နိုင်ငံတကာ့ခြိမ်းခြောက်ရေးဝါဒ ချုပ်ငြိမ်းဖို့ဆိုရင် နေထွန်းအောင်(၂၁
စာစဉ် အမှတ် ၁ဝ၊ ၂ဝဝ၆ မှ)
၉/၁၁
အရေးအခင်းတုန်းက အမေရိကန်နိုင်ငံမှာ နိုင်ငံတကာ့ခြိမ်းခြောက်ရေးဝါဒရဲ့ တိုက်ခိုက်မှုကိုခံလိုက်ရတာ
အားလုံးအသိပဲ။ တချို့ကလည်း ဒီတိုက်ခိုက်မှုကို နိုင်ငံတကာ့အကြမ်းဖက်ရေးဝါဒလို့ သုံးနှုန်းကြပါတယ်။
မှန်ပါတယ်။ ခြိမ်းခြောက်ရေးဝါဒဆိုတာဟာ အကြမ်းဖက်လှုပ်ရှားမှုဖြစ်ပါတယ်။ အကြမ်းဖက်မှုတွေလုပ်ပြပြီး
ခြိမ်းခြောက်နေတာပါပဲ။ ဒါပေမဲ့ အကြမ်းဖက်မှုတိုင်းကတော့ ခြိမ်းခြောက်ရေး ဝါဒ မဟုတ်ပါဘူး။
ခြိမ်းခြောက်ရေးဝါဒဆိုတာကို ရှင်းလင်းစေဖို့ ၎င်းရဲ့ထူးခြားချက်တွေကို ဖော်ပြရရင်…..
၁။
၎င်းဟာ လုပ်ကြံမှုဖြစ်တယ်။ လုပ်ကြံတာမှာလည်း အကြံအစည်ချပြီး ပိုင်းဖြတ်ချက်ရှိရှိနဲ့လုပ်ကြံတာ။
နောက်ပြီး တကြိမ်တခါလောက်သာ လုပ်ဆောင်ပေါ်ထွက်လာလာတဲ့ လုပ်ဆောင်မှုမျိုးလည်း မဟုတ်ဘူး။
၂။
သူ့မှာ နိုင်ငံရေးရည်ရွယ်ချက်ရှိတယ်။ ဓနအတွက်၊ ပစ္စည်းဥစ္စာရလိုမှုအတွက်သတ်ဖြတ်မှုလုပ်တာမဟုတ်ဘူး။
သူ သတ်ဖြတ်တိုက်ခိုက်မှု လုပ်တာဟာ လူပုဂ္ဂိုလ်အပေါ်ချစ်ခြင်းမုန်းခြင်းတို့အပေါ်အခြေခံပြီး
လုပ်ဆောင်တာမျိုးလည်းမဟုတ်ဘူး။ သူ့ရဲအပြစ်ကျူးလွန်မှု၊ ဥပဒေ ချိုးဖေါက်မှုတို့ဟာ တခြားနိုင်ငံ၊
တခြားအဖွဲ့အစည်းတွေက မတရားမှုလို့ရှူမြင်နေကြပေမယ့် သူကတော့ တရားတယ်ထင်တဲ့ သူ့စိတ်ကူးစံကို
အကောင်အထည်ဖော်နေတာဖြစ်တယ်။
၃။
တိုက်ခိုက်ရေးသမားမဟုတ်တဲ့သူတွေအပေါ် သူက ပစ်မှတ်ထားတယ်။ စစ်ပွဲမဟုတ်တဲ့အတွက် တိုက်ခိုက်ရေးသမားတွေကို
ဦးတည် တိုက်ခိုက်ခြင်း မပြုလုပ်တာပဲ။ ယေဘုယျအနေနဲ့တော့ ကာကွယ်မှုအားနည်းတဲ့သူတွေ၊ ဒါမှမဟုတ်
ကာကွယယ်မှုအခွင့်အလမ်းနည်းတဲ့ သူတွေကို ဦးတည်တိုက်တာတွေ့ရတယ်။
၎။
ဒီလို နိုင်ငံတကာ့ခြိမ်းခြောက်မှုဝါဒကျင့်သုံးမှုကို စီစဉ်ညွှန်ကြားတဲ့သူတွေဟာ “နိုင်ငံတော်ရဲ့
ဒုတိယအဆင့်”ထဲကလူတွေ ဒါမှမဟုတ် လျှို့ဝှက်အဖွဲ့အစည်းတခုခုကပုဂ္ဂိုလ်တွေ ဖြစ်နေတတ်တယ်။
နိုင်ငံတကာ့ခြိမ်းခြောက်ရေးဝါဒဟာ စစ်ပွဲလား
အများသိတဲ့အတိုင်း
၉/၁၁ အရေးအခင်းဖြစ်ပွားပြီတဲ့နောက် အချိန် အတော်အတန်တောင် ကြာလာခဲ့ပြီ။ ဒါပေမဲ့ သူ့ရဲ့အကျိုးဆက်တွေ
ကတော့ ဆက်လက်ရှိနေဆဲ။ နိုင်ငံတကာ့ခြိမ်းခြောက်ရေးဝါဒဟာ ဆက်လက်တည်ရှိနေဆဲ။ အမေရိကန်က
ဒီခြိမ်းခြောက်ရေးဝါဒကို စစ်ကြေညာခဲ့ပေမယ့် ဒီဝါဒဟာ ဘယ်အချိန်အခါကျမှ ကမ္ဘာမြေပြင်ပေါ်က
ပျောက်ကွယ် ချုပ်ငြိမ်းသွားမလဲ။ ဘယ်သူမှ တပ်အပ်သေချာ မပြောနိုင်သေးဘူး။
၉/၁၁
အရေးအခင်းမှာ အမေရိကန်တို့ခံလိုက်ရတဲ့ ဒဏ်ရာဒဏ်ချက်ဟာ အမေရိကန်နိုင်ငံတည်ထောင်ပြီးကတည်းက
တခါမှ မကြုံဖူး-မခံရသေးဖူးတဲ့ ဒဏ်ရာဒဏ်ချက်မျိုး။ သမ္မတဘုရှ်က “ဒီတိုက်ခိုက်မှုဟာ စစ်ပွဲနဲ့တူသွားပြီ၊
အမေရိကန်အနေနဲ့ အမြန်ဆုံးလက်စားချေရ လိမ့်မယ်၊ ကြိုတင်သတိပေးတာမလုပ်ပဲ ခြိမ်းခြောက်ရေးပင်မမြစ်ဖျားကို
စစ်ရေးအရလက်ဦးမှုယူပြီး တိုက်တာအပါအဝင် လက်စားချေမှု လုပ်ရမယ်၊ အမေရိကန်ကို လှုံ့ဆော်တိုက်ခိုက်ခဲ့သူဟာ
ဘယ်နိုင်ငံ သို့မဟုတ် ဘယ်အဖွဲ့အစည်း သို့မဟုတ် ဘယ်သူဆိုတာ မသတ်မှတ်နိုင် ပေမယ့်လည်း
ခြိမ်းခြောက်ရေးဝါဒကို စစ်ကြေညာရလိမ့်မယ်”လို့ ပြောခဲ့တယ်။
ဒီလိုဆို
ဒါဟာ ဆင်းရဲမွဲတေမှုကို စစ်ကြေညာလိုက်တာနဲ့အတူတူပဲပေါ့။ မအောင်မြင်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့
ဒီစစ်ပွဲမျိုးဟာ အကျိုးရစရာ မမြင်သလို ကျိုးကြောင်းဆီလျော်မှုလည်း မရှိလို့ပဲ။
ခြိမ်းခြောက်ရေးဝါဒဟာ
အကြမ်းဖက်မှုပုံစံအမျိုးအစားတခု၊ ပုံစံတခုလို့တော့ဆိုရင် ရပါလိမ့်မယ်။ ဒါပေမယ့် စစ်ပွဲတော့မဟုတ်ဘူး။
ခြိမ်းခြောက်ရေးဝါဒဟာ “စစ်အေး”နဲ့ နည်းနည်းတူတယ်။ အသိသဏ္ဌန်ဆိုင်ရာ ရန်ဘက်ဖြစ်လို့ အချိန်ရှည်ရှည်၊
စိတ်ရှည်ရှည်နဲ့ အဆက်မပြတ် လုံးပမ်းအားထုတ်ပြီး တိုက်ခိုက်ဆန့်ကျင်သွားဖို့လိုတယ်။
ဒါပေမဲ့ စစ်အေးနည်းနဲ့မတူတာလည်း ရှိနေပြန်တယ်။ ခြိမ်းခြောက်ရေးဝါဒဟာ နိုင်ငံတခု ဒါမှမဟုတ်
အဖွဲ့အစည်းတခုအတွင်းမှာ ပြိုကွဲပျက်စီးသွားပြီလို့ထင်ရတဲ့တိုင်အောင် သူက လုံးဝ ချုပ်ငြိမ်းပပျောက်သွားမှာတော့
မဟုတ်ဘူး။ မုန်းတီးမှုရန်ငြှိုး ဆက်လက်တည်ရှိနေသေးသမျှ ခြိမ်းခြောက်ရေးဝါဒ ပြန်လည်ခေါင်းထောင်လာနိုင်သေးတာပဲ။
ခြိမ်းခြောက်ရေးဝါဒရဲ့အန္တရာယ်
ခြိမ်းခြောက်ရေးဝါဒဟာ
ကြောက်မက်ဖွယ်ကောင်းတယ်လို့ လူတွေကမြင်ကြတယ်။ လက်တွေ့တိုက်ခိုက်မှုထက် စိတ်ဓာတ်ရေးရာ
ခြောက်လှန့်မှုက ပိုကြီးနေတယ်လို့ထင်ရတယ်။ တိုက်ရိုက်ဆုံးရှူံးမှုထက် သွယ်ဝိုက်ဆုံးရှူံးမှုက
ပိုကြီးနေလို့လည်းဖြစ်နိုင်တယ်။ နောက်ပြီး ခြိမ်းခြောက်ရေးဝါဒ အန္တရာယ်ပေးလာခဲ့တဲ့နှစ်တွေကို
ပြန်တွက်ကြည့်မယ်ဆိုရင် မနည်းလှတော့ဘူး။ ခြိမ်းခြောက်ရေးဝါဒရဲ့ လုပ်ကြံသတ်ဖြတ် မှုတွေ
အကြိမ်အရေအတွက်များခဲ့သလို သေကြေခဲ့ရသူတွေရဲ့စာရင်းကလည်းများတယ်။ ၂ဝ ရာစု၊ ၈ဝ ခုနှစ်များမှာတုန်းက
တမ္ဘာလုံးမှာ နိုင်ငံတကာ့ခြိမ်းခြောက်မှုပေါင်း ၅၄၃၁ ကြိမ်ဖြစ်ပွားခဲ့။ သေဆုံးသူ ၄၆၈၄-ယောက်။
၉ဝ စုနှစ်များမှာ ခြိမ်းခြောက်သတ်ဖြတ်မှုပေါင်း ၃၈၂၄ ကြိမ်။ သေဆုံးသူ ၂၄၆၈။
ဒီလို
သတ်ဖြတ်ခံရသူတွေ သေဆုံးတာရှိသလို ခြိမ်းခြောက်ရေးဝါဒီတွေ သေဆုံးတာလည်းရှိပါတယ်။ ဥပမာအနေနဲ့
အမေရိကန်ပြည်မှာ သေဆုံးခဲ့ရတဲ့စာရင်းကိုပဲ တင်ပြပါမယ်။ အမေရိကန်ပြည်မှာ လွန်ခဲ့တဲ့
နှစ် ၂ဝ အတွင်း လုပ်ကြံသတ်ဖြတ်ဖို့ကြိုးစားခဲ့သူ ၈၅၆ ယောက် သေခဲ့တယ်။ အဲ့ဒီထဲက ၇၈ ရာခိုင်နှုန်းဟာ
နိုင်ငံတကာ့ခြိမ်းခြောက်ရေးဝါဒီတွေပဲ။ လူတွေ ဒီလို သေကြေဆုံးရှူံးခဲ့ကြရသလို ခြိမ်းခြောက်ရေး
ဝါဒကာကွယ်ရေးအတွက်သုံးစွဲကြရတဲ့ ငွေကြေးပမာဏဟာလည်း မသေးတဲ့ အတိုင်းအတာနဲ့ရှိနေတယ်။
အမေရိကန်ရဲ့ ၂ဝဝဝ ခုနှစ် တနှစ်တည်းရဲ့ ရသုံးခန့်မှန်းခြေငွေစာရင်းကိုပဲ ကြည့်လိုက်မယ်ဆိုရင်
ခြိမ်းခြောက်ရေးဝါဒကာကွယ်ရေးအတွက် ဒေါ်လာ ကုဋေ (၁ဝဝဝဝ) အထိ သုံးစွဲထားတာတွေ့ရလိမ့်မယ်။
ဒါတောင် သီးသန့်အသုံးစရိတ်တွေ မပါသေးဘူး။ ဒါ့အပြင် အမေရိကန်အနေနဲ့ ခြိမ်းခြောက်ရေးဝါဒ
အန္တရာယ်စက်ကွင်းမှ သူ့စစ်တပ်တွေလွတ်ကင်းအောင်ကာကွယ်ရေးမှာ သုံးစွဲရတဲ့ကုန်ကျငွေတွေလည်း
ရှိနေသေးတယ်။ ဥပမာကိစ္စတရပ် ကိုပဲ တင်ပြပါ့မယ်။ ၁၉၉၆ ခုနှစ်တုန်းက ခြိမ်းခြောက်ရေးဝါဒကိုကာကွယ်ပြီး(ဆော်ဒီအာရေဗျမှာရှိနေတဲ့
သူ့စစ်တပ်လုံခြုံမှုရှိစေဖို့) စစ်သား ၄ဝဝဝ ကို လုံခြုံရာသို့ ပြောင်းရွှေ့ပေးရတဲ့စရိတ်ကိုက
အမေရိကန်ဒေါ်လာ ကုဋေ ၂ဝ လောက် ကုန်ကျခဲ့တယ်။ ဒါတင်မက နိုင်ငံတကာ့ ခြိမ်းခြောက်ရေးဝါဒက
တခြားသောဘေးအန္တရာယ်နဲ့ဆိုးကျိုးတွေကိုလည်း ဖြစ်ပေါ်စေခဲ့ပါတယ်။ အချက်တခုကတော့ ငြိမ်းချမ်းရေးအခြေ
အနေတွေ ပျက်ပြားသွားစေတာပါပဲ။ ဥပမာ ၁၉၉၆ ခုနှစ်တုန်းက ပါလက်စတိုင်းခြိမ်းခြောက်ရေးဝါဒီတွေ
လုပ်ဆောင်ခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်တဲ့ ကိစ္စကိုအကြောင်းပြုပြီး အစ္စရေးလ်မှာ ပျော့ပျောင်းတဲ့အစိုးရ
ပြုတ်ကျသွားခဲ့ရတယ်။ ခေါင်းမာတဲ့ နာတန်ညာဟူး
Metanyuhu အစိုးရ တက်လာတယ်။ ဒါ့ကြောင့် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းတည်ငြိမ်မှုရရှိဖို့
တိုးတက်မှုရှိလာရမယ့်အစား နောက်သို့ ခြေတလှမ်း ပြန်ဆုတ်သွား တယ်လို့ဆိုရမယ်။
မတူတဲ့အင်အားစုတို့အကြား ထိပ်တိုက်ရင်ဆိုင်မှုဖြစ်လာတာတွေ၊ ဒေသတည်ငြိမ်မှုပျက်စီးခဲ့ရတဲ့ အခြင်းအရာတွေလည်း ရှိခဲ့တယ်။ ဥပမာ ၁၉၉၉ ခုနှစ်က ကက်ရှ်မီးယားခြိမ်းခြောက်ရေးဝါဒီတွေ အိန္ဒိယလေယဉ်ကို အပိုင်စီးမှုလုပ်ခဲ့တဲ့အတွက် အိန္ဒိယ-ပါကစ္စတန် ပြန်လည်တင်းမာမှု တွေ ဖြစ်လာခဲ့တယ်။
မတူတဲ့အင်အားစုတို့အကြား ထိပ်တိုက်ရင်ဆိုင်မှုဖြစ်လာတာတွေ၊ ဒေသတည်ငြိမ်မှုပျက်စီးခဲ့ရတဲ့ အခြင်းအရာတွေလည်း ရှိခဲ့တယ်။ ဥပမာ ၁၉၉၉ ခုနှစ်က ကက်ရှ်မီးယားခြိမ်းခြောက်ရေးဝါဒီတွေ အိန္ဒိယလေယဉ်ကို အပိုင်စီးမှုလုပ်ခဲ့တဲ့အတွက် အိန္ဒိယ-ပါကစ္စတန် ပြန်လည်တင်းမာမှု တွေ ဖြစ်လာခဲ့တယ်။
အမေရိကန်နဲ့
ချစ်ကြည်ရင်းနှီးတဲ့နိုင်ငံတွေအတွင်း မတည်မငြိမ်ဖြစ်လာတယ်။ (ခြိမ်းခြောက်ရေးဝါဒရဲ့
အဓိပစ်မှတ်ဟာ အမေရိကန်ကို ဦးတည် ထားတော့ တနွယ်ငင် တစင်ပါဆိုသလို ဒီနိုင်ငံတွေပါ စိုးရိမ်ကြောင့်ကြမှုတွေ
ဖြစ်လာရတယ်)။ အမေရိကန်နဲ့ရင်းနှီးတဲ့ မိတ်ဆွေနိုင်ငံတွေ အနေနဲ့ အမေရိကန်နဲ့ သိတ်ပြီးအနီးကပ်
မပူးပေါင်းဝံ့တာတွေလည်းဖြစ်လာတယ်။
ဒါပေမယ့်
ခြုံပြီးသုံးသပ်ရရင် ခြိမ်းခြောက်ရေးဝါဒရဲ့လှုပ်ရှားမှုဟာ ၉ဝ စုနှစ်တွေမှာ ၈ဝ စုနှစ်တွေထက်
ပိုပြီးလျော့ကျသွားခဲ့တယ်။ ဒါဟာ ဆိုဗီယက်ယူနီယံပြိုကွဲသွားတော့ ခြိမ်းခြောက်ရေးဝါဒီတွေအတွက်
အမျိုးသားလွတ်လပ်ရေးတပ်ပေါင်းစုတွေရဲ့ ကျောထောက်နောက်ခံ ဆက်လက်မရရှိတော့တာနဲ့လည်း သက်ဆိုင်နေတယ်။
ခြိမ်းခြောက်ရေးဝါဒလှုပ်ရှားမှုဟာ တသမတ်တည်း လျော့ကျသွားနေတယ်လို့ မဆို သာဘူး။ ၂၁ ရာစု၊
၂ဝဝ၄ ခုနှစ်မှာ ၂ဝဝ၃ ခုနှစ်ထက် ခြိမ်းခြောက်အကြမ်းဖက်မှုတွေ ၃ ဆ ခုန်တက်လာတယ်။ ၂ဝဝ၃
ခုနှစ်က ခြိမ်းခြောက် အကြမ်းဖက်တိုက်ခိုက်မှု(၁၇၅)ရှိခဲ့ရာက ၂ဝဝ၄ မှာ (၆၅၁)ဖြစ်လာတယ်။
ဒီတိုက်ခိုက်မှုတွေအတွင်း လူ(၂၉ဝဝ)ကျော် သေဆုံးခဲ့ပြီး လူ (၈ဝဝဝ)ကျော် ဒဏ်ရာရခဲ့ကြတယ်။
မျက်မှောက်ကမ္ဘာ့လူ့အဖွဲ့အစည်းမှာ
အဓိကနိုင်ငံတွေဖြစ်တဲ့ရုရှား၊ ကွန်မြူနစ်တရုတ်၊ ဥရောပသမဂ္ဂ၊ ဂျပန် စတဲ့နိုင်ငံတွေကတော့
ခြိမ်းခြောက် ရေးဝါဒကိုထောက်ခံတဲ့အထောက်အထား မတွေ့ရပါဘူး။ အမေရိကန်ရဲ့မျက်စေ့ထဲမှာ
“ကြမ်းပိုးတေလေနိုင်ငံတွေ”လို့မြင်နေပြီး နိုင်ငံတကာ့ ခြိမ်းခြောက်ရေးဝါဒကို ထောက်ခံနေတယ်လို့
အထင်ခံရတဲ့နိုင်ငံတွေ ရှိပေမယ်လည်း ဒီနိုင်ငံတွေဟာ အမေရိကန်ရဲ့အဆင့်နေရာကို စိန်ခေါ်
နိုင်တဲ့အကြံအစည်နဲ့အင်အား မရှိကြပါဘူး။ အမေရိကန်က ဒေသပြဿနာမှာ တင်းတင်းမာမာမဟုတ်ပဲ
တိုးတက်ကောင်းမွန်အောင်လုပ်ပြီး ဒီနိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်းမယ်ဆိုရင် နိုင်ငံတကာ့ခြိမ်းခြောက်ရေးဝါဒ
ရှင်သန်တိုးပွားနိုင်တဲ့ နေရာကွက်လပ်ဟာ အလွန်ကျဉ်းမြောင်း သေးကျုံ့သွားမှာပါ။
ခြိမ်းခြောက်ရေးဝါဒရဲ့ ထိပ်ဆုံးပစ်မှတ်ဟာ အမေရိကန်
အမေရိကန်ဟာ
ကမ္ဘာ့အကြီးဆုံးဗိုလ်ကျသူဖြစ်ပေမယ့် ဒီမိုကရေစီရေး၊ လွတ်လပ်ရေးနဲ့ တမ္ဘာလုံး စီးပွားဖွံ့ဖြိုးချမ်းသာစေရေးတို့အတွက်
စိတ်ကောင်းထားပြီး တွန်းဆော်ပေးနေသူလို့ သူ့ကိုယ်သူ ထင်နေတယ်။ ဒါဖြင့်ရင် ဘာဖြစ်လို့
သူက နိုင်ငံတကာ့ခြိမ်းခြောက်ရေးဝါဒရဲ့ နံပတ်(၁)ရန်သူ ဖြစ်နေရတာလဲ။ လွန်ခဲ့တဲ့ အနှစ်(၂ဝ)လောက်ကတည်းက
နိုင်ငံတကာ့ခြိမ်းခြောက်ရေးဝါဒဟာ အမေရိကန်ကို အဓိက ပစ်မှတ်အဖြစ်ထားပြီး လှုပ်ရှားလာခဲ့တယ်။
သူ့ကို ပစ်မှတ်ထားပြီးတိုက်ခိုက်မှုဟာ ၈ဝ စုနှစ်မှာ ၃၁ ရာခိုင်နှုန်းရှိခဲ့ပြီး ၉ဝ စုနှစ်မှာ
၃၇ ရာခိုင်နှုန်း ဖြစ်လာတယ်။ ဒီနေ့အထိလည်း အမေရိကန်ဟာ အဓိကပစ်မှတ်နေရာမှာရှိနေတုန်းပဲ။
ဒီလို ဖြစ်နေရခြင်းမှာ သူ့ရဲ့အကြောင်းရင်းတွေရှိပါတယ်။
-
ခြိမ်းခြောက်ရေးဝါဒရဲ့
ပင်ကိုယ်လက္ခဏာကိုက အားနည်းသူက အားကြီးသူကို ခုခံတိုက်ခိုက်ခြင်းဖြစ်တယ်။ အမေရိကန်ဟာ
တဦးတည်းသော အဆင့်လွန် အင်အားရှင်ဖြစ်တယ်။ ဒါ့အပြင် သူက အနောက်နိုင်ငံတွေရဲ့ ခေါင်းဆောင်လိုလည်း
ဖြစ်နေတယ်။ ဒီတော့ သဘာဝကျစွာပဲ သူက ပစ်မှတ်နေရာရောက်လာတာပေါ့။
-
အနောက်အုပ်စုထဲ
မပါတဲ့နိုင်ငံတွေနဲ့အမျိုးသားတွေဟာ အမေရိကန်အပေါ် ရွံရှာမုန်းတီးကြတယ်။ အမေရိကန်ရဲ့
သူ့ကိုယ်သူ သူများထက် သာလွန်မြင့်မြတ်တယ်ထင်တဲ့ မာနထောင်လွှားမှုနဲ့ ဗိုလ်ကျမှုတွေက အသားအရောင်ရှိတဲ့လူတွေရဲ့
လူ့ဂုဏ်သိက္ခာကို ပုတ်ခတ်ထိပါးနေတယ်။
-
အမေရိကန်ဟာ
အားကြီးပေမယ့် သူ့ကိုတိုက်ရတာ လွယ်တယ်။ အမေရိကန်ကိုတိုက်ဖို့ဆိုရင် ပစ်ကွင်းဟာ နေရာတကာမှာပြန့်ကျဲ
နေတယ်။ လုပ်ရလွယ်တယ်။ အောင်မြင်ဖို့လွယ်တယ်။
အမေရိကန်ဟာ
ကမ္ဘာပေါ်မှာ အင်အား အတောင့်တင်းအကြီးမားဆုံးဆိုတာ သံသယရှိစရာ မလိုပါဘူး။ အမေရိကန်တွေ
ကိုယ်တိုင်ကလည်း ဒီအချက်ကို အမြဲတမ်း အလေးတင်း ပြောကြားနေကြတာပါ။ အမေရိကန်တွေက သူတို့မနိုင်တဲ့စစ်၊
မဖြေရှင်းနိုင်တဲ့ပြဿနာဆိုတာမျိုး မရှိဘူး လို့ သွေးနားထင်ရောက်နေကြတယ်။ အထူးသဖြင့်
ခုတလော နှစ်တချို့အတွင်း အမေရိကန်ဟာ ကမ္ဘာ့လူ့အဖွဲ့အစည်း(ဇာတ်ခုံ)ပေါ်မှာ “အမေ ရိကန်ဦးစားပေးစေရေး”အတွက်
“ထင်ရာစိုင်းဝါဒ” ကို ကျင့်သုံးလာလို့ နိုင်ငံတကာမှာ အမြင်ကပ်စရာ စက်ဆုပ်စရာတွေ တနေ့တခြား
ပိုမို များပြားလာတဲ့အဆင့်အထိ ဖြစ်လာနေတယ်။
ဒါ့ကြောင့်(တချီလောက် အမေရိကန်ကိုတွယ်လိုက်လို့ အောင်မြင်ပြီဆိုရင် အမေရိကန်ဟာ
အနန္တတန်ခိုးရှင် မဟုတ်ကြောင်း သက်သေပြနိုင်ပြီပေါ့။ အမေရိကန်ရဲ့ အင်အားတောင့်တင်းမှုနဲ့
လက်စားချေမှုဆိုတာတွေဟာလည်း ကြောက်စရာမဟုတ်ဘူးဆိုတာ သက်သေပြနိုင်ပြီပေါ့)ဆိုတဲ့ ခြိမ်းခြောက်ရေးဝါဒီတွေရဲ့
ဒီလိုမျိုးစကားတွေ၊ လေသံတွေ ထွက်ပေါ်လာတာပါ။
နောက်ပြီး
အမေရိကန်အပေါ် ရန်ငြိုးသိုမှုတွေကလည်း ပိုမိုကြီးမားလာပါတယ်။ ရန်ငြိုးဆိုတာကလည်း နှစ်ဘက်စလုံးမှာ
ရှိနေကြတာပါ။ ယဉ်ကျေးမှုနဲ့ ဘာသာရေးအကြောင်းရင်းတွေအပြင် အဓိကအကျဆုံးနဲ့ တိုက်ရိုက်အကြောင်းရင်းလို့
ယူဆရတာကတော့ ဒေသတွေအပေါ် ထားရှိတဲ့ အမေရိကန်ရဲ့ သဘောထားနဲ့အစီအစဉ်တွေကို ပြုပြင်ပြောင်းလဲတာမလုပ်ပဲ
ဆက်လက်ကိုင်စွဲနေတဲ့အတွက်ဖြစ်တယ်။ ဒီအတွက် အမေရိကန်ဟာ သူတို့ရဲ့အကျိုးစီးပွား၊ သူတို့ရဲ့မျှော်လင့်ချက်နဲ့
ကိုးကွယ်ယုံကြည်မှုတွေကို ထိခိုက်နစ်နာအောင် လုပ်နေတယ်လို့ထင်ကြတယ်။ အမေရိကန်က လူ့ကျင့်ဝတ်နဲ့လူ့အခွင့်အရေးကို
အကြောင်းပြုပြီး သူတပါးနိုင်ငံရဲ့အရေးကိစ္စတွေမှာ ဝင်စွက်တာကို ကိုလိုနီဝါဒရဲ့ ကျူးကျော်မှု
အဖြစ် မြင်လာကြတယ်။ ဘင်လာဒင်က အမေရိကန်ဟာ အစ္စလာမ်ဘာသာကိုဆန့်ကျင်ပြီး ချေမှုန်းပစ်ဖို့
ရည်ရွယ်တယ်လို့မြင်တယ်။ ဒါ့ကြောင့် ပါလက်စတိုင်းကအမေရိကန်တွေကို အပြီးအပိုင် မောင်းမထုတ်နိုင်သေးသမျှ
သူတို့လှုပ်ရှားမှုတွေ ဘယ်တော့မှ ရပ်သွားမှာမဟုတ် ဘူးလို့ ဟိုနေရာ ဒီနေရာ စသည်ဖြင့် နေရာပြောင်းရွှေ့လှည့်ပတ်ပြီး
အသံလွှင့်ပြောကြားနေတာဖြစ်တယ်။
အမေရိကန်ဟာ
ခြိမ်းခြောက်ရေးဝါဒရဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုမှာ အလွယ်တကူအတိုက်ခံနိုင်ရတဲ့အချက်အလက်တွေ
အျားအပြားရှိနေတာ လည်း အမှန်ပဲ။ နိုင်ငံခြားမှာ အမေရိကန်အစိုးရ ချထားတဲ့စစ်စခန်းပေါင်း
၂၉ဝ ရှိတယ်။ လုပ်သားက ၁၄ဝဝဝ။ ဒါတောင် ဒေသခံလုပ်သား ၂ဝဝဝဝ မပါသေးဘူး။ ဒီစခန်းတွေမှာချထားတဲ့
စစ်သားပေါင်း ၂၆ဝဝဝဝ ရှိတယ်။ ဒီအထဲမှာ အမေရိကန်ကုန်သွယ်ရေးဌာနများနဲ့ အမေရိကန် အရပ်သားတွေ၊
လုပ်သားတွေ မပါသေးဘူး။
ပြည်တွင်းမှာဆိုရင်လည်း
၁၉၉၉ ခုနှစ် တနှစ်တည်းမှာကိုပဲ အမေရိကန်ပြည်ထဲ ပြည်ပမှဝင်လာသူ(လူအကြိမ်အရေအတွက်) သန်းပေါင်း
၅၂ဝ ရှိနေတယ်။ ဒီအထဲမှာ လေကြောင်းကလာသူ ၇၅ သန်း၊ ကုန်းကြောင်းကလာသူ ၁ဝ သန်းတို့ ပါဝင်တယ်။
တခြားကုန်းကြောင်းလမ်း များ(အဓိကအနေနဲ့ ကနေဒါနဲ့ မက္ကဆီကို)က လာသူတွေရဲ့ သုံးပုံနှစ်ပုံဟာ
နိုင်ငံခြားသားတွေဖြစ်တယ်။ အမေရိကန်ရဲ့ ဒီမိုကရေစီရေး၊ လွတ်လပ်ရေး၊ ဗဟုဝါဒ၊ တံခါးဖွင့်ပေါ်လစီ
စတာတွေနဲ့ပေါင်းလိုက်တော့ ခြိမ်းခြောက်ရေးဝါဒီတွေ အမေရိကန်ပြည်ထဲ ဝင်ဖို့ဆိုတာ လွယ်လိုက်
တာမှ ပျင်းတောင်ပျင်းသေးဆိုတာမျိုးဖြစ်နေပါတယ်။
အမေရိကန်ရဲ့ ခြိမ်းခြောက်ရေးဝါဒဆန့်ကျင်ရေးပေါ်လစီ
အမေရိကန်ပြည်ဆိုင်ရာ
“ခြိမ်းခြောက်ရေးဝါဒဆန့်ကျင်ရေးကော်မတီ”ရဲ့ ၂ဝဝ ခုနှင် ဂျွန်လမှာ ထုတ်ပြန်တဲ့အစီရင်ခံစာထဲမှာ
“ခြိမ်းခြောက်ရေး ဝါဒရဲ့အန္တရာယ်ဟာ အမေရိကန်တို့အဖို့ တနေ့တခြား ပိုမိုများပြားလာနေတယ်၊
ထောက်လှမ်းရေးနဲ့ လုံခြုံရေးဌာနတွေဟာ ခြိမ်းခြောက်ရေး ဝါဒရဲ့စီမံကိန်းများ၊ နည်းနာများကို
အားသွန်ခွန်စိုက် စုံစမ်းဖို့လိုတယ်၊ ခြိမ်းခြောက်ရေးဝါဒရဲ့ စီးပွားရေးရေသောက်မြစ်နဲ့
နောက်ပိုင်းထောက်ပံ့ ရေး အခြေအမြစ်တွေကို အစွမ်းကုန် အမြန်ဆုံးစစ်ဆေးရမယ်။ အနုမြူလက်နက်နဲ့
ခြိမ်းခြောက်တိုက်ခိုက်မှုဖြစ်နိုင်ဖွယ် တနေ့တခြား ပိုမို များပြားလာတာကို တင်းတင်းကျပ်ကျပ်
ကာကွယ်ဆီးတားရမယ်”လို့ ညွှန်ပြထားတယ်။
အမေရိကန်ရဲ့
ခြိမ်းခြောက်ရေးဝါဒဆန့်ကျင်ရေးပေါ်လစီမှာပါတဲ့ အတွင်းသဘောဟာ အလျှော့မပေးရေး၊ မစေ့စပ်ရေးနဲ့
တရားခံတွေကို တရားရုံးသို့ တင်ပို့နိုင်ရေးတို့ ဖြစ်ကြတယ်။ ခြိမ်းခြောက်ရေးသမားတွေကို
ထောက်ပံ့တဲ့နိုင်ငံ၊ ဒါမှမဟုတ် လက်ခံပြီး ခိုလှုံခွင့်ပေးထားတဲ့ နိုင်ငံတွေကို အထီးကျန်ဖြစ်စေရေး၊
ဖိနှိပ်ရေးနဲ့အတင်းအကျပ် အာဏာအပြောင်းအလဲလုပ်ပြီး အမေရိကန်နဲ့ပူးပေါင်းဖို့လိုလားတဲ့နိုင်ငံ
ဖြစ်လာအောင်လုပ်ရေး၊ ခြိမ်းခြောက်မှုဆန့်ကျင်ရေးမှာ လက်တွဲပါဝင်သူကို အင်အားတောင့်တင်းလာအောင်
ထောက်ပံ့ကူညီရေးတို့ ဖြစ်ကြတယ်။
အမေရိကန်အစိုးရနဲ့ပြည်သူတွေအကြား
ခြိမ်းခြောက်ရေးဝါဒဆန့်ကျင်ရေးမှာ အမြင်တူညီကြဖို့ဆိုတဲ့အချက်ဟာလည်း အရေးကြီးတယ်။ အမေရိကန်သမ္မတဟောင်း
ကလင်တန်က “အမေရိကန်မှာ လွတ်လပ်မှုနဲ့ ကမူးရှူးထိုးဝါဒတို့အကြား၊ တရားဥပဒေစိုးမိုးရေးနဲ့
ထိတ်လန့် ကြောက်ရွံ့မှုဝါဒတို့အကြား ရေရှည်နဲ့ အဆက်မပြတ်တိုက်ပွဲဆင်သွားရလိမ့်ဦးမယ်”
လို့ ပြောခဲ့တယ်။ ကုလသမဂ္ဂမှာလည်း “ခြိမ်းခြောက်ရေး ဝါဒဟာ အမေရိကန်မှာ ထိပ်တန်းပြဿနာဖြစ်နေသလို
ကမ္ဘာမှာလည်း ထိပ်တန်းပြဿနာဖြစ်နေတာပါပဲ၊ ၉ဝ ခုနှစ်ကုန်ခါနီးတုန်းက လူထုဆန္ဒကောက်ခံကြည့်ခဲ့ရာမှာ
အမေရိကန်ပြည်သူတွေရဲ့ ၇၀ ရာခိုင်နှုန်းနဲ့ ၈ဝ ရာခိုင်နှုန်းအထိရှိတဲ့လူထုက (ခြိမ်းခြောက်ရေးဝါဒဆန့်ကျင်
ရေးကို အလွန်အရေးကြီးတဲ့ နိုင်ငံတော်ရည်မှန်းချက်အဖြစ်ထားပြီး တိုက်ခိုက်သွားမယ်) ဆိုတဲ့
အစိုးရရဲ့သဘောထားကို ထောက်ခံခဲ့ကြတယ်” လို့ သူကပြောပါတယ်။
အမေရိကန်ဟာ ခြိမ်းခြောက်ရေးဝါဒကို ဘယ်လိုရင်ဆိုင်သင့်သလဲ
အမေရိကန်ဟာ
ခြိမ်းခြောက်ရေးဝါဒကို ကာကွယ်တားဆီးဖို့အတွက် ငွေကို ရေလိုသုံးခဲ့တယ်။ နောက်ပြီး သူ့မှာ
မရောက်နိုင်တဲ့အရပ်၊ မဝင်နိုင်တဲ့အပေါက်ဆိုတာမျိုး မရှိဘူးလို့ ဆိုရလောက်အာင်တော်တယ်ဆိုတဲ့
ထောက်လှမ်းရေးတွေ ရှိနေပါလျက်သားနဲ့ ၉/၁၁ အရေး အခင်းကြီးမှာ ဒီလောက်ကြီးမားတဲ့ဆုံးရှူံးမှုကို
ဘာလို့ မကာကွယ်နိုင်ရတာလဲ….စသည်ဖြင့် တချို့က မေးခွန်းထုတ်လာကြတယ်။ တကယ်တမ်းမှာကျတော့
ခြိမ်းခြောက်ရေးဝါဒကိုကာကွယ်ဖို့ဆိုတာ ပြောသလောက်လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။
ဒီလို
မလွယ်တဲ့အကြောင်းတွေကတော့ ခြိမ်းခြောက်ရေးဝါဒလှုပ်ရှားမှုတွေဟာ သူ့ရဲ့ပင်ကိုယ်လက္ခဏာကိုက
အတည်တကျမဟုတ်ဘူး။ သူက နိယာမတရားတွေအရ ပုံသေလိုက်နာလှုပ်ရှားနေတာလည်း မဟုတ်ဘူး။ သူ့ကိုဦးစီးသူ၊
ပါဝင်လုပ်ဆောင်သူ၊ ထောက်ခံသူတွေဆိုတာ ကလည်း အစဉ်အမြဲ လျှို့ဝှက်ပုန်းကွယ်နေကြသူတွေချည်းပဲ။
နောက်ပြီး လျှို့ဝှက်ရေးရဲ့ သဘောသဘာဝအတိုင်း လူနည်းစုလေးနဲ့ စီမံကိန်း ချတတ်ကြတယ်။
လူနည်းစုလေးနဲ့ လုပ်ဆောင်ကြိုးပမ်းတတ်ကြတယ်။
ခြိမ်းခြောက်ရေးဝါဒဆန့်ကျင်ရေးဟာ
အခက်အခဲအကျပ်အတည်း ဖြေရှင်နိုင်စွမ်းကို စမ်းသပ်စစ်ဆေးတာလို့လည်း ဆိုနိုင်တယ်။ လွတ်လပ်တဲ့
လူ့အဖွဲ့အစည်းတခုထဲမှာ ခြိမ်းခြောက်ရေးဝါဒကို ရင်ဆိုင်ရတာဟာ ဘယ်လိုမှ တွက်ချက်မှန်းဆလို့မရနိုင်တဲ့ပစ်မှတ်ကို
တခုတည်းသော ဖြစ်နိုင်ဖွယ် မျှော်လင့်ချက်ကလေးအပေါ်အားကိုးပြီး တိုက်ခိုက်တာနဲ့တူနေတယ်။
ဒီလိုဆိုရင်
တွက်ချက်မှန်းဆလို့မရနိုင်တဲ့ဒီဝါဒကို ရင်ဆိုင်ရာမှာ အဆုံးအရှူံးနည်းပါးအောင် အမေရိကန်တို့အနေနဲ့
ဘယ်လိုလုပ်သင့်သလဲ။
ဦးစွာအားဖြင့်
အမေရိကန်တို့ဟာ “ရင်းမြစ်”ကနေ အစချီသင့်တယ်။ ခြိမ်းခြောက်ရေးဝါဒရဲ့အရင်းအမြစ်ဟာ “ရန်ငြိုးသိုမှု”ပဲ။
အမေရိကန်တို့ အနေနဲ့ ဒီရန်ငြိုး ပြေပျောက်မယ့်လမ်းကြောင်းကို မုချ ရှာဖွေဖို့လိုတယ်။
အမေရိကန်ပေါ်လစီချမှတ်သူတွေဟာ ဟန်တင်တန်ရဲ “ယဉ်ကျေးမှု ချင်း ထိပ်တိုက်တိုးခြင်း”သဘောတရားကိုလက်ခံပြီး
အနောက်ယဉ်ကျေးမှုနဲ့မတူတဲ့ မူဆလင်မ်ယဉ်ကျေးမှု၊ ဒါမှမဟုတ် အရှေ့ယဉ်ကျေးမှုတို့ ကို ညှိနှိုင်းမရတဲ့ရန်ဘက်အဖြစ်
ကြည့်မြင်နေမယ်ဆိုရင်တော့ ခြိမ်းခြောက်ရေးဝါဒဟာ ထာဝစဉ် ချုပ်ငြိမ်းပျောက်ကွယ်မသွားပဲ
ဆက်လက် ရှင်သန်နေဦးတော့မှာပဲ။ ဟန်တင်တန်က “မူဆလင်မ်နဲ့အမေရိကန်(အနောက်ဘက်)တို့ရဲ့စစ်ပွဲဟာ
ခြိမ်းခြောက်ရေးဝါဒနဲ့ ဗိုလ်ကျလွှမ်းမိုးရေး တို့ရဲ့စစ်ပွဲဖြစ်တယ်” လို့ ပြောထားတယ်။
မတူတဲ့အင်အားစုအသီးသီးပဲ
ဖြစ်ဖြစ်၊ မတူတဲ့ယဉ်ကျေးမှုအသီးသီးပဲ ဖြစ်ဖြစ်၊ ဒီလို သံသယအမြင်တွေရှိနေကြရင်၊ အပြန်အလှန်စွပ်စွဲနေကြ
ရင်၊ အပြန်အလှန်ရန်ငြိုးထားနေကြရင် ငြိမ်းချမ်းရေးတို့၊ လုံခြုံရေးတို့ဆိုတာတွေက ဘယ်လိုလုပ်ရှိနိုင်မှာတဲ့လဲ။
အရှေ့ဘက် မူဆလင်မ်တွေ ကလည်း “တို့ယဉ်ကျေးမှုက အနောက်ယဉ်ကျေးမှုထက် သာတယ်၊ အင်အားမှာသာ
အမေရိကန်လောက်မရှိတာပါ”လို့ ထင်နေရင် အမေရိကန်ကလည်း အစွမ်းထက်တဲ့ဗုံးလက်နက်တွေနဲ့ သူတပါးယဉ်ကျေးမှုကို
ဒူးထောက်အညံ့ခံလာအောင် လုပ်နိုင်တယ်လို့ထင်နေရင် ကမ္ဘာပေါ်ကတင်းမာမှုတွေ၊ ထိပ်တိုက်တွေ့မှုနဲ့
ခြိမ်းခြောက်မှုဝါဒအန္တရာယ်တွေဟာ ဆက်လက်တည်ရှိနေဦးမှာပါပဲ။
ဒုတိယအချက်အနေနဲ့
အမေရိကန်ဟာ ကုလသမဂ္ဂနဲ့ရော၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအများစုနဲ့ပါ ပူးပေါင်းလက်တွဲပြီး
ခြိမ်းခြောက်မှုဝါဒဆန့် ကျင်ရေး အခိုင်အမာနည်းနာများကို ရေးဆွဲချမှတ်သင့်တယ်။ ခြိမ်းခြောက်မှုဝါဒဆန့်ကျင်ရေးကို
တကမ္ဘာလုံးကနားလည် သဘောပေါက်မှုရှိ လာမှသာ ခြိမ်းခြောက်ရေးဝါဒရဲ့ပစ်ကွင်းမှ ရှောင်ရှားနိုင်လိမ့်မယ်။
အများစု နိုင်ငံတကာခြိမ်းခြောက်ရေးဝါဒဆန့်ကျင်ရေးမှာ ပူးပေါင်းလာကြပြီး အားသွန်ခွန်စိုက်လုံးပမ်းကြမှသာ
ခြိမ်းခြောက်ရေးဝါဒရဲ့ ရေရှည်ခြိမ်းခြောက်နေမှုကို တားဆီးနိုင်လိမ့်မယ်။ ဒါပေမဲ့ ဒီလုံးပမ်းမှုရဲ့
ရှေးဦး လိုအပ်ချက်ဟာ အမေရိကန်အနေနဲ့ “အမေရိကန် ဦးစားပေးရေး”ဆိုတာတို့၊ “ထင်ရာစိုင်းဝါဒ”တို့ကို
စွန့်လွှတ်ရေးဖြစ်တယ်။ ဒီကနေ့အထိ အမေရိကန်ရဲ့ ဖော်ပြချက်တွေကတော့ ဒီလိုအပ်ချက်နဲ့ကင်းဝေးနေဆဲသာဖြစ်ပြီး
လူတကာကို မျှော်လင့်ချက် မဲ့စေတာသာ ဖြစ်နေတယ်။ သူတပါးအမျိုးသားတွေအပေါ် တန်းတူသဘောမထားနိုင်လို့ကတော့
အခြားအမျိုးသားများရဲ့ လေးစားမှုရဖို့ဆိုတာကို မျှော်လင့်မနေနဲ့တော့။
နောက်ဆုံးတချက်အနေနဲ့
အမေရိကန်ဟာ အရင်က သူလုပ်ခဲ့တဲ့ “ခြိမ်းခြောက်မှုဝါဒဆန့်ကျင်ရေးပေါ်လစီ”တွေကို ပြုပြင်သင့်တယ်။
ငြိမ်းချမ်းရေးဆန္ဒကို မစွန့်လွှတ်ခြင်း၊ စေ့စပ်ဆွေးနွေးရေးနည်းလမ်းကို ရှာဖွေခြင်းဆိုတဲ့
ရှေးဦးလိုအပ်ချက်အောက်မှာ “ဥပဒေပြုရာမှာ သက်ညှာ၊ ဥပဒေကျင့်သုံးရာမှာ တင်းကျပ်၊ နိုင်ငံခြားဆက်ဆံရေးတို့နဲ့
ပေါင်းစပ်”ဆိုတဲ့နည်းနာနဲ့ ခြိမ်းခြောက်ရေးဝါဒကို ကျိုးနွံလာစေဖို့ လုပ်ရမယ်။ ခြိမ်းခြောက်ရေးဝါဒကို
ထောက်ခံတဲ့နိုင်ငံတွေအပေါ် စီးပွားရေးပိတ်ဆို့အရေးယူတာနဲ့ ဗုံးကြဲတာတွေချည်းလုပ်မနေပဲ
အပြု သဘောဆောင်တဲ့နည်းနာများဖြင့် သူတို့ရဲ့ပေါ်လစီတွေကို ပြုပြင်လာအောင် အခွင့်အရေးပေးတဲ့နည်းကိုလည်း
ကျင့်သုံးသင့်တယ်။ အတင်းမာဆုံးပေါ်လစီဟာ အထိရောက်ဆုံးပေါ်လစီမဟုတ်ဘူးဆိုတာ အမေရိကန်တို့
အလေးအနက်သတိပြုရမယ်။ အကြောင်းကတော့ အမေရိကန်တို့ရင်ဆိုင်နေရတာဟာ “စစ်ပွဲ”မဟုတ်ပဲ “ရန်ငြိုးသိုမှု”သာ
ဖြစ်နေလို့ပါပဲ။
(ကိုးကားချက်။ ။ စက်တင်ဘာ ၁၅ ရက်နေ့ထုတ် ထိုင်ဝမ်ဗဟိုသတင်းစာမှာပါရှိတဲ့
ယင်ကျန်းတက္ကသိုလ် နိုင်ငံတကာရေးရာကောလိပ်မှ ပါမောက္ခကွမ်းကျုံးရဲ့ ဆောင်းပါး)
စုစည်းသူများရဲ့မှတ်ချက်
Terrorism ကို အကြမ်းဖက်ဝါဒလို့ ဘာသာပြန်ကြတယ်။ Non-violence ကိုလည်း အကြမ်းမဖက်ရေးလို့
ဘာသာပြန်ကြတယ်။ ဒီလို ဘာသာပြန်မှုဟာ အတွေးအမြင်ကို ရှုပ်ထွေးစေပါတယ်။ စစ်နဲ့တော်လှန်ရေးတိုင်းဟာ
အဆင့်အမြင့်ဆုံး အကြမ်းဖက်မှုတွေပါပဲ။ ဒါကြောင့် အကြမ်းမဖက်ရေးဆိုတဲ့ဝေါဟာရကို လက်လွတ်စပယ်
မသုံးသင့်ဘူးထင်ပါတယ်။ အခုဆောင်းပါးမှာ ခြိမ်းခြောက်ရေးဝါဒလို့ သုံးထားပါတယ်။ တရုတ်စာက
ဘာသာပြန်တဲ့ဝေါဟာရ ဖြစ်ပါတယ်။ အင်္ဂလိပ်စာမှာလည်း Terrorism နဲ့ Violence ဆိုပြီး ခွဲသုံးကြတာပါပဲ။
ဗမာစာမှာလည်း စဉ်းစားပြီး တီထွင်သင့်တယ်။ အကြမ်းဖက်ရေးဝါဒကို ရေလဲနဲ့သုံးနေလို့မသင့်တော်ပါဘူး။
0 comments:
Post a Comment