ယုတ်ညံ့တဲ့အကြံအစည်နဲ့ ချိုးနှိမ်လာတာဟာ တိုက်ပွဲဝင်မယ့် ဘယ်အင်အားစုကိုမဆို ချိုးနှိမ်ဖိနှိပ်ဖို့ အသင့်ရှိနေပြီဆိုတဲ့အနေအထားကို ပြတာပဲ။
- လူထု လုံးဝလက်မခံနိုင်တဲ့ အလိမ်အညာ မျက်နှာပြောင်တိုက်တဲ့စကားတွေကို ကြံ့ဖွံ့ခေါင်းဆောင်တွေက ထွက်ပြောရုံမကဘူး၊ မဲဆွယ်ပွဲမှာ ကြံဖွံ့အင်အားတွေဟာ ရန်လိုတဲ့အပြုအမူတွေ ဖြစ်လာနေတယ်။
- ဌာနတိုင်းမှာ စစ်ဘက်ဆိုင်ရာက မြှုပ်ထားတဲ့အင်အားစုတွေဟာ အနိုင်ရပါတီရဲ့ခေါင်းဆောင်မှုကို အလေးမထားတော့ဘဲ ပိုမိုခုန်ထွက် လှုပ်ရှားတာ၊ အတင့်ရဲတာတွေ ဖြစ်လာတယ်။
ဘက်စုံက မသင်္ကာဖွယ်လှုပ်ရှားမှုတွေ တွေ့လာနေရတယ်။ သတိထားလေ့လာသွားရမယ့် လှုပ်ရှားမှုတွေပါပဲ။
- သူတို့ပစ်မှတ်ဟာ ဒီချုပ်လို့တွက်ဆရုံနဲ့ မရတော့ဘူး။ ပြည်သူလူထုကို ဦးတည်လာနေလာတာလား၊ စဉ်းစားစရာတွေ တွေ့လာရတယ်။ ပြည်သူလူထုတွေ သည်းမခံနိုင်တဲ့အခြေအနေ ရောက်လာနိုင်တယ်ဆိုတာလဲ သူတို့သိတယ်။ ပြည်သူ့မကျေနပ်မှုတွေကို ထိပ်တိုက် အကြမ်းဖက်ရင်ဆိုင်ဖို့ သူတို့ ပြင်ဆင်နေတာလား။
- သူတို့ဘက်က အရွေ့တခုဆီသို့ တိုးတိုးပြီး လျှောက်လှမ်းနေတာလား။
ဘယ်လိုပဲဖြစ်ဖြစ် အုပ်စိုးသူ စစ်အာဏာပိုင်တွေရဲ့ခြေလှမ်းတွေကို ပြည်သူလူထုဘက်က သတိထားပြီး မျက်ခြည်မပြတ် စောင့်ကြည့်ဖို့ လိုအပ်လာနေတာကတော့ အမှန်ပါပဲ။

ပြည်သူလူထုဘက်
- အသက်အိုးအိမ်စည်းစိမ်----ပြည်သူလူထုအတွက် ဘယ်လုံခြုံမှုမှ စိတ်မချရတဲ့အခြေအနေဘက်ဆီ တရွေ့ရွေ့ ချဉ်းကပ်လာနေတယ်။ ခရီးသွားလာရေးလုံခြုံမှုမရှိတာဟာ မြို့ကြီးတွေပေါ်မှာတောင် ဖြစ်လာနေတယ်။ မန္တလေး ရန်ကုန်မြို့ကြီးတွေမှာတောင် လုံခြုံမှု မရှိဘူး။ မြောက်ပိုင်းရှမ်းပြည်လမ်းဆိုရင် ပြောတောင်မနေနဲ့။ မြို့တွေပေါ်မှာ လုံခြုံမှုမရှိသလို ရွာတွေမှာလည်း မရှိဘူး။ လူတယောက်အသက်ကို အုပ်စုဖွဲ့သတ်ဖြတ်တာတွေပင်လျှင် ဖြစ်လာနေတယ်။
- အဓိကအကျဆုံး စားဝတ်နေရေး ပိုမို ပိုမို ပိုမိုပြီး ကျပ်တည်းဆင်းရဲလာနေတယ်။ ငတ်ပြတ်မှုတွေ ပိုဖြစ်လာနေတယ်။ တချိန်ထဲမှာ စစ်အာဏာရှင်တွေနဲ့မိသားစုတွေ ကျိကျိတက်ချမ်းသာနေတဲ့အခြေအနေတွေဟာ ပြည်သူထဲမှာ ပိုမိုပြီး ပွင့်ကျလာနေတယ်။ လခတိုးပေးလဲ ဝန်ထမ်းတွေ တိုးပြီး ချောင်လည်မလာဘူး။ လက်လုပ်လက်စားတွေ ပိုကျပ်တည်း ငတ်ပြတ်လာတယ်။
- စီးပွားရေးတိုးတက်လာတယ်လို့ ခေါင်းဆောင်တွေ ကြံဖန်ပြောနေချိန် ကုန်ဈေးနှုန်းတွေ တက်ပြီးရင်း  ပိုတက်လာတယ်။ ဗမာနိုင်ငံ ဘာတွေမှာ တိုးတက်နေပါတယ်လို့ ခေါင်းဆောင်တွေက နိုင်ငံတကာ့မျက်နှာစာမှာ ရယ်စရာလှောင်စရာစကားတွေ ပြောနေချိန်မှာ ပြည်သူတွေဟာ နိုင်ငံတကာရှုခင်းထဲက အဆင်းရဲအနွမ်းပါးဆုံး ချောက်နက်တွင်းကြီးဆီ တရွေ့ရွေ့ ဆောင်ကြဉ်းသွားခြင်းကို ခံနေရတယ်။
- စစ်တပ်က လယ်သိမ်းပြီး မတရားလုပ်တာ ဗြောင်ပဲ။ ပြန်မပေးချင်တာလဲ ဗြောင်ပဲ။ ဦးပိုင်အကျိုးပွားကိုထိခိုက်ရင် လူဘယ်နှယောက် သတ်ရသတ်ရဆိုတဲ့ သဘောထားဟာလဲ ဗြောင်ပဲ။ အလုပ်သမားနဲ့အလုပ်ရှင် ပဋိပက္ခတွေမှာ အာဏာပိုင်တွေဟာ အလုပ်ရှင်ဘက်က ရပ်တည်တာလဲ ဗြောင်ပဲ။ တရားရုံးမှာ တရားဥပဒေဆိုတာ ဘေးချိတ်၊ စစ်အာဏာပိုင်တွေ လျှို့ဝှက်ညွှန်ကြားချက်တွေကို ဥပဒေအဖြစ် လုပ်နေရတယ်ဆိုတာလဲ ဗြောင်ပဲ။ တရားရုံးတွေက လယ်သမား အလုပ်သား ကျောင်းသားနဲ့ ဆင်းရဲပြည်သူတွေကို ဖိနှိပ်ရေးကိရိယာအဖြစ် အသုံးတော်ခံနေတယ်ဆိုတာလဲ ဗြောင်ပဲ။ လူသတ်တရားခံတွေဘက်က အကာအကွယ်ပေးတာလဲ ဗြောင်ပဲ။
- ပြည်သူလူထုဘက်က မကျေမနပ်ခံစားရတဲ့ အဖြစ်အပျက်တွေ၊ မတရားဖိနှိပ်မှုတွေ ခံနေရတာတွေ အများကြီးပါ။ ဒါကြောင့် လူထုဟာ ဘယ်သူ့ကိုမှ အားကိုးလို့မရနိုင်ဘူးဆိုတာ တိုးတိုး သိမြင်လာပြီး မိမိကိုယ်ကိုယ်သာအားကိုးဖို့ အခြေအနေတရပ်ဆီ ချဉ်းကပ်လာနေပါတယ်။
- ချုပ်လိုက်ရင်တော့ လူထုရဲ့မကျေမနပ်မှုတွေဟာ တိုးတိုးကြီးထွားလာပြီး အရွေ့တခုဆီသို့ ဦးတည်ချဉ်းကပ်နေသလား။ စဉ်းစားသုံးသပ်စရာ တွေ ဖြစ်လာနေပါတယ်။ ဘယ်အခြေအနေမှာ လူထုသည်းခံနိုင်စွမ်း ကျိုးပျက်မှုတွေ ဖြစ်လာမယ်ဆိုတာ မပြောနိုင်သေးပါ။ ပေါက်ကွဲမှုတွေ ဖြစ်လာမလား မပြောနိုင်သေးပါ။ အရေးအခင်းတခုရဲ့ လတ်တလောအကြောင်းရင်းတွေ ရှောင်တခင်အကြောင်းရင်းတွေ ဘယ်လို ဖြစ်ပေါ်လာနိုင်သလဲဆိုတာလဲ မသိနိုင်သေးပါ။

ပေါက်ကွဲမှုတခု၊ အရေးအခင်းတခု၊ လူထုအုံကြွမှုတခု ပေါ်ပေါက်လာတာဟာ ပကတိဘာဝအခြေအနေနဲ့ အတ္တဘာဝအခြေအနေတွေပြည့်စုံမှ ဖြစ်ပေါ်လာတာပါ။
တနည်းပြောရရင် ရန်သူ့ဘက်ကလည်း သူ့အနေအထားကို ဒီအတိုင်း ဆက်လက် လျှောက်လှမ်းသွားလို့ မဖြစ်နိုင်တော့တဲ့အခြေအနေ။ တစုံတရာ ပြောင်းလဲပစ်မှ ရတော့မယ့်အခြေအနေ။
ပြည်သူလူထုဘက်ကလည်း မိမိတို့ဘဝကို ဒီအတိုင်း ဆက်လက်လျှောက်လှမ်းလို့ မရတော့တဲ့အခြေအနေ။ မိမိတို့ကို ဒုက္ခပေးနေတဲ့ အန္တရာယ်တွေကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ပြီး တစုံတရာ ပြောင်းလဲမှု လုပ်ကို လုပ်မှ ရမယ့်အခြေအနေ။
အဲဒီအခြေအနေတွေ ရောက်ပြီဆိုရင်တော့ အုံကြွမှုတွေ ပေါက်ကွဲမှုတွေ စဖြစ်လာတော့မှာပါ။
ဘက်နှစ်ဘက် အခြေအနေတွေ ဘယ်အဆင့်အထိ ရွေ့နေကြတာလဲ။ အရွေ့တခုဆီ တစတစ တိုးလာနေတာလားဆိုတာကို အကြမ်းဖျင်း စဉ်းစားကြည့်မြင်လိုက်တာပါ။
၁၉-၉-၂၀၁၈

0 comments:

Post a Comment