Tuesday, November 30, 2021

(ဗကပရဲ့ ပြည်ချစ်ဝါဒလမ်းစဉ်)

0 comments

(ဗကပရဲ့ ပြည်ချစ်ဝါဒလမ်းစဉ်)

(၁) ခရစ်သက္ကရာဇ် ၂၀၀၀တုန်းက ဗကပ  က”ပြည်ချစ်ဝါဒလမ်းစဉ်’ ချမှတ်ခဲ့ပါတယ်။

· ကမ္ဘာ့စနစ်သစ် New World Order အတွက် အကြိတ်အနယ်ပြိုင်ပွဲကြီးတခု ၂၁ ရာစုမှာ ဖြစ်တော့မယ်။ ပြိုင်ပွဲရဲ့ဗဟိုချက်ဟာ အရှေ့အာရှမှာဖြစ်မယ်။ အဲ့ဒီလိုဖြစ်ရင် ဗမာပြည် ပါဝင်ပတ်သက်ရတော့မယ်။ အဲ့ဒီလိုဖြစ်ရင် ဗမာပြည်ကို ဘယ်လိုအနေအထားယူသင့်သလဲဆိုတာကို မျှော်တွေးမှန်းဆပြီးချမှတ်ခဲ့တာပါ။

 

(၂) ၂၀၁၂ မှာတော့ မျှော်တွေးသလိုဖြစ်နေပါပြီ။

· ကမ္ဘာ့စနစ်ဆိုတာ အင်အားကြီးနိုင်ငံတွေက ချမှတ်ကြတာဖြစ်တယ်။ လက်ရှိကမ္ဘာ့စနစ်(ဟောင်း)က ဒုတိယ ကမ္ဘာစစ်မှာနိုင်ခဲ့တဲ့နိုင်ငံကြီးတွေ ချမှတ်ခဲ့တာပဲ။ စစ်ရှုံးနိုင်ငံတွေက ဘာမှဝင်ပြီး ပြောခွင့်မရှိပါဘူး။

· ၂၁ ရာစုရောက်တော့ စစ်နိုင်တဲ့နိုင်ငံတွေအချင်းချင်း ပဋိပက္ခဖြစ်နေတယ်။ စစ်ရှုံးနိုင်ငံတွေကလည်း စီးပွားရေး အင်အားကြီးနိုင်ငံတွေဖြစ်နေပြီ။ သူတို့က နိုင်ငံရေးအဆင့်နေရာ ရချင်တယ်။ ဒါ့ကြောင့် စနစ်သစ်ကိုလိုလားတယ်။ ဂျာမဏီ ဂျပန်က ကုလသမဂ္ဂလုံခြုံရေးအမြဲတမ်းကောင်စီ UNSC မှာ နေရာ ရချင်တယ်။ အမေရိကန်ကလည်း သူ့ မဟာမိတ်တွေကို နေရာပေးချင်တယ်။ ဗီတိုပါဝါမရှိတဲ့ အမြဲတမ်းကောင်စီဝင်လောက်ပေးချင်တယ်။ ရုရှား-တရုတ်ကတော့ အခုအတိုင်းပဲရှိစေချင်တယ်။

· စစ်ရှုံးနိုင်ငံမဟုတ်ပေမယ့် ဟိုတုန်းက အင်္ဂလိပ်ကိုလိုနီဖြစ်နေလို့ အိန္ဒိယက ကုလသမဂ္ဂမှာ အဆင့်နေရာမရခဲ့ဘူး။ အခု ရချင်နေတယ်။  UNSC မှာ အမြဲတမ်းတနေရာရချင်တယ်။ တရုတ်က မလိုလားပါဘူး။

 

(၃) ဗမာပြည်ရဲ့ပြည်တွင်းရေးမှာလည်း အပြောင်းအလဲရှိသွားပြီ။

· ဟိုတုန်းက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတံခွန်လွှင့်ပြီး အမေရိကန်က ဗမာပြည်စစ်အုပ်စုကို ဖိအားပေးခဲ့တယ်။ အဲ့ဒီလိုလုပ်လေ ပြုပြင်ရေးနဲ့တံခါးဖွင့်ရေးတံခွန်လွှင့်ထားတဲ့ တရုတ်အောက်ကို နဝတ/နအဖက တိုးဝင်လေ ဖြစ်ခဲ့တယ်။

· နှစ် ၂၀ လောက်အတွင်း တရုတ်-ဗမာနားလည်မှုသဝဏ်လွှာ MOU လက်မှတ်ထိုးတာတွေများတယ်။ စာချုပ် အဆင့်အထိရောက်တာလည်းရှိတယ်။

· အဲ့ဒါတွေက လက်သိပ်ထိုးစာချုပ်ထားတာတွေဖြစ်လို့ ပြည်သူမပြောနဲ့ တခြားမဆိုင်တဲ့ဝန်ကြီးဌာနတွေတောင် သိရတာမဟုတ်ဘူး။သက်ဆိုင်ရာဝန်ကြီးနဲ့ စစ်အုပ်စုနံပတ်ဝမ်းပဲသိတယ်။

အဲ့ဒါတွေကို ပြည်သူသို့ အပြည့်အစုံအစီရင်ခံစေရမယ်။

· တချို့စာချုပ်တွေက စစ်အာဏာရဲ့အကျိုးစီးပွားကိုပဲ ဦးစားပေးထားတာဖြစ်တယ်။ တိုင်းပြည် သယံဇာတကို လက်ညှိုးထိုးရောင်းစားတာဖြစ်တယ်။ ဥပမာ လက်ပန်းတောင်ကိစ္စမျိုး၊ မြစ်ဆုံကိစ္စမျိုး။

· တရုတ်ကသာ အေက်ဈေးနဲ့ဝင်နှိုက်တာမဟုတ်ဘူး။ အိန္ဒိယ၊ ထိုင်း(ယိုးဒယား)ကလည်း ဝင်နှိုက်တာပဲ။ ဒါပေမဲ့ သူတို့က နိုင်ငံခြားအရန်ငွေ ဖောဖောသီသီရှိကြတာမဟုတ်လို့ တရုတ်လို လက်မသွက်နိုင်ဘူး။ ရန်ပုံငွေ ရှာနေရလို့ စီမံကိန်းတွေ ထစ်နေတယ်။ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ ထမံသီရေအားလျှပ်စစ်စီမံကိန်းတွေကိုကြည့်။ ကုလားတန်စီမံကိန်းတောင် သိတ်ပြီးမြန်မြန်ဆန်ဆန်လုပ်နိုင်တာမဟုတ်ဘူး။ တရုတ်မှာက နိုင်ငံခြားငွေ ထရီလီယံချီ ရှိတယ်။ တစ်ဘီလီယံလောက်သုံးဖို့တော့ ခတ်လွယ်လွယ်ပဲ အကောင်အထည်ဖော်နိုင်တယ်။ ဒါကြောင့် MOU လက်မှတ်ထိုးဖို့မြန်တယ်။ စီမံကိန်းအကောင်အထည်ဖော်တာမြန်တယ်။ ကျောက်ဖြူ ရွှေလီ ခွန်မင်း ဓာတ်ငွေ့ပိုက်လိုင်းက ဒီနှစ်မှာ လည်ပတ်တော့မယ်။

 

(၄) နှစ်ဆယ်ရာစုရဲ့ ဒုတိယ ဆယ်စုနှစ်ထဲရောက်တော့ တမျိုးပြောင်းသွားပြီ။

· အမေရိကန်က တရုတ်ရင်ခွင်ထဲ ဟိုတုန်းကအတင်းတွန်းပို့ခဲ့သလို အခုတော့ ဒလကြမ်းဆွဲထုတ်ချင်ပြီ။

· ဦးသိန်းစိန်အစိုးရကလည်း ငွေထုပ်ပိုက်ပြီးလာမယ့် ဘယ်နိုင်ငံကိုမဆို ကြိုဆိုဖို့အသင့်။ ဟိုတုန်းက လက်သိပ်ထိုး ရောင်းစားတယ်။ ခုတော့ ဗြောင်ရောင်းစားနေတယ်။ (တောင်ကိုးရီးယားကို (မတန်တရာ) အာဇာနည်ကုန်းမှာ နေရာပေးတာကြည့်။ ဂျပန်ကို သီလဝါစီမံကိန်း ထိုးအပ်တာကြည့်) သူတို့က အမေရိကန်လိုမဟုတ်ဘူး။ အရန်ငွေတွေ ရှိတယ်။ လက်သွက်နိုင်တယ်။

· အမေရိကန်ဟာ ကမ္ဘာ့နံပတ်ဝမ်းပဲ။ ငွေမပေါပေမယ့် အာဏာစူးရှတယ်။ သူ့မဟာမိတ်တွေအတွက် ဗမာပြည်တံခါးကို တွန်းဖွင့်ပေးနိုင်တယ်။ တရုတ်ကို ဟန့်ပေးနိုင်တယ်။

 

(၅) ဗကပရဲ့ ပြည်ချစ်ဝါဒလမ်းစဉ်။

· ဗမာပြည်ရဲ့အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်နက်တလုံးတစည်းတည်းရှိမှုကို ဘယ်နိုင်ငံကြီး ဘယ်နိုင်ငံခြားကိုမှ ထိပါးခွင့်မပေးဘူး။ သွေးတစက်ကျန်သည်အထိ တိုက်မယ်။

· နိုင်ငံခြားနဲ့ချုပ်ဆိုသမျှ MOU တွေ၊ စာချုပ်တွေ ပွင့်လင်းမြင်သာမှု အပြည့်အဝရှိရမယ်။ ပြည်သူကိုအသိမပေးပဲ တိုင်းပြည်ကိုလက်သိပ်ထိုးရောင်းစားတာကို ခွင့်မပြုနိုင်ဘူး။

· ဗမာပြည်ရဲ့အချုပ်အခြာအဏာ၊ နယ်မြေပိုင်ဆိုင်မှုနဲ့ အမျိုးသားဂုဏ်သိက္ခာကို တပြားသားမှအထိအပါးမခံဘူး။

· ကုဋေကြွယ်သူဌေးသား ခွက်လက်စွဲပြီး တောင်းစားနေရတဲ့ဘဝရောက်အောင်လုပ်ခဲ့တဲ့ စစ်အုပ်စုကို ခွင့်မလွှတ်နိုင်ဘူး။

· တိုင်းပြည်ကို လက်ညှိုးထိုးရောင်းစားသူမှန်သမျှကို ဆန့်ကျင်မယ်။ ဗမာပြည်ရဲ့အကျိုးစီးပွားမပါတဲ့ပဋိပက္ခထဲမှာ ဝင်မပါဘူး။ ဘယ်သူ့အတွက်မှ သွေးတစက်မှ အကျမခံနိုင်ဘူး။

Monday, November 29, 2021

ပြည်တွင်းငြိမ်းချမ်းရေး တကယ်ရချင်လျှင် ပြဿနာ(၂)ခုကိုရှင်းရမယ်။

0 comments

ပြည်တွင်းငြိမ်းချမ်းရေး တကယ်ရချင်လျှင် ပြဿနာ(၂)ခုကိုရှင်းရမယ်။ ဗကပရဲ့အမြင် ဇန်နဝါရီ ၂၂။ ၂၀၁၃။

ရှင်းရမယ့်ပြဿနာ(၂)ခု။

ဒီမိုကရေစီပြဿနာနဲ့ ပြည်ထောင်စုစနစ်ပြဿနာကို ပါဝင်ပတ်သက်သူတွေအားလုံး သဘောတူသည်အထိ ဆွေးနွေး ညှိုနှိုင်းကြရမှာဖြစ်ပါတယ်။

 

ပြဿနာ(၂)ခု အခြေခံချင်းမတူ။

ဒီမိုကရေစီပြဿနာက အာဏာရနဲ့အုပ်စိုးခံတွေရဲ့ပဋိပက္ခကို အခြေခံတယ်။ လွယ်လွယ်ပြောရရင် အစိုးရနဲ့ အတိုက်အခံတို့ရဲ့ပဋိပက္ခဖြစ်တယ်။ အစိုးရရော အတိုက်အခံအပါ အများအားဖြင့် ဗမာတွေချည်းဖြစ်လေ့ရှိတယ်။ ဒါ့ကြောင့် သူတို့က ဒီမိုကရေစီကိုအခြေခံပြီးပြောကြမယ်။ တိုက်စရာရှိ တိုက်ကြမယ်။ စေ့စပ်စရာရှိ စေ့စပ်ကြမယ်။

 

ပြည်ထောင်စုပြဿနာကျတော့ တမျိုးဖြစ်တယ်။ လူများစုအမျိုးသားများသာမက လူနည်းစုအမျိုးသားများပါ ပတ်သက်နေတဲ့ လူမျိုးရေးပြဿနာဖြစ်တယ်။ ဒီမိုကရေစီရေးနဲ့ချည်း ဖြေရှင်းလို့မရနိုင်ဘူး။ တန်းတူရေး၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေးကို အဓိကထားရမယ်။ လူမျိုးရေးအခြေခံပြီး တိုက်ကြ။ စေ့စပ်နေကြတာဖြစ်တယ်။

 

သမိုင်းဖြစ်ပေါ်ပုံချင်းမတူတာကိုသတိပြု။

ဒီမိုကရေစီပြဿနာက လွတ်လပ်ရေးရပြီးမှပေါ်တဲ့ပြဿနာဖြစ်တယ်။ သက်တမ်း(၆၅)နှစ်ပဲရှိသေးတယ်။ ဒါ့ကြောင့် မရှုပ်ထွေးဘူး။ စာနဲ့ပေနဲ့ အထောက်အထားတွေကလည်း ခိုင်မာတယ်။

 

လူမျိုးရေးပြဿနာကျတော့ သမိုင်းရှည်တယ်။ ပဒေသရာဇ်ခေတ်ကစပြီး ပြောရမယ်။ ခိုင်မာတဲ့အထောက်အထား ကလည်း မရှိသလောက်ပဲ။ ရှိတာကလည်း ဆန္ဒစွဲနဲ့ တဖက်စောင်းနင်းဖြစ်တတ်တယ်။ တုတ်ထမ်းဓားထမ်းငြင်းခဲ့ရတာ ကနေ သေနတ်နဲ့စကားပြောနေရတာဖြစ်တယ်။

 

တန်းတူရေးကို ဘယ်လိုအဓိပ္ပာယ်ဖွင့်ကြမလဲ။ ဗမာကတပြည်၊ ကရင်ကတပြည် တန်းတူရေးလား။ (KNDOရဲ့ ဗမာတကျပ် ကရင်တကျပ်’) SSIA, KIA တို့ရဲ့ ခွဲထွက်ပြီး သီးခြားတိုင်းပြည်ထူထောင်ချင်တာလည်း တန်းတူရေးပဲ ဖြစ်တယ်။

 

ဗမာ တပြည်ထောင်စုစနစ်’ သမားတွေက အဲ့ဒီလိုတောင်းဆိုချက်ကို လက်ညှိုးထိုးပြပြီး နိုင်ငံတော်အာဏာကို သိမ်းပိုက်ကြတာဖြစ်တယ်။ သူတို့က တန်းတူရေးကို ငြင်းပယ်တယ်။ ဗိုလ်နေဝင်း အာဏာသိမ်းတုန်းက အဲ့ဒီ ခွဲထွက်ရေးကိုအကြောင်းပြပြီးသိမ်းတာပဲ။ အခု စစ်အုပ်စုကြွေးကြော်နေတဲ့ တို့တာဝန်အရေးသုံးပါးထဲက ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးဆိုတာဟာ တပြည်ထောင်စနစ်အတွေးအခေါ်က ဆင်းသက်လာတာဖြစ်တယ်။

 

တန်းတူရေးကို ဘယ်လိုဘယ်ပုံ အဓိပ္ပာယ်ဖွင့်မလဲဆိုတာက အဓိကညှိုနှိုင်းရပါမယ်။ ဖြေရှင်းရပါမယ်။ အလွန် လက်ဝင်မယ့်ကိစ္စပါ။ အစည်းအဝေးတခုတည်း တထိုင်တည်းဖြေရှင်းလို့ မဖြစ်နိုင်ပါဘူး။ ဒုတိယပင်လုံဆိုပြီး အားလုံးကစုကာ တထိုင်တည်းရှင်းကြရင် ပြဿနာသစ်တွေပဲတိုးလာမှာပါ။ တုတ်ထမ်း ဓားထမ်း သေနတ်ထမ်း ငြင်းကြရမယ့်အဖြစ် ကျဆင်းသွားမှာပါပဲ။ အဲ့ဒီလိုဖြစ်ရင် တိုင်းပြည် ဂျောက်(ချောက်)ထဲမကျအောင် စစ်တပ်က ဝင် ကယ်တယ်လုပ်ဦးမှာပါ။

 

တနပ်စားဖြေရှင်းရင် ရလာဒ်မကောင်းဘူး။

နဝတ/နအဖ က ဗကပ ခွဲထွက်တွေနဲ့ တနပ်စားဖြေရှင်းခဲ့တယ်။ ဗကပနဲ့ အပြတ်လမ်းခွဲရင်ပြီးရောဆိုပြီး လုပ်ခဲ့တယ်။ အပစ်အခတ်ရပ်စဲထားမယ်။ ပိုနေမြဲကျားနေမြဲနေကြ။ ကိုယ့်နယ်နဲ့ ကိုယ့်တပ်နဲ့နေ၊ စီးပွားရေး ကြိုက်သလိုလုပ်ဆိုပြီး လုပ်တော့ ခေါင်းဆောင်တွေ ကုဋေကြွယ်သူဌေးဖြစ်ကြတယ်။ တရုတ်သူဌေးတွေဝင်လာတယ်။ အင်္ဂလိပ်နယ်မြေသစ် တိုးချဲ့သူတွေလို လုပ်ကြတယ်။

 

တနပ်စားပေါ်လစီရဲ့ဒုက္ခ။

စစ်ရပ်စဲရေးအရင်လုပ်၊ နောက်မှ နိုင်ငံရေးဆွေးနွေးဆိုတဲ့တနပ်စားပေါ်လစီက အခု ဒုက္ခပေါ်နေတာပါ။ BGF စီမံကိန်းကို နအဖကလုပ်တာဟာ ၂၀၀၈ အခြေခံဥပဒေရဲ့ပုဒ်မ (၃၃၈)နဲ့ (၃၃၉)ကို အကော င်အထည်ဖော်တာပဲ။ ဒါပေမဲ့ အားလုံးလောက်က လက်မခံကြဘူး။ အတိုက်အခိုက်ပြန်ဖြစ်မယ့်အခြေဆိုက်လို့ ဗိုလ်သန်းရွှေနောက်ဆုတ်တာပါ။

 

အဲ့ဒီလိုနဲ့ နိုင်ငံရေးဆွေးနွေးဖို့တာဝန်က ဗိုလ်(ဦး)သိန်းစိန်ခေါင်းပေါ်ရောက်လာတယ်။ ကာ/လုံရဲ့တာဝန်ဖြစ်လာတယ်။

 

ဒါကြောင့်ပဲ သမ္မတအဖွဲ့သားတွေက သံလွင်ခက်ကိုင်ပြီး လူမျိုးစုလက်နက်ကိုင်တွေကို ချဉ်းကပ်တယ်။ ကရင်သင်တိုင်း ဝတ်သင့်ရင်ဝတ်တယ်။ ကာချုပ်ကိုယ်တိုင် KNU ခေါင်းဆောင်ကို ဖက်လှဲတကင်းလုပ်တယ်။ ကရင်အဖွဲ့တွေကလည်း ပဲ့ထွက်ပြီးရင်းပဲ့ထွက်နေတယ်။ နိုင်ငံရေးပြဿနာဖြေရှင်းတာထက် စီးပွားရေး အကွက်အကွင်းဝေမျှတာပဲလုပ်တယ်။

 

တချိန်တည်းမှာ KIA ကို ဘက်စုံထိုးစစ် ဆင်တယ်။ သမ္မတရဲ့အမိန့်ကိုအာခံပြီး ကာချုပ်ကလုပ်တာ မဟုတ်ပါဘူး။ တာဝန်ခွဲပြီး လူမျိုးစုလက်နက်ကိုင်တွေကို နှိမ်နင်းနေတာပါ။

 

ဒီလိုလုပ်နည်းကလည်း အသစ်အဆန်းမဟုတ်ဘူး။ ဗိုလ်နေဝင်း၊ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီးတို့ လုပ်ခဲ့တဲ့နည်းပဲ။ ဦးတည်ရန်သူကို စုစည်းပြီးထိုးနှက်-တခြားသာမန်ရန်သူကိုဆွဲထားဆိုတဲ့လုပ်နည်းပါ။

 

သံလွင်ခက်ကို ကိုင်ထားသူတွေက ကာလုံ ၁၁ ဦးကောင်စီမှာ မပါတာကိုသတိပြုပါ။ တခါတရံမှာ 

ကာလုံကောင်စီဝင် တချို့က ကာချုပ်ရဲ့ခွင့်ပြုချက်နဲ့ပါလာလေ့ရှိပေမယ့် သူတို့နဲ့ဆိုင်တာကိုပဲပြောလေ့ရှိပါတယ်။ သံလွင်ခက်ကို သမ္မတအဖွဲ့ကဝန်ကြီးကပဲ စကားတွေအများကြီးပြောလေ့ရှိတယ်။ တပည့်တော်တို့က တရုတ်ကိုလည်း ကြောက်ရပါတယ်ဘုရာ့ဆိုတာမျိုး ပြောတတ်တယ်။ ဦးပိုင်ကို ပိုကြောက်ရပါတယ်လို့တော့ မပြောပါဘူး။

 

မြစ်ဆုံကိစ္စမှာ ဦးပိုင်ရဲ့အကျိုးစီးပွားမပါဘူး။ ဒါပေမဲ့ လက်ပန်းတောင်းကိစ္စမှာကျတော့ အဓိကအခန်းကပါတယ်။ ဒါကြောင့် အကြမ်းပတမ်းဖြေရှင်းတယ်။

 

စစ်အေးခေတ်နဲ့ စစ်အေးလွန်ခေတ် တရုတ်ရဲ့ ဗမာပြည်ပေါ်လစီမတူဘူး။ တရုတ်က စစ်အေးလွန်ခေတ်မှာ သူ့နယ်စပ်မှာ ငြိမ်းချမ်းတည်ငြိမ်စေချင်တာ ဖျပ်ဖျပ်လူး။ KIA နဲ့တိုက်နေတာကို ပြီးပြတ်စေချင်တယ်။ တဘက်ကလည်း ဗြောင်ဝင်ပြီး စွက်ဖက်လို့မဖြစ်ဘူး။ ကုလသမဂ္ဂတွင်း/ချုပ်တို့၊ အမေရိကန်နိုင်ငံခြားရေးဌာနတို့ ဝင်ပြောနေတာကို ကျေနပ်နေတာပဲ။ ဓာတ်ငွေ့ပိုက်လိုင်းက လည်ပတ်တော့မှာ။ ငြိမ်းချမ်းတည်ငြိမ်တဲ့ပတ်ဝန်းကျင် သူ့နယ်စပ်မှာဖြစ်စေချင်တယ်။

 

တရုတ်-ဗမာနယ်စပ်ကလူမျိုးစုတွေက လူမျိုးက တမျိုး၊ တိုင်းပြည်က ၂ ပြည်ဖြစ်နေတာပဲ။ ဟိုဘက်ကမီးပွား ဒီဘက်ပြန့်လာမှာကိုစိုးရိမ်မပေါ့။

 

ဗကပရဲ့ တခါက ရဲဘော်မိတ်ဆွေတွေလှုပ်ရှားလာတယ်။

သူတို့က လူ တွေမဟုတ်ဘူး။KIA ကို နမူနာပြလုပ်နေတာကို ရိပ်မိတယ်။ အပစ်အခတ်ရပ်စဲထားပြီး နိုင်ငံရေးစကားမပြောပဲနေတဲ့ပေါ်လစီ၊ ၂၀၀၈ အခြေခံဥပဒေအောက်ဆွဲသွင်းနေတဲ့ပေါ်လစီ၊ လွှတ်တော်ထဲကျမှ နိုင်ငံရေးစကားပြောကြဆိုတဲ့လုပ်နည်းက ဘာသဘောလဲဆိုတာကိုသိကြတယ်။ ဒါကြောင့် လှုပ်ရှားလာတာပဲ။

 

စစ်မှန်တဲ့ တန်းတူသွေးစည်းတဲ့ပြည်ထောင်စုဖြစ်ဖို့။

တပြည်ထောင်အနှစ်သာရကို ပြည်ထောင်စုဆိုင်းဘုတ်ချိတ်ပြီး လှည့်စားထားတာကိုဖွင့်ချရလိမ့်မယ်။ ၁၉၄၇ လိုတောင် မလိမ့်တပတ်လုပ်မထားတဲ့အခြေခံဥပဒေ ၂ ခု (၁၉၇၄ နဲ့ ၂၀၀၈)ကို အားလုံးကထိုးထွင်းပြီးမြင်အောင် ဗမာအတိုက်အခံ တွေက ရှင်းပြရမယ့်တာဝန်ရှိတယ်။ နှာစေးနေလို့မဖြစ်ဘူး။

စစ်မှန်သော ဒီမိုကရေစီပြည်ထောင်စုကို ဘယ်လိုတည်ထောင်ကြမလဲ၊ ဗကပ၏တင်ပြချက်။

0 comments

စစ်မှန်သော ဒီမိုကရေစီပြည်ထောင်စုကို ဘယ်လိုတည်ထောင်ကြမလဲ၊ ဗကပ၏တင်ပြချက်။ (ဧပြီ ၁။ ၂၀၁၂)

 

လွတ်လပ်‌ရေး ၆၅ နှစ်ပြည့်ပြီ။ အခြေခံဥပဒေလည်း ၃ ခုရှိပြီ။

လွတ်လပ်ရေးမရခင်ကတည်းက ဗမာပြည်သစ်ကို ဘယ်စနစ်နဲ့တည်ထောင်ကြမလဲဆိုတာ စဉ်းစားခဲ့ကြသည်။ အထူးသဖြင့် ပြည်ထောင်စုစနစ်လား တပြည်ထောင်စနစ်လားဆိုတာကို စဉ်းစားခဲ့သည်။ အာဏာရ ဖဆပလ ထဲတွင် တပြည်ထောင်စနစ်လိုလားသူများရှိခဲ့သည်။ သို့သော် ဗိုလ်ချုပ်အောင်ဆန်းက ပင်လုံညီလာခံတွင် ပြည်ထောင်စုစနစ်ကို အတိအလင်းကြေညာခဲ့သဖြင့် သူတို့တတွေ မလွန်ဆန်ရဲကြ။ ငြိမ်နေခဲ့သည်။ ၁၉၄၇ အခြေခံဥပဒေကို ဖဆပလကပဲရေးဆွဲခဲ့တာဖြစ်သည်။ ထိုဥပဒေတွင် လိုရာဆွဲအဓိပ္ပာယ်ကောက်ယူနိုင်သည့် ပုဒ်မများပါနေသည်။

 

လွတ်လပ်ရေးရတော့ ဗိုလ်ချုပ်အောင်ဆန်းမရှိတော့။ တပြည်ထောင်စနစ်ကို လိုလားသူများကအတင့်ရဲလာသည်။ ပြည်ထောင်စုဆိုင်းဘုတ်အောက်တွင် တပြည်ထောင်စနစ်လုပ်ကြသည်။

 

စစ်အေးခေတ်’ ဖြစ်နေတာနဲ့ ပြည်တွင်းစစ်ဖြစ်နေတာကိုအကြောင်းပြုပြီး တပြည်ထောင်စနစ်သမားတွေ လက်ရဲဇက်ရဲလုပ်ဝံ့ကြသည်။

 

၁၀ နှစ် ၁၀ မိုးရှိလာတော့ ရှမ်းပြည်ခွဲထွက် မထွက်၊ အခြေခံဥပဒေကို ပြည်ထောင်စုစစ်စစ်ဖြစ်အောင် ပြင်မပြင် ဆိုတဲ့ကိစ္စက ရှေ့တန်းရောက်လာသည်။ အဲ့ဒီအချိန်မှာပဲ ဖဆပလ ကွဲသည်။ သန့်ရှင်းအစိုးရ အာဏာရလာသည်။ တပြည်ထောင်စနစ်လိုလားသူများ အတိုက်အခံဘဝရောက်ကြသည်။ တပြည်ထောင်စနစ်ကိုအားသန်သည့်စစ်ဗိုလ်များက သန့်ရှင်းအစိုးရကိုအကျပ်ကိုင်ပြီး နိုင်ငံတော်အာဏာကိုရယူလိုက်ကာ အိမ်စောင့်အစိုးရပေါ်လာသည်။ တပြည်ထောင်စနစ်ကို သူတို့က အတိအလင်းလုပ်ကြသည်။ ခွဲထွက်ရေးကိုတိမ်းညွှတ်သည့်စော်ဘွားတချို့နဲ့ ပြည်ထောင်စုစစ်စစ်ဖြစ်ဖို့ အခြေခခံဥပဒေပြင်ဆင်ချင်သူများကို ဒလကြမ်းနှိပ်ကွပ်သည်။

 

ဤသို့ဖြင့် ပြဿနာကြီးလာခဲ့သည်။ ၁၉၆၀ တွင် သန့်ရှင်းအုပ်စုက ရွေးကောက်ပွဲနိုင်လိုင်တော့ (ပထစ)အစိုးရ ပေါ်လာသည်။ ရှမ်းပြည်ပြဿနာကို ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းဖို့ကြိုးစားသည်။ သို့သော် ဆုံးခန်းတိုင်မလုပ်လိုက်ရ။ ၁၉၆၂ စစ်အာဏာသိမ်းပွဲ’ ကြုံရသည်။ တော်လှန်ရေးကောင်စီအမည်ခံ စစ်အစိုးရ တပြည်ထောင်စနစ်ကို လွတ်လွတ်ကျွတ်ကျွတ် လက်ရဲဇက်ရဲလုပ်တော့သည်။ ၁၉၇၄ အခြေခံဥပဒေ’ ရေးဆွဲအတည်ပြုသည်။ ပြည်ထောင်စုဆိုတာ နာမည်သာကျန်ရစ်သည်။ ပြည်နယ်(၇)နယ်၊ တိုင်း(၇)တိုင်းဆိုတဲ့ဖွဲ့စည်းပုံပေါ်လာသည်။

 

တပြည်ထောင်စုစနစ်ဖြစ်လာတဲ့ဖြစ်စဉ်ကို အခြေခံဥပဒေ(၃)ခုကပြဌာန်းတဲ့ အလံ(၃)ခုကိုကြည့်လျှင်ရှင်းသည်။

-       ၁၉၄၇ အခြေခံဥပဒေကပြဌာန်းတဲ့အလံက ကြယ်ဖြူကြီးတလုံးကို အရန်ကြယ်ကလေး ၅ လုံးက ခြံရံနေသည်။

-       ၁၉၇၄ အခြေခံဥပဒေရဲ့အလံကျတော့ ကြယ်ဖြူကြီးပျောက်ပြီး အရန်ကြယ်ကလေး (၁၄)လုံးဝန်းရံလာသည်။ ကြယ်ဖြူကြီးနေရာမှာ မဆလ တံဆိပ်ရောက်လာသည်။

-       ၂၀၀၈ အခြေခံဥပဒေကျတော့ (၃)ရောင်ခြယ်အလံမှာ ကြယ်ဖြူကြီးတလုံးပြန်ရောက်လာသည်။ ကြယ်ရန်တွေကတော့ လုံးလုံးပျောက်သွားသည်။ ဒါက ပြည်ထောင်စုကနေ တပြည်ထောင်စနစ်သို့ ကူးပြောင်းလာတာကို အလံသင်္ကေတနဲ့ပြတာဖြစ်သည်။ ပြည်ထောင်စုဆိုတဲ့ဆိုင်းဘုတ်ကိုတော့ မဖြုတ်ရဲကြ။ သို့သော် ပြည်ထောင်စုအနှစ်သာရ’ ကိုတော့ လုံးလုံးဖျက်သိမ်းလိုက်ကြပြီ။ ၂၀၀၈ အခြေခံဥပဒေရဲ့ အခန်း ၂ ပါ ပုဒ်မများကိုလေ့လာကြည့်ပါ။ အနှစ်သာရက တပြည်ထောင်စနစ်ဖြစ်နေသည်။

 

ဗမာပြည်မှာ တပြည်ထောင်စနစ်ကျင့်သုံးလို့မဖြစ်ပါ။

ဗမာပြည်က တရုတ်ပြည် အိန္ဒိယပြည်တို့နဲ့မတူပါ။

· တရုတ်ပြည်မှာ တရုတ်(ဟန်)လူမျိုးက လူဦးရေအားလုံးပေါင်းရဲ့ (၉၂) ရာခိုင်နှုန်းရှိသည်။ အမျိုးသားလူနည်းစုက လူမျိုးပေါင်း (၅၆)ပဲရှိသည်။ တရုတ်စကား(ပီကင်းစကား)ကိုတော့ အများစုကြီးကတတ်သည်။ ဒါ့ကြောင့် တပြည်ထောင်စနစ် ကျင့်သုံးနိုင်သည့်အနေအထားဖြစ်သည်။

· အိန္ဒိယကျတော့ ပြည်ထောင်စုစနစ်ဖြစ်သည်။ ဘာသာစကားပေါင်း (၁၃)ခုပြောကြသည်။ (အများစုကြီးက) ဟိန္ဒူဘာသာဝင်တွေဖြစ်သည်။ သို့သော် ရုံးသုံးဘာသာကို အမျိုးမျိုးထားရသည်။ တပြည်ထောင်စနစ်လုပ်လို့မဖြစ်။ ပြည်ထောင်စုစနစ်ပဲလုပ်ရမည်။ သူ့ပြည်နယ်တွေကကြီးသည်။ သို့သော် ပြည်နယ်အလိုက်ဘာသာစကားများကို တရားဝင်လုပ်ထားသည်။ တရုတ်ပြည်မှာလို အားလုံးက ပီကင်းစကား(မန်ဒရင်စကား)ချည်း ပြောကြတာမဟုတ်။ လွတ်လပ်ရေးရတော့လည်း နိုင်ငံ(၂)နိုင်ငံအဖြစ် အခွဲခံရသည်။ တရုတ်ပြည်မှာလိုလုပ်လို့မဖြစ်တာ သေချာသည်။ အိန္ဒိယရဲ့ပြည်ထောင်စုမျိုးကို ဗမာပြည်မှာလုပ်လို့မဖြစ်နိုင်။ ဗမာပြည်ရဲ့ သီးခြားလက္ခဏာရှိတဲ့ပြည်ထောင်စုစနစ်ကိုပဲ ထူထောင်ရလိမ့်မည်။ ကြံဆကြရလိမ့်မည်။ ဗကပ က ယေဘုယျပဲတင်ပြနိုင်သည်။

 

ဗမာပြည်ရဲ့သီးခြားလက္ခဏာများကို လေ့လာရဦးမည်။

· လူဦးရေဘယ်လောက်ရှိလဲ(မသိပါ။) အမျိုးမျိုးပြောကြသည်။ သန်း(၅၀) သန်း(၆၀) အမျိုးမျိုးပြောနေကြသည်။

· လူမျိုးပေါင်း ဘယ်လောက်ရှိလဲ(မသိပါ။) များတော့များသည်။

· ‘၂၀၀၈ အခြေခံဥပဒေမှာက တိုင်း(၇)တိုင်း၊ ပြည်နယ်(၇)ပြည်နယ်အပြင် ပြည်ထောင်စုနယ်မြေများ ဆိုတာလည်းပါသေးသည်။ ပျဉ်းမနားနေပြည်တော်အပြင် တခြားနယ်မြေများမှာလည်း သမ္မတအမိန့်နဲ့ သတ်မှတ်နိုင်တယ်လို့ဆိုထားသည်။ ဒါလည်း စောင့်ကြည့်ရဦးမည်။

· ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုတာကလည်း (၆)ခု ရှိလာသည်။ ရှမ်းပြည်နယ်မှာချည်း(၅)ခုရှိသည်။ သူတို့ ဘယ်လိုဘယ်ပုံစခန်းသွားနေကြသလဲ(မသိပါ။) လေ့လာရဦးမည်။ (မင်းတို့က ဗမာကိုပြည်နယ်တခုဖွဲ့ဖို့တောင်းသည်။ တို့က ပြည်နယ်တခု မလုပ်ဘူး။ တိုင်း (၇)တိုင်းလုပ်ပစ်လိုက်တယ်။ မင်းတို့ကိုလည်း ရှမ်းပြည်ထဲမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (၅)ခု လုပ်ပေးလိုက်မယ်)ဆိုပြီး အာဃာတနဲ့များလုပ်သလား သံသယရှိသည်။ ပြဿနာကတော့ဖြစ်နေပြီ။ ဗမာကို တိုင်း(၇)တိုင်းခွဲလို့ ဘာမှမဖြစ်နိုင်။ အများစုကြီးက ဗမာလူမျိုးတွေချည်းပဲ နေထိုင်ကြတာဖြစ်သည်။ ရှမ်းပြည်မှာက လူမျိုးတွေကွဲနေသည်။ ရန်မီးပွားစရာတွေဖြစ်သည်။ ဗမာပြည်မှာက တိုင်းပြည်ကငယ်ငယ် လူမျိုးတွေကများများ ဒွေးရောယှက်တင်နေထိုင်ကြတာလည်းဖြစ်တော့ ပြဿနာတက်နိုင်သည်။

ကျနော်မရေးနိုင်ခဲ့တဲ့ကိစ္စတရပ်

0 comments
ကျနော်မရေးနိုင်ခဲ့တဲ့ကိစ္စတရပ်
ရေးသူ- ဖိုးသံ(လူထု)
ဒီကိစ္စကို ကျနော် အခုတော့ ရေးလို့ရပါပြီ။
၁၉၇၈ ခုနှစ်မှာ ကျနော့်အဖေ၊ အမေနဲ့ညီ၊ သုံးယောက်စလုံး အဖမ်းခံရတုန်းက အဖေနဲ့ ဘိုညိုကို အရင်လွှတ်ပြီး အမေ့ကို နောက်ဆုံးမှ အချိန်အတော်ကြာ ချန်ပြီးလွှတ်တယ်။ အဲဒါ ဘာလို့လဲလို့ ကျနော့်ကိုမေးတာ မကြာခဏကြုံရပါတယ်။ ဆွေရင်း မိတ်ရင်းတွေထဲက မေးကြတာတောင် ရှိပါတယ်။ ဒါပေမဲ့ ကျနော့်မှာ ထောက်ထားစရာတွေ ရှိနေလို့ ဘယ်သူ့ကိုမှ ပြောမပြခဲ့ပါဘူး။ အခုတော့ အမေကွယ်လွန်သွားပြီမို့ ကျနော်ရေးနိုင် သွားပါပြီ။
၁၉၇၆ ခုနှစ်၊ သြဂုတ်လ ၃ဝရက်နေ၊ ကျနော့်ကိုလာဖမ်းတဲ့နေ့မှာပါ။ မှတ်မိသလောက် ဆိုရင် အဲဒါ တနင်္ဂနွေနေ့ကြီးပါ။ မန္တလေး ဗထူးအားကစားကွင်းမှာ မြို့မအသင်းနဲ့ ရဲအသင်း တို့ ကစားမယ့်နေ့ပါ။ ပွဲကလည်း ပွဲကောင်းဖြစ်လို့တကြောင်း၊ ကိုယ်တိုင်ကလည်း မြို့မ ဘော့လုံးအသင်းသားဟောင်း ဖြစ်ရုံမက မြို့မအသင်းကို ကမကထ ပြုသူ၊ ဦးစီးသူတွေ အားလုံးဟာ ကျနော့်မိဘများနဲ့ မကင်းသူတွေ ဖြစ်နေလို့ကတကြောင်း ကျနော်က အဲဒီ ဘော့လုံးပွဲကို သွားကြည့်ဖို့ အားခဲထားပါတယ်။ သူများတွေနဲ့ အဖော်တောင် ညှိထား ပါသေးတယ်။
နေ့လည် ၂နာရီ၊ ၃နာရီ လောက်ထင်ပါရဲ့ ကျနော်အိမ်သာတက်နေတုန်းမှာ ကျနော်တို့အိမ်မှာ ကားမောင်းတဲ့ ကိုအေးက ကျနော့်ကို အပြင်ကနေ တံခါးပုတ်ပြီး ခေါ်ပါတယ်။ ကျနော်ထွက်လာတော့ "ခင်ဗျားကို ခင်ဗျားအမေက ခေါ်နေတယ်၊ အောက်ကို ဆင်းလာခဲ့ပါတဲ့" လို့ဆိုတာနဲ့ ချက်ခြင်း သူ့နောက်က လိုက်သွားပါတယ်။ အောက်ရောက်တော့ ဧည့်ခန်းထဲမှာ အဖေရယ်-အမေရယ်၊ ရပ်ကွက်ထဲကလူကြီး ၃-၄ယောက်ရယ်၊ တခါမှမတွေ့ဖူးတဲ့ မျက်နှာထားတင်းတင်းနဲ့ လူတချို့ရယ် ထိုင်နေ ကြတာကို တွေ့ရပါတယ်။ အဖေနဲ့အမေကလည်း မျက်နှာမသာကြပါဘူး။ ဒါနဲ့ ကျနော်လည်း အခြေအနေကို ချက်ခြင်းရိပ်မိလိုက်ပါတယ်။ ကျနော်ရောက်တော့ ကျနော့်အဖေက ကျနော့်ကို- "ငါ့သားအခန်းကို နည်းနည်းရှာချင်လို့တဲ့" လို့ပြောပါတယ်။
အဖေပြောပြီးတာနဲ့ပဲ အဲဒီလူတွေ အားလုံး မတ်တပ်ထရပ် လိုက်ကြပါတယ်။ ကျနော်က နောက်ပြန်လှည့်လိုက်တာနဲ့ အားလုံးအပေါ်တက်တဲ့ လှေကားဆီ ထွက်လာကြပါတယ်။ အိမ်သားတွေပါပေါင်းရင် ၁ဝ ယေက်လောက် လူအုပ်ကြီးပါ။ လှေကားပေါ်တက်ရင်း တယောက်က ကျနော့်ကို "ပြီးရင်မေးချင်မြန်းချင်တာလေးတေရှိလို့ ကျနော်တို့နဲ့ လိုက်ရအောင် အိပ်ရာလိပ်နဲ့ အဝတ်အစားလည်း ပြင်ပါ" လို့ပြောပါတယ်။ ကျနော်နဲ့ အမေက အတူတူ တက်လာတာမို့ အမေ့ကို ပြောတဲ့သဘောလည်း ဆောင်နေပါတယ်။
အဲဒီနောက်တော့ သူတို့ ကျနော့်အခန်းထဲမှာ ရှာကြတော့တာပါပဲ။ နို့ပေမဲ့အလွန်ကြီး ရုပ်ပျက်ဆင်းပျက် ရှာတာမျိုး မဟုတ်ပါဘူး။ ကြည့်ရတာ တခုခုကို အတိအကျ သတင်းရထားလို့ ရှာတာ ဟုတ်ဟန်မတူပါဘူး။ ကျနော်နဲ့အမေက အခန်းအပြင် တံခါးဝနားမှာ ရပ်နေပါတယ်။ အဲဒီတုန်းက ကျနော့်ညီ ဘိုညိုအိမ်မှာ မရှိပါဘူး။ ခရီးသွားနေပါတယ်။ ကျနော့်အမနဲ့ နှမတို့ ရှိကြပါတယ်။ သူတို့လည်းပဲ ကျနော့်အနားမှာ ရှိကြပါတယ်။ ကျနော့်အဖေကတော့ အောက်ကဧည့်ခန်းထဲမှာ လာဖမ်းတဲ့ ထောက်လှမ်းရေး ဗိုလ်မှူးကို ဧည့်ခံစကားပြောနေခဲ့တယ်လို့ ယူဆရပါတယ်။ ကျနော့် အပါးမှာ ရပ်နေတဲ့ နောက်တယောက်ကတော့ လာဖမ်းတဲ့ ထောက်လှမ်းရေးကလူပါ။ အသက် ၂ဝ နဲ့ ၃ဝကြား လောက်ရှိပါမယ်။ သူ့ခါးက ပုဆိုးထဲမှာ သေနတ်အတိုတလက်ကို ထိုးထားပါတယ်။ သူတို့ လှန်လှောရှာနေတာကို ကြည့်ရင်းကျနော်က မင်မပျက် မောင်းမပျက် အမေ့နားကိုကပ်ပြီး "ကျနော်ပြေးမှဖြစ်မယ်" (I must flee) လို့ အင်္ဂလိပ်လို ပြောလိုက်ပါတယ်။ အနားက ထောက်လှမ်းရေးငနဲဟာ ဘာမှ ဂရုမထားတဲ့ ဟန်နဲ့ ရှာဖွေနေတဲ့ လူတွေဆီကိုပဲ ကြည့်နေပါတယ်။ ကျနော်တို့ ပြောတာကို သူနားမလည်တာ အမှန်ပါပဲ။ ဒီတော့အမေက "သူတို့မှာသေနတ်တွေပါတယ်" (They have guns) လို့ပြန်ပြောပါတယ်။ ဒီတော့ကျနော်က "ကျနော်သိတယ်၊ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တော့ ပြေးမှဖြစ်မယ်" (Yes, I know, But Imust flee at all cost) လို့ ထပ်ပြောလိုက်ပါတယ်။ သားအမိချင်းပြောတာဆိုတော့ ဒါလောက်ဆို လုံလောက်ပါပြီ။ ပြောလို့သာ ပြောတယ် ကျနော်နဂိုက စဉ်းစားထားတဲ့ ထွက်ပြေးတဲ့နည်းလမ်းတွေက ပိတ်နေသလောက် ဖြစ်နေပါတယ်။ ကျနော်ပြင်ထားတာက ၁၉၆၆ ခုနှစ်တုန်းက ကျနော့်ကို ဖမ်းသလို ညမှာ ဖမ်းလာခဲ့ရင်၊ ကျနော်က လက်ဦးခဲ့ရင် ဆိုတာမျိုးတွေပါ။ အခုတော့ အိမ်သာထဲရောက် နေတဲ့လူဟာ ဘယ်လိုမှ လက်မဦးနိုင်ပါဘူး။
အဲဒီနောက်မှာ ကျနော့်အခန်းထဲက သိမ်းယူတဲ့ စာအုပ်တွေနဲ့အတူ ကျနော့်ကို အောက်ထပ်ကို ခေါ်သွားပါတယ်။ ခုနက ဧည့်ခန်းဆီ ပြန်ခေါ်သွားတာ ဖြစ်ပါတယ်။ အဆင်းမှာ ကျနော်က အမေ့နားကပ်ပြီး ကျနော်တို့တိုက်ရဲ့ တောင်ဘက်က တံခါးပေါက်ကို ဖွင့်ထားပေးဖို့ ပြောလိုက်ပါတယ်။ ကျနော်တို့ အိမ်က ဂ၄လမ်းနဲ့ ၃၃လမ်းထောင့်မှာဆိုတော့ နှစ်မျက်နှာရှိတဲ့ အဆောက်အဦလိုဖြစ် နေပါတယ်။ အနောက်ဖက်မျက်နှာမှာ အဓိက တံခါးပေါက်ကြီးဖြစ်ပြီး တောင်ဖက်မျက်နှာစာမှာတော့ တံခါးပေါက် သေးသေးတခုနဲ့ ကားဂိုဒေါင် ရှိပါတယ်။ အဲဒီအချိန်က အဲဒီတခါးပေါက်ဟာ အဝင်အထွက် မရှိသလောက် နီးပါးမို့ ဘာဂျာတံခါးကို အမြဲလိုလို ကြေးဝါသော့ခလောက်ကြီးတလုံးနဲ့ ခတ်ထားပါတယ်။ နောက်ပြီး အဲဒီသော့ဟာ အမေ့ဆီမှာပဲ ရှိပါတယ်။
အောက်ပြန်ရောက်တော့ သူတို့က နဂိုနေရာတွေမှာ ပြန်ဝင်ထိုင်ကြပြီး ကျနော့်ကို ဧည့်ခန်းအဝင် တံခါးပေါက်မှာ ထိုင်စေပါတယ်။ ခုနက ထောက်လှမ်းရေးက လူက ကျနော့်ဘေးမှာ ကပ်လျက်ထိုင်ပါတယ်။ အခန်းလယ်မှာတော့ ရပ်ကွက်လူကြီးတွေဟာ ကျနော့် အခန်းထဲက သိမ်းလာတဲ့ပစ္စည်းတွေ (အများအားဖြင့်စာအုပ်တွေ) ကို စာရင်းပြု နေပါတယ်။ ကျန်တဲ့လူတွေကတော့ ထိုင်ကြည့်နေ ကြပါတယ်။ စာအုပ်တွေထဲမှာ မော်စီတုန်း လက်ရွေးစင်ကျမ်းတွေ ပါပါတယ်။
ဒီနေရာမှာ အခန်းဖွဲ့စည်းပုံကို နည်းနည်းပြောဖို့လိုပါတယ်။ ကျနော်တို့ အိမ်အပေါ်ကို တက်တဲ့ လှေကားဟာ အဖေ့အလုပ်ခန်းထဲမှာ ရှိပါတယ်။ အဖေ့အလုပ်ခန်းနဲ့ ဧည့်ခန်းက ကပ်လျက်၊ ဆက်လျက်ပါ။ အကြားမှာ နံရံတခုနဲ့ တံခါးပေါက်တခု ရှိပါတယ်။ အဖေ့ အလုပ်ခန်းရဲ့ တဖက်မှာက အခန်းငယ်တခုရှိပြီး နောက်ဖေးပေါက်က အဲဒီအခန်းကနေ ထွက်ရတာ ဖြစ်ပါတယ်။ နောက်ပြီး အဖေ အလုပ်လုပ်တဲ့ စာပွဲပတ်လည်မှာ စာအုပ်တွေ ထည့်ထားတဲ့ လူတရပ်ကျော်မြင့် မှန်ဘီဒိုကြီးတွေ ရှိပါတယ်။ ဒါကြောင့် ကျနော့်နဲ့ အဲဒီ ထောက်လှမ်းရေးကလူ ထိုင်နေတဲ့ နေရာကနေကြည့်ရင် အဖေ့အလုပ်စာပွဲကိုလည်း မမြင်ရ၊ တဖက်ခန်းကို ကူးတဲ့တံခါးကိုလည်း မမြင်ရပါဘူး။ အဲဒီတဖက်ခန်းမှာ အပြင်ထွက်ဖို့ တံခါးဖွင့်ထားတယ် ဆိုတာကတော့ ပိုမဖြစ်နိုင်ပါဘူး။
အပေါ်က ဆင်းလာကြတော့ အမေက နောက်ကနည်းနည်းချန် လိုက်လာပါတယ်။ နောက်ပြီးမှ စာအုပ်ဘီဒိုကြီးတွေနောက် ဝင်လိုက်ပြီး ဘာဂျာတံခါးသော့ကို သွားဖွင့် လိုက်တာပါ။ အဲဒီနောက်မှာ သူက ဧည့်ခန်းဆီကို ပြန်လာပြီး ကျနော့်ကို ခေါင်းတချက် ငြိတ်ပြ လိုက်ပါတယ်။ ဖွင့်ပြီးပြီဆိုတဲ့ အဓိပ္ပာယ်ပါ။ ပြီးမှ သူဟာ ဧည့်ခန်းထဲက သူ့နဂို နေရာမှာ ဝင်ထိုင်နေပါတယ်။
ကျနော်က ကျနော့်နှမကို အစာအိမ်ဆေးသောက်ဖို့ ဆေးနဲ့ရေတခွက် သွားယူခိုင်း လိုက်ပါတယ်။ ဒါကို အားလုံးကမြင်သိကြ ပါတယ်။ သူက အပေါ်ထပ်ကိုတက်သွားပါတယ်။ ခဏကြာလို့ ကျနော့်နှမက မလာတော့ ကျနော်က "ဒီကောင်မလေးကလည်း ကြာ လိုက်တာ" လို့ အားလုံးကြားအောင် ညည်းပြီး သူ့နောက်လိုက်ဖို့ ဟန်ပြုလိုက်ပါတယ်။ ဘေးက ထောက်လှမ်းရေးဟာ ဝေးဝေးသွားမယ် မထင်လို့ထင်ပါရဲ့ သူ့နေရာကပဲ ထိုင်ကြည့်နေပါတယ်။ ကျနော် မှန်ဘီဒိုကြီးတွေ နောက်ကွေ့ဝင်လိုက်တာဟာ ဘာဖြစ်နိုင် တယ် ဆိုတာ သူဘယ်လိုမှ တွက်မိဟန်မတူပါဘူး။ ကျနော်က အဲဒီ နောက်ဖေးပေါက်ကနေ တစွတ်ထဲ ထွက်ပြေးသွားတာက ကျနော့်ဘဝတခုလုံး အပြောင်းလဲကြီး ပြောင်းလဲသွား တော့တာပါပဲ။
ကျနော် အရှေ့မြောက် အခြေခံဒေသကိုရောက်တော့ မန္တလေးမြေအောက်လုပ်ငန်းက လာတဲ့ လူနဲ့တွေ့ပါတယ်။ ကျနော်နဲ့ လုပ်ဖော်လုပ်ဖက်ဟောင်း၊ သူငယ်ချင်းဟောင်းပါ။ သူ့ကို ပါတီဗဟိုကနေ တချို့လုပ်ငန်းတွေ မှာလိုက်ရာမှာ ကျနော်ကတဆင့် မှာခိုင်းပါတယ်။ ဒီအခါမှာ သူကလည်း မန္တလေးမှာကျန်ခဲ့၊ ဖြစ်ပျက်ခဲ့တာတွေပြောပြရင်း ကျနော့်အတွက် အင်မတန်စိုးရိမ်ခဲ့ကြကြောင်း ပြောပြပါတယ်။ ကျနော်ကလည်း ကျနော်ဘယ်လိုလွတ်ထွက် လာတယ်ဆိုတာတွေ သူ့ကိုပြောပြပါတယ်။ လူရင်းတွေမို့ပါ။ အမေ့ကြောင့် လွတ်လာပုံကို လည်း ပြောပြလိုက်ပါတယ်။ ဒါပေမဲ့ဖြစ်ချင်တော့ မန္တလေးယူဂျီတခုလုံးနီးပါး အဖမ်းခံ ရတော့ ဒီလူလည်း ပါသွားပါတယ်။ သူကအကုန်ဖော်၊ အကုန်ဖောက်ပါတယ်။ ဒါကြောင့် စစ်အစိုးရဟာ ကျနော့်အမေပါဝင်တဲ့အခန်းကို သိသွားတာဖြစ်ပါတယ်။ ဒီလိုနဲ့ အမေ့ကို စစ်အစိုးရက ညှိုးစရာ ကိစ္စတခုတိုးသွားတာပါပဲ။
ဒီဖြစ်စဉ်တခုလုံးမှာ ကျနော်၊ ကျနော့်မိဖ၊ ကျနော့်အမနဲ့နှမ၊ လာဖမ်းတဲ့လူတွေ- ထောက်လှမ်းရေး၊ အက်စ်ဘီနဲ့ ရပ်ကွက်လူကြီးတွေ၊ တဦးစီ-တဦးစီမှာ ဘယ်လို ခံစားချက်တွေ ဖြစ်ပေါ်နေကြမယ်ဆိုတာ ပြန်စဉ်းစားလိုက်ရင် အင်မတန်မှ စိတ်ဝင်စားစရာ ကောင်းမှာပါ။ စာဖွဲ့ရင် စာတအုပ်များ ရမလားပါ။ ကျနော်အတိအကျ သိတာကတော့ ကျနော်တဦးတည်း ရင်ထဲကခံစားချက်ကို သာပါပဲ။ ပြောရရင် အဲဒီအချိန်က ကျနော့် ခေါင်းထဲမှာ အလုပ်သဘော စဉ်းစားနည်းက လွှမ်းမိုးနေပါတယ်။ ဆိုလိုတာ ဘယ်လို လွတ်အောင်ထွက်ရမလဲ၊ ဘယ်သူ့ဆီက ဘာသတင်းပေါက်သလဲ၊ သူတို့ ဘာတွေသိထား သလဲ စတာတွေပါပဲ။ တခြားဘာမှ တွေးမနေနိုင်ပါဘူး။
ညမှာ မန္တလေးမြို့က ခွာပြီဆိုတော့မှပဲ ကိုယ့်ခံစားချက်ဖက် အာရုံလှည့်မိပါတယ်။ ပထမဆုံး ခေါင်းထဲမှာ ပေါ်လာတာက မာတာပီတု ဂုန္တောအနန္တော ဆိုတာပါပဲ။
ဖိုးသံ(လူထု)

Sunday, November 28, 2021

လမင်းကို ထရံပေါက်မှကြည့်ခြင်း (မြသန်းတင့်)

0 comments
လမင်းကို ထရံပေါက်မှကြည့်ခြင်း (မြသန်းတင့်)
အခမ်းအနားကို တက်ရောက်လာတဲ့ စာရေးဆရာကြီးများနဲ့ စာပေမိတ်ဆွေများ ခင်ဗျား။ ဒီနေ့ ဖြူးမြို့ မိတ်ဆွေများ စာကြည့်အသင်း စာပေဆုပေးပွဲမှာ စကားပြောခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ ကျေးဇူးတင်ပါတယ်။ ဒီနေ့ စာပေဆုပေးပွဲဟာ ထူးခြားတဲ့လက္ခဏာနှစ်ချက်ကို ဆောင်ပါတယ်။ တချက်ကတော့ ဒီစာပေဆုဟာ စာဖတ်သူများက ပေးတဲ့ဆု ဖြစ်လို့ပါပဲ။ နောက်တချက်ကတော့ ဖြူးမြို့မိတ်ဆွေများ စာကြည့်တိုက်အသင်းက အမှုဆောင်လူငယ်များဟာ သူတို့မြို့မှာမလုပ်ဘဲ သူများရပ်ရွာ စာရေးဆရာတွေ ရှိရာကိုလာပြီး ဆုပေးတဲ့ပွဲ ဖြစ်လို့ပါ။ သူများရပ်ရွာမှာ ကိုယ်က အိမ်သည်လုပ်ပြီး ဧည့်သည်တွေကို ဖိတ်ခေါ်ကျင်းပရတာဟာ တော်တော်စွန့်စားရတဲ့ ကိစ္စဖြစ်ပါတယ်။ တော်တော် တာဝန်ကြီးတဲ့ကိစ္စဖြစ်ပါတယ်။ တော်တော်လည်း ငွေကုန်ကြေးကျ များတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဆုပေးပွဲဟာ ထူးခြားတဲ့ လက္ခဏာနှစ်ချက်ရှိတယ်လို့ ကျွန်တော်ပြောခြင်း ဖြစ်ပါတယ်။
အမှန်ကတော့ ကျွန်တော်ဟာ ဒီစင်မြင့်ပေါ်ကို တက်ရောက်ပြီး ဟောပြောစရာ အကြောင်းမရှိပါဘူး။ ဒီစင်မြင့်နေရာဟာ ကျွန်တော့်နေရာ မဟုတ်ပါဘူး။ ရှေ့တန်းမှာ ထိုင်နေကြတဲ့ ဆရာကြီးတက်တိုး၊ ဆရာမကြီးဒေါ်နုယဉ်၊ ဆရာကြီး ထင်လင်း၊ ဆရာကြီး တက္ကသိုလ်နေဝင်းတို့ရဲ့ နေရာဖြစ်ပါတယ်။ သူတို့သာလျှင် ဒီနေရာမှာရပ်ပြီး ပြောသင့်ပါတယ်။ ဒီပုဂ္ဂိုလ်ကြီးတွေဟာ အသက်အားဖြင့်၊ ဂုဏ်အားဖြင့်၊ ပညာအားဖြင့် ကျွန်တော့်ထက် ကြီးမြင့်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ တကယ်တော့ ဒီနေရာဟာ သူတို့ ရပ်ပြောရမယ့်နေရာ ဖြစ်ပါတယ်။
ဒါပေမယ့် ဆရာကြီးတွေဟာ အသက်ကလည်းကြီး၊ (အင်္ဂလိပ်တွေပြောလေ့ရှိသလို) ရက်စက်သော တိတ်ဆိတ်မှု ကိုလည်း ဆောင်နေကြတဲ့အတွက် အသက်မကြီးတကြီးဖြစ်တဲ့ ကျွန်တော်က ရက်စက်သောဆူညံမှုကို ပြုလုပ်နေရခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်ရဲ့ ရက်စက်သောဆူညံမှုအတွက် ခွင့်လွှတ်ပါရန် တောင်းပန်ချင်ပါတယ်။
ကျွန်တော် ဒီအခန်းအနားမှာ ဟောပြောဖို့ အချက်ငါးချက်လောက်ကို စိတ်ထဲမှာ မှတ်လာခဲ့ပါတယ်။ အဲဒါတွေကတော့ -
(၁) စာအုပ်ဆိုတာ ဘာလဲ၊
(၂) စာကို ဘယ်လိုဖတ်ကြမလဲ၊
(၃) ဘယ်လိုအချိန်အခါမှာ ဘယ်လိုစာတွေကို ဖတ်ကြမလဲ၊
(၄) ဘယ်အရွယ်မှာ စာဖတ်ရင် ဘယ်လို အကျိုးသက်ရောက်မှုကို ရစေသလဲ ဆိုတာနဲ့
(၅) စာဖတ်ရာမှာ ဘယ်လို သဘောထားမျိုးနဲ့ ဖတ်ရမလဲ ဆိုတဲ့အချက်များ ဖြစ်ပါတယ်။
ဒီအချက်တွေဟာ ကျွန်တော့်ခေါင်းထဲက၊ ကျွန်တော့်ဦးနှောက်ထဲက ထွက်လာတဲ့ အတွေးတွေ မဟုတ်ပါဘူး။ ဆရာသမား ပညာရှိနှစ်ဦးက ပြောခဲ့တဲ့ အဆိုအမိန့်များကို ကျွန်တော်မှတ်သားထားတဲ့ အချက်များ ဖြစ်ပါတယ်။ ဒီအချက်တွေကို ကျွန်တော် သဘောကျလွန်းလို့ စာအုပ်ထဲမှာ မှတ်သားထားပြီး မကြာခဏ ပြန်ဖတ်လေ့ရှိပါတယ်။ ကျွန်တော့် ကိုယ်ပိုင်အတွေးတွေကို ပြောတာထက် ပညာရှိများရဲ့ အဆိုအမိန့်က ပိုပြီးတန်ဘိုးရှိတဲ့အတွက် ဒီအချက်များကို ဖောက်သည်ချရခြင်း ဖြစ်ပါတယ်။ အဲဒီပညာရှိနှစ်ဦးကတော့ ၁၉ ရာစုမှာပေါ်ထွန်းခဲ့တဲ့ အင်္ဂလိပ်စာပေအနုပညာ ဝေဖန်ရေးဆရာ၊ ပန်းချီဝေဖန်ရေးဆရာ၊ ဗိသုကာဝေဖန်ရေးဆရာ၊ စာတမ်းဆရာ ဂျွန်ရပ်စကင်း ဖြစ်ပါတယ်။ နောက်ပညာရှိတဦးကတော့ ၁၇ ရာစုနှစ်ကပေါ်ခဲ့တဲ့ တရုတ်စာဆို ကျန်းကျောက်ရဲ့ အဆိုအမိန့် ဖြစ်ပါတယ်။ သူတို့ နှစ်ဦးရဲ့ အဆိုအမိန့်တွေကိုပေါင်းပြီး ကျွန်တော်ပြောသွားပါမယ်။
(၁) စာအုပ်ဆိုတာ ဘာလဲ
ပညာရှိတယောက်၊ စာရေးဆရာတယောက်က ရိုးသားစွာနဲ့ စေတနာရှိစွာ ရေးသားထားတဲ့စာပုဒ်ဟာ စာအုပ်တအုပ်ပါပဲ။ စာအုပ်တွေထဲမှာ မကောင်းတာတွေ၊ အပေါ်ယံကျတာတွေ၊ ကရော်ကမယ်ရေးထားတာတွေ၊ ဟန်လုပ်ရေးထားတာတွေ၊ ပါကောင်းပါနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်က မှန်ကန်စွာဖတ်တတ်လို့ရှိရင် အဲဒီအထဲမှာ ကောင်းမွန်တဲ့ အပိုင်းအစတွေ တွေ့လိမ့်မယ်။ အဲဒီ အပိုင်းအစတွေဟာ စာအုပ်ပဲ။
စာအုပ်အမျိုးအစား အားလုံးကို ခွဲကြည့်လိုက်ရင် နှစ်မျိုးပဲရှိတယ်။ တမျိုးက ခုလောလောဆယ် ဖတ်ရမယ့်စာအုပ်၊ ခုနာရီပိုင်းသာခံတဲ့ စာအုပ်ဖြစ်တယ်။ နောက်တမျိုးက ရေရှည်ဖတ်ရမယ့်စာအုပ်၊ ခေတ်တိုင်း ခေတ်တိုင်းခံတဲ့ စာအုပ်ဖြစ်တယ်။ နာရီပိုင်းသာခံတဲ့စာ၊ ခုချက်ချင်း ဖတ်ရမယ့်စာဆိုတာကတော့ ဗဟုသုတကို ပေးတဲ့စာတွေ ဖြစ်ပါတယ်။ သတင်းစာတို့၊ ဂျာနယ်တို့ဟာ တနေ့လုံးဖတ်ရမယ့်စာတွေ မဟုတ်ပါဘူး။ မနက်ပိုင်း ဖတ်လိုက်ရင် ကုန်သွားတာပဲ။ ခေတ်တိုင်ခံတဲ့စာဆိုတာကတော့ ခံစားချက်၊ အတွေးအခေါ်ကို လှုံ့ဆော်ပေးတဲ့စာ ဖြစ်ပါတယ်။
ဒီစာအုပ် အမျိုးအစားနှစ်ခုကို ရပ်စကင်းက နောက်တနည်းပြောပါသေးတယ်။ အသံကို ပွါးစေတဲ့စာအုပ်နဲ့ အသံကို ထိန်းသိမ်းထားတဲ့ စာအုပ်လို့ ပြောပါသေးတယ်။ အသံကို ပွါးစေတဲ့ စာအုပ်ဆိုတာ လူပေါင်းများစွာကို တခါတည်း မပြောနိုင်တဲ့အတွက်၊ တနေရာတည်းမှာ ပြောလို့မရတဲ့အတွက် ကူးယူပုံနှိပ်ပြီး ပြောရတာ။ တိုင်းမဂ္ဂဇင်းတို့၊ ဘာတို့ဆိုတဲ့ သတင်းမဂ္ဂဇင်းတွေဟာ တချိန်တည်း၊ တနေရာတည်းမှာ ပြောလို့ မဖြစ်နိုင်တဲ့အတွက် အဲဒီအထဲမှာပါတဲ့သတင်းတွေကို ပွါးပြီး၊ ကူးယူပြီး ဖြန့်ဝေရတယ်။ ဒါကြောင့်မို့ အသံကို ပါွးစေတဲ့စာအုပ်လို့ ရပ်စကင်းကခေါ်ပါတယ်။ အသံကို ထိန်းသိမ်းပေးတယ်ဆိုတဲ့ စာအုပ်ကတော့ အတွေးအခေါ်များ၊ အဆိုအမိန့်များ၊ ခံစားချက်များကို နောင်မှာ မပျောက်ကွယ် သွားအောင် နောင်လာနောက်သားတွေ မှတ်နိုင်ဖတ်နိုင်အောင် ထိန်းသိမ်းထားတဲ့ စာအုပ်တွေပါ။
ဒီနှစ်မျိုးကိုပဲ ရပ်စကင်းက နောက်တနည်း ထပ်ပြောပါသေးတယ်။ စကားပြောထားတဲ့ စာအုပ်နဲ့ စာရေးထားတဲ့စာအုပ်လို့ သူက ခေါ်ပါတယ်။ စကားပြောထားတဲ့ စာအုပ်ဆိုတာ မနှစ်က ဒီနေရာမှာ ဘယ်လိုရာသီဥတု ရှိခဲ့တယ်။ လမ်းပန်းက ဘယ်လိုရှိတယ်။ စားသောက်ဆိုင်က ဘယ်နှစ်ဆိုင်ရှိတယ်၊ ဘယ်နားမှာ ဘာဘုရားရှိတယ်ဆိုတဲ့ စာမျိုးတွေပါ။ သူတို့ အဲဒီလိုစာတွေကို ဘယ်လောက်ပဲ လှပခန့်ညားတဲ့ သားရေဖုံးကြီးတွေနဲ့ ချုပ်ထားသည် ဖြစ်စေ၊ အဲဒီစာအုပ်ဟာ တကယ့်စာအုပ် မဟုတ်ဘူး။ ပြောပြထားတဲ့ စာအုပ်ဖြစ်တယ်။ တကယ့်စာအုပ်ကတော့ ရေးပြထားတဲ့၊ ဖတ်ပြီး သိရုံရေးထားတဲ့အရာမဟုတ်ဘဲ ဖတ်ပြီး ခံစားရအောင်ရေးထားတဲ့ စာအုပ်လို့ ပြောတယ်။
သုတစာပေနဲ့ ရသစာပေကို ပြောတာပါပဲ။ ဒီတော့ စာအုပ်ဟာ အမျိုးအစားခွဲလိုက်ရင် နှစ်မျိုးပဲရှိတယ်။ တမျိုးက ရေတိုခံတဲ့ စာအုပ်နဲ့ နောက်တမျိုးက ရေရှည်ခံတဲ့ စာအုပ်၊ တနည်းပြောရရင် သုတစာအုပ်နဲ့ ရသစာအုပ်။ ဒါပါပဲ။
ဒီနေရာမှာ ရေတိုခံတဲ့စာအုပ်ဟာ မကောင်းဘူး၊ ရေရှည်ခံတဲ့စာအုပ်ဟာ ကောင်းတယ်လို့ အဆိုးအကောင်း ပြောတာ မဟုတ်ဘူး။ နှစ်မျိုးစလုံးဟာ စာကောင်းချည်းပဲ။ ဒါပေမယ့် တမျိုးက ရေတိုအတွက်ဖတ်တာ။ သုတအတွက် ဖတ်တာ။ နောက်တမျိုးက ရေရှည်အတွက် ဖတ်တာ၊ ရသအတွက်ဖတ်တာ၊ အဲဒါကို ပြောနေတာ။
(၂) စာကို ဘယ်လိုဖတ်ကြမလဲ
စာဖတ်တဲ့ လူတယောက်ဟာ ရွှေတွင်းတူးသမားတယောက်နဲ့ တူတယ်။ ကျွန်တော်အနေနဲ့ ကြည့်လိုက်ရင် လျှပ်စစ်စွမ်းအားစုတွေဟာ မြေကြီးထဲမှာရှိတဲ့ ရွှေတွေကို ဘာဖြစ်လို့ တခါတည်း တောင်ထိပ်ပေါ် အသင့်ဖြစ်နေအောင် အလွယ်တကူ ပို့မပေးလိုက်သလဲ။ ဘာဖြစ်လို့ မြေကြီးထဲမှာ ဟိုတစသည်တစ ရှိနေရသလဲလို့ မချင့်မရဲ ဖြစ်ချင်စရာပဲ။ ဒီလိုဆိုရင် ကျွန်တော်တို့အတွက် ရွှေတူးရတာ မလွယ်ပေဘူးလား။ ခုတော့ ကျွန်တော်တို့မှာ တူးလိုက်ရတာ။ မြေအောက်မှာ အနက်ကြီး အချိန်ကုန်ရတယ်။ လူပင်ပန်းရတယ်။ စိုးရိမ်သောက ဖြစ်ရတယ်။ တခါတလေမှာ ဘာမှမရဘဲ အချည်းနှီးဖြစ်ရတယ်။ သဘာဝကြီးဟာ ရွှေတွေကို မြေကြီးပတ်ကြားအက်တွေမှာ ဟိုတစ သည်တစ နည်းနည်းစီပဲ သိုမှီးထားတယ်။ ဘယ်နေရာမှာ ဘာရှိတယ်ဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး ပင်ပန်းကြီးစွာ ရက်ပေါင်းများစွာ တူးပေမယ့် ရွှေလေးတစကို ရချင်မှရတာ။
ပညာရှိတွေရဲ့ အကောင်းဆုံးသော အသိဉာဏ် ပညာတွေဟာလည်း ထိုနည်း လည်းကောင်းပဲ။ ဒီတော့ စာအုပ်ကောင်းတအုပ်ကို ကောက်ကိုင်ပြီး ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ကြည့် ရလိမ့်မယ်။ ငါဟာ ရွှေတူးသမားတယောက်လို လုပ်နိုင်ပါ့မလား။ ကိုယ့်ပေါက်တူးတွေ၊ ဂေါ်ပြားတွေ၊ လက်နက်ကရိယာတွေ ကောင်းရဲ့လား။ ကျန်းမာရေး ကောင်းရဲ့လား။ စိတ်ဓါတ်ကြံ့ခိုင်ရဲ့လား။ အဲဒီမေးခွန်းတွေ မေးဖို့လိုတယ်။ ဒီမေးခွန်းတွေဟာ အရေးကြီးပါတယ်။
ခင်ဗျား ခွဲချေထုထောင်းပြီး အရည်ကျိုရမယ့် ကျောက်ခဲတုုံးတွေဟာ စာရေးဆရာရဲ့ စကားလုံးတွေ ဖြစ်ပါတယ်။ ခင်ဗျားသုံးရမယ့် ပေါက်တူးတွေ ဂေါ်ပြားတွေဟာ ခင်ဗျားရဲ့ အလေးထားမှု၊ စိတ်အားထက်သန်မှု၊ စိတ်ရှည်မှု၊ ပညာအခံတို့ ဖြစ်ပါတယ်။ ခင်ဗျားရဲ့ မီးဖိုဟာ ခင်ဗျားရဲ့ ကိုယ်ပိုင်စဉ်းစားဉာဏ်၊ ကိုယ်ပိုင်အတွေးအခေါ် ဖြစ်တယ်။ ရွှေရှိမယ်လို့ ထင်ရတဲ့ စာအုပ်ကို ခင်ဗျားဖတ်ပြီး၊ ခင်ဗျားပညာအခံနဲ့ ခင်ဗျား မျှော်လင့်ချက်ဆိုတဲ့ ပေါက်တူးတွေ ဂေါ်ပြားတွေနဲ့တူးပြီး၊ အဲဒါတွေကို ခင်ဗျား ကိုယ်ပိုင်ဉာဏ်၊ ကိုယ်ပိုင်အတွေးအခေါ်ဆိုတဲ့ မီးဖိုပေါ်မှာ ကျိုလိုက်ပြီ။
အဲဒီအခါမှာ တချို့သော ကျောက်ခဲတွေဟာ အဖြုန်းတွေ ဖြစ်ပြီး၊ အချို့သော ကျောက်ခဲတွေမှာ ရွှေစတွေ ပါလာတာကို တွေ့ရလိမ့်မယ်။ ဒါကြောင့် ရွှေလေးတစကို လိုချင်ရင် ကိုယ့်မှာ လက်နက်ကရိယာ ရှိရလိမ့်မယ်။ စာအုပ်တအုပ်ကို ဖတ်ပြီဆိုရင် ကိုယ့်မှာ လက်နက်ကရိယာ ရှိရလိမ့်မယ်။ စိတ်ရှည်မှုနဲ့၊ စိတ်အားထက်သန်မှုတို့၊ ကိုယ့်ပညာအခံတို့ ဆိုပါတော့။ စကားလုံးတွေကို ထုထောင်းခွဲချေပြီး ကိုယ်ပိုင်ဉာဏ်၊ ကိုယ်ပိုင်အတွေးနဲ့ မီးပြင်းတိုက်ကျိုရလိမ့်မယ်။
စာအုပ်တအုပ်ကို ဆယ်မျက်နှာလောက်ဖတ်ပြီး၊ အဲဒီဆယ်မျက်နှာလောက်ထဲက စာလုံးတွေ တလုံးချင်းရဲ့ အဓိပ္ပါယ်ကို တိတိကျကျ၊ သေသေချာချာ နားလည်ပြီဆိုရင် တစုံတခုသော အတိုင်းအတာအထိ စာပေကျွမ်းကျင်သူတဦးလို့ ခေါ်နိုင်တယ်။ စာတတ်ခြင်း၊ မတတ်ခြင်းဟာ အဲဒီ စကားလုံးတွေကို တိကျစွာ နားလည်ခြင်း မလည်ခြင်းပေါ်မှာ တည်တယ်။ ပညာသင်ကြားခြင်းရဲ့ ရည်ရွယ်ချက်ဟာ ရာထူးရဖို့မဟုတ်၊ အမှားနဲ့ အမှန်ကို ဆုံးဖြတ်တတ်ဖို့၊ တရားမှုနဲ့ မတရားမှုကို ခွဲခြားတတ်ဖို့ ဖြစ်ပါတယ်။ ဒါဟာ စာကို ဘယ်လိုဖတ်မလဲဆိုတာနဲ့ ပတ်သက်လို့ ရပ်စကင်းက ပြောခဲ့တဲ့ စကားဖြစ်ပါတယ်။
(၃) ဘယ်အချိန်အခါမှာ ဘယ်စာတွေကို ဖတ်ကြမလဲ
ဒါကိုတော့ တရုတ်ပညာရှင် ကျန်းကျောက်က ဒီလိုပြောပါတယ်။ ရှေးဟောင်း ဂန္ထဝင်ကို ဖတ်ချင်ရင် ဆောင်းတွင်းမှာ ဖတ်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆောင်းတွင်းမှာ စိတ်ဟာ ပျ့ံလွင့်ခြင်းကင်းပြီး တည်ငြိမ်တဲ့အတွက် ဖြစ်တယ်။ သမိုင်းကို နွေရာသီမှာ ဖတ်ရမယ်။ ဘာဖြစ်လို့လဲဆိုရင်၊ နွေရာသီမှာ နေ့ဟာရှည်လျားပြီး အချိန်များများရလို့ ဖြစ်တယ်။ ဒဿနကို ဆောင်းဦးပေါက်မှာ ဖတ်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆောင်းဦးပေါက်ဟာ နှစ်သက်စဖွယ် စိတ်ကူးတွေကို ပေါ်ပေါက်စေတယ်။ ခေတ်ပေါ်စာပေကို နွေဦးပေါက်မှာ ဖတ်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ နွေဦးမှာ သဘာဝလောကကြီးဟာ အသက်ပြန်ဝင်လာလို့ ဖြစ်တယ်လို့ သူက ပြောတယ်။ သေသေချာချာ စဉ်းစားကြည့်ရင် ဒီအဆိုအမိန့်ဟာ တော်တော်မှတ်သားဖို့ ကောင်းပါတယ်။
(၄) စာပေဟာ ဘယ်အသက်အရွယ်ကို ဘယ်လို အကျိုးသက်ရောက်မှု ရှိစေသလဲ
သူက လူငယ်အရွယ်မှာ စာဖတ်ရတာဟာ လမင်းကို ထရံပေါက်ကြား၊ နံရံအက်ကြားက ချောင်းကြည့်ရတာနဲ့ တူတယ်။ လူငယ်ဆိုတော့ အတွေ့အကြုံ မရင့်သန်သေးဘူး။ အတွေးအခေါ် မလေးနက်သေးဘူး။ ဒါကြောင့်မို့ ရိုးတိုးရိပ်တိတ်ပဲ မြင်လိုက်ရတယ်။ လူလတ်ပိုင်းအရွယ်မှာ စာဖတ်ရတာဟာ လမင်းကို အိမ်ရှေ့တလင်းပြင်က ရပ်ကြည့်ရတာနဲ့ တူတယ်။
ကိုယ့်ပတ်ဝန်းကျင်ကို မြင်နိုင်ပြီ။ လရောင်ဘယ်လောက်လင်းသလဲ။ ပတ်ဝန်းကျင်မှာ လရောင်ဖြာပုံဟာ ဘယ်လိုအနေအထား ရှိသလဲဆိုတာ အကဲခတ်ခွင့်ရပြီ။ လူကြီးပိုင်းမှာ စာဖတ်ရတော့ လမင်းကို လသာဆောင် ဝရန်တာပေါ်က တက်ကြည့်ရတာနဲ့ တူတယ်။ ကိုယ့်နောက်မှာ အတွေ့အကြုံတွေ အများကြီး ကျန်ရစ်ခဲ့ပြီ။ ပတ်ဝန်းကျင်ကို ခြုံငုံသုံးသပ်နိုင်ပြီ။
ခရီးသည်ကောင်းတယောက်ဟာ သွားလေရာရာမှာ ရှုခင်းကို မြင်တတ်တယ်။ သူ့အဖို့ စာအုပ်တွေနဲ့ သမိုင်းဟာလည်း ရှုခင်းပဲ။ ဝိုင်အရက်နဲ့ ကဗျာဟာလဲ ရှုခင်းပဲ။ လမင်းနဲ့ ပန်းပွင့်ဟာလဲ ရှုခင်းပဲ။ အလားတူပဲ စာဖတ်ကောင်းသူ တယောက်ဟာလဲ သွားလေရာရာမှာ စာအုပ်ကိုပဲ မြင်တယ်။ သူ့အဖို့ တောင်နဲ့ရေဟာ စာအုပ်ပဲ။ စစ်တုရင်ခုံနဲ့ ဝိုင်အရက်ဟာလဲ စာအုပ်ပဲ။ လမင်းနဲ့ ပန်းပွင့်ဟာလဲ စာအုပ်ပဲ။
(၅) စာဖတ်ရာမှာ ဘယ်လိုသဘောထားမျိုးနဲ့ ဖတ်ရမလဲ
စာအုပ်တအုပ်ကို ဖတ်ရာမှာ ပညာရှိတွေရဲ့ အဆုံးအမကို နာခံလိုတဲ့ ဆန္ဒရှိရမယ်။ ဆရာသမားတွေရဲ့ အတွေးအခေါ်တွေထဲကို ဝင်ရောက်နိုင်အောင် ကြိုးစားရမယ်။ သူတို့နဲ့အတူ နေထိုင်ပြီး သူတို့ခံစားချက်တွေကို ခွဲဝေခံစားနိုင်အောင် ကြိုးစားရမယ်။ ဒါတွေတော့ ရပ်စကင်းနဲ့ ကျန်းကျောက်တို့ရဲ့ အဆိုအမိန့်တွေ ဖြစ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ စာဖတ်တာ အရေးကြီးပုံနဲ့ ပတ်သက်လို့ ရပ်စကင်းရဲ့ ဟောပြောချက်ထဲက စာတပုဒ်ကို ကျွန်တော် ဖတ်ပြပါမယ်။ ကောက်နုတ်ချက်က နည်းနည်း ရှည်တဲ့အတွက် ကျွန်တော် အလွတ်မရပါဘူး။ ဒါကြောင့်မို့ ဖတ်ပြရတာ ခွင့်လွှတ်ကြပါ။ ဒီစကားတွေကို ပြောခဲ့တဲ့အချိန်ဟာ ၁၉ ရာစုရဲ့ ဒုတိယပိုင်းကာလ ဖြစ်ပါတယ်။ အဲဒီတုန်းက အင်္ဂလန် နပိုလီယန် စစ်ပွဲတွေပြီးလို့ ကရိုင်းမီးယားစစ်ပွဲကို တိုက်နေချိန်ဖြစ်တယ်။ အာဖရိကမှာ စစ်ပွဲတွေ တိုက်နေချိန်ဖြစ်တယ်။ အာရှတိုက်မှာ အာဖဂန်စစ်ပွဲကို တိုက်နေချိန် ဖြစ်တယ်။ မြန်မာပြည်မှာ ဒုတိယစစ်ပွဲကို တိုက်ပြီးချိန်ဖြစ်တယ်။ အရှေ့ဖျားမှာ ဘိန်းစစ်ပွဲကို တိုက်နေချိန် ဖြစ်တယ်။ တနည်းပြောရရင် ဗြိတိသျှအင်ပိုင်ယာကြီးကို ချဲ့ထွင်နေချိန် ဖြစ်ပါတယ်။
အဲဒီအချိန်မှာ ရပ်စကင်းဟာ ဒီစကားတွေကို ပြောခဲ့ခြင်းဖြစ်ပါတယ်။ သူ့စကားကို ကျွန်တော် ကောက်နှုတ်ဖော်ပြပြီး ဖတ်ပြပါမယ်။ နားထောင်ကြည့်ကြပါ။ ကြီးမြတ်တဲ့လူမျိုးတမျိုးဟာ ဒီစစ်ပွဲမှာ ဘယ်ဘက်က မှန်သလဲ၊ ဘယ်ဘက်က မှားသလဲဆိုတာ မကြည့်ဘဲ၊ ဒီစစ်ပွဲပြီးရင် ငါတို့ ကုန်အရောင်းအဝယ် ဘယ်လိုနေမလဲ၊ ငါတို့ အမြတ်တွေ ဘယ်လောက်ရမလဲ ဆိုတာကိုပဲတွေးပြီး စစ်မြေပြင်မှာ လူငယ်တွေ နေ့စဉ်နဲ့အမျှ သေနေကြတာကို လက်ပိုက်ကြည့်မနေဘူး။ ကြီးမြတ်တဲ့ လူမျိုးတမျိုးဟာ သစ်ကြားသီးခြောက်လုံးလောက် ခိုးမိတာနဲ့ ကလေးတွေကို ထောင်ထဲမပို့ဘူး။ ကြီးမြတ်တဲ့ လူမျိုးတမျိုးဟာဆင်းရဲသားတွေရဲ့ စုငွေနဲ့ ချမ်းသာနေကြတဲ့ ဘဏ်သူဌေးကြီးတွေ ခိုးဝှက်နေတာကို ဒီအတိုင်း လက်ပိုက်ကြည့်မနေဘူး။
ကြီးမြတ်တဲ့ လူမျိုးတမျိုးဟာ တောင်တရုတ်ပင်လယ်တဝိုက်မှာ လက်နက်အပြည့်အစုံ တပ်ဆင်ထားတဲ့ သင်္ဘောကြီးတွေနဲ့ အမြောက်ကြီးတွေချိန်ပြီး သူများတိုင်းပြည်ကိုသွားပြီး ဘိန်းရောင်းနေတာကို ဒီအတိုင်း လက်ပိုက်ကြည့်မနေဘူး ကြီးမြတ်တဲ့ လူမျိုးတမျိုးဟာ ပိုက်ဆံပေးမလား၊ အသက်ပေးမလားဆိုတဲ့ လမ်းဓားပြတို့ထက် ပိုကဲပြီး ပိုက်ဆံရော၊ အသက်ရောပေးလို့ နှစ်ခုစလုံးကို တောင်းနေတဲ့ ဓားပြအကြီးစားကြီးတွေ ဓားပြတိုက်နေတာကို ဒီအတိုင်း လက်ပိုက်ကြည့်မနေဘူး။
ကျွန်တော်တို့ တတွေဟာ ဘာဖြစ်လို့ လူတွေ စာဖတ်ဖို့ အကြောင်းကို ပြောနေရသလဲ။ အခုအခြေအနေမှာ ကျွန်တော်တို့ လူမျိုးဟာ စာမဖတ်နိုင်ဘဲ ဖြစ်နေတယ်။ ဒီလို စိတ်ဓာတ် ပျက်ပြားနေတဲ့ လူမျိုးတမျိုးဟာ စာမဖတ်ချင်ဘဲ ဖြစ်နေတယ်။ ဘယ်လောက် ကြီးကျယ်တဲ့ စာရေးဆရာက ရေးခဲ့တဲ့ စာပဲဖြစ်စေ စိတ်ဓာတ်ပျက်ပြားနေတဲ့ လူမျိုးတမျိုးဟာ နားဝင်မှာ မဟုတ်ဘူး။ ခုလက်ရှိ အခြေအနေမှာ ကျွန်တော်တို့ အင်္ဂလိပ်လူမျိုးဟာ လေးနက်တဲ့ အတွေးအခေါ်ပါတဲ့ စာတွေကို ဖတ်နိုင်မှာ မဟုတ်ဘူး။ လောဘတွေ၊ ဒေါသတွေ၊ မောဟတွေ ဖုံးနေတဲ့အတွက် ဘယ်အတွေးအခေါ်ကိုမှလဲ လက်ခံနိုင်မှာ မဟုတ်ဘူး။ လူမျိုးတမျိုးဟာ စာပေကို အထင်သေးနေရင်၊ သိပ္ပံပညာကို အထင်သေးနေရင်၊ အနုပညာကို အထင်သေးနေရင်၊ သဘာဝကို အထင်သေးနေရင်၊ မေတ္တာကရုဏာကို အထင်သေးနေရင်၊ ပိုက်ဆံနောက်ကိုသာ ငမ်းငမ်းတက်လိုက်နေရင် အဲဒီလူမျိုးဟာ ရေရှည်တည်တံ့နိုင်မှာ မဟုတ်ဘူး။ ကျွန်တော်ပြောခဲ့တဲ့ စကားတွေဟာ ရင့်သီးတယ်လို့များထင်ကြရင် သည်းခံနားထောင် ကြပါ။ ရပ်စကင်းရဲ့ စကားပါ။ ဒါပါပဲ။ ကျေးဇူးတင်ပါတယ်။
(၁၉၉၄၊ ဒီဇင်ဘာ ၅ ရက်၊ ရန်ကုန်မြို့၊ ဝိုင်အမ်စီအေခန်းမတွင် ကျင်းပသော ဖြူးမြို့ မိတ်ဆွေများ စာကြည့်အသင်း စာပေဆုပေးပွဲအခန်းအနားတွင် ပြောသည့်စကား) မြသန်းတင့်ရဲ့ လမင်းကိုထရံပေါက်မှကြည့်ခြင်းစာအုပ် ၂၀၀၀ ခု၊ ပထမနှိပ်ခြင်းမှ ကူးယူဖော်ပြပါတယ်။