ဗမာပြည်ကွန်မြူနစ်ပါတီအထွေထွေအတွင်းရေးမှူးနိုင်ငံရေးအစီရင်ခံစာမှ
၁၅ သြဂုတ် ၁၉၉၄
“၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကို ခြုံငုံသုံးသပ် နိဂုံးချုပ်လုပ်ကာ သင်ခန်းစာ ထုတ်ယူရေး”
လူထုနဲ့ချီပြီး ပါဝင်တဲ့ လှုပ်ရှားမှုကြီးတိုင်းမှာ အတွေ့အကြုံနဲ့ သင်ခန်းစာတွေ ရှိစမြဲပါ။ ဥပမာအဖြစ် ၁၃၀၀ ပြည့် အရေးတော်ပုံရဲ့ သင်ခန်းစာကို တင်ပြပါမယ်။
၁၃၀၀ ပြည့် အရေးတော်ပုံဟာ ရည်မှန်းချက် ပန်းတိုင်အရောက် တကြိုးတည်း မချီတက်နိုင်ခဲ့ပါဘူး ဆုံးရှုံးသွားပါတယ်။
ဒါပေမယ့် အရေးကြီးတဲ့ သင်ခန်းစာ နှစ်ခု ရခဲ့ပါတယ်။
ပထမ သင်ခန်းစာက အင်အား အဆမတန်ကြီးမားတဲ့ ခေတ်သစ်နယ်ချဲ့သမားကို အနိုင်တိုက်ဖို့ဆိုရင် တော်လှန်ရေးသဘောတရား လက်နက်တပ်ဆင်ထားတဲ့ စည်းကမ်း တင်းကျပ်တဲ့ တော်လှန်ရေးပါတီတရပ်ရဲ့ ခေါင်းဆောင်မှု ရှိရမယ်။ အမျိုးသားရေးဝါဒ သက်သက်ကို လမ်းညွှန်ထားကာ လျော့ရဲရဲဖွဲ့စည်းထားတဲ့ ပါတီရဲ့ခေါင်းဆောင်မှုနဲ့ တိုက်လို့ မဖြစ်ဘူး ဆိုတာရယ်...
ဒုတိယ သင်ခန်းစာက ခေတ်မီစစ်တပ်ကို အသုံးပြုပြီး ဖိနှိပ်အုပ်ချုပ်နေတဲ့ နယ်ချဲ့အစိုးရကို အနိုင်တိုက်ချင်ရင် ခေတ်မီအမျိုးသားတပ်မတော်တရပ် ထူထောင်ရမယ်။ လက်နက်မဲ့ ရင်ဆိုင်လို့ကတော့ အနိုင်မရနိုင်ဘူးဆိုတဲ့ သင်ခန်းစာများ ဖြစ်ပါတယ်။
သခင်အောင်ဆန်းရဲ့ ဂုဏ်ကျေးဇူးဟာ ဒီနှစ်ခု ရှိလာအောင် စတင်ထူထောင်ခဲ့သူတွေထဲမှာ ရှေ့ဆုံးက ပါဝင်ခဲ့တဲ့ ကောင်းမှု ဖြစ်ပါတယ်။
မှန်မှန်ကန်ကန် ခြုံငုံသုံးသပ် နိဂုံးချုပ်ပြီး သင်ခန်းစာကောင်းကောင်းထုတ်ကာ ပြင်ဆင်သင့်တာ ပြင်ဆင်၊ မရှိတာ ရှိအောင်လုပ်နိုင်ရင် နောက်ဆုံးမှာ အောင်မြင်မှု ရလာတာပါပဲ။ ဒါကြောင့်လည်း ဆုံးရှုံးမှုဟာ အောင်မြင်မှုအတွက် မိခင်ဖြစ်တယ်လို့ တင်စားပြီး ပြောကြတာပါ။
၁၃၀၀ ပြည့် အရေးတော်ပုံ ၁၀ နှစ်ပြည့်မြောက်တဲ့ အခါကျတော့ ကျနော်တို့ ပြည်သူများဟာ အင်္ဂလိပ် နယ်ချဲ့သမားအပေါ် လွတ်လပ်ရေးအောင်ပွဲ ရလိုက်ပါတယ်။ ၁၃၀၀ ပြည့် အရေးတော်ပုံသာ မရှိခဲ့ရင်၊ အဲဒီ အရေးတော်ပုံက ပေးလိုက်တဲ့ သင်ခန်းစာကိုသာ မှန်မှန်ကန်ကန် မထုတ်ယူနိုင်ရင် ၁၉၄၈ မှာ အောင်ပွဲရမှာ မဟုတ်ပါဘူး။
၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကိုလည်း ခြုံငုံသုံးသပ် နိဂုံးချုပ်လုပ်ကာ သင်ခန်းစာများ ထုတ်ယူရပါမယ်။
သင်ခန်းစာများကို မှန်မှန်ကန်ကန် ထုတ်ယူနိုင်ရင် စစ်အစိုးရ-စစ်အာဏာရှင်စနစ်နဲ့ စစ်ဗျူရိုကရေစီ ယန္တရားတို့ကို နောက်တချီမှာ တိုက်ဖျက်ပစ်နိုင်ပါလိမ့်မယ်။
ဒီမိုကရေစီအစိုးရစစ်စစ်ကိုလည်း ထူထောင်နိုင်ပါလိမ့်မယ်။
ကျနော်တို့ပါတီက ထုတ်ယူရရှိတဲ့ သင်ခန်းစာကို တင်ပြပါမယ်။ ဒါဟာ ဆွေးနွေးဖို့၊ ညှိနှိုင်းဖို့အတွက် အဆိုတခုကို တင်ပြတဲ့သဘောပါ။ အမှန်တရားကို ဝိုင်းဝန်းရှာဖွေကြဖို့ အစပျိုးပေးတာလည်း ဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ် ဝေဖန်ရေးသဘောနဲ့ တင်ပြတာဖြစ်လို့ အမှားနဲ့ ချို့ယွင်းချက်များကိုသာ ဇောင်းပေးပြီး ဖော်ထုတ်တင်ပြမှာပါ။
၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံဟာ ၁၃၀၀ ပြည့် အရေးတော်ပုံနဲ့ နှိုင်းစာရင် လူထုခူတန်းစား လူ့အလွှာများ ပါဝင်မှုဘက်ကပြောပြော၊ စွန့်လွှတ်စွန့်စားရမှု သွေးမြေကျမှုဘက်ကကြည့်ကြည့် အများကြီး ကြီးမားကျယ်ပြန့်ပါတယ်။
ဒီအရေးတော်ပုံကြီး ပေါက်ကွဲလာစေဖို့ ကျနော်တို့ပါတီဟာ အစောကြီးကတည်းက အားထုတ်လုံးပမ်းခဲ့ပါတယ်။ ပါတီရဲ့ သားကောင်းသမီးကောင်း အမြောက်အများကိုလည်း ပေးလှူခဲ့ရပါတယ်။ အရေးတော်ပုံရဲ့ အစ အလယ် အဆုံး တိုက်ပွဲစဉ်များမှာလည်း စွန့်လွှတ်စွန့်စားပြီး ပါဝင်ခဲ့ပါတယ်။
အခြေအနေ အချက်အလက်များ မရင့်မှည့်သေတဲ့ကာလ ဖြစ်တဲ့အတွက် အစောပိုင်းက လှုပ်ရှားမှုများဟာ ကြီးမားကျယ်ပြန့်တဲ့ လှုပ်ရှားမှုကြီးအဖြစ် မရောက်ရှိခဲ့ပါဘူး။ (အခြေအနေ ရင့်မှည့်မှုနဲ့ ပတ်သက်ပြီး အထက်မှာ တင်ပြခဲ့ပြီးပါပြီ။)
၁၉၈၇ ခုနှစ်မှာ ငွေစက္ကူတွေ တရားမဝင် ကြေညာတဲ့အချိန်ကတောင်မှ အုံကြွမှုကြီး ပေါ်ပေါက်မလာခဲ့ပါဘူး။
ဒီလိုအခြေအနေမျိုးမှာတောင်မှ လူထုအုံကြွမှုကြီး ဖြစ်မလာတော့ ဗမာပြည်အရေးကို စောင့်ကြည့် အကဲခတ်နေကြတဲ့ အနောက်တိုင်းက ပညာရှင်တွေက အံ့သြကြပါတယ်။ အခုလိုလည်း သုံးသပ်ကြပါတယ်။ “ရှေ့ဆောင်လှုပ်ရှားမည့် ခေါင်းဆောင် မရှိလို့” “ဘာသာရေး အလွန်ကိုင်းရှိုင်းတဲ့ လူထုဖြစ်လို့ သည်းခံစိတ် မြင့်မားလွန်းလို့”
သူတို့တိုင်းပြည်တွေမှာလိုဆိုရင် ဒါမျိုးလုပ်တဲ့အစိုးရ ခုနှစ်ရက် မခံဘူး၊ ပြုတ်ကျတယ် လို့လည်း ပြောကြပါတယ်။
ဗမာပြည်တွင်းက အခြေအနေကို အတွင်းကျကျ မသိလို့ သူတို့ ဒီလို ပြောကြ သုံးသပ်ကြတာပါ။
၁၉၈၈ မှာ အုံကြွပေါက်ကွဲမှုကြီး ဖြစ်လာတော့မှ သူတို့ အံ့အားသင့်သွားပါတယ်။
သူတို့သုံးသပ်တဲ့ ခေါင်းဆောင်မှု မရှိလို့ ဆိုတာကတော့ တပိုင်းမှန်ပါတယ်။ ဒါပေမယ့် အနှစ်သာရကျကျ စဉ်းစားကြည့်ရင် လူထုအုံကြွမှုကို ခေါင်းဆောင်က အချိန်မရွေး အခြေအနေမရွေး အမြဲတမ်း ဖန်တီးနိုင်တာ မဟုတ်ပါဘူး။ လူထုအုံကြွမှုကသာ ခေါင်းဆောင်ကို ဘယ်အချိန်မှာမဆို ဖန်တီးနိုင်ပါတယ်။
၁၉၈၈ လူထုအုံကြွမှုကြီးအတွင်းမှာ ခေါင်းဆောင်မှုနေရာကို ရယူဖို့ အားထုတ်သူတွေ မနည်းပါဘူး။ “ဒီမိုကရေစီ ဖခင်ကြီး”လို့ ကိုယ့်ကိုကိုယ် ဖော်ပြီး ထွက်လာတဲ့ ဦးအောင်ကြီး လိုလူတောင် ရှိပါတယ်။ ဒါပေမယ့် လူထုက (လူငယ်-လူကြီး အားလုံးက) တညီတည်းလောက် ရွေးခြယ်ဖန်တီးလိုက်သူက တခြားတယောက် ဖြစ်သွားပါတယ်။
ဘေးမှာ ကွန်မြူနစ်တွေ ဝိုင်းရံနေတယ်၊ ထုတ်ပစ်ရမယ် စသဖြင့် ဦးအောင်ကြီးက သဲနဲ့ပက်တာ လုပ်လာပါသေးတယ်။အခုတလောမှာလည်း နဝတ ဗိုလ်ခင်ညွန့်က ကွန်မြူနစ်တွေက ဝိုင်းရံတဲ့နည်းနဲ့ တင်လို့ ခေါင်းဆောင်ဖြစ်လာတာ၊ နိုင်ငံခြားကသာ အထင်ကြီး ထောက်ခံတာ စသည်စသည်ဖြင့် အပုပ်ချပါတယ်။ ဦးအောင်ကြီးရဲ့ လေကို လိုက်ပြီး ပြောတာပါ။ ဒီစကား စခဲ့သူက ဦးအောင်ကြီးပါ။
ဦးအောင်ကြီးရဲ့ စာစောင်တွေ အားလုံးမှာ မကွယ်မဝှက် ပါနေတဲ့အချက်အရ သူလိုလားတာဟာ စစ်အစိုးရ - စစ်အုပ်စု အာဏာရှင်စနစ် - စစ်ဗျူရိုကရေစီယန္တရားကို ဖျက်သိမ်းရေး မဟုတ်ပါဘူး။ ဦးနေဝင်းက နံပါတ်တစ်အဖြစ် သမ္မတ လုပ်ပြီး သူက ဝန်ကြီးချုပ် လုပ်ချင်တာပါ။
ဗိုလ်တင်ဖေက စိတ်မနှံ့သူ၊ ဝန်ကြီးချုပ် လုပ်ခဲ့ကြတဲ့ ဗိုလ်စိန်ဝင်း၊ ဦးမောင်မောင်ခ၊ သူရဦးထွန်းတင်တို့က အရည်အချင်းမရှိသူတွေ၊ ဂျပန်အစိုးရကလည်း မကြည်ဖြူသူတွေ၊ သူသာ အထိုက်တန်ဆုံးဆိုတာ ပါပါတယ်။
တပ်က ထွက်ပြီး ဖဆပလ ဥက္ကဋ္ဌ လုပ်မယ်ဆိုတော့ ဗိုလ်အောင်ဆန်းက ဗိုလ်နေဝင်းကို ဖယ်ထားပြီး သခင်ဗဟိန်းကို တပ်ရဲ့ ဦးစီးဦးကိုင်အဖြစ် စစ်ဦးစီးချုပ်နေရာ ပေးတော့ သူက မကျေမနပ်ဖြစ်ပြီး ဗိုလ်နေဝင်းဘက်က ရပ်ခဲ့သူပါဆိုပြီး ဗိုလ်နေဝင်းကို မျက်ရည်ခံ ထိုးတာလည်း ပါပါတယ်။ ဗိုလ်နေဝင်းရဲ့ သစ္စာရှိ ကျွန်ယုံတော်ဆိုတာကို ယုံကြည်ပါလို့ ရေးထားတာပါ။
စစ်တပ်က လူထုကို သွေးချောင်းစီးအောင် ပစ်သတ်နေတော့လည်း “တပ်မတော်ကို စိတ်နဲ့တောင် မပြစ်မှားနဲ့” လို့ ပြောခဲ့သူပါ။
အဲဒီလိုလူမျိုးကို လူထုက ခေါင်းဆောင်နေရာ မပေးတာလည်း မဆန်းပါဘူး။
လူထုက သူတို့ကို ခေါင်းဆောင်ပြီး စစ်အစိုးရ - နေဝင်းစစ်အုပ်စုနဲ့ စစ်ဗျူရိုကရေစီ ယန္တရားကို ပြတ်ပြတ်သားသား တိုက်ဖျက်မယ့်သူကိုသာ လိုချင်တာပါ။ သူတို့ကို ခုတုံးလုပ်ပြီး အာဏာကုလားထိုင်မှာ သွားထိုင်မယ့်သူကို မလိုချင်ပါဘူး။
ဦးအောင်ကြီးဟာ ဗမာပြည်ကွန်မြူနစ်ပါတီကို အရိုးစွဲအောင် မုန်းတီးနေသူ၊ ပြီးတော့ ရွံ့ကြောက်ကြီး ဖြစ်နေသူဆိုတာကို ပါတီက သိပါတယ်။ စစ်အစိုးရကို အတိုက်အခံ လုပ်သလိုလိုနဲ့ နိုင်ငံရေး အလံရှူး လုပ်နေတာကိုလည်း သိပါတယ်။ “မင်းမဲ့ဝါဒ ဖြစ်လာပြီ” လို့ဆိုကာ စစ်တပ်အာဏာသိမ်းပွဲလုပ်ဖို့ သူကပဲ စပြီး အချက်ပြခဲ့တယ်ဆိုတာလည်း ပါတီက သိပါတယ်။
ဒါပေမယ့် မဆလ စစ်အစိုးရကို ဖယ်ရှားပစ်ရေးမှာ အားလုံး တလုံးတစည်းတည်း ရှိရေး၊ မကွဲပြဲရေးကို ဦးစားပေးပြီး ပါတီက သည်းခံခဲ့ပါတယ်။
ကျောင်းသားတွေ၊ လူငယ်တွေနဲ့ မြေအောက်ပါတီဝင် တော်တော်များများက ဦးအောင်ကြီးကို ဖွင့်ချချင်ကြတာကိုပင် မလုပ်ကြဖို့ ထိန်းထိန်းသိမ်းသိမ်း လုပ်ခဲ့ပါတယ်။
ဘာကြောင့် ဒီလိုလုပ်သလဲဆိုတော့ ပါတီရဲ့စဉ်းစားချက်က ဂျပန်ဖက်ဆစ်ဆန့်ကျင်ရေး လုပ်တုန်းကလို ကျယ်ပြန့်တဲ့ တပ်ပေါင်းစု ဖြစ်ချင်လို့ပါ။ အားလုံး စုစုစည်းစည်း ဖြစ်ချင်လို့ပါ။
အဲဒီတုန်းက အင်္ဂလိပ်နယ်ချဲ့ လက်ဝေခံ ချပ်သင်းသူဌေး ဦးဘတင်တို့လို အင်္ဂလိပ် အလိုတော်ရိတွေ၊ ကပ္ပတိန် ထွန်းလှအောင်တို့လို လူတွေကိုတောင် စည်းရုံးခဲ့တာပါ။ သူတို့အကူအညီတွေကို ရသလောက် ယူခဲ့တာပါ။
၁၉၄၅ မှာ ဖဆပလ တရားဝင် ဖွဲ့တော့လည်း ငါးပွင့်ဆိုင်တွေ၊ မျိုးချစ်တွေ၊ ဓားမတွေ အားလုံးပါအောင် စည်းရုံးခဲ့တာပါ။
ပြည်ပက နယ်ချဲ့ဖက်ဆစ်တွေကို တော်လှန်ဖို့ ကျယ်ပြန့်တဲ့ တပ်ပေါင်းစု ဖွဲ့ခဲ့သလို တိုင်းရင်းဖြစ် ဖက်ဆစ်တွေ (စစ်အစိုးရ)ကို တွန်းလှန်ဖို့ ကျယ်ပြန့်တဲ့ တပ်ပေါင်းစု ဖွဲ့ချင်တာဟာ ပါတီရဲ့မူ ဖြစ်ပါတယ်။
စစ်အစိုးရ - စစ်အုပ်စု - စစ်ဗျူရိုကရေစီယန္တရားကို တိုက်ဖျက်ဖို့တာဝန်ဟာ အလွန် ကြီးလေးပါတယ်။ ခက်လည်း ခက်ခဲပါတယ်။ လွယ်လွယ်နဲ့ မဖြစ်နိုင်ဘူးဆိုတာကို ပါတီက သိထားလို့ ကွန်မြူနစ် ဆန့်ကျင်သူများနဲ့တောင်မှ တပ်ပေါင်းစုထဲမှာ အတူနေဖို့ ကြိုးစားခဲ့တာပါ။
ဒါပေမယ့် ကွန်မြူနစ်ဆန့်ကျင်သူများက (သူတို့ခေတ် ရောက်ပြီလို့ အခြောက်တိုက် ထင်နေပြီး) ဗကပ ကို အတင်းဝိုင်းပယ်ချင်နေကြတာပါ။
ဗမာပြည် ဆိုရှယ်လစ်ပါတီရဲ့ အတွေးအခေါ်ရှင်ကြီး ဦးကျော်ငြိမ်း ကတောင် ပျော့ပျော့ ပြောင်းပြောင်း ရှိလာပေမယ့် ဦးအောင်ကြီးက (စစ်အုပ်စုထဲ ပြန်ဝင်ချင်ဇောနဲ့) ဗကပကို ဝိုင်းပယ်နေတာပါ။
ဗိုလ်အောင်ကြီးက စစ်အုပ်စုရဲ့ နံပါတ်နှစ် နေရာကို ပြန်ရနိုးနိုးနဲ့ ဘယ်လိုပဲ မျက်နှာလို အားရ လုပ်နေပေမယ့် သူ့ကို ဗိုလ်နေဝင်းက အသုံးမလိုတော့ပါဘူး။ နဝတ စစ်အုပ်စုဝင် အားလုံးကလည်း သူတို့အပေါ် ဆရာလာလုပ်မယ့်သူကို မလိုချင်ပါဘူး။ ထားရာနေမယ် ဆိုရင်တောင်မှ လက်မခံဝံ့ကြပါဘူး။ နောက်ဆုံးတော့ (သခင်စိုး အလုပ်ခံရသလို) နိုင်ငံရေးသိက္ခာသာမက လူမှုရေးသိက္ခာပါ အချခံရပြီးမှ ဘဲဥမှုနဲ့ ထောင်သွင်းခံရတာပါ။
၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံရဲ့ ပထမဆုံး သင်ခန်းစာဟာ ကြိုတင်ပြင်ဆင်မှု မလုံလောက်တာ ဖြစ်ပါတယ်။
- ကျယ်ပြန့်တဲ့ တပ်ပေါင်းစုကို ကြိုတင်ဖွဲ့မထားနိုင်တော့ တညီတညွတ်တည်းသော အမိန့်ပေးအဖွဲ့ (ညွှန်ကြားရေးအဖွဲ့) မရှိခဲ့တာ။ ခေါင်းဆောင်မှုကို အုံကြွမှု ဖြစ်နေမှသာ ရွေးချယ်နေရတာ။
- သော့ချက်ကျတဲ့ နေရာတွေ၊ တရားဝင် အဖွဲ့အစည်းတွေထဲမှာ မိမိအင်အားစုများကို ကြိုတင်မြှုပ်နှံထားမှု မလုပ်နိုင်တာ - ဒါတွေဟာ ကြိုတင်ပြင်ဆင်မှု မလုံလောက်တာကို ဖော်ပြတာ ဖြစ်ပါတယ်။
၁၃၀၀ ပြည့် အရေးတော်ပုံတုန်းက အင်္ဂလိပ်နယ်ချဲ့ပေးထားတဲ့ အခြေခံ ဒီမိုကရေစီ အဖွင့်အရေးတွေ ရှိပါတယ်။ ခေါင်းဆောင်မှုပေးရေးနဲ့ပတ်သက်ပြီး စည်းရုံးရေးအပိုင်းမှာ ပြဿနာ မရှိခဲ့ပါဘူး။ သခင်ကိုယ်တော်မှိုင်း အမှူးပြုတဲ့ တို့ဗမာအစည်းအရုံး၊ ကျောင်းသား သမဂ္ဂ၊ အလုပ်သမား - လယ်သမား အစည်းအရုံးများ စသဖြင့် ခေါင်းဆောင်မှုအဖွဲ့များ ဖွဲ့ဖွဲ့စည်းစည်း ရှိပြီးသားပါ။
သတင်းစာကနေပြီး ညွှန်ကြားချက်ထုတ်ရင် တရက်တည်းနဲ့ တပြည်လုံး ပြန့်ပါတယ်။ လှံ့ုဆော် ဝါဒဖြန့် လုပ်နိုင်ပါတယ်။ လွတ်လပ်စွာ ရေးသား ပုံနှိပ်ထုတ်ဝေခွင့် တစုံတရာ ရှိပါတယ်။
၁၉၈၈ မှာ ဒါမျိုး မရှိပါဘူး။
ဂျပန်ဖက်ဆစ်ခေတ်မှာ လုပ်ရတာကျတော့လည်း BDA တပ်တွင်းရှိ မျိုးချစ်ပြည်ချစ် တပ်မှူးများနဲ့ ပါတီဝင် တပ်မှူးတပ်သားများရဲ့ ကူညီပံ့ပိုးမှု ရှိပါတယ်။ သူတို့အကူအညီနဲ့ ဖတပလ ကို ဖွဲ့နိုင်ခဲ့ပါတယ်။ ဂျပန်ရုပ်သေးအစိုးရ ဌာနများရဲ့ အကူအညီနဲ့ တပ်ပေါင်းစုကို တိုးချဲ့နိုင်ပါတယ်။
၁၉၈၈ မှာတော့ ပြည်တွင်းစစ် ဖြစ်နေချိန်ပါ။ ပါတီဗဟိုကလည်း မြို့တော်နဲ့ အလှမ်းကွာပါတယ်။ တပ်ပေါင်းစုကို မြေအောက်နည်းနဲ့ ဖွဲ့စည်းနေရတာပါ။
တိုက်ပွဲဝင် ပြည်သူတွေကိုယ်တိုင် ဖွဲ့စည်းထားတဲ့ လွတ်လပ်တဲ့ ကျောင်းသား သမဂ္ဂ၊ အလုပ်သမား သမဂ္ဂ၊ တောင်သူလယ်သမား သမဂ္ဂ စသဖြင့် မရှိပါဘူး။ မဆလ က ဖွဲ့ထားတဲ့ အဖွဲ့တွေတော့ ရှိပါတယ်။ ဒီအဖွဲ့တွေဟာ လူထုအုံကြွမှုကြီး အရှိန်မြင့်မားချိန်မှာ တိုက်ပွဲဝင်သူတွေ ဖြစ်လာတတ်ပါတယ်။ ကြိုတင်ပြီး အစီအစဉ်ရှိရှိနဲ့ မိမိအင်အားစုများကို ဒီလို တရားဝင်တည်ရှိနေတဲ့ အဖွဲ့အစည်းတွေမှာ ဝင်ရောက်မြှုပ်နှံထားရပါမယ်။ ကျနော်တို့ မြှုပ်နှံတာ မလုံလောက်ခဲ့ပါဘူး။ ဒီမှာပြောတဲ့ ကျနော်တို့ ဆိုတာဟာ ပါတီသက်သက်ကို ပြောတာ မဟုတ်ပါဘူး။ တိုက်ပွဲကို ပြင်ဆင်တဲ့ အဖွဲ့အစည်းအားလုံးကို ဆိုလိုပါတယ်။
ရန်သူ့စစ်တပ်ထဲမှာ မြှုပ်နှံထားတာဟာ သော့ချက်အကျဆုံးတာဝန် ဖြစ်ပါတယ်။ ရန်သူ့စစ်တပ်ရဲ့ အချို့အစိတ်အပိုင်းကို ပြည်သူတွေဘက် ကူးပြောင်းလာအောင်၊ အများပိုင်းကို ကြားနေလာအောင် စစ်အုပ်စုရဲ့အမိန့်ကို မနာခံသူတွေ ဖြစ်လာအောင် လုပ်နိုင်မှ လူထုတိုက်ပွဲ အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။
တပ်ပေါင်းစုလုပ်ငန်းကို လုပ်ရတာဟာ ပါတီယူဂျီများအဖို့ အများကြီး စွန့်စားရပါတယ်။ ရန်သူက ဖော်ထုတ်ပြီး ဖမ်းဆီးသွားခဲ့နိုင်တာတွေ အားလုံးလောက်ဟာ တပ်ပေါင်းစု ဖွဲ့စည်းရေးလုပ်ငန်း လုပ်ရင်းက အစ ရသွားတာပါ။ စကားတခွန်း ပြောဖို့၊ စာတစောင် ပေးဖို့ ပါတီက ဘယ်လောက်ရင်းနှီးခဲ့ရတယ်၊ စွန့်လွှတ်စွန့်စားရတယ်ဆိုတာကို ပေါ်လွင်အောင် တင်ပြနေတာပါ။ ဒီလို စွန့်လွှတ်စွန့်စားခဲ့ရတာတွေအတွက် နောင်တရနေမှာ မဟုတ်ဘဲ ဂုဏ်ယူနေတာ ဖြစ်ပါတယ်။
၁၉၈၀-၈၁ ကစပြီး “ပါတီစုံဒီမိုကရေစီ” ကြွေးကြော်သံ ထုတ်ပြန်ခဲ့စဉ်ကတည်းက စတင်ပြီး လုပ်ငန်းတွေ လုပ်ဆောင်ခဲ့တာဖြစ်ပေမယ့် လူထုအုံကြွမှုကြီးကို ခေါင်းဆောင်မယ့် ခေါင်းဆောင်မှုအဖွဲ့ကို ၁၉၈၈ အထိ တူတူတန်တန် မဖွဲ့နိုင်ခဲ့ပါဘူး။
စစ်အစိုးရကို ဆန့်ကျင်တဲ့ လူထုအုံကြွမှုကြီး ဖြစ်ကိုဖြစ်လာရမယ်ဆိုတဲ့ မုချသဘောကို ပါတီက သိရှိနိုင်ပါတယ်။ ဒါပေမယ့် ဘယ်အချိန်မှာ ဘာကိုအကြောင်းပြုပြီး ဘယ်နေရာမှာ ဖြစ်လာမလဲဆိုတဲ့ ရှောင်တခင်သဘော (ကြုံကြိုက် တိုက်ဆိုင်မှုသဘော)ကိုတော့ မသိနိုင်ပါဘူး။
၁၉၈၈ ခုနှစ်၊ မတ်လမှာတော့ ဒါဟာ လူထုအုံကြွမှုကြီးရဲ့ အစဆိုတာ တွက်ချက်လို့ ရပါပြီ။ အဲဒီအချိန် ရောက်သည်အထိ ခေါင်းဆောင်မယ့် ကျယ်ပြန့်တဲ့ တပ်ပေါင်းစု အမြုတေ ဖွဲ့လို့မပြီးသေးပါဘူး။
လှုပ်ရှားမှုကြီးကို ခေါင်းဆောင်မယ့် တပ်ပေါင်းစု မရှိတော့ တညီတညွတ်တည်းသော ခေါင်းဆောင်မှု မပေးနိုင်ဘဲ တယောက်တပေါက်ဖြစ်ကာ စည်းလုံးမှု ပျက်ပြားစေပါတယ်။ ရန်သူက ဝင်ပြီး သပ်လျှိုသွေးခွဲနိုင်ဖို့ ရေခံမြေခံ ဖန်တီးပေးသလို ဖြစ်ရပါတယ်။
“ယာယီအစိုးရ ဖွဲ့စည်းရေး” ကြွေးကြော်သံကို လက်တွေပအကောင်အထည်ဖော်ဖို့ အခြေအနေတရပ် ဖြစ်ပေါ်လာတော့ ပိုပြီး ကသောင်းကနင်း ဖြစ်ကုန်ပါတယ်။
တစုတစည်းတည်းသော ခေါင်းဆောင်မှုအဖွဲ့ ရှိနေပြီး တညီတညွတ်တည်းသော ရှေ့ဆောင်မှုကိုသာ ပေးနေနိုင်ခဲ့ရင် ဒါမျိုး မဖြစ်နိုင်ပါဘူး။
သန္နိဋ္ဌာန် ပြတ်သားခိုင်မာမှုနဲ့ စွန့်လွှတ်စွန့်စားမှုတွေဘက်မှာ လုံးဝ ပြည့်စုံပါတယ်။ တိုက်ပွဲဝင် ကျောင်းသားလူငယ်တွေနဲ့ လုပ်သားပြည်သူတွေဟာ အံ့သြလေးစားဖွယ် ကောင်းအောင် စွန့်စွန့်စားစား တိုက်ပွဲဝင်ခဲ့ပါတယ်။ တပြည်လုံး အုံးအုံးကြွက်ကြွက် အုံကြွလာခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ကြိုတင်ပြင်ဆင်မှု မလုံလောက်တဲ့အတွက် တပြည်လုံးအနေနဲ့ တိုက်ပွဲကြီး တခုလုံးဟာ အလိုအလျောက်သဘော ဖြစ်နေပါတယ်။ တိုက်ပွဲဝင် အဖွဲ့အစည်းတွေ ထပ်နေပါတယ်။
ဦးတည်ရန်သူကို တဖက်က တိုက်ရင်း တဖက်က ခေါင်းဆောင်မှုကို အောက်ခြေလူထုက ရွေးချယ်နေရတာပါ။ ၁၉၉၀ ရွေးကောက်ပွဲကျမှပဲ လူထုကြိုက် အဖွဲ့အစည်းနဲ့ ခေါင်းဆောင်မှုအဖွဲ့ကို ပြတ်ပြတ်ထင်ထင် ရှိခဲ့တာ ဖြစ်ပါတယ်။
ဒုတိယ သင်ခန်းစာလို့ ကျနော်တို့ ယူဆတာကတော့ တွေးခေါ်မြော်မြင်မှုအပိုင်းမှာ ရှုတ်ထွေးခြင်းနဲ့ မှားယွင်းသော စိတ်ကူးစိတ်သန်းများ ထားရှိခြင်း ဖြစ်ပါတယ်။
စည်းရုံးရေးအပိုင်းမှာ ရှုတ်ထွေးတာကို ရှေ့မှာ တင်ပြခဲ့ပြီးပါပြီ။ အခု တင်ပြမှာက တွေးခေါ်မြော်မြင်မှုအပိုင်းက ရှုတ်ထွေးခြင်း ဖြစ်ပါတယ်။
အရင်းရှင် နယ်ချဲ့သမားတွေက ဗမာပြည်မှာ စစ်အစိုးရကို ဖြုတ်ချပြီး ဒီမိုကရေစီ အစိုးရတရပ်နဲ့ အစားထိုးချင်နေပြီလို့ မြင်တာဟာ အခြေခံအကျဆုံး အမှားပါ။
ဒီတွေးခေါ်မြော်မြင်မှုကနေပြီး ရှုတ်ထွေးမှုတွေ တသီကြီးကို ဖြစ်ပေါ်လာစေပါတယ်။ လွဲမှားတဲ့ စိတ်ကူးယဉ်မှုတွေကိုလည်း အများကြီး ဖြစ်ပေါ်လာစေပါတယ်။
နယ်ချဲ့သမားတွေဟာ ၂၆ နှစ်တိုင်တိုင် စစ်အစိုးရကို ကျားကန်ပေးထားခဲ့တာပါ။
စစ်အစိုးရကလည်း (ဒီအရင်က အစိုးရတွေပါ) ကွန်မြူနစ်ဆန့်ကျင်ရေး၊ ပြည်သူ့ဆန့်ကျင်ရေး ပြည်တွင်းစစ်ကို နယ်ချဲ့သမားတွေအပေါ် လုံးလုံးမှီခိုပြီး တိုက်ခဲ့တာပါ။
နယ်ချဲ့သမားတွေ ဗမာပြည်မှာ လိုချင်နေတာက သူတို့ကို မှီခိုနေရတဲ့ အစိုးရတရပ် ဖြစ်ပါတယ်။ လုံးလုံးနောက်လိုက် လုပ်မယ်ဆိုရင် ပိုကြိုက်ပါတယ်။ ၂၀ ရာစုနှစ်ရဲ့ အနှစ် ၅၀ ပိုင်း၊ ၆၀ ပိုင်း၊ ၇၀ ပိုင်းတုန်းက ယိုးဒယား အစိုးရတွေလို ကိုရီးယားစစ်ဆိုလည်း အမေရိကန်ရဲ့ နောက်က၊ ဗီယက်နမ်စစ်ဆိုလည်း အမေရိကန်ရဲ့နောက်က လိုက်တဲ့ အစိုးရမျိုးကို လိုချင်တာပါ။ ဗမာပြည်မှာ ဒီမိုကရေစီ ရရှိရေးထက် ဘာစနစ်နဲ့ အုပ်ချုပ်နေနေ “တို့လူ” “တို့နောက်လိုက် လုပ်မယ့်အစိုးရ”ကို လိုချင်တာပါ။
ဒါပေမယ့် ဗမာပြည်မှာ ဒါမျိုးဖြစ်ဖို့ မလွယ်ပါဘူး။ ကျနော်တို့ ပြည်သူတွေက နှစ်ပေါင်း ၁၀၀ ကျော်တဲ့ နယ်ချဲ့ဆန့်ကျင်ရေးသမိုင်း ရှိပါတယ်။ ဖောက်ပြန်တဲ့အစိုးရက လုပ်ချင်ဦးတော့ ပြည်သူတွေက လက်မခံပါဘူး။
၁၉၅၀ ခုနှစ် ကိုရီးယားစစ်တုန်းက အမေရိကန်နောက်လိုက် မရဲတရဲ လုပ်ခဲ့မိလို့ အာဏာရ ဆိုရှယ်လစ်ပါတီ ကွဲခဲ့ရပါတယ်။ ဒီသင်ခန်းစာကို အုပ်စုးသူများ မေ့နိုင်မှာ မဟုတ်ပါဘူး။
တောင်အမေရိကမှာ၊ အလယ်အမေရိကနဲ့ ကာရေဘီယံ ဒေသတွေမှာလည်း အမေရိကန်ရဲ့ “တို့လူ” စစ်အာဏာရှင်တွေ နည်းမှမနည်းပဲ။ အဲဒါမျိုးကို လိုချင်တာပါ။ အမေရိကန်နယ်ချဲ့ လိုချင်တာဟာ ဒီမိုကရေစီ အစိုးရ မဟုတ်ပါဘူး။
ဗိုလ်နေဝင်းအနေနဲ့ ပြည်တွင်းက ကွန်မြူနစ်ဆန့်ကျင်ရေးကိုသာမက တရုတ်ကွန်မြူနစ် ဆန့်ကျင်ရေး လုပ်နေတုန်းကဆိုရင် ပိုပြီးတောင် ကြည်ဖြူခဲ့ပါတယ်။ ပြစရာ သာဓကတွေ အများကြီးပါ။
သမိုင်းသင်ခန်းစာများဟာ ဘယ်တော့မှ မေ့ပစ်လို့မရတဲ့ သွေးနဲ့ရင်းပြီး ရယူခဲ့တဲ့ သင်ခန်းစာများ ဖြစ်ပါတယ်။ ၁၉၄၀-၄၁ ခုနှစ်က သမိုင်းသင်ခန်းစာများကို သတိရသင့်ပါတယ်။
အဲဒီတုန်းကလည်း ဂျပန်စစ်အုပ်စုဟာ ဗြုန်းစားကြီး ဗမာပြည်ရဲ့ “လွတ်လပ်ရေး”ကို စိတ်ဝင်စားလာခဲ့ပါတယ်။ အနှစ်သာရအရကတော့ အခု အမေရိကန် - အင်္ဂလိပ်တို့က ဗမာပြည်ရဲ့ “ဒီမိုကရေစီရေး”ကို စိတ်ဝင်စားတာနဲ့ အတူတူပါပဲ။ သမိုင်းအခြေအနေ အချက်အလက်ချင်း ကွာတဲ့အတွက် လုပ်ပုံလုပ်နည်းက မတူပါဘူး။
ဒီနေရာမှာ သမိုင်းအခြေအနေ အချက်အလက်များကို အခိုင်အမာ ထည့်တွက်ရေးဟာ တိုက်ပွဲဝင် ပြည်သူများအတွက် အလွန်အရေးပါတာကို တပါတည်း တင်ပြသွားပါမယ်။
သမိုင်းဟာ ထပ်ကျော့်ပြီး ထပ်တူထပ်မျှ ဘယ်တော့မှ မဖြစ်နိုင်ပါဘူး။ အနှစ်သာရချင်း ဆင်တူယိုးမှားဖြစ်တာပဲ ဖြစ်နိုင်ပါတယ်။
၁၉၄၀-၄၁ အခြေအနေက ဥရောပမှာ စစ်ဖြစ်နေပါတယ်။ ကမ္ဘာစစ်ကြီး မလွဲမသွေ ဖြစ်ပါတော့မယ်။ ဥရောပစစ်မှာ ပြင်သစ်က စစ်ရှုံးပြီး နယ်သာလန်က အတင်းသိမ်းပိုက်တာ ခံရပါတယ်။ အင်္ဂလိပ်ကလည်း သိမ်းပိုက်ခံရတော့မလိုလို ခြိမ်းခြောက်ခံနေရပါတယ်။ အာရှမှာ သူတို့ပိုင်ခဲ့တဲ့ ကိုလိုနီ နိုင်ငံတွေကို ဂျပန်က မျက်စိကျပါတယ်။ တရုတ်-ဂျပန်စစ်ပွဲ တိုက်ရေးမှာ ဗမာပြည်တွင်းက တရုတ်-ဗမာ လမ်းမကြီးကလည်း မျက်စိစပါးမွှေးစူးစရာ ဖြစ်နေပါတယ်။
ဒီလို အခြေအနေ အချက်အလက်တွေကြောင့် ဂျပန်က “ဗမာပြည် လွတ်လပ်ရေး”ကို စိတ်ဝင်စားလာတာပါ။
အထက်မှာ ဖော်ပြခဲ့တဲ့ အခြေအနေနဲ့ အချက်အလက်များဟာ သမိုင်းဖြစ်သွားပါပြီ။ သမိုင်းဟာ ဘယ်တော့မှ ထပ်တူပြန်ဖြစ်တော့မှာ မဟုတ်ပါဘူး။
၁၉၈၈ အုံကြွမှုကြီး ဒီရေမြင့်ချိန်မှာ “ရရင်ရ - မရရင်ချ” ဆိုတဲ့ ကြွေးကြော်သံ ဝင်လာပါတယ်။ ဒါ သိပ်မှန်တဲ့ ကြွေးကြော်သံပါ။ သန္နိဋ္ဌာန် ပြင်းပြသူများမှသာ ချမှတ်နိုင်တဲ့ ဆုံးဖြတ်ချက်ပါ။
“ချရင် ဘယ်လိုချမလဲ” “လက်နက် ဘယ်ကရမလဲ” စတဲ့မေးခွန်းတွေ တသီကြီး ပေါ်လာပါတယ်။
အဲဒီမှာ လွဲမှားတဲ့ စိတ်ကူးစိတ်သန်းများ ပေါ်လာတော့တာပါ။ အမေရိကန်ရဲ့ “ဒီမိုကရေစီ - ဗမာပြည်လူ့အခွင့်အရေး” စတဲ့ ကြွေးကြော်သံတွေကို ပိုပြီးတွက်ချက်မိကြပါတယ်။
- လက်နက်ကို ရတဲ့ဆီက ယူမယ်။
- ရဲဘော်သုံးကျိပ်နဲ့ BIA တပ်ကြီး ဖွဲ့ခဲ့သေးတာပဲ။
- ရဲဘော် သုံးထောင်/သုံးသောင်းနဲ့ ပိုကြီးတဲ့ ဒီမိုကရေစီတပ်မတော် ဖွဲ့မယ် ဆိုတာတွေ ဖြစ်ကုန်ပါတယ်။
အသေးစိတ် မတင်ပြတော့ပါ။ ကျနော်တို့မှာ မှားယွင်းသော စိတ်ကူးစိတ်သန်းများ ရှိခဲ့တယ်ဆိုတာကိုပဲ ပုံပေါ်အောင်သာ တင်ပြတာ ဖြစ်ပါတယ်။
စစ်အစိုးရကို ဘယ်လိုချမှ ရမယ်၊ ဘယ်လိုချကြရမယ်ဆိုတာကို နောက်ပိုင်းမှာ ခေါင်းစီးသပ်သပ်ခွဲပြီး တင်ပြမှာဖြစ်လို့ ဒီလောက်နဲ့ ဒီကိစ္စကို ရပ်ထားပြီး “ချရေး”ရဲ့ အရင်ပေါ်ခဲ့တဲ့ မှားယွင်းတဲ့ စိတ်ကူးစိတ်သန်းတခုကို တင်ပြပါဦးမယ်။
အခု တင်ပြနေတဲ့ မှားယွင်းတဲ့ စိတ်ကူးစိတ်သန်းများဆိုတာဟာ သူများတွေ ပေါ်တာထက် ကျနော်တို့ ယူဂျီပါတီဝင် အများအပြားနဲ့ ရှေ့တန်းရောက် တိုက်ပွဲဝင် ကျောင်းသား လူငယ်များအကြားမှာ ပေါ်ခဲ့တာကို ဆိုလိုပါတယ်။
စောစောပိုင်းက ပေါ်ခဲ့တဲ့ မှားယွင်းတဲ့ စိတ်ကူးစိတ်သန်းကို တင်ပြပါမယ်။ ဒေါက်တာမောင်မောင်ရဲ့ သမ္မတ သက်တမ်း အစမှာ ပေါ်တာပါ။ အဲဒီ စိတ်ကူးစိတ်သန်း (တွေးခေါ်မြော်မြင်မှု)က...
“နိုင်ငံရေးအာဏာဟာ သေနတ်ပြောင်းထဲက ထွက်တယ်” ဆိုတာ တလောကလုံးဆိုင်ရာ အမှန်တရား မဟုတ်ဘူး။ ခြွင်းချက် ရှိတယ်။ အခု ဗမာပြည်မှာ လူထုအုံကြွမှုကြီး အနုနည်းနဲ့ သွေးမြေကျ တိုက်ပွဲဝင်ခဲ့မှုကြောင့် စိန်လွင် ပြုတ်ကျသွားပြီ။ စစ်အုပ်ချုပ်ရေး ရုပ်သိမ်းသွားရပြီ။ လူထုရဲ့ တောင်းဆိုချက်တွေ တစတစ ရလာနေပြီ။ ဒါကြောင့်...
“နိုင်ငံရေးအာဏာဟာ လူထုရဲ့ လက်ရုံးများကလည်း ထွက်တည်” ဒါဟာ ဗမာပြည်ရဲ့ ထူးခြားချက် ဖြစ်တယ်။
အဲဒီလို ထင်မြင်ယူဆလာတာတွေတောင် ရှိခဲ့ပါတယ်။ “နိုင်ငံရေးအာဏာဟာ သေနတ်ပြောင်းထဲက ထွက်တယ်”လို့ ယူဆတာဟာ သမရိုးကျ ဖြစ်နေပြီလို့လည်း စွပ်စွဲခဲ့ပါတယ်။
အဲဒီတုန်းက ဖြစ်ပေါ်နေတဲ့ ပကတိ အခြေအနေကလည်း အဲဒီလိုစိတ်ကူးမျိုးကို တွေးတောဖြစ်စေတာ အမှန်ပါပဲ။
စစ်အုပ်စုရဲ့ လက်မရွံ့လူသတ်သမား စိန်လွင်ဟာ ၁၉၈၈ သြဂုတ်လ ၁၂ ရက်နေ့မှာ နုတ်ထွက်သွားခဲ့ရပါတယ်။
သမ္မတသစ် ဒေါက်တာမောင်မောင် က သြဂုတ်လ ၂၄ ရက် ည ၈ နာရီမှာ အဲဒီနေ့ မွန်းလွဲ ၁ နာရီကစပြီး စစ်အုပ်ချုပ်ရေး ရုပ်သိမ်းလိုက်ပါပြီလို့ ကြေညာလာရတယ်။ တခြား အရေးကြီးတဲ့ အလျှော့ပေးမှုတွေလည်း လုပ်လာပါတယ်။
ဒါတွေဟာ လူထုကြီးရဲ့ သွေးမြေကျခံပြီး အကြမ်းမဖက် အနုနည်းသက်သက်နဲ့ တိုက်ပွဲဝင်လို့ ရလာတဲ့ အောင်သီးအောင်ပွင့်တွေပါ။ ဒီအောင်သီးအောင်ပွင့်တွေကို မျက်ကွယ်ပြုလို့ မဖြစ်ပါဘူး။ အလွန်လည်း မြင်သာထင်သာတဲ့ အောင်မြင်မှုတွေ ဖြစ်ပါတယ်။ အောင်မြင်မှုတွေလို့ အသိအမှတ်မပြုရင် မှားပါတယ်။
စိန်လွင် နုတ်ထွက်ရတဲ့ သြဂုတ် ၁၂ ရက်နေ့က စပြီး လူထုကြီးဟာ အောက်ပွဲခံစိတ်ဓာတ်တွေ လွှမ်းမိုးနေပါတယ်။
စိန်လွင် မနုတ်ထွက်ခင်က လူထုတိုက်ပွဲကို အထက်အမိန့်အရ မတတ်သာဘဲ ပစ်သတ်နေရတဲ့ အစိုးရ တပ်မှူးတပ်သားတွေလည်း စိတ်လက်ကြည်ရွှင် ပေါ့ပါးလားကြတယ်။ တဖက်နဲ့တဖက် တင်းမာမှုတွေ ပြေငြိမ်းစပြုလာတယ်။
ပြည်သူနဲ့တပ်ဟာ ဗိုလ်ချုပ်အောင်ဆန်း တပ်မတော်ကို ဦးစီးရှေ့ဆောင်စဉ်ကလို ကြည်ကြည်ဖြူဖြူဖြစ်ဖို့ လမ်းစတွေ ပွင့်လာပါတယ်။
နေဝင်း စစ်အုပ်စုရဲ့ တလက်ကိုင်တပ်ဘဝ ချုပ်ငြိမ်းတော့မလို ဖြစ်လာပါတယ်။
မျိုးချစ်တပ်မှူးဟောင်း ၁၅ ဦး ကြေညာချက်
- ဗမာ့တပ်မတော် တပ်မှူးဟောင်းများ၏ ကြေညာချက်တွေဟာ အခြေခံအားဖြင့် ကောင်းမွန်ထိရောက်တဲ့ ကြေညာချက်တွေ ဖြစ်ပါတယ်။ အချိန်လည်း မီပါတယ်။
ဒီလမ်းကြောင်းအတိုင်းသာ ဖြစ်ပေါ်တိုးတက်သွားရင် စစ်အစိုးရကို ဖြုတ်ချပြီး ဒီမိုကရေစီ အစိုးရသို့ ငြိမ်းချမ်းစွာ ဖြစ်ပေါ်တိုးတက်သွားမှာ သေချာပါတယ်။
၂၃၊ ၈၊ ၈၈ မျိုးချစ် တပ်မှူးဟောင်း ၁၅ ဦးရဲ့ တင်ပြချက် ထွက်လာပြီး နောက်တနေ့မှာ စစ်အုပ်ချုပ်ရေး ရုပ်သိမ်းတာပါ။
စစ်အုပ်ချုပ်ရေး ရုပ်သိမ်းလိုက်ရတာကို ခေါင်းမာတဲ့ဂိုဏ်းက လုံးဝ နောက်ဆုတ်သွားတာလို့ အကဲဖြတ်လို့ မဖြစ်ပါဘူး။
သမ္မတ ဒေါက်တာမောင်မောင် က မွန်းလွဲ ၁ နာရီက စပြီး စစ်အုပ်ချုပ်ရေးနဲ့ အရေးပေါ် ကြေညာချက် ရုပ်သိမ်းတယ်လို့ ပြောပါတယ်။ တကယ်က ဒီအရင်ကတည်းက နာရီပိုင်း စောပြီး ဗိုလ်မျိုးညွန့် (စစ်အုပ်ချုပ်ရေးမှူး)က သူ့သဘောနဲ့သူ စစ်အုပ်ချုပ်ရေး ရုပ်သိမ်းပြီးပါပြီ။
တပ်တွေကိုလည်း မိမိစခန်းအသီးသီးသို့ ပြန်ဝင်ခိုင်းပါတယ်။
တပ်မှူးတပ်သားတွေနဲ့ ပြည်သူများ လက်မရွံ့လူသတ်ကောင် စိန်လွင် ပြုတ်ကျသွားလို့ ဝမ်းပန်းတသာ ဖက်လဲတကင်း ဖြစ်နေတာတွေ၊ အရောတဝင် ကြည်ကြည်ဖြူဖြူ ဖြစ်နေတာတွေကို သူတို့စစ်အုပ်စုက မလိုလားပါဘူး။ အန္တရာယ်ရှိလာပြီလို့ မြင်ပါတယ်။ ဒီအတိုင်း လွှတ်ထားရင် စစ်အုပ်စု ခေါင်းမာဂိုဏ်းရဲ့ အမိန့်အာဏာ စစ်တပ် တတပ်လုံးပေါ်မှာ တည်တော့မှာ မဟုတ်ဘူးဆိုတာ သိပါတယ်။ ဒါကြောင့် ပြည်သူနဲ့ အရောတဝင်လုပ်ဖို့ လက်လှမ်းမမီတဲ့ နေရာတွေကို အမြန်ရွှေ့ပစ်လိုက်တာပါ။
စိန်လွင်ရဲ့လမ်းစဉ်က စိန်လွင် သမ္မတ မဟုတ်တော့လို့ ပျောက်ပျက်သွားတာ မဟုတ်ပါဘူး။
စိန်လွင်ရဲ့လမ်းစဉ်က ခပ်ပြတ်ပြတ် အမိန့်ပေး၊ လူများများသတ်၊ ၁ ယောက်သတ်လို့ မငြိမ်ရင် ၁၀ ယောက်သတ်။ မငြိမ်သေးရင် ၁၀၀၊ ၁၀၀၀ သတ်သာသွား။ နောက်ဆုံးမှာ ငြိမ်သွားရမယ်၊ ဝပ်သွားရမယ်၊ ပိပြီး ပြားသွားရမယ်။
စိန်လွင်က သူ့လမ်းစဉ်ကို သူတို့ထဲက (သူ့အထင်) ပျော့ညံ့သူများ၊ အသဲငယ်သူ၊ အသဲကြောင်သူများကြောင့် လမ်းဆုံးအောင် မလုပ်လိုက်ရတာလို့ ယူဆထားပါတယ်။
ထောက်လှမ်းရေးက စိန်လွင်လမ်းစဉ်ကို ကြိုက်ပါတယ်။ နဝတ တက်ခါစက လုပ်လိုက်တာဟာ စိန်လွင်လမ်းစဉ်ပါ။
တစတစ မိမိတို့ စစ်အုပ်စု သြဇာအောက်က တတပ်လုံး လွတ်သွားမှာကို စိုးရိမ်လို့ စစ်တန်းလျားထဲ ပြန်သွင်းတာကို ကျနော်တိုပတတွေ သတိမပြုမိခဲ့ပါဘူး။ အောင်မြင်မှုဘက်ကိုသာ အလေးကဲမြင်နေပြီး အခြားဘက်တဖက် ရန်သူရဲ့ ကျောက်ကျစ်မှုကို မမြင်မိခဲ့ပါဘူး။
တပြည်လုံးမှာလည်း စစ်တပ်ကို လူထုနဲ့ မဆက်သွယ်နိုင်တဲ့နေရာမှာ ထားပါတယ်။ တပ်ထဲက သူတို့မယုံကြည်သူများကို ရှင်းလင်းပစ်တာတွေ၊ ပြည်သူဆန့်ကျင်ရေးလုပ်ဖို့ သွေးထိုးပေးတာတွေ၊ ဂိုဏ်းဂဏစိတ် သွင်းပေးတာတွေ လုပ်ပါတယ်။ ရာထူးရာခံနဲ့ မြှူဆွယ်ပါတယ်။ ချုပ်ပြီးပြောရင် အာဏာသိမ်းပွဲအတွက် ပြင်ဆင်ပါတယ်။
ရဲဘော် မော်စီတုန်း ပြောခဲ့တဲ့ “နိုင်ငံရေးအာဏာဟာ သေနတ်ပြောင်းထဲက ထွက်တယ်”ဆိုတဲ့ အမှန်တရားကို ဓနရှင် ဒီမိုကရက်များက ပြက်ရယ်ပြုကြပါတယ်။ တချို့ကလည်း နားဝင်မချိုကြပါဘူး။ သွေးဆာနေတဲ့ ဆောင်ပုဒ်လို့လည်း ပြောကြပါတယ်။
ဒါပေမယ့် ဒါဟာ တလောကလုံးဆိုင်ရာ အမှန်တရားပါ။ ဘယ်နေရာမှာမဆို အကျပ်အတည်းကြီးတွေ ဖြစ်လာရင် “သေနတ်ကို ဘယ်သူ အမိန့်ပေးသလဲ?” ဆိုတာက အရေးပါသွားတော့တာပါ။ အမိန့်ပေးနိုင်သူက နိုင်ငံရေးအာဏာပိုင် ဖြစ်သွားတာပါ။
လူထုကိုယ်စားလှယ်များက (ယာယီ အစိုးရခေါ်ခေါ်၊ ကြားဖြတ်အစိုးရခေါ်ခေါ် လူထုကြိုက်အစိုးရက) အမိန့်ပေးနိုင်တာ မဟုတ်ခဲ့ပါ။ ကြားဖြတ်ပြီးတော့ အထူးတင်ပြချင်တာက... (၁) အထက်မှာ တင်ပြခဲ့တဲ့ တင်ပြချက်တွေဟာ အစောပိုင်းက တင်ပြခဲ့သလို အမှန်တရားရှာဖို့၊ နောင်မမှားအောင် သတိပြုဖို့ (စစ်အစိုးရ မပြုတ်မချင်း၊ လူထုတိုက်ပွဲကြီး ပေါ်ဦးမှာပါ။ အဲဒီအခါကျရင် မှန်မှန်ကန်ကန် ကျင့်သုံးဖိုင်ဖို့) အစပျိုးပေးတာ ဖြစ်ပါတယ်။ တိုက်ပွဲဝင်ခဲ့ကြတဲ့၊ နောင်မှာလည်း ဝင်ကြဦးမယ့် အင်အားစု အားလုံးသို့ ညှိနှိုင်းရန် တင်ပြချက် ဖြစ်ပါတယ်။
(၂) စစ်မြေပြင်မှာ ယမ်းခိုးဝမ်းငွေ့တွေ ပြယ်ပြီးမှ အေးအေးလူလူထိုင်ကာ တခွင်တပြင်လုံးကို ကြည့်ရှုသုံးသပ်နိုင်တဲ့ အခြေအနေရောက်မှ (၅ နှစ် ၆ နှစ် ရှိမှ) သုံးသပ်ရတာဖြစ်လို့ ဟိုတုန်းက မမြင်ခဲ့တာတွေ မြင်လာတာ ဖြစ်ပါတယ်။ မသိခဲ့တာတွေ သိလာတာ ဖြစ်ပါတယ်။
အောင်မြင်မှုမှာ မိဘဖြစ်ချင်သူတွေ များပေမယ့် ဆုံးရှုံးမှုမှာ မိဘမဲ့ဖြစ်တတ်တယ်ဆိုတဲ့ ဆိုရိုးစကား ရှိပါတယ်။ ဆုံးရှုံးမှုအတွက် တာယန်မယူချင်ကြတဲ့ သဘောကို တင်စားပြောကြတာပါ။ ကျနော်တို့ကတော့ ခေါင်းမရှောင်ပါဘူး။ တာဝန်ယူစရာရှိတာ အားလုံး တာဝန်ယူပါတယ်။
နောင်မှာ ရှောင်ကြဉ်ရမယ့် သင်ခန်းစာ ယူရမယ့် အချက်များကို တင်ပြပြီးပါပြီ။ အဓိကကျတယ် ထင်တာကို တင်ပြတာပါ။ တခြား သင်ခန်းစာ ယူစရာကိစ္စတွေလည်း ရှိပါသေးတယ်။ ဒီအစီရင်ခံစာမှာ မတင်ပြတော့ပါဘူး။
ဆက်လက်ကိုင်စွဲ ဖွံ့ဖြိုးတိုးတက်သွားစေရမယ့် အတွေ့အကြုံတွေကို အခု တင်ပြပါမယ်။ အဓိကကျတဲ့ အချက်တွေပဲ တင်ပြသွားပါမယ်။
အဓိကကျတဲ့ အချက်တွေကတော့...
ပထမအားဖြင့် နိုင်ငံရေး နည်းပရိယာယ်ခြေလှမ်းနဲ့ နည်းနာများ တညီတည်း ရှိခဲ့ခြင်း။
ပါတီစုံဒီမိုကရေစီကို မဏ္ဍိုင်တောင်းဆိုချက်အဖြစ် ထားနိုင်ခဲ့ပါတယ်။ ဘုံရန်သူဟာ မဆလ စစ်အစိုးရပဲ ဆိုတာကို ပျောက်မသွားအောင် တလျှောက်လုံး ထိန်းထားနိုင်ပါတယ်။
အလိုအလျောက် လက္ခဏာဆောင်နေတဲ့ လူထုတိုက်ပွဲကြီးထဲမှာ စည်းရုံးဖွဲ့စည်းထားမှု (တပြည်လုံး အတိုင်းအတာအရ) မရှိခဲ့တဲ့ အခြေအနေမှာ ဒီလိုထိန်းထားနိုင်တာဟာ ကျနော်တို့ ပြည်သူတွေရဲ့ နိုးကြားထက်မြက်မှုနဲ့ ကြီးမြတ်မှုကို ပြနေတာ ဖြစ်ပါတယ်။
စစ်အစိုးရနဲ့ သူလျှိုဒလံတွေက “မင်းမဲ့စရိုက် ဝင်လာတယ်”လို့ စွပ်စွဲကြပေမယ့် ဘယ်မြို့ ဘယ်နယ်မှ ဒီအဖြစ်မျိုး မရှိခဲ့ပါဘူး။ ဆရာတော်၊ သံဃာတော်များ၊ မြို့မိမြို့ဖ၊ ရွာမိရွာဖများက ထိန်းသိမ်းပေါးတယ်။ အဲဒီကာလတုန်းက အမှုသေးမွှားများသာ ဖြစ်ခဲ့ပြီး အမှုကြီးများ မဖြစ်ခဲ့တာလည်း မှတ်တမ်းတင်စရာ ဖြစ်ပါတယ်။ အဖွဲ့တွေ ဘယ်လိုပင် ကွဲပြားနေစေဦး တိုင်တိုင်ပင်ပင် စည်းစည်းလုံးလုံး ရှိကြပါတယ်။
နဝတ က မင်းမဲ့စရိုက်အဖြစ် စာရင်းတင်နေတဲ့ကိစ္စတွေဟာ “လူထုအာဏာ” ကို ကျင့်သုံးတာတွေ ဖြစ်ပါတယ်။ အများစု ကိစ္စတွေဟာ ထိန်းထိန်းကွပ်ကွပ်ရှိစွာ ဆောင်ရွက်ခဲ့တာတွေဖြစ်ကြောင်း တွေ့ရပါတယ်။ “လူထုတိုက်ပွဲ” ဟာ “လူထုအာဏာ” ဆီသို့ တိုးတက်သွားရမှာ ဖြစ်ပါတယ်။
သူလျှိုဒလံတွေ၊ သပိတ်ဖျက်ဆီးရေးသမားတွေကို မုချနှိပ်ကွပ်ရမှာပါ။ ဒါဟာ “လူထုအာဏာ” ကို ကျင့်သုံးနေတာ ဖြစ်ပါတယ်။
စစ်အစိုးရရဲ့ စစ်အာဏာရှင်စနစ် ပြိုပျက်သွားတဲ့နေရာမှာ “လူထုအာဏာ”နဲ့ အစားထိုးမပေးနိုင်ရင်သာ မင်းမဲ့ဝါဒ ဝင်လာမှာ ဖြစ်ပါတယ်။
“လူထုအာဏာ” တနည်းအားဖြင့် “လမ်းမများပေါ်က အာဏာ” ကို “အစိုးရအာဏာ” အဖြစ် “ပါလီမန်ထဲက အဏာ”အဖြစ် ရောက်အောင် တိုးချဲ့မသွားနိုင်တာသာ ကျနော်တို့ရဲ့ ချွတ်ယွင်းမှုကြီး ဖြစ်ပါတယ်။
အဲဒီလို တိုးချဲ့ရင် ပြည်တွင်းစစ်ကြီး ဖြစ်သွားမယ်လို့ နလဗိန်းတုံးတွေ (ပြည်ပ ပြည်တွင်း) က ပြောကြပါတယ်။ ဗမာပြည်မှာ ပြည်တွင်းစစ်ကြီး ဖြစ်နေတာ နှစ် ၄၀ ရှိနေပြီဆိုတာ သူတို့ သိကြပါတယ်။ ဘာ့ကြောင့် ခုမှ “ပြည်တွင်းစစ် ဖြစ်လာမယ်” လို့ ပြောကြပါသလဲ။
ရှင်းပါတယ်။ “လူထုအာဏာ” က “အစိုးရ အာဏာ” ဖြစ်သွားမှာကို ကြောက်လို့ပါ။ သူတို့ နယ်ချဲ့နိုင်ငံများရဲ့ ကမငထပြုမှုနဲ့ စိတ်ကြိုက်အစိုးရ တခုကိုများ ဖန်ဆင်းလို့ ရမလားလို့ စိတ်ကူးယဉ်တာပါ။
ဗိုလ်စောမောင် က ၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၅ ရက်မှာ သူတို့ ဘာကြောင့် အာဏာသိမ်းရသလဲ ဆိုတာနဲ့ပတ်သက်ပြီး ဝန်ခံစကား ပြောခဲ့ပါတယ်။ “B.C.P. tactics ပါ” တပ်စုချေမှုန်းရေး၊ တပ်ခွဲချေမှုန်းရေး ပြီးရင် H.Q.ကို စီးမယ်။ ဒါကြောင့် အာဏာကို “ငါတို့ ယူမှဖြစ်မယ် တိုင်ပင်ကြတယ်” လို့ ဝန်ခံထားပါတယ်။
ပြည်တွင်း ပြပက နလဗိန်းတုံးတွေရဲ့ လေသံနဲ့ မကွာပါဘူး။ ဗကပ အန္တရာယ်ကို လက်ညှိုးထိုးပြီး နယ်ချဲ့အကူအညီ ယူခဲ့တာမှာ အံခွနေပြီဖြစ်တဲ့ စစ်အုပ်စုများပီပီ လူထုအုံကြွမှုကို ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ ကြိုးကိုင်မှုနဲ့ လုပ်လာတာပါလို့ ပြောလိုက်ရင် နယ်ချဲ့က ကူညီမလားလို့ စိတ်ကူးယဉ်တာပါ။
နောက်ပိုင်းမှာ စစ်အစိုးရကို ဆန့်ကျင်တဲ့ လူထုတိုက်ပွဲတိုင်းကို “ဗကပ နည်းလမ်း” ဆိုပြီး စွပ်စွဲပါတယ်။ ဒါဟာ အမေရိကန် နယ်ချဲ့သမားကို မျက်စပစ်ပြနေတာပါ။
ဗိုလ်ခင်ညွန့်ကလည်း “ဗကပရဲ့ အာဏာကို ဖြတ်လမ်းက ရယူသိမ်းပိုက်ရေး” လို့ ပြောပါတယ်။ အထက်မှာ တင်ပြခဲ့ပြီးပါပြီ။ ဗကပ အာဏာရရေး မဟုတ်ဘူး၊ ဒီမိုကရေစီအစိုးရ အာဏာရရေးဆိုတာ ရှင်းခဲ့ပြီးပါပြီ။
သပိတ်စခန်းနဲ့ လမ်းမပေါ်က “လူထုအာဏာ”ကနေပြီး “ယာယီ” (သို့မဟုတ်) “ကြားဖြတ်” (သို့မဟုတ်) “ကြားဖြတ်အိမ်စောင့်” ခေါ်ချင်တာခေါ်ပါ၊ တိုက်ပွဲဝင် လူထုကြီးစိတ်ကြိုက် ဒီမိုကရေစီအစိုးရအဖြစ် တက်လှမ်းသွားနိုင်ခဲ့ရင်၊ ငြိမ်းချမ်းစွာ ဖြစ်ပေါ်တိုးတက်သွားခဲ့ရင် အနှစ် ၄၀ တိုက်နေရတဲ့ ပြည်တွင်းစစ်တောင်မှ ရပ်စဲသွားတာ၊ နိုင်ငံရေးအရ ဖြေရှင်းလို့ ပြေရှင်းသွားတာတောင် ဖြစ်လာမှာပါ။ ပြည်တွင်းစစ် ဖြစ်မလာနိုင်ပါဘူး။
စစ်အုပ်စု ဆိုတာက ဦးရေ ၂၀၀ - ၂၅၀ ရှိနေတဲ့ မဆလ ဗဟိုကော်မတီဝင်တွေ မဟုတ်ပါဘူး။ ဒီဦးရေထက် များတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေလည်း သာပြီးမဟုတ်ပါဘူး။
အစိုးရ အဖွဲ့ဝင်တွေ အားလုံးလည်း မဟုတ်၊ အလုပ်အမှုဆောင် အားလုံးလည်း မဟုတ်ပါဘူး။
တကယ်သတ္တုချကြည့်ရင် ဗိုလ်နေဝင်းနဲ့ တာဝန်ထမ်းဆောင်ဆဲ သမ္မတ၊ ဝန်ကြီးချုပ်နဲ့ ထောက်လှမ်းရေးမှူး အပါအဝင် လက်တဆုပ်စာသာ ဖြစ်ပါတယ်။
တာယန်ထမ်းဆောင်ဆဲလို့ အထူးပြုရတာက ဗိုလ်နေဝင်းက အပြောင်းအလဲလုပ်တာ မြန်တတ်ပါတယ်။ သူနဲ့ ဘယ်သူမှ ကြာကြာမြဲလေ့ မရှိပါဘူး။
နောက်ဆုံးပိတ်စကား ပြောရရင် စစ်အုပ်စုဆိုတာ ဗိုလ်နေဝင်းပါပဲ။ ပေါ်လစီ ဟူသမျှ သူချနေတာပါ။ တခါတလေမှာ သူ့ရဲ့ လက်လွတ်စပယ် ပြောလေ့ရှိတဲ့ “နှုတ်မိန့်” တွေက “ပေါ်လစီ” ဖြစ်ကုန်တာပါ။ ဒီကိစ္စကို သူနဲ့ နီးနီးကပ်ကပ် တွဲလုပ်ခဲ့သူတိုင်း သိကြပါတယ်။
စစ်အုပ်စုကို စစ်အစိုးရ - စစ်ဗျူရိုကရေစီ ယန္တရားဆိုတဲ့ အစွယ်တွေ တပ်ပေးထားတော့ သေနတ်ကို အမိန့်ပေးနိုင်တဲ့ နိုင်ငံရေးအာဏာ စစ်အုပ်စုက ရရှိနေတာပါ။ ဒီ စစ်အုပ်စု - စစ်အစိုးရ - စစ်ဗျူရိုကရေစီ ယန္တရားဆိုတဲ့ စစ် ၃ စစ်ကို တိုက်ဖျက်ဖို့ ဒါကြောင့်ပဲ လိုအပ်နေတာပါ။ မတိုက်ဖျက်နိုင်ရင် ဒီမိုကရေစီစကားတောင် လူထုမှာ ပြောနိုင်ခွင့် မရှိပါဘူး။
တညီတညွတ်တည်းသော နည်းပရိယာယ်နဲ့ ခြေလှမ်းများကို လှမ်းနိုင်ခဲ့တာဟာ တပြည်လုံးက အတွေ့အကြုံရှိသူများက အကြံကောင်း ဉာဏ်ကောင်းများ ပေးနိုင်ခဲ့တာကိုလည်း အသိအမှတ်ပြုရမှာပါ။ ၁၉၃၆-၃၈ က စပြီး အဆက်ဆက်သော ခေတ်ကာလများမှာ ရရှိခဲ့တဲ့ အတွေ့အကြုံတွေကို ဖြန့်ဖြူးပေးနိုင်ခဲ့ပါတယ်။
ရှေ့ဆောင်တပ်ဦးအခန်း၊ တိုက်ပွဲရဲ့လှံသွားအခန်းက ပါဝင်ခဲ့တဲ့ ကျောင်းသားတွေ၊ လူငယ်တွေရဲ့ အသက်စွန့်ရမှာ မကြောက်၊ အခက်အခဲကို မကြောက်တဲ့ စိတ်ဓာတ်နဲ့ အမြော်အမြင်ရှိရှိ တည်တည်ငြိမ်ငြိမ် လုပ်ဆောင်သွားမှုတွေကိုလည်း ဂုဏ်ပြုရမှာပါ။
ဒုတိယ အတွေ့အကြုံက အောင်သီးအောင်ပွင့်တွေကို ခိုင်မာသထက် ခိုင်မာအောင် ထိန်းသိမ်းထားနိုင်တာ ဖြစ်ပါတယ်။
ကျနော်တို့ တိုက်ပွဲဝင် ရဲဘော်တချို့အတွင်းမှာ ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံနဲ့ ပတ်သက်ပြီး တဖက်သတ်ကျတဲ့ သုံးသပ်မှုတွေ ရှိနေပါတယ်။ “အရေးတော်ပုံ ရှုံးသွားပြီ” ဆိုတဲ့ စိတ်ပျက်အားငယ်တဲ့ သုံးသပ်ချက် ဖြစ်ပါတယ်။
တကြိုးတည်းနဲ့ အောင်ပွဲအထိ ရောက်အောင် မချီတက်နိုင်ခဲ့တာ ဘက်က ကြည့်ရင် ရှုံးသွားတာ အမှန်ပါ။
ဒါပေမယ့် အရေးတော်ပုံက တောင်းဆိုတိုက်ပွဲဝင်ခဲ့တဲ့ အချက်တွေဘက်က ကြည့်ရင် အောင်မြင်မှုတွေ (အောင်သီးအောင်ပွင့်တွေ) မနည်းဘူးဆိုတာ တွေ့ရမှာပါ။
- မဆလ တပါတီ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး တောင်းဆိုချက်ဟာ အောင်မြင်ပါတယ်။
မဆလ တပ်တီ စစ်အာဏာရှင်စနစ်ကို တရားဝင်အောင် လုပ်ပေးထားတဲ့ “၇၄ အခြေခံဥပဒေ” ပျက်သွားပါပြီ။
အဆစ်အနေနဲ့ မဆလ ပါတီတောင် ပျက်သွားပါတယ်။ လူထုတိုက်ပွဲ တောင်းဆိုချက်မှာ မဆလ ပါတီ ဖျက်သိမ်းရေး မပါပါဘူး။ ပါတီစုံထဲမှာ သူလည်း တပါတီအနေနဲ့ ပါဝင်ပြီး ငြိမ်းချမ်းစွာ ယှဉ်ပြိုင်စေဖို့သာ လူထုက လိုလားတာပါ။
ဒါပေမယ့် သူတို့အခြေအနေကို သူတို့ သိနေလို့ မဆလကို ဖျက်သိမ်းပြီး တစည လို့ အမည်ပြောင်း၊ လမ်းစဉ်ပြောင်းတာ လုပ်လိုက်ပါတယ်။ ဒါဟာ သူတို့ရဲ့ ဒီမိုကရေစီ အခွင့်အရေးပါ။ ဖျက်ချင်ဖျက် - လမ်းစဉ် ပြောင်းချင်ပြောင်း လုပ်နိုင်ပါတယ်။
နဝတ ကိုလည်း နဝတပါတီ ဖွဲ့ပြီး ပါတီစုံ ဒီမိုကရေစီထဲမှာ ပါဝင်ဖို့ အခု ကျနော်တို့ တောင်းဆိုနေပါတယ်။ ဒါပေမယ့် နဝတ က ဖားတပိုင်း ငါးတပိုင်း ပါတီတခုပဲ ဖွဲ့လိုက်ပါတယ်။ “ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်း” လို့ အမည်ပေးထားပါတယ်။ (နဝတ ဟာ အိမ်စောင့်အစိုးရ ၅၈-၆၀ တုန်းက လုပ်ခဲ့တာတွေဟာ အောင်မြင်မှုတွေလို့ ထင်နေဟန် ရှိပါတယ်။ ဒါကြောင့် အဲဒီတုန်းက လုပ်ခဲ့တာတွေ လိုက်လုပ်လေ့ရှိပါတယ်။ တည်မြဲ ဖဆပလ အကျနာသွားပြီး သန့်ရှင်း ဖဆပလကို လူထုက တခဲနက် မဲပေးလိုက်တဲ့ လူထုရဲ့ ဒဏ်ခတ်မှုကြီးကိုတော့ သူတို့ သင်ခန်းစာ မယူပါဘူး။)
ကြံ့ခိုင်ရေးအသင်းဟာ နဝတ က ဖန်တီးလိုက်တဲ့ “အသင်း”လို့ နာမည်ခံတဲ့ ပါတီတခုပါ။ မဆလ ကို “တော်လှန်ရေးကောင်စီ”က ဖန်တီးခဲ့သလို ဖန်တီးနေတာ ဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ နိုင်ငံရေးလမ်းစဉ်ကို အကောင်အထည်ဖော်ဖို့ ဖွဲ့စည်းလိုက်တာပဲ ဖြစ်ပါတယ်။
- နောက် အောင်သီးအောင်ပွင့် တခုက (ဒီ အောင်သီးအောင်ပွင့်က ပိုအရေးကြီးပါတယ်) ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ လုပ်ပေးရတာပါ။
တပါတီလား - ပါတီစုံလား ဆိုတာကို “လူထုဆန္ဒခံယူပွဲ” လုပ်ရေးဆိုတာကို မဆလ စစ်အစိုးရက လုပ်ချင်တာပါ။ မဆလ တပါတီ စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေမယ့် ရှည်လျားထွေပြားတဲ့ လမ်းကိုလိုက်ဖို့ စစ်အုပ်စုက လုပ်ချင်တာပါ။ ဒါပေမယ့် မလုပ်နိုင်ခဲ့ပါဘူး။ ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံ အတွင်းမှာပဲ ဒီကိစ္စကို လူထုက ပယ်ချလိုက်နိုင်ပါတယ်။
နဝတ ဟာ အာဏာသိမ်းတယ် ဆိုကတည်းက ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပေးပါမယ်လို့ ကတိခံပြီး တက်လာရတာ ဖြစ်ပါတယ်။
ဒီကတိဟာ နဝတ စစ်အစိုးရအဖို့ မထွေးနိုင် မမျိုနိုင် ဖြစ်နေစေခဲ့တဲ့ ကိစ္စကြီးပါ။ လူထုအတွက်တော့ အောင်သီးအောင်ပွင့်တခု ဖြစ်ပါတယ်။ ၂ နှစ်လောက် အချိန်ဆွဲပြီး စိတ်ချရပြီထင်မှ၊ စိတ်ကြိုက်အဖြေလည်း ထွက်လောက်ပြီထင်ကာ ၉၀ မေလမှာ ရွေးကောက်ပွဲ လုပ်လိုက်တော့ သူတို့တွက်ကိန်း လွဲသွားပါတယ်။
သူတို့လည်ချောင်းမှာ တစ်နေတဲ့ မထွေးနိုင် မမျိုနိုင်တဲ့ကိစ္စကြီးဟာ ပိုပြီး ကြီးမားလာပါတော့တယ်။ ၉၀ ခုနှစ် ရွေးကောက်ပွဲကို တရားမဝင်ဘူးလို့ လုပ်လို့လည်း မဖြစ်၊ ရလဒ်ကို အသိအမှတ်မပြုလို့လည်း မဖြစ်။ ဒုက္ခတွေ့တော့တာပါပဲ။
ပြည်တွင်းက လူထုအတွက် တိုက်စရာ တိုက်ကွက်ကြီး ဖြစ်လာရုံမက နိုင်ငံတကာကလည်း အပြစ်ပြောစရာ ဖြစ်သွားပါတယ်။
ရွေးကောက်ပွဲမှာ အဆင်မပြေ တွက်ကိန်းလွဲသွားတာကြောင့် “ဦးတည်ချက် ၆ ရပ်”လည်း ရှောရှောရှူရှူဖြစ်ဖို့ မလွယ်။ “အမျိုးသားညီလာခံ”ဆိုတာနဲ့ “အခြေခံဥပဒေ ရေးဆွဲရေးအတွက် အခြေခံမူများ ချမှတ်ရေး”ဆိုတာတွေမှာပါ မီးခိုးကြွက်လျှောက် ဒုက္ခတွေ့နေတာကို အထင်အရှား တွေ့နိုင်ပါတယ်။
သူတို့စစ်အုပ်စုရဲ့ တွက်ကိန်းအတိုင်းသာ ဖြစ်ရင်...
(က) ဦးတည်ချက် ၆ ရပ် တင်လိုက်ရင် ကန့်ကွက်သူမရှိ၊ အတည်ဖြစ်မယ်။ (၁၉၆၂ ခုနှစ် တုန်းကလို)
၁၉၆၂ ခုနှစ်တုန်းက တော်လှန်ရေးကောင်စီက တပ်မတော်ညီလာခံဆိုပြီး လုပ်တယ်။ မဆလ လမ်းစဉ် တင်တယ်။ အားလုံးကို လက်မှတ်ရေးထိုးခိုင်းပြီး မော်ကွန်းတင်တယ်။ တကယ့်သဘောကတော့ တပ်မှူးတွေကို သူခိုးသေဖော်ညှိလိုက်တာပါ။ တပ်မတော် ညီလာခံမှာ ဘယ်သူက ကာကွယ်ရေးဦးစီးချုပ်လ်ုပနေတဲ့ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ အဆိုကို ကန့်ကွက်မလဲ။ နောက်မှ ထွေလီကာလီ ဖြစ်မလာအောင် အပိုင်ချည်တဲ့သဘောနဲ့ လက်မှတ်ထိုးခိုင်းတာပါ။
အတွေးအခေါ်ဆိုတာ လက်မှတ်ထိုးပြီး ချည်တုပ်ထားလို့ မရပါဘူး။ အဲဒီ လက်မှတ်ထိုးခဲ့သူတွေ အများတကာ့ အများစုကြီးက မဆလ လမ်းစဉ်ကို အခု ဆန့်ကျင်နေပါတယ်။
အခုတော့ မဆလကို ဆန့်ကျင်ရကောင်းလား ဆိုပြီး နဝတ က ဆဲရေးတိုင်းထွာနေပါတယ်။
(ခ) အမျိုးသားညီလာခံ လုပ်လိုက်ရင်လည်း ၇၄ အခြေခံဥပဒေတုန်းကလို ရှောရှောရှူရှူ ဖြစ်မယ်။ ၉၀.၁၉% က ထောက်ခံမယ်။
ဒါပေမယ့် တွက်ကိန်း လွခြဲ့ပါပြီ။ ဒါကြောင့်လည်း “အမျိုးသားညီလာခံ”ဆိုတာကြီးဟာ ဖွင့်လိုက် ရုပ်လိုက်နဲ့ သံသရာရှည်နေတာပါ။
၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံက ရရှိလိုက်တဲ့ အဓိက အောင်သီးအောင်ပွင့် နှစ်ခုကို တင်ပြခဲ့ပြီးပါပြီ။
အောင်သီးအောင်ပွင့်တွေကို တိုးချဲ့နိုင်တယ်ဆိုတာ ကျနော်တို့ တွေ့ရပါတယ်။
- ရွေးကောက်ပွဲကို နဝတ မတတ်သာလို့ လုပ်ပေးရတယ်။
- လူထုကြီးက ရွေးကောက်ပွဲကို အသံတိတ် ဆန္ဒပြပွဲအဖြစ် သဘောထားပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို မဲတွေ ပုံအောပေးလိုက်တယ်။ (ဒါဟာ အောင်သီးအောင်ပွင့်ကို တိုးချဲ့တာ)
- အမျိုးသားညီလာခံကို သူ့လူတွေ၊ နိုင်ငံရေးအရ ပေါ်တာဆွဲခံရသူတွေနဲ့ မကျင်းပနိုင်ဘူး။ မလွှဲမရှောင်သာ ဒီမိုကရေစီ အမတ်တွေကို တက်ခိုင်းရတယ်။ ဒီတော့ “ဦးတည်ချက် ၆ ရပ်” ကိစ္စမှာ တစ်နေရတယ်။ ဦးတည်ချက် ၆ ရပ် ဆိုတာမှာ ရှေ့က ၅ ချက်က လူကြားကောင်းအောင် ထည့်ထားတာပါ။ အဓိက အချက်က ၆ ပါ။ “တပ်မတော်က အနာဂတ် နိုင်ငံရေးမှာ ဦးဆောင်ဖို့” ဆိုတာပါ။
-----
(ဗမာပြည် ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး (ယာယီ)၏ နိုင်ငံရေး အစီရင်ခံစာ ၁၉၉၄ ခုနှစ်၊ သြဂုတ်လ ၁၅ မှ “၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကို ခြုံငုံသုံးသပ် နိဂုံးချုပ်လုပ်ကာ သင်ခန်းစာ ထုတ်ယူရေး” ဆိုတဲ့အခန်း တင်ပြလို့ ပြီးပါပြီ။ ဒီအစီရင်ခံစာဟာ ဖော်ပြပါအတိုင်း ၁၉၉၄ ခုနှစ်မှာ ထွက်ခဲ့တာမို့ အဲဒီတုန်းက အခြေအနေထိပဲ ၁၉၈၈ အရေးတော်ပုံနဲ့ ဆက်စပ်တင်ပြထားတာ ဖြစ်ပါတယ်။)