Sunday, September 2, 2018

(ဆေးလိပ်သောက်ခြင်း) ၂ဝ၁၂- လောက်က ရေးခဲ့တာဟု ထင်ပါသည်)

0 comments
(ဆေးလိပ်သောက်ခြင်း) ၂ဝ၁၂- လောက်က ရေးခဲ့တာဟု ထင်ပါသည်)

ကျနော့်တွင် သိပ္ပံမှူးတင်အား တစက်မှကြည့်မရခဲ့ပြီး အမှုတွဲဦးသန်းစောကိုလည်း စောက်မြင်ကပ်သည့်ကာလတခု ရှိခဲ့ဖူးပါသည်။ သူတို့သည် ဆေးလိပ် ဆန့်ကျင်ရေးသမားများဖြစ်ပါသည်။  

ကျနော် မြင်းခြံသဘာဝဆေးပေါ့လိပ်နှင့် စသောက်တတ်သွားပြီး၊ ပြတ်သည့်အချိန်မှာ အမေရိကန်မာလ်ဘိုရို(လိုက်ထ်)နှင့်ဖြစ်ပါသည်။

ဆေးလိပ်ကို ကျန်းမာရေးနှင့်ညီညွတ်အောင် သောက်လို့ကို မရပါ။ အရက်ဘီယာတို့ကား တန်ဆေး ဆင်ခြေဖြင့် ရံခါ လွန်သွားလည်း အနာကျရုံမှတပါး ဘေးတော့မဖြစ်ပါ။ ဆေးလိပ်ကြ အဖွာတိုင်း ခန္ဓာအစိတ်အပိုင်း တခုမဟုတ်တခုကို သွားသွားထိပါသည်။ အရက်ကို လူမှုရေးသောက် သောက်လို့ဖြစ်သော်လည်း ဆေးလိပ်ကြ လူမှုရေးပြဿနာတွေအထိ တက်တတ်ပါသည်။ ချောင်းတဟွတ်ဟွတ်ဆိုးခြင်း ချွဲသလိပ်ခတ်ခြင်းနှင့် ဆေးလိပ်နံ့ကြောင့် မလိုတမာအကြည့်နှင့် နှာခေါင်းအရှူံ့သည် အခံရခက်ပါသည်။ တုန့်ပြန်မိလျှင် မုန်းစရှည်ပါသည်။

ထောင်ထဲရောက်စ ထောင်ဝင်စာမရှိဘာမရှိ ပုံစံအသားတုံးနှင့်လဲပြီး ရသောဆေးလိပ်ကို တကြိမ် ၃ ဖွာနှုန်း လူ လေးယောက် လှည့် သောက်ရင်း လူ့အဇ္ဈတ္တသဏ္ဍန်လည်း တွေ့ခဲ့ဖူးပါသည်။ သူ့အလှည့်ကျ အခြားသူများလို ပါးစပ်အပြည့်ဖွာ၊ အဆုပ်ထဲရှိုက်သွင်း၊ ပြန်ထုတ် နောက်တဖွာ ဖွာ မဟုတ်ပဲ၊ တပြိုင်တည်း ရှူးရှူး-ရှူးရှူးနှင့် ရှိုက်ရှည်စွဲကာ သူများ ၂ ဖွာစာ သူတရှိုက် ရှိုက်သောက်သည့်ကိုယ်တော်ကြောင့် အခြားသူများ ကသိကအောင့်ဖြစ်ကြပါသည်။ ဆေးလိပ် ရွှေလိုရှားသည့် ကျပ်တည်းချိန် ဆေးလိပ်သောက်ခြင်း လူ့အဇ္ဈတ္တနှင့်လူ့အတ္တကို မြင်ရတတ်ပါသည်။  

“ဆေးလိပ်ဆိုတာ စိတ်ကိုချည်တဲ့ကြိုး”ဟုပြောပြီး မသောက်တတ် သောက်တတ်နှင့်သောက်သော တောင်ငူထောင်အတူနေဖူးသူ ဇော်သက်ထွေးကိုလည်း အမှတ်ရပါသည်။ သူပြောတာမှန်ကြောင်း ကျနော် သက်သေခံဖူးပါသည်။ သို့သော် သူ အခု ဆေးလိပ်သောက် မသောက် ကျနော်မသိသလို ကျနော်လည်း ဆေးလိပ်မသောက်တော့သဖြင့် သက်သေခံချက် ပြန်ရုပ်ရမလိုဖြစ်နေပါသည်။

ဆေးပြင်းလိပ်ကြီးခဲ မီးခိုးငွေ့တွေကြား မှေးစင်းစင်းမျက်လုံးများနှင့် ပေါင်မုန့်ရေစိုကြီးချထားသလို အိအိကြီးထိုင်ကာ “ကဗျာဆိုတာလည်း တခါတခါ မီးခိုးလိုက်မှဗျ” ဟုပြောခဲ့သည့် မောင်လင်းယုန်(ရှမ်းပြည်)ကိုလည်း အောက်မေ့ပါသည်။ ခု သူ့ကဗျာတွေ ဆေးပြင်းလိပ်နံ့ ထွက်သေးသလား ကျနော်သိချင်လှပါသည်။ မီးခိုးလိုက်ခဲ့သည့်သူ့ကဗျာများ အလွန်လှပအားမန်ပါကြောင်း ဘယ်သူ့မှ မငြင်းကြပါ။  သက်ကြီးကဗျာဆရာများတွင် သူလည်းအပူဇော်ခံထိုက်သည့် ဝါ သမ္ဘာ ဂုဏ်အင်နှင့် ပြည့်စုံသူဖြစ်နေပါပြီ။

ဆေးလိပ်လည်းပြတ်၊ ဆေးတံသောက်ဆေးလည်းခမ်းသဖြင့် သောက်ပြီးသား ဆေးလိပ်တိုများအား ဖင်စီခံခွာပြီး ဆေးလက်ကျန်လေးများ စုကာ ဆေးတံထဲထည့်သောက်သည့် ကိုစိုးမြင့်(ဆရာစိုး)ကိုလည်း အောက်မေ့သည်။ သူနှင့်ကျနော် သာယာဝတီထောင် ၈ ပေ ၁၂ ပေ တိုက်ခန်းလေးထဲတွင် လေး ငါး နှစ်လောက်အတူနေခဲ့ဖူးသည့် သက္ကရာဇ်များကိုလည်း ခုတိုင်မှတ်မိဆဲ။

သူ့ထောင်ဝင်စာပါသည့် ဆေးလိပ်များကို သောက်သူအရေအတွက်နှင့်စားပြီး ဝေပုံကျလိုက်ပေးရင်း “ခင်ဗျားမှာ နှလုံးသွေးကျောကျဉ်းနဲ့ ကိုလက်စတြောများတာ ဖြစ်နေပြီ၊ ဆေးလိပ်၊ အရက်နဲ့ဝက်သားဖြတ်ရမယ်။ သုံးခုလုံးမဟုတ်တောင် အနည်းဆုံး ၂ ခုတော့ဖြတ်လို့ ဆရာဝန်ကပြောတာနဲ့ ဆေးလိပ်နဲ့အရက် ဖြတ်ပလိုက်တယ်ဗျာ၊ ဝက်သားတော့ စားသေးတယ်။ သုံးခုလုံးက ကျနော် ကြိုက်တာတွေ ချည်းပဲဗျ၊ ပြဿနာက ကိုယ်တိုင်က မသောက်ချင်တော့လို့ ဖြတ်လိုက်တာမဟုတ်တော့ ဆေးလိပ်အပေါ် စိတ်ကမပြတ်ဘူးဗျ၊ တခါတခါ တခုခုရေးရင်း ခံတွင်းချဉ်လိုက်များ မပြောနဲ့ဗျ၊ ဆေးလိပ်လေး တဖွာနှစ်ဖွာလောက် ဖွာလိုက်ရကောင်းမလား ကောင်းမလားနှင့်တွေးရင်း ပါးစောင်မှာ သွားရည်သီးတာပဲဗျ၊ ကိုယ်က မသောက်ချင်တော့လို့ တမျိုး၊ ခုဟာက မဖြတ်ချင်ပဲ ဖြတ်ရတာဗျ၊ ဒုက္ခအတော် ကြီးတယ်၊ ကျနော့်သဘောကတော့ ကိုယ်တိုင်မဖြတ်ချင်ပဲနဲ့တော့ ဖြတ်မနေနဲ့ဗျာ၊ သောက်ပါ၊ ကျနော့် ဒုက္ခမျိုးမခံစေချင်ဘူး၊ ကျနော်တော့ ခံလက်စနဲ့ ဆက်ခံရမှာပဲ။ ဆေးလိပ် ရှာရတဲ့ဒုက္ခထက်၊ သောက်ချင်ရက်သားနဲ့ မသောက်ပဲနေရတဲ့ဒုက္ခက ပိုကြီးတာဗျ၊ ရှိရင်သောက်၊ မရှိရင် ရှာရှက်သောက်၊ လုံးဝ ရှာမရတော့လည်း ဒီလိုပဲ ကြိတ်မှိတ်ခံဗျာ၊ သောက်ချင်ရက်နဲ့တော့ မဖြတ်နဲ့ဗျ၊ လောကမှာ မလုပ်ချင်ပဲ လုပ်နေရတာတွေကများတယ်၊ ဒါတော့ ကိုယ်လုပ်ချင်လုပ်လို့ရပြီး မလုပ်ချင်လည်း မလုပ်ပဲနေလို့ရတဲ့ကိစ္စဆိုတော့ စဉ်းစားဗျာ” လို့ ပြောဖူးသည့် ဆရာဦးဝင်းတင်ကိုလည်း ခုထိ မမေ့သေးပါ။  

ခု ကျနော် ဆေးလိပ် ဖြတ်လိုက်ပြီ။ တခုခု(ကွမ်းယာ၊ ဆေးရွက်ကြီးငုံ၊ ပီကေဝါး)နှင့် အစားထိုးခြင်းလည်းမလုပ်ချင်။ တိကနဲ ဖြတ်ချလိုက်၏။ ဖြတ်စက တခုခုစားပြီးချိန်၊ ကော်ဖီ လဘက်ရည်သောက်နေချိန်နှင့် သောက်ပြီးချိန်များတွင် ခံတွင်းချဉ်လိုက်သည်မှာ မပြောနှင့်။ ဆေးလိပ် ယင်းထသည်ဟု ပြောရမည်ဖြစ်၏။ တဖွာလောက် ကောက်ဖွာလိုက်ရကောင်းမလား။ တဖွာနှစ်ဖွာလောက်နဲ့တော့ ပြန်မငြိလောက်ပါဘူးဟု တွေးမိသည်မှာလည်း အခါခါပင်။ နောက်ဆုံးကျ မသောက်ဘူး မဖွာဘူးကွာ။ ဖြတ်မယ့်ဖြတ် တခါတည်း အပြီးဖြတ် အသေဖြတ်ပစ်လိုက်တာ ကောင်းတယ်ဟု စိတ်ကိုတင်းခံရင်း လေး ငါးရက်လောက်နေတော့ အသားကျသွားပါသည်။ ချောင်းအဆိုးလည်း မရှိတော့ပါ။ အအိပ်အနေလည်း ပိုကောင်းလာပါသည်။ စားတာလည်း များလာပါသည်။ လပိုင်းအတွင်း ကိုယ်အလေး ချိန်အနည်းငယ်တက်လာပါသည်။ အသားအရည်လည်း ပြန်စိုပြေလာပါသည်။ နေလို့ထိုင်လို့ ကောင်းလာသလိုခံစားမိပါသည်။ ခုဆိုလျှင် သောက်ချင်စိတ်အလျဉ်းမရှိတော့ပါ။

ကိုယ့်ရှေ့လာသောက်လို့လည်း အာလျမဖြစ်တော့ပါ။ ကျနော့်ထူးခြားချက်မှာ ဆေးလိပ်အနံ့ကို ခံနိုင်ခြင်းပင်ဖြစ်ပါသည်။ ကိုယ့်နားလာ သောက်သောက် ကားအတူစီးရင်း သောက်သောက် ကျနော့်အဖို့ ဘာအနှောင့်အယှက်မှမရှိပါ။ သူ မှုတ်ထုတ်လိုက်သည့် ဆေးလိပ်ငွေ့များ ကျနော့်အဆုပ်တွင်း မသိမသာဝင်သွားလျှင်လည်း ဘာမှမဖြစ်တတ်ပါ။ တချို့ ဆေးလိပ်ပြတ်သွား သူများမှာ ဆေးလိပ်အနံ့ပင် မခံနိုင် တတ်တော့တာ တွေ့ဖူးပါသည်။ တချို့က ဆေးလိပ်အနံ့ကိုမခံနိုင်ကြောင်း မျက်နှာမပူဘာမပူ အမူအယာဖြင့်ပြရုံမက နှုတ်ဖြင့်ပင်ထုတ်ပြော တတ်ပါသည်။ ကျနော်က ထိုသူနှစ်ယောက်ကြားတွင် မျက်နှာပူသလိုလို တခုခုကို အားနာသလိုလိုဖြစ်နေတတ်ပါသည်။ မသောက်သူ၏ ထိုအပြုအမူ ထိုအပြောတို့ကြောင့်  ဆေးလိပ်သောက်သူမှာ ကသိကအောက်ဖြစ်ရပါသည်။ ပြောသူသည် နဂိုကတည်းက ဆေးလိပ် သောက်လာသူ ဖြစ်လျှင်တော်သေးသည်။ အရင်က  သောက်လာပြီး၊ ခုဆေးလိပ်ဖြတ်ပြီးကာမှ ထိုသို့ပြုမူပြောဆိုခြင်းအတွက် သောက်သူတွင် ပို၍ ခံပြင်းစရာ ဖြစ်ပါလိမ့်မည်။

ကျနော် ဆေးလိပ်မသောက်တော့ခြင်းအတွက် ဘယ်သူ့ကိုမှ အနှောင့်အယှက်မဖြစ်စေချင်ပါ။ ထို့အတူ ဆေးလိပ်သောက်သူများကြောင့် လည်း ကျနော့်အတွက် အနှောင့်အယှက်မဖြစ်ပါ။ ကိစ္စတိုင်း အရာရာတိုင်း၌ တယောက်နှင့်တယောက် ဘာအနှောင့်အယှက်မှမပြုကြလျှင် မြေကမ္ဘာသည် နေပျော်မည့်နေရာ ဖြစ်ပါလိမ့်မည်။ သို့သော် မဖြစ်ပါ။ ဖြစ်လို့လည်းမရပါ။ လောကသည် ဆန့်ကျင်ဘက်တို့၏ ပဋိပက္ခများ ဝိရောဓိများဖြင့် ပြည့်လျှမ်းနေပါသည်။ လူတန်းစားတိုက်ပွဲ၊ အခွင့်အရေးနှင့်ရပိုင်ခွင့်၊ တရားမှုနှင့်မျှတမှု၊ အမှန်နှင့်အမှား၊ ဓမ္မနှင့်အဓမ္မ၊ ဖိနှိပ်သူနှင့် အဖိနှိပ်ခံ စသည်များအတွက် လူသည် တယောက်ကိုတယောက် နှောင့်ယှက်နေရပါသည်။ ဆန့်ကျင်တွန်းလှန် နေရပါသည်။ တိုက်ပွဲဝင်နေရပါသည်။

ဤမျှ စိတ်အနှောင့်အယှက်ဖြစ်စရာများသည့် လောကကြီးတွင် ဆေးလိပ်သောက်ခြင်း မသောက်ခြင်းအတွက် သောက်သူမသောက်သူများ ကြားတွင် တယောက်နှင့်တယောက် အနှောင့်အယှက်လေးကင်းအောင် နေနိုင်ကြလျင် အနည်းဆုံး အသေးအဖွဲ ပြဿနာလေးတွေကို ရှောင်ပြီးသား ဖြစ်သွားမည်ဟုထင်မိပါသည်။
မျိုးမြင့်ချို

0 comments:

Post a Comment