ဗကသနဲ့ ဗကပ
အသံထွက်က နီးစပ်နေတော့ ဒီနှစ်ခုကို တွဲပြောရတာ ပါးစပ်အရသာတွေ့သလို ရှိနေပါတယ်။
ဗကသ
ကို ဗကပ က မြှောက်ပေးနေတယ်၊ ဗက သ-ထဲမှာ ဗကပ-တွေ ပါနေတယ်ဆိုတာမျိုးလည်း
ကြားဖူးကြပါလိမ့်မယ်။ မဆန်းပါ၊ ကြာပါပြီ။ အရင်က ပိုတောင် များပါသေးတယ်။
ဒါပေမဲ့ အဲဒီစကားမျိုး၊ အဲဒီအမြင်မျိုးကို ပြောသူ၊ ရေးသူတွေဟာ
ဘယ်သူလဲဆိုတာကော စဉ်းစားမိကြပါသလား။ စစ်အာဏာရှင်တွေနဲ့
သူတို့ရဲ့ထောက်လှမ်းရေးတွေ၊ ပြည်သူကို သစ္စာဖောက်သူတွေ အဓိကပဲဆိုတာ
သတိရကြမယ်ထင်ပါတယ်။
နောက်ပြီး
ဗမာပြည်မှာ စစ်အာဏာရှင်စနစ် ထူ ထောင်ရာ မှာ ကျားထောက် နောက်ခံပေးခဲ့တဲ့
ဖဆပလ ထဲ က ဆိုရှယ်လစ်ခေါင်းဆောင်တချို့လည်းပါဝင်တယ်ဆိုတာ
လူတိုင်းသိကြပါတယ်။
ဦးနုကတော့ ကျောင်းသားပွဲတော်တွေ၊ ပညာရေးနှီးနှောဖလှယ်ပွဲတောင် ကျင်းပပေးပါတယ်။ သမဂ္ဂခေါင်းဆောင်တွေကိုနေရာပေးပါတယ်။
ဗိုလ်နေဝင်းရဲ့ဒုတိယအကြိမ်အာဏာသိမ်းပွဲ
မတိုင်မီကဆိုရင် တက္ကသိုလ်ကျောင်းသားသမဂ္ဂဆိုတာကို အစိုးရဖွဲ့စည်းပေးတဲ့
တက္ကသိုလ်ကောင်စီကဦးစီးတဲ့ရွေးကောက်ပွဲနဲ့တင်မြှောက်တာ ဖြစ်ပါတယ်။
အရင်ကတော့
ကျောင်းသားသမဂ္ဂမှာတာဝန်ယူခဲ့သူဆိုရင် အစိုးရအလုပ် ရခဲမျှ၊ မရသလောက်ပါ။
နိင်ငံခြားပညာတော်သင်ဆိုတာက တော့ ဝေလာဝေးပေါ့။ ဒါနဲ့ပြောင်းပြန်
ကျောင်းသားသမဂ္ဂထဲက သစ္စာဖောက်သူ၊ ရဲခေါင်-ဒီအက်စ်အို စတာတွေမှာ
တက်တက်ကြွကြွလုပ်ခဲ့သူတွေကိုတော့ အလုပ်ကောင်းတွေပေးရုံမက
ပညာတော်သင်တွေအဖြစ်လည်း စေလွှတ်ခဲ့ပါတယ်။ သာဓကတွေ အများကြီး။
နာမည်စာရင်းနဲ့တောင် ပြောလို့ရပါတယ်။
လွတ်လပ်ရေးရပြီးနောက်
ဗမာပြည်သမိုင်းမှာ ကျောင်းသားညီညွတ်ရေးတပ်ဦးနဲ့ပြိုင်ဖို့အတွက်
ဖဆ-ဆိုရှယ်လစ်တွေက ဒီအက်စ်အို၊ ရဲခေါင်၊ အင်အားစတဲ့
ကျောင်းသားသမဂ္ဂဝင်ရွေးတဲ့ အဖွဲ့အစည်းတွေကို ထောင်ပေးတယ်ဆိုတဲ့
ကျောင်းသားလောကရဲ့ အမည်းကွက်ကြီးတကွက် ရှိခဲ့ပါတယ်။ အဲဒီလိုလုပ်ခဲ့သူတွေ
ဒီနေ့အခါမှာ အဲဒီဇာတ်လမ်းကို ဘယ်သူမှ အမှန်မပြောဝံ့ပါဘူး။
ဆိုလိုတာ
ခေါင်း ပြန်မထောင်နိင် ဖြစ်ခဲ့တယ်ဆိုတာပါ။ ဒါပေမဲ့ အဲဒီအာဏာရ
ပုဂ္ဂိုလ်တွေဟာ စင်ပြိုင်ကျောင်းသားသမဂ္ဂဆိုတာကိုတော့ မထူထောင်ဝံ့ခဲ့ဘူး။
လွတ်လပ်ရေးတိုက်ပွဲသမိုင်းကို သူတို့ မလေးမစားမလုပ်ရဲဘူး။
၆၂
အာဏာသိမ်းပွဲပြီး ကျောင်းသားတွေကိုသတ်ခဲ့တဲ့ ဗိုလ်နေဝင်းရဲ့
မဆလအစိုးရတောင် အလုပ်သမားကောင်စီ၊ လယ်သမားကောင်စီဆိုတာတွေ ဖွဲ့ပေမယ့်
ကျောင်းသားကောင်စီဆိုတာ မဖွဲ့ရဲပါဘူး။ လမ်းစဉ်လူငယ်-ရှေ့ဆောင်လူငယ်ဆိုတဲ့
ကျောင်းသားတွေ
ခေါင်းဆောင်မှုအခန်းက မပါရ၊ သိုးအုပ်လို ကုပ်ကုပ်ကလေး နောက်ကလိုက်ရတဲ့ အဖွဲ့အစည်းတွေသာ ဖွဲ့ခဲ့ ထောင်ခဲ့ပါတယ်။
သူတို့အားလုံးမှာ
တူညီတဲ့အချက်က ကျောင်းသားတွေကို ဖြိုခွဲဖို့ပဲ။ နိင်ငံရေး မလုပ်စေဖို့ပဲ။
ဒီလို နဲ့ ဗမာပြည်ရဲ့ကျောင်းသားလောကမှာ ကျောင်းသားတွေ
နိုင်ငံရေးလုပ်သင့်-မလုပ်သင့်ဆိုတာ အခရာကျတဲ့ငြင်းခုံမှုကြီး
ဖြစ်လာခဲ့ပါတယ်။ ဒီပြဿဿဿနာအပေါ်မှာ ဘယ်ဘက်က ရပ်တည်သလဲဆိုတာဟာ
ကျောင်းသားတွေသာမက နိင်ငံရေးသမားတွေ၊ မီဒီယာသမားတွေကိုပါ ဒီနေ့အထိ
စမ်းသပ်နေတဲ့မေးခွန်း ဖြစ်ပါတယ်။
အခု
ဗကသ နဲ့ပတ်သက်ပြီး အဲဒီဆိုရှယ်လစ်ပါတီဝင်တွေ၊
စစ်အာဏာရှင်တွေပြောတဲ့စကားမျိုးကို ဟိုချောင်၊ ဒီချောင်က ပြောသံတွေ
ပြန်ကြားလာနေရတာကို သတိပြုမိပါတယ်။ ဒါဟာ ကျည်တတောင့်နဲ့
ငှက်နှစ်ကောင်ပစ်ဖို့ကြိုးစားတာ ဖြစ်ပါတယ်။ သူတို့ ပုံမှန်
မရင်ဆိုင်နိင်တဲ့၊ နည်းမှန်လမ်းမှန်နဲ့အားပြိုင်လို့မရတဲ့ ဗကသကို အရင်ခေတ်က
အာဏာရှင်တွေ တိုက်ခိုက်နည်းနဲ့တိုက်ခိုက်တာဖြစ်ပါတယ်။
လက်ဝှေ့စကားနဲ့ပြောရရင်
ချက်အောက်ကိုထိုးတာမျိုးဖြစ်ပါတယ်။
စင်ပြိုင်ကျောင်းသားသမဂ္ဂဆိုတာထူထောင်ပြီး နှစ်ရက်၊ သုံးရက်အတွင်းမှာပဲ
ပညာရေးဝန်ကြီးက ခေါ်တွေ့ဆုံတယ်ဆိုတာဟာလည်း သံတမန်မဆန်၊
သိပ်ဗြောင်ကျတဲ့လုပ်ရပ်ပါ။ သမိုင်းမှာ မရှိဖူးပါဘူး။
အင်္ဂလိပ်ကိုလိုနီအစိုးရကအစ
ဗိုလ်သိန်းစိန်စစ်အစိုးရလက်ထက်အထိ ဘယ်အစိုးရမှ မလုပ်ခဲ့ကြတာကို
လုပ်တာပါပဲ။ ဒီမှာ မေးစရာရှိတာက မနေ့တနေ့ကမှ တိုက်ပွဲထဲကမဟုတ်ဘဲ
ပံ့ပိုးမှုတွေထဲကပေါက်ဖွားလာတဲ့ ဗကသကိုပုခုံးချင်းပြိုင်တဲ့
အရှင်မွေးနေ့ချင်းကြီးကျောင်းသားသမဂ္ဂဆိုတာဟာ
လိုအပ်ရင်-
- မြင်းခွာတချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်မယ်လို့ ကြေညာရဲပါသလား။
- သခင်အောင်ဆန်း၊ သခင်ဗဟိန်း၊ ဗိုလ်အောင်ကျော်လို ခေါင်းဆောင်မျိုးတွေမွေးထုတ်ဖူးသလား။
- ဂျပန်ဖက်ဆစ်တော်လှန်ရေးမှာပါဝင်တဲ့သတ္တိမျိုးရှိပါသလား။
- ၁၃၀၀ပြည့်အပါအလုပ်သမားတိုက်ပွဲမျိုးတွေကို ထောက်ခံပါဝင်ဝံ့သလား။
- ၇ ရက် ဇူလိုင်လိုအရေးအခင်းမျိုးတွေမှာ အသေခံတိုက်ပွဲဝင်ရဲသလား။
- ဦးသန့်အရေးအခင်း၊ ရှစ်လေးလုံးလိုမျိုးအရေးအခင်းကြီးတွေမှာ ထိပ်ကပါခဲ့ပါသလား။ အဲသလိုပါရဲတဲ့ ယုံကြည်ချက်နဲ့စိတ်ဓာတ်မျိုး ရှိပါသလား။
- “ငါတို့ကျောင်းသားအပေါင်းစည်းလို့ညီရမည်၊ အမျိုးသားအရေးဆို
ကြိုဆိုဖို့ရည်၊ ဒီမိုကရေစီပညာရေးအတွက်ညီ၊ တို့သား
တို့သွေးစတေးလှူမည်--(ဗကသသီချင်း)”ဆိုတာမျိုး အဓိဋ္ဌာန်ဆိုဝံ့ပါသလား။
ဗကသလိုကျောင်းသားသမဂ္ဂဟာ တိုက်ပွဲထဲက ပေါ်ထွက်တာပါ။ ကျောင်းသားတွေအတွက် တိုက်ပွဲဝင်ဖို့ ဖော်ထုတ်ခဲ့တာပါ။ အခု သမဂ္ဂဆိုတာကိုတောင်
စင်ပြိုင်
ထောင်လာပြီ။ ဒါဟာ မင်းသားကြီးမလုပ်ရလို့ ပတ်မကြီးကို ထိုးဖောက်တာသာမက
ဇာတ်အဖွဲ့ကိုပါ ခွဲပစ်တာဖြစ်တယ်ဆိုတာ လူတိုင်း မြင်ပါတယ်။
ဒီလိုစင်ပြိုင်တွေပေါ်လာတဲ့အတွက် ဘယ်သူတွေ ဝမ်းသာမှာလဲ။
ဒီအရှင်မွေးနေ့ချင်းကြီး ကျောင်းသားသမဂ္ဂ ဗမာပြည်မှာ အမြစ်မပြတ်
ခိုင်ခိုင်မြဲမြဲရှိနေသေးတဲ့စစ်အာဏာရှင်စနစ်ကို အမြစ်ဖြုတ်ရာမှာ
ပိုထိရောက်စေမှာလား၊ အားနည်းစေမှာလား။ ကျောင်းသားအရေးကို
ပိုဦးဆောင်မှုပေးနိင်မှာလား၊ ရှုပ်ထွေးစေမှာလား။ မိဘပြည်သူတွေ အရေးကြုံတိုင်း
ရှေ့ကထွက်ပြီးတိုက်ပွဲဝင်တဲ့ တပြည်လုံးက ကျောင်းသားတွေကို
သွေးစည်းစေမှာလား၊ သွေးကွဲစေမှာလား။ အစိုးရကိုထောက်ခံဖို့သက်သက်ဖွဲ့တဲ့
ကျောင်းသားသမဂ္ဂဆိုရင် “မီးသွေးခဲမို့ မည်းသကို တို့ကျောင်းသားမို့ရဲသကို
ဆို”တဲ့အဆိုကို “မီးသွေးခဲမို့မည်းသကို- တို့ကျောင်းသားမို့ ရှဲသကို” လို့
ပြင်ရမလို ဖြစ်သွားလိမ့်မယ်။
ဗကပ ရဲ့တရားဝင်သဘောထားလည်းဖြစ်၊ ကြုံတိုင်းပြောနေကျလည်းဖြစ်တဲ့စကားကို ပြောပါ့မယ်။
အဲဒါက
ဗမာပြည် ကွန်မြူနစ်ပါတီဟာ ၁၉၃၀ စုနှစ်များအတွင်းက
ကျောင်းသားလှုပ်ရှားမှုကြီးတွေ၊ အလုပ်သမားလှုပ်ရှားမှုကြီးတွေကနေ
မွေးဖွားပေးလိုက်တဲ့ပါတီဖြစ်တယ်။
ပါတီကို တည်ထောင်သူတွေထဲမှာ ဗကသခေါင်းဆောင်တွေ ပါဝင်ခဲ့တယ်ဆိုတာပါပဲ။
ဗမာပြည်မှာ အဲဒီလိုကြေညာနိုင်တဲ့ တခြားပါတီမရှိခဲ့မရှိပါဘူး။ ဒါကို ဗကပက အမြဲဂုဏ်ယူနေပါတယ်။
ရဲဘော်ဖိုးသံချောင်း