Sunday, September 9, 2018

‘ဒေါ်စုကိုမြှောက်၊ ဒေါ်စုနဲ့ခြောက်၊ ဒေါ်စုနဲ့ထိန်း’ ဗျူဟာသစ် (အရေးတော်ပုံဂျာနယ်-သတင်းနဲ့မှတ်ချက်)

0 comments
စစ်အုပ်စုက ဒီချုပ် ရွေးကောက်ပွဲနိုင်ကတည်းက နည်းမျိုးစုံသုံးပြီး ဒီချုပ်ကို လုံးပါးပါးအောင်လုပ်သလို တပြိုင်တည်းမှာ လူထုကို ငြိမ်ဆေးကျွေးတဲ့အလုပ် လုပ်ပါတယ်။ ဒီချုပ်လုံးပါးပါးလာနိုင်တဲ့ အခြေအနေတွေထဲမှာ လွှတ်တော်တွင်းအခြေအနေက အတော်ဆိုးတယ်လို့ ပြောရမှာပါ။
ဒီချုပ်အမတ်တွေထဲမှာ အရေခြုံ၊ အသွင်ပြောင်း၊ သာကူး၊ အချောင်သမားတချို့ကလွဲရင် ပြည်သူနဲ့အတူ တသားတည်းရပ်လိုသူတွေ ရှိပါတယ်။ အဲဒီလို ပြည်သူ့ဘက်သား လွှတ်တော်အမတ်တွေရဲ့ စစ်အုပ်စု၊ စစ်အာဏာရှင်စနစ်နဲ့ပတ်သက်လို့ ပြတ်ပြတ်သားသား ဆွေးနွေးတင်ပြတာတွေကို ပယ်ချတာ၊ ဖျက်သိမ်းတာ၊ ချောင်ထိုးတာတွေ မကြာခဏ တွေ့လာရတယ်။

တခြားတိုင်းရင်းသားပါတီတွေက စစ်အုပ်စုငြိုငြင်မယ့် အသုံးအနှုန်းမျိုးသုံးမိလို့ ကန့်ကွက်ခံရရင်လည်း စစ်တပ်ဘက်ကိုရပ်ပြီး စစ်တပ်အကြိုက် ဖြေရှင်းတယ်။ “အခုလည်း မြေယာအဆိုတခုကို လွှတ်တော်တွင် ယမန်နေ့ကဆွေးနွေးစဉ် ရခိုင်ပြည်နယ်ကိုယ်စားလှယ်တဦးက သုံးစွဲခဲ့သည့် ‘အာဏာရှင်’ စကားရပ်ကို ပယ်ဖျက်ပေးရန် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးအောင်ထွန်းလင်းက ကန့်ကွက်လာပါတယ်။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ကန့်ကွက်ချက်နှင့်ပတ်သက်၍ ပြန်လည်စိစစ်ပြီး အဆိုနှင့်မသက်ဆိုင်လျှင် ပယ်ဖျက်ပေးမည်ဟု ဆိုပါတယ်။”

စစ်တပ်ကိုယ်စားလှယ်တွေ၊ ကြံ့ဖွံ့အမတ်တွေက ရလေလိုလေ အိုတစ္ဆေဖြစ်ပြီး ကန်းတက်လာတယ်။ စစ်အုပ်စုက ကိုယ်တိုင်ဖိနှိပ်ဖို့မလို အချက်ပြရုံနဲ့ ဒီချုပ်ခေါင်းဆောင်တွေက ကိုယ့်လူကိုယ် နာနာဖိထောင်းတဲ့အလုပ်ကို လုပ်လာတယ်။ ဒီချုပ်အမတ်တွေ ကြာရင်ဘာလုပ်ရမှန်းမသိ ဖြစ်လာမယ်။ စိတ်ကုန်လာမယ်၊ စိတ်ပျက်လာမယ်။ ကိုယ့်တပ်ကိုယ် ပြန်နင်းခံရလို့ တပ်ပျက်တဲ့အထိ ဖြစ်လာနိုင်ပါတယ်။

ဘာတွေကို အလျှော့ပေးမလဲ၊ ဘယ်ကိစ္စမှာတော့ မူပေါ်မှာ ကြံ့ကြံ့ခံမလဲရေရေရာရာမရှိဘဲ ရင်ကြားစေ့ရေး ဆိုင်းဘုတ်အောက်မှာ ဘာဖြစ်ဖြစ် စစ်အုပ်စုကို ငုံ့ခံလိုက်၊ အလျှော့ပေးလိုက်၊ အရှုံးပေးလိုက်ဆိုသလို ဖြစ်လာနေတယ်။ အသိုက်ထဲကနေ ကိုယ့်ဥကိုယ် ကန်ထုတ်တဲ့ ငှက်လို ဖြစ်လာတယ်။

ဒီချုပ်ခေါင်းဆောင်တွေက ရင်ကြားစေ့ချင်ပေမယ့် စစ်အုပ်စုက ပူးသတ်တဲ့အလုပ်ပဲ လုပ်နေတဲ့အခါ ဒီချုပ်ရဲ့အဖြစ်ဟာ လုံးပါးပါးလာဖို့ပဲ ရှိပါတယ်။

တချိန်တည်းမှာ ဒီချုပ်ထောက်ခံသူ အရေခြုံထားတဲ့ သူလျှိုဒလန်၊ သတင်းပေး၊ ထောက်လှမ်းရေးတွေ အပါအ၀င် စစ်အုပ်စုဘက်သားတွေက ‘ဒေါ်စုကိုမြှောက်၊ ဒေါ်စုနဲ့ခြောက်၊ ဒေါ်စုနဲ့ထိန်း’ ဆိုတဲ့ ဗျူဟာနဲ့ လူထုကို ခြေချုပ်၊ လက်ချုပ်လုပ်နေတာတွေ ရှိတယ်။

ဒီချုပ်လုံးပါးပါးအောင် နည်းမျိုးစုံနဲ့ ဝိုင်းကြံရင်း၊ ၀ိုင်းဖျင်ကြရင်း တိုင်းပြည်နဲ့လူထုအကျိုးအတွက် ဝေဖန်တည့်မတ်ပေးသူတွေကိုပါ နာနာနှက်ဖို့ လုပ်နေတာဖြစ်တယ်။ ရန်သူစစ်အုပ်စုရဲ့ ပရိယာယ် မာယာတွေကို ကောင်းကောင်းသတိပြုမိဖို့ လိုပါတယ်။

တိုင်းပြည်ရဲ့ အခြေအနေမှန်ကို ဖွင့်ချပြသူဆို သူတို့ သိပ်မုန်းပါတယ်။ တိုင်းပြည်ရဲ့ အခြေအနေမှန်တွေထဲမှာ ဒီချုပ်ရဲ့ပကတိအဖြစ်မှန်လည်း ပါပါတယ်။ ဒေါ်စုကိုမြှောက်တိုင်းလည်း လူကောင်းမထင်နဲ့။ ‘ဒေါ်စုနဲ့ခြောက်၊ ဒေါ်စုနဲ့ထိန်း’ လုပ်နေတာတွေကိုလည်း သတိပြုကြ။ စစ်အုပ်စု သွေးရူးသွေးတမ်းဖြစ်လာနေပြီလို့ သတိပေးလိုက်ပါတယ်။
သြဂုတ် ၂၈၊ ၂ဝ၁၈

0 comments:

Post a Comment