Sunday, September 16, 2018

နောက်ဇာတ်ဆောင်တဦးက ဒေါ်ခင်ကြည်ပါ။ (လှကွန့်)

0 comments
နောက်ဇာတ်ဆောင်တဦးက ဒေါ်ခင်ကြည်ပါ။ (လှကွန့်)
ဗိုလ်ချုပ်အောင်ဆန်းရဲ့ဇနီး ဒေါ်အောင်ဆန်းစုကြည်ရဲ့မိခင်ပါ။ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ဗမာ့နိုင်ငံရေးလောကကို ဦးဆောင်ဦးရွက်ပြုနေ ကြတဲ့သူတွေထဲက တစ်ဦး၊  နောက်တော့ လွတ်လပ်ရေးဗိသုကာကြီး၊ တပ်မတော်ရဲ့ဖခင်၊ အမျိုးသားခေါင်းဆောင် စတဲ့ဂုဏ်ပုဒ်တွေနဲ့ လျှမ်းလျှမ်းတောက် ထင်ပေါ်ကျော်ကြားခဲ့သူပါ။ ဒေါ်ခင်ကြည်ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ချစ်ဇနီးပါပဲ၊ ဒေါ်ဒေါ့်ကို စတင်မြင်ဖူးတာ သားလတ် ကိုအောင်ဆန်းလင်း ရေနစ်ကွယ်လွန်ချိန်ကပေါ့။ နေ့ရက်အတိအကျ မမှတ်မိတော့ပါဘူး။ ၁၉၅၄-၅၅ လောက်လို့ထင်ပါတယ်။ ဖခင် ဗိုလ်ချုပ် အောင်ဆန်းကွယ်လွန်တာ ဘာမှမကြာသေး ကွယ်လွန်သူအတွက် မျက်ရည်မှမစဲသေးခင်မှာ ရင်နှစ်သည်းခြာရတနာတစ်ဦး ထပ်မံဆုံးရှူံး လိုက်ရတဲ့ဒေါ်ဒေါ် ပဋာမြေလူးဖြစ်စဉ်လေ။

ဗိုလ်ချုပ်အပေါ် မေတ္တာထားကြတဲ့ပြည်သူတွေဟာ ခုလို ဗိုလ်ချုပ်ရင်သွေးတစ်ဦး ဆုံးရှူံးပြန်တာသိကြတော့ အတော့်ကို စိတ်မကောင်း ဖြစ်ကြတာကလား။ ဝေးသူတွေက စိတ်မကောင်းဖြစ်ကြသလို ရန်ကုန်မြို့တွင်းနီးသူတွေက အပြေးအလွှားသွားရောက် သတင်းမေးကြ တာကိုး။ စာရေးသူလည်း ဒီတုန်းကမှ ဒေါ်ဒေါ် ဒေါ်ခင်ကြည်ကို လူကိုယ်တိုင်မြင်ဖူးတာပါ။ ဒေါ်ဒေါ်နဲ့ သေသေချာချာသိရတာက ၁၉၆ဝ ခုနှစ် ရွေးကောက်ပွဲကာလ အိုးဝေဦးညိုမြရဲ့ကျေးဇူးပါ။ အိုဝေဦးညိုမြက ဆရာအရင်းလေ။ အိုးဝေသတင်းစာ ဂျာနယ်တွေမှာ နှစ်အတော်ကြာကြာ လုပ်ခဲ့ဖူးတော့ အတော့်ကိုရင်းနှီးတာကိုး။ ဆရာက ကျနော့်ကို သူ့ကိုယ်ရေးကိုယ်တာကိစ္စတချို့ ပြောပြဖူးပေမယ့် ကိုယ်ရေးကိုယ်တာကိစ္စတွေ ခိုင်းလေ့မရှိဘူး။ စာပေကိစ္စ နိုင်ငံရေးကိစ္စတွေမှာ သဘောတရား အယူအဆမတူပေမယ့် ခိုင်းတတ်ပါတယ်။ ကိုယ်ကလည်း မငြင်းမဆန်လုပ် ပေးတတ်ပါတယ်။ အထူးသဖြင့် စာပေကိစ္စတွေမှာ ဆရာစာရေးတဲ့အခါ လိုအပ်တဲ့အကြောင်းအရာ အချက်အလက်တချို့ ကူညီရှာဖွေပေးရ ပါတယ်။ တက္ကသိုလ်စာကြည့်တိုက်၊ ဘားနက်စာကြည့်တိုက်၊ ဝန်ကြီးချုပ်ရုံးစာကြည့်တိုက် နောင် အမျိုးသားစာကြည့်တိုက်တွေက အချက်အလက်အချို့ ရှာပေးရပါတယ်။

၁၉၆၁ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်းအိမ်စောင့်အစိုးရက ရွေးကောက်ပွဲ ကျင်းပပေးပါတယ်။ ဒီရွေးကောက်ပွဲမှာ အဓိကပါဝင်ယှဉ်ပြိုင်တဲ့ နိုင်ငံရေး ပါတီကြီးတွေကတော့ ဖဆပလ၊ ပထစ၊(ပြည်ထောင်စုပါတီ) ပမညတတို့ဖြစ်ပါတယ်။ ပါတီလေးတချို့နဲ့ တသီးပုဂ္ဂလတွေလည်း ဝင်အရွေးခံ ကြပါတယ်။ နိုင်ငံနဲ့အဝှမ်းကျင်းပတဲ့ ရွေးကောက်ပွဲကြီးပါ။ ဒီရွေးကောက်ပွဲကြီးမှာ ညောင်လေးပင်အရှေ့မြို့နယ် (ပဲခူးခရိုင်) မဲဆန္ဒနယ်မှ ပမညတအမတ်လောင်း လူထုဦးတင်မောင်(လူထုသတင်းစာ ရန်ကုန်တိုက်ခွဲတာဝန်ခံ) ဝင်ရောက်အရွေးခံပါတယ်။ စာရေးသူက ဦးတင်မောင်ရဲ့ အမတ်လောင်းကိုယ်စားလှယ် ရွေးကောက်ပွဲအောင်နိုင်ရေးတာဝန်ယူ လုပ်နေချိန်ပေါ့။ ညောင်လေးပင် အရှေ့မဲဆန္ဒနယ်မှာ ပြိုင်ဘက်တွေက ဖဆပလ က ဦးကျော်ငြိမ်း(ညောင်လေးပင်)ပထစ က ရှေ့နေဦးမောင်တင်(တချို့ မဆလာမောင်တင်လို့လည်းခေါ်တယ်) သူက ပဲခူးသား၊ ပဲခူးကပါ အရွေးခံတယ်။ ညောင်လေးပင်မှာ သူ့ကို မသိတဲ့လူမရှိ။ ညောင်လေးပင်မှာ လူသိများထင်ရှားပြီးသြဇာရှိတဲ့ ဦးထွန်းလှိုင်တို့ရှိတယ်။ သူတို့ကိုမရွေးပဲ ပထစ က ဦးတင်မောင်ကို အရွေးခံခိုင်းတာ။ ပမညတကတော့ လူထုဦးတင်မောင်။

တနေ့ ဦးနု၊ ဒေါ်ခင်ကြည်တို့ ညောင်လေးပင်ကို ရောက်လာကြတယ်။ အဲ့ဒီအချိန်မှာ ညောင်လေးပင်အချုပ်ထောင်ထဲက ဦးညိုမြထွက်လာ ပါတယ်။ ဦးညိုမြက စာရေးသူတို့ကို တွေ့ချင်တယ်ဆိုလို့သွားတော့ ဦးညိုမြရယ်၊ ဒေါ်ခင်ကြည်ရယ်၊  ဦးနုရယ်တွေ့တယ်။ ဦးညိုမြက စာရေးသူနဲ့ ဦးနု၊ ဒေါ်ခင်ကြည်တို့နဲ့ မိတ်ဆက်ပေးပါတယ်။ အကြောင်းရင်းကတော့ ရွေးကောက်ပွဲကိစ္စပါ။ အာလာပသလ္လပစကား ခဏပြောပြီး ရွေးကောက်ပွဲကိစ္စ ဆွေးနွေးကြပါတယ်။ ပထမဆုံး ဒေါ်ဒေါ်က နယ်မြေအနေအထားနဲ့ ပြည်သူလူထုတွေရဲ့အခြေအနေကို မေးပါတယ်။ ပြီးတော့ စာရေးသူရဲ့သဘောထား မေးပါတယ်။ “ဒေါ်ဒေါ် အခုရွေးကောက်ပွဲမှာ ဦးတင်မောင်အနိုင်ရရေး လိုက်လုပ်နေတာဟာ ရာထူးပါဝါ အာဏာရရေးမဟုတ်ပါဘူး။ ငြိမ်းချမ်းရေးအတွက်လုပ်နေတာပါ။ ပြည်တွင်းငြိမ်းချမ်းရေးမရှိပဲနဲ့ တိုင်းပြည်ပြန်လည်ထူထောင်ရေး လုပ်တာဟာ လုံးဝအဓိပ္ပာယ်မရှိပါဘူး သမင်မွေးရင်းကျားစားရင်း ဆိုသလိုဖြစ်မှာပါပဲ။

နောက်တခုက စစ်ကျရောက်ဒေသက ပြည်သူတွေဟာ စစ်ဘေးစစ်ဒဏ်နဲ့ အတိဒုက္ခရောက်ကြရတယ်။ ဒဏ်ရာအနာတရ ရကြတယ်။ နောက် အသက်သေကြရရှာတယ်။ မိကွဲ ဖကွဲ မိသားစုကွဲဖြစ်ရတယ်။ အိုးအိမ်စည်းစိမ်တွေ မီးလောင်ပျက်စီး ဆုံးရှူံးကြရတယ်။ စစ်နဲ့ဝေးသူတွေလည်း မသက်သာဘူး။ အခွန်ထမ်းပြည်သူတွေရဲ့ အခွန်ဘဏ္ဏာတွေဟာ ဆေးရုံ စာသင်ကျောင်း စတာတွေအတွက် သုံးရမယ့်အစား ကျည်ဆန်ဖိုး၊ လက်နက်ခဲယမ်းတွေ ဝယ်ယူရာမှာ အသုံးပြုခံနေရတယ်။ ဒါ့ကြောင့် ဝန်ကြီးချုပ်က ပထစအစိုးရဖြစ်ရင် ငြိမ်းချမ်းရေးအတွက် ဆောင်ရွက် မယ်လို့ အတိအလင်း ကြေငြာထားတာပဲ။ ဒီတော့ ဒီရွေးကောက်ပွဲမှာ ပထစအနိုင်ရမှဖြစ်မယ်။ ဖဆပလသာ အနိုင်ရသွားရင် တိုင်းပြည်တော့ သံဃာစင်ပါ မှောက်မှာ။ ဒါကိုလည်း ပမညတကလူကြီးတွေ သိတယ်။ ဒါ့ကြောင့် ပမညတခေါင်းဆောင်တွေက ပထစခေါင်းဆောင်တွေနဲ့  ထိပ်တိုက်အရွေးမခံရေး ကြွေးကြော်ခဲ့ကြတာပေါ့။ ဒေါ်ဒေါ်တို့ စိုးရိမ်တာက မဲတွေပြန့်ပြီး ကွဲသွားမှာစိုးတယ်။ ဒါ့ကြောင့် ပမညတ နိုင် နိုင်ခြေ ရှိရင် နိုင်အောင်လုပ်ပါ။ အကယ်လို့ နိုင် နိုင်ခြေမရှိဘူးဆိုရင်တော့ ဖဆပလထဲ မဲရောက်သွားမှာ စိုးရိမ်တယ်။ ဦးတင်မောင်ဆိုတာကလည်း ဒီဒေသနဲ့ စိမ်းနေတယ်။ ဒါ့ကြောင့် ဒီဒေသကမဲတွေ လူထုဦးတင်မောင်ရရင် ရ၊ မရရင် ဦးမောင်တင်ကို ဝိုင်းဝန်းကူညီပါလို့ တိုက်တွန်း ချင်တယ်။ ဖဆပလထဲတော့ လုံးဝ ထည့်လို့မဖြစ်ဘူးမို့လား” (ဆက်ရိုက် ဆက်တင်ပေးပါ့မယ်)

0 comments:

Post a Comment