Sunday, September 9, 2018

စင်ထွက်လာတဲ့ဂျင်ပဲ့များ(မျိုးမြင့်ချို)

0 comments
အချင်းချင်း နယ်လုကြ ဗိုလ်လုကြ စောင်မန်ခုတ်ကြ စားခွက်လုကြရင်း ကန်ထုတ်ခံရလို့ စဉ်ထွက်ပဲ့ထွက်လာတဲ့ စစ်ဗိုလ်ဟောင်းတချို့စုပြီး အမျိုးသားရေးပါတီအမည်နဲ့ ပါတီထောင်ပြီး နိုင်ငံရေးထဲဝင်မလို့ဆိုတာ လူသိရှင်ကြား ဖြစ်ပါတယ်။

ကျနော်တို့ကသာ ဒီငနဲတွေ လူထုမထောက်ခံနိုင်မှန်း လူထုက သူတို့ကို မစင်ထက်ရွံနေကြောင်း ပြောနေသိနေပေမယ့် သူတို့စိတ်ထဲမှာတော့ လူထုထောက်ခံမှု စာနာမှုရနိုင်တယ်လို့ တွက်ချက်မှုလည်းပါနိုင်ပါတယ်။ ပါတီထောင်ရတာမှာ နိုင်ငံရေးတကယ်လုပ်ချင်လို့ဆိုတာအပြင် တခြား ကျနော်တို့မသိနိုင်တဲ့ လျှို့ဝှက်မှုတွေလည်းရှိနိုင်ပါတယ်။ တနေရာရာက မီးစိမ်းမပြဘဲ လက်ထဲသေနတ်ကိုင်ထားသူရဲ့ သဘောတူမှုမပါဘဲ ဒီလူတွေ ပါတီထောင်ဝံ့ပါမလားကလည်း တွေးစရာပါ။

စစ်တပ်ကထွက် ပါတီထောင်နိုင်ငံရေးလုပ်တာကို ဘာမှ လောလောဆယ် မပြောလိုသေးပေမယ့် ယူနီဖေါင်းဝတ်နဲ့ ဘယ်သူကမှမရွေးကောက်ပဲနဲ့ လွှတ်တော်အသီးသီးမှာ အစိုးရအဖွဲ့အဆင့်ဆင့်တွေမှာ ဝင်ချယ်လှယ်နေတဲ့ကောင်တွေထက်တော့ တော်ဦးမယ်ထင်ပါတယ်။

ပါတီထောင်ပြီး စစ်အာဏာရှင်စနစ်ကို တခြားနည်းတခုနဲ့ကာကွယ်မယ်၊ အထိအပါးလုံးလုံးမှ မခံဘူးဆိုတာမှာတော့ တူကြမှာပါ။ စစ်အုပ်စုဘုံအကျိုးပွားကိုဖျက်ရင် သူတို့လည်းပျက်မယ်ဆိုတာ ဒီလူတွေ ကောင်းကောင်းသိပါတယ်။

ခင်ညွန့်ကတော့ နိုင်ငံရေးမလုပ်တော့ပါဘူးဆိုပြီး၊ အကြောက်တရားနဲ့ သေနတ်ခါးကြားထိုးထားသူတွေထံ အာမဘန္တေခံထားရတာလည်းဖြစ် စစ်ဗိုလ်ဟောင်းချင်းအတူတူ စစ်အာဏာရှင်စနစ် ကိုယ်စားပြုသူချင်းအတူတူ၊ ကိုယ်ကျိုးရှာကြတာချင်း အတူတူ၊ တိုင်းပြည်ဖျက်တာချင်းအတူတူ၊ လူထုဘဝ လူလုံးမလှအောင် လုပ်ကြတာချင်းအတူတူ ဟိုလူတွေထက်ပိုပြီး လူတကာရဲ့ အော့နှလုံးနာ ရွံရှာစက်ဆုပ်ခြင်းခံရတဲ့လူပါ။ ငါတို့ပါတီမှာ သူမပါရင် ပိုကောင်းမယ်လို ဟိုလူတွေကထင်လို့ မပါရတာလည်း ဖြစ်နိုင်သလို၊ သူကိုယ်တိုင်က မပါဝံ့တော့လို့ အာမဘန္တေခံထားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဘယ်ဟာမှန်းတော့ ပုလင်းတူဗူးဆို့တွေသာ သိပါလိမ့်မယ်။

ရွှေမန်းကရော ဘယ်အချိန် ဘယ်လိုရပ်မလဲ စဉ်းစားစရာပါ။ ဟိုလူတွေကသာ လက်ခံမယ်ဆို ခြံခုန်တဲ့ကိစ္စက သူ့အဖို့တော့ အပမ်းသိတ်ကြီးမယ် မထင်ပါ။ ခက်နေတာက လွန်းမောင်က ငါ့နောက်ကျောက ဓားဒဏ်ရာဟာ ရွှေမန်းလက်ချက်လို့ဆိုပြီး စိတ်အနာသည်းနေတုန်းပါ။ ကိုယ့်နောက်ကျော ဓားနဲ့ထိုးသူကို ရင်ဘတ်ပါ ဖွင့်မပေးလောက်ဘူး ထင်ပါတယ်။ ရွှေမန်းဟာ သိတ်လည် သိတ်ကျောက်ကျစ် သိတ်ပါးနပ်တဲ့လူပါ။ ဘယ်သူကမှ မရွေးကောက်ပေမယ့်လည်း ဒေါ်စု တော်ကောက်လို့ စင်တော်ရောက်နေသူပါ။ ဒေါ်စုနှုတ်က ဖြောင့်ဖြောင့်ကြီးလို့ ထုတ်ပြောရုံတင်မက ခုထိလည်း ဥက္ကဌကြီးဆိုပြီး အခေါ်ခံနေရသူပါ။

တခုဘဲ တိုင်းပြည်အတွက် (ဖြစ်တာမဖြစ်တာ အပထား) ရင်လေးတာတခုက ဒီစစ်ဗိုလ်ဟောင်းတွေကိုလည်း ဖြောင့်ဖြောင့်ကြီးတွေပါဆိုပြီး ဒေါ်စုက ပါတီချင်းမဟာမိတ်ပြုတာ၊ နိုင်ငံရေးပလူးပလဲလုပ်တာတွေ လုပ်ခဲ့ရင်တော့ တိုင်းပြည်ဟာ ဖွပ်သထက်ညစ်ရဦးမှာပါ။ ပြောမရပါ။ မလုပ်ဘူးလို့ ဘယ်သူမှ အာမမခံနိုင်ပါ။

0 comments:

Post a Comment