Thursday, January 27, 2022

ကုန်သည် နိုင်ပန်း

0 comments
"ကုန်သည် နိုင်ပန်း"
နိုင်ပန်းသည် သူတို့အရပ်ထဲတွင် နာမည်ကြီးသူတစ်ဦး ဖြစ်၏။ အဆိုအကတွင် ကောင်းခြင်းကြောင့် မဟုတ်၊ စာပေလင်္ကာတို့ကို ကျွမ်းကျင်၍မဟုတ်။ သူနာမည်ကြီးခြင်းမှာ သူ့ဆိုင်မှ ထမင်းကြော်ကောင်းခြင်းကြောင့် ဖြစ်သည်။ ထမင်းကြော်မကောင်းလျှင်လည်း အကြောင်းမဟုတ်သေးပါ။ ဆိုင်သို့လာနေကျ ဖောက်သည်များကို အကြွေးအကန့်အသတ်မရှိ ပေးလေ့ရှိသည့်အတွက်လည်း နာမည်ကြီးမြဲ ကြီးဦးမည်သာ ဖြစ်ပါသည်။
တစ်ခါတစ်ရံတွင် နိုင်ပန်းသည် ကလေးများသို့ သကြားလုံးကလေးတွေလည်း အလကား ပေးတတ်သေးသည်။ ဤသို့ ကလေးများကို ပေးလျှင် သူ့မိန်းမက မြည်တွန်စမြဲ။ ထိုအခါမျိုးတွင် နိုင်ပန်းက
“သကြားလုံးလေး တစ်မတ်ဖိုး ငါးမူးဖိုး ကလေးတွေကိုပေးရုံနဲ့တော့ တို့တစ်တွေ မွဲမသွားပါဘူးကွာ၊ လမ်းထဲမှာနေတဲ့ ဝန်ထောက်မင်း သန်ခွမ်း ပြောတာကို မင်းမကြားဘူးလား၊ ကော်ဖီလေးဘာလေးသောက်ချင်လို့ သူ့တပည့်ကို အဝယ်ခိုင်းပြီဆိုရင် 'ဟဲ့ကောင်လေး၊ ကော်ဖီဝယ်ရင် နိုင်ပန်းဆိုင်က ဝယ်ခဲ့နော်၊ သူ့ဆိုင်က ကော်ဖီကမှ နို့တို့ ဘာတို့ များတာ၊ သူ့ဆိုင်မှာ နွားမတွေ ဘာတွေများ မွေးထားသလား မပြောတတ်ဘူး' ဆိုတာ မင်းမကြားဖူးဘူးလား”
သူတို့လမ်းထဲတွင် သူတို့ထမင်းဆိုင်သို့လာ၍ ထမင်းစားတတ်သည့် အရက်သမားတစ်ယောက်လည်း ရှိ၏။ သူ အရက်မှုးလာပြီဆိုလျှင် ခွန်ဆန်နှင့် ခွန်ဖန် ဇာတ်ထုပ်ထဲမှ ငိုချင်းများကို ဆိုတတ်သည်။ ထိုအခါမျိုးတွင် နိုင်ပန်းသည် သူဆိုပြသည့် ငိုချင်းများကို နားထောင်၍ ပီတိဖြစ်နေတတ်၏။ အရက်သမားသည် ငိုချင်းတစ်ပုဒ်လောက် ဆိုပြီးလျှင် ရေခဲထည့်ထားသည့် လက်ဖက်ရည်အေးအေးတစ်ခွက်ကို တောင်းသောက်တတ်၏။ ထိုအခါမျိုးတွင် နိုင်ပန်းကလည်း လက်ဖက်ရည်ကိုသာမက မုန့်လက်ကောက်ကလေး တစ်ခုတလေကိုပင် အဆစ်ထည့်၍ ကျွေးလိုက်သေးသည်။
မိုးတွင်းသို့ ရောက်လျှင် နိုင်ပန်းက ကျောင်းတက်လာသည့် ကျောင်းသူလေးများအား “ဟဲ့ ကောင်မလေးတွေ၊ နင်တို့ကို ကြည့်ရတာ ရွံတွေ ဗွက်တွေထဲမှာ တစွတ်စွတ်နဲ့ လာရတာ မကောင်းပါဘူးဟယ်၊ ငါ့ဆိုင်ကိုလာပြီး ခြေဆေးလှည့်ကြ” ဟု ပြောတတ်သည်။ နိုင်ပန်းသည် သူတိုတစ်တွေ ခြေဆေးဖို့ ရေသန့်သန့်တစ်အိုးကို သတ်သတ်လုပ်ပေးထားတတ်၏။
သို့ရာတွင် ညရှစ်နာရီ ဒေါင်ခနဲထိုးသည်နှင့် နိုင်ပန်းတို့ဆိုင် ပိတ်လေပြီ။
“ခင်ဗျားကလဲဗျာ၊ အစောကြီး ဘာဖြစ်လို့ပိတ်ရတာလဲ။ ခုမှ ရောင်းလို့ကောင်းတုန်းပဲ ရှိသေးတယ်၊ ဆိုင်မပိတ်ဘဲ ဆက်ရောင်းရင် မကြာခင် သူဌေးတောင်ဖြစ်မှာ” ဟု မိတ်ဆွေများက ပြောတတ်ကြ၏။ နိုင်ပန်းက “အမယ်လေးဗျာ တော်ပါပြီ၊ မြန်မြန် ချမ်းသာတာထက် မြန်မြန်အိပ်ရတာ ပိုပြီးကောင်းပါတတ်”ဟု ရယ်ရယ်မောမောဖြင့် ပြောတတ်သည်။
သူ့ဆိုင်သို့လာ၍ လက်ဖက်ရည်သောက်သူများထဲတွင် သူ့ထက်ချမ်းသာသူတွေ တစ်ပုံတစ်ပင်။ သို့ရာတွင် သူတို့တစ်တွေမှာ ယခုတိုင် မရောင့်ရဲနိုင်ကြသေး။ ပိုပြီးချမ်းသာအောင် ပို၍ ပိုက်ဆံရှိအောင် ကြိုးပမ်းနေကြဆဲ။ နိုင်ပန်း၏စကားကို သူတို့တစ်တွေ ကြားလျှင် စိတ်ထဲတွင် တစ်မျိုးဖြစ်၍သွားတတ်ကြသည်။
သူတို့လမ်းထဲက အရောင်းအဝယ်သမားများ အလုပ်သိမ်းပြီး မိုးချုပ်မှ အိမ်ပြန်လာကြသည့်အခါ ဆိုင်ကိုပိတ်ပြီး ဆိုင်ရှေ့ပက်လက်ကုလားထိုင်တစ်လုံးပေါ်တွင် ဇိမ်ဖြင့် လဲလျောင်းကာ သူ့မိန်းမနှင့် အေးအေးလူလူ စကားပြောနေသော နိုင်ပန်းကို တွေ ရတတ်သည်။ ထိုအခါတွင် သူတို့သည် “အင်း နိုင်ပန်းတို့လင်မယားကြည့်ရတာ တယ်ပြီး အေးချမ်းတာပဲ၊ လောဘလဲ မတက်ဘူး၊ သူတို့လင်မယားကိုကြည့်ရတာ တို့ထက်တောင် စည်းစိမ်ရှိသေးတယ်” ဟု အောက်မေ့တတ်ကြသည်။
တစ်ညတွင်မူ သူ့မိန်းမက ရုပ်ရှင်သွားကြည့်သဖြင့် ဆိုင်တွင် နိုင်ပန်းတစ်ယောက်တည်း ကျန်ခဲ့၏။ မိုးချုပ်စပြုသဖြင့် နိုင်ပန်းလည်း ဆိုင်ကိုပိတ်ရန် ပြင်ဆင်နေလေပြီ။ ထိုစဉ် ဆိုင်ထဲသို့ လူရွယ်တစ်ယောက် ပြေးဝင်လာလည်။
“ဘာသောက်မလဲ သူငယ်” ဟု နိုင်ပန်းက မေးသည်။
လူရွယ်လည် သူမေးသည့်မေးခွန်းကိုမဖြေဘဲ အိတ်ထဲမှသေနတ်ကိုထုတ်ကာ သူ့ရင်ဝတည့်တည့်ဆီသို့ ချိန်ထားလိုက်သည်။ သူ့အား အဘယ်ကြောင့် သေနတ်ဖြင့်ထုတ်ချိန်သည်ကို နိုင်ပန်း နားမလည်။ သို့ရာတွင် အခြေအနေ မကောင်းဟူ၍ နိုင်ပန်း သိလိုက်ပြီ။ လူရွယ်က
“ရှိတာ အကုန်ပေး၊ ယီးတီးယားတားတော့မလုပ်နဲ့၊ ဒီခေတ်မှာ လူသတ်တယ်ဆိုတာ လွယ်လွယ်ကလေးရယ်၊ ဘာမှတ်နေသလဲ။ ကိုယ်က သတ်ရင်သတ်၊ မသတ်ရင် သူကသတ်မှာပဲ၊ ဘာမှ မဆန်းဘူး။ ကဲ မြန်မြန်လုပ်ဗျာ၊ အချိန်မရှိဘူး၊ ဘာလဲ ကျည်ဆန်အရသာကလေး မြည်းချင်လို့လား"
နိုင်ပန်းသည် တုန်လှုပ်ခြင်းမရှိ၊ တည်ငြိမ်စွာရပ်ကာ ခပ်အေးအေးပင် ပြန်ပြောသည်။
“ရပါတယ် မောင်ရာ၊ လိုချင်ရင် ရပါတယ်၊ ဒါပေမယ့် မောင်ရင့်သေနတ်ကိုကြောက်လို့တော့ မထင်ပါနဲ့၊ မောင်ရင့်မှာ အရေးတကြီး အသုံးလိုနေတယ်ထင်လို့ ထုတ်ပေးလိုက်တာပါ။ အေးလေ မောင့်ရင့်အတွက် သေရေးရှင်ရေးလောက် အရေးကြီးချင်ရင်လဲ ကြီးနေပေမပေါ့ မဟုတ်ဘူးလား။ အမေ နေထိုင် မကောင်းလို့လား၊ ဒါမှမဟုတ် အမေ လူမမာကြီး အစာအာဟာရ ငတ်ပြတ်နေလို့လား၊ ကဲ ကဲ ယူပြီး မြန်မြန်ပြန်တော့၊ အိမ်မှာ မောင်ရင် ထွက်ပြီး ပိုက်ဆံရှာတာကို တမျှော်မျှော်ဖြစ်တဲ့သူ ဖြစ်လှရော့မယ်။ ရဲကိုလဲ မတိုင်ပါဘူးကွယ်၊ ရော့ ဟောဒီ မှာ ငွေကိုးရာလောက်ရှိလိမ့်မယ်၊ နည်းနည်းပိုချင်လဲ ပိုမလား မသိဘူး၊ ကဲ ယူလေ”
နိုင်ပန်းသည် ငွေများကို စားပွဲပေါ်သို့ ပို့ပေးလိုက်သည်။ ဘိုရာတွင် လူရွယ်သည် ထိုင်ရာမှ မထနိုင်။ ငွေစက္ကူများကို ထိရဲဟန်မတူ။ နိုင်ပန်းက
“ယူလေ၊ ဘာဖြစ်လို့ မယူတာလဲ၊ မင်းကို ငါဘာဖြစ်လို့ လိမ်ညာရမှာလဲ၊ မင်းမှာ သိပ်အခက်အခဲ ​တွေ့နေတယ်ဆို တာ ငါသိပါတယ်။ အေးကွာ ခုခေတ်မှာတော့ မင်းတင်မဟုတ်ပါဘူး၊ အားလုံးကျပ်တည်းကြတာပါပဲ၊ မင်းကို လူဆိုးတစ်ယောက်လို့လဲ ငါမထင်ပါဘူး၊ တတ်နိုင်ရင် ဘယ်သူ ခိုး ဆိုး တိုက်ခိုက်စားချင်မလဲကွာ။ မင့်အဖေဟာ ကိုယ်တစ်ပိုင်းသေတဲ့ ရောဂါနဲ့ အိပ်ရာထဲလဲနေလို့လား၊ သူ့ကို စောင့်ရှောက်ကြည့်ရှုဖိုများလား။ ယူပါကွ၊ ဒါပေမယ့် အကုန်လုံး ဆေးတွေချည်း ဝယ်မပစ်နဲ့နော်၊ ဆရာဝန်ဆိုတာ ကိုယ်ခန္ဓာကိုသာ ကုနိုင်တာပါကွာ၊ ဒါပေမယ့် ခက်တာက လူဆိုတာ ကိုယ်ခန္ဓာကြီးကိုသာ ကုသပေးရုံနဲ့ မပြီးဘူးကွ၊ စိတ်နဲ့ စေတသိက်တွေကိုလဲ ကုသပေးဖို့ လိုတယ်၊ အဲဒီပိုက်ဆံထဲက တချို့ကို ပန်းမွှေးမွှေးကလေးတွေဝယ်ပြီး အမေ့ဖို့ ဘုရားတင်၊ တိုများတော့ ညအိပ်ရာဝင်တိုင်း ဘုရားမှာ ပန်းရေချမ်းကပ်တယ်၊ ညအိပ်ရာဝင်မှာ ဘုရားရှိခိုးတော့ ကိုယ်စိတ်ချမ်းသာတာပေါ့ကွာ၊ တကယ့်ကို စိတ် ချမ်းသာတာ၊ မင်းသေနတ်ကြီးကို မကိုင်ပါနဲ့တော့ကွာ၊ သေနတ်ကို ချလိုက်တာနဲ့တစ်ပြိုင်နက် မင်းစိတ်ချမ်းသာမှုရသွားမှာပဲ၊ သေနတ်ကိုင်ထားတဲ့ လူတစ်ယောက်ဟာ ဘယ်တော့မှ စိတ်မချမ်းသာရဘူးကွ၊ အမြဲတမ်း ကြောက်လန့် စိုးရိမ်နေရတတ်တယ်၊ ကိုယ့်လက်ထဲမှာ လက်နက်ရှိနေသမျှ ကာလပတ်လုံး ဘယ်တော့မှ မပျော်နိုင်ဘူး”
လူရွယ်သည် ကလေးတစ်ယောက်သဖွယ် နားထောင်ကာ သေနတ်ကို အိတ်ထဲသို့ ထည့်လိုက်၏။ ထို့နောက် ထမင်းကြော်နာမည်ကြီးလှသော၊ ကော်ဖီကောင်းသည်ဟု နာမည်ကြီးလှသော၊ ရက်ရောသည်ဟု နာမည်ကြီးလှသော နိုင်ပန်းကို ဦးညွှတ် အရိုအသေပေးလိုက်သည်။
“အင်း ခင်ဗျားကို ပစ်သတ်မယ့်အစား ကျွန်တော့ကိုယ်ကျွန်တော် ပစ်သတ်တာပဲ ကောင်းပါတော့တယ်”
နိုင်ပန်းက ပိုက်ဆံများကို လူရွယ်လက်သို့ လှမ်းပေးလိုက်ရင်း
“အရူးလိုလဲ စကားမပြောနဲ့လေ၊ ရော့ ဟောဒီမှာ ပိုက်ဆံ၊ မင်းပိုက်ဆံဖြစ်သွားပြီ၊ ဘယာကြောင့် ဒေါသကြောင့် ပေးတဲ့ပိုက်ဆံမဟုတ်ဘူးနော်။ အမှန်ကတော့ မင်းလဲမွေးကတည်းက ဆိုးလာတဲ့လူတစ်ယောက် မဟုတ်ပါဘူးကွာ၊ သူလိုကိုယ်လိုလူတစ်ယောက်ပါပဲ၊ မင်းအခြေအနေမျိုးမှာ ရောက်နေရင် ငါလဲ ဒီလိုပဲဖြစ်မှာပဲ”
လူရွယ်သည် ပြန်ထိုင်၏။
“ကျွန်တော် ခင်ဗျားကို တစ်ခါမှ မတွေ့ဖူးဘူးဗျာ၊ ခင်ဗျားလိုလူလဲ တစ်ခါမှ မတွေဖူးသေးဘူး၊ ခင်ဗျားပိုက်ဆံကို မယူတော့ပါဘူးဗျာ၊ ပြီးတော့ ကျွန်တော့်သေနတ်ကြီးကိုလဲ လွှင့်ပစ်ပါတော့မယ်၊ ခင်ဗျားပြောသလို ကျွန်တော် အိမ်မှာ စောင့်နေတဲ့ အမေ့ဆီကို ပြန်ပါတော့မယ်”
လူရွယ်သည် အတန်ကြာမျှ ချောင်းဆိုးလျက်ရှိပြီးနောက်
“ဟုတ်တယ်ဗျာ၊ ကျွန်တော်ဟာ သားဆိုး သားမိုက်တစ်ယောက်ပဲ၊ မိဘပိုက်ဆံတွေကို ဖြုန်းပစ်ခဲ့တယ်၊ မြင်းလောင်းခဲ့တယ်၊ အရက်သောက်တယ်”
“အေးလေ လူတိုင်းမှားကြတာချည်းပေါ့၊ လူ့ဘဝဆိုတာ စမ်းတဝါးဝါး လုပ်ရတာ၊ အမှားတှေ တှတေော့ ဆုံးရှုံးမှုတှေ တှေ့ရတာပဲ မဟုတျဘူးလား”
“ကျွန်တော်က သိပ်လဲ မကျန်းမာဘူးဗျာ၊ ခင်ဗျား ကျွန်တော်ချောင်းဆိုးတာကို ကြားတယ်မဟုတ်လား၊ ကျွန်တော့်မှာ အဆုတ်ရောဂါရှိတယ် ထင်တာပဲ၊ အင်း ရှိမယ်ဆိုရင်လဲ ရှိသင့်ပါတယ်လေ၊ ကျွန်တော်ဟာ ကောင်းကောင်းမွန်မွန်နေခဲ့တာမှ မဟုတ်တာ၊ အမှန်ကတော့ ကျွန်တော် မြန်မြန်သေသွားရင်လဲ ကောင်းတာပါပဲ၊ ကျွန်တော် အသက်ရှင်နေလို့လဲ ဘာထူးဦးမှာမှာလဲ၊ ဆန်ကုန်မြေလေးပဲ ဖြစ်မှာပေါ့၊ ကဲ ပြန်မယ်ဗျာ၊ ကျေးဇူးတင်တယ်”
“နေပါဦးလေ၊ မသွားပါနဲ့ဦး၊ ငါနဲ့ စကားလေး ဘာလေး ပြောကြသေးတာပေါ့၊ မင်းနာမည် ဘယ်သူတဲ့တုံး၊ နေကော ဘယ်မှာနေသလဲ၊ ဘာတွေကို ဝါသနာပါသလဲ”
လူရွယ်က စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကို ယမ်းလိုက်သည်။
“ကျွန်တော် ဘယ်ကို သွားရမယ်တောင် မသိဘူးဗျာ၊ ကျွန်တော် သွားစရာလဲ မရှိ၊ တွယ်တာစရာလဲ မရှိ၊ ကျွန်တော် ဘာကို ဝါသနာပါလို့ ပါမှန်းလဲ ကျွန်တော် မသိဘူး၊ ​လောကကြီးမှာ စိတ်ဝင်စားစရာဆိုလို့လဲ ဘာမှမရှိတော့ဘူး ထင်ပါရဲ့၊ ကျွန်တော်ဟာ မွေးကတည်းက ဆင်းရဲငတ်ပြတ်လာတဲ့ကောင် ဆိုတော့ လူတွေကို မုန်းတီးတာကိုလဲ ဘာမှ အံ့ဩစရာမရှိပါဘူး၊ တစ်ခါတလေကျတော့ ကျွန်တော် တွေးမိပါတယ်၊ ကျွန်တော် ခုလို ကံဆိုးပြီး မွဲတေငတ်ပြတ်နေတာဟာ တစ်ယောက်ယောက်များ တမင်လုပ်လိုက်လို့လားလို့ အောက်မေ့မိတယ်၊ ကျွန်တော်ဟာ လူတွေထဲမှာ မနေချင်ဘူး၊ ဘယ်သူ့ကိုမှလဲ မယုံဘူး၊ လူတွေ တစ်ယောက်နဲ့တစ်ယောက် စကားပြောတာကို ကျွန်တော်မုန်းတယ်၊ လူတွေ ပျော်ရွှင်ကြည်နူးနေကြာတွေကို ကျွန်တော် မမြင်ချင်ဘူး၊ လူတွေ တစ်ယောက်ကိုတစ်ယောက် ချစ်ခင်ပြီး တစ်ယောက်ကိုတစ်ယောက် ချီးမွမ်းနေကြတာတွေကို ကျွန်တော် မကြည့်ချင်ဘူး၊ လူတွေ တစ်ယောက်နဲ့တစ်ယောက် ပြုံးရယ်နေကြတာကို ကျွန်တော်မမြင်ချင်ဘူး”
နိုင်ပန်းက ခေါင်းကို ညိတ်လိုက်ရင်း “အင်း တစ်ခါတလေတော့လဲ ဖြစ်တတ်ကြပါတယ်ကွာ”
“ခင်ဗျားကို ပြောရင်တော့ ယုံမှ ယုံပမလား မသိဘူး၊ လောကကြီးမှာ ကျွန်တော် ဘာကိုမှ စိတ်မဝင်စားဘူး၊ အားလုံးကို ကျွန်တော် ငြီးငွေ့နေတယ်၊ ကမ္ဘာလောကကြီးကို ကြည့်ရတာကလဲ ခြောက်ခန်းပြီး ဟာလာဟင်းလင်းဖြစ်နေတယ်။ ဘာမှ အနှစ်သာရ မရှိဘူး၊ ဘာမှ ကြည်ညိုလေးစားစရာ မရှိဘူး၊ အမှန်ကတော့ ကျွန်တော်လဲ အလုပ်တစ်ခုကို ရှာဖွေလုပ်ရင် ရမှာပါဗျာ၊ ဒါပေမယ့် ခက်တာက ကျွန်တော်ဟာ လူတွေကို မြင်ရာကို မုန်းတီးစက်ဆုပ်နေတယ်၊ ကျွန်တော် သူတို့ဆီက ဘာမှလဲ မလိုချင်ဘူး၊ အခွင့်အရေးပေးတာလဲ မလိုချင်ဘူး၊ အလုပ်တစ်ခုဆိုရင်လဲ အများဆုံးလုပ်ရင် တစ်ပတ် နှစ်ပတ်လောက်ပဲ လုပ်ပြီး ထွက်လာခဲ့တာပဲ၊ ဘယ်နေရာမှလဲ ကြာကြာမနေဘူး"
"စာတို့ ဘာတို့ကော မဖတ်ဘူးလား”
“အလျင်တုန်းကတော့ ဖတ်ခဲ့ပါတယ်၊ ခုတော့ မဖတ်တော့ဘူးဗျ၊ ခုတော့ သတင်းစာတောင် မဖတ်တော့ဘူး၊ ဘာဖတ်ဖို့ လိုသေးသလဲဗျာ၊ ဘာတွေ ပါမယ်ဆိုတာ သိပြီးသား ဖြစ်နေပြီပဲ။ သေနတ်ပစ်မှု၊ လုယက်မှု၊ ဓားပြတိုက်မှု၊ လူသတ်မှု ဒါတွေပဲမဟုတ်လား၊ နေရာနဲ့ လူအမည်သာ ပြောင်းချင် ပြောင်းမယ်၊ အဖြစ်အပျက်ကတော့ အတူတူပဲ မဟုတ်လား”
လူရွယ်သည် မေးကိုပွတ်ရင်း နိုင်ပန်းကို စွေကြည့်နေသည်။
“အင်း ခင်ဗျားကတော့ တော်တော်ကံကောင်းတဲ့လူပဲဗျာ၊ ခင်ဗျားကို သေနတ်ကြီးနဲ့ထောက်ပြီး ခြိမ်းခြောက်တာတောင် ဒေါသလဲမထွက်ဘူး၊ ကြောက်ရွံတဲ့ပုံလဲမပေါ်ဘူး၊ စောစောကတော့ ကျွန်တော် ခင်ဗျားကို သတ်မလို့ပဲ၊ ဒီကမ္ဘာ လောကကြီးက ဒေါသကြီးတဲ့လူတွေ၊ ယဉ်ကျေးမှုကြီးနဲ့ လူကျင့်ဝတ်တရားတွေ ပျက်ကုန်ပါပြီလို့ ကြွေးကြော်နေကြတဲ့ စိတ်ထားခပ်ညံ့ညံ့လူတွေနဲ့ ပြည့်နှက်နေတယ်၊ ကျွန်တော်ကတော့ ဒီလိုမယုံကြည်ဘူးဗျ၊ လူတစ်ရာ လူတစ်ထောင် ဆိုးသွားရုံနဲ့ ကမ္ဘာကြီးတစ်ခုလုံး ရှိသမျှလူတွေ ဆိုးသွားပြီလို့ ကျွန်တော် မယုံတော့ဘူး၊ ခု ခင်ဗျားနဲ့ တွေလိုက်တော့ ကျွန်တော့်စိတ်ထဲမှာ ပိုပြီးသေချာသွားပြီဗျ၊ ကျွန်တော့်ယုံကြည်ချက် မှန်တယ်ဆိုတာကို တွေ့လိုက်ရပြီ၊ ဟို တုန်းက ကျွန်တော် တွေးခဲ့ဖူးတယ်၊ ကမ္ဘာကြီးဟာ မျှော်လင့်ချက်ကုန်ခန်းနေပြီ၊ ကမ္ဘာကြီးဟာ ချောက်ကမ်းပါးကြီးထဲမှာ စုန်းစုန်းမြုပ်နေပြီး လူတွေရဲ့ မကောင်းမှုတွေနဲ့ ညစ်နွမ်းနေပြီ၊ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် လောကကြီးမှာ တကယ့်လူသားတစ်ယောက် တကယ့်လူတစ်ယောက်တော့ ရှိရမယ်လို့ ကျွန်တော် ယူဆခဲ့ဖူးတယ်၊ အဲဒီလူဟာ တစ်ဖက်သားတွေ လေးစားကြည်ညိုအောင် ဘယ်လိုနေရ ထိုင်ရတယ်ဆိုတာကို ကောင်းကောင်းသိတယ်။ ဒီလိုလူမျိုးတစ်ယောက်တော့ ရှိရမယ်လို့ ကျွန်တော့်စိတ်ထဲမှာ ထင်ခဲ့ဖူးတယ်၊ ဒါပေမယ့် ကျွန်တော် မျှော်မှန်းထားတဲ့လူမျိုးကို တစ်ယောက်မှ မတွေ့ဖူးသေးတော့ ရှိမှာမဟုတ်ဘူးလို့ ထင်ခဲ့မိတယ်၊ လောကကြီးရဲမကောင်းမှုတွေနဲ့အတူ မျောပါမှုမရှိတဲ့လူတစ်ယောက်၊ ကောင်းမြတ်တဲ့ မနသီစိတ်ထားရှိတဲ့ လူတစ်ယောက်ကို တွေချင်မြင်ချင်လိုက်တာလို့ ကျွန်တော် တောင့်တခဲ့မိဖူးတယ်၊ ခုတော့ ကျွန်တော်တွေ့ချင်တဲ့လူမျိုးကို တွေ့လိုက်ရပြီ၊ ဒီတော့ ကျွန်တော် နောက်ထပ် ဘာမှမလိုတော့ပါဘူး၊ ကျွန်တော် အိမ်ကိုပြန်တော့မယ်၊ ကျွန်တော်ဟာ ကမ္ဘာလောကကြီးကို နောက်တစ်ခါ မုန်းမိတော့မှာ မဟုတ်တော့ဘူးလို့ ယုံကြည်သွားပြီ၊ ကျွန်တော်နေချင်တဲ့ ဘဝမျိုးကို ကျွန်တော်တွေ့ခဲ့ရပြီ"
လူရွယ်သည် ပို၍ကြည်လင်လန်းဆန်းလာသည်ဟု ထင်ရ၏။ ပြန်ရန် ထိုင်ရာမှထလိုက်သည်။ ထိုစဉ် တစ်စုံတစ်ခုကို သတိရကာ အိတ်ထဲမှသေနတ်ကို ထုတ်ပြီး ဆိုင်ရှင် နိုင်ပန်းကို လှမ်းပေးလိုက်၏။
“ဒီ သေနတ်ကို ယူထားလိုက်ပါတော့ဗျာ၊ ကျွန်တော်အတွက် မလိုတော့ပါဘူး၊ လက်နက်ဆိုတာ ရိုင်းစိုင်းမှုရဲ့ တံဆိပ်အမှတ်အသားဗျ။ လူဆိုးဓားပြတွေဟာ သေနတ်နဲ့ အသက်ရှင်နေကြရတယ်၊ ဒါပေမယ့် သူတို့လဲ တစ်နေ့ကျတော့ သူတို့ရန်သူက အမှတ်မဲ့ရောက်လာပြီး လက်နက်နဲ့ပဲ သေရတာပဲ၊ သူတို့မှာ ဆည်းဆာအလှအပကိုကြည့်ဖို့ အချိန်မရှိတော့ဘူး၊ သီချင်းဆိုဖို့ အချိန်မရှိတော့ဘူး၊ လူတစ်ယောက်ဟာ သီချင်းဆိုဖို့အချိန်မရှိဘူးဆိုရင် အဲဒီလူမျိုးဖြစ်ရတာထက် ပုရစ်ကလေးတစ်ကောင် ငှက်ကလေးတစ်ကောင် ဖြစ်ရတာကမှ တော်ဦးမယ်”
သေနတ်သမားသည် ပြုံးရယ်ပြီးနောက် လက်ပြနှုတ်ဆက်လိုက်ရင်း
“ကျွန်တော် ခင်ဗျားကို နောက်တစ်ခါ လာတွေ့ဦးမယ်ဗျာ၊ ဒါပေမယ့် သေနတ်ကြီးကိုတော့ မတွေ့ပါရစေနဲ့တော့၊ ကဲ သွားပြီ”
လူရွယ်သည် အမှောင်ထဲတွင်ဝင် ရောက်ပျောက်ကွယ်သွား၏။ ဆိုင်ပိုင်ရှင် နိုင်ပန်းသည် သူ့ပစ္စည်းအသစ်ကို ငုံ့ကြည့်လိုက်၏။ မနက်ဖြန်ကျလျှင် ထိုသေနတ်ကို တစ်ယောက်ယောက်ထံ ရောင်းရဦးမည်။ မိမိဆိုင်တွင် ကော်ဖီစစ်အိုးကောင်းကောင်း လိုနေသည် မဟုတ်လော။
-----------------
ထိုင်းအမျိုးသား စာရေးဆရာ Vilas Maniviyat ၏ Who Needs It ကို ပြန်ဆိုသည်။

Saturday, January 22, 2022

နိုင်ငံကို ကိုယ်စားပြုချင်တာကြောင့် စစ်ရာဇဝတ်ကောင်တွေကို ကိုယ်စားမပြုလိုက်လေနဲ့။

0 comments
နိုင်ငံကို ကိုယ်စားပြုချင်တာကြောင့်
စစ်ရာဇဝတ်ကောင်တွေကို ကိုယ်စားမပြုလိုက်လေနဲ့။
(သတင်းနဲ့ မှတ်ချက်)
ညိုစိန်ဝင်း
အိုင်စီဂျေ တရားခံခုံကို တရားဝင်မှုအနေနဲ့ လုနေကြတဲ့ကိစ္စပါပဲ။
အိုင်စီဂျေကိုသွားပြီး ခုခံလျှောက်လဲချက်ပေးဖို့ စစ်ကောင်စီနဲ့ အင်န်ယူဂျီ အပြိုင်အဆိုင် ဖြစ်နေကြတယ်။ ဂမ်ဘီယာနိုင်ငံက ဗမာနိုင်ငံအပေါ် တရားစွဲတဲ့အမှု အိုင်စီဂျေတရားရုံးမှာ အမှုစစ်ဆေးတဲ့ပွဲပါ။ နယ်သာလန်နိုင်ငံ The Hague မြို့ အိုင်စီဂျေတရားရုံးမှာ အမှုကို စစ်ဆေးကြားနာပါမယ်။ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုအတွက် ဗမာနိုင်ငံကိုတရားစွဲတာပါ။ ဒုတိယအကြိမ် ကြားနာပွဲဖြစ်ပါတယ်။

အိုင်စီဂျေတရားရုံးမှာ ကိုယ်က လူမျိုးတုံးသတ်ဖြတ်မှု တရားခံအဖြစ် တက်ရောက်ရတာပါ။ ဒါကိုပဲ တရားခံနေရာ အပြိုင်အဆိုင်အလုအယက်လိုချင်နေတာ အံ့သြကုန်နိုင်ဖွယ်လို့ ထင်စရာ ဖြစ်နေပါတယ်။ တကယ်က တရားခံနေရာဆိုပေမယ့် ဗမာနိုင်ငံကို ကိုယ်စားပြုတက်ရောက်ဖြေရှင်းရမှာမို့ အစိုးရကိုယ်စားပြုမှုကို ကိုယ့်ဘက်ကရအောင် လုနေကြတာပါ။ ဒါပေမဲ့ တဖက်မှာ တရားခံနေရာလုတဲ့ အဖြစ်မျိုးရောက်နေတာကို မစဉ်းစားလို့ မရပါ။

အိုင်စီဂျေကို တက်ရောက်ဖို့ စစ်ကောင်စီဘက်က ဦးဆောင်ကော်မတီတရပ်ကို ၂၀၂၁ ဇွန် ၂၄ ကတည်းက ဖွဲ့စည်းထားပြီးသားဖြစ်ပါတယ်၊ စကစ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဥက္ကဋ္ဌ ဖြစ်ပြီး ၊ စကစ လက်အောက်ခံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်နဲ့ ပြည်ထောင်စုရှေ့နေချုပ် ဒေါ်သီတာဦးတို့ကို ဒုဥက္ကဋ္ဌများအဖြစ် ခန့်အပ် တာဝန်ပေးထားပါတယ်၊

NUG ဘက်ကတော့ အိုင်စီဂျေတရားရုံးရဲ့ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု ကြားနာစစ်ဆေးပွဲ ပထမအကြိမ်မှာ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်လျှောက်လဲခဲ့တဲ့ ဖြစ်စဉ်ကို ပြန်လည် ကိုးကားပါတယ်။ အဲဒီတုန်းက ဒေါ်အောင်ဆန်းစုကြည် မတက်ရောက်နိုင်ခဲ့ရင် Alternate Agent ကိုယ်စားပြုနိုင်တဲ့ နောက်ထပ်ကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အဆိုပြုထားပြီး ဖြစ်တယ်လို့ ဒေါ်ဇင်မာအောင်က ထောက်ပြထားပါတယ်။ ဒါကြောင့် ယခု ဒုတိယအကြိမ်ကြားနာပွဲမှာလည်း ဦးကျော်မိုးထွန်းပဲ အိုင်စီဂျေကို တက်ရောက်နိုင်ဖို့ NUG ဘက်က တင်ပြနေတာပါ။

ကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ အိုင်စီဂျေကို တက်ရောက်ခွင့်ရသွားလျှင် ဗမာနိုင်ငံကို ကိုယ်စားပြုတဲ့အနေနဲ့ပဲ တက်ရုံသာမက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိုင်စီဂျေတက်ရောက်တဲ့လုပ်ငန်းတာဝန်ကို ဆက်ခံသူအနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည်ထမ်းဆောင်ခဲ့တဲ့တာဝန်မျိုး ထမ်းဆောင်ဦးမှာလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်၊။

တကယ်က ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုမှာ ပြစ်မှုကျူးလွန်ခဲ့သူဟာ ဗမာပြည်သူတွေ မဟုတ်သလို ဗမာနိုင်ငံလည်း မဟုတ်ပါဘူး၊ စစ်အုပ်စုကသာ ဒီပြစ်မှုရဲ့ အဓိကတရားခံပါ။ တရားခံအနေနဲ့တက်ရမှာဆိုရင် စစ်အုပ်စုသာ တရားခံအဖြစ် တက်ရမယ့်ပွဲပါ။ ဒါပေမဲ့ ပထမအကြိမ်တုန်းက အိုင်စီဂျေကို တရားခံအစစ်ဖြစ်တဲ့ စစ်ဗိုလ်ချုပ်တွေကမတက်ပဲ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး တက်ပါတယ်။ တက်ရုံသာမက တရားခံအစစ် စစ်အုပ်စု စစ်ဗိုလ်ချုပ်တွေကိုယ်စား ခုခံကာကွယ်တာ၊ လျှောက်လဲချက်ပေးတာ လုပ်ခဲ့ပါတယ်။ အနည်းဆုံး လူမျိုးတုံးသတ်ဖြတ်မှုတော့မဟုတ်ပါဘူးလို့ အပြစ်လျော့ပါးအောင် အကာအကွယ်ပေးခဲ့ပါတယ်။ ဓားထိုးခံ အငှားဗိုက်နေရာက ဒေါ်အောင်ဆန်းစုကြည် ပါဝင်ကပြခဲ့ပါတယ်။ ဓားခုတ်ရာ လက်ဝင်လျှိုခဲ့လို့ နိုင်ငံတကာ့ မျက်နှာစာမှာ ဒေါ်အောင်ဆန်းစုကြည် နာမည်ပျက်၊ သိက္ခာကျခဲ့ရတာ အထင်အရှားပါ။

ခုတကြိမ်က နူရင်ဘတ်ခုံရုံး တရားခံထိုင်ခုံကို အပြိုင်လုနေသလို ဖြစ်နေပါတယ်။ (အစိုးရတရပ်ရဲ့) တရားဝင်မှုကို လူထုထောက်ခံမှုနဲ့ ရယူထားပြီး၊ စစ်အာဏာသိမ်းမှုကို လက်နက်ကိုင်တိုက်ပွဲနဲ့ တုံ့ပြန်တော်လှန်နေတဲ့အနေအထားမှာ - ကိုယ်က တရားခံနေရာမှာ ထိုင်ဖို့မဟုတ်ဘူး။ တရားလိုတောင်လုပ်ရမှာပါ။ သက်သေအနေနဲ့ ထွက်ဖို့လိုရင်လဲ ထွက်ရမှာပါ။ တရားခံအနေနဲ့ တက်မယ်ဆိုရင်တော့ ငွေကုန်သံပြာ သိက္ခာကျမယ့်ကိန်းပါ။

ဦးကျော်မိုးထွန်းကရော ဒေါ်အောင်ဆန်းစုကြည်လိုပဲ တရားခံစစ်ဗိုလ်ချုပ်တွေကိုယ်စား ခေါင်းထိုးခံပြီး လျှောက်လဲချက်ပေးမှာလား၊ ဒါမှမဟုတ် ရိုဟင်ဂျာတွေ လူမျိုးတုန်းသတ်ဖြတ်မှုအတွက် စစ်အုပ်စုရဲ့ပြစ်မှုတွေကိုဖွင့်ချပြီး ဗမာပြည်သူတွေဘက်က ရပ်ခံမှာလား၊ ဒါသာမက တဆက်တည်း ယခု အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာ လူမျိုးပေါင်းစုံ ပြည်သူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တာတွေ၊ ရွာတွေ မြို့တွေ မီးရှို့တာတွေ၊ ပြည်သူ့ပစ္စည်း လုယက်ဖျက်ဆီးတာတွေ၊ မုဒိမ်းမှု ကျူးလွန်တာတွေ ထပ်မံကျူးလွန်နေကြောင်း ဖွင့်ချစွဲချက်တင်မလား။ ဒီအချက်ဟာ အရေးကြီးပါတယ်။

တည်ရှိဆဲ သို့မဟုတ် တည်ဆောက်မယ့်နိုင်ငံတော်အာဏာဟာ စစ်အုပ်စု၊ အရပ်ဘက်ရေပေါ်ဆီ "အုပ်စု" လက်ထဲမှာလား၊ ပြည်သူလူထု လက်ထဲမှာလားဆိုတဲ့ အခြေခံပြဿနာဟာ ကိစ္စတိုင်းမှာ အရိပ်သဖွယ်တွဲဆက်နေပါလိမ့်မယ်။ ဒါကြောင့် စစ်အုပ်စုရဲ့ ဖောက်ပြန်တဲ့ နိုင်ငံရေး စီးပွားရေးပေါ်လစီ နဲ့ စစ်ရာဇဝတ်မှုလုပ်ဆောင်ချက်များအပေါ် ဘယ်လို သဘောထားသလဲဆိုတဲ့ အမြင်နဲ့ ခန့်မှန်းချက် သုံးသပ်ချက်တွေဟာ အရေးကြီးပါတယ်။

NUG ကိုယ်စားလှယ်တက်ရောက်ခွင့်ရပြီး သူဟာ စစ်ရာဇဝတ်ကောင်တွေကိုယ်စား လျှောက်လဲချက်ပေးမယ်ဆိုရင်တော့ သူကိုယ်တိုင်သာမက NUG ပါ နိုင်ငံတကာ့ တံတွေးချောင်းထဲ ပက်လက်မျောသွားမှာ သေချာပါတယ်။

စစ်ရာဇဝတ်ကောင်အစစ်ဖြစ်တဲ့ စကစဘက်ကတော့ သူတို့ကိုယ်သူတို့ တရားခံအဖြစ် တက်ရတာ ရှက်ကြောက်မနေဘဲ ကိုယ်ကိုယ်ကိုယ် နိုင်ငံတော်အဖြစ်ခံယူပြီး လက်မတထောင်ထောင် လုပ်ပြနေကြဦးမှာပါ။ ဟွန်ဆန် ဗမာပြည်လာတာ သူတို့ကို အသိအမှတ်ပြုလိုက်စေသလို ဖြစ်စေပြီး အိုင်စီဂျေမှာ နိုင်ငံကိုယ်စားပြုတက်ရတယ်ဆိုရင် ဒုတိယအကြိမ် အောင်မြင်မှုလို့ တွက်နေဦးမှာပါ။

NUG ကတော့ လက်နက်ကိုင်တော်လှန်ရေးကို ကြေညာထားပြီး ပြည်သူကို ကိုယ်စားပြုတယ်လို့ ခံယူထားသင့်တဲ့အနေအထားမှာ ရှိနေတာပါ။ NUG အနေနဲ့ ဗမာပြည်သူတွေကို ကိုယ်စားပြုနိုင်သလား၊ တော်လှန်ရေးကို ကိုယ်စားပြုနိုင်သလားဆိုတာ အိုင်စီဂျေမှာ (ဦးကျော်မိုးထွန်းသာ တက်ခွင့်ရခဲ့ရင်) သူတို့ဘယ်လိုလျှောက်လဲမလဲဆိုတဲ့အချက်အပေါ်မှာ မူတည်ပါလိမ့်မယ်။ ဒီပွဲမှာ တက်ခွင့်ရတာ မရတာထက် အိုင်စီဂျေမှာ စစ်ရာဇဝတ်ကောင်တွေဘက်က ရပ်ခံလျှောက်လဲချက် ပေးမလား မပေးဘူးလားဆိုတာကို ကြိုတင်ဆုံးဖြတ်ချက်ချနိုင်ဖို့ နဲ့ ကြိုတင်ပြင်ဆင်ထားနိုင်ဖို့ အရေးကြီးပါတယ်။ ရောက်ရှိနေတဲ့"နေရာ" နဲ့ အတူ "နေရာ" ရဲ့ ကိုယ်စားပြုမှုကိုပါ မြင်ဖို့ အရေးကြီးကြောင်း အဓိက ပြောလိုတာပါ။

ဒီပွဲမှာ တက်ခွင့်ရတာ မရတာ ကို NUG က အလေးထားမထား ဆိုတာ မသေချာပါ။ အိုင်စီဂျေမှာ တက်ခွင့်ရခဲ့သော် စစ်ရာဇဝတ်ကောင်တွေဘက်က ရပ်ခံလျှောက်လဲချက် ပေးမလား မပေးဘူးလားဆိုတဲ့ ကိစ္စ ကြိုတင်ပြင်ဆင်ထားချက် ရှိမရှိလည်း မသေချာသေးပါ။
ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုအတွက် အိုင်စီဂျေမှာ ကြားနာပွဲစမယ့်ရက်က ဖေဖော်ဝါရီ ၂၁ ပါ။
(အရေးတော်ပုံဂျာနယ်မှ ကူးယူဖော်ပြတယ်)

Friday, January 21, 2022

အတွေးအခေါ်နဲ့ လက်တွေ့တို့ရဲ့ ဆက်စပ်မှု

0 comments
“အတွေးအခေါ်နဲ့ လက်တွေ့တို့ရဲ့ ဆက်စပ်မှု”
(ဗဩ- ၀၉/၁၀/၂၀၀၆)
ပြဿနာတခုဟာ အတွေးအခေါ်ပြဿနာလား၊ လုပ်နည်းကိုင်နည်းပြဿနာလား အရင်ခွဲခြမ်းစိပ်ဖြာရမယ်၊ စိပ်ဖြာတတ်ရမယ်။ မတူရင်မတူသလို ဖြေရှင်းရမယ်။ အတွေးအခေါ် တူနေရင် စည်းလုံးညီညွတ်နိုင်ရမယ်။အပြန်အလှန်အားပေးရမယ်။ အကူအညီပေးရမယ်။
ပြီးခဲ့တဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီးကို ပြည်သူလူထုဘက်ကကြည့်တော့ ‘ဒီမိုကရေစီ’၊ ‘လူထုအုံကြွမှု’လို့ တွေ့ရတယ်။ စစ်အုပ်စု၊ စစ်အစိုးရဘက်ကကြည့်တော့ ‘လူတစုရဲ့ မင်းမဲ့သောင်းကျန်းမှု’လို့ တွေ့ရတယ်။ ဒါဟာ တွေးခေါ်မှုမတူလို့ အမြင်မတူကြတာဖြစ်တယ်။
ဗမာပြည်နိုင်ငံရေးမှာ ဒီအတွေးအခေါ်နှစ်မျိုးတိုက်ပွဲ ဖြစ်နေတာကြာပြီ။ ဒီအတွေးအခေါ်နှစ်ခုအပေါ်မှာပဲ နှစ်ဘက်စလုံးက လက်တွေ့ လှုပ်ရှားမှုတွေအဖြစ် ပုံသဏ္ဍာန်အမျိုးမျိုး ဖော်ထုတ်လုပ်ကိုင်နေကြတယ်။ ဒီလိုလုပ်နေကြတာဟာ လာမယ့် သြဂုတ်လဆိုရင် ၁၈ နှစ် ပြည့်တော့မယ်။ တွေးခေါ်မှုဆိုတာက ရပ်တည်မှုကလာတာ။ အလွယ်ဆုံးပြောရရင် ဘယ်ဘက်က ရပ်တည်တယ်ဆိုတာ မတူတာနဲ့ တွေးခေါ်မှု ကွဲတော့တာပဲ။ ကြား ရပ်တည်ပါတယ်ဆိုတဲ့လူဆို သူ့မှာလည်း ကြားတွေးခေါ်မှုပဲ ရှိနေတယ်။

ဒီလိုအခါမှာ သမိုင်းရဲ့ဒီအပိုင်းကို ပြန်လည်သုံးသပ်ပြီး နိဂုံးချုပ်တာလုပ်သင့်ပြီ ထင်တယ်။ ဒီလို သုံးသပ်နိဂုံးချုပ်တယ်ဆိုရင် အတွေးအခေါ်ဇစ်မြစ်ကစပြီး တူးဖော်သုံးသပ်ပြဖို့လိုတယ်။ ဒါမှသာ ဒီမိုကရေစီအရေးတော်ပုံရဲ့ခရီးအဆင့်ဆင့်မှာ ဘာလုပ်ရမယ်ဆိုတာ ပုံပေါ်နိုင်မယ်။ အသေအချာ ပြောရမှာတခုက အတွေးအခေါ်ပြတ်မှ လက်တွေ့ပြတ်တယ်။ တနည်း အတွေးအခေါ်မပြတ်ရင် လက်တွေ့ လုပ်ရာမှာလည်း မပြတ်ဘူး။ ဒါပေမယ့် လက်တွေ့နဲ့အတွေးအခေါ်ကို အဘက်ဘက်မှာ တထပ်တည်းပြုပြီး သဘောထားအရေးယူ ဆောင်ရွက်လို့မဖြစ်ဘူး။ ဒီနှစ်ခုမှာ ထပ်တူကျတာလည်းရှိတယ်၊ မကျတာလည်းရှိတယ်။
ဘယ်သူပဲဖြစ်ဖြစ်၊ လက်တွေ့အလုပ်တိုင်းမှာ အတွေးအခေါ်ပါတယ်။ ဒီအချက်ကို ထည့်မတွက်ပဲ သုံးသပ်နိဂုံးချုပ်ရာမှာ လက်တွေ့လုပ်ငန်းကိုချည့် ကွက်ပြီး သုံးသပ်နိဂုံးချုပ်တယ်ဆိုရင် အကွဲအပြဲတွေနဲ့ နိဂုံးချုပ်တတ်တယ်။ ဆရာကြီးဆလိုင်းထွန်းသန်းပြောတဲ့ “ဗမာနှစ်ယောက်ရှိရင် နှစ်ဖွဲ့ကွဲတယ်”ဆိုတဲ့စကားကို အလေးအနက် စဉ်းစားသင့်တယ်။ ဒီလိုပြောနေတာ သူတဦးတည်း မဟုတ်ပါဘူး။ တခြားလည်း (ပြည်တွင်းက ထွက်လာခဲ့တဲ့)ပုဂ္ဂိုလ်တွေ အလားတူပဲပြောနေကြတယ်။

ဒီလိုဖြစ်တာရဲ့အကြောင်းရင်းကတော့ ပြဿနာဖြစ်သူတွေဟာ လက်တွေ့ အလုပ်ထဲမှာပဲ အဖြေရှာနေကြပြီး အတွေးအခေါ်ဇစ်မြစ်ကို မတူးဆွကြလို့ဖြစ်တယ်။
တချို့လူတွေက လက်တွေ့ထဲကအမှားကို အတွေးအခေါ်ပိုင်းအမှားနဲ့ ထပ်တူြုပကြတာလည်း တွေ့ရတယ်။ ဒါ မမှန်ဘူး။ အထက်မှာ ပြောခဲ့သလိုပဲ လက်တွေ့ဟာ အတွေးအခေါ်က လာတယ်ဆိုပေမယ့် လက်တွေ့အမှားတိုင်း အတွေးအခေါ်အမှားက လာတယ်လို့ အလွယ်တကူပြောရင်လွဲမယ်။ ဗမာပြော ပြောရရင် စေတနာပါတဲ့အမှားနဲ့ တမင်လုပ်တဲ့အမှားတို့ဟာ မတူဘူး။

လက်တွေ့(လုပ်ငန်း)မှာ ရွေးချယ်စရာတွေ တခုထက်မက ရှိတတ်တယ်။ ရှိတာ သဘာဝကျတယ်။ ရှိလည်းရှိရမယ်။ ဒါပေမယ့် အတွေးအခေါ်မှာတော့ ဒီနေ့ဗမာပြည်မှာ ရွေးချယ်စရာဟာ နှစ်ခုပဲရှိတယ်။ တတိယတခု မရှိဘူး။ ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် လက်တွေ့လုပ်ငန်းကို ခေါင်းဆောင်ကြတာဟာ သက်ဆိုင်ရာဗဟိုတွေပဲ။ လက်တွေ့ကိုတော့ အားလုံးဝိုင်းလုပ်ကြတာ။ လက်တွေ့မှာ ရွေးလမ်းတွေက များလေတော့ ငါသာဆိုရင် ဒီလိုလုပ်မှာမဟုတ်ဘူး၊ ဗဟိုကလုပ်တာမှားနေတယ်ဆိုတဲ့အတွေးမျိုးတွေ မကြာမကြာ ပေါ်တတ်တယ်။ ဒီကဆက်ပြီး ငါလုပ်ချင်ကသာ မှန်တယ်။ သူ့ကို(သူတို့ကို) ခေါင်းဆောင်တင်နေလို့ မအောင်မြင်နိုင်ဘူး၊ ဒါကြောင့် တစင်ခွဲထောင်မယ်ဆိုတာအထိ ဖြစ်လာလေ့ရှိတယ်။ ဒီလိုနဲ့ ဗဟိုတွေများ များလာနေတယ်။ ဆရာကြီး ဆလိုင်းထွန်းသန်းလိုလူ အနေနဲ့ ပြောလည်းပြောချင်စရာပဲ။

စစ်အုပ်စု ထိပ်သီးပိုင်းကိုပဲကြည့်။ သူတို့အကြားမှာ တခြားကွဲလွဲတာတွေရှိပေမယ့် အတွေးအခေါ်မှာ မကွဲဘူး။ တသားတည်းပဲ။ ဗိုလ်စောမောင်၊ ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေး၊ ဗိုလ်ခင်ညွန့်၊ ဗိုလ်ရွှေမန်း၊ ဗိုလ်စိုးဝင်း၊ ဗိုလ်သိန်းစိန်၊ သူတို့အားလုံး ဗမာနိုင်ငံရဲ့ နိုင်ငံတော်အာဏာကို စစ်အုပ်စုကသာ အပြီးအပိုင်ထိန်းသိမ်းထားရေး၊ “ရှစ်လေးလုံး အရေးတော်ပုံဟာ လူတစုရဲ့မင်းမဲ့သောင်းကျန်းမှုဖြစ်တယ်”ဆိုတဲ့ အခြေခံ အတွေးအခေါ်မှာ သူတို့တွင်း လုံးဝမကွဲဘူး။ ဒီပေါ်မှာပဲ တသမတ်တည်း မြဲမြဲမြံမြံ ရပ်တည်ကြတယ်။ သူတို့ထဲမှာ ဖြုတ်ခဲ့၊ ထုတ်ခဲ့၊ ထောင်သွင်းခဲ့တာတွေ များလှပြီ။ ဒါပေမယ့် ဒါတွေဟာ အတွေးအခေါ်မတူလို့ မဟုတ်ဘူး။ တဦးချင်း အကျိုးစီးပွား မတူကြရာက ပေါ်လာတာ။ အခုဖမ်းထားတဲ့ အဲဒီစစ်ဗိုလ်တွေကို ပြန်လွှတ်ကြည့်၊ အများစုဟာ ပြည်သူလူထုဘက်ပြောင်းရပ်မှာ မဟုတ်ဘူး။ အလွယ်ဆုံး ဥပမာအဖြစ် ဗိုလ်အောင်ကြီးကို ကြည့်။

အစောပိုင်းက စစ်အုပ်စုရဲ့ အဓိကဦးတည်ရန်သူဟာ ဗကပ။ ဒါကြောင့် ဗိုလ်စောမောင်-ဗိုလ်ခင်ညွန့်တို့က “တောင်းပွဲ တိုက်ပွဲလမ်းစဉ်ကို မလုပ်ပါနဲ့”လို့ ခြိမ်းခြောက်ပြောဆိုခဲ့တယ်။ ဒါဟာ ဗကပကို ဦးတည်ပြောတာပဲ။ အဲဒါနဲ့ တဆက်တည်း မြေပေါ်ပါတီတွေအပေါ် တင်းကြပ်တဲ့ စည်းကမ်းတွေချမှတ်ပြီး အရေအတွက် လျော့သွားနိုင်အောင် လုပ်ခဲ့တယ်။ ရုပ်ပြ ပြလို့ရနိုင်ရုံ အရေအတွက်လေးသာ ချန်ထားခဲ့တယ်။ ဒီလိုအချိန်မှာ အတိုက်အခံပါဆိုတဲ့ ဗိုလ်အောင်ကြီးကလည်း ဒီချုပ်ထဲမှာရောက်နေတဲ့ “ကွန်မြူနစ်တွေကို ထုတ်ပစ်ရမယ်”လို့ ပြောလာခဲ့တယ်။ ဒါဟာ ဗိုလ်ခင်ညွန့်တို့ရဲ့ အတွေးအခေါ်နဲ့ တထပ်တည်းပဲ။ သူတို့ချင်း အတွေးအခေါ်ဆိုင်ရာမှာညှိပြီး လုပ်သလားလို့တောင် စဉ်းစားစရာရှိတယ်။
ဗိုလ်အောင်ကြီးကို စစ်အုပ်စုထဲက ကန်ထုတ်လိုက်ပေမယ့် ဗိုလ်အောင်ကြီးမှာ အဲဒီရပ်တည်ချက် မပျောက်လို့ အဲဒီအတွေးအခေါ် ကျန်နေတာပဲ။ ဗိုလ်အောင်ကြီးက အဲဒီလို လှုပ်ရှားလိုက်ပြီးနောက် ဗိုလ်ခင်ညွန့်တို့ကလည်း ဒီချုပ်ထဲက မထွက်ဘဲ တင်းခံနေတဲ့ ဗိုလ်အောင်ကြီးပြောတဲ့ ကွန်မြူနစ်တွေကို ဖမ်းပြီး ထောင်ထဲထည့်လိုက်တယ်။
အဲဒီနောက် ဒီချုပ်ထဲမှာ ဗိုလ်အောင်ကြီးက ကွန်မြူနစ်လို့သမုတ်တဲ့လူတွေ ရှိသေးသလား။ မရှိတော့ဘူး။ ဒီချုပ်ရော အဲဒါကြောင့် အားကောင်း လာသလား၊ အားနည်းသွားသလား။ အားလုံးသိတဲ့အတိုင်း ဒီချုပ်ရဲ့ခေါင်းဆောင်မှုအပိုင်းမှာ အတော်ထိခိုက်သွားတယ်။ ဗိုလ်အောင်ကြီးနဲ့ ဗိုလ်ခင်ညွန့်တို့ အဲဒီပွဲမှာ အနိုင်ရသွားတယ်လို့ ဆိုနိုင်တယ်။

နအဖခေတ်မှာ သူတို့ လေတမျိုးပြောင်းလာတာကို သတိပြုမိမယ်ထင်တယ်။ “အာဏာကို ဖြတ်လမ်းက ရချင်တာဟာ” အရင်က ပြောသလို “ဗကပ မဟုတ်တော့ပါဘူး”တဲ့။ “အဲန်အယ်လ်ဒီဖြစ်တယ်”တဲ့။ အခုအခါ သူတို့အဖို့ အဓိက ဦးတည်ရန်သူဟာ ဗကပ မဟုတ်တော့ဘူး။ ဒီချုပ် ဖြစ်သွားပြီ။ ဒါ တိတိကျကျပဲ။ ဒီချုပ်ပြိုသွားမှ သူတို့ စိတ်ချလက်ချအိပ်နိုင်မှာ။ ဒီအတွက် သူတို့အားလုံး စိတ်တူသဘောတူ အသေအလဲ လုံးပမ်းနေကြတယ်။
ဒါဟာ အတွေးအခေါ်မှာ တူညီနေလို့ပဲ။
ဒီမှာ ပြောနိုင်တာက စစ်အုပ်စုမှာ အဓိကရန်သူ ပြောင်းတယ်ဆိုတာဟာ အတွေးအခေါ်ပြောင်းတာကို ပြတာမဟုတ်ဘူး။ သူတို့ရဲ့ စစ်အာဏာရှင် အတွေးအခေါ်ကနေ ပြဋ္ဌာန်းလို့ ပစ်မှတ်ပြောင်းတာပဲ။

နောက်တချက်က ဗိုလ်အောင်ကြီးလိုလူဟာ အဖွဲ့အစည်းပြောင်းပြီး လှုပ်ရှားပေမယ့်လည်း အတွေးခေါ်မပြောင်းဘူး။ ဒါတွေက အတွေးအခေါ်ရဲ့ အခြေခံကျမှုကို ဖော်ပြတယ်။
ရှစ်လေးလုံးမှာ အလျှော့ပေးလိုက်ရတဲ့ အတိုက်အခံတွေဟာ ရွေးကောက်ပွဲကျမှ သိစေမယ်ဆိုပြီး ချုံထဲမှာ ချို (ဂျို) သွေးခဲ့ကြတယ်။ ရွေးကောက်ပွဲလုပ်တော့ တကယ်လည်းနိုင်တယ်။ နိုင်တာမှအပြတ်အသတ်က ိုနိုင်တယ်။ ဒါပေမယ့် ဘာမှဖြစ်မလာသေးဘူး။ ဒီရွေးကောက်ပွဲနောက်ပိုင်း ၁၆ နှစ် ခရီးကို ပြန်သုံးသပ်နိဂုံးချုပ်ရင်လည်း အတွေးအခေါ်မပြတ်တာကိုပဲ ထပ်တွေ့ရတယ်။

တကယ်တော့ အတိုက်အခံတွေဘက်ကသာ မပြတ်တာ၊ သူတို့ဘက်က ပြတ်တယ်။ သိပ်ပြတ်တယ်။ သူတို့ကလည်း သေမြေကြီး ရှင်ရွှေထီးပဲ။ အတိုက်အခံတွေထဲမှာ အတွေးအခေါ်ရှူပ်ထွေးမှုတွေ ပေါ်တယ်။ နဝတ-နအဖထိပ်ပိုင်းမှာ အခုအထိ ဒါမျိုးမပေါ်သေးဘူး။
ဒါကြောင့် အတိုက်အခံအင်အားစုတွေဟာ အတွေးအခေါ်ပိုင်းကို အလေးထားရမယ်။ ဒီဘက်မှာ ဦးစားပေးလုပ်ကြရမယ်။ အတွေးအခေါ် ကြံ့ခိုင်သန်စွမ်းရေးကို လုပ်ငန်းတခုအဖြစ် သတ်သတ်မှတ်မှတ်လုပ်ရမယ်။ စည်းလုံးညီညွတ်မှုမှာလည်း အတွေးအခေါ်ကို အဓိကထားရမယ်။ အချင်းချင်း ဝေဖန်အကူအညီပေးတာမှာလည်း အတွေးအခေါ်ပိုင်းကို သတိထားကိုင်တွယ်ရမယ်။

ဒီလိုဆိုတဲ့အတွက် ပြဿနာတိုင်းကို အတွေးအခေါ် ပြဿနာလားဆိုတဲ့သံသယနဲ့ ချဉ်းကပ်နေဖို့ မဟုတ်ဘူး။ တစ်က ပြဿနာတခုဟာ အတွေးအခေါ် ပြဿနာလား၊ လုပ်နည်းကိုင်နည်းပြဿနာလား အရင်ခွဲခြမ်းစိပ်ဖြာရမယ်၊ စိပ်ဖြာတတ်ရမယ်။ မတူရင်မတူသလို ဖြေရှင်း ရမယ်။ အတွေးအခေါ်တူနေရင် စည်းလုံးညီညွတ်နိုင်ရမယ်။ အပြန်အလှန် အားပေးရမယ်။ အကူအညီပေးရမယ်။ လက်တွေ့လုပ်ငန်းမှာ မတူတာ၊ ကွဲတာလောက်နဲ့ ခွဲတဲ့အထိ မဖြစ်သင့်ဘူး။ အမှားတွေထဲက သင်ခန်းစာထုတ် ဆက်အတူလျှောက်ကြရမှာပဲ။ ရန်သူကို ဖြိုခွဲရာမှာလည်း အတွေးအခေါ်အရ သူတို့ပြောင်းလဲလာရေးကို အလေးထားရမယ်။
ဗဩ
(၉၊ ၁၀၊ ၂၀၀၆)

Thursday, January 20, 2022

“အယူဝါဒဆိုင်ရာ”

0 comments
“အယူဝါဒဆိုင်ရာ”
-ရဲဘော်ဖိုးသံချောင်း-
လွန်ခဲ့တဲ့ ၁ဝ နှစ်ကျော်လောက်က ထင်ပါတယ်။ ရှစ်လေးလုံးမျိုးဆက်ထဲက ထက်မြက်တဲ့ လူငယ်တယောက်နဲ့ ကျနော် တွေ့တော့ ကျနော်က ကျနော့်ခေါင်းထဲရှိတာကို အခုလိုပြောပြလိုက်ပါတယ်။
“ကျနော်တို့ ဗမာပြည်က ဒီမိုကရေစီအင်အားစုတွေဟာ ဒီမိုကရေစီရရှိရေးအတွက် ရိုးရိုးသားသားနဲ့ တိုက်ပွဲသဏ္ဍာန်အမျိုးမျိုးဆင်နွှဲနေကြတာကတော့ အမှန်ပဲ။ ဒါပေမယ့် ဒီမိုကရေစီဆိုတဲ့ အယူအဆတခုထဲပေါ်မှာ ရပ်တည်ရုံနဲ့ ရှည်ကြာတဲ့တိုက်ပွဲလမ်းခရီးကို အဆုံးတိုင်တဲ့အထိ လျှောက်နိုင်မှာမဟုတ်ဘူး။ ဝါဒ (-ism) တခုခုကိုတော့ ကိုင်စွဲရမယ်ထင်တယ်”ဆိုတာပါ။
သူက ဘာမှ ပြန်မပြောပါဘူး။ ကျနော် ပြောတာက ရှင်းရှင်းလင်းလင်း မရှိလို့လား၊ သူက စိတ်မဝင်စားလို့လား၊ ဆန့်ကျင်ပြောရမှာ အားနာ လို့လား မသိပါ။ ကျနော်ကလည်း လူချင်းသိကာစမို့ အရမ်းဖိမပြောပါ။ သူ့ကိုအကဲခတ်ရင်းသာ တလှမ်းချင်း လှမ်းသလို ပြောရတာဆိုတော့ ဒီအကြောင်းဟာ အဲဒီမှာပဲ ပြတ်သွားပါတယ်။ ဒါပေမယ့် ဒီစဉ်းစားမှုကတော့ ကျနော့်ခေါင်းထဲမှာ တောက်လျှောက်စွဲနေပါတယ်။
ကျနော်ဆိုလိုတဲ့အဓိပ္ပာယ်က ဒီလိုပါ။ နိုင်ငံရေးလုပ်ငန်းဆိုတာ နိုင်ငံရေးသမားတွေချည်း လုပ်တာ မဟုတ်ဘူးဆိုတဲ့စကားဟာ မှန်ပါတယ်။ သံဃာ၊ ကျောင်းသား၊ အလုပ်သမား၊ လယ်သမား၊ ဆိုက္ကားသမား၊ အိမ်ရှိင်မ၊ ဘယ်သူမဆို အချိန်အခါအလိုက် အနည်းနဲ့အများ လုပ်ကြတာ ချည်းပါပဲ။ ရွေးကောက်ပွဲမှာ မဲပေးတယ်ဆိုတာကိုက နိုင်ငံရေးလုပ်ရပ်တခုပါ။ ဒါပေမယ့် သူတို့ဟာ နိုင်ငံရေးကို စွဲစွဲမြဲမြဲလုပ်သူတွေ မဟုတ်ပါဘူး။ သူတို့ဟာ သူတို့ယုံကြည်ချက်တရပ်ကို တကွက်ဖော်ပြတာပါ။ ဒါဆိုရင် သူတို့တာဝန်ကျေပါတယ်။
ဒါပေမယ့် နိုင်ငံရေးသမား၊ တော်လှန်ရေးသမား ဆိုသူတွေကျတော့ တခါ တကွက် ဖော်ပြတယ်ဆိုတာနဲ့ မပြီးပါဘူး။ သူ့တာဝန် မကျေပါဘူး။ သူ့တာဝန်ဟာ အရေးတော်ပုံကြီးကို အောင်မြင်တဲ့အထိ သယ်ဆောင်သွားဖို့ ဖြစ်ပါတယ်။ ဒီလိုသယ်ဆောင်သွားဖို့ဆိုရင် ဒီမိုကရေစီ တောင်းတာဟာ တရားတယ်ဆိုတဲ့အသိလေးလောက်နဲ့ မဖြစ်ပါဘူး။ ပြဿနာကို သေသေချာချာ၊ ခြေခြေမြစ်မြစ် လေ့လာကြည့်ရင် ဒီမိုကရေစီဆိုတာဟာ အုပ်ချုပ်မှုအဆောက်အအုံရဲ့ တခန်းတကဏ္ဍသာဖြစ်တယ်ဆိုတာ တွေ့ရမှာပါ။ အစိုးရတရပ်ရဲ့ ပေါ်လစီများစွာထဲက တခုသာဖြစ်ပါတယ်။ နောက်ပြီး ဒီပေါ်လစီဟာ တခြားပေါ်လစီတွေနဲ့ ဆက်နေတယ်ဆိုတာလည်း တွေ့ရပါလိမ့်မယ်။ သူ့ချည်းသတ်သတ် ခွဲထုတ်ကြည့်လို့ မရပါဘူး။ တနည်း၊ သူ့ချည်းသတ်သတ် ဖြေရှင်းလို့မရပါဘူး။ ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲဝင်ရမှာဟာ အင်မတန် ကျယ်ပြန့်တယ်ဆိုတာ တွေ့ရပါလိမ့်မယ်။
ဒီလို ကျယ်ပြန့်၊ ခက်ခဲ၊ ရှည်ကြာတဲ့တိုက်ပွဲစဉ်ကြီးတခုကို ဇွဲရှိရှိတိုက်ဖို့ဆိုရင် ဒီမိုကရေစီလိုချင်တယ်ဆိုတဲ့ အသိလေးလောက်နဲ့ ကြံ့ကြံ့မခံနိုင်ပါဘူး။ မြဲမြံတဲ့အယူဝါဒတခု ခိုင်ခိုင်မာမာရှိရပါမယ်။ ဒီလိုဆိုတဲ့အတွက် မာ့က်စ်ဝါဒကို ယုံရမယ်လို့ဆိုတာ မဟုတ်ပါဘူး။ ပြည်ချစ်ဝါဒပဲဖြစ်ဖြစ်၊ အရင်းရှင်ဝါဒပဲဖြစ်ဖြစ်၊ ခေတ်သစ်အယူဝါဒတွေပဲဖြစ်ဖြစ်၊ စစ်ဝါဒသာ မဟုတ်ရင် ဖြစ်ပါတယ်။ လူတယောက်မှာ ဒီလို ခိုင်မာတဲ့အယူဝါဒတခုရှိမှသာ သူဟာ သူ့အယူဝါဒရဲ့ခံယူချက်နဲ့အတူ လူ့အဖွဲ့အစည်းရဲ့ပြဿနာတွေကို ချဉ်းကပ်မယ်၊ ဖြေရှင်းဖို့ကြိုးစားပါမယ်။
ဒီနေရာမှာ စပ်မိလို့ပြည်ချစ်ဝါဒ-မျိုးချစ်ဝါဒအကြောင်း ပြောချင်ပါတယ်။ ပြည်ချစ်ဝါဒဟာ မျိုးချစ်ဝါဒ မဟုတ်ပါဘူး။ ပြည်ချစ်ဝါဒမှာ လူတန်းစားအခြေခံရှိပြီး မျိုးချစ်ဝါဒမှာတော့ လူမျိုးရေးအခြေခံပဲ ရှိပါတယ်။ စစ်ဝါဒ၊ ဖက်ဆစ်ဝါဒတို့က လူမျိုးရေးဝါဒ ကျင့်သုံးပါတယ်။ ရှော်ဗင်ဝါဒဟာ လူမျိုးရေးဝါဒပါပဲ။ ဟစ်တလာနာဇီဝါဒက ဂျူး ၆ သန်းကို မီးလောင်တိုက်သွင်းခဲ့တာတွေ၊ သတ်ဖြတ်ခဲ့တာတွေဟာ လူမျိုးရေးဝါဒက လာတာပါ။
ဒုတိယကမ္ဘာစစ်ကြီးမဖြစ်ခင်က လက်ဝဲပညာတတ် အသိုင်းအဝိုင်းမှာ ရယ်စရာလိုလို၊ အတည်ပေါက်လိုလိုအပြောတခု ရှိဖူးပါတယ်။ အဲဒါက “ကမ္ဘာကြီးကိုကိုင်လှုပ်တာ ‘ဂျူး ၃ ယောက်’ တဲ့။ ဂျီစပ်စ် (သခင်ယေရှူ)ရယ်၊ မာ့က်စ်ရယ်၊ အိုင်းစတိုင်းရယ်”ဆိုတာပါ။ ဟစ်တလာရဲ့ ခေါင်းထဲမှာ ဂျူးရယ်၊ ကွန်မြူနစ်ရယ်ကြောင့် ဂျာမဏီက ပထမကမ္ဘာစစ်မှာ စစ်ရှုံးတာလို့ အသေစွဲနေပါတယ်။ ဒါကြောင့် ဒုတိယကမ္ဘာစစ်နိုင်ဖို့ ဂျူးနဲ့ကွန်မြူနစ် အပြတ်ရှင်းတာပဲ။
ဗမာပြည်က နဂါးနက်ဂိုဏ်းနဲ့ နဂါးနက်ဝါဒဟာ ဂျပန်မှာမြစ်ဖျားခံပေမယ့် ဗမာပြည်မှာ စျေးကွက်ရှိခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်မတိုင်မီက ဗမာလူငယ် တော်တော်များများ စိတ်ဝင်စားဖူးပါတယ်။ သူ့အနှစ်သာရက မွန်ဂိုနွယ်၊ လူဝါမျိုးတွေ တခေတ်ဆန်းရေး၊ ကမ္ဘာကိုစိုးမိုးရေးပါပဲ။ ဒါကို အဝါရောင်အန္တရာယ် Yellow Peril လို့ လူဖြူတွေကပြောကြပါတယ်။ မဆလ စစ်အုပ်စု ကြီးစိုးတဲ့ခေတ်တုန်းက စစ်အုပ်စုအာဏာပိုင် တချို့ကို ဂျပန်နဂါးနက်ဂိုဏ်းက လာပြီးစည်းရုံးခဲ့ဖူးတယ်။ သူတို့ချင်း အဆက်အသွယ်လုပ်ဖို့က မခက်ဘူးမဟုတ်လား။
ဝါဒလို့ဆိုတော့ တကယ်ပဲ ‘ဝါဒ’ တွေက များပါတယ်။ ‘ဝါဒ’ တိုင်းမှာ လူမျိုးရေးအခြေခံသော်လည်းကောင်း၊ ပထဝီ အခြေခံသော် လည်းကောင်း၊ လူတန်းစားအခြေခံသော်လည်းကောင်း ရှိကြပါတယ်။ ‘ပြည်ချစ်ဝါဒ’ဟာ ပထဝီအခြခံနဲ့ လူတန်းစားအခြေခံ ပေါင်းထားတဲ့ဝါဒပဲ။ နအဖရဲ့လူမျိုးရေးအခြေခံတဲ့မျိုးချစ်ဝါဒကို ဆန့်ကျင်ဖို့၊ နယ်ချဲ့အန္တရာယ်ကိုဆန့်ကျင်ဖို့၊ နယ်မြေတည်တံ့ပြည့်စုံမှုကို ကာကွယ်ဖို့ ပြည်ချစ်ဝါဒကို ကိုင်စွဲရတာ ဖြစ်တယ်။
မျိုးချစ်ဝါဒဆိုရင် ကျဉ်းမြောင်းပါတယ်။ ဘယ်လူမျိုးကို ချစ်ရမလဲဆိုတဲ့ပြဿနာရှိတယ်။ ဗမာက ဗမာလူမျိုးချစ်ရင်၊ ရှမ်းက၊ ကရင်က၊ ကချင်က၊ ဝ’က၊ ပအိုဝ်း၊ ပလောင်၊ ဓနု၊ အင်းသားတွေကလည်း သူတို့လူမျိုးသူတို့ချစ်မှာပါပဲ။ ဒါက တိုင်းရင်းသားတွေကို ပြောတာပါ။ ဒါ့အပြင် တရုတ်၊ ကုလားကလည်း သူ့လူမျိုးချစ်မှာ ဓမ္မတာပါပဲ။ ဒါဆိုရင် နိုင်ငံတခုမှာ ဒီလိုလူမျိုးစုံ ဘယ်လိုလုပ်ပြီး အတူတွဲပြီး နေနိုင်ကြမလဲ။ ကွဲအက်မယ်။ ခွဲထွက်မယ် တကဲကဲဖြစ်မှာပါ။ ဗမာလူမျိုးကြီးဝါဒီ ဗမာစစ်အုပ်စုကလည်း အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရားတို့ အလံထူပြီး အတင်းဖိနှိပ်မှာပဲ။ အဖိခံရတဲ့လူမျိုးကလည်း မနိုင်ရင် နိုင်တာနဲ့ ကိုင်မှာပါပဲ။
အရှေ့တောင်အာရှမှာရှိတဲ့ ခေတ်သစ်နိုင်ငံတိုင်းဟာ လူဖြူနယ်ချဲ့သမားတွေ စည်းရုံးပေးထားခဲ့တာချည်းပါ။ အမျိုးသားနိုင်ငံရယ်လို့ ဖြစ်လာအောင် ဥရောပတိုက်ကနေ ဗဟိုချုပ်ကိုင်မှုနဲ့ ထူထောင်ခဲ့တာချည်းပါ။ ပဒေသရာဇ်ခေတ်ကနေ အရင်းရှင်ခေတ်ရောက်အောင် လုပ်ပေးခဲ့တာချည်းဖြစ်ပါတယ်။ အဆုံးထိအရောက် ပို့မပေးနိုင်ခဲ့တာတော့ တပိုင်းပေါ့။ နယ်ချဲ့သမားတွေက မတတ်သာလို့ လွတ်လပ်ရေး ပေးရတော့ တက်ကြွတဲ့ လှုပ်လှုပ်ရှားရှား လုပ်နေတဲ့ နိုင်ငံရေးအင်အားစုကို အာဏာလွှဲပေးခဲ့ရတာချည်းပါပဲ။ ဗမာတွေလက် အာဏာအပ်ခဲ့ရတာ မလေးတွေ၊ ဂျားဗားတွေ၊ ဗီယက်နမ်တွေလက် အာဏာအပ်ခဲ့ရတာမျိုးချည်း ဖြစ်ပါတယ်။ ဒီတော့ ဒီပြဿနာကို ကောင်းအောင်ဖြေရှင်းကြရမှာပါ။ ဒီပြဿနာကို လူမျိုးရေးဝါဒနဲ့ရှင်းလို့ မရဘူး။ ပြည်ချစ်ဝါဒနဲ့ပဲရှင်းနိုင်ပါတယ်။ မရှင်းနိုင်ရင်တော့ အညှီရှိရင် ယင်အုံမှာပဲ။
တဆက်ထဲမှာ ပြောချင်တာက စစ်အစိုးရအပါအဝင် တချို့လူတွေ ပြောလေ့ရှိတဲ့ “အယူအဆအစွဲ ကင်းရမယ်”၊ “ပါတီစွဲ မရှိရဘူး” ဆိုတာတွေကို စဉ်းစားပြီး တွန့်ဆုတ်နေရင် မှားပါတယ်။ အဲဒီစကားလုံးတွေဟာ တပ်ပေါင်းစု လုပ်ငန်းအတွက် ပူးတွဲလုပ်ကိုင်တဲ့မူနဲ့သာ ဆိုင်ပါတယ်။ နေရာတကာ အသုံးချရမယ့် စကားရပ်တွေ မဟုတ်ပါဘူး။ အဲဒီစကားမျိုးတွေကို အများဆုံးပြောတဲ့ ဗမာပြည်က စစ်အုပ်စုဟာ အနာဂတ်အစိုးရမှာ စစ်တပ်ကို လွှတ်တော်မှာ နေရာလေးပုံတပုံ ​ပေးရမယ်လို့ပြောနေတယ် မဟုတ်လား။ ဒါကမှ တကယ့်ကို စစ်တပ်စွဲ၊ ဂိုဏ်းဂဏစွဲ၊ မရိုးသားတဲ့ လုပ်ရပ်ပါ။
လူတချို့ကတော့ ငါဟာ ဘယ်ပါတီဝင်မှ မဟုတ်ဘူးကွ၊ ဒီမိုကရေစီကို ရိုးရိုးသားသား ယုံကြည်လို့တိုက်ပွဲဝင်နေတာဆိုပြီး သူ့အယူအဆကိုသူ ဂုဏ်ယူပြောတတ်ပါတယ်။ သူ တကယ်ပဲ ရိုးရိုးသားသားပြောတာပါ။ အခုကျနော်ပြောနေတာက ပါတီဝင်ဖို့ မဟုတ်ပါဘူး။ ပါတီအသင်းအဖွဲ့တွေထဲကို ဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ၊ တိကျခိုင်မာတဲ့ဝါဒတရပ် ကိုင်စွဲထားဖို့လိုကြောင်း ပြောနေတာပါ။
အဲဒီလို တသီးပုဂ္ဂလရပ်တည်ပြီး ကိုယ့်မူဝါဒအပေါ်မှာ ကြံ့ကြံ့ခိုင်ရပ်တည်နေသူတွေ ဗမာပြည်မှာ ပြည့်လို့ပါ။ ဒဂုန်တာရာ၊ ဒေါက်တာသန်းထွန်း၊ လူထုဦးစိန်ဝင်း၊ သူတို့ ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်းထဲမှာမှ မပါဝင်ကြပါဘူး။ မဆလလည်း မဝင်ခဲ့ဖူးပါဘူး။ ဒါပေမယ့် သူတို့ရဲ့ ကြံ့ခိုင်တဲ့ ရပ်တည်မှုကြောင့် ပြည်သူတွေ အားတက်ရတယ် မဟုတ်ပါလား။ သူတို့မှာ မူနဲ့အယူဝါဒတော့ အတိအကျရှိပါတယ်။
တကယ်တော့ ဒီမိုကရေစီဟာ ဝါဒမဟုတ်ပါဘူး။ ဒီမိုကရေစီဆိုတာကို လစ်ဘရယ်ဝါဒသမားက အဓိပ္ပါယ်တမျိုးဖွင့်မယ်။ ကွန်မြူနစ်က တမျိုးဖွင့်မယ်။ ကျန်တဲ့ဝါဒတွေကလည်း အမျိုးမျိုးဖွင့်ကြမှာပါ။ ပဒေသရာဇ်ဝါဒကလည်း အဓိပ္ပါယ်တမျိုးနဲ့ကျင့်သုံးခဲ့တာပါ။ သီပေါမင်းဟာ လွှတ်တော်ဝန်ကြီးတွေရဲ့ ဒီမိုကရေစီနဲ့ မဲပေးရွေးခြယ်ခဲ့ကြလို့ မင်းဖြစ်လာတာပဲ။ မင်းတုန်းမင်းကနေ သတင်းစာဆရာကြီး ဖိုးဝဇီရကို ပြောခဲ့တဲ့စကားလည်း အားလုံးမှတ်မိကြတာပါ။ ကျွန်စနစ်ထွန်းကားတဲ့ ခေါမဒီမိုကရေစီလည်း ဒီလိုပါပဲ။ ဘယ်ဒီမိုကရေစီမှာမဆို ဘယ်လူတန်းစားက ဘယ်လိုကျင့်သုံးနေသလဲဆိုတဲ့မေးခွန်း မေးရမှာချည်းပါ။ စစ်အုပ်စုဟာ သူ့အသိုင်းအဝိုင်းကိုတော့ ဒီမိုကရေစီ ပေးထားတယ်ဆိုတာ မေ့လို့မဖြစ်ပါ။ ဗိုလ်စိန်လွင်ကို ၁၈ ရက်နဲ့ ဖြုတ်ခဲ့တာ အဒီ ဒီမိုကရေစီနဲ့ပါပဲ။
ပြန်ချုပ်ပြောရရင် ဒီမိုကရေစီ အရေးတော်ပုံကြီးအတွက် ရေရှည်တိုက်ပွဲဝင်ကြသူတွေဟာ ခိုင်မာတဲ့အယူဝါဒတခုကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ဖို့ လိုပါတယ်။ ပိုပြီးခြေခြေမြစ်မြစ်၊ ကျယ်ကျယ်ပြန့်ပြန့် လေ့လာလိုက်စားကြဖို့လိုပါတယ်။
အခုတင်ပြခဲ့တာတွေဟာ ကျနော့်ခေါင်းထဲမှာ ရှိတာတွေပါ။ စာဖတ်သူများအတွက် ဦးဏှောက်လှုပ်ရှားစရာအကြောင်းအရာတခု ပေးတယ်လို့သာ ယူဆစေချင်ပါတယ်။
ရဲဘော်ဖိုးသံချောင်း
-----
(ဆောင်းပါးအဟောင်းပါ။ လိုအပ်နေဆဲဖြစ်လို့ ပြန်တင်ပေးခြင်းပါ။)

Thursday, January 6, 2022

မြို့လား(မြသန်းတင့်)

0 comments
မြို့လား
~~~~~
အစကတည်းက ကျုပ်မသွားချင်ဘူးလို့ အတန်တန်ငြင်းတယ်။ ကျုပ်မြို့ကလေးမှာကျုပ်အိမ်ကလေး၊ ကျူပ်ခြံကလေးနဲ့ ဘယ်လောက်ဟန်ကျသလဲ။ မနက်လင်းတာနဲ့ ကျုပ်ရယ်၊ စာတိုက်ဗိုလ်ဟောင်း ကိုဘမင်းရယ်၊ ကျောင်းအုပ်ကြီးဟောင်း ကိုတင်ရယ်၊ သစ်တောဝန်ထောက်ဟောင်း ဦးဗိုလ်ကြီးရယ်၊ မြို့ထိပ်က ဘုရားဘက်ဆီကို လမ်းလျှောက်ထွက်၊ အပြန်ကျတော့ ချစ်မောင်ရဲ့ဆိုင်မှာ ပဲပလာတာနဲ့ လက်ဖက်ရည်ကလေး တစ်ခွက်သောက်။ မနေ့ညက နားထောင်ခဲ့တဲ့ ဘီဘီစီသတင်းကို မေး၊ ထင်မြင်ချက်ချင်း ဖလှယ်ကြ၊ ပြီးတော့အိမ်ပြန်။
အိမ်ရောက်တော့ ခဏနားပြီး ခြံထဲမှာ ကျုပ်တို့လင်မယားနှစ်ယောက်စိုက်ထားတဲ့ ပန်းပင်ကလေးတွေကို လျှောက်ကြည့်။ မြေတောင်မြှောက်တန်တာကို မြှောက်၊ ပေါင်းသင်တန်တာကို သင်၊ ရေလောင်းတန်တာကို လောင်း၊ ခဏနားပြီးတော့ ရေချိုး။
ကျုပ် ဒီလိုလုပ်နေတုန်းမှာ အဘွားကြီး ဈေးကပြန်လာတယ်။ ကျုပ်တို့ လင်မယားနှစ်ယောက်နဲ့ အိမ်မှာ တောက်တိုမယ်ရခိုင်းဖို့ခေါ်ထားတဲ့ ဆွေထဲမျိုးထဲက ကလေးမကလေးတစ်ယောက်ပဲ ရှိတယ်။ တစ်အိမ်လုံးမှ သုံးယောက်တည်းရယ်။ ဘာမှ ဒီလောက်ကိစ္စမများဘူး။ အဘွားကြီး ဈေးကပြန်လာတယ်ဆိုရင်ပဲ ကလေးမလေးက ထမင်းအိုးတစ်လုံးတည်ပြီးပြီ။ ကြက်သွန်တို့ ငရုတ်သီးတို့ ထောင်းထားပြီးပြီ။ ပဲချက်မယ်ဆိုရင်လည်း ပဲကို ရေစိမ်ထားပြီးပြီ။
စားတော့‌ကော ကျုပ်တို့သုံးယောက်ပဲ ရှိတယ်။ ကျုပ်ကလည်း အစား အသောက် ဇီဇာကြောင်တဲ့လူမဟုတ်ဘူး ရှိတာနဲ့စားလို့ဖြစ်တယ်။ ငါးကြော်ကလေး တစ်တုံးလောက်နဲ့၊ ဆီနဲ့ဆားနဲ့ သရက်သီးသနပ်ကလေးနဲ့ ငါးပိကြော်ကလေးလောက်ပါရင် ကျုပ် အာသာပြေတယ်။ တစ်ခါတလေလည်း မန်ကျည်းရွက်ချဉ်ရည်ကလေး ဘာလေးချက်၊ အညာငရုတ်သီးထောင်းကလေးနဲ့ငါးခြောက်ဖုတ်ကလေးနဲ့ ပြီးတယ်။ အသားတွေ ဘာတွေ ဒီလောက်မလိုဘူး။ ဝက်သားဆိုရင် အသက်ငါးဆယ်ကျော်ကတည်းက မစားတော့ဘူး။ အမဲသားဆိုတာကလည်း ငယ်ငယ်ကတည်းက ရှောင်ခဲ့တာ၊ ကျုပ်တို့ ငယ်ငယ်တုန်းက လယ်တီဆရာတော်ဘုရားကြီးကိုယ်တိုင်ကြွလာပြီး အမဲသားမစားဖို့ တရားနာပြီးကတည်းက အမဲသားကို ကျုပ် လုံးဝမစားတော့ဘူး။
အသားဆိုလို့ ကြက်သားကလေးအစ ငှက်သားကလေးအစ ဒီလောက်ပဲ စားတော့တယ်။ ဒါကလည်း အလွန်နည်းပါတယ်။ တစ်လမှာ နှစ်ခါ သုံးခါထက် မပိုပါဘူး။ အများအားဖြင့် အစားများတာကတော့ ရာသီလိုက် ဟင်းသီးဟင်းရွက်နဲ့ ငါးလောက်ပဲ အစားများတယ်။ ရာသီလိုက်ပေါ်တဲ့ အသီးအနှံလောက်ကိုတော့ နည်းနည်းအာသီသရှိတယ်။ ရာသီလိုက်ပေါ်တဲ့ အသီးအနှံဆိုလို့ခင်ဗျားတို့ ရန်ကုန်တို့ ဘာတို့မှာပေါ်တဲ့ မုန်လာဥနီတို့၊ မုန်လာဥဝါတို့၊ ပန်းဂေါ်ဖီတို့၊ နိုကိုတို့၊ ဂေါ်ရခါးတို့ စတဲ့ အသီးအနှံမျိုးတွေ မဟုတ်ပါဘူး။ ကျုပ်တို့အညာမှာ သူ့အခါနဲ့သူပေါ်တဲ့ အသီးအရွက်မျိုးကို ပြောတာပါ။ အာဟာရရှိတာ မရှိတာကတော့ ကျုပ်မသိဘူးလေ။ ကျုပ်တို့ တစ်သက်လုံး စားလာတဲ့ အသီးအရွက်တွေဆိုပါတော့။

အညာမှာ ကဆုန်လပြည့်ကျော်လို့ မိုးဦးကလေး တစ်ပြိုက်လောက်ကျပြီးရင် ဆူးပုပ်ရွက်ကလေးတွေ ပေါ်ပြီ။ ဆူးပုပ်ကြီးကို ပြောတာ မဟုတ်ဘူးနော်။ ဆူးပုပ်ကြီးကို ကျုပ်ဘယ်တော့မှ မစားဘူး၊ နံလွန်းလို့။ သူ့ရာသီနဲ့သူပေါ်လာတဲ့ ဆူးပုပ်ကလေးကို ပြောတာ။ ဆူးပုပ်နုနုကလေးတွေကို ငရုပ်သီးစပ်စပ်ကလေးနဲ့ ချက်ပြီး ပူပူကလေးများ သောက်လိုက်ရရင် ခင်ဗျားတို့ ရန်ကုန်က ငါးကြင်းခေါင်းအိုးတို့၊ ပြည်လုံးချမ်းသာတို့ ဘာတို့ဆိုတာတွေနဲ့ဘယ်လဲမလဲ။
အဲ ... ဆူးပုပ်ကလေးဟင်းချိုထဲကို နွားလျှာကြီးရွက်ကလေး သနပ်ရွက်ကလေးနဲ့ထည့်ပြီး ပူပူသောက်တာမျိုးကို ကြိုက်တယ်။ ဆူးပုပ်ဆိုတာကလည်း ကျုပ်တို့မြို့ကလေးမှာက ရာသီဆိုရင် ဈေးထဲမှာ အလွယ်နဲ့ဝယ်လို့ရတယ်။ ဒီလိုမှမဟုတ်ပဲ ချွေတာရေး လုပ်ချင်သေးသလား။ ဈေးမှာ မဝယ်ဘူး။

ညနေပိုင်းမှာ ကျုပ်တို့အဘိုးကြီးလေးယောက် ဗိုလ်ကုန်းဟိုဘက်က ယာခင်းတောထဲကို လမ်းလျှောက် ထွက်လာခဲ့ကြတယ်။ လက်မှာ တုတ်ကောက်ကလေးတွေ ကိုယ်စီကိုင်လို့။ လွယ်အိတ်အဟောင်းလေးတွေ ကိုယ်စီလွယ်လို့။ ဗိုလ်ကုန်းအလွန်ပေတစ်ရာဘေး ယာစည်းရိုးတွေမှာ ဆူးပုပ်ပင်တွေချည်းပဲ။ ခူးပါ ကြိုက်သလောက် ခူး။ ဘယ်သူမှ မတားဘူး၊ အားလုံး အလေ့ကျပေါက်နေတဲ့ အပင်တွေချည်းပဲ။ လောဘမကြီးပါဘူး။ တစ်နပ်စာ၊ နှစ်နပ်စာလောက် ခူးပြီးရင် ပြန်လာခဲ့ကြတာပါပဲ။ နောက်တစ်နေ့မှာ စားချင်သေးတယ်ဆိုရင်နောက်ထပ်သွားခူးလိုက်ရုံပဲ။ ဒါမှမဟုတ်သေးရင်လည်း မန်ကျည်းရွက်နီကလေးတွေပေါ်ချိန်မှာ ဥသျှစ်ရွက်ကလေးနဲ့ချက်တဲ့ မန်ကျည်းရွက်ချဉ်ရည်ကလေးနဲ့ ငါးခြောက်ထောင်းကလေးစားလိုက်ရင်လည်း ပြီးတာပဲ။ ဒါမှမဟုတ်ရင်လည်း ဘူးညွန့်ကလေးကို ဟင်းချိုချက်သောက်ချင်သေးသလား။ ဘူးညွန့် နှစ်ညွန့် သုံးညွန့်လောက်ကတော့ ကိုင်းထဲက ဘယ်သူ့အခင်းကိုပဲ ဝင်ချိုးချိုး အလကားရတယ်။
ဒီတော့ ကျုပ်တို့ အဘိုးကြီးအဘွားကြီး လင်မယားအတွက် ကုန်ဈေးတက်တယ်ဆိုတာတွေဟာ အလကား။ လျှာအလို ဒီလောက်လိုက် နေကြရင်တော့ ဟုတ်တာပေါ့။ ရှာလို့ရတဲ့ဝင်ငွေနဲ့ ဘယ်လောက်ပါ့မလဲ။ ကျုပ်တို့လင်မယားနှစ်ယောက်လို ရသမျှနဲ့ ရောင့်ရဲတတ်ကြရင် ကုန်ဈေးနူန်းတွေ ဘယ်လောက်တက်တက် ဘာအရေးလဲ။

ဒါကြောင့် ရန်ကုန်မှာနေတဲ့ သားသမီးတွေက သူတို့ရန်ကုန်မှာ ကုန်ဈေးတွေတက်တဲ့အကြောင်းပါရင် ကျုပ် တော်တော်စိတ်ဆိုးတယ်။ အဖေအမေကျန်းမာရဲ့လား၊ နေထိုင်ကောင်းကြရဲ့လားဆိုတဲ့စကားက နောက်မှ ကုန်ဈေးနှုန်းတွေ ဘယ်လောက်တက်တယ်။ ကားစီးရတာ
ဘယ်လိုခက်တယ်။ အိမ်လခတွေ ဘယ်လိုဈေးကြီးတယ်ဆိုတာကို အစချီတော့တာပဲ။ ဒီတော့ ကျုပ်လည်း သူတို့စာတွေကို သိပ်မဖတ်တော့ပါဘူး။ အမေကြီးကို ပေးလိုက်ပြီး သူဖတ်ပြီးမှ အကြောင်းထူးရင် ပြော၊ မထူးရင် မပြောနဲ့တော့လို့ မှာထားလိုက်တယ်။
သူတို့စာတွေထဲမှာ ညည်းသံတွေ ပါမှာပေါ့။ သူတို့က ရန်ကုန်မှာ နေချင်ကြတာကိုး။ ရန်ကုန်မှာနေရင် ကြီးပွားလမ်းရှိသတဲ့။ သားတွေသမီးတွေ ကျောင်းကောင်းကောင်းထားရပြီး မျက်စိပွင့်သတဲ့။ တောကျောင်းမှာ နေရင် တောကျောင်းသားပဲဖြစ်ပြီး ခေတ်မမီဘဲ နေလိမ့်မတဲ့။ ကျုပ်အစတုန်းကတော့ ကန့်ကွက်ပါသေးတယ်။ နောက်ကျတော့ သူတို့မှာလည်း သူတို့အိမ်ထောင်နဲ့သူတို့။ သူတို့အသိုက်အဝန်းနဲ့ သူတို့ဆိုတော့ ကျုပ် ဘာမှမပြောတော့ပါဘူး သူတို့သဘောပေါ့။ သူတို့လမ်း သူတို့သွားမှာပေါ့။ ကျုပ်က ဘာပြောစရာရှိလဲ။

အဲ ... အဘွားကြီးက သွားချင်တယ်ဆိုတုန်းကတော့ ကျုပ် ကန့်ကွက်တယ်။ ဒါက ကျုပ်တို့လင်မယားရဲ့ ကိစ္စ။ ကျုပ်တို့လင်မယားရဲ့ ကိုယ်ရေးကိုယ်တာ။
စဉ်းစားလည်း ကြည့်ဦးလေ။ အသက်ခြောက်ဆယ်မှာ ကျုပ် ပင်စင်ယူတယ်။ စုငွေကလေးတစ်သောင်းလောက် ကျန်တယ်။ ပင်စင်လခကလေးက လေးရာကျော် ငါးရာနီးပါးလောက်ရတယ်။ ကျုပ်တို့ တစ်သက်လုံး ဒီမြို့ကလေးမှာ မွေးပြီး ဒီမြို့ကလေးမှာပဲ အိမ်ထောင်ကျ။ ဒီမြို့ကလေးမှာပဲ သားတွေသမီးတွေရ၊ ဒီမြို့ကလေးမှာပဲ အခြေချလာခဲ့တယ်။ ဒီတော့ ဒီမြို့နဲ့ ကျုပ်ဘဝဟာ ခွဲလို့မရဘူး။ ခေါင်းချတော့လည်း ဒီမြို့ကလေးမှာပဲ ခေါင်းချချင်တယ်။သားတွေ သမီးတွေ အတောင်အလက်စုံကြလို့ အိမ်မှာ ကျုပ်တို့နှစ်ယောက်ပဲ ကျန်တော့ အဘွားကြီးက ပြောတယ် ။
“ဒီမှာနေရတာ ဟာတာတာကြီး၊ အရေးအကြောင်းဆိုလို့မှ အနီးအနားမှာ သားသမီးကလဲ တစ်ယောက်မှ မရှိတော့ဘူး။ အကုန်လုံး အဝေးရောက် နေကြပြီ"
” ဟုတ်သားပဲ၊ ကျုပ်မှာ သားသမီး လေးယောက်ရှိတယ်၊ သားအကြီးနဲ့ ဒုတိယသမီးက ရန်ကုန်မှာ သူတို့အိမ်ထောင်နဲ့သူတို့။ သားအလတ်က ကချင်ပြည်နယ်ထဲမှာ သစ်တောဝန်ထောက်၊ နောက် အငယ်ဆုံးကောင်က ပရိုဂျက်တစ်ခုနဲ့ ပါသွားတဲ့ အင်ဂျင်နီယာပေါက်စ၊ သူတို့နှစ်ယောက်ကတော့ဟိုပြောင်း ဒီပြောင်း မကြာခဏပြောင်းကြလို့ တစ်နေရာရာမှာ အတည်တကျ မရှိလှဘူး။ သားအကြီးနဲ့ သမီးအကြီးကတော့ ရန်ကုန်မှာ။ အိမ်မှာ ကျုပ်တို့နှစ်ယောက်ပဲ ကျန်ရစ်ခဲ့တယ်။ ဒီတော့ အဘွားကြီး အားငယ်ပုံရတယ်။
“ဒါတော့ သူတို့လမ်း သူတို့သွားတာကိုးကွ”
ကျုပ်ရဲ့ အသံထဲမှာ မာနသံပါနေသလား၊ မကျေနပ်သံပါနေသလားတော့ မသိဘူး။ နည်းနည်းတော့ လေသံတင်းနေတယ်။ သူတို့ဘာသာ အဝေးကိုရောက်တော့ ဘာဖြစ်သလဲပေါ့။
“တစ်ခါတလေကျတော့လဲ ဒီကမြေကလေးထုခွဲပြီး ရန်ကုန်ကို ပြောင်းရမလားလို့ စိတ်ကူးမိလို့ပါ။ ဟိုမှာဆိုတော့ သားတွေသမီးတွေနဲ့ နီးတာပေါ့၊အသက်ကြီးလာတော့ ကျန်းမာရေးတို့ ဘာတို့အတွက်လဲ စိတ်ချရတာပေါ့”
ကျုပ် သူ့ကို လှည့်ကြည့်လိုက်တယ်။ ကျုပ်မိန်းမဟာ တစ်သက်လုံး ကျုပ်အလိုကို လိုက်ခဲ့တဲ့ မိန်းမ။ အနှစ်လေးဆယ်ကျော် ပေါင်းလာတဲ့ မိန်းမ။
“ရန်ကုန်မှာနေရတာ လွယ်တယ်အောက်မေ့လို့လား။ ငါ့ပင်စင်လခကလေးနဲ့ ဘယ့်နှယ်လုပ်ပြီး သွားစားမှာလဲ၊ ငါကလဲ ဒီပြင်ဘာမှ လုပ်တတ် ကိုင်တတ်တာ မဟုတ်ဘူး လုပ်တတ်ကိုင်တတ်ဦး ဒီအရွယ်ကြီးကျမှ”
“အလျင်တစ်ခေါက် သမီးလာတုန်းက ပြောသွားတယ်၊ တောင်ဥက္ကလာပ သူတို့ရပ်ကွက်ထဲမှာ ဈေးအတော်အသင့်ပေးရင် ခပ်သင့်သင့်အိမ်ကလေးတစ်လုံးတော့ ရပါတယ်ကဲ့ မေမေတို့နဲ့လဲ နီးနီးနေရတာပေါ့တဲ့။ ဒီတော့ ကျွန်မက ညည်းအဖေကို ပြောဆိုတော့ ပြောလို့ရမှာ မဟုတ်ပါဘူးတဲ့။ အဲဒါ မေမေပဲ ပြောကြည့်ပြီး အဆင်ပြေရင် ပြောင်းခဲ့ပါလားတဲ့၊ ပြောသွားတယ်”
ကျုပ် တော်တော်စိတ်တိုသွားတယ်၊ ဒါနဲ့ သနပ်ဖက်ဆေးလိပ်ကိုကောက်ဖွာလိုက်တယ်။ ကျုပ် စိတ်တိုလာပြီဆိုရင် ဒီလိုပဲ သနပ်ဖက်ဆေးလိပ်ကို ကောက်ဖွာတာပဲ။
“ပြီးတော့ ရှင့်သမီးကပြောသွားသေးတယ် ဖေဖေ့ကို သနားတယ်တဲ့။ တစ်သက်လုံး ဒီမြို့ကလေးမှာပဲ နေပြီး ဒီမြို့က အသိုက်အဝန်းကလေးမှာပဲကျင်လည်ရတာကို ကျေနပ်နေတယ်တဲ့၊ ရန်ကုန်ရောက်တော့ အတွေးအမြင် ကျယ်တာပေါ့တဲ့”
ကျုပ်မိန်းမဟာ ကျုပ်ကို ဘယ်တော့မှ စကားခြွင်းချန်မထားဘူး၊ ကျုပ်ကို အကုန်ပြောတတ်တဲ့ မိန်းမ။ ခု သမီးက ကျုပ်နဲ့ပတ်သက်ပြီး ဝေဖန်သွားတာကိုလည်း ကျုပ်ကို အကုန်ပြောပြန်ပြီ။ သူ့စကားက တောမြို့ကလေးမှာနေရင်ပဲ ခေတ်နောက်ကျသလိုလို၊ နွားခြေရာကွက်ကလေးကို သမုဒ္ဒရာကြီးထင်နေသလိုလို။
“ဒီမှာ ဒေါ်ရွှေစာ ခင်ဗျားသမီးက ကျောင်းဆရာဖြစ်တာနဲ့ ကျုပ်ကို ကျောင်းဆရာလေသံတွေနဲ့ ပြောသွားတာ၊ မပြောင်းဘူး။ ခင်ဗျားတို့ ရန်ကုန်ကို ကျုပ် ဘယ်တော့မှ မပြောင်းဘူး။ ကျုပ်ဟာ ဒီမြို့မှာ အကူစာရေးလေး ဘဝကတည်းက အလုပ်လုပ်လာတာ၊ ခု ပင်စင်ယူတော့ အရေးပိုင်ရုံးဘီစီစာရေးကြီး၊ ဒီမြို့မှာ ကျုပ်ကိုနှုတ်ဆက်မယ့်လူတွေ တစ်ပုံကြီး၊ သူတို့အကြောင်းကို ကျုပ်သိသလို ကျုပ်အကြောင်းကိုလည်း သိတဲ့လူတွေချည်းပဲ၊ ခင်ဗျားတို့ရန်ကုန်ကျတော့ မြို့စွန်ရပ်ကွက်ကလေးမှာ ကျုပ်ကို ဘယ်သူမှလဲ သိမှာမဟုတ်ဘူး။ ဘယ်ကမှလဲ လူရာသွင်းမှာ မဟုတ်ဘူး။ ဒီတော့ ရန်ကုန်ကိုပြောင်းချင်ရင် မယ်မင်းကြီးမ, ပြောင်းတော်မူပါ။ ကျုပ်တော့ မလိုက်ပါရ‌စေနဲ့"
ကျုပ်တို့ လင်မယားကြားထဲမှာ ပြောရင်း ဆိုရင်းနဲ့ နည်းနည်းလေး တင်းမာလာကြတယ်။ ဒီတော့ ကျုပ်မိန်းမက ခါတိုင်းလို မျက်ရည်ကလေးစက်စက်၊ အသံကလေး တုန်တုန်နဲ့ ...
“မဟုတ်ပါဘူး ကျွန်မက စိတ်ကူးကြည့်တာပါ။ ရှင်မပြောင်းချင်ဘူးဆိုရင်လဲ အတင်းမပြောင်းခိုင်းပါဘူး၊ ကျွန်မအဖို့တော့ ဘယ်မှာနေရ နေရ မထူးပါဘူး၊ ရန်ကုန်မှာနေရင်တော့ သားတွေ သမီးတွေနဲ့ နီးတာတစ်ခုပါပဲ”
ကျုပ်လည်း ဆက်မပြောတော့ပါဘူး၊ ကျုပ်အသံနည်းနည်းမာပြီ ဆိုတာသိတော့ သူ စိတ်မကောင်းမှာစိုးတာနဲ့ အသာပဲနေလိုက်တယ်။
တစ်လောကတော့ သားကရော၊ သမီးကပါ ရန်ကုန် မပြောင်းချင်နေပါ။ ရန်ကုန် အလည်တစ်ခေါက်လောက်တော့ လာခဲ့ပါလို့ တဖွဖွမှာကြတယ်။ လူကြုံနဲ့လည်း မှာတယ်။ စာနဲ့လည်း လှမ်းမှာတယ်၊ ဒါပေမဲ့ ခက်တာက ရန်ကုန်သွားတယ်ဆိုတာ စရိတ်စကကလေးရှိရုံနဲ့ ဖြစ်တာမဟုတ်ဘူး။ ဟိုကျရင် ဟိုသွားချင်၊ ဒီသွားချင်၊ ဟိုဘုရားဖူး၊ ဒီဘုရားဖူး။ အပြန်ကျရင် ဟိုပစ္စည်းကလေးဝယ်ချင်၊ ဒီပစ္စည်းကလေး ဝယ်ချင်နဲ့ ပိုက်ဆံက ကုန်ဦးမှာ။ ဒီတော့ ပိုက်ဆံကုန်တယ်၊ ကျုပ် မသွားချင်ဘူး။ ပြီးတော့ အဘွားကြီးကလည်း မနှစ်ကမှ ရန်ကုန်ကပြန်လာတာ သူ့သားတွေ၊ သမီးတွေ၊ မြေးတွေကို တွေ့ခဲ့ရပြီးပြီ။ ဒါကြောင့်မို့ သိပ်မသွားချင်ဘူး။ ကျုပ်က စရိတ်စကအားလုံးကို တွက်ပြတော့ အဘွားကြီးက “ကျွန်မကတော့ မနှစ်က ရောက်ပြီးပြီပဲ။ ကိစ္စမရှိပါဘူး။ ရှင်သာ သွားပါ။ သားတွေ သမီးတွေကရော၊ မြေးတွေကရော တွေ့ချင်နေကြတာ"လို့ ပြောတယ်။
“တွေ့ချင် ငါ့ဆီလာပါလားကွ၊ ငါက ဘာဖြစ်လို့ သွားရမှာလဲ”လို့ ကျုပ်က စိတ်တိုတိုနဲ့ ပြောလိုက်တယ်။
“ဪ၊ သူတို့က လာရင်လဲ ကလေးတွေကိုခေါ်ပြီး တစ်အိမ်လုံးလာမှ သမီးကကျောင်းနဲ့။ ကလေးတွေက ကျောင်းပိတ်လို့ အားပြန်ရင်လည်း မောင်ကျော်ဆွေက လိုက်မပို့နိုင်၊ လိုက်ပို့နိုင်အောင် အားတယ်ထား တစ်အိမ်ထောင်လုံး လာရမယ်ဆိုတော့ တာဝန်က ကြီးတယ်မဟုတ်လား၊ ရှင့်သားကြီး ငဝင်းကျတော့လည်း အလုပ်က အားတယ်လို့ကို မရှိဘူး၊ အိုဗာတိုင်ဆင်းရတာနဲ့ နယ်ထွက်ရတာနဲ့ ကျွန်မဖြင့် သူ့အိမ်မှာ တစ်ပတ်လောက်သာ တည်းခဲ့တယ်။ သူနဲ့ကောင်းကောင်းကို စကားပြောချိန်မရခဲ့ဘူး။
ရှင်သွားချင်ရင်တော့ တစ်ယောက်တည်းဆိုတော့ စရိတ်လဲ အကုန်သက်သာတယ်၊ ရှင်လဲရန်ကုန်မရောက်တာ ကြာလှပြီ ကြာဆို အနှစ်နှစ်ဆယ်လောက်တောင် ရှိရော့မယ်”
ဟုတ်တော့ဟုတ်တယ် သားနဲ့သမီး အိမ်ထောင်ကျပြီးမှ ရန်ကုန်ကို တစ်ခေါက်မှ မရောက်ဖူးသေးဘူး။ သူတို့နှစ်ယောက်စလုံး လက်ထပ်တော့လည်းကျုပ်တို့ဆီမှာပဲ လက်ထပ်တာ၊ လက်ထပ်ပြီး သားဦးကလေးတွေ ရကြတော့လည်း သူတို့ပဲ သီတင်းကျွတ်မှာ ကန်တော့ဖို့ ရောက်လာကြတာ ကျုပ်ကတော့ မရောက်ဖြစ်ဘူး။ မနှစ်ကတော့ သူတို့အမေကြီး ရောက်သွားတယ်။ကျုပ် မလိုက်ဘူး။ နွေဆိုတော့ ကျုပ်တို့အညာမြို့မှာ မီးထင်းကိစ္စကလည်းရှိလေတော့ ကျုပ် အိမ်စောင့်ကျန်ရစ်တယ်။
အမယ်ကြီးပြန်လာတော့ ရန်ကုန်က တောင်ဥက္ကလာ (၁၀)ရပ်ကွက်မှာ အထည်တွေ ပေါတဲ့အကြောင်း၊ ဗိုလ်ချုပ်ဈေးသစ်နဲ့ ဈေးဟောင်းမှာ နိုင်ငံခြားပစ္စည်းတွေ ဘယ်လောက်ပေါတဲ့အကြောင်း ကုန်တိုက် ၁ နဲ့ ကုန်တိုက်၂ မှာ ဘာပစ္စည်းတွေကို ဘယ်လို တန်းစီရတဲ့အကြောင်း၊ သားဖြစ်တဲ့ ငဝင်းရဲ့ အိမ်က ပါရမီရပ်ကွက်ထဲမှာ ဘယ်လောက်ခေတ်မီတဲ့အိမ်ဖြစ်ကြောင်း၊ညညဆိုရင် တယ်လီဗေးရှင်း ကြည့်ရတဲ့အကြောင်း၊ မျက်လှည့်ဆရာရဲ့ အိတ်ထဲက ထွက်လာသလို အိမ်က ရေခဲသေတ္တာထဲက စားစရာပစ္စည်းတွေ အကုန်ထွက်လာတဲ့အကြောင်း၊ မနက်တိုင်ကျရင် သားက သူ့မိန်းမကို ဈေးကိုလိုက်ပို့ရတဲ့အကြောင်း၊ သူတို့ဝယ်တဲ့ဈေးက ပုံမှန်မဟုတ်ဘဲ ဒီနေ့မှာ သံဈေး၊နောက်တစ်နေ့မှာ မြေနီကုန်း ဦးဝိစာရဈေး နောက်တစ်နေ့မှာ လှည်းတန်းဈေး စသည်ဖြင့် ဈေးမျိုးစုံကို နေ့တိုင်း အပြောင်းအလဲနဲ့ ဝယ်တဲ့အကြောင်း၊ ဈေးကိုလာတဲ့ ကားကြီးကားငယ်တွေက ဘယ်လောက်ကောင်းကြောင်း၊ တောက်ပခံ့ညားတဲ့အကြောင်း၊ ကားကြီးပေါ်က ဆင်းလာတဲ့ ဈေးဝယ်မိန်းမတွေကလည်း ဘယ်လိုဝတ်စားထားတဲ့အကြောင်း၊ သုံးလေးရက်စာဝယ်ပြီး ရေခဲသေတ္တာထဲမှာ ထည့်ထားတဲ့အကြောင်း၊ ရေခဲသေတ္တာထဲမှာ စပါကလင်တို့၊ လီမွန်ဘာလီတို့ စတဲ့ပုလင်းတွေ အမြဲရှိတဲ့အကြောင်း အို ... စုံလို့ပါပဲ။ဒါကြောင့် ရန်ကုန်ကို တစ်ခေါက်တလေ သွားပါလို့ ကျုပ်ကို တိုက်တွန်းနေတယ်။
မသွားချင်ဘူးလို့ အစကတည်းက ကျုပ် အတန်တန် ငြင်းတယ်။ နောက်တော့ အမေကြီးက တိုက်တွန်းလွန်းတာက တစ်ကြောင်း၊ သားနဲ့သမီးက စာရေးပြီးအတန်တန် ခေါ်ကြလို့ တစ်ကြောင်း ရန်ကုန်ကို ကျုပ် ဆင်းလာခဲ့တယ်။ ကျုပ်တို့ မြို့ကလေးမှာဆိုတော့ ကျုပ်လည်း ပင်စင်စား အရေးပိုင်ရုံး စာရေးကြီးပဲ။ မီးရထားလက်မှတ်ဝယ်ရတာ လွယ်ပါတယ်။ ဘူတာရုံပိုင်ကလေးကရော လက်မှတ်ရောင်းစာရေးကလေးတွေကရော၊ လူချင်းလည်း ခင်မင်ရင်းနှီးနေကြတော့ လက်မှတ် လွယ်လွယ်နဲ့ရပါတယ်။ ခုံနံပါတ်တို့ ဘာတို့လဲ နေရာကောင်းကောင်း ရပါတယ်။
အဲ ... ရန်ကုန်ဘူတာကြီးရောက်တော့ ကျုပ် ဒုက္ခရောက်တာပါပဲ။ ဘယ်သူမှ လာကြိုမယ့်သူမရှိဘူး။ တောင်ဥက္ကလာပမှာ နေတဲ့ သမီးနဲ့သမက်ကလည်း လာမကြိုဘူး၊ ပါရမီမှာနေတဲ့ သားနဲ့ချွေးမကလည်း လာမကြိုဘူး။
ကျုပ်ဘာသာကျုပ် တက္ကစီငှားပြီး သွားရမယ့်ပုံပေါ်နေတယ်။ ဒီလိုနဲ့ မီးရထား ဘူတာရုံထဲမှာ ယောင်လည်လည်ဖြစ်နေတုန်း ကျုပ်လက်ကို တစ်ယောက်ကလှမ်းဆွဲလို့ ကြည့်လိုက်တော့ ကျုပ်မြေးအကြီးဆုံး ကျော်ကျော်ရယ်၊ သားကမွေးတဲ့ မြေးအကြီးဆုံးလေ။ ဆယ်တန်းဖြေထားတဲ့ ကျောင်းသားလေ။
“ဘိုးဘိုးလား သားတို့မှာ ကားပါတယ်၊ ဒယ်ဒီက ဒီနေ့မနက် အစည်းအဝေးရှိလို့ လာမကြိုနိုင်တော့ဘူး။ မာမီကလဲ - မနေ့ညက ညီမလေးရဲ့ဘတ်ဒေးညမို့ အိပ်ရေးပျက်ပြီး ပင်ပန်းလို့တဲ့။ တောင်ဥက္ကလာက လေးလေးမြင့်တို့လဲ မအားဘူး ဘိုးဘိုးရဲ့၊ စာမေးပွဲအဖြေတွေ ခြစ်နေရလို့ မနက်အစောကြီး သွားသွားနေရတယ်။ ဦးလေးကလဲ နယ်ထွက်သွားလို့တဲ့။ဒါကြောင့် သားလာကြိုတာ”
ဒါနဲ့ ကျုပ်လည်း သူတို့နဲ့အတူ ဘူတာကြီးအပြင်ကို လိုက်လာခဲ့တယ်။ ဘူတာအပြင်ဘက်ရောက်တော့ အီးတူးသောင်ဇင်ကား အပြာရယ်၊ မြေးလေးတွေကတော့ ကျုပ်ကို ရိုရိုသေသေပါပဲ။ သူက ကျုပ်အထုပ်အပိုးဆွဲပြီး နောက်ကတက်၊ ကျုပ်ကို ရှေ့ခန်းပို့တယ်။
မော်တော်ကားက ဗဟန်းဘက်ကို ဖြတ်၊ ဂွတ္တလစ်ကို လွန်ပြီး ကမ္ဘာအေးလမ်းအတိုင်း ဆက်မောင်းလာတော့ ပါရမီမှာရှိတဲ့ သူတို့အိမ်ကို ဆက်မောင်းလာတာပဲဆိုတာ ကျုပ် သိလိုက်တယ်။ ကျုပ်လည်း အပြောင်းလဲကြီးပြောင်းလဲနေတဲ့ ရန်ကုန်မြို့ကြီးကို ငေးကြည့်လိုက်တယ်။ ကျုပ်သားငဝင်းမှာ ကိုယ်ပိုင်ကား ကိုရိုလာတစ်စီး ရှိတယ်။ ကားဘာဖြစ်လို့လဲ မသိဘူး။ ကျုပ်ကို ရုံးကားနဲ့လာကြိုတော့ စိတ်ထဲမှာ တစ်မျိုးဖြစ်နေတယ်။ .
သူတို့ဆီကို လိုက်သာလာရတယ် ကျုပ် သိပ်တည်းချင်တာ မဟုတ်ဘူး၊ များသောအားဖြင့် မိဘဆိုတာ အိမ်ထောင်ခွဲသားသမီးတွေဆီမှာနေရင် တည်းခိုရင် သမီးဆီမှာပဲ နေချင်ကြတယ်။ ကိုယ့်သမီးဆိုတော့ နေရေးထိုင်ရေး သိပ်အားမနာရဘူး။ သမက်ဆိုတာမျိုးကလည်း ယောက်ျားသားဆိုတော့ တော်တော်တန်တန် ကိစ္စမျိုးကို ဝင်ပြောတတ်တာမဟုတ်ဘူး၊ ပြောချိန်လည်း မရဘူး။ မနက်လင်း ရုံးသွား၊ အလုပ်သွားတော့ အိမ်မှာ ရှိတတ်ကြတာမဟုတ်ဘူး။ဒီတော့ သမီးဆီမှာ တည်းရတာ လွတ်လပ်တယ်။ အဆင်ပြေတယ်။ သားယောက်ျားလေးဆီ တည်းရတာမျိုးကျတော့ အိမ်မှာ ချွေးမရှိတယ်။ ချွေးမဆိုတာ အပေါက်အစများတတ်တယ်။ ဒါကြောင့်မို့ ဘယ်မိဘဖြစ်ဖြစ်၊အိမ်ထောင်ခွဲ သားတွေသမီးတွေဆီကို သွားရင် သမီးနဲ့ပဲ အနေများကြတယ်။
ခု ကျုပ်လည်း ဒီအတိုင်းပဲ အိမ်ထောင်ခွဲ သမီးဆီကို တည်းမလို့ စိတ်ကူးတယ်။ သမီးဆီကိုရော၊ သားဆီကိုရော စာရေးအကြောင်းကြားထားပြီးသား။ သမီးဆီမှာပဲ တည်းမယ်လို့ စာထဲမှာ အတိအလင်း ထည့်ရေးလိုက်တယ်။ ခုတော့ ကျုပ်ကို သမီးဆီမပို့ဘဲ သားဆီကို ခေါ်သွားနေပြီ။ ဘာဖြစ်လို့များ ငါ့ကို ငဝင်းအိမ် အတည်းခိုင်းရတာလဲလို့ ကျုပ်စိတ်ထဲမှာ တွေးလိုက်လာတယ်။
သူတို့ ကျုပ်စာကို ရတော့ သူတို့မောင်နှမနှစ်ယောက် တိုင်ပင်ပုံရတယ်။ သမီးက စာမေးပွဲအဖြေလွှာတွေစစ်ရတော့ အိမ်မှာ ချက်ပြုတ်ချိန်ရဟန်မတူဘူး။ ပြီးတော့ သူက ငဝင်းလောက် ချောင်ချောင်လည်လည်လည်း မရှိဘူး။ အိမ်မှာ သမက်ကလည်း နယ်ထွက်နေတယ်ဆိုတော့ ကလေးတွေနဲ့ ကျုပ်ချည်းပဲ ဖြစ်နေမယ်။ ဒါကြောင့် ငဝင်းအိမ်ကို ပို့တာပဲလို့ ကျုပ်ဘာသာကျုပ် စဉ်းစားနေတယ်။
အေးလေ ဘာပဲဖြစ်ဖြစ် ခဏတစ်ဖြုတ်နေတာပဲဟာ။ သိပ်တော့ အရေးမကြီးလှပါဘူးလို့ ကျုပ်စိတ်ထဲမှာ အောက်မေ့လိုက်တယ်။ သားငဝင်းကတော့ သမီးမြင့်မြင့်တို့ထက် ချောင်လည်တယ်။ သူကလည်း အရာရှိကြီး။ မိန်းမကလည်း အရာရှိကြီးတစ်ဦးရဲ့ သမီး။ သူကိုယ်တိုင်ကလည်း အရာရှိမ၊ သူတို့နေတဲ့ ရပ်ကွက်ကလည်း ပါရမီဆိုတော့ ကိုယ့်ဝင်းကိုယ့်ခြံနဲ့။ သီးသီးသန့်သန့်နေရတဲ့ နေရာတွေ။
ဒါပေမဲ့ ခက်တာက ကျုပ်က သူတို့အိမ်မှာ သိပ်မတည်းချင်ဘူး။ သီးသန့် အိမ်တစ်လုံးနဲ့နေတာတော့ဟုတ်ပါရဲ့၊ ဒါပေမဲ့ သူ့ယောက္ခမ အရာရှိရဲ့ခြံဝင်းစုထဲမှာ နေရတာ။ ဒီတော့ သူ့ဘာသာသူ မျက်နှာငယ်ခံနိုင်လို့၊ ဒါမှမဟုတ် မယားရှိလို့ လိုက်နေနိုင်ပေမဲ့ ကျုပ်က အခြောက်တိုက်ဝင်ပြီး မျက်နှာငယ်မခံနိုင်ဘူး။ ရှင်းရှင်းပြောရရင် သူက ရန်ကုန်က အရာရှိကြီး ကျုပ်က တောက ပင်စင်ယူထားတဲ့တောစာရေးကလေး။ ဒီတော့ ကျုပ်မှာ အလိုလို သိမ်ငယ်စိတ်ဝင်နေတယ်။
ကျုပ်တို့ မြို့ကလေးက ကျုပ်အိမ်မှာ ကျုပ်ဘုရင်။ ဒီမှာက ခမည်းခမက်အိမ်မှာ သွားတည်းရမှာ၊ ဒီတော့ ကျုပ် မျက်နှာငယ်တယ်။ ဂူတစ်ဂူထဲမှာ ခြင်္သေ့နှစ်ကောင် မအောင်းနိုင်ဘူး။ ဒါပေမဲ့ သူတို့စီစဉ်ထားတော့ ကိုယ်က ဘာမှမပြောသာဘူးလေ။ ပါရမီက သူတို့အိမ်ကိုရောက်တော့ ချွေးမလုပ်တဲ့သူကလည်း ဝမ်းသာအားရဆီးကြိုရှာပါတယ်။ ပါးစပ်ကလိုလေသေးမရှိသလောက်ပါပဲ။ သူတို့ရဲ့ ကိုရိုလာ ကိုယ်ပိုင်ကားကလေးကတော့ ကားရုံထဲမှာရှိတယ်။ ချွေးမလုပ်တဲ့လူ ရုံးသွားတော့ သားအကြီးဆုံးကောင်က အဲဒီကိုရိုလာနဲ့ မောင်းပို့တာကို ကျုပ် သတိထားလိုက်မိတယ်။ အိမ်က ကိုရိုလာကားနဲ့မကြိုဘဲ ရုံးကားနဲ့ကြိုတယ်ဆိုတာ ထင်ရှားသွားတယ်။ ထားပါ။ ဒါကအကြောင်းမဟုတ်ပါဘူး။ ကျုပ် တောကစာရေးပဲ၊ ကျုပ်တို့မြို့မှာ အလုပ်လုပ်တုန်းက ရုံးကားတောင်စီးနိုင်တဲ့အဆင့် ဟုတ်သေးဘူး။ စက်ဘီးနဲ့ရုံးတက်ရတာ။ ဒါပေမဲ့ ကျုပ်စိတ်ထဲမှာ အောင့်သွားတာ တစ်ခုရှိတယ်။ ကျုပ်ကို သူတို့နောက်ဖေးက´မော်တော်ကားရုံအပေါ်ထပ်မှာ နေရာပေးတယ်။ မြေးအကြီးကောင် ကျော်ကျော်နဲ့ အိပ်ရာချင်းယှဉ်လို့ “ဖေဖေ လွတ်လွတ်လပ်လပ် နေရအောင် ကျော်ကျော်တို့အဆောင်မှာ အိပ်ရာ ပြင်ထားတယ်”တဲ့၊ ချွေးမက ပြောတယ်၊ ရပါတယ်၊ ကိစ္စမရှိပါဘူး။ ဒါပေမဲ့ စိတ်ထဲမှာ နည်းနည်းတော့ အောင့်တာပေါ့ဗျာ။
ညနေ သား ရုံးက ပြန်လာတော့လည်း သားငဝင်းက ဖော်ဖော်‌ရွေရွေပါပဲ။ ဒါပေမဲ့ ဒီကောင်မှာ တစ်ခုထူးခြားနေတာက ဒီကောင့်မှာ ညည်းတတ်တဲ့ အကျင့်ပါနေတဲ့ကိစ္စပဲ။ ငယ်ငယ်တုန်းက ဒီကောင်ဟာ ဘယ်တော့မှ ညည်းတတ်တဲ့ကောင် မဟုတ်ဘူး၊ ခု ကြီးလို့ အရာရှိကြီးဖြစ်မှ ညည်းတတ်လာဟန်တူတယ်၊ ရုံးကပြန်ရောက်တာနဲ့ ရုံးမှာ ဘယ်လောက် အလုပ်များတဲ့အကြောင်း၊ အစည်းအဝေးတွေ ဘယ်လိုထိုင်ရတဲ့အ‌ကြောင်း၊ တချို့ အလုပ်တွေကို မမီမှာစိုးတဲ့အတွက် အိုဗာတိုင်လုပ်ရတဲ့အကြောင်း၊ ဘယ်သူ့တွေကို ဘယ်လိုကူညီရကြောင်း ဘာညာစသဖြင့် ဒီကောင်ဟာ အမြဲတမ်း ညည်းနေတာပဲ။ သူ့မျက်နှာကို ကြည့်ရတာကလည်း တော်တော်လေးကို ပင်ပန်းနေတဲ့ပုံစံမျိုး၊ ဟုတ်တော့လည်း ဟုတ်မှာပါလေ။ တစ်ခါတလေများဆိုရင် ည ရှစ်နာရီ ကိုးနာရီလောက်မှ ပြန်ပြန်လာတက်တယ်။ ကျုပ်လည်း ကြာတော့ ဒီကောင် ညည်းတာနဲ့ နားပူလာတယ်။
ဒါပေမဲ့ ထားတော့၊ ဒါက ဒီလောက်မဟုတ်သေးဘူး၊ နည်းနည်းတော့ အနေရကျပ်တာပေါ့လေ။ ပိုပြီးဆိုးတာက ဒီကောင်ဟာ မိန်းမကြောက်ရတဲ့ပုံပေါ်တယ်လို့ ကျုပ်စိတ်ထဲမှာ ထင်လိုက်မိတယ် ဘာဖြစ်လို့မှန်း မသိဘူး။မိန်းမကြောက်ရတဲ့လူမျိုးဆိုရင် ယောက်ျားအချင်းချင်း ချက်ချင်းသိလိုက်ကြတယ်။ ပကတိ ဉာဏ်အရသိတယ်လို့ ဆိုရမလားမသိဘူး၊ ကျုပ်ကလည်း မိန်းမကြောက်တဲ့လူဆိုရင် အလွန်မုန်း။ ဘယ့်နှယ်ဗျာ ကိုယ်ကလည်း ရှာဖွေကျွေးမွေးရသေးတယ်။ သားမှတ်မှတ် မယားမှတ်မှတ် ထိုက်တန်တဲ့နေရာကိုလည်း ပေးသေးတယ်။ ဒီကြားထဲမှာ မိန်းမဩဇာကို ဒီလောက်နာခံရတဲ့လူဆိုရင် ကျုပ် တကယ့်ကို အထင်သေးတယ်။
ခု ကျုပ်သား ငဝင်းကို ကြည့်ရတာ အဲဒီမယားကြောက် လူတန်းစားထဲက ဖြစ်နေတယ်လို့ ကျုပ် အကဲခတ်လိုက်မိတယ်။ သူတို့အိမ်ကို တည်းလို့သာနေရတယ်။ စိတ်ထဲမှာတော့ နည်းနည်း အကုသိုလ်ဖြစ်ချင်လာတယ်။
အပေါင်းအသင်းတွေ အလည်လာရင် သူ့မိန်းမက ယောက်ျားတွေ ဝိုင်းထဲဝင်ပြီး သူချည်း စကားပြောတော့တာပဲ၊ စကားဝိုင်းသာ ဆုံးသွားရော ငဝင်းပြောဖို့ အချိန်မရလိုက်ဘူး။ ပြီးတော့ အိမ်တစ်အိမ်လုံးလည်း သူ့သြဇာချည်းပဲ။
ရောက်ပြီး နောက်တစ်နေ့တော့ ပြဿနာတစ်ခုဖြစ်တယ်။ပြဿနာက ရေချိုးရာကစတာ ။ပြောခဲ့တဲ့အတိုင်း ကျုပ်က အပြင်ဘက်က ကားရုံပေါ်က ထပ်ခိုးလေးထဲမှာ တည်းရတာ။ အဲ ... ထမင်းစားတော့မှသာ သူတို့တိုက်ထဲက ထမင်းစားခန်းကို သွားရတာ။ တစ်နေ့တော့ ကျုပ်က ကားရုံအပြင်ဘက်မှာရှိတဲ့ အုတ်ကန်ကလေးမှာ ရေချိုးတယ်။
တိုက်ထဲက ကြွေပြားတွေ ကပ်ထားတဲ့ ပြောင်လက်နေတဲ့ ရေချိုးခန်းထဲမှာ မဟုတ်ဘူးနော် ဒီလိုရေချိုးနေတုန်း “ဘဘကြီး ထမင်းသုံးဆောင်ရအောင်” လို့ အိမ်ဖော်ကောင်မလေးက လှမ်းခေါ်တာနဲ့ ကျုပ်လည်း အင်္ကျီကလေး ကပျာကယာ ကောက်စွပ်ပြီး ဝင်သွားတယ်။ ရေတောင် စင်အောင်မသုတ်နိုင်ခဲ့ဘူး၊ သူတို့ခေါ်တဲ့ အချိန်မှာ စားမှကောင်းမှာကိုး။ ဒီတင် ကျုပ်က ခြေထောက်ရေစိုနဲ့ သူတို့ထမင်းစားခန်းထဲက ပေါ်လစ်သုတ်ထားတဲ့ ပါကေးကြမ်းပြင်ပေါ်ကို တက်လာခဲ့မိတယ်။ အမှန်ကတော့ ကျုပ်အမှားပါလေ။တကယ်ဆို ခြေထောက်က ရေစင်အောင်သုတ်ပြီးမှ တက်ပေါ့။ ခုတော့ သူတို့စောင့်နေရမှာစိုးလို့ ခြေမသုတ်နိုင်ခဲ့ဘဲ ဖိနပ်ကလေးကို ချွတ်ပြီး ပါကေးကြမ်းပြင်ပေါ်ကို နင်းလာခဲ့မိတယ်။ ကြည့်လိုက်တော့ ခြေထောက်က ရေတွေမစင်တာနဲ့ကြမ်းပြင်ပေါ်မှာ ခြေရာအကွက်ကလေးတွေ နည်းနည်းထင်သွားတယ်။ ထမင်းစားပြီးလို့ ထွက်လာတော့မှ ဒီခြေရာကွက်ကို မြင်လိုက်တာပါ။
ညနေထမင်းစားချိန်လည်းရောက်လို့ ကျုပ်လည်း ထမင်းစားရော။သူ့မိန်းမက အိမ်ဖော်မလေးကို ဆူနေသံကြားရတော့တာပဲ။ အဲဒီတုန်းက ငဝင်းကလည်း အိမ်ရှေ့မှာ သတင်းစာဖတ်နေတယ်။ ဆူတာကတော့ ကောင်မလေးကို ဆူတဲ့ပုံပေါ့လေ။ နင်တို့ အိမ်မှာနေလာတာ ဘယ်လောက်ကြာပြီလဲ၊ ပေါ်လစ်သုတ်ထားတဲ့ ကြမ်းပြင်ပေါ်ကို ရေစိုနေတဲ့ ခြေထောက်ကြီးနဲ့ မတက်ရဘူးဆိုတာ မသိဘူးလား၊ အပေါက်မှာ ခြေသုတ်ခုံ လုပ်ပေးထားပါလျက်နဲ့ ဘာဖြစ်လို့ ခြေမသုတ်ခဲ့ရတာလဲ။ နင်တို့တောမှာ နေချင်တိုင်းနေလို့ရပေမဲ့ မြို့ရောက်ရင် မြို့စည်းကမ်းနဲ့နေရတယ်၊ ဘာဖြစ်တယ်နဲ့ ဆူနေလိုက်တာများ ကောင်မလေးကတော့ ဘာမှပြောသံမကြားရဘူးဗျ။ ကျုပ်မှာ ထမင်းစားလို့သာ စားနေတယ်။ ဘယ်ကနေဘယ်လို မျိုလိုက်မှန်းတောင် မသိဘူး။
အမှန်ကတော့ ကျုပ်ကြောင့်ဖြစ်တယ်ဆိုတာ ကျုပ်ချွေးမ သိတယ်။ ကောင်မလေးက ပြောပြီးလောက်ပြီ။ ဒီခြေရာမြင်တော့ ဘာညာနဲ့ဆူပြီးသားဖြစ်မှာပဲ။ ဒီတော့ ကောင်မလေးကလည်း သူ့ကြောင့်မဟုတ်ဘူး။ ကျုပ်ကြောင့်လို့ ပြောပြီးမှာပဲ။ ခု ကျုပ်ထမင်းစားနေတုန်းမှာ ကောင်မလေးကို တမင်သက်သက် ဆူပြတာကတော့ ကျုပ်ကို စောင်းချင်မြောင်းချင်လို့ ကောင်မလေးကိုသက်သက်ဆူပြတာ၊ ငဝင်းလည်း ဒီအကြောင်းကို သိပြီးသား ဖြစ်မှာပေါ့။ဒါပေမဲ့ သူ့မိန်းမ စောင်းမြောင်းနေတာကို ဘာမှမပြောဘူး၊ မျက်နှာတော့ သိပ်မကောင်းလှဘူး။
ကျုပ် အဲဒီည အိပ်လို့မပျော်ဘူး။ စိတ်ထဲမှာ မခံချင်ဖြစ်နေတယ်။ အသက်လည်း ကြီးပြီ။ဒေါသဖြစ်ရတာ မကောင်းဘူးလေ။ အကုသိုလ်များလှတယ်။ ဒါနဲ့ စိတ်ပုတီးကို အကြာကြီးစိပ်နေရတယ်။ ဒီလောက် မိန်းမကြောက်ရသလား၊ ကျုပ်ဆွေမျိုးလာနေတုန်းမှာ ကျုပ်မိန်းမကသာ ဒီလိုစောင်းမြောင်းနေရင် ဘယ်ရမလဲ ချက်ချင်းကို ထပြီး ရန်ဖြစ်ကြမှာလို့ တွေးမိရင်း အလိုလိုအကုသိုလ်များနေတယ်။
ဒီအိမ်မှာလည်း ကြာကြာမနေချင်တော့ဘူး။ သမီးအိမ်ကို ပြောင်းမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ ငဝင်းစိတ်မကောင်းမှာစိုးလို့ ချက်ချင်းတော့ပြောင်းလို့ မကောင်းသေးဘူး၊ တစ်ရက်တန်သည် နှစ်ရက်တန်သည် နေပြပြီးတော့မှ ပြောင်းတော့မယ်လို့ စိတ်ကူးတယ်။
ဒါနဲ့ နောက်တစ်ရက် နှစ်ရက်လောက်ရှိတော့ တောင်ဥက္ကလာက မြင့်မြင့်တို့ဆီ ပြောင်းနေဦးမှပဲကွာ။ တော်တော်ကြာ သမီးစိတ်မကောင်းဖြစ်နေလိမ့်မယ်လို့ ကျုပ်က ပြောတယ်။ ငဝင်းက ပြောင်းချင်ရင်ပြောင်းတာပေါ့တဲ့။ ဒါပေမဲ့ သူတို့အိမ်ကတော့ နည်းနည်းကျဉ်းတယ်တဲ့။ ဘုစုခရုတွေကလည်း များတယ်တဲ့ ဖေဖေနေရတာ ချောင်ချောင်ချိချိရှိမှာ မဟုတ်ဘူးတဲ့။ ကျွန်တော့်ဆီမှာဆိုရင်တော့ ဖေဖေ လွတ်လွတ်လပ်လပ် နေလို့ရတာပေါ့တဲ့။ ကျုပ်ကလည်း ဘယ်တတ်နိုင်မလဲကွာ၊ ရန်ကုန်ဆိုတာကတော့ ဒီတိုင်းပဲပေါ့ သူတို့အိမ်မှာ မတည်းလို့တော့ မကောင်းဘူး။ ခဏတော့ သွားနေလိုက်ဦးမယ်လို့ပြောတယ်။ နောက်ဆုံးတော့ ငဝင်းက ဖေဖေ့သဘောပဲလေ။ ကျွန်တော့်အိမ်မှာတော့ ဘာမှ အားနာစရာမရှိဘူးနော် ဖေဖေတဲ့။
သူ့ အိမ်က ကျယ်တယ်ဆိုတာတော့ ဟုတ်ပါရဲ့၊ ဒါပေမဲ့ သူ့မိန်းမ၊ အဲ ... ကျုပ်ချွေးမ ဆိုပါတော့ဗျာ။ ချွေးမက သားကို သြဇာပေးတာ သားက မယားကြောက်ရတာကို မကြည့်ချင်ဘူးဗျာ၊ အ,ကုသိုလ်များတယ်။ ဒါကြောင့် ဇွတ်အတင်း ပြောင်းလာခဲ့တယ်။ .
ပြောင်းတဲ့နေ့ကျတော့ ငဝင်း သူကိုယ်တိုင် ကိုရိုလာကားကို မောင်းပြီးပို့ပေးတယ်။ တောင်ဥက္ကလာကို မသွားခင် ဖေဖေလည်း ဘယ်ကိုမှ ကောင်းကောင်း မရောက်ရသေးဘူး။ ဘုရားကို ကျွန်တော် လိုက်ပို့ဦးမယ် ဆိုပြီး ရွှေတိဂုံကို လိုက်ပို့တယ်။ ရွှေတိဂုံမှာ ကျုပ်တို့သားအဖ ရင်ပြင်တော်တက်ဖူးပြီး နည်းနည်းမောတာနဲ့ အနောက်ဘက် ရင်ပြင်တော်ပေါ်က ဇရပ်တစ်ဆောင်မှာ ထိုင်ပြီး အမောဖြေတယ်။
အမောနေတုန်းမှာ ကျုပ်သား ငဝင်းက အိတ်ထဲက ရ၅ ကျပ်တန်လေးရွက်ထုတ်ပြီး ကန်တော့တယ်ဗျ။
ကျုပ် တော်တော် စိတ်ဆိုးသွားတယ်ဗျာ၊ ကြည့်စမ်းပါဦးဗျာ။ ကန်တော့ချင်ရင် အိမ်မှာတုန်းက သားနဲ့မယားနဲ့အတူ ကန်တော့ပါလား။ ခုတော့ အိုးမရှိ အိမ်မရှိ ခြေသလုံးအိမ်တိုင်လို ဘုရားရင်ပြင်တော်ပေါ်က ဇရပ်ရောက်မှ ထိုင်ကန်တော့တယ်။ ကျုပ်စိတ်ထဲမှာ ရုတ်တရက် ဆုပေးလို့မရဘူး။ ဒီကောင့်ကို သနားရမလား စိတ်ဆိုးရမလားလို့ ဝေခွဲလို့ မရဘူး။ ဒီလောက်တောင် မိန်းမကြောက်ရသလားဆိုပြီး ကျုပ် ပြောပစ်လိုက်ချင်တယ်။ ဒါပေမဲ့ မပြောရက်ဘူး၊ နောက်တော့မှ ကျုပ်စိတ်ကို မနည်းကြီး ထိန်းပြီး သူ့ကို ဆုပေးရတယ်။
ကျုပ်သမီး မြင့်မြင့်နေတဲ့ တောင်ဥက္ကလာအိမ်က ခပ်ကျဉ်းကျဉ်းကလေးရယ်ဗျ။ လေးဆယ် ပေခြောက်ဆယ်လောက်ရှိတဲ့ မြေကလေးပေါ်မှာ သုံးပင်နှစ်ခန်း၊ ပျဉ်ခင်းပျဉ်ကာ၊ သွပ်မိုးနဲ့အိမ်ကလေး။ မွန်အိမ်ကလေး ဆိုပါတော့ ။အပေါ်မှာ ထပ်ခိုးကလေးနဲ့။ ကျုပ်သမီးလင်မယားက အောက်ထပ်က တစ်ခုတည်းသော အိပ်ခန်းကလေးထဲမှာ အိပ်ကြတယ်။ ကျောင်းလာနေတဲ့ ယောက်ျားဘက်က တူမလေးတွေနဲ့ ကလေးတွေက အပေါ်ထပ် ထပ်ခိုးကလေးမှာ အိပ်ကြတယ်။ မနက်လင်းရင် သမက်ဖြစ်တဲ့သူက ရုံးသွားပြီး သမီးဖြစ်တဲ့ မြင့်မြင့်က စာမေးပွဲအဖြေလွှာတွေ သွားပြီးခြစ်ရတယ်။
ကိုယ်ပိုင်ကားတို့ ဘာတို့မရှိတော့ နှစ်ယောက်စလုံး မနက်စောစောပဲ ထွက်ကြရတယ်။ ပြန်လာတော့လည်း တော်တော် မိုးချုပ်နေပြီ။မနက်ရုံးသွား ကျောင်းသွားရင်လည်း သူတို့မှာ ရှိတာကလေးချက်။ ထမင်းဘူးထဲထည့်ပြီး သုတ်သီးသုတ်ပျာသွားရတယ်။ ညနေကျတော့လည်း ဖြစ်သလိုချက်စားလိုက်ကြတယ်။
တစ်ခါတလေ သမက်လုပ်တဲ့သူက မြို့ထဲကအပြန်မှာ ဈေးဝယ်လာတယ်။ မနက်တို့ဘာတို့ ဈေးသွားရင်လည်း သမက်ကိုယ်တိုင် ဈေးသွားတယ်။
ကျုပ်မျက်စိထဲမှာတော့ တစ်မျိုးဖြစ်နေတာပေါ့ဗျာ။ ယောက်ျားတန်မဲ့ မနက်လင်းရင် လေးထောင့်အိတ်ကလေးကိုင်ပြီး ဈေးဝယ်ထွက်ရတာ သိပ်ကြည့်လို့
ကောင်းဘူးပေါ့။ ဈေးဝယ်တယ်ဆိုတာ အိမ်ရှင်မရဲ့ အလုပ်ပဲ။
ကျုပ်သမက်က ကိုယ်ထူးကိုယ်ချွန်နဲ့ ဒီလောက်ရာထူးကို ရလာတာ။ ဆယ်တန်းလောက်ကတည်းက ကိုယ့်ဘာသာကိုယ် စာရေးလုပ်၊ နောက်တော့လုပ်သားကောလိပ်တက်ပြီး တက္ကသိုလ်ဘွဲ့ရ။ တဖြည်းဖြည်းနဲ့ ခုလို အရာရှိလေး ဖြစ်လာတာ၊ ကိုယ်ထူး ကိုယ်ချွန်ပါပဲ။ ဒါကတော့ ချီးကျူးသင့်ပါတယ်။
ဒါပေမဲ့ ခက်တာက ဒီကောင့်ကြည့်ရတာ သိပ်စစ်စီလွန်းနေတယ်။ ဈေးဝယ်တော့လည်း သူကိုယ်တိုင်ဝယ်တယ်။ မနက်လင်းတော့လည်း ကော်ဖီကလေး လက်ဖက်ရည်ကလေးတောင် မသောက်ဘူး၊ ထမင်းရည်ကိုပဲသောက်တယ်။ တစ်အိမ်လုံးကိုလည်း ထမင်းရေပဲသောက်ရတယ်။ ထမင်းရည်က ဘီဝမ်းပါတယ်တဲ့။ ပြီးတော့ မနက်ရုံးမသွားခင် ကျောင်းမသွားခင်ထမင်းတို့ ဘာတို့လည်း စောစောစီးစီး စားကြမှ အပိုမကုန်အောင်လို့တဲ့။ အိမ်မှာ လက်ဖက်ရည် ကော်ဖီ မဖျော်ဘူး။
အဲ ... ကျုပ်ကိုတော့ ထမင်းရည်တော့ မတိုက်ပါဘူး။ မနက်လင်းလာရင် မြေးအငယ်လေးက ကျုပ်ဖို့ဆိုပြီး ချိုင့်ကလေးဆွဲပြီး လမ်းထိပ်က လက်ဖက်ရည်နဲ့နံပြား သွားဝယ်တယ်။ သူတို့တစ်အိမ်လုံးက ထမင်းရည်သောက်ပြီး ကျုပ်တစ်ယောက်တည်းက လက်ဖက်ရည်နဲ့ နံပြားနဲ့ ပဲပြုတ်နဲ့ဆိုတော့ ဘယ်မှာစားလို့ သောက်လို့ ဖြောင့်မလဲဗျာ။ ဒီတော့ ကျုပ်က ကျုပ်ရှိနေတဲ့ အတောအတွင်းမှာ ကလေးတွေနဲ့ ကျုပ်ဖို့ လက်ဖက်ရည်နဲ့နံပြား အဝယ်ခိုင်းတယ်။ ဒီတော့ ကျုပ်သမက်က ဘယ်လိုပြောသလဲဆိုတော့ ဖေဖေ့ဘာသာ သောက်ပါတဲ့။ ဒီကလေးတွေကို မကျွေးပါနဲ့တဲ့၊ ကျွန်တော်က သူတို့ကို အလေ့အကျင့်ရအောင် တမင် ထရိန်းလုပ်နေတာတဲ့။ ဒီကောင်တွေကို အလိုလိုက်လို့ မဖြစ်ဘူးတဲ့။ ကျွန်တော် တော်တော်စိတ်မကောင်း ဖြစ်သွားတယ်။ သူ့ထရိန်နင်နဲ့သူ ဆိုတော့လည်း ကျုပ်လည်းဝင်ပြီး မဖျက်ရဲဘူးလေ။ ဒီတင် ကျုပ်ဘာလုပ်ရသလဲဆိုတော့ မနက်လင်းတာနဲ့ လမ်းလျှောက်ဦးမယ်လို့ အကြောင်းပြပြီး အပြင်ထွက်ထွက် လက်ဖက်ရည်သောက်ရတယ်။ ကျုပ်ကလည်း လက်ဖက်ရည်မသောက်ရရင် မနေနိုင်ဘူးလေ။
တစ်ခါလည်း အဖြစ်အပျက်တစ်ခု ဖြစ်တယ်။ မရိုမသေ ပြောရတော့မှာပဲ။ သူတို့အိမ်ကအိမ်သာက ရေတံလျှောက် အိမ်သာ၊ အားလုံး ရေကိုပဲသုံးကြတယ်။ ကျုပ်တို့အညာကတော့ ရေသုံးလေ့ သုံးထ မရှိဘူးလေ။ ဒီတော့ ကျုပ် စက္ကူသုံးတယ်။ စက္ကူဆိုတာသတင်းစာစက္ကူ အဟောင်းပါ။ ကလေးတွေဆီက သတင်းစာအဟောင်း သုံးလေးစောင်လောက် တောင်းထားတယ်။အဲဒီစက္ကူနဲ့ပဲ သုံးတယ်။
တစ်နေ့တော့ ကျုပ် လက်ဖက်ရည်ဆိုင်က ပြန်အလာမှာ လင်မယားနှစ်ယောက် နောက်ဖေးမှာ ကျွက်စီကျွက်စီ ဖြစ်နေကြတယ်။ ကျုပ်ရောက်နေမှန်း သိပုံမရဘူး။ ကိစ္စက အိမ်သာမှာ စက္ကူသုံးတဲ့ကိစ္စ၊ ရေသုံးနေတဲ့ နေရာမှာ စက္ကူသုံးတဲ့အတွက်ကြောင့်လည်း ပါတယ်။ ဒါတင်မကသေးဘူး၊ သတင်းစာအဟောင်းတွေကို စက္ကူကုလားကိုရောင်းဖို့ သေသေချာချာသိမ်းထားတာ။ ကြေးမုံဆိုရင် တစ်ပိဿာကို ဘယ်နှစောင်ရတယ်။
ဝပ်ကင်းဆိုရင် ဘယ်နှစောင်ရတယ်။ ခု သတင်းစာတွေကို ရောင်းမလို့ စောင်ရေကို တွက်ကြည့်လိုက်တော့ စောင်ရေတွေ လျော့နေတယ်။ ဒါကြောင့် စည်းမရှိ ကမ်းမရှိ ဘာဖြစ်လို့ သတင်းစာစက္ကူကို ပေးရသလဲလို့ ကလေးကို ဆူရာက လင်မယားနှစ်ယောက် စကားများကြတာ။
ကျုပ် ရှက်လိုက်တာဗျာ။ စိတ်ထဲမှာ သမီးဟာ ဒီလောက်တောင်ပဲ ညံ့ရသလား။ ဈေးဝယ်တာကအစ ယောက်ျားကိုယ်တိုင်ဝယ်။ သတင်းစာ အဟောင်းရောင်းတာ၊ ပုလင်းခွံဘူးခွံရောင်းတာကအစ ယောက်ျားကိုယ်တိုင်ရောင်း၊ အိမ်သာမှာ ကိုယ်လက်သန့်စင်တာကအစ ယောက်ျားကိုယ်တိုင် ဝင်ပါ။ ဧည့်သည်သောက်သွားတဲ့ ဆေးလိပ်တွေကို လွှင့်မပစ်ဘဲ မီးမွှေးဖို့ဆိုပြီး ဆေးလိပ်တိုတွေကို သိမ်းဆည်းထားတာကအစ ယောက်ျားကိုယ်တိုင် ခိုင်းနေတော့ ကျုပ်သမီးက အိမ်တွင်းမှုမှာ ညံ့လို့လား၊ ယောက်ျားကိုယ်တိုင်က နေရာတကာမှာ စစ်စီလွန်းလို့လားတော့ မပြောတတ်ဘူး။ ဒါပေမဲ့ကျုပ်သမီးဟာ ဒီလောက်တော့ မညံ့ပါဘူး။ အကင်းပါးတဲ့ သမီးပါ။ ခပ်အေးအေး နေတတ်တာတစ်ခုပဲရှိတယ်။
ကျုပ်စိတ်ထဲမှာ နည်းနည်း ခံပြင်းလာတယ်။ ယောက်ျားကိုယ်တိုင် ဈေးဝယ်တာကိုက ကျုပ်က မကြိုက်တော့ဘူး။ ခုတော့ ဒီထက်အသေးအဖွဲကျတဲ့ကိစ္စလေးတွေမှာတောင် ယောက်ျားက နေရာတကာလိုက်ပြီး သြဇာပေးနေတော့ ကျုပ် သမီးကို သနားရမလား၊ စိတ်ဆိုးရမလား မဝေခွဲတတ်တော့ဘူး။
ဒီတော့ ကျုပ် ဘာလုပ်သလဲ၊ စိတ်တိုတိုင်း ပုတီးကို နာနာ ကောက်စိပ်ပစ်လိုက်တယ်။ သားအိမ်သွားတည်းတော့လည်း သြဇာပေးတတ်တဲ့ မယားကိုကြောက်ရတဲ့ သားကိုတွေ့တော့ ကျုပ်မှာ အကုသိုလ်ဖြစ်ရတယ်။ သမီးအိမ် တည်းတော့လည်း စစ်စိတဲ့ယောက်ျားကို တစ်ခွန်းမှ ပြန်မပြောတဲ့သမီးအတွက် ကျုပ်မှာ အကုသိုလ်ဖြစ်ရပြန်တယ်။
ရန်ကုန်မှာ တစ်လကိုးသီတင်းလောက် နေမယ်လို့ စိတ်ကူးပြီး လာတာ ခုတော့ မနေတော့ဘူးလေ။ ဆယ်ရက်ပဲ ကြာခဲ့တယ်။ မဖြစ်ဘူး။ သူတို့ဆီမှာ နေရတာ ကျုပ်မှာ အကုသိုလ်များတယ်။ မြန်မြန်ပြန်လာခဲ့တာ ကောင်းတယ်။
အစကတည်းက ကျုပ်မသွားချင်ပါဘူးလို့ အတန်တန်ငြင်းခဲ့တယ်။အိမ်က အမယ်ကြီး တိုက်တွန်းလွန်းတာနဲ့ သွားခဲ့တာ ခုတော့ ကျုပ်မှာ အကုသိုလ်ပဲ ရလာခဲ့တယ်၊ တော်ပြီ နောက် သင်းတို့ ရန်ကုန်ကို ဘယ်တော့မှ မသွားတော့ဘူး၊ကျုပ် အညာမြို့ကလေးမှာပဲ နေတော့မယ်။ မန်ကျည်းရွက် ချဉ်ရည်ဟင်းနဲ့ ငရုတ်သီးထောင်းပဲ စားနေတော့မယ်။
မြသန်းတင့်
( ရင်ခုန်ပွင့် ) ဇွန်၊ ၁၉၈ရ