Monday, September 24, 2018

ART OF GOSSIPING အတင်းပြောခြင်းအတတ်(မျိုးမြင့်ချို)

0 comments
(ART OF GOSSIPING အတင်းပြောခြင်းအတတ်)
ကျနော် စိတ်မကျန်းမမာဖြစ်တော့ Therapy ယူရပါတယ်။ Therapists တွေနဲ့ ကြိမ်ဖန်များစွာတွေ့ရပါတယ်။ ဗမာလိုတော့ ဆေးဝါးမဲ့ကုထုံးဆရာတွေလို့ ခေါ်တယ်မှတ်ပါတယ်။ များသောအားဖြင့် စိတ်ရှည်တတ်တဲ့လူတွေပါ။ သူတို့နည်းက စိတ်ဝေဒနာရှင်ကို နည်းနည်းမေးပြီး ပြောချင်စိတ်ပေါ်လာအောင် ဆွပေးတာမျိုးပါ။ အဲ့လိုဆွရင်း လူနာ့စိတ်အဇ္ဈတသဏ္ဍန်တွေ၊ အကြိုက် မကြိုက်တွေ၊ ဝေဒနာတွေ စတာတွေကို သိအောင်အရင်ကြိုးစား၊ နောက်မှ စိတ်ပညာရှင် Psychologist နဲ့တိုင်ပင်ပြီး လူနာကို နှစ်သိမ့်ဆွေးနွေးတာလုပ်ပါတယ်။ ဒါကို Counseling လို့ဆိုပါတယ်။ စိတ်ရောဂါအထူးကုဆရာဝန် Psychiatrist ကတော့ ဆေးဝါးညွှန်းပေးတာ ဆေးသောက်ဆေးစားခိုင်းတာလုပ်ပါတယ်။

ဒီမှာ ကျနော်ပြောချင်တာက အမေရိကန်ဖွား ဂျာမန်အမျိုးသား ဆေးဝါးမဲ့ကုထုံးဆရာတယောက်အကြောင်း ဖြစ်ပါတယ်။ နာဇီဇာတ်ကားတွေထဲ သွေးအေးအေးနဲ့ရက်စက်တတ်တဲ့ အေးစက်စက် မျက်လုံးပြာပြာများပိုင်ရှင်ပါ။ ပြာတဲ့အပြာကလည်း ကြည်တောက်ပြီးကို ပြာနေတာပါ။ မျက်လုံးအိမ်ရဲ့ ဟိုးအနောက်ထဲအထိ လှမ်းမြင်ရတော့မတတ်ကို ကြည်တောက်နေတာပါ။ နှုတ်ခမ်းပါးပါး ပိပိရိရိနဲ့ မေးရိုးလည်း အလွန်တိကျသပ်ရပ်ပါတယ်။ နှုတ်ခမ်းတွေမှာ အပြုံးနည်းပါတယ်။ တင်းတင်းစေ့ထားတာ များပါတယ်။ သိတ်ရီစရာတွေ့ရင်တောင်မှ နှုတ်ခမ်းထောင့်ကွေးရုံလေး ပြုံးပါတယ်။ သွားပေါ်အောင်ပြုံးတာ တခါမှမတွေ့ဖူးသလို ဟက်ဟက်ပက်ပက် ရီတာလည်း တကြိမ်မှမကြုံဖူးပါ။ အသားကလည်း ဂျာမန်ဖြူ ဖြူပါတယ်။ အလုံးအဖန်ကလည်း ပါးလှပ်လှပ်ပါ။ ထိုင်ရင် တောင့်နေအောင်ထိုင်ပြီး လမ်းလျှောက်ရင် စာရွက်ဖိုင်လ်ကို ဂျိုင်းကြားညှပ်ကာ လက်ကိုဟန်ပါပါလွှဲရင်း တင်းတင်းရင်းရင်း လျှောက်ပါတယ်။ ရုပ်ရှင်ထဲက နာဇီစစ်ဗိုလ်တွေ လျှောက်နည်းကားလို့ ထင်ချင်စရာပါ။ သာမန်အချိန်တွေမှာ ဘာခံစားချက်မှမရှိတဲ့ ဗြောင်တလင်းဖြစ်နေတဲ့ မျက်နှာမျိုးနဲ့ပါ။ လူနာကိုကြည့်လိုက်ရင် သူ့မျက်လုံးပြာပြာစူးစူးတွေဟာ ကိုယ့်စိတ်ထဲအထိ ဖေါက်ဝင်သွားသလိုမျိုး ခံစားရပါတယ်။ သူနဲ့မျက်လုံးချင်းဆိုင်ပြီးကြည့်ရတာ အတော် စိတ်မသက်သာစရာ ဖြစ်ပါတယ်။ ကြည့်နေရင်း စိတ်ထဲကျောချမ်းသလိုလည်းဖြစ်ပါတယ်။

ဒါပေမဲ့ သူ့ဟန်ပန်အမူအယာတွေနဲ့ သူ့နှုတ်ထွက်စကားသံဟာ လုံးလုံးကို ဆန့်ကျင်ဘက်ဖြစ်ပါတယ်။ ဝိရောဓိဆန်ပါတယ်။ စကားသံဟာ အင်မတန်နုနုညံ့ညံ့နဲ့ ပြေပြေပြစ်ပြစ်ရှိပြီး နားထဲကို စမ်းရေလိုစီးဝင် စိမ့်ဝင်သွားစေတာမျိုးပါ။ တမင်ဟန်လုပ်ယူထားတဲ့အသံမဟုတ်မှန်း အလွန်သိသာပါတယ်။ သူ့ပင်ကိုယ်အသံကို၌က လူတဘက်သားကို နှစ်သိမ့်မှုရစေတဲ့အသံမျိုးပါ။ ဖျောင့်ဖြပေးတဲ့ အသံစီးဆင်းမှုမျိုးပါ။ အသံလုံး သိတ်မကြီးသလို စူးရှရှလည်းမဟုတ်ပါ။ မသြတသြအသံမျိုးပါ။ တကယ်လို့များ လူမမြင်ရရင် အင်မနတ်နှုတ်ချိုပြီး ကြင်နာစိတ်လွှမ်းတဲ့ သူတော်စင်တယောက်များ ပြောနေသလားတောင် ထင်ချင်စရာပါ။ စကားလုံး အခက်တွေကို ဘယ်တော့မှမသုံးပါ။ လူနာကို နှုတ်ဆက်ရင်လည်း မပြုံးပေမယ့် တလေးတစားနှုတ်ဆက်ပါတယ်။

သူ့မှာ ထူးခြားတာက အမေးနည်းတာဖြစ်ပါတယ်။ အပြောလည်း မများတတ်ပါ။ တချို့ဆရာတွေကျတော့ မေးခွန်းတွေ တရစပ်မေး၊ တဘက်သား နားဝင်မှန်းမသိ ဘာမသိ၊ နားထောင်ချင်မှန်းမသိ ဘာမသိ ပြောလိုရာတွေပြော၊ သြဝါဒဆန်ဆန်တွေပေးလိုပေး ပေးတတ်ပါတယ်။ သူနဲ့တော့ အတော့်ကိုခြားနားပါတယ်။ သူက လူနာနဲ့နှုတ်ဆက်ပြီးတာနဲ့ ကဲ..ဒီနေ့ ငါလာတာ မင်းပြောတာတွေ နားထောင်ဖို့ပဲ။ မင်းစိတ်ထဲရှိတာ၊ မင်းခံစားနေရတာတွေ ငါ နားထောင်ချင်ပါတယ်လို့ အစချီပြီး စကားစ စတည်ပါတယ်။ လူနာပြောတာမှန်သမျှကို လုံးစေ့ပတ်စေ့ စိတ်ဝင်တစား နားထောင်ပါတယ်။ သိချင်လွန်းမက သိချင်လွန်းတဲ့နေရာမျိုးမှ ခွင့်တောင်းပြီး ဖြတ်မေးပါတယ်။ များသောအားဖြင့်တော့ လူနာ့မျက်နှာအမူအယာနဲ့ မျက်နှာကဖော်ပြချက်တွေကို လိုက်ဖတ်နေသလိုမျိုးဖတ်နေတာပါ။

တနေ့တော့ ကျနော်နဲ့ပြောရင်း သူက "မိန်းမတွေဟာ အိမ်ထောင်ရေးဒုက္ခတွေ၊ အဆင်မပြေမှုတွေ၊ အကောင်းအဆိုးလောကဓံတွေကို ယောက်ျားတွေထက် ပိုခံနိုင်ရည်ရှိတယ်လို့ မင်းထင်လား။ ထင်တယ်ဆိုရင်ရော အဲ့ဒီ စိတ်ခံနိုင်ရည်နဲ့ခွန်အားကို ဘယ်ကရတယ်လို့ထင်လဲ"လို့ မေးပါတယ်။ "ပိုခံနိုင်ရည်ရှိတယ်လို့တော့ ထင်တာပဲ။ ဒါပေမယ့် အဲ့ဒီစိတ်ခံအားကို ဘယ်ကနေဘယ်လိုရတယ်တော့ မပြောတတ်ပါဘူး၊ နောက်ပြီး ခံနိုင်ရည်ဆိုတဲ့နေရာမှာ တယောက်နဲ့တယောက် ဒီကရီလည်းမတူနိုင်ဘူး ထင်တာပဲ။ ယေဘုယျသဘောမှန်ပေမယ့် ခြွင်းချက်လည်းရှိနိုင်တာပဲ။ မပြောတတ်ပါဘူးကွာ၊ မင်းပြောပြပေါ့"ဆိုတော့ "အတင်းပြောတာဟာ သူတို့ စိတ်ခံနိုင်ရည်ကိုတိုးလာစေပြီး စိတ်ခွန်အားကိုလည်း ဖြည့်ပေးတဲ့အရာဖြစ်တယ်၊ သူတို့ အိမ်ထောင်ရေးမှာ အဆင်မပြေတာတွေ၊ ဒုက္ခသုက္ခတွေအတွက် သူတို့မှာ ပြောပြစရာရင်ဖွင့်စရာရှိတယ်၊ လင်သားမဟုတ်တဲ့ တစိမ်းယောက်ျားကိုတော့ သူတို့မပြောပြချင်ဘူး၊ တကယ်လို့ ပြောပြတယ်ဆိုရင်လည်း အဲ့ဒါ တခြားရည်ရွယ်ချက်တခုခု ရှိနေလို့ပဲ။ သူတို့စကားကိုနားထောင်ပေးမယ့် စာနာနားလည်မှုပေးနိုင်မယ့်၊ ဖြေသိမ့်စရာပေးနိုင်မယ့် သူတို့လို ဘဝတူ၊ ခံစားချက်တူသူ အခြားအမျိုးသမီးတွေနဲ့ သူတို့ ခံစားနေရတာတွေကို ရင်ဖွင့်မယ်၊ သူတို့အိမ်ထောင်ဘက်ရဲ့ အဆိုးတွေကိုပြောပြမယ်၊ သူတို့ ဖြစ်စေချင်တာကို တောင့်တောင့်တတပြောပြမယ် စသည်ဖြင့်ပေါ့ကွာ၊ အဲ့သလို ပြောလိုက်လို့ ရင်ဖွင့်လိုက်ရလို့ဆို သူတို့စိတ်မှာပေါ့ပါးပြီး နေလို့ထိုင်လို့ကောင်းသွားတယ်၊ ဒါကို တချို့ကတော့ မိန်းမတွေဟာ လင်မကောင်းကြောင်း၊ သူတို့ကောင်းကြောင်းတွေ၊ သူများမကောင်းကြောင်း ကိုယ်ကောင်းကြောင်း၊ အတင်းအဖျင်းတွေပြော၊ အတင်းအဖျင်းတွေနားထောင်နဲ့ အတော်စပ်စုတဲ့ဟာတွေလို့ ပြောတတ်ကြတယ်၊ ဒါ မမှန်ဘူးလို့ ငါထင်တယ်၊ ယောက်ျားတွေလည်း ဒါမျိုးပြောတာပါပဲ။ ဒါကို လူ့သဘာဝလို့ပြောရမှာပဲ၊ ဘာလို့လဲဆိုတော့ လူဟာ စကားပြောတတ်တဲ့သတ္တဝါဖြစ်နေတာအပြင် ပတ်ဝန်းကျင်နဲ့လည်း တနည်းမဟုတ်တနည်းနဲ့ ပတ်သက်ဆက်ဆံနေရတာမဟုတ်လား၊ အဲ့ဒီတော့ ကိုယ်ထိတွေ့ဆက်ဆံနေရတဲ့ဝန်းကျင်က လူတွေအကြောင်းကို အဲ့ဒီဝန်းကျင်မှာပြောလို့မဖြစ်ဘူးလေ၊ ပြောရင် ပြဿနာများမှာကိုး၊ ဒီတော့ တခြားဝန်းကျင်မှာ သွားပြောကြတာမျိုးပဲ၊ မိန်းမတွေလည်း ဒီအတိုင်းပဲ သူတို့လင်သားအပေါ် မကျေနပ်ချက်တွေ စိတ်အခန့်မသင့်တာတွေ ဆန့်ကျင်ဘက်ဖြစ်နေတာတွေ တွေ့တိုင်းဖြစ်တိုင်းသာ လင်သားနဲ့ပြောနေရရင် အချိန်ပြည့် ပြဿနာတွေပေါ်ရုံမက လူချင်းပါ ထထသတ်နေရမှာကိုး၊ ဒီတော့ ကိုယ်နဲ့တူရာ အဝန်းအဝိုင်းလေးတခုဖန်တီးပြီး ကိုယ့်ခံစားချက် သူ့ခံစားချက်တွေ ပြောရင်းနားထောင်ရင်း၊ အချင်းချင်း အပြန်အလှန် စာနာနားလည်မှု ကရုဏာသက်မှုတွေ ရယူရင်း စိတ်လက်ပေါ့ပါး သက်သာမှုကိုရသွားကြတာပဲကွ၊ ဒီလို အတင်းတခါပြောပြီးတိုင်း အရင်ရှိနေတဲ့ စိတ်ဒုက္ခတွေ အထိုက်အလျှောက် ဖယ်ချခါချလိုက်တော့ စိတ်ဝန်ပေါ့သွားတာပေါ့၊ စိတ်မှာလည်း မကျေနပ်မှုတွေ လျော့သွားတော့ နောက်တွေ့လာမယ့် ဒုက္ခသုက္ခတွေအတွက် ကွက်လပ်ဖြစ်ကျန်တာပေါ့၊ အဲ့ဒီတော့ နောက်တွေ့မယ့်ဒုက္ခတွေကို ထည့်လှောင်ထားစရာ ရှိတာပေါ့လေ၊ ကွက်လပ်မကျန်လို့ အတင်းထပ်ထပ် ဖြည့်သိပ်ထည့်ရင် မဆန့်မပြဲတွေ မနိုင်ရင်ကာတွေဖြစ်ပြီး ပေါက်ကွဲထွက်ကုန်မှာပေါ့လေ၊ အကောင်းထက် အဆိုးတွေ ပိုများလာမှာပေါ့၊ ဒါ့ကြောင့် အတင်းပြောတဲ့နည်းနဲ့ စိတ်ဒုက္ခတွေကိုဖေါက်ထုတ်လိုက် လျှော့ချလိုက်ရင်း ဒုက္ခအသစ်တွေကိုရင်ဖို့ စိတ်ခွန်အားတွေ တိုးလာတာပေါ့၊ ဒါ့ကြောင့် သူတို့ အတင်းပြောတာကို ကိုယ်က နားလည်ပေးရမယ်၊ တခုတော့ ရှိတာပေါ့ကွာ အတင်းပြောတာ လူ့သဘာဝပေမယ့် အလွန်အကျွံ အတင်းအဖျင်းပြောတာမျိုး၊ လူတယောက်နဲ့တယောက်ကြား ပြဿနာဖြစ်အောင် အစထောင်ပေးတာမျိုးတော့ မကောင်းဘူးပြောကွာ၊ အတင်းကို စိတ်ရောနှုတ်ပါ ထိန်းပြီးပြောတတ်ဖို့ပဲလိုတာကွ၊ အဲ့သလို ပြောတတ်ပြီဆို လောကဓံကိုရင်ဆိုင်ရာမှာ အခံရသက်သာတယ်ကွ၊ ဒါ့ကြောင့် အတင်းမှာလည်း ပြောတတ်ခြင်း အတတ်ပညာရှိတယ်ကွ။ ငါတော့ အတင်းကို အတတ်ပညာပါပါပြောမယ်ဆို ယောက်ျားပြောပြော မိန်းမပြောပြော အားပေးပါတယ်၊ မင်းလည်း ခံစားချက်တွေရှိရင် ပြောပြရမယ့်သူရှိရင် နားထောင် စာနာပေးမယ့်သူရှိရင် အတင်းပြောကွာ၊ တခုပဲ ကိုယ့်အိမ်ထောင်ဘက် ဇနီးသည်ကလွဲရင် တခြားမိန်းမတွေကိုတော့သွားမပြောနဲ့ ၊ ယောက်ျားချင်း အတင်းပြောကြပေါ့ကွာ"လို့ပြောပြီး သူ့စကားသူ သဘောကျသလိုမျိုး နှုတ်ခမ်းထောင့်လေးကွေးပြီး ပြုံးနေလေရဲ့။ သူ ဒီတခါ စကားအများဆုံးပြောတာပါ။

ကျနော်ကတော့ ဒါဟာ အတင်းပြောခြင်းအတတ်ပညာများလားလို့ တွေးမိတာပါပဲ။
မျိုးမြင့်ချို(စက်တင်ဘာ ၂၄၊ ၂ဝ၁၈)

0 comments:

Post a Comment