Saturday, September 1, 2018

ဒေါင်းအိုးဝေ၊ မိတ်ဆွေရှာခြင်းနှင့် တောင်းပွဲတိုက်ပွဲများ (အပြင်လူရဲ့ဘားမားရုဒ်မ နံပတ်၈)

0 comments
ဒေါင်းအိုးဝေ၊ မိတ်ဆွေရှာခြင်းနှင့် တောင်းပွဲတိုက်ပွဲများ
“မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး”၏ အာဘော်ဖြစ်သည့် “ဒေါင်းအိုးဝေ”စာစောင်အတွက် တခုခုရေးပါဟု ပြောသည့်အခါ ကျနော် ဝမ်းသာအံ့သြမိ၏။ ကျောင်းသားတပ်မတော်စာစောင်တွင် ဝင်ရေးရမည့်အတွက် ဝမ်းမြောက်သည်မှာ အထူးပြောစရာ မရှိ။ အံ့သြရသည်က အကြောင်းရှိ၏။
ကျနော်က လက်နက်ကိုင်တော်လှန်ရေးကို ယုံကြည်သူမဟုတ်။ ကိုယ်တိုင်လည်း မလုပ်စဖူး။ သို့နှင့်တိုင် အဘယ်ကြောင့် ဝင်ရေးပါဟု ဖိတ်ခေါ်ရသနည်းဆိုပြီးအံ့သြမိခြင်း။ အကြောင်းရှိမည်ထင်၏။ ကျနော်က လက်နက်လက်ကိုင်တော်လှန်ရေးကို မယုံကြည်သော်လည်း ဘယ်တုန်းကမှမဆန့်ကျင်ခဲ့။ မဆန့်ကျင်ရုံမက လုပ်နေသူအချို့နှင့်လည်း အနေနီးခဲ့ဖူး၏။ အနေနီးသဖြင့် သူတို့ရင်ဘတ်ထဲ ဝင်ကြည့်ခွင့်ရခဲ့၏။ ဝင်ကြည့်ခွင့်ရသဖြင့်လည်း သူတို့နှလုံးသားနှင့်အတွေးအခေါ်ကို ဖတ်ခွင့်ကြုံခဲ့၏။ ဖတ်ခွင့်ကြုံသဖြင့်လည်း သူတို့ကိုနားလည်ခဲ့၏။
နားလည်သဖြင့်လည်း တူရာပန်းတိုင်ကို မတူသည့်လမ်းများမှ အတူလျှောက်သူများဖြစ်လာကြ၏။
ကျနော်က စစ်၏သားကောင်ဖြစ်ခဲ့သူပီပီ ငြိမ်းချမ်းရေးကိုချစ်၏။ စစ်ကိုမုန်း၏။ စစ်ကို လူတိုင်းမုန်းကြသည်ဟုတော့ ကျနော်မထင်။ စစ်ကို ချစ်သူများရှိ၏။ စစ်ကိုမက်သူများရှိ၏။ စစ်မက်ဖြင့် ထိုသူတို့စီးပွားရှာ၏။ သူတို့အစီးအပွားအတွက် စစ်မက်တို့ကိုဖန်တီးရ၏။ စစ်မက်သူတို့ကြောင့် စစ်မက်တို့ စဖြစ်ရ၏။
စစ်ပွဲများတွင် စစ်တိုက်နေကြသည့်စစ်သားတိုင်း စစ်လိုလားသူများ မဟုတ်ကြ။ ငြိမ်းချမ်းရေးအလိုချင်ဆုံးလူများတွင် “မတိုက်ချင်ပဲ တိုက်နေရသည့်စစ်ပွဲထဲက စစ်သားများ”ရှေ့ဆုံးကပါမည်ဟု ကျနော်က ယုံကြည်နေ၏။
တချို့က “ငြိမ်းချမ်းရေးလိုချင်လို့၊ ငြိမ်းချမ်းရေးအတွက်စစ်တိုက်နေရတာ” ဟုဆို၏။ ကျနော်က ထိုသို့မမြင်။ မငြိမ်းချမ်း၍သာ ငြိမ်းချမ်းရေး မရှိရွေ့သာ သူတို့ စစ်တိုက်နေရခြင်းဖြစ်၏။ ငြိမ်းချမ်းနေလျှင်၊ ငြိမ်းချမ်းရေးရှိနေလျှင် မည်သူက မည်သည့်အတွက် စစ်တိုက်နေရမည်နည်း။ တိုက်နေစရာ ဘာအကြောင်းမရှိ။ ဘယ်သူက ဘယ်သူ့ကို ဘာ့အတွက် သတ်နေရမည်နည်း။ သေနေရမည်နည်း။ ငြိမ်းချမ်းရေးလိုချင်လို့ စစ်တိုက်နေရခြင်းမဟုတ်၊ ငြိမ်းချမ်းရေးမရှိသဖြင့် စစ်တိုက်နေရသည်ဟု ကျနော်က နားလည်ထား၏။
ထိုအတိုင်းဆိုလျှင် မငြိမ်းချမ်းအောင် မည်သူတွေလုပ်နေသနည်း။ ရှင်းပါသည်။ စစ်မက်သူများကသာ လုပ်နိုင်ပါသည်။ သူတို့လက်တွင် အာဏာရောက်သည့်အခါ ချောင်းမြစ်သာမက တိုင်းပြည်ပါ ဖွပ်သထက်ညစ်ရ၏။ ထိုအခါ ငြိမ်းချမ်းရေးကြွေးကြော်သံသည် လှိုင်လှိုင်မည်လာ၏။ ဘဝဂ်ညံလာ၏။
ငြိမ်းချမ်းရေးလိုလားချက်ကို ဖေါ်ပြတောင်းဆို တိုက်ပွဲဝင်ရာတွင် နည်းနာတွေတော့မတူကြ။ မတူသည်မှာ သဘာဝကျ၏။ အတင်းတူရမည်ဟု လုပ်လို့မရ။ ပြောလို့မဖြစ်။ ဒါဆိုရင် မတူတာခွဲလုပ်၊ တူတာတွဲလုပ်ရအောင်ဆိုပြီးဖြစ်လာ၏။ ထို တွဲလုပ်ခွဲလုပ်သည် ပြောရလွယ်သလောက် ကြားရနားဝင်ချိုသလောက် တကယ့်နိုင်ငံရေးတွင် ခက်ပါသည်။ ငါ့နဲ့မတူငါ့ရန်သူဟု မည်သူမျှမပြောသော်လည်း ငါ့မိတ်ဆွေဖြစ်ရန်ကား အလှမ်းဝေးလွန်းသွားပြီဖြစ်၏။ အလှမ်းဝေးလွန်းသွားလျှင် အနေနီးအောင်လုပ်ဖို့ မလွယ်တော့။
ငြိမ်းချမ်းရေးကိစ္စကို အာဏာပြဿနာနှင့်ခွဲမြင်သူကမြင်၏။ တွဲမြင်သူကမြင်၏။ ကိစ္စမရှိ။ သူ့အမြင်နှင့်ကိုယ့်အမြင် မတူလို့ရသည်။ မတူခွင့်လည်း ရှိ၏။ ခွဲမြင်သူတွင် အာဏာနိုင်ငံရေးပြဿနာရော နိုင်ငံရေးအာဏာပြဿနာပါမရှိ။ သို့ဖြင့် သူ့တွင်အာဏာအတွက် ဖက်ပြိုင်ရမည့်သူမရှိ။ ပြိုင်ဘက်လည်း မလိုတော့။ ပြိုင်ဘက်ဆိုသည်က အာဏာပြဿနာကိုရှင်းကြသည့်အခါ ရန်ဘက်ဖြစ်ရသည်လည်းရှိ၏။ ပြိုင်ဘက်က ရန်ဘက်ဖြစ်သွားသည့်အခါ ရန်သူဖြစ်လာ၏။
ရန်သူဖြစ်လာလျှင် ရန်သူကိုပြိုင်တိုက်ဖို့ မိတ်ဆွေရှိဖို့လည်း လိုလာရ၏။ ရှာလည်းရှာရ၏။ မိတ်ဆွေရှာသလို ရှိသလို၊ မိတ်ဆွေမဟုတ် ရန်သူမဟုတ် ကြားလူလည်းရှိလာ၏။ ထို့ကြောင့် နိုင်ငံရေးတွင် ရန်သူ၊ မိတ်ဆွေ၊ ကြားလူဟူ၍ ရှိလာရခြင်းဖြစ်၏။
ခွဲမြင်သူအတွက် အာဏာမလို။ မလိုအပ်သဖြင့် ပြိုင်လုရမည့်ပြိုင်ဘက်မရှိ။ ပြိုင်ဘက်မရှိသဖြင့် ဖက်ပြိုင်စရာမရှိ။ မရှိတော့သဖြင့် ရန်သူမရှိ။ ဘယ်သူနှင့်မှ ရန်သူဖြစ်စရာမလိုတော့။ ရန်သူ မရှိတော့။ ရန်သူမရှိသဖြင့် ကြားလူဆိုသည်လည်းမရှိ။ မလိုတော့။ ထို့ကြောင့်သူ့တွင် ရန်သူမရှိ၊ ကြားလူမရှိ။ မိတ်ဆွေချည်းသာ ရှိတော့၏။ မိတ်ဆွေကို တိုက်စရာမလို။ မိတ်ဆွေထံ တောင်းရန်သာကျန်၏။ ညှိရန်သာရှိတော့၏။ မိတ်ဆွေဟု သတ်မှတ်သူက သူ့ကို မိတ်ဆွေဟုပြန်သတ်မှတ်သော် ကောင်း၏။ သူ့အလိုကိုလိုက်သော် ကောင်း၏။
အာဏာပြဿနာနှင့်ငြိမ်းချမ်းရေးကို တွဲမြင်သူကမူ ထိုသို့မမှတ်မယူ။ ပြောင်းပြန်ဖြစ်ရလိမ့်မည်။ ရန်သူ၊ မိတ်ဆွေနှင့်ကြားလူရှိရမည်။ မိတ်ဆွေနှင့်တွဲပြီးရန်သူကိုတိုက်ရင်း ကြားလူကိုမိတ်ဆွေဖြစ်အောင် လုပ်ရမည်။ သူ့ကိုလည်း ရန်သူအဖြစ်သတ်မှတ်ထားသူ၊ သူကလည်း ရန်သူအဖြစ်သတ်မှတ်ထားသူထံ မတောင်း၊ အနိုင်မတိုက်နိုင်သေးလျှင်တောင် အားတူလာလျှင် ညှိမည့်စကားဆိုရမည်။ တိုက်နေရင်းနှင့် ငြိမ်းချမ်းရေးတံခါးဖွင့်ထားမည်။ တံခါးဖွင့်ထားရင်း တိုက်နေလိမ့်မည်။
လက်နက်ကိုင်မှတိုက်သည်ဟု ကျနော်က ယုံကြည်သူမဟုတ်။ လက်နက်ကိုင်တော်လှန်ရေး Arm Struggle ရော Non Violence ဆိုသည့် အကြမ်းမဖက်အာဏာဖီဆန်ရေးရော ၂ ခုစလုံးမှာ တိုက်ပွဲဖြစ်သည်ဟု ကျနော်ကမှတ်ယူ၏။
ငြိမ်းချမ်းရေးပေးပါဟု တောင်းဆိုသူက တောင်းလိမ့်မည်။ တိုက်သူကလည်း တိုက်ရလိမ့်မည်။ တောင်တောင်း၊ တိုက်တိုက် ထိုကိစ္စသည် နိုင်ငံရေးကိစ္စဖြစ်၏။ နိုင်ငံရေးသဘောတွင် တောင်းပွဲရောတိုက်ပွဲပါ အကြုံးဝင်၏။
ယခု နိုင်ငံရေးစကားဆို၏။ ငြိမ်းချမ်းရေးနှင့် စစ်မက်ကိစ္စပြော၏။ စစ်ကိုမက်သူတို့အတွက် စစ်မက်သည် နှစ်သက်ဖွယ်ဖြစ်၏။ စစ်မက်သူက ငြိမ်းချမ်းရေးစကား ဘယ်တော့မှမပြော။ သူတို့နှုတ်မှထွက်သည့် ငြိမ်းချမ်းရေးဆိုသည့်စကားသည် အာဏာပြဿနာနှင့်ငြိမ်းချမ်းရေးကိုတွဲမြင်သူ ကျနော့်အတွက် ယုံကြည်လက်ခံဖို့မဖြစ်နိုင်။
ကျနော်တို့ကား ငြိမ်းချမ်းရေးကိုမက်၏။ စစ်မက်သူတို့အတွက်ကား ငြိမ်းချမ်းရေးသည် မက်စရာမဟုတ်။
ကျောင်းသားတပ်မတော်က ငြိမ်းချမ်းရေးမရှိသဖြင့် လက်နက်ကိုင်တိုက်ရ၏။ ကျနော်က လက်နက်မကိုင်ပဲတိုက်ရ၏။ တိုက်နေကြတာခြင်း တူ၏။ နည်းနာကွာ၏။ မတူသည့်နည်းဖြင့် တူသည့်ခရီးကို အတူသွားနေကြခြင်းဖြစ်၏။
ထို့ကြောင့် ကျနော့်တွင်ရော ကျောင်းသားတပ်မတော်တွင်ပါ ရန်သူရှိ၏။ မိတ်ဆွေရှိ၏။ ကြားလူရှိ၏။ ထို့ကြောင့် ဒေါင်းအိုးဝေတွင် ဝင်ရေးပါဟုပြောခြင်း ဖြစ်ရမည်ယူဆ၏။
မျိုးမြင့်ချို သြဂုတ် ၂၈ ၂ဝ၁၁

0 comments:

Post a Comment