Sunday, September 9, 2018

မူမဲ့သူနဲ့လက်တွေလေထဲတန်းလန်း(မျိုးမြင့်ချို)

0 comments
ICC က စစ်ဆေးတာ မဆေးတာ၊ တရားစွဲတာ မစွဲတာကို ဟုတ်သော်ရှိ မဟုတ်သော်ရှိဆိုပြီး ခနထား။ လန့်တဲ့သူတွေလန့်ပြီး စာတွေထုတ် ဘာတွေထုတ်ဖြစ်ကုန်တာတော့ အထင်အရှားဘဲ။ သွေးလန့်ကုန်တာလည်း သိသာတယ်။ ဒီနေရာမှာ စစ်အုပ်စုရော ကြံရာပါတွေရော တကြိတ်ထဲ တဉာဏ်ထဲတွေရော၊ မူမဲ့ရင်ကြားစေ့သမားတွေရော ထိတ်ထိတ်ပြာပြာဖြစ်ကုန်ကြတယ်။

ပြည်တွင်းပြည်ပက ဒီမိုကရေစီရေးခေါင်းစဉ်အောက်ကလှုပ်ရှားပြီး သံရုံးရှေ့၊ လွှတ်တော်ရှေ့၊ သမ္မတအိမ်ကရှေ့၊ ဝန်ကြီးချုပ်အိမ်ရှေ့တွေ သွားသွားပြီး ဒီမိုကရေစီတို့၊ လူ့အခွင့်အရေးတို့၊ အရပ်သားအစိုးရတို့ဆိုပြီး နိုင်ငံရေး လေနဲ့ဝမ်းမကွဲသူတွေနဲ့ စစ်ဒလျှိုဒလန်တွေလည်း နှုတ်ဆွံ့နေကြတယ်။ လက်သီးလက်မောင်း မတန်းဝံ့ဘဲ လက်တွေ လေထဲတန်းလန်းဖြစ်နေကြတယ်။ လူမှုမီဒီယာတွေတက်ပြီး အမည်ဝှက်တွေနဲ့ ရမ်းကားရိုင်းစိုင်းတာတွေလည်း အနမတဂ္ဂ။

ကုလသမဂ္ဂနဲ့ ICC က ရိုဟင်ဂျာ အစ်ရှူးသက်သက် ကောက်ကိုင်တာမဟုတ်ဘဲ လူမျိုးစုဒေသတွေမှာ စစ်တပ်ကကျူးလွန်တဲ့ လူမဆန်တဲ့ပြစ်မှုတွေပါ ကျွဲကူးရေပါ ထည့်ထားတာကြောင့် သူတို့ ငြိမ်နေကြရတာဘဲ။ ရိုဟင်ဂျာအစ်ရှူးသက်သက်ဆိုရင်တော့ ဒီ လေဝမ်းမကွဲသူတွေ အလံရှူးတွေ မျိုးချစ်စိတ်ဆိုပြီး လက်မောင်းကြွက်သားညှစ်ပြပြီး စစ်အုပ်စုကို မျက်နှာလိုမျက်နှာရလုပ်ကြမှာ အသေအချာဘဲ။ ခုတော့ ထွက်ရခက် မထွက်ရခက်နဲ့ ခေါင်းချင်းရိုက်ကုန်ကြတာဘဲ။

ခုနေခါ ICC နဲ့ UN ကို ထော်လော်ကန့်လန့်လုပ်ရင် လူမျိုးစု(တိုင်းရင်းသားတွေ)အပါအဝင် လူထုဆန့်ကျင်ရေးတွေပါ ပြန်ခံရပြီး လူလုံးမလှဖြစ်မစိုးလို့ လက်လျှိုနေကြတာပါ။ အရပ်သားအစိုးရမို့ ထောက်ခံတယ်ဆိုပြီးလုပ်ပြန်ရင်လည်း စစ်အုပ်စုဘက်သားတွေ ဖြစ်ကုန်မှာဘဲ။

ဒေါ်စုဟာ သူကိုယ်တိုင်မှမဟုတ်ဘူး သူ့ကိုမျက်စေ့မှိတ်ထောက်ခံနေသူလည်း ကျဉ်းထဲကြပ်ထဲရောက်ကုန်အောင် လုပ်ပစ်လိုက်တာဘဲ။ သူ့ မူမဲ့တဲ့စေ့စပ်ရေးကြောင့်ဘဲ။ စစ်တပ်ဘက်ပင်းတဲ့နိုင်ငံရေးကြောင့်ဘဲ။

နိုင်ငံရေးမှာ ဘက်ရှိကို ရှိရတယ်။ ဒီ လေဝမ်းမကွဲသူတွေဟာ အရပ်သားအစိုးရဆိုတဲ့ဝါဒဖြန့်မှုပေါ်မှာ ဘုမသိဘမသိ ဘူးလုံးနားမထွင်းတွေများတယ်။ ဘက်ဆိုတဲ့သဘောကို အသေအချာသိပုံမရဘူး။ ဒလျှိုဒလန်တွေကတော့ သူတို့အလုပ် သူတို့ လုပ်မှာဘဲ။ သပ်လျှိုမှာဘဲ သွေးခွဲမှာဘဲ။ သွေးကြဲရင်၊ မူအရသွေးမစည်းရင် သွေးအခွဲခံရမှာဘဲ။

နိုင်ငံရေးမှာ ဘက်ရှိတယ်။ ဘယ်ဘက်ကရပ်သလဲ၊ ဘယ်သူ့အကျိုးစီးပွားအတွက် လုပ်သလဲဆိုတာက သူ့သမိုင်းကိုဆုံးဖြတ်ပေးတာဘဲ။

အချိန်တန်ရင် ဘယ်လောက်ဖုံးဖုံး ရပ်တည်ချက်ဟာ ဘွားကနဲပွင့်ကျတာပါဘဲ၊ အချိန်နဲ့အကျိုးစီးပွားဟာ ဘက်သဘောရပ်ခံချက်ကို၊ ရပ်တည်ချက်ကို၊ မူကို တိုင်းတဲ့ပြဒါးတိုင်ဘဲ။

0 comments:

Post a Comment