Sunday, September 23, 2018

အနေအထိုင်(မျိုးမြင့်ချို)

0 comments
နိုင်ငံသားဖြစ်သွားကတည်းက အမေရိကန်ပြည်ထောင်စုကို ငါ့နိုင်ငံလို့သုံးပါတယ်။ ဗမာပြည်ကိုတော့ ငါ့ဇာတိချက်ကြွေလို့ ပြောပါတယ်။ မွေးဖွားကြီးပြင်းခဲ့ရာချက်မြုတ်မြေမှာ ခေါင်းချနိုင်ပါ့မလားကတော့ မရေမရာ။ ချစ်သူကို ချစ်တတ်ဖို့၊ မိတ်ဆွေကို မင်တတ်ဖို့၊ ရန်သူကို မုန်းတတ်ဖို့ သင်ယူတတ်မြောက်ခဲ့တာ အဲ့ဒီဇာတိမြေမှာပါ။ ငယ်ဘဝကို တခါတခါ တမ်းမိသလို ငယ်ကျွမ်းကိုလည်း မှတ်မှတ်ထင်ထင် လွမ်းတဲ့အခါရှိတာပါပဲ။

တကယ်တော့ ဘဝဆိုတာ ဘဝလိုနေရ ဖြတ်ရတာပါပဲ။ ကျတဲ့နေရာ ရွက်ကျပင်လို ပြန်ပြန်ပေါက်ရင်း ရှင်သန်နေရတာပါပဲ။ ရှင်နေရတာကောင်းတယ်ဆိုပေမယ့် အသေလည်းပျော်ချင်တာပါပဲ။ ပြည်ချစ်စိတ်ရှိပေမယ့် တလွဲဆံပင်ကောင်း အစွန်းရောက်မျိုးချစ်စိတ်ကိုတော့ စက်ဆုပ်တယ်။ ဇာတိပြည်အတွက် ဘာလုပ်ပေးမယ်မပေးဘူးကို တခါဘူးမှ မတွေးဖူးပါ။ 

ကိုယ့်ထမင်း ကိုယ်ရှာစားရင်း နိုင်တာလေးတွေ ကောင်းမယ်ထင်တာလေးတွေ နိုင်သလောက်လုပ်ပါတယ်။ လုပ်ခဲ့ပါတယ်။ ခုလည်း ရေးပါတယ် ပြောပါတယ်။ လူအများကြီးထဲနေရတာ စိတ်မသက်မသာဖြစ်တတ်ပါတယ်။ မွန်းကျပ်သလို ခံစားရပါတယ်။ စကားမတူသူတွေကြားဆို ပိုအနေရကျပ်ပါတယ်။ နိုင်ငံရေးမတူသူတွေနဲ့ဆို အနေရခက်ပါတယ်။ မကြားချင်တဲ့စကားကို စိတ်ရှည်ရှည်နဲ့နားထောင်တတ်ဖို့ မယဉ်ကျေးပါ။ မပြောချင်တဲ့စကားကိုလည်း နှုတ်ကမထွက်မိအောင် သတိထားပါတယ်။ ထားတဲ့ကြားက ထွက်ထွက်သွားလို့ မိတ်ပျက်ပေါင်းလည်းများပါတယ်။ အပေါင်းအသင်းနည်းပါတယ်။ 

စကားတူရင် မိုးတလင်းပြောပါတယ်။ နားထောင်ပါတယ်။
မျိုးမြင့်ချို(စက်တင်ဘာ ၂၂၊ ၂ဝ၁၈)

0 comments:

Post a Comment