ဦးကြည်မောင်နှင့်နူးရင်ဘာ့ဂ်
မနေ့က ဆရာဇော်ဇော်အောင်၏ “ကျနော်သဘောမတူပါ”ကိုဖတ်နေရင်း
၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲ ပြီးစအချိန်ကို စိတ် ပြန်ရောက်၏။ ထိုကြားဖြတ်ရွေးပွဲပြီးစက
မိတ်ဆွေတစ်ဦး၏ မေးပြောပြောသည့်စကားကိုလည်း ပြန်တွေးမိ၏။ ထိုမိတ်ဆွေက ခုမှ ကောက်ကာငင်ကာ
အမေစု ဖြစ်လာသူမဟုတ်ပဲ အန်တီစုခေတ်က စကာ နိုင်ငံရေးကို ခရီးသွားဟန်လွှဲ စိတ်ဝင်စားသူခဲ့ဖြစ်၏။
ထောင်တန်းအကျခံ လုပ်နေကြသူတွေကိုတော့ နိုင်ငံရေးစိတ်ဝင်စားလို့၊ နိုင်ငံရေးဝါသနာပါလို့
လုပ်နေသူတွေအဖြစ်မျှသာ သဘောထားသူဖြစ်၏။
သူနှင့်ကျနော် ခု ပြန်ဆုံတော့ အနှစ် ၂ဝ ကျော်လာခဲ့ပြီ။
သို့သော် သူ့နိုင်ငံရေးသက်က သူ့ လူ့အသက်အရွေ့ကို မေ့နေဟန်တူ၏။ ခုတော့ သူလည်း အမေစု။
သူ့ဘာသာ အမေဖြစ်ဖြစ် အန်တီဖြစ်ဖြစ်က အရေးမကြီး။ အရေးကြီးသည်က သူ့စကားများ။ စကားဆိုသည်က
နောက်ကွယ်တွင် တရားရှိ၏။ ယခု ပြောချင်သည်က ထိုတရား။ ၉ဝ ရွေးကောက်ပွဲအပြီး အင်န်အယ်လ်ဒီအား အာဏာမလွှဲခဲ့သည့်အပေါ်
မိမိနှင့် အတိုင်းအတာတခုအထိ အမြင်တူခဲ့ဖူး၏။ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲလည်းပြီးရော
“အဲ့ဒီတုန်းက ဦးကြည်မောင်က ဦးခင်ညွန့်ကို နူးရင်ဘာ့ဂ်တင်မယ် သွားပြောတာကိုး၊ ပြီးတော့အာဏာကလည်း
မက်သေး”ဟုဖြစ်ကာ လေသံပြောင်းသွား၏။ ဒါက တစ်ခု။
“အမျိုးသားပြန်လည်သင့်မြတ်ရေးပြောနေပြီး အရင်အစိုးရလုပ်ခဲ့တာတွေကို
ပြန်ဖော်ထုတ်ရမယ်ပြောနေတာတော့ မဟုတ်သေးဘူးနဲ့တူတယ်။ ကျနော်ကတော့ နားလည်ပါတယ်။ ခင်ဗျားတို့ဖြစ်နေတာက
မဟောသဓာနဲ့ကေးဝဋ်ပုဏ္ဏလို”ဟုစကားခံကာ ချေ ၂ ချေ တရား ဟော၏။ ဒါက နောက်တစ်ခု။
“ခေတ်က ပြောင်းနေပြီဗျ၊ ချမဟဲ့ဆော်မဟဲ့ လုပ်ရမှာမဟုတ်ဘူး၊
တိုင်းပြည်ကို ဆန္ဒပြပွဲနဲ့သေနတ်နဲ့တည်ဆောက်လို့မရဘူးဗျ”ဟုဆိုကာ ပညာခေတ်အကြောင်း ပညာပေး၏။
ဒါကလည်း နောက်ထပ်တစ်ခု။
ထိုမိတ်ဆွေ၏ အာဏာမက်နှင့်နူးရင်ဘာ့ခ်ကို ကျနော်က
ဥပဒေစိုးမိုးရေးနှင့်အာဏာပြဿနာအဖြစ် မြင်ထား၏။ ဦးကြည်မောင်သည် အာဏာနှင့်ဥပဒေစိုးမိုးရေးကိုတွဲမြင်သူဟု
ကျနော်က အမှတ်ပြုယုံကြည်သူဖြစ်၏။ ထို့ကြောင့် ထိုကိစ္စသက်သက်ကွက်၍ ဤနေရာ၌ ပြောချင်၏။
ကျန်ကိစ္စများကိုတော့ နောင်တွင်ပြောမည်တွေး၏။ အရင်ဆုံး(၉ဝ)ရွေးကောက်ပွဲကို ပြောချင်၏။
နောက်ခံများသိကြပြီးသားမို့ ပြောရေးမချဲ့လိုတော့။
(၉ဝ)ပြည့်ရွေးကောက်ပွဲကို အင်န်အယ်လ်ဒီဝင်ခဲ့သည်က အာဏာ(၃)ရပ်လုံး လွတ်လွတ် ကျွတ်ကျွတ်ရနိုင်ခြေရှိမှုအောက်က
ဝင်ခဲ့ခြင်းဖြစ်၏။ တနည်းပြောရလျှင် အစိုးရဖွဲ့၊ လွှတ်တော်ခေါ်၊ ဖွဲ့စည်းပုံဆွဲဖို့ဖြစ်၏။
အလွန်ရှင်း၏။ ထွေပြားစရာ ဘာမှမရှိ။ သို့သော် အချို့ ဝေဝါးခဲ့ကြသည်ထင်၏။
ထိုအချိန်က နှစ်ဘက်စလုံးတွင် ပြဿနာ၏အရင်းတရားကို
ဘာမှန်းသေချာသိမြင်သူများလောက်သာ ဗူးလုံးနားထွင်းခဲ့ကြ၏။ အချို့က အာဏာ မမက်တို့၊ အမျိုးသားနိုင်ငံရေးတို့ဟုဆိုကာ
အမောင်တောင်မြောက်လွဲနေကြ၏။ တကယ်တမ်းအရင်းခံက အာဏာပြဿနာ။ ထို့ကြောင့် အာဏာလွှဲပေးဟု
တင်းတင်းရင်းရင်းပြောဝံ့သူတို့ ပြောခဲ့ကြ၏။ မဝံ့သူတို့က တုံဏှိဘော။ သို့တိုင် မိမိဘက်က
တချက်ကလေး တွေဝေလိုက်သည်နှင့် သူ့လက်ဦးမှုဖြင့် တသက်နလံမထူအောင် ချေမှုန်းခံလိုက်၏။
ထိုတွင် အာဏာရယူရေးမျှော်မှန်းချက်နှင့် ဝေးသွားတော့၏။ လက်တွေ့နိုင်ငံရေးကိစ္စမှာ အာဏာပြဿနာမှန်း
ဦးကြည်မောင်လိုခေါင်းဆောင်တချို့သာ အလွန်အလေးအနက်ထား သိခဲ့ကြ၏။
ဦးကြည်မောင်တို့ ထိုသို့သိမှန်း စစ်ဗိုလ်တွေကလည်း
သိထား၏။ ဤတွင် ရမယ်ရှာတော့ ဦးကြည်မောင်ကိုတွေ့၏။ အမှန်က ဤကိစ္စသည် ဦးကြည်မောင်နှင့်
မဆိုင်၊ ဦးကြည်မောင်ကိစ္စမဟုတ်။ အာဏာကိစ္စ။ ထိုကိစ္စမှန်းသိသိနှင့် ယခုကျမှ မျက်စေ့စုံမှိတ်ကာ
ဦးကြည်မောင်အပေါ် ပုံချလားချ၊ (၉ဝ)ရလဒ်ကို
နိုင်ငံ့သမိုင်းထဲနှင့်နိုင်ငံတော်ပြန်တမ်းထဲ ထားလိုထား ထားခဲ့လိုက်ကြပြီဖြစ်၏။ ထားခဲ့ပြီမို့
ပြောနေစရာ မလိုတော့ဟုဆိုလျှင် မဟုတ်သေး။ ခုတောင် ပြောရပြီမဟုတ်လား။
(၂ဝ၁၂) ကြားဖြတ်ဝင်တာကျတော့ အာဏာယူဖို့မဟုတ်တော့။
ယူချင်လို့မရတော့။ အာဏာရနိုင်ခြေရှိမှုအောက်က ဝင်ခဲ့ခြင်းမဟုတ်တော့။ ရှိနေသည့်အစိုးရကို
အသိအမှတ်ပြု၊ သူ့ဖွဲ့စည်းပုံကို ကာကွယ်စောင့်ရှောက်၊ သူ့လွှတ်တော်ထဲ အိမ်ဖြည့်သဘော ဝင်ထိုင်ပေးဖို့။
မိမိဘက်က ဤမျှသာ။ သူ့ဘက်ကကြတော့ ခိုင်၏။ ချည်ပြီးသား တုတ်ပြီးသား။ လေးစားလိုက်နာဖြစ်ဖြစ်၊
ကာကွယ်စောင့်ရှောက်ဖြစ်ဖြစ် အရေးမကြီး။ ဒါတောင် နောက်ဆုံး အနိုင်ပိုင်းခံလိုက်ရသည်မဟုတ်လား။
ဒီ့မတိုင်ခင်ကလည်း မှတ်ပုံတင်ရေး မတင်ရေးအစတွေ
ပလူပျံအောင်ထွက်လာ၏။ နောက်ဆုံး တင်ရေးက ပေါက်ကောင်ပွင့်ခဲ့၏။ တခါ မှတ်ပုံတင်ပြီး ကြားဖြတ်ဝင်မယ်ဆိုတော့
မဝင်ခင်မှာ ဝင်ပြင်နှင့် ပြင်ဝင် အကြိတ်အနယ်။ နောက်ဆုံး ဝင်ပြင်လိုင်းကျ၏။ အမှန်က ဝင်ပြင်နှင့်
ပြင်ဝင်တို့သည် မှတ်ပုံတင်/မတင်ကာလကပင် အစပျိုးပြီးသား။ ဒီလိုနှင့် ဖွဲ့စည်းပုံပြင်ရေး၊
ဥပဒေစိုးမိုးရေး၊ ပြည်တွင်းစစ်ရပ်စဲရေး ကြွေးကြော်သံတွေအော်ပြီး လွှတ်တော်ထဲဝင်သွား၏။
ပြည်တွင်းစစ်မီးလည်းတောက်ဆဲ၊ ၂ဝဝ၈ ဥပဒေလည်းစိုးမိုးဆဲ၊ ဖွဲ့စည်းပုံလည်း ပုံမပျက်။ အစိုးရဖွဲ့ဖို့၊
လွှတ်တော်ခေါ်ဖို့၊ ဖွဲ့စည်းပုံဆွဲဖို့ အိပ်မက်ပင် မက်မရတော့။
ထို့ ကြောင့် ကြားဖြတ်ဝင်ခြင်းသည် အာဏာကိစ္စလို့
တိတိပပပြောဖို့ခက်၏။ သူ့စိတ်ကြိုက်တည်ဆောက်ပြီး၊ အထိုင်ချထားသည့်အာဏာကို ဖြိုချဖို့အသာထား
ထိပါးလို့ပင်မရ။ သည်အနေအထားမှာ အစိုးရဖွဲ့မည့်စကား ပြောလို့မဖြစ်။ စစ်ဗိုလ်တွေနဲ့ တည့်အောင်ပေါင်းတို့။
စစ်တပ်က သဒ္ဒါသမျှ ဒီမိုကရေစီယူ၊ ခွင့်ပြုသလောက်အသက်ဆက်ပဲ ပြောရတော့မည်။
ငြိမ်းချမ်းရေးကြတော့ ထို့ ထက်ပင်ဆိုးသေး၏။
အရင်ကမှ ဘာပဲဖြစ်ဖြစ် စစ်ဗိုလ်တွေမကြိုက်လည်း ငြိမ်းချမ်းရေးနှင့်ပြည်တွင်းစစ်ရပ်စဲရေး
စကား ပြောလို့ရသေး၏၊ ယခုတော့ ငြိမ်းချမ်းရေးစကားပြောဖို့အသာထား တဘက်စောင်းနင်းဖြစ်နေသည့်
အပစ်အရပ်ကိစ္စတို့ကိုပင် မပြောနိုင်တော့။ ဖိတ်မှမဖိတ်ပဲ ဖိတ်ရင်ဝင်ပါတာပေါ့အထိ လျှော့ချရ၏။
ဥပဒေပြုရေးဘက်ကကြည့်လျှင်လည်း (၉ဝ)တုန်းကစကား
ပြောမရ။ ဥပဒေစိုးမိုးရေး ပြောင်းရ၏။ ကိုယ့်ရွေးလမ်းနှင့်ကိုယ် ဖြစ်နေ၏။ သို့သော် ဘယ်
ဥပဒေစိုးမိုးရေးလဲ။ ဘယ်ပုံစိုးမိုးအောင်လုပ်မလဲဆိုသည်ကတော့ သဲသဲကွဲကွဲမရှိလှ။ တရားဥပဒေစိုးမိုးဖို့ဆိုလျှင်
စိုးမိုးမည့်ဥပဒေသည် တရားမှ ဖြစ်မည်။ ဥပဒေစိုးမိုးသည့်လူ့အဖွဲ့အစည်း ကောင်းမှန်းလူတိုင်းသိသလို၊
ကောင်းသည့်ဥပဒေစိုးမိုးမှဖြစ်မည်ကိုလည်း လူတိုင်း သိကြ၏။ ထို့ကြောင့် ဥပဒေစိုးမိုးရေးတွင်
တိကျရှင်းလင်းသည့် အဓိပ္ပါယ်ဖွင့်ဆိုချက်လို၏။ သို့မဟုတ်လျှင် ဘယ်သူပြုသည့် ဘာဥပဒေ၊
ဘယ်သူတွေအပေါ် စိုးမိုးမှာလဲဆိုသည့်အမေးတို့နှင့်သာ လုံးလည်နေလိမ့်မည်ထင်၏။
ခု သမ္မတဖြစ်ချင်သည်၊ အာဏာလိုအပ်သည်ဟု ပြောင်းလာ၏။
ကြိုဆိုအပ်၏။ ထိုစကားက အနှစ် ၂ဝ ကျော်ကပင် ကြားချင်သည့်စကား။ စိတ္တဇနာမ်ဖြစ်သော၊ စစ်တပ်ဝါဒဖြန့်စကားလုံးဖြစ်သည့်
အမျိုးသားနိုင်ငံရေးကိုလွှတ်ချပြီး အစိုးရဖြစ်ချင်တယ်၊ အာဏာလိုအပ်တယ်တို့ အတိအလင်းထုတ်ပြောလိုက်သဖြင့်
ရှင်းသွားပြီဟုယူဆ၏။
ဥပဒေစိုးမိုးရေးလုပ်နေသည်ဆိုသဖြင့် ဥပဒေစိုးမိုးရေးနှင့်ဆိုင်သည့်
ဦးအောင်ထူး(ရှေ့နေ)ရေးသည့်စာကို ဤနေရာတွင် ကောက်နှုတ် ကိုးကားချင်၏။ “ဥပဒေစိုးမိုးရေး၏အခြေခံမှာ
ပြစ်မှုကျူးလွန်သူကို အဓိကထားသည်။ တရားမျှတမှု၏အခြေခံမှာ ပြစ်မှုကျူးလွန်ခံရသူအား အဓိကထားသည်။
ဥပဒေစိုးမိုးရေးကို တကယ်တမ်း လိုက်နာကျင့်သုံးလျှင် ပြစ်မှုကျူးလွန်သူအား အပြစ် ပေးကိုပေးရပါမည်။
ရှောင်လွှဲ၍မရပါ။ ပြစ်မှုကျူးလွန်သူအား အပြစ်ပေးရေးမူကိုကျင့်သုံးခြင်းမှာ ထိုသူအား အာဃာတထားလို၍မဟုတ်။
အပြစ်ပေးခြင်းအားဖြင့် ပြစ်မှုကျူးလွန်သူ ကိုယ်တိုင် နောင်တရသွားစေချင်သည့်အပြင် အခြားသူများကလည်း
သင်ခန်းစာယူ၍ နောင်ကို အလားတူပြစ်မှုများ ထပ်မံမကျူးလွန်စေရန် ဟန့်တားလို၍ဖြစ်သည်” ဟု
ဆို၏။
ပြန်ကောက်ရလျှင် ဖြစ်ခဲ့သမျှကိစ္စတို့သည် တရားဥပဒေစိုးမိုးရေးနှင့်အာဏာပြဿနာ။
ဦးကြည်မောင်သည် တရားဥပဒေစိုးမိုးရေးကို အာဏာကိစ္စအဖြစ် သေချာမြင်ထားသူ။ (၉ဝ)ရွေးကောက်ပွဲအပြီးအာဏာမအပ်ရတာက
နူးရင်ဘာ့ခ်ကိစ္စကြောင့်ဟု ဦးကြည်မောင်အား လက်ညှိုးထိုး ယိုးစွပ်သူတို့၏နှုတ်ထွက်စကားကို
တရားလုပ်ပြောလာသော ကျနော့်မိတ်ဆွေအား သေချာဃဏဖြစ်စေချင်လှ၏။ နူးရင်ဘာ့ဂ်ကိစ္စပြောသဖြင့်
အာဏာမလွှဲခြင်းမဟုတ် တရားဥပဒေစိုးမိုးရေးကိစ္စပြောသဖြင့် အာဏာမလွှဲခြင်းသာဖြစ်၏။
(မျိုးမြင့်ချို )ဇန်နဝါရီ ၂ ရက် ၂ဝ၁၂
.