Tuesday, September 18, 2018

“ပြည်ချစ်ဝါဒအလံကို ကြံ့ကြံ့ခိုင်ခိုင်စွဲကိုင်ကြ”စာတမ်းမှ ကောက်နုတ်ချက်များ(ရဲဘော်စိုးသိမ်း)

0 comments
နိုင်ငံရေးမှူး ရဲဘော်စိုးသိမ်းရေးသားခဲ့တဲ့
“ပြည်ချစ်ဝါဒအလံကို ကြံ့ကြံ့ခိုင်ခိုင် စွဲကိုင်ကြ” စာတမ်းမှ
ကောက်နုတ်ချက်များ

(၁) ဗမာပြည်ကွန်မြူနစ်ပါတီကို ပြည်ချစ်ဝါဒနဲ့ ကွန်မြူနစ်ဝါဒကို သက်ဝင်ယုံကြည်သူများက ၁၉၃၉ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့မှာ ဖွဲ့စည်းတည်ဆောက်ခဲ့ကြပြီး၊ ပါတီရဲ့သမိုင်းစဉ်တလျှောက်လုံးမှာလည်း ပြည်ချစ်ဝါဒအလံနဲ့ ကွန်မြူနစ်ဝါဒအလံကို စွဲစွဲမြဲမြဲကိုင်စွဲခဲ့တယ်။ အထူးသဖြင့် နယ်ချဲ့စနစ် ဆန့်ကျင်ရေး၊ ပဒေသရာဇ်ဆန့်ကျင်ရေး၊ ဗျူရိုကရက် အရင်းရှင်စနစ်ဆန့်ကျင်ရေးဆိုတဲ့ ပြည်ချစ်ဝါဒလှုပ်ရှားမှု အတွင်းမှာ ရှေ့တန်းမှ မားမားမတ်မတ်ရပ်တည်ခဲ့ပါတယ်။

ကွန်မြူနစ်တွေဟာ လောကနိဗ္ဗာန်ကို တည်ဆောက်လိုသူများဖြစ်ပြီး လူ့လောကဟာ နောက်ဆုံး ကွန်မြူနစ်လောကကိုရောက်ရမယ်လို့ စွဲစွဲမြဲမြဲယုံကြည်သူများဖြစ်တယ်။ ကျွန်တော်တို့ပြောတဲ့ လောကနိဗ္ဗာန်ဆိုတာ လူလူချင်းသွေးစုပ်မှု၊ ဖိနှိပ်မှုကင်းတဲ့ ရဲဘော်သဖွယ်ဆက် ဆံကြတဲ့ ဓနဥစ္စာချမ်းသာကြွယ်ဝပြီး ခေတ်မီသာယာချမ်းမြေ့တဲ့ လူ့လောကတခုတည်ဆောက်ရေးကို ပြောတာပါ။ ရဲဘော်လီနင်ပြောခဲ့သလို လျှပ်စစ်ခေတ်+ ကွန်မြူနစ်အတွေးအခေါ် = ကွန်မြူနစ်ဝါဒကို ပြောတာပါ။ ဒါပေမဲ့ ဒီလောကနိဗ္ဗာန်တည်ဆောက်ရေးဆိုတာ မျိုးဆက်ပေါင်း များစွာ ရေရှည် ခြေလှမ်းမှန်မှန်ချီတက်ရမယ့် အရေးတော်ပုံကြီးပါ။ ဒါကြောင့် ပထမဆုံးလှမ်းရမယ့် ခြေလှမ်းကတော့ ပြည်သူ့ဒီမိုကရေစီ အိမ်ထောင်စုကြီးကို အရင်တည်ဆောက်ရေးပါ။ လက်တွေ့အရပြောရင် ပြည်သူ့ဒီမိုကရေစီကို တားဆီးပိတ်ဆို့နေတဲ့ စနစ်ဆိုး ၃ ခုကို ဖြေရှင်းရေးပါ။ ဒါဟာ ဒီနေ့ကာလရဲ့ ပြည်ချစ်ဝါဒပဲ။

ကျွန်တော်တို့ဟာ စနစ်ဆိုး ၃ ခုကို ဖယ်ရှားရာမှာလည်း ကာလအလိုက်မတူသလို အဓိကအကျဆုံး အတားအဆီးကို ဇောင်းပေးရမယ်။ ကျွန်တော်တို့ပါတီဟာ ဇောင်းပေးတိုက်လည်း တိုက်ခဲ့တယ်။ သမိုင်းစဉ်ကို ပြန်ကြည့်ရင် ၁၉၃၉ မှ ၁၉၄၁ ခုနှစ်အထိ အင်္ဂလိပ်နယ်ချဲ့ မောင်းထုတ်ရေးကို ဇောင်းပေးခဲ့ပြီး ၁၉၄၁ မှ ၁၉၄၅ ခုနှစ်အထိ ဆိုရင် ဂျပန်ဖက်ဆစ်တိုက်ထုတ်ရေးအတွက် ဇောင်းပေးခဲ့တယ်။ တဖန် ၁၉၄၅ မှ ၁၉၄၈ ခုနှစ်အထိ အင်္ဂလိပ်နယ်ချဲ့မောင်းထုတ်ရေးကို ဇောင်းပေးခဲ့ပြီး ပဒေသရာဇ်ဆန့်ကျင်ရေးကိုလည်း တွဲဖက် ဆောင်ရွက်ခဲ့ တယ်။ ဒိနောက် ၁၉၄၈ ခုနှစ်မှ ဒီနေ့အထိ ဗျူရိုကရက်အရင်းရှင်စနစ်ကို ဇောင်းပေးတိုက်ခဲ့ပြီး တပါတည်း ပဒေသရာဇ်စနစ်ကို အထိနာ အောင်လည်း ထိုးနှက်ခဲ့တယ်။ (ဗမာပြည်ရဲ့ တချို့ဒေသတွေမှာ မြေယာတော်လှန်ရေးလုပ်ခဲ့ပြီး တချို့ဒေသတွေမှာ ကျေးကျွန်စနစ် အမြစ်ဖြုတ်ရေး လုပ်ခဲ့တယ်။ ဥပမာ-ဝဒေသ)။ ဒါ့အပြင် ကိုလိုနီဝါဒသစ် ဖွင့်ချရေးကိုလည်း မျက်ခြည်မပြတ်လုပ်ခဲ့ပါတယ်။ ချုံ့ပြောရရင်တော့ ဗမာပြည်ကွန်မြူနစ်ပါတီဟာ ပြည်ချစ်ဝါဒအလံကို ရှေ့တန်းမှ ရပ်တည်ကိုင်စွဲခဲ့သူပါ။ နောင်လည်း မျိုးဆက်ပေါင်းများစွာ ဒီအလံကို ရှေ့တန်းတင်ပြီး ချီတက်ကြရဦးမှာပါ။
ဆက်လက်ဖော်ပြသွားပါမယ်။

(၂) ပြည်ချစ်ဝါဒဆိုတာ ဘာလဲ။ ပြည်ချစ်ဝါဒကို အကောင်အထည်မဲ့ ပြောလို့မဖြစ်။ လက်တွေ့စံချိန် ရှိရမယ်။ ဗမာပြည်တော်လှန်ရေး အတွေ့အကြုံအရပြောရရင် စံချိန် ၂ ရပ်ထားခဲ့တယ်။ ပထမစံကတော့ ပြည်ချစ်ဝါဒဆိုတာ ပြည်သူလူထုကြီးကို ချစ်ရမယ်။ သစ္စာရှိရမယ်။ (ပြည်သူကိုချစ်ရင် ဖောက်ပြန်ရေးသမားတွေကိုပါ လုံးထွေးချစ်လို့ မဖြစ်။) ပြည်သူ့အကျိုး ပြည်သူ့ဆန္ဒကို အပြည့်အဝအလုပ်အကျွေး ပြုရမယ်။

ဒုတိယစံကတော့ ဗမာပြည်ဟာ လူမျိုးပေါင်းစုံနိုင်ငံဆိုတော့ လူမျိုးစုံသွေးစည်းရေးဝါဒ ရှိရမယ်။ ဗမာပြည်ရဲ့ ပြည်ချစ်ဝါဒသမိုင်းကို ပြန်ကြည့်ရင် ဂျီစီဘီအေ(GCBA) ခေတ်မှ ဒီနေ့ကာလအထိ “ဗမာတမျိုးသားလုံး”ဆိုတဲ့ဝေါဟာရဟာ ရှမ်း၊ ကချင်၊ ကရင်၊ ဗမာ၊ ရခိုင်၊ မွန်၊ ချင်း၊ ကယားစတဲ့ လူမျိုးပေါင်းစုံကို ခေါ်ဝေါ်ကြတာပါ။ ဒါကြောင့်လည်း သခင်သန်းထွန်းက ၁၉၅ဝ ခုက စတင်ပြီး “လူမျိုးပေါင်းစုံ သွေးစည်းရေးဝါဒ”ဆိုတဲ့ဝေါဟာရကို နိုင်ငံရေးနယ်ပယ်မှာ ပေါ်လွင်အောင်လုပ်ခဲ့တယ်။ ပြည်ချစ်ဝါဒနဲ့လည်း တွဲပြီးသုံးခဲ့တယ်။ ဒါဟာ ပြည်ချစ်ဝါဒကို လူမျိုးရေးဝါဒနဲ့ ခွဲခွဲခြားခြားဖြစ်အောင် စံတခုလုပ်ခဲ့တာလည်းဖြစ်တယ်။


----- ချုံ့ပြောရရင်တော့ ပြည်ချစ်ဝါဒဆိုတာဟာ စံ ၂ ခုနဲ့ ပြည့်စုံရမယ်။
(က) ပြည်သူလူထုကို ချစ်ရမယ်
(ခ) လူမျိုးပေါင်းစုံ သွေးစည်းရေးဝါဒ ရှိရမယ်။ ဒါဟာ ဗမာပြည်အလုပ်သမားလူတန်းစားတွေ သက်ဝင် ယုံကြည်တဲ့ ပြည်ချစ်ဝါဒပါပဲ။

(၃) လူမျိုးရေးဝါဒကို ဆန့်ကျင်ရမယ်
လူမျိုးရေးဝါဒကို ဆန့်ကျင်ရမယ်။ လူမျိုးရေးဝါဒဟာ အနှစ်သာရအရပင် ပြည်ချစ်ဝါဒနဲ့ ခြားနားပါတယ်။ လူမျိုးရေးဝါဒဟာ လူမျိုးခြားမုန်းတီးရေးဝါဒဖြစ်ပြီး သဏ္ဌာန် ၂ မျိုးနဲ့ ဖော်ပြလေ့ရှိတယ်။

ပထမတမျိုးက လူမျိုးကြီး ရှော်ဗင်ဝါဒအရဖော်ပြပြီး ဒုတိယတမျိုးက ကျဉ်းမြောင်းတဲ့ ဒေသန္တရလူမျိုးငယ်ဝါဒနဲ့ ဖော်ပြလေ့ရှိတယ်။ ဒီ ၂ မျိုး လုံးဟာ ဖောက်ပြန်ပြီး ပြည်သူတွေရဲ့သွေးစည်းမှုကို ပျက်ပြားစေပြီး တိုးတက်ရေးလှုပ်ရှားမှုများကို အန္တရာယ်ပေးလေ့ရှိတယ်။ ဒါကြောင့် လူမျိုးရေးဝါဒဖော်ပြချက်မှန်သမျှကို ဆန့်ကျင်ကြရမယ်။

ဓနရှင်လူတန်းစားရဲ့ ဖောက်ပြန်တဲ့အမျိုးသားရေးဝါဒရဲ့ ၂ ဘက်လက္ခဏာကိုလည်း အမြဲသတိပြုရမယ်၊ ဓနရှင်လူတန်းစားရဲ့ အမျိုးသားရေး ဝါဒဟာ တိုးတက်တဲ့လှုပ်ရှားမှုနဲ့ပေါင်းစပ်တဲ့အခါမှာ ပြည်ချစ်ဝါဒဘက်ကို တိမ်းညွှတ်လေ့ရှိပြီး ဖောက်ပြန်တဲ့လှုပ်ရှားမှု ဖောက်ပြန်တဲ့ အမြင်များနဲ့ ပေါင်းစပ်သွားတဲ့အခါမှာလည်း လူမျိုးရေးဝါဒနဲ့ ဂိုဏ်းဂဏဝါဒသို့ ဖြစ်ပေါ်လေ့ရှိတယ်။ ဒါကြောင့်ဖောက်ပြန်တဲ့ ဘက်မသွားအောင် မပြတ်ဂရုပြုကျော်နင်းရမယ်။ ပိုမိုဂရုပြုသင့်တာကတော့ နယ်ချဲ့သမားများနဲ့ ဖောက်ပြန်ရေးသမားများက “အမျိုးသားရေး”လှုံ့ဆော်ပြီး လမ်းမှားကို ခေါ်ဆောင်သွားလေ့ရှိတာကို ဂရုပြုရမယ်။ ဗမာပြည်တော်လှန်ရေးသမိုင်းကို ကြည့်ရင် အင်္ဂလိပ်နယ်ချဲ့သမားဟာ တော်လှန်ရေး လှုပ်ရှားမှုမြင့်တက်လာတိုင်း ကုလား-ဗမာ အဓိကရုဏ်းကို ဖန်တီးလေ့ရှိတာတွေ့ရတယ်။

ဒီလိုပဲ စစ်အုပ်စုဟာ ဗမာလူမျိုးကြီးဝါဒကိုလှုံ့ဆော်ပြီး တပ်မတော်ကို “အမျိုးသားရေးစိတ်”မြှင့်တင်တာ နေ့စဉ်လုပ်နေတယ်။ စစ်အုပ်စုရဲ့ စစ်ချီသီချင်းတွေဟာ ပြည်ချစ်စိတ်ကို နည်းနည်းမှ မပေးဘဲ လူမျိုးရေးစိတ် “ဗမာဝါဒ”ကို လှုံ့ဆော်နေတာ ခံစားမိကြပါလိမ့်မယ်။ စစ်အုပ်စုဟာ နဝတ နအဖ လက်မှာ ပိုပြီးဆိုးဝါးတဲ့ လူမျိုးရေးဝါဒကို ကျင့်သုံးလာတယ်။ ရှစ်လေးလုံး အရေးအခင်းကာလပြီး အာဏာရလာလာချင်း နဝတ ဟာ တောင်ကြီးမြို့နဲ့ ပြည်ဘက်မှာ ကုလား-ဗမာအဓိကရုဏ်း ဖန်တီးခဲ့သေးတယ်။ (တိုးတက်တဲ့လူထုများက ဖယ်ရှားလိုက်နိုင်လို့ အချိန် မကြာဘဲ ပြီးဆုံးသွားတာတွေ့ရတယ်) ဒါကြောင့် ကျွန်တော်တို့ဟာ လူမျိုးရေးဝါဒမှန်သမျှကို ဆန့်ကျင်ကျော်နင်းကြရမယ်။ တချိန်တည်းမှာပဲ ပြည်ချစ်ဝါဒရဲ့ စံချိန် ၂ ရပ်ကို ကြံ့ကြံ့ခိုင်ခိုင် ရပ်တည်ကြရမယ်။

(၄)တပ်မတော်ကို မထိနဲ့- ဆိုတာ ဘာအဓိပ္ပာယ်လဲ
ပြည်ထောင်စု မပြိုကွဲရေးလော၊ စစ်အုပ်စု မပြိုကွဲရေးလော။ နိုင်ငံရေးစနစ်အရပြောရင် ကမ္ဘာပေါ်မှာ နိုင်ငံတော်ဟာ ၂ မျိုး ၂ စားပဲ ရှိ တယ်။ ဒါကတော့ အရင်းရှင်အာဏာရှင်စနစ်နိုင်ငံတော်နဲ့ ပြည်သူ့ဒီမိုကရေစီစနစ်နိုင်ငံတော်ဆိုပြီး ခွဲလို့ရပါတယ်။ လက်ရှိကာလအရ ထောက်ခံရ မလား၊ ဆန့်ကျင်ရမလား ဝိဝါဒဖြစ်တဲ့အခါမှာလည်း ပြည်ချစ်ဝါဒစံချိန်နဲ့ပဲ ခွဲခြားရပါမယ်။ ဒါကြောင့် ကမ္ဘာပေါ်မှာ နိုင်ငံ ၂ မျိုး ရှိပါတယ်။ တမျိုးက ပြည်သူ့အကျိုးပြုတဲ့နိုင်ငံတော်နဲ့ နောက်တမျိုးကတော့ ပြည်သူတွေကို နှိပ်ကွပ်ပြီး လူနည်းစု (အစုတစု)ကိုသာ အကျိုးပြုတဲ့ နိုင်ငံတော်ဆိုပြီး ၂ မျိုးခွဲလို့ရပါတယ်။ ဒါကြောင့် ပြည်သူ့အကျိုး ပြည်သူ့ဆန္ဒကိုအကျိုးပြုတဲ့နိုင်ငံတော်တွေ(ဥပမာ-ဆိုရှယ်လစ် နိုင်ငံ၊ တစုံတရာ တိုးတက်တဲ့အမျိုးသားအရင်းရှင်တွေ အာဏာရနေတဲ့နိုင်ငံတွေ)ကို ကာကွယ်ရမယ်။ အလုပ်အကျွေးပြုရမယ်။ တချိန်တည်းမှာ လူနည်းစု (အုပ်စုတစု)ကိုသာအကျိုးပြုတဲ့ ပြည်သူတွေကိုနှိပ်ကွပ်နေတဲ့ နိုင်ငံတော်တွေကိုတော့ ဇွဲသတ္တိနဲ့ ချိုးဖျက်ပစ်ရမယ်။

ကမ္ဘာပေါ်ရှိ နိုင်ငံတော်အာဏာကိုင်ထားသူတိုင်းဟာ (တိုးတက်သူရော-ဖောက်ပြန်တဲ့သူပါ) “နိုင်ငံတော်ကာကွယ်ရေး” “အဖနိုင်ငံကို ချစ်မြတ်နိုးရေး” “ပြည်ထောင်စု မပြိုကွဲရေး”ကြွေးကြော်လေ့ရှိကြတာပါပဲ။ သမိုင်းကို ပြန်ကြည့်ရင် နာဇီဝါဒီဟစ်တလာဟာလည်း “ဂျာမန် နိုင်ငံတော် ချစ်မြတ်နိုးရေး” “ဂျာမန်အမျိုးသားများ ကမ္ဘာပေါ်မှာ ထိပ်တန်းရောက်ရေး”အကြီးအကျယ်ဝါဒဖြန့်ပြီး နယ်ချဲ့စစ်ကို လုပ်ခဲ့တယ် မဟုတ်ပါလား။ နာဇီဝါဒ(အမျိုးသားရေး ဆိုရှယ်လစ်ဝါဒ)လက်မခံသူများကို မျိုးဖြုတ်ခဲ့တယ် မဟုတ်လား။
ဒီလိုပါပဲ ဂျပန်ဖက်ဆစ်ဝါဒီတွေဟာလည်း “အဖနိုင်ငံတော်အတွက်”(ဂျပန်ဘုရင်မင်းမြတ်အတွက်)လှုံ့ဆော်ပြီး လက်တွေ့ကတော့ နယ်ချဲ့ကျူး ကျော်ရေးကိုလုပ်ခဲ့ကြတယ် မဟုတ်လား။ ဒီကာလက ဂျာမန်ပြည်ချစ်ဝါဒီတွေနဲ့ ဂျပန်ပြည်ချစ်ဝါဒီတွေ (ကွန်မြူနစ်တွေ အပါအဝင်)ဟာ နယ်ချဲ့ဆန့်ကျင်ရေး(နာဇီဝါဒ ကျဆုံးရေး၊ ဖက်ဆစ်ဝါဒ ကျဆုံးရေး)တွေ ရဲရဲရင့်ရင့် လုပ်ခဲ့ကြတယ်။ ဒါဟာ ကမ္ဘာ့သမိုင်း မှတ်တမ်းပါ။

ဒီကနေ့ ကျွန်တော်တို့တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ “ပြည်ထောင်စုမပြိုကွဲရေး”ကို ဘယ်လိုသဘောထားကြမလဲ။ ကျွန်တော်တို့တာဝန်ကတော့ ပြည်သူ့အကျိုး၊ ပြည်သူ့ဆန္ဒကို အမြင့်ဆုံးမူ(အမြင့်ဆုံးစံ)အဖြစ်ထားပြီး သဘောထားချမှတ်သင့်ပါတယ်။ ဒါကြောင့် ဖောက်ပြန်တဲ့ “ပြည်ထောင်စု” မှန်သမျှကိုဖြိုခွဲပြီး တိုးတက်တဲ့ “ပြည်ထောင်စုသစ်”ကို တည်ဆောက်သွားရေးပါပဲ။ ဖောက်ပြန်ရေးကို တိုက်ဖျက်၊ တိုး တက်ရေးကိုတည်ဆောက်ဆိုတာဟာ ပြည်ချစ်ဝါဒရဲ့မဟာအရေးတော်ပုံပဲ။


ဗမာ့အရေးကို ပြန်တွေးရင် ၁၉၆၂ ခု စစ်အုပ်စုအာဏာသိမ်းပွဲလုပ်တုန်းက ကြွေးကြော်သံဟာ “ပြည်ထောင်စု မပြိုကွဲရေး”လို့ ဟစ်အော် လိမ်ညာခဲ့တယ် မဟုတ်ပါလား။ ဒီနောက် “အမျိုးသားဆိုရှယ်လစ်ဝါဒ” (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်-မဆလ)ကို ရှေ့တန်းတင်ပြီး လိမ်ညာ လှည့်ဖျားမှုနဲ့ ရက်စက်ကြမ်းကြုတ်မှု ၂ ဖက်သွား လက်သုံးနည်းနဲ့ စစ်အုပ်စုအာဏာကို ထိန်းသိမ်းခဲ့ကြတာပဲ မဟုတ်လား။ စစ်အုပ်စုဟာ ပြည်သူတွေကို အမျိုးသားရေးဝါဒနဲ့လိမ်လည်ခဲ့သလို တပ်မတော်ကိုလည်း ဒါနဲ့ပဲ လိမ်လည်လှည့်ဖျား ချုပ်ကိုင်ခဲ့တယ်။ သူတို့ဟာ ဗမာ့တပ်မတော်ကိုလိမ်ညာခဲ့ရုံမက လက်ကိုင်တုတ်လုပ်ပြီး လူမျိုးစုံပြည်သူတွေကို ရက်ရက်စက်စက်နှိပ်ကွပ်ခဲ့တယ်။ (တပ်မတော်ကို လူသတ် အာဏာပါးကွက်သားအဖြစ် ယုတ်ညံ့တဲ့အမှုထမ်းတွေဖြစ်အောင် လုပ်ခဲ့ကြတယ်) ဒီနေ့ နဝတ ဗိုလ်ချုပ်အားလုံးဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှ ဗိုလ်ချုပ်ကြီးခင်ညွန့်အထိ တဦးတလေမျှ ဂျပန်တော်လှန်ရေး မပါဝင်ဘူးကြပါ။ အင်္ဂလိပ်မောင်းထုတ်ရေးလည်း မပါဝင်ဘူးကြပါ။ ဒါပေမဲ့ သူတို့အားလုံးဟာ သူတို့ကိုယ်သူတို့ ပြည်ချစ်ဝါဒီသူရဲကောင်းကြီးတွေအဖြစ် ဟိတ်ဟန်ထုတ်လေ့ရှိပါတယ်။ ဒီနေ့ အာဏာရ စစ်အုပ်စု အကြောင်း တစေ့တစောင်းသုံးသပ်ရင် သူတို့ဟာ ပြည်တွင်းစစ်အတွင်း ပြည်သူတွေရဲ့လည်ချောင်းသွေးကို ခြေဆေးပြီး ဗိုလ်ချုပ်ကြီးတွေ ဖြစ်လာကြတာပါ။ နှစ်ပေါင်း ၄ဝ ကျော် ပြည်တွင်းစစ်အတွင်းမှာ ဗိုလ်ချုပ်နေဝင်း စစ်အာဏာကိုင်တဲ့ကာလမှစပြီး စစ်အုပ်စုလုပ်ခဲ့သမျှကို စစ်တမ်းထုတ်ကြည့်ကြပါစို့။ မြို့ပေါ် လူထုအုံကြွမှုကို အကြိမ်ပေါင်းများစွာ ရက်ရက်စက်စက် နှိပ်ကွပ်ခဲ့တယ်။ ဗမာ့နိုင်ငံရေးသမိုင်းမှာ အထင်ကရဖြစ်တဲ့ ကျောင်းသားသမဂ္ဂအဆောက်အအုံကြီးကို ဖောက်ခွဲဖြိုဖျက်ခဲ့တယ်။ ကျောင်းသား ပြည်သူ ရာထောင်ချီ ဖမ်းဆီးထောင်ချ ခဲ့တယ်။ ဒါဟာ ပြည်ချစ်ဝါဒလား။ ဒါတွေဟာ မြို့တွေပေါ်က ကျော်ကြားတဲ့ ဖြစ်ရပ်ဆိုးတွေပါ။ ကျေးလက်တောရွာတွေမှာ ပိုပြီးဆိုးဆိုးဝါးဝါး ဒုက္ခခံကြရတယ်။ ရွာတွေမီးရှို့တာဟာ စစ်အုပ်စုရဲ့ လုပ်နေကျစစ်တိုက်နည်းပါ။ တော်လှန်ရေးတပ်တွေ ခိုအောင်းတဲ့ရွာတွေမှာ လု-သတ်-ရှို့ သုံးလွန်းတင်စနစ်ဟာ စစ်အုပ်စုရဲ့ စစ်ပရိယာယ်တရပ်ပါ။ ဖြတ် ၄ ဖြတ်ပေါ်လစီ ဆိုတာဟာလည်း စစ်အုပ်စု ပြောင်ပြောနေတဲ့ စစ်ပရိယာယ် လက်သုံးနည်းပါ။ ရွာတွေကို ပြောင်းရွှေ့၊ စစ်မြေပြင်မှာ ပေါ်တာဆွဲ စစ်တပ်လုပ်ငန်းတွေအတွက်ပေါ်တာဆွဲ (လုပ်အားဆင့်)တာဟာ သူတို့ လုပ်နေကြ စစ်ရေးအခင်းအကျင်းတခုပါ။ ဒီလို ဒုစရိုက်တွေလုပ်တာဟာ ပြည်ချစ်ဝါဒလား။ တကယ်ကတော့ မျိုးဖျက်တွေရဲ့လုပ်ရပ်ပါ။ ဒါကို မရှက်မကြောက် ပြည်ချစ်ဝါဒ အယောင် ဆောင်တာဟာ ကမ္ဘာသိပါ။

“တပ်မတော်ကို အသက်ပေးကာကွယ်ရမယ်”တပ်မတော်ကို မထိနဲ့”ဆိုတာ ဘာအဓိပ္ပာယ်လဲ။ ကျွန်တော်တို့ လေးနက်တဲ့သုံးသပ်မှု လုပ်သင့် ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ စစ်တပ်အားလုံးဟာ နိုင်ငံတော်တခုခုကိုအလုပ်အကျွေးပြုတဲ့ ကိရိယာမျှသာဖြစ်တယ်။ ရှင်းရှင်းပြောရရင် နိုင်ငံရေးအုပ်စုတခုခုရဲ့ စစ်တပ်သာ ဖြစ်တယ်။ စစ်တပ်ဆိုတာ တိုးတက်တဲ့အုပ်စုတခုကကိုင်ထားရင် တိုးတက်တဲ့လုပ်ရပ်တွေ လုပ်ကြရတာပဲ။ ဖောက်ပြန်တဲ့အုပ်စုတစုကကိုင်ထားရင် ဖောက်ပြန်တဲ့လုပ်ရပ်တွေ လုပ်ကြရတာပါပဲ။ စစ်တပ်ဆိုတာ နိုင်ငံတော်ရဲ့ ထောက်တိုင်ဖြစ်တယ်။ ကိရိယာလည်းဖြစ်တယ်။ စစ်တပ်ရဲ့လက္ခဏာကို သူကိုင်ထားတဲ့ သူ့ကိုကိုင်ထားတဲ့ နိုင်ငံရေးအုပ်စုရဲ့လက္ခဏာက ဆုံးဖြတ်တယ်။ ခြုံပြောရရင်တော့ ပြည်ချစ်ဝါဒစံချိန် ၂ ရပ်နဲ့ စံထိုးအကဲဖြတ်သုံးသပ်ရမယ်။ “ပြည်ထောင်စု မပြိုကွဲရေး”နဲ့ “တပ်မတော်ကို ကာကွယ်ရေး” ဆိုတဲ့ ကိစ္စကိုလည်း ပြည်သူ့အကျိုး၊ လူမျိုးစုံသွေးစည်းရေးဆိုတဲ့စံတွေနဲ့ သုံးသပ်အကဲဖြတ်-သဘောထား ချမှတ်ရမယ်။

(၅) မျက်ကန်းမျိုးချစ်ဝါဒ
မျက်ကန်းမျိုးချစ်နဲ့ ပြည်ချစ်ဝါဒ။
မျက်ကန်းမျိုးချစ်ဆိုတာ ဘာလဲ။ “မိမိလူမျိုးအတွက်” “မိမိတိုင်းပြည်အတွက်” ဘာမဆို လုပ်မယ်။ မှားမှားမှန်မှန်လုပ်မယ်ဆိုတဲ့ဝါဒပဲ။ ဗမာပြည်မှာ ပေါ်ပေါက်ခဲ့ဖူးပါသလား။ ပေါ်ပေါက်ခဲ့ဖူးပါတယ်။ ဒါ့အပြင် ၁၉၄ဝ ခုနှစ်များဝန်းကျင်မှာ အတော်ခေတ်ထခဲ့ဖူးပါတယ်။ အဲဒီ  အချိန်တုန်းက အင်္ဂလိပ်နယ်ချဲ့မောင်းထုတ်ဖို့ဆိုရင် “ဘယ်သူနဲ့ပေါင်းရပေါင်းရ” “ဘာမဆို လုပ်ရလုပ်ရ” ချကြမယ်ဆိုတာ ဗမာပြည်က လူငယ်ထုကြီးထဲမှာလွှမ်းမိုးခဲ့တဲ့ အတွေးအခေါ်တရပ်ပါပဲ။ ဒါကြောင့်မို့လည်း ဂျပန်ဖက်ဆစ်တွေ “အာရှသာတူညီမျှရေးဝါဒ” လိမ်ညာတဲ့အခါ အလွယ်တကူပဲ ဂျပန်ဖက်ဆစ်တွေနဲ့ပေါင်းခဲ့ကြတယ်မဟုတ်ပါလား။ ဒါဟာ တကယ့်မျိုးချစ်စိတ်နဲ့ လမ်းမှားကိုလိုက်ခဲ့ကြတဲ့ သာဓကတခုပါ။ ဒီအမှားကြောင့် ဖက်ဆစ်ဝါဒ ဒုက္ခပေးမှုကို ဗမာတပြည်လုံး လှလှကြီးခံခဲ့ရတယ် မဟုတ်လား။ အခြားတဖက်မှာ အကျိုးအမြတ် ရရှိခဲ့တာ ကတော့ အခြားအပိုင်းတပိုင်း ဖြစ်ပါတယ်။

ကောက်နုတ်တင်ပြမှု ပြီးဆုံး။
၁၉၉၇ သြဂုတ်လ ၁၅ ရက်၊ ပါတီမွေးနေ့ကို အထိမ်းအမှတ်ပြု ရည်စူးရေးသားခဲ့တဲ့ ရဲဘော်စိုးသိမ်းရဲ့ “ပြည်ချစ်ဝါဒအလံကို ကြံ့ကြံ့ခိုင်ခိုင် စွဲကိုင်ကြ”စာတမ်းမှ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါတယ်။
ရဲဘော်စိုးသိမ်းဟာ
ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ဗဟိုကော်မတီဝင်တဦးဖြစ်ပြီး၊ တပ်မ(၄၈)ရဲ့ နိုင်ငံရေးမှူး၊ အရှေ့မြောက်စစ်ဒေသရဲ့နိုင်ငံရေးမှူး.. စတဲ့တာဝန်များကို ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

0 comments:

Post a Comment