ခိုးဆိုးလုယက်တွေရဲ့ရန်ကိုကာကွယ်ဖို့
အရပ်ထဲကလူတွေ တုတ်တွေ ဓားတွေကိုင်ပြီး စောင့်ကြပ်ကြတယ်။ ကင်းလှည့်ကြတယ်။
မိလာခဲ့ရင် ရဲစခန်း သွားအပ်တယ်။ ဒါကို ကိုယ်ထူကိုယ်ထ လုံခြုံရေးဆိုပြီး
သညာပြုကြတယ်။
ဒီနေရာမှာပြောချင်တာက တရားဥပဒေစိုးမိုးရေးလည်း မဟုတ်ပါ။ ရဲတွေအကြောင်းလည်း မဟုတ်ပါ။ ပြည်သူ့ဘဝလုံခြုံရေးအတွက်တာဝန်ရှိတဲ့ အာဏာပိုင်အဖွဲ့အစည်းအဆင့်ဆင့်နဲ့ အစိုးရအကြောင်းလည်း မဟုတ်ပါ။ ဘာလို့ ဒီအကြောင်းတွေမပြောရလဲဆို ဒီအကြောင်းတွေ၊ ဒီလူတွေနဲ့ ဒီအစိုးရအကြောင်း လူတိုင်းသိပြီးသားဖြစ်နေလို့ပါ။ ပြောချင်တာက ကိုယ်ထူကိုယ်ထလုံခြုံရေးအကြောင်းပါ။
ရပ်ကွက်ထဲမှာ ညဘက် သူခိုး သူခိုးဟေ့ဆိုရင် အရင်ဆုံး ရှေ့ဆုံးက သူခိုးထွက်လိုက်တဲ့အထဲမှာ လူလည် လူနပ်တွေ၊ ကိုယ့်အသားနာမှာ ကြောက်တဲ့သူတွေ မပါပါဘူး။ သူခိုးလိုက်နေတုန်းမှာ နောက်နားကနေ မယောင်မလည် လူလုံးပြတာလောက်လုပ်ပြီး သူခိုးမိမှ လက်နှိပ်ဓာတ်မီး တဝင်းဝင်းနဲ့ အနားကပ်လာပြီး ဟောင်ဖွာဟောင်ဖွာ လုပ်တတ်တာ၊ သူခိုးဖမ်းသူတွေကို ချီးမွမ်းတာ အဲ့လိုလူတွေများပါတယ်။ ရှေ့ဆုံးက သူခိုးထွက်လိုက်သူတွေ အများစုဟာ ဇ ရှိတဲ့။ လက်ယဉ်တဲ့၊ တုံးတိုက်တိုက် ကျားကိုက်ကိုက် လုပ်တတ်တဲ့သူတွေပါ။ တုတ်မကြောက် ဓားမကြောက်တွေပါ။ တခါတလေများ ရိုက်မှုနှက်မှု လူသတ်မှုစတာတွေနဲ့ ထောင်ကျဖူးသူတွေတောင် ပါတတ်ပါတယ်။ သူခိုးမိတဲ့အခါ ဒီလူတွေ သူရဲကောင်းတွေလို အချီးကျူးခံရပါတယ်။ တကယ် သတ္တိဗျတ္တိရှိတဲ့ လုပ်ရဲကိုင်ရဲတဲ့သူတွေလည်း သူခိုးလိုက်ရာမှာ ရှေ့ဆုံးကပါတတ်ပါတယ်။ ဒါပေမယ့် နည်းပါတယ်။
လူဆိုးလူမိုက်တွေ အမူးသမားတွေလည်း သူတို့ လိုဘနဲ့ယှဉ်ပြီး သူ့နေရာနဲ့သူ လူတွေကောင်းကျိုး ကျွဲကူးရေပါဆောင်တတ်တဲ့အကြောင်း ပြောပြပါမယ်။ ဂျပန့်ခေတ် လူတွေကျပ်တည်းနေချိန် ရောဂါဘယတွေထူပြောနေချိန်ကြီးမှာ မြစ်ဝကျွန်းပေါ်က ရွာတရွာမှာ ကာလဝမ်းရောဂါ ကျတယ်။ ရောဂါ အကူးစက်မခံရသေးတဲ့လူတွေ မိသားစုဝင်တွေက ရွာပြင်ထွက်သူထွက်၊ ရွာနီးချုပ်စပ်ရွာတွေဘက် ကူးလိုကူး လုပ်ကြတယ်။ အဲ့ဒီအချိန်မှာ ရောဂါကူးပြီးသားလူတွေချည်း ရွာထဲကျန်ခဲ့တာမဟုတ်ဘူး။ ရောဂါမကူးသေးတဲ့လူတွေ၊ ရောဂါမကူးသေးတဲ့အပိုင်းက မိသားစုတွေလည်း ရွာထဲမှာကျန်ခဲ့တယ်။ ကျန်နေခဲ့သူတွေအများစုက သက်ကြီးရွယ်အိုတွေ၊ လမ်းကောင်းကောင်း မလျှောက်နိုင်သူတွေ၊ အဖိုးအဖွားတွေများတယ်။ နောက်မှတခေါက် ပြန်ခေါ်မယ်လို့ဆိုပြီး အရင်ဆုံး သန်မာသူတွေက ထွက်ချလာကြတာ။ မကူးသေးတဲ့လူတွေကို တတ်နိုင်သမျှ ရွာပြင်ထုတ်တာလုပ်သလို ကူးပြီးသားလူတွေကိုလည်း ကျန်းမာရေးဝန်ထမ်းတွေက စောင့်ရှောက်ကြတယ်။ ဒါပေမဲ့ ရောဂါ ကူးစက်မှုနှုန်းက မတရားမြန်တော့ ကျန်းမာရေးဝန်ထမ်းတွေ မျက်စေ့ရှေ့တင် လူတွေသေလိုက်ကြတာမှ သောက်သောက်လဲ။ ကျန်းမာရေးဌာနက နိုင်သလောက်စောင့်ရှောက်ပေမယ့် ရောဂါမီးတောက်က ကြီးတော့ နောက်ဆုံးလက်လျှော့ပြီး ရွာကို အာဏာပိုင်တွေလက် အပ်လိုက်ရတယ်။ အာဏာပိုင်တွေက ရွာကို စည်းရိုးခတ်ပြီး အပြင်ကလူ အထဲမဝင်ရ၊ အထဲကလူ အပြင်မထွက်ဆိုပြီး လုပ်တယ်။ အကြောင်းပြချက်က တခြားရွာတွေပါ မကူးစက်စေဖို့။
ဒီတော့ ရွာထဲမှာကျန်နေတဲ့ သက်ကြီးရွယ်အိုတွေ မသန်မစွမ်းတွေကို အပြင်ထုတ်ဖို့ ဒါမှမဟုတ် သူတို့ကိုယ်တိုင် ရွာပြင်ထွက်လာဖို့ အခွင့်အလမ်းက မရှိတော့ဘူး။ တမိသားစုထဲကဘဲ မီသားစုဝင်တချို့ ရွာထဲမှာ ကျန်သူကျန်၊ အပြင်ရောက်သူရောက်တွေ ဖြစ်ကြတယ်။ မကူးသေးတဲ့အပိုင်းက လူတွေလည်း ရွာထဲမှာ အများကြီးရှိနေတယ်။ သူတို့လည်း အချိန်မရွေး ရောဂါကူးနိုင်တဲ့အခြေအနေ ရှိနေတယ်။ ရွာကိုပိတ်ထားတော့ အဲ့လူတွေလည်း အပြင်ထွက်လို့မရတော့ဘူး။ ဒီတင် ရွာပြင်ရောက်နေတဲ့သူတွေထဲက၊ အခြားရွာနီးချုပ်စပ်ရွာတွေထဲက အရက်သမားတွေက သူတို့ကို အရက်ဝအောင်သာတိုက် လုံခြုံရေးတွေမသိအောင် ခြံစည်းရိုးဖေါက်ပြီး ရောဂါမကူးသေးတဲ့လူတွေကို အပြင် ရအောင်ခိုးထုတ်ပေးမယ်လို့ဆိုတယ်။ ဒီတင် အပြင်ရောက် ရွာသားတွေက ငွေစုပြီး အရက်သမားတွေကို အရက် တဝတိုက်တယ်။ အမူးသမားတွေ မူးလာတော့ လုံခြုံရေးတွေမသိအောင် စည်းရိုးကိုဖေါက်ဖေါက်ပြီး ရောဂါမကူးသေးတဲ့ လူသန်မာတွေကိုရော။ သက်ကြီးရွယ်အိုတွေကိုရော မိသားစုလိုက် တဦးချင်းလိုက်တွေ ရွာအပြင်ကို ခိုးထုတ်ပေးတယ်။ ၃ ရက်လောက် ညတိုင်းဆက်တိုက် အဲ့လိုလုပ်လိုက်တော့ ရောဂါမကူးသေးတဲ့မိသားစုတွေ သက်ကြီးရွယ်အိုတွေ ရွာပြင်ရောက်ပြီး အသက်ချမ်းသာရာ ရကြတယ်။
ဒါကိုပြောပြတာက ၁၉၈ဝ လောက်က အရာရှိအဆင့် စစ်သူနာပြုဆရာမကြီးတယောက်ပါ။ သူက အင်္ဂလိပ်ခေတ်အစွန်းအဖျားနဲ့ ဂျပန့်ခေတ်ကို ကောင်းကောင်းမီခဲ့သူပါ။ သူ့ဇာတ်လမ်းချုပ်တော့ မောင်မျိုးမြင့်ရေ လောကမှ လူဟာ သူ့နေရာနဲ့သူ သူ့လိုဘနဲ့သူယှဉ်ပြီး အကျိုးတော့ပြုတတ်တာဘဲလို့ ကောက်ချက်ချပြတယ်။ အင်း..ဟုတ်သားလို့ ကျနော်လည်း တွေးမိတယ်။
၈၈ အရေးတော်ပုံကာလတုန်းကလည်း အုပ်ချုပ်ရေးပျက်ပြားနေချိန်မှာ ရပ်ကွက်ထဲ ဝင်လုယက်မယ့်သူတွေ ဓားပြတိုက်မယ့်သူတွေ ရှိလာခဲ့ရင်တွေးပြီး ကိုယ်ထူကိုယ်ထ ရပ်ကွက်လုံခြုံရေးလုပ်ရတယ်။ အဲ့ဒီအထဲမှာ အရင်က ဇ ရှိခဲ့လူတွေ၊ လက်ရဲဇက်ရဲရှိတဲ့လူတွေ၊ ရပ်ကွက်ထဲမှာ ရမ်းကားတတ်တဲ့လူတွေ (လုယက် လူသတ်မှု ကျူးလွန်ဖူးသူတွေတောင် ပါတယ်)ကို ပါခွင့်ပေးပြီး ထည့်ဖွဲ့ရတယ်။ တရပ်ကွက်လုံးအရေး ဆိုတော့ သူတို့အရေးလည်းပါတာကို ဒီလူတွေသိတယ်။ ဒါ့ကြောင့် ရပ်ကွက်ကို ပြန်မရမ်းကားဘူး၊ ရပ်ကွက်ပြန် ဗိုလ်မကျဘူး။ ကင်း တနေရာရာက မင်္သကာလို့ တုံးခေါက်လိုက်ရင် ရှေ့ဆုံးကထွက်လာတာ သူတို့ချည်းဘဲ။ ရပ်ကွက်က အားကိုးရတဲ့အနေအထားပေါ့။ နောက် စစ်အာဏာပြန်သိမ်းသွားတော့ သူတို့လည်း သူတို့ဘဝအနေအတိုင်း ပြန်နေကြတာပါဘဲ။ အုပ်ချုပ်ရေးပျက်ပြားတဲ့ အခြေအနေ အကြာကြီးဆက်ဖြစ်နေမယ်ဆိုရင်တော့ ဘယ်လိုဆက်ဖြစ်မယ် မပြောတတ်ပေမယ့် ဒီ ခနတာအတွင်းတော့ ဒီလူတွေဟာ ရပ်ကွက်အကျိုး သယ်ပိုးခဲ့ကြတာပါ။
ခုဖွဲ့ကြတယ်ဆိုတဲ့ ကိုယ်ထူကိုယ်ထလုံခြုံရေး ဆိုတဲ့အထဲမှာလည်း အပေါ်ကပြောတဲ့လူတွေ မပါဘူးလို့ မဆိုနိုင်ဘူး။ လုယက်တဲ့လူကို သေနတ်မရှိတဲ့အရပ်သားက ဝင်ဖမ်းတယ်ဆိုတာ အန္တရာယ် အတော်များတယ်။ လုယက်သူတွေလက်ထဲမှာ လက်နက်တွေ ပါကိုပါတယ်မဟုတ်လား။ ဒီတော့ တော်ရုံ ဇ နဲ့၊ တော်ရုံ လက်ရဲဇက်ရဲရှိရုံနဲ့၊ တော်ရုံသတ္တိ ဗျတ္တိရှိရုံနဲ့မရဘူး။ တကယ့်ကို လက်ယဉ်မှ (တခါတလေ) မိုက်မိုက်ကမ်းကမ်းလုပ်နိုင်မှ တော်ရုံကျတတ်တာကိုး။ ဆိုတော့ ဇ ရှိသူတွေ၊ လက်ယဉ်သူတွေ၊ ဇက်ရဲလက်ရဲသမားတွေကို အခြားလူတွေက အားပြန်ကိုးရမှာဘဲ။ လူလည် လူနပ်တွေ၊ အသားနာမှာကြောက်တဲ့ လူတွေကတော့ လက်နှိပ်ဓာတ်မီးကိုင်ပြီး ကိုယ့်အိမ်ဝက ကြည့်နေမှာဘဲ။
ဒီတော့ ဒီ ကိုယ်ထူကိုယ်လုံခြုံရေးလည်း ၈၈ အရေးတော်ပုံကာလ က လုံခြုံရေးယူတဲ့သဘော နည်းနည်းဆန်လာတယ်။ ဒါပေမယ့် အကြောင်းနောက်ခံနဲ့အခြေအနေက ၈၈ တုန်းကနဲ့မတူဘူး။ လုံးဝခြားနားတယ်။ ဟိုကလတုန်းက အုပ်ချုပ်ရေးပျက်နေတယ်။ ဘာ တရားဥပဒေမှမရှိဘူး။ ဘာ တရားဥပဒေစိုးမိုးမှုမှမရှိဘူး။ ဘယ်သူမှလာပြီး ရပ်ကွက်လုံခြုံရေးယူမပေးနိုင်ဘူး။ ခုဟာက အစိုးရရှိတယ်။ (မကြိုက်ဦးတောင်) ဥပဒေဆိုတာက ရှိနေတယ်။ တရားဥပဒေစိုးမိုးရေးလုပ်ရမယ့် ရဲတပ်ဖွဲ့အပါအဝင် အာဏာပိုင်တွေရှိနေတယ်။ အဲ့ဒါတွေရှိနေတဲ့ကြားက အရပ်ထဲကလူတွေ ကိုယ့်အရပ်ကိုယ့်ဒေသလုံခြုံရေး လုပ်နေကြရတာဖြစ်တယ်။ ဒီအခြေအနေကြီးက ဘယ်လောက်ထိဆက်ဖြစ်နေ ကြာနေဦးမလဲတော့ မပြောတတ်။
အချိန်ကြာ ကြာသလောက်မကောင်းဘူး။ လုံခြုံရေးလုပ်နေသူတွေက တစုတဖွဲ့၊ လုယက်သူတွေက တစုတဖွဲ့ဖြစ်လာနိုင်တယ်။ လုယက်သူတွေဘက်ကလည်း ခုလို တယောက်ချင်း နှစ်ယောက်ချင်း လုယက်နေတာထက် အုပ်စုကြီးတွေ ဂိုဏ်းကြီးတွေထောင်ပြီး ကျူးလွန်လာနိုင်တယ်။ ဒါဆို အုပ်စုချင်း တိုက်ရတော့မယ့်သဘော ဖြစ်လာမယ်။ သွေးထွက်သံယိုတွေများလာမယ်။ ဥပဒေစိုးမိုးရေး ခုထက် ပိုပျက်လာမယ်။ လုံခြုံရေးတွေရဲ့အရေးပါမှုနဲ့ အရာရောက်မှုက ပိုကြီးလာမယ်။ တရားဝင်အဖွဲ့အစည်း မဟုတ်တော့ စည်းမျဉ်းစည်းကမ်းတွေလည်း မရှိနိုင်ဘူး။ ကြာရင် တယောက်တပေါက်တွေ ဖြစ်လာမယ်။ အုပ်မနိုင်စည်းမရတွေဖြစ်လာမယ်။ လုံခြုံရေးတွေထဲကဘဲ ဇ ပိုရှိတဲ့လူ လက်ပိုယဉ်တဲ့လူတွေ ရှေ့တန်းရောက်လာမယ်။ လူတွေ အားအကိုးခံရမှု အပေါ် အခွင့်ကောင်းယူပြီး လူတွေအပေါ် ပြန်ဗိုလ်ကျလာနိုင်တယ်။ အကျိုးဆက် မကောင်းတာတွေ ဖြစ်လာနိုင်တယ်။
တည်ဆဲဥပဒေအရ မကိုင်ရလို့ တားမြစ်ထားတဲ့လက်နက်တွေကို လူဆိုးသူခိုးတွေကကိုင်နေသလို လူဆိုးရန်ကိုကာကွယ်ဖို့ ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ အခြားလူတွေကလည်း ကိုင်နေကြရတယ်။ ဥပဒေရှုထောင့်ကကြည့်ရင် ၂ ဘက်လုံး ဥပဒေချိုးဖေါက်တာဘဲ။ ဒါကို ဘာနဲ့သွား အရေးယူမလဲ။ မိမိလုံခြုံရေး မိမိဘာသာယူနေရတဲ့လူတွေရဲ့လက်ထဲက လက်နက်ကိုသွားသိမ်းရင် လက်နက်ကိုင် လူဆိုးတွေရဲ့ အနိုင်ကျင့်ခံရဖို့ဘဲရှိတယ်။ လူဆိုးတွေရှေ့ သိုးသူငယ်တွေလို လည်စင်းခိုင်းလိုက်သလို ဖြစ်မယ်။
လုံခြုံရေးထဲမှာပါတဲ့ ဇ ရှိသူ၊ လက်ယဉ်သူတွေက ဂျပန့်ခေတ် ကာလဝမ်းကျတုန်းက အရက်သမားတွေလို ဟုတ်ပါ့မလားကလည်း တွေးစရာပါ။ ၈၈ ကာလ အုပ်ချုပ်ရေးပျက်တာကလည်း ခနပါ။ စစ်အာဏာ ပြန်သိမ်းတော့ ဟိုလူတွေ သူ့နေရာသူပြန်ရောက်သွားတယ်။ ခုအခြေအနေက ဒီအတိုင်း ဆက်ဖြစ်နေစရာမြင်တယ်။ ဆိုတော့ လုံခြုံရေးထဲက ဇက်ရဲလက်ရဲသမားတွေ ရှေ့ရောက်လာပြီး လူတွေအပေါ် ဗိုလ်ပြန်မကျဘူးလို့ ဘယ်သူမှအာမ မခံနိုင်ဘူး။ ရပ်ကွက်ဒေသလုံခြုံရေးကို ပညာတတ်တွေ ဆင်ခြင်တုံတရားရှိသူတွေ တရားမျှတမှုလိုလားသူတွေ ဘယ်လိုဘဲ ဦးဆောင်တယ်ပြောဦး တကယ်တမ်း သတ်ရဖြတ်ရ ထိုးရခုတ်ရမှာဆို ဟိုလူတွေနဲ့ယှဉ်မမိုက်ဝံ့ဘူး။ အသာ နောက်ဆုတ်နေမှာဘဲ။ ဒီတော့ ပိုပြီး အထိမ်းအကွပ်မရှိဖြစ်လာမယ်။
လာ လုယက်သူကို ဟန့်တားရင်း ကာကွယ်ရင်း မတော်တဆ သွေးထွက်သံယိုတွေ လူသတ်မိတာတွေဖြစ်လာရင် လုံခြုံရေးသမားတွေ ရာဇဝတ်မှုနဲ့အရေးယူခံရနိုင်တယ်။
ဒါက ကျနော် တွေးမိသလောက် ပြောပြတာပါ။ ပုံကြီးချဲတာမဟုတ်ပါ။ အားလုံးကို သတ္တုပြန်ချကြည့်ရင် ခုအခြေအနေတွေဖြစ်ရတာဟာ စစ်တပိုင်းအစိုးရနဲ့ စစ်အုပ်စုမှာ တာဝန်ရှိတယ်။ ခုလိုမျိုး တိုင်းပြည်မငြိမ်သက်အောင်၊ လူတွေ ထိတ်လန့်တကြားဖြစ်နေအောင်၊ စစ်တပ်ကို အားကိုးလိုစိတ်တွေ မပေါ် ပေါ်အောင် စစ်အုပ်စုက စနစ်တကျဖန်တီးနေတာကို စစ်တပိုင်းအစိုးရက မဟန့်တားနိုင်ဘူး။ မကာကွယ်နိုင်ဘူး။ ပိုဆိုးတာက ရေငုံနှုတ်ပိတ်နေ နေတာဘဲ။ တခုခုဆို ပြည်သူတွေမှာ တာဝန်ရှိတယ်လို့ ကိုယ့်တာကို လူထုအပေါ်ပုံချနေတဲ့ ဒီ စစ်တပိုင်းအစိုးရလည်း တာဝန်မကင်းဘူး။
မျိုးမြင့်ချို(စက်တင်ဘာ ၅၊ ၂ဝ၁၈)

0 comments:
Post a Comment