Saturday, March 5, 2022

ဂန္ဒီစစ်တမ်း

0 comments
ဂန္ဒီစစ်တမ်း
ရေးသူ - ကွန်မြူနစ်ခေါင်းဆောင် ကိုဗဟိန်း
လွတ်လပ်ရေး လုပ်ငန်းကို ဂန္ဒီကြီး စွမ်းစွမ်းတမံ ရှေ့ဆောင်ပြုလုပ်ခဲ့ရာ၌ အကောင်းအဆိုး (သို့မဟုတ်) အနှေးအမြန် ဆန်းစစ်ဝေဖန်၍ ပြထားသည်။
ဂန္ဒီစစ်တမ်း ဆိုရာ၌ ပုဂ္ဂိုလ်စွဲအားဖြင့် ဂန္ဒီ၏ အထ္ထုပတ္တိ ဖြစ်စဉ်ကို စစ်ဆေး သို့မဟုတ် နိုင်ငံရေးတွင်
ဂန္ဒီ၏အမြင်၊ ဂန္ဒီ၏ ဝါဒ။ ဂန္ဒီ စနစ်(Gandhism) ကို ဝေဖန်စစ်ဆေးဖို့ ဖြစ်၏။
ယနေ့ အိန္ဒိယပြည်တွင် ဂန္ဒီထက် အရေးပါအရာရောက်သူဟူ၍ မရှိ။ ဂန္ဒီမှာ သန်းပေါင်း (၃၅၀) ကျော်မျှ (ကမ္ဘာ့လူဉီးရေ၏ ၅ ပုံ ၁ ပုံခန့်)သော ကုလားများ၏ သရဖူမဆောင်းသော ဘုရင်ဟု ခေါ်နိုင်၏။ အလွန်အရေးပါသော ကွန်ဂရက်ကြီး၏ ဥက္ကဌ ကုလားထိုင်တွင် သူထိုင်စေချင်သူမှ ထိုင်ရ၏။ အများ မဲဆန္ဒဖြင့် ဥက္ကဌဖြစ်လာသော ဆူဘတ်ချန္ဒရာ ဘို့စ်သည် ဂန္ဒီ့အကြိုက်ကို မလိုက်သဖြင့် ဥက္ကဌအဖြစ်မှ လျှော့သွားရ၏။ ယခုအခါ တကမ္ဘာလုံးက ကုလားများ အာဏာဖီဆန်ရေး တိုက်ပွဲ စတော့မည်မှာ ယနေ့လား, မနက်ဖြန်လားဟု ဂရုတစိုက် မျှော်လင့်နေကြ၏။ အာဏာဖီဆန်ရေး ကြေညာရန်အတွက် ခလုတ်မောင်းမှာ ဂန္ဒီ၏ လက်ထဲတွင် ရှိ၏။ ဂန္ဒီ လက်တခါလှုပ်လျှင် အိန္ဒိယပြည်သည် ဗြောင်းဆန်အောင် ဆူပွက်သွားပေအံ့။ သို့သော် အရေးကြီးဆုံးအချက်ကား ဂန္ဒီသည် တကယ် အာဏာဖီဆန်ရေးကို ကြေညာမည်လော။ ဂန္ဒီ၏ ခေါင်းဆောင်မှုဖြင့် ကုလားများ တကယ် လွတ်လပ်ရေး ရမည်လော။
ဤမေးခွန်းများမှာ ကုလားများအတွက်သာ အရေးကြီးသည် မဟုတ် ဗမာများအတွက်လည်း အလွန်အရေးကြီး၏။ လွတ်လပ်ရေးအတွက် ဆူပွက်နေသော ကုလားပြည်၊ လွတ်လပ်ရေး ရသွားပြီဖြစ်သော ကုလားပြည်တို့သည် ဗမာပြည်၏ လွတ်လပ်ရေးတိုက်ပွဲ၊ ဗမာပြည်၏ နောင်ရေးကို မည်မျှပြုပြင်ပြောင်းလဲပေးမည်ကို စဉ်းစားကြည့်နိုင်၏။
ကုလားပြည်တွင် ပြောင်းလဲနေသမျှတို့ကို ဗဟုသုတသက်သက်ထက် ဗမာ့လွတ်လပ်ရေး ကြိုးပမ်းမှုအတွက် အမြင်မှန်မြင်ဖို့ အရေးကြီး၏။ ယခုဆောင်းပါးတွင်ရေးသမျှတို့မှာ ဤရည်ရွယ်ချက်ကို အရင်းခံထား၍ ရေးသားခြင်း ဖြစ်၏။
ဂန္ဒီမှာ ပုဂ္ဂိုလ်ထူး ဖြစ်၏။ ကုလားများသာမက တကမ္ဘာလုံးကပင် ကြည်ညိုလေးစားခြင်း ခံရသူ ဖြစ်၏။ "အာရှတိုက်အတွင်းရေး" ကို ရေးသူ ဂျွန်ဂန်းသားက ဗုဒ္ဓမြတ်စွာဘုရားနောက် ဂန္ဒီသည် တန်ခိုးအကြီးဆုံး ကုလားတစ်ယောက် ဖြစ်သည်ဟု ရေး၏။ ဂန္ဒီ၏ ကိုယ်ကျင့်တရား၊ ဂန္ဒီ၏ စိတ်ထားမြင့်မြတ်ပုံတို့မှာ လူတိုင်း ကြည်ညိုစရာပင် ဖြစ်၏။ သို့သော် နိုင်ငံရေးအားဖြင့် သရုပ်ခွဲရာ၌ ပုဂ္ဂိုလစွဲအားဖြင့် ကြည်ညိုမှု, ရိုသေကိုင်းရှိုင်းမှု တို့သည် ပေါ်ပေါက်လာရန် အကြောင်းမရှိပေ။
ဂန္ဒီဝါဒ-ဂန္ဒီစနစ် ဟူ၍ ရေးသားရာ၌ အခြားဓနရှင်ဝါဒ, နယ်ချဲ့ဝါဒ, ဘုံဝါဒ စသည်တို့ကဲ့သို့ ဂန္ဒီဝါဒဟူ၍ သတ်သတ်ခွဲခြားပြောဆိုနိုင်သလော ဟူသော အမေးမျိုး ပေါ်ပေါက်နိုင်လေသည်။
ဂန္ဒီဝါဒ၏ အခြေခံတရား (၃) ပါး
ဂန္ဒီဝါဒ ဟူ၍ ဝါဒတခု သတ်သတ်အဖြစ် ခေါ်ဝေါ်ရေးသားနိုင်၏။ ဂန္ဒီ၏ ဝါဒ အခြေခံတရား (၃) ပါးကား -
1. သစ္စာတရား (Truth)
2. မေတ္တာတရား။ (non-violence) မည်သူ့ကိုမဆို မေတ္တာထားရမည်။ ရန်သူကိုပင် အကြမ်းဖက်၍ သတ်ဖြတ်ညှင်းဆဲခြင်းဖြင့် မအောင်ရ။
3. တပတရား (Renunciation) မိမိကိုယ်ကို ခြိုးခြံစွာ ကျင့်ကြံနေထိုင်ရမည်
ဤအခြေခံတရားများမှာ စင်စစ်အားဖြင့် ရှေးဟိန္ဒူဘာသာတရားမှ ထုတ်နှုတ် ယူငင်ထားချက်များပင် ဖြစ်သည်။ ကွန်ဂရက်၏ လွတ်လပ်ရေးတိုက်ပွဲ ပရိယာယ်ဖြစ်သော အကြမ်းမဖက် အနုသက်သက်နည်းဖြင့် အာဏာဖီဆန်ရေး စသည်တို့မှာ ဂန္ဒီဝါဒ၏ မေတ္တာတရားအရ ဖြစ်သည်။ ဤတိုက်ပွဲမျိုးကို ဂန္ဒီဝါဒအရ သစ္စာဂျဟ တိုက်ပွဲဟုခေါ်သည်။ တပတရားအရ မိမိကိုယ်ကို ခြိုးခြံစွာ နေထိုင်ရမည် ဟူရာ၌ ဂန္ဒီဝါဒသည် ယခုစက်ကိရိယာခေတ်ကို အလွန် မုန်းတီး၍ လူတိုင်း ကိုယ်ဝတ်သော အဝတ်ကို ကိုယ်တိုင် ရက်ဝတ်သည့် ခေတ်၊ ကျေးလက်စီးပွားရေး စနစ်ခေတ်ကို ပြန်လည်ထူထောင်ရန် ရည်ရွယ်သည်။
ဤတရား (၃) ပါးကို အခြေခံထားသော ဂန္ဒီဝါဒသည် လွန်ခဲ့သည်းအနှစ် (၂၀) ခန့်က စတင်ပေါ်ပေါက်လာလေရာ ထိုအချိန်ကစ၍ အိန္ဒိယပြည်သည် ခေတ်တခေတ်သို့ ကူးပြောင်းလာပြီဟု ဆိုနိုင်လေသည်။ နိုင်ငံရေးမှာ ပညာတတ် တိုင်းရင်းသားဓနရှင်တို့၏ အပျင်းပြေလုပ်ငန်းမျိုးမှ ကုလားဆင်းရဲသား လူထုကြီး တခုလုံး နိုးကြားထကြွလာကာ ဗြိတိသျှနယ်ချဲ့စနစ်ကို တိုက်ဖျက်သည့် လုပ်ငန်းကြီး ဖြစ်လာလေသည်။
ဂန္ဒီဝါဒသည် ကုလားဆင်းရဲသားထုကြီးအား နိုင်ငံရေး အမြင်သန်လာအောင် လုပ်နိုင်ခြင်းမှာ ဂန္ဒီဝါဒ၏ အခြေခံတရားများကြောင့်လော၊ ခေတ်ပေါ်နိုင်ငံရေးကို ရှေးဆန်သော ဘာသာတရား၊ ကိုယ်ကျင့်တရား စသည်တို့ဖြင့် ပေါင်းစပ်ပေး၍လော။ ဤသို့ကား မဟုတ်ပေ။
ဂန္ဒီဝါဒနှင့် ပထမအကြိမ်အာဏာဖီဆန်ပွဲ ၁၉၂၀ ခု
ဂန္ဒီဝါဒ၏ ရေးပုံ၊ သုံးနှုန်းပုံတို့မှာ ရှေးဆန်လှသော်လည်း စင်စစ်အားဖြင့် ကမ္ဘာစစ်ကြီးပြီးသည့်နောက် မကျေမနပ် ဆူပွက်လျက်ရှိသော ကုလားဆင်းရဲသား ထုကြီးကို နှိုးဆွကာ ခေါင်းဆောင်ခဲ့လေသည်။ နယ်ချဲ့အစိုးရမှာ မိစ္ဆာအစိုးရဖြစ်၍ မိစ္ဆာအစိုးရနှင့် မဆက်ဆံရေးဟု ဆိုကာ နယ်ချဲ့စနစ်ကို တိုက်ဖျက်လိုသော ဆင်းရဲသား လူထုကြီးအား အစိုးရနှင့် မဆက်ဆံရေး, အာဏာဖီဆန်ရေး လုပ်ငန်းကို စတင်စေခဲ့လေသည်။ ဂန္ဒီ၏ စေ့ဆော်ချက်အရ ကွန်ဂရက်၏ ကြွေးကြော်သံသည် ရွာသိမ်ရွာငယ် မကျန် ကုလားပြည်တခုလုံး ပြန့်နှံ့သွားကာ သန်းပေါင်းများစွာသော ကုလားဆင်းရဲသား လူထုကြီး ကွန်ဂရက်အလံအောက်သို့ ခိုဝင်လာကြခြင်းဖြင့် ကွန်ဂရက်မှာ ပထမဆုံး ကုလားတပြည်လုံး၏ အသင်းကြီး ဖြစ်လာလေသည်။
ဂန္ဒီကိုယ်တိုင် အဖမ်းခံရစဉ်က ဂန္ဒီက အစိုးရနှင့် မဆက်ဆံရန် ဟောပြောသည်မှာ မှန်ကြောင်း ရဲဝံ့စွာ ဝန်ခံ၍ ကုလားလူမျိုးတမျိုးလုံး လူစဉ်မမှီအောင် မွဲပြာကျရခြင်းမှာ မိစ္ဆာအစိုးရကြောင့် ဖြစ်ကြောင်းနှင့် အစိုးရအား ရှုံ့ချပြောဆိုလေသည်။
သို့သော် ဂန္ဒီဝါဒ၏ ကြီးစွာသော ချို့ယွင်းချက်မှာ ထိုအခါကပင် ထင်ရှားခဲ့လေသည်။ ဂန္ဒီဝါဒသည် နယ်ချဲ့စနစ်ကို၏ ဖြိုဖျက်ရန် မရည်ရွယ်ပေ။ ဖြိုဖျက်၍မရ ဟူ၍ အယူရှိပြီး အကယ်၍ ဖြိုဖျက်ရသည့်တိုင်အောင် အင်နဲ့အားနှင့် အကြမ်းပတမ်းဖက်ခါ ဖြိုဖျက်စရာ မလိုဟု ယုံကြည်လေသည်။ ဂန္ဒီဝါဒ၏စွဲမှတ်ချက်ကား ကုလားဆင်းရဲသားထုကြီးကို ဆင်းရဲစေ, မွဲစေသော နယ်ချဲ့စနစ်အား မေတ္တာတရားဖြင့် စိတ်ပြောင်းအောင် လုပ်နိုင်သည် ဟူသော စွဲမှတ်ချက်ပင် ဖြစ်လေသည်။
နောက်လိုက်ကုလား ဆင်းရဲသားထုကြီးကား ဖော်ပြပါ ဂန္ဒီဝါဒ၏ ချို့ယွင်းချက်ကြီးကို မမြင်။ အာဏာဖီဆန်ရန် ဂန္ဒီက အချက်ပေးလိုက်ခြင်း ဖြစ်သည်။ နယ်ချဲ့စနစ် တိုက်ဖျက်ရေးအတွက် တကယ့် အရေးတော်ပုံကြီး စပြီဟုသာ ယူဆကြကာ မိမိတို့ လွတ်လပ်ရေးအတွက် ယမ်းကုန်, မီးကုန်, ကြဲကြလေတော့သည်။
ဂန္ဒီကား နောက်လိုက်များမှာ မိမိ လှမ်းစေချင်သည်ထက် ခြေတလှမ်း သွက်သွက်ကြီး လှမ်းနေသည်ကို မြင်လာကာ ကြာလျှင် မအုပ်စီးနိုင်ဘဲ မိမိလက်မှ လွတ်ထွက်ကုန်မည်ကို စိုးရိမ်လာပြီးလျှင် ချောင်ရီချောင်ရာ ဟူသော ရွာကလေးတွင် ရွာသူ, ရွာသားများက ပုလိပ်သားများအပေါ် အကြမ်းဖက်သည်ကို အကြောင်းပြု၍ အိန္ဒိယတပြည်လုံး၏ အာဏာဖီဆန်မှုကြီးကို ရပ်စဲရန် အမိန့်ပေးလိုက်လေသည်။ ဂန္ဒီ၏ နိုင်ငံရေးပန်းတိုင်မှာ နယ်ချဲ့စနစ် တိုက်ဖျက်ရေး, တကယ့်လွတ်လပ်ရေး မဟုတ်။ ကနေဒါ၊ သြစတြေးလျ တို့ကဲ့သို့ နယ်ချဲ့စနစ် လက်အောက်ခံ ဒိုမီနီယံ အခြေသာဖြစ်ကြောင်း ဂန္ဒီ၏ နိုင်ငံရေးလက်နက်မှာလည်း အင်နှင့် အားနှင့် ဖိ၍ တိုက်သော အရေးတော်ပုံလုပ်ငန်းမျိုး မဟုတ်ဘဲ လူအားပြ၍ နယ်ချဲ့စနစ်နှင့် ဈေးဆစ်ခြင်းမျိုးသာ ဖြစ်ကြောင်းတို့မှာ ထိုအချိန်ကပင် ထင်ရှားခဲ့လေသည်။
ဂန္ဒီဝါဒနှင့် တိုင်းရင်းသားဓနရှင်များ
ဂန္ဒီဝါဒ၏ ပထမအဆင့် (၁၉၂၀) ခုတွင်ပင် တိုင်းရင်းသား ဓနရှင်များသည် ဂန္ဒီ၏အောက်သို့ ခိုဝင်လာကြလေသည်။ ပထမတွင်ကား ဂန္ဒီ၏ ဆင်းရဲသားလူထုကြီးအား နှိုးဆွပေးချက်၊ စက်မှ ကိရိယာကို ရှုံချချက်တို့မှာ တိုင်းရင်းသားဓနရှင်တို့ တုန်လှုပ်ချောက်ချားစေခဲ့သော်လည်း ဂန္ဒီမှာ ဆင်းရဲသားများအား လှုပ်ရှားနိုင်းကြားစေနိုင်သလောက် ၄င်းတို့ထင်သလို မလှမ်းနိုင်အောင် ခြေချုပ်ထည့်နိုင်သည်ကို သိလာကြသောအခါ ဂန္ဓီသာလျှင် ၄င်းတို့၏ ခေါင်းဆောင်, ၄င်းတို၏ လူတန်းစား အကျိုးအတွက် ဆောင်ရွက်မည့်ပုဂ္ဂိုလ်ဖြစ်ကြောင်း မြင်လာလေသည်။ ဂန္ဒီ၏ လူတန်းစားနှင့် တတန်းစား သင့်မြတ်ရေး၊ အလုပ်သမားများ၏ တရားသော သပိတ်မှောက်မှုများကို ရှုံချချက်နှင့် ဓနရှင်တို့၏ ပစ္စည်းကို ကာကွယ်ပေးရေး စသည်တို့မှာ ဂန္ဒီဝါဒနှင့် တိုင်းရင်းသားဓနရှင်တို့ ပိုမိုပူးပေါင်းဖို့ ဖန်တီးပေးလေသည်။
ဂန္ဒီ၏ လက်ရက်ကန်း အားပေးရေး လုပ်ငန်းမှာလည်း တိုင်းရင်းသားဓနရှင်တို့၏ စက်ရုံထွက် အထည်အလိပ် လုပ်ငန်းကို ပြိုင်ဆိုင်ရာ မရည်ရွယ်။ စက်ရုံထွက် အထည်အလိပ် မဝယ်နိုင်သော အလွန်ဆင်းရဲငတ်မွတ် ခေါင်းပါးနေသည့် တောရွာများ အတွက်သာ ရည်ရွယ်ကြောင်း တိုင်းရင်းသားဓနရှင်တို့ သိလာကြလေသည်။
ထိုအချိန်ကစ၍ တိုင်းရင်းသား ဓနရှင်၊ လယ်ပိုင်ရှင်တို့သည် ကွန်ဂရက်အတွင်းသို့ ဝင်လာကြ၍ ကွန်ဂရက်၏ ရန်ပုံငွေမှာလည်း အဆမတန် တိုးတက်လာလေသည်။
ဂန္ဒီဝါဒမှာ တိုင်းရင်းသားဓနရှင် လူတန်းစား၏ အကျိုးဆောင်အဖြစ်သို့ လုံးလုံးလျားလျား ပြောင်းလဲလာသည့် အချိန်ကား (၁၉၂၉ - ၃၀) ခု။ ကမ္ဘာ့စီးပွားပျက် ကပ်ဆိုက်ရောက်ချိန် ဖြစ်လေသည်။ ထိုအချိန်တွင် ဗြိတိသျှဓနရှင်များမှာ စီးပွားပျက်ကပ်ကြောင့် အထူးထိခိုက်ခြင်း ခံရလေရကား ဗြိတိသျှဓနရှင်တို့ သက်သာချောင်ချိရေးအတွက် စီမံသမျှတို့မှာ ကုလားတိုင်းရင်းသားဓနရှင်တို့ကို များစွာ ထိခိုက်လေတော့သည်။ အိန္ဒိယထွက်ကုန်များအား ကာကွယ်ပေးရန် ငြင်းဆိုချက်၊ ဗြိတိသျှ ကုန်စည်များအား အရေးပေးချက်၊ အိန္ဒိယထွက် ဝါဂွမ်းအပေါ် အကောက်ယူချက်၊ ကုလားငွေတကျပ်ကို အင်္ဂ္လိပ်ငွေ တသျှီလင် ခြောက်ပဲနိဟု သတ်မှတ်ချက်တို့မှာ ဗြိတိသျှနယ်ချဲ့စနစ်၏ ချုပ်ချယ်ချက်များ ဖြစ်လာလေသည်။
ထိုအချိန်တွင် အဝတ်အစား ဈေးကြီးမှု၊ လယ်ထွက်ပစ္စည်း ဈေးကျမှုတို့မှာ အလုပ်သမား လယ်သမားတို့အား များစွာ ထိခိုက်စေရကား တိုင်းပြည်တခုလုံးရှိ ဆင်းရဲသားထုကြီးမှာလည်း ထပ်မံ လှုပ်ရှားလာပြန်လေသည်။ အလုပ်သမားများ၊ လယ်သမားများ၏ အစည်းအရုံးများလည်း အနှံ့အပြား ပေါ်ပေါက်လာကြကာ အလုပ်သမားများ၏ သပိတ်မှောက်မှုများ၊ လယ်သမားများနှင့် လယ်ရှင်တို့ စကားများမှုများဖြင့်လည်း ဆင်းရဲသားထုကြီးမှာ မိမိတို့ လူတန်းစား သက်သာချောင်ချိရေးအတွက် တိုင်းရင်းသား ဓနရှင်, လယ်ပိုင်ရှင်တို့နှင့် အတိုက်အခံ လုပ်လာလေသည်။
ဂန္ဒီဝါဒနှင့် ဒုတိယအကြိမ် အာဏာဖီဆန်ပွဲကြီး ၁၉၃၀
ဘေးကြပ်နံကြပ်ကျနေသော တိုင်းရင်းသား ဓနရှင်များမှာ ဂန္ဒီဝါဒကိုသာလျှင်၊ အားကိုးအားထား ရှိလေတော့သည်။ ဒုတိယအကြိမ် အာဏာဖီဆန်ပွဲကြီး မစမီ မဟတ္တမဂန္ဒီသည် တောင်းဆိုချက် (၁၁) ချက်ပါသော စာတစောင်ကို ဘုရင်ခံချုပ်သို့ ပေးလိုက်လေသည်။ ထို (၁၁) ချက်မှာ တိုင်းရင်းသားဓနရှင် လူတန်းစားများအတွက်သာ ဖြစ်၍ ထိုအချိန်က အထူး နိုးကြားထကြွနေသော အလုပ်သမား, လယ်သမားတို့၏ တောင်းဆိုချက်ဟူ၍ တခုမျှမပါချေ။ ထိုတောင်းဆိုချက်များတွင် တိုင်းရင်းသားဓနရှင်များ အကျိုးအတွက်သာ လုံးလုံးဖြစ်သော ငွေတကျပ်ကို တသျှီလင် လေးပဲနိသာ သတ်မှတ်ပေးရန်၊ နိုင်ငံခြား အထည်အလိပ်များကို အကောက် ကောက်ရန် စသည်များဖြစ်၍ တိုင်းရင်းသား လယ်ပိုင်ရှင်ကြီးများအတွက် လယ်ခွန် ၅၀ ရာခိုင်နှုန်းလျှော့ရန် ပါသော်လည်း၊ လယ်သမားများအတွက် သီးစားခ လယ်ကြွေးလျှော့ပေါ့ရေး တောင်းဆိုချက်ဟု၍ တခုမျှ မပါချေ။
ဒုတိယအကြိမ် အာဏာဖီဆန်ရေး တိုက်ပွဲ စတင်ရသည်မှာလည်း ဘုရင်ခံချုပ်နှင့် ဈေးဆစ်ရာတွင် မတည့်သဖြင့်သာ ဖြစ်လေသည်။ တောင်းဆိုချက်များမှာ အထက်တွင် ဖော်ပြခဲ့သည်အတိုင်း တိုင်းရင်းသား ဓနရှင် လူတန်းစားအတွက် ဖြစ်သော်လည်း ထောင်ကျခံ၊ အနစ်နာခံရသူများမှာ ဆင်းရဲသားထုကြီးသာလျှင် ဖြစ်လေသည်။
ပထမအကြိမ်နှင့် ဒုတိယအကြိမ် အာဏာဖီဆန်ရေး လုပ်ငန်း ခြားနားပုံကား ဒုတိယအကြိမ်တွင် ဂန္ဒီ၏ ဝါဒသည် ဆင်းရဲသားလူထုကြီး ပထမအကြိမ်မှာကဲ့သို့ ၄င်းလက်မှ လွတ်ထွက်သွားမည်ကို စိုးသဖြင့် အာဏာဖီဆန်ရေး စလျှင် စခြင်းပင် ဆင်းရဲသားထုကြီး၏ ခြေလှမ်းကို ချုပ်နှောင်ထားခြင်းပင် ဖြစ်လေသည်။ တရားဥပဒေကို ချိုးဖျက်ခြင်း စသည့် အစိုးရဥပဒေအာဏာကို ဖီဆန်စေသော်လည်း အခွန်မပေးရေးကို တားမြစ်သည်။ တား၍ မရသည့်အခါကျမှ ပြည်လုံးကျွတ် မလုပ်စေဘဲ နေရပ်သတ်မှတ်၍ လုပ်စေသည်။ လွတ်လပ်ရေးနေ့တွင် စကားမပြောကြရန် တားမြစ်သည်။
ဂန္ဒီဝါဒမှာ တိုင်းရင်းသားဓနရှင်တို့၏ လက်ပါးစေ မည်မျှအထိ ဖြစ်လာသည်ကို အထည်စက်၊ ဂုန်နီစက် သပိတ်မှောက်များ၊ ဂျီအိုင်ပီ မီးရထား အလုပ်သမား သပိတ်များ။ ထိုအချိန် ဖြစ်ပေါ်သောလည်း မည်သို့မျှ ကူညီအားပေးခြင်း မပြုခြင်းဖြင့် ချိန်ဆနိုင်လေသည်။
ဆင်းရဲသားလူထုကြီးမှာ အာဏာဖီဆန်ရေးတွင် အပြင်းအထန် အားစိုက်နေကြစဉ် ဂန္ဒီသည် တိုင်းရင်းသားဓနရှင်တို့၏ အခွင့်အရေး အနည်းငယ် ရလာသည်နှင့် တပြိုင်နက် ဂန္ဒီ အာဝင်း စာချုပ်ဖြင့် နယ်ချဲ့စနစ်နှင့် လက်ဆင့်ကမ်းစေ့စပ်ကာ အာဏာဖီဆန်ရေးလုပ်ငန်းကို ရပ်စဲလိုက်လေသည်။ ဤသို့အားဖြင့် ဂန္ဒီဝါဒသည် အလုပ်သမား၊ လယ်သမား စသည့် ဆင်းရဲသားထုကြီး၏ ကြိုးပမ်းမှုကြီးကို သစ္စာဖောက်လိုက်လေတော့သည်။
ဂန္ဒီဝါဒ၏ နောက်ဆုံးအခြေ
၁၉၂၀ ခုနှစ်မှာ ၁၉၃၀ ခုနှစ်အတွင်း ဂန္ဒီဝါဒသည် တိုင်းပြည်လူထုကြီးကို နယ်ချဲ့စနစ်တိုက်ဖျက်ရေးအတွက် နှိုးဆွပေးလိုက်သည့် လက်နက်ကောင်းကြီး တခုအဖြစ်မှ တိုင်းပြည်လူထုကြီး တကယ့်လွတ်လပ်ရေး တိုက်ပွဲအတွက် ကြိုးပမ်းကြသည်ကို ချုပ်နှောင်ဟန့်တားသည့် အနှောင်အဖွဲ့အဖြစ်သို့ ပြောင်းလဲခဲ့လေသည်။
ပြည်သူ့လွတ်လပ်မှု အလုပ်သမား၊ လယ်သမား တို့၏ စီးပွားရေး တောင်းဆိုချက်များကို အခြေခံထားသော ရွေးကောက်ပွဲ ကြေညာစာတမ်းအရ ကွန်ဂရက်ကြီးသည် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင် အရွေးခံရာ၌ နယ် (၁၁) နယ်အနက် (၇) နယ်တွင် ကွန်ဂရက်က လုံးဝ အနိုင်ရခဲ့လေသည်။ ယခုကဲ့သို့ အနိုင်ရထားသည့်အားဖြင့် တိုင်းပြည်လူထုကြီးမှာ လက်ရှိအုပ်ချုပ်ရေးကို တိုက်ဖျက်ခါ အရေးတော်ပုံကြီးကို စလိုသော်လည်း ကွန်ဂရက်တွင် ကြီးစိုးနေသည့် ဂန္ဒီကြီးမှုးသော တိုင်းရင်းသားဓနရှင်တို့သည် ရာထူးလက်ခံကာ အုပ်ချုပ်ရေးကို လုပ်ကိုင်ခဲ့ကြလေသည်။
ရာထူးလက်ခံသည့်ကိစ္စနှင့် ပတ်သက်၍ ဂန္ဒီက ရေးသားသည်မှာ ရာထူးလက်ခံခြင်းမှာ သွေးထွက်သံယို အရေးတော်ပုံကြီးကို ရှောင်လွဲရာ ကျရုံမက တနည်းအားဖြင့် လူထုကြီး၏ အာဏာဖီဆန်ရေးလုပ်ငန်း စခြင်းလည်း ဖြစ်လေသည်ဟု ရေးသားခဲ့သည်။ (၁၇-၇-၃၇) ထုတ် ဂန္ဒီ၏ ဟာရီဂျန် သတင်းစာမှ။
ရာထူးလက်ခံပြီးသောအခါတွင်လည်း ဂန္ဒီ၏ လူများသာ ကြီးစိုးနေသော ကွန်ဂရက်အစိုးရများသည် အလုပ်သမား၊ လယ်သမားတို့၏ သပိတ်မှောက်မှု၊ ဆူပူမှုများကို သေနတ်ဖြင့် ပစ်ခြင်း, တုတ်ဖြင့်ရိုက်ခြင်း ပြုကြသည်ကို အကြမ်းမကြိုက်သော ဂန္ဒီသည် ပြစ်တင်ရှုံ့ချခြင်း မပြုရုံမျှမက တိုင်းပြည် အုပ်ချုပ်မှုအတွက် အကြမ်းအနည်းဆုံးကို သုံးဖို့ လိုသည်ဟုပင် ပြောဆိုကာ ကွန်ဂရက်အစိုးရများ၏ လုပ်ငန်းကို ထောက်ခံလေသည်။ ဤတွင် ဂန္ဒီဝါဒ၏ အခြေခံတရားတခုဖြစ်သော အကြမ်းမဖက်ရေး မေတ္တာတရားသည် ရေဖြစ်သွာလေတော့သည်။
ဂန္ဒီဝါဒနှင့် ကုလားလူထုကြီး လွတ်လပ်ရေး
ကမ္ဘာစစ်ကြီး ဖြစ်နေခါ ကမ္ဘာကြီးတခုလုံး လှုပ်ရှားပြောင်းလဲနေစဉ် ကုလားဆင်းရဲသားလူထုကြီးမှာ မိမိတို့လွတ်လပ်ရေးအတွက် အားပြင်နေကြစဉ်၊ ဂန္ဒီကြီးမှုးသော ကွန်ဂရက်ခေါင်းဆောင်မှုသည် အသင့် ပြင်ဆင်ပြီးဖြစ်သော အရေးတော်လက်နက်သုံးကာ နယ်ချဲ့စနစ်ကို ဖြိုဖျက်ရန် မကြံရွယ်ယုံမျှမက နယ်ချဲ့စနစ် လက်အောက်ခံ ဒိုမီနီယံ အခြေကို ရရန်အတွက် ဗြိတိသျှအစိုးရ ကိုယ်စားလှယ်ဖြစ်သော ဘုရင်ခံချုပ်နှင့် စေ့စပ်နေ၏။ ဤသို့ စေ့စပ်နေစဉ်မှာပင် အစိုးရတို့သည် ကုလား၏ အရေးတော်ပုံ လုပ်ငန်းအား ဖျက်ရန်အတွက် ပြည်သူ့လွတ်လပ်မှုကို ချုပ်ချယ်ခြင်၊ အလုပ်သမား လယ်သမားခေါင်းဆောင်တို့ကို ဖမ်းခြင်း စသည်ဖြင့် လုပ်နေ၏။
ကုလားဆင်းရဲသားထုကြီးက အင်နဲ့အားနှင့် ဖိခြင်းဖြင့် ၄င်းတို၏ အားကို မလွန်ဆန်နိုင်အောင် လုပ်နိုင်က ဂန္ဒီကြီးမှုးသော ကွန်ဂရက်ခေါင်းဆောင်မှုသည် အာဏာဖီဆန်ရေးကို စတင်ပေလိမ့်မည်။ သို့သော် အခွင့်ရသည်နှင့် တပြိုင်နက် ဈေးဆစ်သည့် လုပ်ငန်းကိုလုပ်ခါ တတ်နိုင်လျှင် ဆင်းရဲသားထုကြီးကို သစ္စာဖောက်ဉီးမည်။ ထိုအချိန်တွင် အလုပ်သမား, လယ်သမားလူတန်းစားသည် ယခု ကွန်ဂရက်ခေါင်းဆောင်သော ဓနရှင်လူတန်းကို ဖြုတ်ချ၍ နယ်ချဲ့စနစ်တိုက်ပွဲတွင် ဆက်လက် ခေါင်းဆောင်နိုင်ခဲ့လျှင် ကုလားများ လွတ်လပ်ရေးရဖို့ လမ်းရှိသည်။ သို့မဟုတ်လျှင်ကား ဂန္ဒီဝါဒ ခေါင်းဆောင်နေသမျှ ဒိုမီနီယံ အခြေထက် တိုးတက်ရရှိဖို့ရန် ခဲယဉ်းလှပေသတည်း။
ဗဟိန်း
ဒဂုန်မဂ္ဂဇင်း အမှတ် ၂၃၉ (ဇူလိုင် ၁၉၄၀)