Thursday, April 29, 2021

မြန်မာလူမျိုးကြီးဝါဒအစ စာသင်ကျောင်းက

0 comments
မြန်မာလူမျိုးကြီးဝါဒအစ စာသင်ကျောင်းက
Published by Mawkun team at August 27, 2019
မော်ကွန်းမဂ္ဂဇင်း အမှတ် (၆၈) မှ မျက်နှာဖုံးဆောင်းပါးဖြစ်ပါသည်
မြန်မာလူမျိုးကြီးဝါဒအစ စာသင်ကျောင်းက
အောင်ပိုင်ရေးသည်။
တတိယတန်းတက်နေတဲ့ ဦးပီတာရဲ့ သားလေးဟာ ကျောင်းဆင်းချိန် ဖယ်ရီကားပေါ်က ဆင်းလာတဲ့အခါမှာ ရှေ့တည့်တည့်က စောင့်ကြိုနေတဲ့ဖခင်ကို မမြင်ချင်ယောင်ဆောင်ပြီး ဖြတ်လျှောက်သွားပါတယ်။
ခြေလှမ်း ၁ဝ လှမ်းလောက်လှမ်းပြီး ဖယ်ရီကားထွက်သွားပြီးခါမှ ဦးပီတာကို ပြန်လှည့်ကြည့်ပါတော့တယ်။
”သား၊ ဘာကြောင့် ပါပါးကို ကျော်သွားတာလဲ”လို့ ဦးပီတာက မေးလိုက်တဲ့အခါ ”ပါပါးက သူငယ်ချင်းတွေရှေ့မှာ ချင်းလို ပြောမှာစိုးလို့”လို့ သားဖြစ်သူက ပြန်ဖြေပါတယ်။
ဦးပီတာဟာ ချင်းအမျိုးသားတစ်ယောက်ဖြစ်ပြီး သူ့ဇနီးကတော့ ကယားလူမျိုးဖြစ်ပါတယ်။ သူတို့မိသားစုဝင်သုံး ဦးစလုံးကတော့ ခရစ်ယာန်ဘာသာဝင်တွေဖြစ်ပါတယ်။ သူတို့က ရန်ကုန်မှာ အခြေချနေထိုင်ရင်း သားဖြစ်သူကို အစိုးရကျောင်းမှာ ထားတာပါ။ ကျောင်းထားတဲ့ သုံးနှစ်လောက်အတွင်းမှာ ကလေးဟာ ချင်းလူမျိုး၊ ခရစ်ယာန်ဘာသာဝင် ဖြစ်နေရတာကို ရှက်သလို၊ ရွံ့သလို လက္ခဏာ တွေ ပြနေတာကို ဦးပီတာက သတိထားမိလာပါတယ်။
စာသင်ခန်းထဲမှာ ‘ချင်းလေး’က နေ ‘ခြင်းလုံး’လို့ အတန်းဖော်တွေက စနောက်ခေါ်ဝေါ်တာ၊ မနက်ပိုင်း အခြား ကျောင်းသားတွေ ဗုဒ္ဓဘာသာဘုရားရှိခိုးတဲ့အခါ အတန်းဖော်တွေလိုမဟုတ်ဘဲ ခုံပေါ်မှာပဲ မှောက်အိပ်နေရတာတွေဟာ အများကြားထဲမှာ တစ်မူထူးနေသလိုဖြစ်နေပြီး ရှက်သလို ကြောက်သလို ခံစားနေ တယ်လို့ ဦးပီတာက သူ့သားလေးရဲ့ အပြောအဆို အပြုအမူတွေကို သုံးသပ်ကြည့်ရင်း နားလည်သဘောပေါက်သွား ပါတယ်။
”ကလေးကို ပညာတတ်စေချင်လို့ ကျောင်းလွှတ်ခါမှ ကြောက်စိတ်တွေ၊ အငုံ့စိတ်တွေဝင်လာမှာ စိုးနေရတယ်”လို့ သူက ပြောပါတယ်။
သူကိုယ်တိုင်လည်း ချင်းပြည်နယ်က အစိုးရစာသင်ကျောင်းမှာနေခဲ့ဖူးတဲ့ အတွေ့အကြုံနဲ့ အင်တာနေရှင်နယ်ကျောင်းတစ်ခုမှာ စာသင်ပေးဖူးတဲ့ အတွေ့အကြုံရှိခဲ့တာကြောင့် ကလေးမှာ ဖြစ်နေတဲ့ ပြဿနာကို ဦးပီတာ အလွယ်တကူနားလည်နိုင်ပါတယ်။
သူ့သားက အသက်ရှစ်နှစ်ခွဲရှိပြီး ကလေးရှေ့ရေးအတွက် နာမည်နဲ့ တက်နေတဲ့ကျောင်းကို မဖော်ပြဖို့ မေတ္တာရပ်ခံထားပါတယ်။
တစ်နိုင်ငံလုံးကို ဗဟိုချုပ်ကိုင်မှုစနစ်နဲ့ ကျင့်သုံးနေတဲ့ အခြေခံပညာအဆင့် အစိုးရစာသင်ကျောင်းတွေမှာ လက်ရှိအချိန်အထိ မြန်မာလူမျိုး၊ ဗုဒ္ဓဘာသာဝင်တွေကိုပဲ ဗဟိုပြုထားတဲ့ အလေ့အထတွေနဲ့ သင်ခန်းစာတွေ၊ သင်ရိုးညွှန်းတမ်းတွေဟာ ကျောင်းသားတွေအပေါ်မှာ နေ့စဉ်လွှမ်းမိုးနေပြီး တိုင်းရင်းသားပေါင်းစုံ၊ ကိုးကွယ်မှုမတူသူတွေကြားထဲမှာ ယုံကြည်နားလည်မှု လွဲမှားနိုင်စေတယ်လို့ ပညာရေးကို လေ့လာသုံးသပ်တဲ့ ပညာရှင်တွေနဲ့ လူမှုတရားမျှတရေး ဆောင်ရွက်နေသူတွေက ပြောကြပါတယ်။
ဒါ့အပြင် လက်ရှိဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေး၊ တန်းတူညီမျှရေးနဲ့ဖက်ဒရယ်အရေးတို့ဟာ အချိန်မရွေး လက်မှတ်ထိုးရုံနဲ့ ယာယီရနိုင်ပေမယ့် ငယ်စဉ်ကတည်းက စာသင်ခန်းထဲကနေ ရင်ထဲ ကိုရောက်စေခဲ့တဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာနဲ့ တစ်ဖက်သတ်ဆန်တဲ့ အတွေးအခေါ်တွေကြောင့် ရေရှည်တည်မြဲတဲ့ ငြိမ်းချမ်းရေးရရှိနိုင်ဖို့တော့ ခက်ခဲလိမ့်မယ်လို့ သူတို့ကဆိုကြပါတယ်။
ရန်ကုန် ပညာရေးတက္ကသိုလ်၊ ပညာရေးစိတ်ပညာဌာနမှ အငြိမ်းစား ပါမောက္ခ ဒေါက်တာသိန်းလွင်က ”ငြိမ်းချမ်းရေးဖော်ဆောင်တဲ့အခါ စာရွက်ပေါ် မှာ လက်မှတ်ထိုးတယ်ဆိုတာက အပေါ်ယံလေ။ နှလုံးသားထဲမှာ တကယ်တမ်းအေးချမ်းမှ အမှန်တကယ်ငြိမ်းချမ်းရေး ဖြစ်မှာ”လို့ သုံးသပ်ပါတယ်။
အံဝင်ခွင်ကျမဖြစ်တဲ့ စာသင်ခန်း
မော်ကွန်းကတွေ့ဆုံခဲ့တဲ့ အထက်တန်းကျောင်းသူတစ်ဦးနဲ့ ကျောင်းသားတစ်ဦးကလည်း စာသင်ခန်းထဲမှာ အလားတူဖြစ်ရပ်မျိုးတွေ ကြုံခဲ့ရပါတယ်။ သူတို့နှစ်ဦးစလုံးဟာ ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်က အိုးဝေပညာဒါနကျောင်းမှာနေရင်း အတွဲ(၁)၊ ဝိပ္ပံဘာသာတွဲနဲ့ အထက်တန်းတက်ရောက်နေသူတွေ ဖြစ်ပြီး အလယ်တန်းအဆင့်ကို သူတို့မွေးဖွားရာ ပြည်နယ်တွေမှာ အောင်မြင်ခဲ့သူတွေ ဖြစ်ပါတယ်။
ကယားပြည်နယ်မှာ အလယ်တန်းအထိ ကျောင်းတက်ခဲ့ဖူးသူ ကယန်းလူမျိုး၊ ရိုမန်ကက်သလစ်ဘာသာဝင် မပိုင်ကာဗြေးလာဟာဆိုရင် ပညာဒါနကျောင်းကို ရောက်မလာခင်အထိ စာသင်ခန်းနဲ့ သိပ်ပြီးအံဝင်ခွင်ကျ မဖြစ်ခဲ့ပါဘူး။
စာသင်ခန်း ဝေယျာဝေစ္စလုပ်ဖို့ အသင်းခွဲတဲ့အခါ မြန်မာမင်းငါးပါးထဲက ကျန်စစ်သားအသင်းဝင်ဖြစ်တာ၊ ‘အာဇာနည်ဗုဒ္ဓဘာသာအမျိုးသားတိုင်းပြည်’ဆိုတဲ့စာသားပါ ဇာတိမာန်သီချင်းဆိုရတာ၊ မြန်မာလူမျိုးအကြောင်းတွေကိုပဲဖော်ပြထားတဲ့ သမိုင်းပြဋ္ဌာန်းစာအုပ်ကို သင်ရတာတွေဟာ မပိုင်ကာဗြေးလာနဲ့ လုံးဝမသက်ဆိုင်သလို ဖြစ်နေတာကြောင့်ပါ။
”ကိုယ့်လူမျိုးအကြောင်းမပါတဲ့ မြန်မာလူမျိုးတွေရဲ့သမိုင်းတွေကို လိုက်ကျက်မှတ်နေရတာ ဘာကြောင့်လဲဆိုတာ နားမလည်နိုင်ဘူးဖြစ်နေတယ်”လို့ မပိုင်ကာဗြေးလာက ခပ်တွေတွေစဉ်းစားရင်း ပြောပါတယ်။
လက်တလောမှာတော့ သူဟာ တက္ကသိုလ်ဝင်တန်းကို ပြင်ပကနေဖြေဆိုဖို့ ပညာဒါနကျောင်းမှာပဲ ကျောင်းအိပ်ကျောင်းစားနေတာပါ။ ဒါကြောင့် စာသင်ခန်းကို သွားစရာမလိုတော့တဲ့အတွက် ဒီဒုက္ခတွေကိုလည်း မကြုံတွေ့ရတော့ပါဘူး။
နောက်ထပ် ကျောင်းသားတစ်ယောက်ကတော့ ဗုဒ္ဓဘာသာဝင်ဖြစ်ပေမယ့် မြန်မာလူမျိုးမဟုတ်လို့ စာသင်ခန်းထဲက သင်ခန်းစာအချို့ကို နားမလည်နိုင်ဖြစ်ခဲ့သူပါ။
သူကတော့ ရခိုင်ပြည်နယ်မှာ အလယ်တန်းအဆင့်အထိနေခဲ့ပြီး ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်က အထက်တန်းကျောင်းတစ်ခုကို ပြောင်းလာတဲ့ မောင်ကျော်သာထက် ဖြစ်ပါတယ်။ သူ့အတွက်တော့ ဗုဒ္ဓဘာသာဝင် ဖြစ်တာကြောင့် ဘုရားရှိခိုးရတဲ့ အလေ့အထမျိုးမှာ ပြဿနာမရှိပေမယ့် ငယ်ငယ်ကတည်းက သင်လာရတဲ့ သမိုင်းကို နားမလည်နိုင်ဖြစ်နေခဲ့တာပါ။
သမိုင်းသင်ရိုးထဲမှာ မြန်မာမင်းတွေနဲ့ မြန်မာလူမျိုးအကြောင်း၊ မြန်မာနိုင်ငံတည်ထောင်ခြင်း အကြောင်းတွေသာ ပါဝင်ပြီး ရခိုင်လူမျိုးတွေအကြောင်း မဆိုသလောက်သာ ပါတယ်ဆိုတာ သူက သတိထားမိနေပါတယ်။
နောက်ပြီး သူ့ပတ်ဝန်းကျင်က လူကြီးတွေဆီကနေ သူကြားဖူးနားဝရှိထားတဲ့ ရခိုင်ပြည်၊ ရခိုင်လူမျိုးတွေရဲ့ သမိုင်းကြောင်းတွေ မပါဝင်တာကြောင့် သမိုင်းသင်ရိုးထဲက မြန်မာ့သမိုင်းကို သူစိတ်မဝင်စားနိုင်ဖြစ်နေသလို သင်ရိုးထဲပါသမျှဟာ မှန်၊ မမှန်ကိုလည်း သံသယရှိနေဆဲ ဖြစ်ပါတယ်။
”ညီလေးက သမိုင်းသင်ခန်းစာတွေကို တစ်ဖက်တည်း ဖော်ပြတာမျိုး မဟုတ်ဘဲ မျှမျှတတ ဖြစ်စေချင်တာ”လို့ မောင်တောမြို့နယ်က သက်လူမျိုးဖြစ်တဲ့ မောင်ကျော်သာထက်က ပြောပါတယ်။
ပညာရေးစိတ်ပညာရှင် ဒေါက်တာ သိန်းလွင်က ကိုယ့်ကိုနိုင်ထက်စီးနင်းလုပ် ထားတဲ့ လူတစ်ယောက်ကို စာသင်ခန်းထဲ မှာ သူရဲကောင်းအဖြစ်နဲ့ အသိအမှတ် ပြု ပေးရနေတာတွေက ”မပြောရဲလို့သာ မပြောတာပဲရှိတယ်၊ လိုလိုလားလား ရှိမှာ မဟုတ်ဘူး။ သူတို့နေရာကနေ ခံစားကြည့်ဖို့လိုတယ်”လို့ သူက ထောက်ပြပါတယ်။
နောက်ပြီး အစိုးရစာသင်ကျောင်း တွေမှာ စာသင်ခန်းဝေယျာဝေစ္စလုပ်ဖို့ မြန်မာမင်းတွေရဲ့ နာမည်တွေနဲ့ အသင်း ခွဲတာတွေ၊ ဘုရားရှိခိုး၊ သီချင်းဆိုတာတွေစတဲ့ မြန်မာလူမျိုး၊ ဗုဒ္ဓဘာသာကိုပဲ ဗဟိုပြုပြီး ကျင့်သုံးနေတာတွေကို သေချာဆန်းစစ်ဖို့ လိုတယ်လို့ ဆိုပါတယ်။
”ဘုရားရှိခိုးခိုင်းတယ်ဆိုတာက အများစုကိုပဲ ရည်ညွှန်းထားတာဖြစ်ပေမယ့် ကလေးသဘာဝအရ ငါတို့က ဘေးဖယ်ခံထားရတယ်၊ ဦးစားပေးထဲမှာမပါဘူး၊ သူတို့ကသာ ဦးစားပေးဖြစ်တယ်ဆိုတဲ့ အတွေးတွေက တနုံ့နုံ့နဲ့ နေ့တိုင်းဖြစ်နေတဲ့ကိစ္စ။ အဲဒီအသေးလေးတွေက တဖြည်းဖြည်းနဲ့ ကြီးလာပြီးတော့ သူတို့ရဲ့စိတ်ထဲ၊ နှလုံးသားထဲမှာ မကျေနပ်ချက် လေးတွေက အမြစ်တွယ်လာတာပေါ့”လို့ သူက ပြောပါတယ်။
မရိုးမသား သင်ရိုးညွှန်းတမ်းများ
ရန်ကုန်တက္ကသိုလ်မှာ သမိုင်းဘာသာရပ် လေ့လာနေတဲ့ ဂုဏ်ထူးတန်းနောက်ဆုံးနှစ်ကျောင်းသား ကိုနိုင်အောင်က အုပ်ချုပ်သူလူတန်းစား အဆက်ဆက်ဟာ ဝါဒဖြန့်ချိရေးလုပ်ဖို့ ကျောင်းသုံးဖတ်စာအုပ်တွေကို ကြားခံအဖြစ်သုံးနေတာကို သိသိသာသာ မြင်နေရတယ်လို့ ဆိုပါတယ်။
ကိုနိုင်အောင်ဟာ Mr. History ဆိုတဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာနဲ့ YouTube Channel တို့ကနေ တစ်ဆင့် မြန်မာ့သမိုင်းဆိုင်ရာ သိမှတ်ဖွယ်ရာတွေကို အများပြည်သူလက်လှမ်းမီအောင် အစီအစဉ်တစ်ခုအနေနဲ့ မျှဝေပေးနေသူလည်း ဖြစ်ပါတယ်။
ပညာရေးဝန်ကြီးဌာနက ပြဋ္ဌာန်းထားတဲ့ အခြေခံပညာအဆင့် မြန်မာ့သမိုင်းသင်ရိုးညွှန်းတမ်းတွေမှာ ပင်လုံစာချုပ်ကို ချုပ်ဆိုတာဟာ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်မှုကြောင့်လို့သာ ဖော်ပြထားပြီး အမှန်တကယ် သမိုင်းဖြစ်စဉ်အရ လူမျိုးစုအားလုံးဟာ ဘယ်သူကမှ ပိုမသာတဲ့ တန်းတူ ရည်တူအခြေအနေမှာ ဆွေးနွေးခဲ့ပြီးမှ ပင်လုံစာချုပ်မှာ လက်မှတ်ထိုးတယ်ဆိုတာကိုတော့ မတွေ့ရဘူးလို့ သူက ဆိုပါတယ်။
”လွတ်လပ်ရေးကြိုးပမ်းတာ ဗိုလ်ချုပ်အောင်ဆန်း တစ်ယောက်တည်း မဟုတ်ဘူးလေ။ ဒါပေမဲ့ ဖတ်စာအုပ်မှာ ပြောတဲ့ပုံစံက ဗိုလ်ချုပ်အောင်ဆန်း၏ ခေါင်းဆောင်မှုအောက်တွင် မြန်မာနိုင်ငံ တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး စည်းလုံးညီညွတ်စွာ လွတ်လပ်ရေးကို ရရှိခဲ့သည်လို့ပဲ ဖော်ပြထားတဲ့အခါကျတော့ ပင်လုံရဲ့အနှစ်သာရ ပျောက်သွားတယ်” လို့ သူက ပြောပါတယ်။
နောက်ပြီး ပုဂံခေတ်ပြီးတဲ့နောက် ပေါ်ပေါက်လာတဲ့ ရှမ်းညီနောင်သုံးဦး၊ မွန်-မြန်မာ နှစ်လေးဆယ်စစ်ပွဲအကြောင်း၊ ရခိုင်ရဲ့ သမိုင်းကြောင်းဖြစ်တဲ့ ဓညဝတီ၊ ဝေသာလီ၊ လောင်းကျယ်၊ မြောက်ဦးစတဲ့ တိုင်းရင်းသားတွေနဲ့ ပတ်သက်တာတွေ ကို သမိုင်းဖတ်စာအုပ်တွေမှာ ချန်လှပ်ထားခဲ့တာ၊ အရင်ကတည်းက မြန်မာမင်းတွေရဲ့အောက်မှာ တိုင်းရင်းသားအားလုံးဟာ တစ်စုတစ်စည်းတည်း ရှိခဲ့တယ်လို့ပဲ ဖော်ပြထားတာတွေဟာ ပညာရပ်ဆိုင်ရာ အမြင်အရ မရိုးသားဘူးလို့ သူက ပြောပါတယ်။
”ဒီအကျိုးဆက်တွေကြောင့်ပဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်လိုချင်တာ၊ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို လက်မခံနိုင်တာ၊ လက်နက်စွဲကိုင်တော်လှန်ကြတာ၊ စစ်ဘေးဒုက္ခဖြစ်နေတာတွေကို တချို့လူတွေက နားမလည်နိုင်တော့ဘူး။ နားမလည်တော့ ကိုယ်ချင်းစာစိတ်လည်း မရှိတော့ဘူး”လို့ သူက သုံးသပ်ပါတယ်။
တိုင်းပြည်ရဲ့သမိုင်းကြောင်းတွေကို တစ်ဖက်သတ် အသားပေးဖော်ပြတာဟာ မြန်မာနိုင်ငံမှာမှ မဟုတ်ဘဲ အမေရိကန်နိုင်ငံရဲ့ သမိုင်းတွေကို လေ့လာတဲ့အခါမှာလည်း အနည်းနဲ့အများ တွေ့ရတယ်လို့ ၎င်းကဆိုပါတယ်။
၁၄၉၂ မှာ အမေရိကတိုက်ကို ကိုလံဘတ်စ်ရှာတွေ့ခဲ့ပြီးနောက် ဥရောပသားတွေဟာ အမေရိကကို နယ်မြေချဲ့ထွင်လာခဲ့ပါတယ်။ အဲဒီအခါမှာ မူရင်းနေထိုင်သူ အင်ဒီးယန်းတွေနဲ့ ရွှေ့ပြောင်းရောက်ရှိလာသူတွေဟာ ပဋိပက္ခတွေဖြစ်ပွားခဲ့ရာ အင်ဒီးယန်းအများအပြား သတ်ဖြတ်ခံခဲ့ရပါတယ်။
နောက်ပိုင်းမှာ ရွှေ့ပြောင်းရောက်ရှိလာသူ ဥရောပသားတွေဟာ နယ်မြေစိုးမိုးနိုင်ခဲ့ပြီး ကိုလိုနီခေတ်တစ်လျှောက်လုံးမှာ အင်ဒီးယန်းတွေဟာ ဖိနှိပ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ အမေရိကန်တွေရေးတဲ့ သမိုင်းမှာတော့ ဒီမိုကရေစီခေတ်မှာ တန်းတူညီမျှထားတယ်လို့ပဲ ဖော်ပြထားပြီး ကနဦးလုပ်ရပ်တွေဟာ မှေးမှိန်နေတယ်လို့ ကိုနိုင်အောင်က ဆိုပါတယ်။
”အမေရိကန်တွေဆိုရင်လည်း အင်ဒီးယန်းတွေကို ဘယ်လိုအခွင့်အရေးပေးခဲ့တယ်ဆိုတာ တွင်တွင်ပြောတယ်။ ရှေ့မှာ ဘယ်လိုသတ်ခဲ့တယ်ဆိုတာကိုကျ ထည့်မပြောဘူး။ ဒါပေမဲ့ ပညာရပ်ဆိုင်ရာ အဖွဲ့အစည်းတွေက အားကောင်းပြီး ကျောင်းသားက သူ့ဘာသာ ဆင်ခြင်သုံးသပ်နိုင်တဲ့အတွက် သိပ်ပြဿနာမရှိဘူး” လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာတော့ ပညာရေးကို ဗဟိုချုပ်ကိုင်မှုကျင့်သုံးပြီး လွတ်လပ်တဲ့ ပညာရေးအဖွဲ့အစည်းတွေက အားနည်းသေးတာကြောင့် ကျောင်းသုံးဖတ်စာအုပ် တွေဟာ ”ပါးပါးလေးပေမယ့် အဖျက်စွမ်းအားကြီးတယ်” လို့ ကိုနိုင်အောင်က မှတ်ချက်ပြုပါတယ်။
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှ အလယ်တန်းပြကျောင်းဆရာ ဆရာစောကျော်မြင့်ဆိုရင် မြန်မာ့သမိုင်း သင်ခန်းစာပို့ချရတဲ့အခါ ပြဋ္ဌာန်းစာအုပ်ပါ ဖော်ပြချက်က ရခိုင်လူမျိုးတွေအတွက် မလုံလောက်တာကြောင့် ရခိုင်လူမျိုးတွေရင်းနှီးတဲ့ သမိုင်းဗဟုသုတတွေနဲ့ နားလည်အောင် ယှဉ်ထိုးပြနေရတယ်လို့ ဆိုပါတယ်။
”ဥပမာ-မြန်မာမင်းတွေမှာ နောက်ဆုံးမင်းက သီပေါမင်းဆိုရင် ရခိုင်မင်းတွေမှာ နောက်ဆုံးမင်းက မဟာသမ္မတရာဇာမင်း ဖြစ်တယ်ဆိုတာမျိုးကို ပြောပြနေရတယ်။ ဒါမှသာ အမြင်စုံသွားတာပေါ့”လို့ သူက ပြောပါတယ်။
နောက်ပြီး လက်ရှိအချိန်အထိ သုံးနေရတဲ့ ပြဋ္ဌာန်းစာအုပ်မှာ မြန်မာလူမျိုး အကြောင်းတွေပဲ ဖော်ပြထားပြီး ရခိုင်လူမျိုးအကြောင်းက သိပ်မတွေ့ရတဲ့အတွက် ကလေးတွေက သိချင်လို့ မေးမြန်းတဲ့အခါ ဆရာတွေက ရခိုင်လူမျိုးတွေရဲ့ သမိုင်းကြောင်းကို ပိုလေ့လာမိတယ်လို့ သူက ဆိုပါတယ်။
ဒါပေမဲ့ အဲဒီလို ယှဉ်ထိုးဥပမာပေး သင်တဲ့အခါ ဖိအားတစ်စုံတစ်ရာ ကျရောက်နိုင်တာကြောင့် အထက်အရာရှိတွေနဲ့ လုပ်ဖော်ကိုင်ဖက်ဆရာတွေက မသင်ဖို့ သတိပေးတာလည်း ကြုံရတယ်လို့ သူက ပြောပါတယ်။
စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးစင်တာ (Center of Economic and Social Development – CESD) နဲ့ အာရှဖောင်ဒေးရှင်းက ၂ဝ၁၃ ဒီဇင်ဘာမှာ ထုတ်ပြန်တဲ့ ‘မြန်မာနိုင်ငံပညာရေးတွင် ဗဟိုချုပ်ကိုင်မှု လျှော့ချရေးပဏာမ အကဲဖြတ်ချက်’ စာတမ်းအရ မြန်မာနိုင်ငံမှာ အစိုးရစနစ်အပြင် အမျိုးမျိုးသော ရပ်ကွက် လူမှုအသိုင်းအဝိုင်းအခြေပြု စာသင်ကျောင်း၊ ဘုန်းတော်ကြီးသင်စာသင်ကျောင်းတွေလည်း ရှိကြတယ်လို့ ဖော်ပြထားပါတယ်။
ဥပမာ-မွန်ပြည်သစ်ပါတီထိန်းချုပ်မှုအောက်မှာရှိတဲ့ မွန်ပြည်နယ်က မွန်အမျိုးသားစာသင်ကျောင်းဖြစ်ပါတယ်။ မွန်အမျိုးသားစာသင်ကျောင်းဆိုတာ မွန်ဘာသာစကားနဲ့ သင်ကြားရုံသာမက ဒေသဆိုင်ရာအကြောင်းအရာတွေကို သင်ကြားခွင့်ပြုထားပါတယ်။
မွန်အမျိုးသားပညာရေးစနစ်နဲ့ အောင်မြင်လာတဲ့ ကျောင်းသားတွေကိုတော့ အစိုးရတက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ဝင်ရောက်ဖြေဆိုခွင့် ပြုထားပါတယ်။ ဒီစနစ်ဟာ လူမျိုးစုအသီးသီးရဲ့ လိုအင်ဆန္ဒကိုလည်း ပြည့်စုံစေပြီး အားလုံးစုပေါင်းတည်ဆောက်တဲ့ နိုင်ငံတော်ကိုလည်း ဖြစ်တည်စေနိုင်တယ်လို့ စာတမ်းမှာ ဖော်ပြထားပါတယ်။
ဘာသာစကား အဟန့်အတား
အငြိမ်းစားပါမောက္ခ ဒေါက်တာသိန်းလွင်က တိုင်းရင်းသားတွေက တန်းတူညီမျှမှုမရှိဘူးလို့ ပြောဆိုနေတာကို လေ့လာကြည့်မယ်ဆိုရင် စာသင်ခန်းမှာ မိခင်ဘာသာစကားနဲ့ သင်ယူခွင့်ရရှိရေးကနေ စပြောရလိမ့်မယ်လို့ ဆိုပါတယ်။ ငယ်ရွယ်တဲ့ ကလေးတစ်ယောက်ဟာ ကိုယ့်ဘာသာစကားနဲ့ ပညာသင်ယူခွင့် ရရှိရေးက အရေးကြီးတဲ့အချက် ဖြစ်ပေမယ့် လက်ရှိအချိန်အထိ မြန်မာမဟုတ်တဲ့ လူမျိုးစုတွေဟာ မြန်မာစကားနဲ့ပဲ သင်နေရတာကြောင့် အကျိုးသက်ရောက်မှုက ကြီးတယ်လို့ သူကဆိုပါတယ်။
ကလေးတွေဟာ ကိုယ်နားမလည်တဲ့ ဘာသာစကားနဲ့ သင်ရပြီး စာမေးပွဲဖြေတဲ့အခါမှာ ရမှတ်နည်းတာ၊ ကျောင်းတက်ရတာ မပျော်တော့လို့ ကျောင်းထွက်တာ၊ ရမှတ်ပေါ်မူတည်ပြီး အဆင့်မြင့်ပညာကို ရွေးချယ်တဲ့အခါ အခွင့်အရေးနည်းသွားတာ စတဲ့ ဆင့်ကဲအကျိုးဆက်တွေကြောင့် တစ်ကိုယ်ရေတိုးတက်မှုနဲ့ ပရော်ဖက်ရှင်နယ်တိုးတက်မှုတို့ကို အဟန့်အတား ဖြစ်စေတယ်လို့ သူက ရှင်းပြပါတယ်။
”ဒါဟာ ရေထဲကို ခဲလုံးပစ်ချလိုက်သလိုပဲ။ ပစ်ချတဲ့နေရာမှာတင် ပျောက် သွားတာ မဟုတ်ဘဲ လှိုင်းဂယက်က ကမ်းအထိ ရောက်သွားသလိုပေါ့”လို့ သူက ဥပမာပေးပါတယ်။
ဒါကြောင့် ကလေးတွေနားလည်တဲ့ တိုင်းရင်းသားဘာသာစကားနဲ့ သင်ကြားဖို့ စစ်အစိုးရလက်ထက်ကနေ လက်ရှိ အရပ်သားအစိုးရလက်ထက်အထိ သူက အကြံပြုချက်ပေးတဲ့အခါတိုင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပျက်ပြားနိုင်တယ်ဆိုတဲ့ တရားသေအတွေးအခေါ်မျိုးနဲ့ တုံ့ပြန်တာ၊ ထိလွယ်ရှလွယ်ဖြစ်တယ်ဆိုပြီး အရေးတယူ မလုပ်တာတွေနဲ့ချည်းပဲ ကြုံခဲ့ရတယ်လို့ သူက ပြောပါတယ်။
ယခုအစိုးရလက်ထက်မှာ တိုင်းရင်းသားစာပေနဲ့ ယဉ်ကျေးမှုသင်ကြားဖို့ ဗဟိုကမချုပ်ကိုင်ဘဲ သက်ဆိုင်ရာတိုင်းနဲ့ ပြည်နယ်တွေအလိုက် သင်ကြားပေးဖို့ ပညာရေးဝန်ကြီးဌာနက ညွှန်ကြားထားပါတယ်။ ဒါပေမဲ့ သင်ကြားပို့ချပေးနိုင်ဖို့ တစ်ခါမှ လေ့ကျင့်ပျိုးထောင်မပေးခဲ့တာကြောင့် အဆင်မပြေဖြစ်နေဦးမှာပဲလို့ သူကဆိုပါတယ်။
USAID နဲ့ အာရှဖောင်ဒေးရှင်းက ၂ဝ၁၆ ဖေဖော်ဝါရီမှာ ထုတ်ပြန်တဲ့ ‘ကျောင်းပညာရေးနှင့် ပဋိပက္ခ၊ မြန်မာနိုင်ငံ၏ တိုင်းရင်းသားပညာရေးနှင့် မိခင်ဘာသာစကားအခြေပြုသင်ကြားရေး အခြေအနေ’ စာတမ်းရဲ့ အဓိက တွေ့ရှိချက်တွေအရ ကျောင်းတွေမှာ မိခင်ဘာသာစကားနဲ့ သင်ကြားရေးကို ဇောင်းပေးပြောဆိုတဲ့အခါ ဆရာစရိတ်နဲ့ သင်ထောက်ကူပစ္စည်းတွေအတွက် ကုန်ကျငွေကို ဘယ်သူပေးမလဲ၊ အရည်အချင်း အတွေ့အကြုံပြည့်ဝတဲ့ ဆရာတွေကို ဘယ်လိုရှာဖွေမလဲ စတဲ့ မေးခွန်းတွေပေါ်ထွက်လာပါတယ်။
ဒါ့အပြင် အချို့သင်ရိုးစာအုပ်တွေဟာ မြန်မာဘာသာနဲ့ ရေးသားထားတဲ့ စာအုပ်တွေကနေ တိုက်ရိုက်ဘာသာပြန်ယူထားတာဖြစ်ပြီး လူနည်းစုတွေရဲ့ ယဉ်ကျေးမှုနဲ့ သမိုင်းတွေကို တိတိကျကျ ထင်ဟပ်နိုင်ခြင်းမရှိ ဖြစ်နေတယ်လို့ စာတမ်းမှာ ဖော်ပြထားပါတယ်။
ဒေါက်တာသိန်းလွင်ကလည်း သက်ဆိုင်ရာ မိခင်ဘာသာစကားနဲ့ သင်ကြားမှသာ ကလေးတွေ စာတတ်မြောက်မှု ပိုမိုရရှိလာမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သူက ကျောင်းတွေမှာ ဘုရားရှိခိုး၊ သီချင်းဆိုရတဲ့ အလေ့အထတွေကိုလည်း ပြောင်းလဲသင့်ပြီး အဲဒီအလေ့အထတွေက အများပြည်သူနဲ့ သက်ဆိုင်တဲ့ စာသင်ကျောင်းတွေမှာ ပြုလုပ်ရမှာ မဟုတ်ဘဲ သက်ဆိုင်ရာ ဘာသာရေးစာသင်ကျောင်းတွေမှာ လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ ထောက်ပြပါတယ်။
ပညာရေးဝန်ကြီးဌာနက ဘာတွေကို ပြောင်းလဲနေလဲ
အခြေခံပညာဦးစီးဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ထွန်းအောင်က စာသင်ကျောင်းမှာ ဘုရားရှိခိုး၊ သီချင်းဆိုတဲ့ အလေ့အထတွေဟာ လက်ဆင့်ကမ်းလာတဲ့ အလေ့အထတွေသာဖြစ်ပြီး စာထုတ်ညွှန်ကြားချက် မဟုတ်တဲ့အတွက် တစ်စုံတစ်ရာ ပြဿနာမရှိနိုင်ဘူးလို့ ဆိုပါတယ်။
”ဆက်မလုပ်ဖို့ စာထုတ်လိုက်မှသာ နီးစပ်မှုရှိနေတဲ့ ဆက်ဆံရေးကနေ ကွာဟမှုတွေ ဖြစ်လာနိုင်တာပါ။ ဒီတိုင်းက သူ့ဟာသူ အဆင်ပြေနေတယ်” လို့ သူက ပြောပါတယ်။ ဗုဒ္ဓဘာသာအများစု ဖြစ်တဲ့နိုင်ငံမှာ ဓမ္မာရုံအများအပြား ရှိနေတာဟာ ဘာမှပြဿနာမရှိနိုင်တဲ့ သဘောမျိုးပဲလို့ သူက ဆိုပါတယ်။
ပညာရေးဝန်ကြီးဌာနအနေနဲ့ NLD အစိုးရလက်ထက် ချမှတ်ထားတဲ့ ပညာရေးမူဝါဒတွေထဲမှာ ဘယ်ကလေးမှ နောက်မချန်စေရ၊ ဘယ်သူမှ ကျောင်းမထွက်စေရ၊ ပြည်မ၊ တောင်တန်း၊ လူနည်းစု၊ လူများစု မခွဲခြားစေရဆိုတဲ့ အစီအစဉ်တွေ ပါဝင်တယ်လို့ သူက ရှင်းပြပါတယ်။
လတ်တလောမှာ သင်ရိုးညွှန်းတမ်း တွေကိုလည်း မူလတန်းအဆင့်ကနေစပြီး အဆင့်ဆင့် ပြောင်းလဲနေပြီဖြစ်ရာ ၂ဝ၂၂ မှာ အပြီးအစီးဖြစ်နိုင်တယ်လို့ သူက ခန့်မှန်းပါတယ်။
ရန်ကုန်တက္ကသိုလ်၊ သမိုင်းဌာနမှူး အငြိမ်းစားပါမောက္ခ ဒေါက်တာကျော်ဝင်းက ဖက်ဒရယ်ပြည်ထောင်စုကို သွားဖို့ဆိုရင် သင်ရိုးညွှန်းတမ်းတွေနဲ့အတူ သမိုင်းအမြင်တွေကိုပါ ပြောင်းဖို့လိုနေပြီလို့ ဆိုပါတယ်။
သူဟာ စစ်အစိုးရလက်ထက်ကတည်းက သမိုင်းသင်ရိုးညွှန်းတမ်းတွေကို ရေးဆွဲခဲ့ရပြီး လက်ရှိမှာလည်း အမျိုးသားသင်ရိုးညွှန်းတမ်း ရေးဆွဲရေးကော်မတီမှာ သမိုင်းပညာရှင်တွေက ရေးဆွဲတဲ့သင်ရိုးကို နိုင်ငံတော်က သွားနေတဲ့ မူဝါဒနဲ့အညီ တည်းဖြတ်၊ အကြံပြုဖို့ တာဝန်ယူထားသူ ဖြစ်ပါတယ်။
”ကျွန်တော်တို့နိုင်ငံမှာ လူမျိုးစု အများကြီးရှိတဲ့အတွက် မတူကွဲပြား အနေအထားကနေ စုပေါင်းနေထိုင်နိုင်တဲ့ ပုံစံနဲ့ သွားမှဖြစ်မယ်။ ဒါကြောင့် တိုင်းရင်းသားတွေလည်း နေထိုင်တယ်၊ သူတို့ရဲ့အကျိုးစီးပွားကိုလည်း ကာကွယ်မယ်၊ တန်းတူရည်တူ အခွင့်အရေးပေးရမယ် ဆိုတာမျိုးကို ဘက်ပေါင်းစုံက ချဉ်းကပ်တဲ့နည်းနဲ့ သွားရမယ်”လို့ သူက ပြောပါတယ်။
အရင်က သင်ရိုးညွှန်းတမ်းမှာ ပထမမြန်မာနိုင်ငံတော်လို အသုံးအနှုန်းမျိုး ပါဝင်တာဟာ မြန်မာတွေက ကြီးစိုးထား သလိုဖြစ်နေတာကြောင့် ”ခုပြင်လိုက်တဲ့ သင်ရိုးညွှန်းတမ်းမှာက ပထမမြန်မာနိုင်ငံတော်၊ ဒုတိယမြန်မာနိုင်ငံတော်လို့ မပြောတော့ဘူး။ ပုဂံခေတ်၊ တောင်ငူခေတ်၊ ကုန်းဘောင်ခေတ်လို့ပဲ ဖော်ပြထားတယ်”လို့ သူက ရှင်းပြပါတယ်။
ပညာရေးဝန်ကြီးဌာနရဲ့ဆောင်ပုဒ်
နိုင်ငံတော်က ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် လိပ်ခဲတည်းလည်း ဖြစ်နေတာကလည်း တိုင်းရင်းသား တွေခံစားနေရတဲ့ မြန်မာကြီးစိုးရေးဝါဒကို လျှော့ချဖို့လိုနေပြီဆိုတဲ့ တပ်လှန့်သံပဲလို့ သူက ဆိုပါတယ်။
စစ်အစိုးရလက်ထက်မှာ သမိုင်းသင်ရိုးရေးဆွဲတဲ့အခါ သင်ရိုးညွှန်းတမ်းကော်မတီက ရေးဆွဲသမျှကို ဘာမှအကြံပြုခွင့် မရခဲ့ဘူးလို့ သူက ပြောပါတယ်။
သမိုင်းဂုဏ်ထူးတန်းနောက်ဆုံးနှစ် ကျောင်းသား ကိုနိုင်အောင်ကတော့ ”အသစ်ပြောင်းလဲလာမယ့် သမိုင်းသင်ရိုးဟာ အားလုံးလက်ခံနိုင်တဲ့ အချက်လက်တွေ ပါမှာလား၊ ဒါမှမဟုတ် အငြင်းပွားစရာတွေ ဖြစ်လာနိုင်ဦးမလားဆိုတာ စိတ်ဝင်စားစရာပဲ”လို့ ဆိုပါတယ်။
ဗဟိုချုပ်ကိုင်မှု လျှော့ချပါ
ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းမှ အမှူဆောင်ဒါရိုက်တာ ဦးမြတ်ကိုကိုက ပညာရေးပြုပြင်ပြောင်းလဲမှုဟာ လူထုပါဝင်မှုအခန်းကဏ္ဍ လျော့နည်းနေတာကြောင့် စောင့်ကြည့်ရမယ့် အခြေအနေမှာသာ ရှိနေပြီး လောလောဆယ်မှာတော့ သိသာတဲ့ ပြုပြင်ပြောင်းလဲမှုကို မမြင်ရသေးဘူးလို့ ဆိုပါတယ်။
”ပညာရေးကို ဘယ်လိုပြုပြင် ပြောင်းလဲမယ်၊ ဘယ်ဟာကစံတန်ဖိုးတွေ ဖြစ်တယ်ဆိုတာကို မြင်သာအောင် မူဝါဒမှာ ချမပြထားဘူး။ မြင်သာမှုမရှိတဲ့အခါကျတော့ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်က နောက်ပြန်လန်ကျသွားရင်တောင် ပြည်သူက ဘာမျှသိလိုက်ရမှာ မဟုတ်ဘူး” လို့ သူက ပြောပါတယ်။
ဒီမိုကရေစီစနစ်ကို ကျင့်သုံးဖို့ကြိုးစားနေတဲ့ မြန်မာနိုင်ငံက စာသင်ကျောင်းတွေမှာတော့ ဗဟုဝါဒစံတန်ဖိုးဖြစ်တဲ့ အယူအဆအမျိုးမျိုး အတွေးအခေါ် အသွယ်သွယ်ရဲ့ ပြိုင်ဆိုင်မှုကို လက်ခံနိုင်ဖို့ လက်ရှိအချိန်အထိ အဆင်သင့်ဖြစ်မနေဘူးလို့ သူက ဆိုပါတယ်။
”ဗဟုဝါဒရဲ့အခြေခံသဘော မရှိလာတဲ့အခါကျတော့ ကွဲပြားမှုတွေရှိတဲ့ တိုင်းပြည်မှာ ပဋိပက္ခတွေဖြစ်နိုင်ခြေ အရမ်းများတယ်”လို့ ဦးမြတ်ကိုကိုက ပြောပါတယ်။
နောက်ပြီး သူရဲ့လေ့လာတွေ့ရှိချက်အရ မြန်မာနိုင်ငံအတွင်းက ပြည်နယ် တွေနဲ့ ပြည်မကြားက ဆင်းရဲချမ်းသာ ကွာဟမှုကလည်း လူမျိုးရေးသရုပ်လက္ခဏာပေါ် အခြေခံပြီး အုပ်ချုပ်သူလူတန်းစားက သမိုင်းတစ်လျှောက် ရည်ရွယ်ချက်ရှိရှိ လက်ဝါးကြီးအုပ်ထားမှုကြောင့်သာ ဖြစ်နေရတယ်လို့ ဆိုပါတယ်။
လူမျိုးအချင်းချင်းအကြားမှာ လူမျိုးရေးသိစိတ်ကို စတင်ဖြစ်ပေါ်စေတာ ကတော့ မကျေနပ်ချက်၊ နာကြည်းချက်တွေဖြစ်ပြီး ဒါတွေဟာ တန်းတူအခွင့်အရေးမရရှိမှု၊ နိုင်ငံရေးနဲ့ နိုင်ငံသားအခွင့်အရေး တန်းတူမဖြစ်ဘဲ ဖယ်ထုတ်ခံရမှုတွေအပေါ် အခြေခံတယ်လို့ ဦးမြတ်ကိုကိုက ရှင်းပြပါတယ်။
မုခ်ဦးပညာရေးမှ ဒါရိုက်တာ ဦးအောင်မြတ်စိုးကလည်း သင်ရိုးညွှန်းတမ်းတွေဟာ အမြင်စုံစုံလင်လင်နဲ့ တရားမျှတဖို့လိုတယ်လို့ ဆိုပါတယ်။
မုခ်ဦးပညာရေးဟာ ၂ဝ၁၃ မှာ စတင်တည်ထောင်ခဲ့ပြီး ပညာရေးမှတစ်ဆင့် လူမှုတရားမျှတမှုကို မြှင့်တင်ပေးဖို့ ဆောင်ရွက်နေတာဖြစ်ပါတယ်။
မုခ်ဦးပညာရေးက ထုတ်ဝေတဲ့ ကျောင်းသားလက်စွဲ မြန်မာ့သမိုင်းစာအုပ်မှာဆိုရင် ယနေ့ခေတ်အထိ မြန်မာ့ သမိုင်းကို မှတ်တမ်းအခြေပြု လေ့လာနိုင်အောင်ပြုစုထားပြီး အထောက်အထားတွေကို ခွဲခြမ်းစိတ်ဖြာခြင်း၊ ဘက်လိုက်မှုကို ခွဲခြားဖော်ထုတ်ခြင်းနဲ့ အမြင်ရှုထောင့်အမျိုးမျိုးကနေ နှိုင်းယှဉ်ခြင်းတွေကို မိတ်ဆက်ပေးထားပါတယ်။
အဲဒီထဲမှာ ပင်လုံသဘောတူညီချက်၊ အခြေခံဥပဒေ၊ အမျိုးသားရေးဝါဒနဲ့ တိုင်းရင်းသားတွေရဲ့ သဘောထားကွဲလွဲမှု အကြောင်းရင်းတွေကိုပါ လေ့လာဆန်းစစ်နိုင်အောင် ထည့်သွင်းပြုစုထားပါတယ်။ ဒီလက်စွဲစာအုပ်ဟာ အစိုးရသင်ရိုးညွှန်းတမ်းထဲမှာ မပါသေးဘဲ လူငယ်စွမ်းရည်မြှင့်သင်တန်းတွေ၊ ပုဂ္ဂလိကကျောင်းတွေ၊ ဆရာဖြစ်သင်တန်းတွေမှာ ကိုးကားဖို့ သုံးတယ်လို့ ဆိုပါတယ်။
မုခ်ဦးပညာရေးအနေနဲ့လည်း ဆရာစွမ်းရည်မြှင့်သင်တန်းတွေ၊ သင်ရိုးညွှန်းတမ်း အလုပ်ရုံဆွေးနွေးပွဲတွေကို မြန်မာပြည်အနှံ့က တက္ကသိုလ်တွေ၊ ဒီဂရီကောလိပ်တွေမှာ ပညာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်လျက် ရှိတယ်လို့ ဦးအောင်မြတ်စိုးက ရှင်းပြပါတယ်။
ဖက်ဒရယ်ပြည်ထောင်စုကိုသွားဖို့ဆိုရင် သင်ကြားပြသပေးမယ့် ဆရာတွေရဲ့ ကျွမ်းကျင်မှုက အင်မတန်အရေးကြီးတယ်လို့ သူကဆိုပါတယ်။
အတိတ်ကာလ တစ်လျှောက်လုံးမှာ စေတနာနဲ့ ကြိုးစားအားထုတ်မှုမရှိဘဲ တာဝန်ကျေရုံသာသွားခဲ့တဲ့ လူ့အဖွဲ့ အစည်းဟာ ပျက်လုနီးပါးဖြစ်လာခဲ့ပြီး”ဖက်ဒရယ်ပြည်ထောင်စုတောင် နားမလည်တဲ့ ဆရာတစ်ယောက်က ပြည်ထောင်စုသားသမီးတွေ ဘယ်လိုလုပ် မွေးထုတ်မလဲဆိုတဲ့ ပြဿနာတွေ အများကြီးရှိလာတယ်”လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံဟာ ရေမြေတောတောင်နဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံ ရှိတဲ့အတွက် တစ်ဦးကိုတစ်ဦး အပြန်အလှန်လေးစားတတ်အောင်၊ မတူညီတဲ့ ယဉ်ကျေးမှုတွေ၊ ဓလေ့စရိုက်တွေ၊ သဘာဝအလှတွေကို စုံလင်နားလည်အောင် သင်ကြားပေးနိုင်မယ်ဆိုရင် ”ပြည်ထောင်စုက သိပ်လှမယ်”လို့ သူက မှတ်ချက်ပြုပါတယ်။
ဒါ့အပြင် ဖက်ဒရယ်ပြည်ထောင်စုကို သွားမယ်ဆိုပါက ပညာရေးမှာ ”ဗဟိုချုပ်ကိုင်မှုကို မလျှော့ချဘဲ ပါးစပ်က ပြောနေရုံနဲ့ ဘယ်တော့မှ မရနိုင်ဘူး”လို့ သူက ပြောပါတယ်။
‘မြန်မာနိုင်ငံပညာရေးတွင် ဗဟိုချုပ်ကိုင်မှုလျှော့ချရေး ပဏာမအကဲဖြတ်ချက်’ စာတမ်းဖော်ပြချက်အရ ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းဖြစ်တဲ့ အာဏာ၊ တာဝန်နဲ့ဆုံးဖြတ်ချက် ချမှတ်ခြင်းတို့ကို အောက်အဆင့်တွေဆီသို့ ခွဲဝေလျှော့ချ ပေးမှုပုံသဏ္ဌာန်တစ်ရပ်အဖြစ် ၁၉၈ဝ ကျော်နှစ်တွေကစလို့ ကမ္ဘာမှာ လူအများနားလည် နှစ်သက်သဘောကျလာခဲ့ကြပါတယ်။
ဗဟိုချုပ်ကိုင်မှုလျှော့ချရေးကြောင့် လူမျိုးရေးပဋိပက္ခကို လျှော့ချပေးနိုင်တဲ့ အလားအလာရှိပါတယ်။ ပညာရေးကဏ္ဍမှာဆိုရင် မူဝါဒဖွံ့ဖြိုးတိုးတက်မှု၊ သင်ရိုးညွှန်းတမ်းများအား တီထွင်ဆန်းသစ်မှု သို့မဟုတ် ပြန်လည်ပြင်ဆင်မှုနဲ့ ကျောင်းသားအကဲဖြတ်မှုတွေ ပါဝင်မှာဖြစ်တယ်လို့ စာတမ်းမှာ ဖော်ပြထားပါတယ်။
အငြိမ်းစားပါမောက္ခ ဒေါက်တာသိန်းလွင်က ပညာရေးဟာ ငယ်စဉ်ကတည်းက စိတ်ထဲ၊ နှလုံးသားထဲမှာ စွဲမြဲအောင်စိုက်ပျိုးပေးတဲ့ မျိုးစေ့လေးဖြစ်တဲ့အတွက် မိမိအပါအဝင် အားလုံးကို တန်းတူလေးစားတဲ့စိတ်၊ ပူးပေါင်းဆောင်ရွက်တဲ့စိတ်၊ နေရာဒေသအသီးသီးက ထင်ရှားတဲ့ဝိသေသတွေကို ရင်းနှီးတန်ဖိုးထားတဲ့စိတ် စတဲ့ ၂၁ ရာစုမှာ လိုအပ်တဲ့ အရည်အချင်းကို ပျိုးထောင်ပေးဖို့ မဖြစ်မနေလိုအပ်နေပြီလို့ ဆိုပါတယ်။
”ကျွန်တော် ထင်တယ်၊ ဒါတွေပျက်ကွက်ခဲ့ရင် ငြိမ်းချမ်းရေးစာချုပ်မှာ နောက်ဆုံးပိတ် လက်မှတ်ထိုးပြီးရင်တောင် ပြဿနာပြန်မဖြစ်လာနိုင်ဘူးလို့ ပြောလို့မရဘူး” လို့ သူက မှတ်ချက်ပြုပါတယ်။

Friday, April 23, 2021

ကားလ်မာ့က်စ် ရေးသားတင်ပြခဲ့တဲ့ ပဲရစ်ဘုံအဖွဲ့

0 comments
ကားလ်မာ့က်စ် ရေးသားတင်ပြခဲ့တဲ့ ပဲရစ်ဘုံအဖွဲ့
မောင်လှဝင်း(မြင်းခြံ)
(Zawgyi)
မုန်းတီးစက်ဆုပ်စရာ စစ်ပွဲကြောင့် ဘာတွေပဲ ပြောင်းလဲဖြစ်ပေါ်နေပါစေ၊ နိုင်ငံအားလုံးမှ အလုပ်သမားလူတန်းစား၏ မဟာမိတ်ဖွဲ့မှုသည် အဆုံးတနေ့တွင် စစ်ပွဲ ဆိုသည်ကို သုတ်သင်ပစ်လိမ့်မည်ဟူ၍ သူတို့လေးနက်စွာ တထစ်ချ ယုံကြည်ခံစားခဲ့ကြ ပါသည်။ တရားဝင်အစိုးရများဖြစ်ကြသည့် ပြင်သစ်နှင့် ဂျာမဏီအုပ်စိုးသူတို့က အမုန်းပွားစစ်ခင်းမှုတရပ်အတွင်းသို့ ခုန်ဆင်းတိုးဝင် နေစဉ်အတောအတွင်း ပြင်သစ်နှင့် ဂျာမဏီအလုပ်သမားတွေကတော့ ငြိမ်းချမ်းရေးပဲ့တင်သံတွေနှင့် မေတ္တာစေတနာတို့ကို အပြန်အလှန်ပို့နေခဲ့ကြခြင်းသည် တကယ့်အဖြစ်မှန်ပင် ဖြစ်ခဲ့သည်။ ဒါမျိုး အတိတ်သမိုင်းမှာ နှိုင်းယှဉ်ပြစရာ မရှိခဲ့ပါ။ နှိုင်းယှဉ်ပြစရာ မရှိသော ဤကြီးမြတ်သည့် ဖြစ်ရပ်မှန်က တောက်ပသော အနာဂတ်၏ မြင်ကွင်းကျယ်တံခါးချပ်ကို ဖွင့်လှစ်ပေးလိုက်ပါသည်။
• • • • • •
ဥရောပတိုက်သည် ဘိုနာပတ် ၂ ယောက်အတွက်ဆိုလျှင် သိပ်ပြီး ငယ်လွန်းနေသည်မို့ ဘိုနာပတ်တယောက်က သမိုင်း ဇာတ်ခုံပေါ်က ဆင်းပေးလိုက်ရပါသည်။ ဆင်းပေးလိုက်ရတဲ့ တယောက်ကတော့ လူဝီဘိုနာပတ်ပါ။ ဘစ်စ်မတ် အောင်ပွဲခံသွားခဲ့ပါ သည်။ ပရပ်ရှားဘုရင် ဝီလီယံသည် ဂျာမန်အင်ပါယာကလေး(ဩစတီးရီးယား မပါ) ကို ၁၈၇၁ ခုနှစ်မှာ ပရပ်ရှား လက်အောက် ခံအဖြစ် တည်ဆောက်ခဲ့ပါသည်။
လူဝီဘိုနာပတ်သည် ၁၈၇၀ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့တွင် သုံ့ပန်းဖြစ်ခဲ့ရပါသည်။ သူ သုံ့ပန်းဖြစ်အပြီး စက်တင် ဘာလ ၄ ရက်နေ့အရောက်တွင် ပဲရစ်တော်လှန်ရေး ပေါ်ထွက်လာခဲ့လေသည်။
ပြင်သစ်အင်ပါယာနိုင်ငံတော်သည် ကလေးများကစားသည့် သဲပုံအိမ်ကလေးပမာ ပြိုကွဲပျက်စီးသွားပြီး သမ္မတနိုင်ငံ ကို တဖန် ပြန်လည်ကြေညာရပြန်သည်။
သို့ရာတွင် ပြင်သစ်ပြည်၏ တံခါးပေါက်မှာ ရန်သူတွေ ရောက်နေပြီ။ ပရပ်ရှားသည် ခုခံစစ်ပွဲအဆင့်ကို ကျော်လွန်ပြီး ကျူးကျော်စစ် ဆင်လိုက်ပါပြီ။ စက်တင်ဘာလ ၁၉ ရက်နေ့တွင် ပဲရစ်မြို့ကို ဝိုင်းထားလိုက်ကြသည်။
ပြင်သစ်အင်ပါယာ၏ စစ်တပ်တွေကတော့ မက်ဇ်မြို့မှာ မျှော်လင့်ချက်မရှိအောင် အဝိုင်းခံခဲ့ကြရသည်။ သို့မဟုတ် လျှင်လည်း ဂျာမနီမှာ သုံ့ပန်းဖြစ်နေကြရသည်။ ဤသို့သော အရေးပေါ်အခြေအနေတွင် ယခင်ဥပဒေပြုအဖွဲ့မှ ပဲရစ်ကိုယ်စားလှယ် များကို သူတို့ဘာသာ “အမျိုးသားကာကွယ်ရေးအစိုးရ” တရပ် ဖွဲ့စည်းကြဖို့ ပြည်သူလူထုက ခွင့်ပြုပေးလိုက်ရသည်။ ထိုစဉ်အချိန် အခါနှင့် အခြေအနေများအလျောက် ကာကွယ်ရေးရည်ရွယ်ချက်အတွက် အလောသုံးဆယ် ခွင့်ပြုပေးလိုက်ရခြင်း ဖြစ်၏။ သည့် နောက်တွင်မူ လက်နက်ကိုင်နိုင်စွမ်းရှိသော ပဲရစ်မြို့သားမှန်သမျှ အမျိုးသားကာကွယ်ရေးတပ်ထဲ ဝင်ပြီး လက်နက်ကိုင်ခဲ့ရသည်။ ပဲရစ်လူထုသည် တပ်ရင်း ၁၉၄ ရင်းကို ဖွဲ့ပြီး ခုခံရေးစစ်ပွဲမှာ တက်တက်ကြွကြွ ပါဝင်ဆင်နွှဲခဲ့ကြသည်။
ထို့ကြောင့် ယခုအခါတွင် လက်နက်ကိုင်ထားသူများအတွင်း၌ အလုပ်သမားတွေက အများစု ဖြစ်နေသည်၊။ သို့ရာတွင် အချိန်ဘာမှမကြာလိုက်သေးခင် လုံးဝနီးပါး ဓနရှင်တွေဖြစ်ကြသည့်အစိုးရနှင့် လက်နက်ကိုင်ထားသောပစ္စည်းမဲ့တို့အကြား အတိုက် အခံဖြစ်မှုသည် အတိအလင်း ပဋိပက္ခအဖြစ် ပေါက်ကွဲပေါ်ထွက်လာသည်။ အကြောင်းမူကား ကာကွယ်ရေးအစိုးရသည် လူထုကို လှည့်ဖြားကာ ပရပ်ရှားတို့ကို အညံ့ခံဖို့ ကြံစည်ခဲ့ကြသည့်အတွက် ဖြစ်သည်။
ဤသည်တွင် အောက်တိုဘာလ ၃၁ ရက်နေ့မှာ ဘလန်ကွီး ခေါင်းဆောင်ပြီး “အမျိုးသားကာကွယ်ရေးအစိုးရ”ကို ပုန်ကန်ကြသည်။ အလုပ်သမားတပ်ရင်းများသည် မြို့တော်ခန်းမကို မုန်တိုင်းဆင်တိုက်ခိုက်ပြီး အစိုးရအဖွဲ့ဝင်တချို့ကို ဖမ်းဆီးလိုက် ကြသည်။ သို့ရာတွင် ဓနရှင်ပေါက်စ တပ်ရင်းတချို့က ကြားဝင်လာမှုကြောင့် ဖမ်းထားသူတွေကို ပြန်လွှတ်ပေးလိုက်ရသည်။ နိုင်ငံ ခြားတိုင်းတပါး စစ်အင်အားတရပ်၏ ဝိုင်းဝန်းခြင်းခံနေရသောမြို့တော်အတွင်းမှာ ပြည်တွင်းစစ်ဖြစ်မနေစေလိုသည့်လူ ထုကြီး၏ ဆန္ဒကြောင့် အစိုးရသည် ပိုနေမြဲ ကျားနေမြဲဆိုသလို သူ့နေရာ သူ ပြန်ရသွားသည်။
ပြည်သူလူထုက ၁၈၇၁ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ထပ်မံပုန်ကန်ခဲ့သေးသည်။ သို့ရာတွင် မအောင်မြင်ခဲ့ပါ။ နောက်ဆုံးကျတော့ ၁၈၇၁ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် အဝိုင်းခံနေရသည့်အတွက် ငတ်မွတ်ခေါင်းပါးမှု ဖြစ်နေရသော ပဲရစ် သည် ရန်သူတွေကို အလျှော့ပေးလိုက်ရသည်။ သို့ရာတွင် စစ်ပွဲသမိုင်းမှာ တခါမျှ မကြုံခဲ့ဖူးသေးသည့် ဂုဏ်ပုဒ်တွေနှင့်ပါ။
ခံကတုတ်တွေမှာ လက်နက်ချကုန်ကြသည်။ မြို့တံတိုင်းတွေမှာ သေနတ်လက်နက်များမရှိတော့။ ရှေ့တန်းက ကာ ကွယ်ရေးတပ်ရင်းကြီးများနှင့် ကာကွယ်ရေးလှုပ်ရှားတပ်များက လက်နက်တွေကို အပ်လိုက်ကြပြီး သူတို့ကိုယ်သူတို့ စစ်သုံ့ပန်း ဖြစ်သွားပြီဟု ထင်ထားလိုက်ကြသည်။
သို့ရာတွင် အလုပ်သမားများပါဝင်သော အမျိုးသားကာကွယ်ရေးတပ်က သူတို့၏ သေနတ်လက်နက်များကို တင်းတင်း ကျပ်ကျပ် ဆက်လက်ဆုပ်ကိုင်ထားပြီး အနိုင်ရသူတွေနှင့် အပစ်အခတ်ရပ်စဲရေးလောက်သာ လုပ်ခဲ့ကြလေသည်။
သည့်အတွက် အနိုင်ရသူတို့သည် ပဲရစ်မြို့တော်တွင်းသို့ အောင်ပွဲခံဖို့ ဝင်မလာရဲကြတော့။ သူတို့သည် ပဲရစ်မြို့တော် ၏ သေးငယ်လှသည့် ထောင့်နေရာလေးတခုကိုသာ သိမ်းရဲသိမ်းနိုင်ခဲ့ပါသည်။ ထိုမျှမက သည်ထောင့်ကလေးဆိုတာကလည်း အပန်း ဖြေ ပန်းခြံတွေ၏ တစိတ်တပိုင်းနေရာကလေးမျှသာပါ။ နောက်ပြီး သည်ထောင့်နေရာကလေးလောက်ကိုတောင်မှ သူတို့ ရက်နည်း နည်းလောက်ပဲ သိမ်းနိုင်ခဲ့တာပါကလား။
သည်အချိန်အတောအတွင်း ပဲရစ်မြို့ကို ၁၃၁ ရက်တိုင်တိုင် ဆက်တိုက် ဝိုင်းထားခဲ့သည့် ရန်သူတွေသည် ယခုတော့ သူတို့ကိုယ်တိုင် ပဲရစ်က လက်နက်ကိုင်အလုပ်သမားများ၏ ဝိုင်းဝန်းထားမှုကို ခံနေကြရပါပကော။ ပဲရစ်အလုပ်သမားတို့သည် နိုင်ငံခြားစစ်နိုင်သူများကို ခွင့်ပြုပေးထားသည့် ကျဉ်းမြောင်းစွာ ကန့်သတ်ထားသော ထောင့်နေရာကလေးမှနေပြီး ဘယ်‘ပရပ်ရှား’ တဦးတယောက်မျှ ရှေ့တက်မလာရအောင် မျက်ခြည်မပြတ် စောင့်ကြပ်ကြည့်ရှုနေကြလေသည်။
သူတို့ရှေ့မှောက်မှာပင် အင်ပါယာနိုင်ငံတော်၏တပ်တွေ လက်နက်ချကုန်တာ ကြုံတွေ့ခဲ့ရသော ပရပ်ရှားတပ်မတော် အတွက် ပဲရစ်အလုပ်သမားများ၏ ဒီဆောင်ရွက်ချက်သည် လေးစားဖွယ် ဖြစ်နေပါတော့သည်။ နောက်ပြီး တော်လှန်ရေး၏အိုး အိမ်ဖြစ်သော ပဲရစ်ကို လက်စားချေဖို့ ရောက်ရှိလာခဲ့ကြသည့် ပရပ်ရှားမင်းညီမင်းသားတို့မှာလည်း ဒီလက်နက်ကိုင် တော်လှန်ရေး နှင့် ဒီလက်နက်ကိုင်အလုပ်သမားတို့ကို မတ်မတ်ရပ်ပြီး အရိုအသေပေးဖို့နှင့် အမှန်တကယ် အသေအချာ အလေး ပြုဖို့ ခိုင်းစေခြင်း ခံနေရပါပကော။
စစ်ပွဲအတွင်း ပဲရစ်အလုပ်သမားတို့သည် တိုက်ပွဲကို ကြံ့ကြံ့ခိုင်ခိုင် ဆက်တိုက်သွားဖို့ ကိုယ့်ကိုယ်ကို တင်းတင်းကျပ် ကျပ် တောင်းဆိုခဲ့ကြသည်။
သို့ရာတွင် ၁၈၇၁ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့မှာပဲ “အမျိုးသားကာကွယ်ရေးအစိုးရ”သည် ပရပ်ရှားကို အညံ့ခံရေး စာချုပ် ချုပ်ဆိုခဲ့ပြီး သိုင်းယားစ်(၁၇၉၇- ၁၈၇၇) အား အစိုးရဖွဲ့စေခဲ့သည်။ သိုင်းယားစ်သည် မူလက ဘုရင်စနစ်ဂိုဏ်းသား ဝန်ကြီး တဦးဖြစ်ပြီး မီးစင်ကြည့်ကပြတတ်သူတဦးသာ။
သိုင်းယားစ်က အစိုးရ၏ အချုပ်အခြာ အာဏာပိုင်သစ်ဖြစ်လာသည့် ယခုအခါတွင် ပဲရစ်အလုပ်သမားတို့၏လက်ထဲ တွင် သေနတ်တွေ ရှိနေသမျှ မြေရှင်ကြီးများ၊ အရင်းရှင်ကြီးများ စသော ပိုင်ဆိုင်သူလူတန်းစားတို့၏ အုပ်စိုးမှုသည် အမြဲတစေ အန္တရယ်ရှိနေလိမ့်မည်ဆိုသော အချက်ကို သူ နားလည်လိုက်မိသည်။ ထို့ကြောင့် သူ၏ ပထမဦးဆုံးလုပ်ငန်းကတော့ အလုပ်သမား များကို လက်နက်ဖြုတ်ဖို့ ကြိုးပမ်းရေးပါပဲ။
သိုင်းယားစ် အစိုးရသည် ပရပ်ရှားကို နယ်မြေတချို့ ခွဲဝေပေးပြီး ပြင်သစ်ဖရန့်ငွေ ကုဋေ ၅၀၀ လျော်ကြေးပေးခဲ့သည်။ ဒီနောက်တွင်မူ အလုပ်သမားများကို နှိပ်ကွပ်ဖို့ ကြံစည်သည်။ ပြည်တွင်းစစ်အတွက် ပြင်ဆင်သည်။ သူ၏ အစိုးရကိုလည်း ဗာဆေး မြို့သို့ ရွှေ့ပြောင်းလိုက်သည်။
၁၈၇၁ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် သိုင်းယားစ်သည် ပဲရစ်မြို့သို့ တပ်များ လျှို့ဝှက်စေလွှတ်ပြီး ပြည်သူလူထု၏ အမြောက်ကြီးကို သိမ်းယူဖို့ လုပ်သည်။ ဤအမြောက်ကြီးမှာ ပြည်သူလူထုက ပဲရစ်မြို့တော် ကာကွယ်ရေးအတွက် လူထု၏ရန်ပုံငွေ နှင့် လုပ်ထားခဲ့သည့် အမြောက်ကြီး ဖြစ်သည်၊ ဤအမြောက်ကြီးကို အစိုးရက လာလုသည့်သတင်း ပဲရစ်တမြို့လုံးသို့ ပျံ့နှံ့သွားလေ ပြီ။ ဤသည်တွင် ပဲရစ်ပြည်သူလူထုတို့က ဖောက်ပြန်ရေးစစ်တပ်အား ဝိုင်းထားလိုက်ပြီး တပ်မှူးများကို ဖမ်းဆီးထားလိုက်သည်။ ပဲရစ်သည် တသွေးတည်း တသားတည်း စည်းလုံးလာမိပြီ။
ဤနေ့တွင်ပင် ပဲရစ်ပစ္စည်းမဲ့တို့သည် “အမျိုးသားကာကွယ်ရေးတပ် ကော်မတီ” ကို ထူထောင်ခဲ့ပြီး ဒီမိုကရေစီ ဆိုရှယ်လစ်သမ္မတနိုင်ငံ ထူထောင်ရန် ဆော်aေဩာလိုက်သည်။ ဒီကော်မတီအပေါ် မာ့က်စ်က တန်ဖိုးထားပြီး အကဲဖြတ်ခဲ့သည်။ “အမျိုးသားကာကွယ်ရေးတပ် ကော်မတီသည် တိုက်ခိုက်ရေးတပ်များထဲက ရွေးချယ်ထားသော ဗဟိုကော်မတီ ၂၀ ဦးနှင့် ဖွဲ့စည်းခဲ့ ပြီး ၎င်းသည် မတ်လ ၁၈ ရက်နေ့တွင် ထွန်းညှိခဲ့သော၊ ဤရာစုနှစ်တွင် အကြီးမြတ်ဆုံးသော တော်လှန်ရေးတရပ်ကို ဖြစ်ပေါ်စေခဲ့ သည်”ဟူ၍ ရေးသားခဲ့ပါသည်။
မတ်လ ၁၈ ရက်နေ့တွင် အမျိုးသားကာကွယ်ရေးတပ်ကော်မတီသည် ပုန်ကန်မှုကို စတင်လိုက်သည်။ ဗာဆေးမှာ ရုံးစိုက်ထားသည့် ပြင်သစ်အစိုးရနှင့် ပဲရစ်မြို့တော် အလုပ်သမားထုတို့ စစ်ကြေညာလိုက်ပါပြီ။
အမျိုးသား ကာကွယ်ရေးတပ်သည် အမှတ် ၅ ရပ်ကွက်၊ အမှတ် ၁၃ ရပ်ကွက်တို့တွင် ကတုတ်များ လုပ်ပြီး တပ်စွဲခဲ့ သည်။ အမှတ် ၁၅၅ တပ်ရင်းနှင့် အမှတ် ၂၂၂ တပ်ရင်းတို့သည် တခြားတပ်ရင်း ၆ ခုတို့နှင့် ပူးပေါင်းကာ အမှတ် ၇ ရပ်ကွက်၊ အမှတ်၁၈ ရပ်ကွက်နှင့် မြို့မရပ်ကွက်တို့ကို သိမ်းပိုက်လိုက်သည်။ ပဲရစ်မြို့တော်ခန်းမတွင်လည်း ပစ္စည်းမဲ့တော်လှန်ရေးအလံတော် ကို စိုက်ထူလိုက်ပါပြီ။
သိုင်းယားစ်သည် ပဲရစ်မြို့က လုံးဝထွက်ပြေးပြီး ဗာဆေးမြို့မှာပဲ အခြေချတော့သည်။ စစ်ရဲများ၊ ပုလိပ်များတို့သည် လည်း ပဲရစ်မြို့မှ ထွက်ပြေးတိမ်းရှောင်ပြီး အခွင့်ကောင်းကို စောင့်ဆိုင်းနေကြလေသည်။
အမျိုးသားကာကွယ်ရေးကော်မတီက “ပဲရစ်ဘုံအဖွဲ့”ကို ဖွဲ့စည်းဖို့ လုံးပန်းသည်။ ၁၈၇၁ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့ တွင် ရွေးကောက်ပွဲကျင်းပပြီး မတ်လ ၂၈ ရက်နေ့မှာ ဘုံအဖွဲ့ ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။ ဘုံအဖွဲ့ကော်မတီ ၈၆ ဦး ရွေးချယ်ခဲ့လေသည်။ ထိုစဉ်က အစိုးရအဖွဲ့ ဆက်လက်ရှိနေသေးသော အမျိုးသားကာကွယ်ရေးအဖွဲ့၏ ဓနရှင်ဗဟိုကော်မတီ ၂၁ ဦးသည်လည်း သူတို့၏ နုတ်ထွက်စာကို ပဲရစ်ဘုံအဖွဲ့ထံ ပေးအပ်လိုက်သည်။
ဘုံအဖွဲ့က ပထမဆုံး ထုတ်ပြန်လိုက်သော အမိန့်မှာ နာမည်ပျက်လွန်းလှသော ပဲရစ် စာရိတ္တထိန်းသိမ်းရေး ပုလိပ် အဖွဲ့ကို ဖျက်သိမ်းလိုက်ကြောင်း ကြေညာခြင်းပင် ဖြစ်၏။
ဤ မတ်လ ၂၈ ရက်နေ့မှာပဲ မြို့တော်ခန်းမမှာ ပစ္စည်းမဲ့ အစိုးရ ဖွဲ့စည်းလိုက်ကြောင်း ကြေညာသည်။ (ယနေ့ ထက်တိုင် ဤနေ့မှာ လူထုအ အထိမ်းအမှတ်ပွဲများ ပြုလုပ်ကျင်းပနေကြဆဲပါ။)
ဘုံအဖွဲ့၏ အောက်အဆင့်တွင် ကော်မတီ ၁၀ ခု ဖွဲ့စည်းခဲ့ကြပါသည်။ ၎င်းတို့မှာæ
၁။ အလုပ်အမှုဆောင်ကော်မတီ
၂။ ဘဏ္ဍာရေးကော်မတီ
၃။ စစ်ရေးကော်မတီ
၄။ တရားစီရင်ရေးကော်မတီ
၅။ လုံခြုံရေးကော်မတီ
၆။ ရိက္ခာကော်မတီ
၇။ လုပ်အားကော်မတီ
၈။ ရောင်းဝယ်ဖလှယ်ရေးကော်မတီ
၉။ ပြည်ပဆက်သွယ်ရေးကော်မတီနှင့်
၁၀။ လူ့အဖွဲ့အစည်း အလုပ်အကျွေးပြုရေးနှင့် ပညာရေးကော်မတီ
တို့ ဖြစ်ကြပါသည်။
ကော်မတီတခုမှာ အဖွဲ့ဝင် ၅ ယောက်မှ ၈ ယောက်အထိ ပါဝင်ကြသည်။ ဘုံအဖွဲ့ကော်မတီဝင်များသည် ကော်မတီခွဲ များမှာ တွဲဘက်တာဝန်ယူကြပြီး စုပေါင်းခေါင်းဆောင်မှုနှင့် ဆောင်ရွက်ကြသည်။ အမိန့်များသည် စုပေါင်းခေါင်းဆောင်မှုအရ ပေါ်ထွက်လာခြင်း ဖြစ်ပြီး ဗျူရိုကရေစီကို ဖျက်သိမ်းခဲ့ပါသည်။ ထို့ကြောင့် လီနင်က “အရင်းရှင်များ၏ ဒီမိုကရေစီသည် ပစ္စည်းမဲ့များ
၏ ဒီမိုကရေစီအဖြစ် ပြောင်းလဲသွားခဲ့သည်”ဟု သုံးသပ်ခဲ့ခြင်း ဖြစ်သည်။
ဘုံအဖွဲ့ဝင်တချို့သည် လန်ဒန်မှာ ရှိနေသော ကားလ်မာ့က်စ်နှင့် ဆက်သွယ်ပြီး ညွှန်ကြားချက်များ တောင်းခံခဲ့ကြ သည်။ (ဘုံအဖွဲ့ဝင် ကိုယ်စားလှယ်သည် လန်ဒန်သို့ မေလ ၇ ရက်နေ့မှ ၁၂ ရက်နေ့အထိ သွားရောက်ပြီး မာ့က်စ်နှင့် တွေ့ဆုံခဲ့သည်။) သို့ရာတွင် မာ့က်စ်၏ ညွှန်ကြားချက်တချို့ကို မလုပ်ဆောင်နိုင်ခဲ့ကြပါ။ ဥပမာ....
၁။ ဘုံအဖွဲ့အတွင်းရှိ စိတ်မချရသူတချို့အား ဖယ်ရှားရေး
၂။ ဘုံအဖွဲ့က ဒေသအသီးသီးသို့ ဆက်သွယ်စည်းရုံးရေး
၃။ ဘုံအဖွဲ့အနေဖြင့် သိုင်းယားစ်နှင့် ဘစ်စ်မတ် အချိတ်အဆက်လုပ်မှုကို သတိထားရေး
(မာ့က်စ်က ဘစ်စ်မတ်နှင့် သိုင်းယားစ် တို့၏ လျှို့ဝှက်ဆက်သွယ်မှုကို ဘုံအဖွဲ့ထံ အကြောင်းကြားခဲ့ရုံမျှမက လန်ဒန်တွင်လည်း ကြေညာချက်တခုကို ထုတ်ပြန်ခဲ့သေးသည်။)
၄။ ပဲရစ်မြို့ မြောက်ဘက်ခြမ်းအား ကာကွယ်ရေးအတွက် အားဖြည့်ထားရေး
၅။ ဗာဆေးအစိုးရတပ်များက ပရပ်ရှားတို့ ဝိုင်းရံခဲ့ဖူးသည့် ဘက်မှနေ၍ အလစ်အငိုက် တိုက်ခိုက်လာနိုင်သည် ကို သတိထားရေး
တိူ့ ဖြစ်သည်။
ဘုံအဖွဲ့သည် မတ်လ ၃၀ ရက်နေ့တွင် အဓမ္မ စစ်မှုထမ်းစနစ်နှင့် အမြဲတမ်းတပ်မတော် ဆိုသည်တို့ကို ဖျက်သိမ်းလိုက် ပြီး လက်နက်ကိုင်နိုင်စွမ်းရှိသူ မြို့တော်သားတိုင်း စာရင်းသွင်းဝင်ရောက်နိုင်သည့် အမျိုးသားကာကွယ်ရေးတပ်သာလျှင် တခုတည်း သော လက်နက်ကိုင်အင်အားဖြစ်ကြောင်း ကြေညာခဲ့သည်။ ၁၉၇၀ ခုနှစ်၊ အောက်တိုဘာလမှ ဧပြီလမတိုင်မီအချိန်အတွင်း အိမ်လခပေးချေစရာလိုသော ငွေများ မပေးချေတော့ရန် လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ပြီး အကယ်၍ ပေးချေပြီးဖြစ်နေပါက နောင် အတွက် အိမ်လခ ကြိုတင်ငွေပေးချေပြီးသား ဖြစ်သည်-ဟု စာရင်းသွင်းသတ်မှတ်လိုက်သည်။ တော်လှန်ရေးကြောင့် ထွက်ပြေး သွားကြသူများ၏ အိမ်များ၊ ဟော်တယ်များကို ဖရန့်ငွေ ၂၀ အောက် ငှားရမ်းခငွေများကို ပေးစရာမလိုဟု သတ်မှတ် လိုက်သည်။ အိမ်ညံ့မှာ ငှားနေရသူတွေ အခကြေးငွေပေးစရာမလို ဟု သတ်မှတ်လိုက်သည့်သဘောပါ။ မြူနီစီပယ်ငွေချေးဌာနက အပေါင်ဆုံး ပစ္စည်းတွေ ရောင်းချမှုအားလုံးကိုလည်း တားမြစ်လိုက်သည်။
အဲဒီနေ့မှာပဲ ဘုံအဖွဲ့အတွက် ရွေးကောက်တင်မြှောက်လိုက်တဲ့ ပြင်သစ်နိုင်ငံသားမဟုတ်သူ နိုင်ငံခြားသားတွေကို တရားဝင်လက်ခံအတည်ပြုကြောင်း ကြေညာလိုက်သည်၊ ဘာလို့လဲဆိုတော့ “ဘုံအဖွဲ့ရဲ့ အလံတော်ဟာ ကမ္ဘာ့သမ္မတနိုင်ငံရဲ့ အလံတော် ဖြစ်လို့ပါ”ပဲတဲ့။ ဟန်ဂေရီနှင့် ပိုလန်မှ တော်လှန်ရေးသမားတချို့ ဘုံအဖွဲ့ဝင်များ ဖြစ်ခဲ့ကြသည်။
ဧပြီလ ၁ ရက်နေ့တွင် ဘုံအဖွဲ့ဝင် အမှုထမ်း မည်သူမဆို ၎င်းတို့ရရှိကြမည့် အမြင့်ဆုံးလစာကို သတ်မှတ်ပေးခဲ့သည်။ ထို့ကြောင့် ဘုံအဖွဲ့ဝင်တွေကိုယ်တိုင်၏ အမြင့်ဆုံးလစာသည် ဖရန့်ငွေ ၆၀၀၀၊ (မတ်ငွေ ၄၈၀၀) ထက် မကျော်လွန်ပေ။ ကော် မတီဝင်တို့၏လစာကို အလုပ်သမား အလတ်လွှာအဆင့်ထက် မကျော်လွန်အောင် သတ်မှတ်ခြင်း ဖြစ်သည်။
သူတို့ဖမ်းဆီးမိထားသည့် ဘုံအဖွဲ့၏ တပ်သားတွေကို ဗာဆေးအစိုးရတပ်များက နေ့စဉ်နှင့်အမျှ သတ်ပစ်နေမှုအတွက် လက်တုံ့ပြန်သည့်အနေဖြင့် ဓားစာခံတွေ ဖမ်းဆီးခေါ်ဆောင်ပြီး ထောင်ချဖို့ဆိုသော အမိန့်တရပ် ထုတ်ပြန်ခဲ့သေးသော်လည်း ဘယ်တုန်းကမှ အကောင်အထည် မဖော်ခဲ့ပါ။
ဧပြီလ ၆ ရက်နေ့တွင် အမျိုးသားကာကွယ်ရေးတပ်၏ တပ်ရင်း ၁၃၇ က ခေါင်းဖြတ်စက်ကြီးကို သယ်ထုတ်လာသည်။ ပျော်ရွှင်စွာ လက်ခုပ်ဩဘာပေးနေကြသော လူထုပရိသတ်ကြီးအလယ်မှာပဲ ခေါင်းဖြတ်စက်ကြီးကို လူထုက မီးရှို့ပွဲလုပ်ခဲ့ကြသည်။ ၁၈၀၉ ခုနှစ် စစ်ပွဲအပြီး ပထမ နပိုလီယံသိမ်းယူလာခဲ့သည့် လက်နက်များကို အရည်ကြိုသွန်းလောင်းကာ ထူဆောက် ခဲ့သော ဗန်ဒုန် Vendome ရင်ပြင်က အောင်ပွဲအထိမ်းအမှတ်ကျောက်တိုင်ကြီးသည် အမျိုးသားရှော်ဗင်ဝါဒ အမှတ်လက္ခဏာနှင့် အမျိုးသားအမုန်းပွားမှုကို လှုံ့ဆော်နေသည်ဖြစ်ရာ ဖြိုလှဲပစ်သင့်သည်ဟု ဘုံအဖွဲ့က ဧပြီ ၁၂ ရက်နေ့မှာ ဆုံးဖြတ်ခဲ့သည်။ ဒါကို အကောင်အထည်ဖော်တာကတော့ မေလ ၁၆ ရက်နေ့မှာပါ။
ဧပြီလ ၁၆ ရက်နေ့တွင် ပိုင်ရှင်တွေက ပိတ်ပြီး ပစ်ပြေးသွားခဲ့ကြသည့် အလုပ်ရုံ၊ စက်ရုံတွေ၏ စာရင်းဇယားတခုကို ထုတ်ပြန်သည်။ ဒီစက်ရုံမှာ ယခင်က အလုပ်လုပ်ခဲ့ဖူးသူ အလုပ်သမားဟောင်းတွေက ဒီစက်ရုံပြန်လည် လည်ပတ်ရေးကို စီမံကိန်း ရေးဆွဲပြီး အကောင်အထည်ဖော်သွားကြဖို့။ ဒီအလုပ်သမားတွေ ပါဝင်ပြီး သမဝါယမအဖွဲ့တွေ ဖွဲ့ကြဖို့နှင့် ဒီသမဝါယမအဖွဲ့ တွေကို သမဂ္ဂကြီးတခုအဖြစ် ပေါင်းစည်းရေးစီမံကိန်းလည်း ထားရှိဖို့æစသည့်အမိန့်များ ထုတ်ခဲ့သည်။ စက်ရုံအလုပ်ရုံ ပိုင်ရှင်တွေ ပြန်လာခဲ့ လျှင်တော့ စက်ရုံကို သိမ်းမြဲသိမ်းထားပေမယ့် လျော်ကြေး ပြန်ပေးခဲ့ပါသည်။
ဧပြီလ ၂၀ ရက်နေ့တွင် ပေါင်မုန့်အလုပ်ရုံများက မုန့်ဖုတ်အလုပ်သမားတွေ ညဆိုင်းအလုပ်ဆင်းရခြင်းကို ပိတ်ပင်လိုက် သည်။
လုပ်အားသွေးစုပ်မှုပြုရာတွင် နံပါတ်(၁) ပထမတန်းစားဖြစ်တွေ ဖြစ်ပြီး ပုလိပ်က ခန့်ထားသည့် သတ္တဝါအကောင် ဆိုးတွေ၏ လက်ဝါးကြီးအုပ်ထားရာနေရာ ဖြစ်နေသော၊ ဒုတိယအင်ပါယာနိုင်ငံတော်၏ လက်ထက်ကစပြီး တလျှောက်လုံး တည်ရှိ လာခဲ့သော အလုပ်ခန့်ထားရေးရုံးများကိုလည်း ပိတ်ပစ်လိုက်ပါသည်။
ဧပြီလ ၃၀ ရက်နေ့တွင် အပေါင်ဆိုင်များကို ပိတ်ပစ်ဖို့ အမိန့်ထုတ်လိုက်သည်။ ဒီအပေါင်ဆိုင်တွေဆိုသည်မှာ အလုပ် သမားတွေအပေါ် သီးခြားသွေးစုပ်သည့် သဏ္ဌာန်တခုအပေါ် အခြေခံထားတာပါ။ နောက်ပြီး အလုပ်ကိရိယာဆိုင်ရာနှင့် ချေးငွေဆိုင် ရာဘက်တွင် စက်ရုံတွင်း အလုပ်သမားများ ခံစားရပိုင်ခွင့်နှင့် ပဋိပက္ခဖြစ်နေသော ဆိုင်တွေပါ။
။ ကျောင်းလခ လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်း၊ ကလေးထိန်းရုံများ တည်ထောင်ခြင်း၊ စာသင်ကျောင်းနှင့် တော်လှန်ရေး တွဲစပ်ပေးခြင်းများ လုပ်ခဲ့သကဲ့သို့ အနုပညာပြခန်းများ၊ သမိုင်းပြခန်းများလည်း တည်ထောင်ပေးခဲ့သည်။
ဤသို့ဖြင့် နိုင်ငံခြားကျူးကျော်နေသူတွေကို တိုက်ခိုက်နေခဲ့ရသည့်အတွက် နောက်တန်းရောက်နေခဲ့ရသော ပဲရစ် အရေးတော်ပုံ၏ လူတန်းစားလက္ခဏာသည် မတ်လ ၁၈ ရက်နေ့ကစပြီး ထက်မြက်ပြတ်သားစွာ ပြန်လည်ပေါ်လွင်လာသည်။ ဘုံအဖွဲ့ဝင်များသည် အားလုံးနီးပါး အလုပ်သမားတွေချည်း ဖြစ်ကြတဲ့အတွက် (သို့မဟုတ်) တရားဝင်အလုပ်သမားကိုယ်စား လှယ်များ ပါနေကြသည့်အတွက် ဘုံအဖွဲ့၏ ဆုံးဖြတ်ချက်များသည် ပစ္စည်းမဲ့လူတန်းစားလက္ခဏာ ပြက်ပြက်ထင်ထင် ပေါ်နေသည်။ ဓနရှင်သမ္မတစနစ်ဂိုဏ်းသားတွေ သူရဲဘောကြောင်ပြီး မလုပ်ရဲခဲ့သည့် လိုအပ်သော ပြုပြင်ပြောင်းလဲရေးများကို လုပ် ရာမှာ ဖြစ်စေ၊ အလုပ်သမားလူတန်းစား လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ဖို့ လိုအပ်သော အခြေခံပြုပြင်ပြောင်းလဲရေးများ လုပ်ရာ မှာဖြစ်စေ အလုပ်သမားလူတန်းစား၏လက္ခဏာ ပေါ်လွင်ခဲ့သည်။
အလုပ်သမားလူတန်းစားအတွက် တိုက်ရိုက်အကျိုးရှိစေပြိး အခြားတဖက်တွင်လည်း လူ့အဖွဲ့အစည်း၏ စနစ်ဟောင်း ကို စူးစူးနစ်နစ် ထိုးခွင်းလိုက်သော အမိန့်များကို ဘုံအဖွဲ့က ထုတ်ပြန်ရာတွင်လည်း အလုပ်သမားလူတန်းစား လက္ခဏာ ပေါ်လွင် ခဲ့ပါသည်။ သို့ရာတွင် ရန်သူအဝိုင်းခံနေရသည့် မြို့တမြို့အတွင်းမှာ ဒီအမိန့်များ အားလုံးကို အကောင်အထည်ဖော်ဖို့ဆိုလျှင် အလွန်ဆုံး အစပြုရုံလောက်သာ ဖြစ်နိုင်ပါလိမ့်မည်။ နောက်ပြီး မေလ အစောပိုင်းမှ စတင်ကာ ဗာဆေးအစိုးရက စုစည်း ပို့ဆောင်လာခဲ့လို့ တနေ့တခြား အရေအတွက် တိုးများလာနေသော သိုင်းယားစ်၏ အစိုးရတပ်တွေကို တိုက်ခိုက်နေရ သည့်ဘက် မှာ အလုပ်သမားများနှင့် တော်လှန်သော လူထု၏အင်အားတွေကို ပုံအောပြိး သုံးစွဲနေရပါသေးသည်။
ဧပြီလ ၂၅ ရက်နေ့တွင် ဘုံအဖွဲ့သည် ရောင်နီတော်လှန်ရေးအမိန့်တချို့ကို ထုတ်ပြန်ခဲ့ပြီး ဖောက်ပြန်ရေးသတင်းစာ ၃၀ ကို ပိတ်ပစ်ခြင်း၊ တန်ပြန်တော်လှန်ရေးသမား ၂၆၀ ကို ဖမ်းဆီးရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ မေလ ၁ ရက်နေ့ တွင်လည်း လုံခြုံရေးကော်မတီတရပ်ဖွဲ့ပြီး စစ်ရေးနှင့် လုံခြုံရေးအတွက် တာဝန်ပေးခဲ့ပါသည်။ သို့ရာတွင် လက်တွေ့မှာ ပြတ်သားမှု မလုံလောက်ခဲ့ပါ။
ဧပြီလ ၇ ရက်နေ့တွင် ဗာဆေးတပ်များက ပဲရစ်မြို့ အနောက်ဘက်ခြမ်း စစ်မျက်နှာမှာ ရှိသည့် နျူးယီလီမြို့က ဆိန်းမြစ် ကူး ကူးတို့ဆိပ်ကို သိမ်းပိုက်လိုက်ကြသည်။ တဖက်မှာကျတော့ တောင်ဘက်ခြမ်းစစ်မျက်နှာကို တိုက်ခိုက်ရာမှာ ဗိုလ်ချုပ်ယူဒီ၏ တွန်းလှန်တိုက်ခိုက်မှုကြောင့် ၁၁ ရက်နေ့မှာ အစိုးရတပ်များ အထိနာပြီး ပြန်ဆုတ်သွားခဲ့ကြသည်။
ပဲရစ်မြို့သည် ဗုံးတွေနှင့် တရစပ် တိုက်ခိုက်ခြင်းကို ခံနေရသည်။ ဒါတင်မက ဒီမြို့တော်ကိုပဲ ပရပ်ရှားလူမျိုးတွေ ဗုံးနှင့် တိုက်ခိုက်ခဲ့စဉ်က ‘အမျိုးသား ရိုးရာ အမွေအနှစ်တွေကို ဖျက်ဆီးပြီး စော်ကားနေကြတာပဲ’ဟု နာကြည်းခဲ့ကြ သူတွေကိုယ်တိုင် က ယခုတော့ ပဲရစ်မြို့ကို ဗုံးထုတိုက်ခိုက်နေကြပါပကောလား။ ဒီလူတွေပါပဲ၊ ယခုအခါကျတော့ သူတို့ ပဲရစ်ကို ပြန်သိမ်းနိုင် ဖို့ဆိုသည့် ရည်ရွယ်ချက်ဖြင့် ဆီဒန်နှင့် မက်ဇ်မြို့တွေမှာ စစ်အကျဉ်းသားများ ဖြစ်နေကြသည့် ပြင်သစ်စစ်သားတွေကို အမြန်ပြန် လွှတ်ပေးဖို့ ပရပ်ရှားအစိုးရကို တောင်းပန်နေကြပြန်သည်။
မေလ ၁၀ ရက်နေ့တွင် သိုင်းယားစ်နှင့်ဘစ်စ်မတ်တို့ စာချုပ် ချုပ်ဆိုပြီး ပြင်သစ်အစိုးရက ဘစ်စ်မတ်၏ အကူအညီကို ရယူခဲ့သည်။ ဘစ်စ်မတ်က ပြင်သစ် သုံ့ပန်း ၁၀၀˜ ၀၀၀ ပြန်လွှတ်ပေးခဲ့ခြင်း၊ ပဲရစ်ကို ထိုးစစ်လုပ်ရန် စစ်နေရာပေးပြီး မြောက်ဘက်မှ ထိုးစေခြင်းများ ပြုလုပ်ပေးခဲ့ပါသည်။ မေလ အစပိုင်း ရက်များကစပြီး တဖွဲဖွဲ ရောက်ရှိလာနေသည့် ဒီစစ်တပ်တွေကြောင့် ဗာဆေး အစိုးရ၏ စစ်အင်အားသည် သိသိသာသာ အသာစီးရသွားခဲ့သည်။
ဘုံအဖွဲ့တွင် ၂ ကြိမ်တိုင် ရွေးကောက်ခြင်း ခံရပြီး ၎င်းအချိန်ကျတော့ ‘ကလဲယားဗောက်စ်’မှာ အကျဉ်းသား ဖြစ်နေရ သော “ဘလန်ကွီး” တယောက် ပြန်ရဖို့အတွက် ဘုံအဖွဲ့က ဖမ်းဆီးထားသော ပဲရစ်ဂိုဏ်းချုပ်ဘုန်းတော်ကြီးနှင့် တခြား ဓားစာခံ ဘုန်းတော်ကြီးတွေအားလုံး ပြန်လွှတ်ပေးမည်ဆေိုပြီး အလဲအလှယ် စေ့စပ်ဆွေးနွေးပွဲတခု လုပ်ခဲ့သည်။ သို့ရာတွင် သူတို့ဘက်က စစ်အင်အား အသာစီးရလာသောအခါတွင် သိုင်းယားစ်က လေသံပြောင်းပြီး စေ့စပ်ဆွေးနွေးပွဲကို ဖျက်သိမ်းပစ်လိုက်သည်။ ယခင်တုန်းကဆိုလျှင် ဟိုလိုလို ဒီလိုလိုလုပ်ပြီး အချိန်ဆွဲတတ်သည့် သိုင်းယားစ်သည် ယခုတော့ လေသံပြောင်းသွားရုံမက မောက်မာလာသည်။ ခြိမ်းခြောက်တတ်လာသည်။ ရက်စက်လာသည်။
ပဲရစ်မြို့ မြို့တွင်းတွင်လည်း တန်ပြန်တော်လှန်ရေးလုပ်ကြံမှုများ အဆက်မပြတ်ပေါ်ပေါက်ခဲ့ပြီး ပြင်သစ်ဘဏ်ကို အခြေ ပြုကာ ကောလာဟလသတင်းများ ထုတ်လွှင့်ခြင်း၊ လုပ်ကြံသတ်ဖြတ်မှုတွေ လုပ်ခြင်း၊ အပြင်သို့ သတင်းပို့ခြင်း စသည်တို့ လုပ်လာ ကြသည့်အတွက် ပဲရစ်ဘုံအဖွဲ့မှာ အတွင်းနှင့်အပြင် ညှပ်တိုက်ခြင်းကို ခံနေရလေသည်။
ဗာဆေးတပ်တွေက တောင်ဘက်စစ်မျက်နှာမှာ ရှိသည့် မော်လင်း-ဆာကွက် ခံတပ်ငယ်ကို မေလ ၃ ရက်နေ့မှာ သိမ်းသည်။ ၉ ရက်နေ့ကျတော့ အမြောက်သေနတ်များနှင့် ပစ်ထုတိုက်ခိုက်မှုကြောင့် လုံးဝသုံးမရအောင် ပျက်စီးသွားသော အစ္စီ ခံတပ်ကို သိမ်းသည်။ ဗန်ဗီခံတပ်ကိုတော့ ၁၄ ရက်နေ့ကျမှ သိမ်းမိသည်။
သို့ရာတွင် ပဲရစ်အလုပ်သမားလူတန်းစား၏ ရဲရင့်မှုသည်ကား အံ့မခန်းပေတည်း။ တအိမ်သားလုံး အိမ်ထောင်စု လိုက် အိမ်ထောင်စုလိုက် အသေခံတိုက်ပွဲဝင်သွားကြသော စံနမူနာ အများအပြား ရှိခဲ့သည်။ ၁၄ နှစ်သားအရွယ် အလုပ်သမား ကလေးတယောက် ခံကတုတ်တက်စဉ် ကျဆုံးသွားလေသည်။ သည်အခါ အကိုဖြစ်သူက ညီ၏အလောင်းကို ပိုက်ပြီး ခံကတုတ်ကို ဆက်လက်တိုက်ခိုက်ပြန်သည်။ သူတို့ ၂ ဦးစလုံး ကျဆုံးသွားသည့်အခါ ဖခင်ဖြစ်သူသည်လည်း မလျှော့တမ်းဇွနဘဲဖြင့် ရေကုန် ရေခန်း ဆက်လက်တိုက်ပွဲဝင်ပြန်သည်။ သူလည်း အသက်စွန့်သွားခဲ့ရပြန်သည်။ ယင်းကဲ့သို့ မိသားစုလိုက် အသေခံပြီး တိုက်ပွဲဝင် ခဲ့ကြသော အလုပ်သမား လူတန်းစားပါ။
တော်လှန်ရေးစံနမူနာများမှာ ထိုမျှသာ မကသေးပါ။ အမြောက်တင်သင်္ဘောက တော်လှန်ရေးသမားများကလည်း အ မြောက်တင်သင်္ဘော ပျက်စီးသွားပြီး နောက်ဆုံတယောက်တည်း ကျန်တော့သည့်အချိန်အထိ အနိုင်မခံ အရှုံးမပေး၊ အလံမလှဲဘဲ တိုက်ပွဲဝင်သွားခြင်းဖြင့် တော်လှန်ရေးသူရသတ္တိကို ပြသခဲ့ကြလေသည်။
အမျိုးသမီးများသည်လည်း နောက်ပိုင်းတာဝန်တွေ ထမ်းဆောင်ရုံမျှ ဖြစ်သည်ကို သူတို့မကျေနပ်နိုင်ကြပါ။ ထို့ကြောင့် သူတို့က တောင်းဆိုကာ ရှေ့တန်းအထိ ထွက်တိုက်ပြီး တိုက်ပွဲဝင်ရင်း အသက်ကို ပေးဆပ်ခြင်းဖြင့် အမျိုးသမီးများသွေးသည်လည်း နီရဲကြောင်း ပြသခဲ့ကြပါသည်။
အစိုးရတပ်များသည် အနောက်ဘက်စစ်မျက်နှာမှာကျတော့ အဓိက ခံစစ်ကြောင်းကို မရောက်သေးမီ မြို့တံတိုင်းဆီ အထိ တောက်လျှောက်ရှိနေကြသော များပြားလှသည့် ကျေးလက်တောရွာတွေ၊ အဆောက်အအုံတွေကို သိမ်းရင်း တရွေ့ရွေ့ ချီတက်လာကြသည်။ ၂၁ ရက်နေ့အရောက်တွင် ၎င်းနေရာမှာ တပ်စွဲထားသော အမျိုးသားကာကွယ်ရေးတပ်တချို့၏ သစ္စာဖောက် မှုနှင့် ပေါ့လျော့မှုတို့ကြောင့် အစိုးရတပ်များ မြို့တွင်းသို့ ထိုးဖောက်ဝင်နိုင်ခဲ့ကြသည်။
မြောက်ဘက်နှင့် အရှေ့ဘက်စစ်မျက်နှာတွေမှာကျတော့ မြို့ကို ဝိုင်းရံထားသော ပရပ်ရှားတပ်တွေ ရှိနေသည်။ သူတို့နှင့် ပဲရစ်ဘုံအဖွဲ့တို့က အပစ်အခတ်ရပ်စဲရေး လုပ်ထားခဲ့ကြသည်။ ဤအခြေအနေအောက်တွင် ပရပ်ရှားတို့က သူတို့ကို ကန့်သတ်ခွင့်ပြုပေးထားသည့် မြို့၏မြောက်ဘက်နေရာမှနေပြီး ဗာဆေးပြင်သစ်အစိုးရတပ်တွေကို ဖြတ်သန်းခွင့်ပြုလိုက်သည်။ ပရပ်ရှားတပ်များက ကတိမတည် သစ္စာဖျက်လိုက်ကြခြင်းဖြစ်သည်။ ဤနည်းဖြင့် ပြင်သစ်အစိုးရတပ်များ ရှေ့သို့ချီတက်လာနိုင်ကြ သည်။ ပဲရစ်သားတွေက အစိုးရတပ်များ သူတို့ဘက်ဆီ ဝင်မလာနိုင်ဟု သဘာဝကျစွာ ထင်ထားခဲ့သည်။ ထို့ကြောင့် လျော့ရဲရဲ တပ်စွဲထားသော ကျယ်ပြန့်သည့် စစ်မျက်နှာကို အစိုးရတပ်များက ဝင်တိုက်ကြတော့သည်။ ဤသည်၏ ရလဒ်အဖြစ် စည်းစိမ်ရှင် များပမာ စိတ်ချလက်ချနှင့် စစ်ရေးသတိ ကင်းလွတ်နေသော မြို့၏အနောက်ဘက်ခြမ်းသည် မဖြစ်စလောက်သာ ခုခံတိုက်ခိုက် နိုင်တော့သည်။
အလုပ်သမားများ တာဝန်ယူထားသည့် မြို့၏အရှေ့ဘက်စစ်မျက်နှာတွင်မူ တက်လာသည့် အစိုးရတပ်များသည် မြို့နှင့် ပိုနီးလာလေလေæပိုပြီး ပြင်းထန်၊ ပိုပြီး ကြံ့ခိုင်သော ခုခံမှုနှင့် တိုးရလေလေ ဖြစ်နေတော့သည်။
ရှစ်ရက်အကြာ တိုက်ပွဲအပြီးတွင်မူ ဘုံအဖွဲ့၏ နောက်ဆုံးကျန်နေသော တိုက်ခိုက်ရေးသမားများသည် ဘယ်လီဗီးလ် နှင့် မင်နီမွန်တင့် ကုန်းစောင်းတွင် အားမတန် မာန်လျှော့လိုက်ရပါတော့သည်။ သည့်နောက်တွင်မူကား ခုခံနိုင်စွမ်းမရှိတော့သည့် ယောက်ျm;၊ မိန်းမသားနှင့် ကလေးငယ်များကို ရက်စက်စွာ သတ်ဖြတ်ခဲ့ကြသော လူသတ်ပွဲကြီးတွေပါ။ ရက်သတ္တတပတ်လုံးလုံး တိုးတိုးပြီး သတ်လာလိုက်သည်မှာ မီးကုန်ယမ်းကုန်æကမ်းကုန်သည်အထိပါပဲ။ ကျည်ထိုးသမားသည်လည်း အလျဉ်မီအောင် ကျည် ထိုးမပေးနိုင်တော့။ လူတွေ ရာနှင့်ချီပြီး ရှိနေတာကို စက်သေနတ်နှင့် ဆွဲပစ်မှ အလျဉ်မီအောင် သတ်နိုင်ပါတော့သည်။
လူထုကို အပြီးသတ်နောက်ဆုံး သတ်ဖြတ်ခဲ့သည့်နေရာကတော့ ပယ်ရီလာချိုက်သုသာန်ရှိ “ဖက်ဒရယ်တံတိုင်း” တွင် ဖြစ်သည်။ ဤတံတိုင်းသည် ယနေ့အထိ တည်ရှိနေဆဲပါ။ ဤတံတိုင်းသည် စကားမဆိုတတ်သည့် သက်မဲ့ဖြစ်နေသော်ငြား လည်း...အလုပ်သမားလူတန်းစားက သူ့အခွင့်အရေးအတွက် ထကြွရဲလာသည်နှင့် တပြိုင်နက် အုပ်စိုးသူလူတန်းစားသည် ရူးသွပ် မတတ် ရက်စက်သွားတတ်ကြောင်း ထုတ်ဖော်ပြောကြားနေသော သက်သေသာဓက အထိမ်းအမှတ်တခုပါ။
ဤသို့သော သတ်ပုံသတ်နည်းဖြင့် လူတွေကို နိုင်အောင် မသတ်နိုင်ကြောင်း ထင်ရှားလာသည့်အခါတွင် သူတို့သည် လူတွေကို အစုလိုက် အပြုံလိုက်ဖမ်း၊ သည့်နောက် ဖမ်းထားသူတွေကို တန်းစီခိုင်း၊ တန်းစီထားသူများထဲမှ သူတို့စိတ်မထင်လျှင် မထင်သည့်အလျောက် စိတ်ရူးပေါက်လျှင် ပေါက်သလို သတ်ချင်သူများကို ရွေးထုတ်ကာ သေနတ်နှင့် ပစ်သတ်ကြသည်။ ကျန်သည့် သူများကိုတော့ တရားရုံးက စွဲချက်တင် ပြစ်ဒဏ်ခတ်သည်အထိ စောင့်ကြဖို့ ကြီးမားလှသည့် အကျဉ်းစခန်းများဆီသို့ ပို့ပစ်လိုက် ကြသည်။
ပြည်သူလူထုတွင်းမှ အသတ်ခံသွားရသူ အနည်းဆုံး သုံးသောင်းကျော် ရှိခဲ့ပါသည်။ ဘုံအဖွဲ့ဝင်ခေါင်းဆောင်များသည် တရားရုံးတွင် ရဲရင့်စွာ မိမိယုံကြည်ချက်ကို ထုတ်ဖော်ပြောကြားပြီး အသက်စွန့်သွားခဲ့ကြလေသည်။
ရန်သူ့တရားရုံးတွင် ရဲရင့်စွာ မိမိယုံကြည်ချက်ကို ထုတ်ဖော်ပြောကြားသွားသူများအနက် အမျိုးသမီးသူရဲကောင်း “မီရှယ်” ၏ ပြောကြားချက်တချို့ကတော့....
“တကယ်လို့ သင်တို့က ငါ့ကို အသက်ရှင်ခွင့် ပြုမယ်ဆိုရင်လည်း ငါကတော့ လက်စားချေဖို့အလုပ်ကို ထာဝစဉ် ရပ်နားသွားလိမ့်မယ် မဟုတ်ဘူး။
“ငါဟာ ပဲရစ်ဘုံအဖွဲ့ကော်မတီဝင်တဦး ဖြစ်တယ်။ အောင်နိုင်သူတွေအနေနဲ့ ငါ့ကို ခေါင်းဖြတ်သတ်လိုက်ကြပါ။ ငါဟာ အမြဲထာဝရ ရှက်စရာအဖြစ် တင်ကျန်နေရစ်မယ့် အပြုအမူနဲ့ ကိုယ့်ကိုယ်ကို မကယ်တင်ပါဘူး။
“ငါဟာ လွတ်လွတ်လပ်လပ် အသက်ရှင်ခဲ့ပြီး လွတ်လွတ်လပ်လပ်ပဲ သေပြသွားမယ်။ ငါ့ရဲ့သေတမ်းစာကတော့ နောင်မှာ ငါ့အတွက် အထိမ်းအမှတ်ပြုပြီး ငါ့အတွက် လက်စားချေကြ-ဆိုတာပါပဲ”
ပဲရစ်၏ အရှေ့မြောက်ခြမ်းကို ဝိုင်းရံထားသည့် ပရပ်ရှားတပ်များကို သူတို့အထက်ဆင့်မှ “ ဒီနေရာကို ဖြတ်သန်းပြီး တော်လှန်တဲ့ ပဲရစ်လုထု တဦးတယောက်ကိုမျှ ထွက်ခွင့်မပြုရ၊ ဖြတ်သန်းသွားခွင့်မပြုရ”ဟူ၍ အမိန့်ထုတ်ထားသည်။ သို့ရာတွင် ပရပ်ရှားစစ်သားများသည် အထက်ဆင့်ကို နာခံရေးထက် လူသားချင်းစာနာမှု၏ ခိုင်းစေချက်ကိုသာ နာခံခဲ့ကြသည်။ ဦးစားပေးခဲ့ ကြသည်။ ဤအကြောင်း သိရှိနေကြသော စစ်ဗိုလ်တွေကလည်း မျက်စိမှတ်ပြီး မသိချင်ယောင် ဆောင်နေခဲ့ကြသည်။
အထူးတလည် ဂုဏ်ပြုထိုက်သည်မှာ...ယခင်က ဘုံအဖွဲ့၏ တပ်သားဖြစ်ခဲ့သူ အတော်များများကို အလွန့်ကို လူသား ချင်းစာနာစွာ ဆက်ဆံပြီး လွှတ်ပေးခဲ့သော “ဆက်ဆွန် တပ်ဖွဲ့”ပင် ဖြစ်သည်။


Sunday, April 4, 2021

ကွန်မြူနစ်ပါတီ ကြေညာစာတမ်းကို လေ့လာပါ

0 comments
ကွန်မြူနစ်ပါတီ ကြေညာစာတမ်းကို လေ့လာပါ
-ဗဩ-
“ကွန်မြူနစ်ဝါဒကိုကျွန်တော်/ကျွန်မလေ့လာချင်ပါတယ်၊ ဘယ်စာအုပ်ဖတ်ရမလဲ၊ ဘာကစဖတ်ရမလဲ”လို့ မေး တာတွေ မကြာခဏကြုံဖူးပါတယ်။ ကျွန်တော်ကတော့ ဖတ်သင့်တယ်ထင်တာအကုန်ဖတ်ပါ၊ ဒါပေမဲ့ကွန်မြူနစ်ပါတီ ကြေညာ စာတမ်းကိုတော့ ဖတ်ဖြစ်အောင်ဖတ်ပါလို့ပြန်ဖြေလေ့ ရှိခဲ့ ပါတယ်။
လွန်ခဲ့တဲ့၁၈၉နှစ်နီးပါးတုန်းက အသက် ၂၉နှစ်အရွယ်မာ့က်စ်နဲ့ ၂၇နှစ်အရွယ်အိန်ဂယ်ဆိုတဲ့ ဂျာမန်အမျိုးသား လူငယ်နှစ်ယောက်က ၁၈၄၇ခုနှစ်ဒီဇင်ဘာကနေ ၁၈၄၈ခုနှစ်ဇန်နဝါရီလအတွင်း အပြီးရေးခဲ့တဲ့၊ ဥရောပတိုက်ကြီးကို တစ္ဆေကြီလိုခြောက်ခဲ့တဲ့ ဒီကြေညာစာတမ်းဟာ ဒီနေ့အထိတလေးတစားကိုးကားပြောဆိုတာ၊ ရန်ညှိုးတကြီးတိုက်ခိုက် တာတွေ ခံနေရဆဲဖြစ်တာအားလုံးအသိပါ။ “သင်တို့မှာဘာဆုံးရှုံးစရာမှမရှိ၊ အောင်နိုင်စရာကားတကမ္ဘာလုံးတည်း” ဆိုတဲ့ စာသားမျိုးတွေနဲ့ လူ့အဖွဲ့အစည်းထဲမှာသွေးအစုပ်ခံရဆုံးနဲ့ အောက်ဆုံ်မှာရောက်နေတဲ့ အလုပ် သမားလူတန်းစားကို ကိုယ့်ကိုယ်ယုံကြည်၊ အားတက်ခေါင်းထောင်စေပြီး ခွန်အားတွေပေးခဲ့တဲ့ ဒီကျမ်းအငယ်လေးထဲမှာ့ သမိုင်း၊ အဘိဓမ္မာ၊ နိုင်ငံရေး ဘောဂ ဗေဒဆိုင်ရာ အယူအဆတွေကို တိုတုတ်၊ တိကျ၊ ရှင်းလင်းစွာ ခွဲခြမ်းစိတ်ဖြာ ဖေါ်ပြထားပါတယ်။ နောက်ပြီး ဒီစာတမ်းမှာ ဓနရှင်လူတန်းစား၊ ပစ္စည်းမဲ့လူတန်းစား၊ လူတန်းစားတိုက်ပွဲတွေကို တင်ပြလိုက်တာဟာ သမိုင်းတခေတ် ပြောင်းလဲဖို့ အလင်းရောင်ထွန်းညှိလိုက် သလိုလည်း ဖြစ်သွား ခဲ့ပါတယ်။
ဒီစာအုပ်ထဲက အကိုးကားအခံရဆုံး နောက်စာတကြောင်းကတော့ “ယနေ့အထိတည်ရှိနေသော လူ့အဖွဲ့အစည်း များ၏သမိုင်းသည် လူတန်း စားတိုက်ပွဲသမိုင်းသာဖြစ်ပေသည်”ဆိုတာလို့ဆိုနိုင်ပါတယ်။ ဒါကြောင့်လည်းဒီစာတမ်းရဲ့ ထူးခြားချက်နဲ့အရေးပါမှုတွေကိုပြောဆို ကိုးကားကြရာမှာ ထောက်ပြလေ့ရှိကြတဲ့ အချက်တွေထဲမှာ ဒီစာတမ်းက လူတန်းစားကို အလေးထားပြီး လူအဖွဲ့အစည်းဖြစ်ပေါ်တိုးတက်မှုကို ခွဲခြမ်းစိတ်ဖြာပြတာနဲ့ လူ တန်းစားအသီးသီးရဲ့ အခန်းကဏ္ဍ၊ သူတို့ရဲ့ အတွေးအခေါ်တွေ၊ ပေါ်ပေါက်ပုံ၊ အတက်အကျ၊ အလားအလာစတာတွေကို ရှင်းပြတာတွေဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းရဲ့ရှေ့သို့တိုးတက်မှုဆိုတာ လူ့အဖွဲ့အစည်းအဟောင်းထဲက ပဋိပက္ခတွေထဲကနေ အသစ်ပေါက်ဖွားလာခြင်း ဖြစ်တယ်ဆိုတာ မာ့က်စ်တို့ တင်ပြလိုက်တဲ့ လူမှုရေး၊ နိုင်ငံရေး အဘိဓမ္မာသဘောတရားသစ်ပဲဖြစ်ပါတယ်။
မှန်ပါတယ်။ ဘာလင်တံတိုင်းနောက်ပိုင်းမှာ ကမ္ဘာပေါ်ကဆိုရှယ်လစ်နိုင်ငံတွေအရောင်ပြောင်း၊ ကွန်မြူနစ်ပါတီတွေ အင်အားချည့်နဲ့သွား ရာကနေ အခုအထိကွန်မြူနစ်ဝါဒဟာ ပြန်နာလန်မထူနိုင်သေးပါဘူး။ ဒါပေမဲ့ ဒီနေ့ကမ္ဘာပေါ်မှာရှိတဲ့ကွန်မြူ နစ်အင်အားဟာ ကွန်မြူကြေညာစာတမ်း မထွက် မီကာလထက် အများကြီးပိုအားကြီးပြီး ဒီဝါဒကိုသိရှိလိုက်စားသူလည်း အများကြီးများပြားပါတယ်။ ကွန်မြူနစ်ပါတီကအာဏာရထားတဲ့ နိုင်ငံတွေ ရှိသလောက်ရှိနေပါသေးတယ်။
ဒီနေရာမှာဖြတ်ပြီးပြောချင်တာက လူ့ဇာတ်ခုံပေါ်ကို ဓနရှင်လူတန်းစားစပြီးရောက်ခဲ့တာဟာ အလယ်ခေတ် အစောပိုင်း ၁၁ရာစုနှစ်ထဲမှာ ဖြစ်ပါတယ်။ အုတ်/ကျောက်တံတိုင်းတွေကာထားတဲ့ ပြင်သစ်ကအလယ်ခေတ်က“မြို့”တွေက လူလတ်တန်းစားတွေကို ပြင်သစ်စကားနဲ့ ဘူဇွာလို့ ခေါ်ပါတယ်။ ဓနရှင်လူတန်းစားကိုအားရှိလာစေတဲ့ စက်မှုတော်လှန်ရေးဟာ အင်္ဂလန်မှာ ၁၆-၁၇ရာစုမှာပေါ်ပေါက်တာပါ။ အဲဒီဓနရှင် လူတန်းစားကနေ အဲဒီအခါကအုပ်စိုးသူပဒေသရာဇ်မင်းတွေကို ပုန်ကန်တာတွေဟာ အင်္ဂလန်မှာ ၁၇ရာစုနှစ်နဲ့ ပြင်သစ်မှာ၁၈ရာစုနှစ်တို့ကစပေါ်ခဲ့ပါတယ်။ အဲဒီတော် လှန်ရေးတွေဟာ အောင်မြင်လိုက်၊ ပြန်ရှုံးနိမ့်လိုက်နဲ့သံသရာစက်ဝိုင်းကြီးကို နှစ်ပေါင်းများစွာဖြတ်သန်းပြီးမှ တည်ငြိမ်တဲ့ ဓနရှင်နိုင်ငံတွေကို တည် ထောင်နိုင်ခဲ့ကြတာပါ။ ပဒေသရာဇ်အုပ်စိုးသူတွေကို တော်လှန်ပြီးယူခဲ့တဲ့ဓနရှင်တွေအထဲက အစောဆုံးတခုလို့ ပြောနိုင်တဲ့နယ်သာလန် တော်လှန်ရေး ဟာ ၁၅၈၈ခုနှစ်မှာသူတို့ကို ကိုလိုနီပြုထားတဲ့ စပိန်ဘုရင်စနစ်ကို တွန်းလှန်ပြီး လွတ်လပ်တဲ့သမတနိုင်ငံတခု တည်ထောင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ နောက်မှာ အဲဒီသမ္မတနိုင်ငံသမားတွေဟာ ပြန်ရှုံး-ပြန်နိုင်နဲ့ နှစ်ပေါင်းနှစ်ရာကျော်လောက် စစ်ပွဲမျိုးစုံအလီလီဖြစ်ပွားပြီး ၁၈ ရာစု ထဲမှာမှ တစုံတရာ တည်ငြိမ်တဲ့ သမ္မတနိုင်ငံတခုဖြစ်လာခဲ့ပါတယ်။ ဒီနေ့အားလုံးသိကြတဲ့ ပြင်သစ်သမ္မတနိုင်ငံ (République de Français) ဆိုတာဟာ ပဉ္စမမြောက်ပါ။ ပထမသမ္မတနိုင်ငံက ၁၇၉၂-၁၈၀၄၊ ဒုတိယသမ္မတနိုင်ငံက ၁၈၄၈-၁၈၅၂၊ တတိယသမ္မတနိုင်ငံက ၁၈၇ဝ- ၁၉၄ဝ၊ စတုတ္ထသမ္မတနိုင်ငံက ၁၉၄၈-၁၉၅၆၊ ပဉ္စမသမ္မတနိုင်ငံက ၁၉၅၆-မျက်မှောက်ကာလ စသဖြင့် တည်ရှိခဲ့ရပါတယ်။ အင်္ဂလန်နိုင်ငံရဲ့သမိုင်းမှာလူသိများကြတဲ့ အင်္ဂလိပ် ပြည်တွင်းစစ် (English Civil War) (၁၆၄၂-၁၆၅၁) ဆိုတာဟာလည်း ၁၈ရာစုအထိမပြတ်ဖြစ်ပေါ်ခဲ့တဲ့ အင်္ဂလန်နိုင်ငံကပါလီမံဝါဒီတွေ (ဓနရှင်လူတန်းစား)နဲ့ ပဒေသရာဇ် မင်းတွေအကြားက တိုက်ပွဲတွေထဲက အစဦးစစ်ပွဲတွေဖြစ်ပါတယ်။ ဒီဟာတွေအထဲမှာ ရှေ့ပိုင်းကသမတနိုင်ငံတွေက ပဒေသရာဇ်ကို အနိုင်ရလိုက်၊ ပြန်ရှုံးနိမ့်လိုက်နဲ့ သစ်ငုတ်မြင့်တုံ မြက်မြင့်တုံပေါ်ပေါက်တည်ရှိခဲ့တဲ့ ဓနရှင်နိုင်ငံတွေဖြစ်ပါတယ်။ ဆိုလိုတာ အသစ် ဖြစ်ပေါ်တဲ့လူတန်းစားတရပ် အာဏာ ရဖို့ဆိုတာ အလွယ်တကူ၊ ခဏတဖြုတ်နဲ့ရတာမဟုတ်ဘူး၊ တခါရလိုက်ရင် တလျှောက်လုံးအိုကေပဲလို့ မဆိုနိုင် ဘူးဆိုတာပါ။
၁၉၈၉ခုနှစ်၊ နိုဝင်ဘာ၂၉ရက်နေ့က ဘာလင်တံတိုင်းကြီးပြိုသွားတဲ့အခါမှာ အမေရိကန်ဘဏ္ဍာရေးပဂေးတွေရဲ့ အာဘော်ဖြစ်တဲ့ ဝေါစထရိ ဂျာနယ် (Wall Street JournaL) က “ငါတို့နိုင်ပြီ”လို့ စာလုံးကြီးတွေနဲ့ကြေညာခဲ့ပါတယ်။ ဒါဖြင့်အဲဒီနောက်ပိုင်းမှာ အရင်းရှင်စနစ်ကြီးဟာ အောင်လံ တလူလူ၊ သီချင်းတငြိမ့်ငြိမ့်နဲ့ ရှေ့သို့ချီတက်နေခဲ့ပါသလား။ အဲဒီအဖြစ်အပျက်ပြီးလို့ နှစ်အနည်းငယ်အတွင်းမှာပဲ အာရှကျားတွေရဲ့အကျပ်အတည်းဟာ တကမ္ဘာလုံးကိုပြန့်သွားခဲ့ပြီး ဒီကမ္ဘာမှာကုန်သွယ်ရေးအကျပ်အတည်း၊ ဘဏ္ဍာရေးအကျပ်တည်းစသဖြင့် သမိုင်းမှာအရှည်ကြာဆုံးနဲ့ အနက်ရှိုင်းဆုံး စီးပွား ရေး အကျပ်အတည်းတွေ တခုပြီးတခုဆက်တိုက်ပေါ်နေလိုက်တာ ဒီကနေ့ဂရိဘဏ္ဍာရေးအကျပ်အတည်းအထိ ဖြစ်ပါတယ်။ ဒီနေ့အခါ အရင်းရှင်နိုင်ငံ တိုင်းလိုလို၊ အထူးသဖြင့်ဗမာပြည်လိုမဖွံ့ဖြိုးသေးတဲ့နိုင်ငံတွေမှာ လူ့လက်တဆုပ်စာလေးကပဲ နိုင်ငံဓနအားလုံးနီးပါးကိုချုပ်ကိုင်ထားပြီး ပြည်သူတွေ ဖွတ်ကျောပြာစုဖြစ်နေတာ၊ လူတန်းစားအရ၊ လူမျိုးရေးအရ၊ အယူဘာသာအရ၊ ကျား-မအရ ခွဲခြားဖိနှိပ်နေတာဟာ သမိုင်းအဆက်ဆက်က လူသား တွေရဲ့ စိတ်ကူးဈာန် ထဲကလူ့အဖွဲ့အစည်းမဟုတ်ကြောင်းပြသနေတာလို့ ဆိုနိုင်ပါတယ်။ သူချမ်းသာဖို့ငါတို့အစတေးခံနေရတဲ့ဘဝကို ဘယ်သူကမှ၊ ဘယ်ဘဝတုန်းကမှ ဆုတောင်းခဲ့ကြမှာမဟုတ်ပါဘူး။
မာ့က်စ်ဝါဒ၊ အထူးသဖြင့်မာ့က်စ်ဝါဒရဲ့ဘောဂဗေဒသဘောတရားမှာ အထင်ရှားဆုံးတခုလည်းဖြစ်၊ ဒီနေ့အထိ လူတိုင်းအသိ အမှတ်ပြုနေ ရတဲ့သဘောတရားတခုက အရင်းရှင်စနစ်ရဲ့စီးပွားရေးကပ်သဘောတရားဖြစ်ပါတယ်။ ဒီလို စီးပွားရေးကပ်တွေနဲ့ကြုံကြရတဲ့အခါမှာ အရင်းရှင်သဘော တရားဆရာတွေ၊ မီဒီယာတွေကတောင် ကွန်မြူနစ်ပါတီကြေညာစာတမ်းဟာ လွန်ခဲ့တဲ့ရာစုနှစ်တစ်ခုဝက်ကျော်ကတည်းက ဂလိုဘယ်လိုက်ဇေးရှင်း၊ စီးပွား ရေး မညီမမျှဖြစ်ထွန်းမှု၊ နိုင်ငံရေး အကျင့်ပျက်မှု၊ လက်ဝါးကြီးအုပ်မှု၊ နည်းပညာဖြစ်ပေါ်တိုးတက်မှုတွေအကြောင်း ကြိုမြင်၊ ကြိုပြောခဲ့တယ် ဆိုတာကို အသိ အမှတ်ပြုကြရပါတယ်။
နိုင်ငံရေးမှာဆိုရင်လည်း အာဏာရှင်တွေအကြီးအကျယ်ခေါင်းထောင်လာပြီး အာဖရိကတတိုက်လုံးမှာ အီရတ် စစ်ပွဲကစပြီး နိုင်ငံကြီးတွေဟာ ပြောင်ရောလျှို့ဝှက်ပါဝင်ပါနေကြပါတယ်။ ရေနံထွက်တဲ့အာဖရိကမြောက်ပိုင်းကတော့ အဆိုးဆုံးဒဏ်ခံရသူပါပဲ။ ဒီနေ့ခေတ်သစ်သမိုင်းရဲ့ ကမ္ဘာ့ အပူ ကွက်လို့ဖြစ်ပေါ်လာတဲ့နေရာ တိုင်းရဲ့ပြဿနာတွေမှာ အဲဒီ ထိပ်သီးအရင်းရှင်နိုင်ငံကြီးတွေ ပါနေခဲ့တာပဲမဟုတ်ပါလား။ ဘောဂဗေဒ ပညာရှင်တွေ ကတော့ အမေရိကန်နဲ့အရင်းရှင် နိုင်ငံကြီးတွေဟာ သူတို့တိုင်းပြည်တွေကစီးပွားရေးကျဆင်းလာလို့ စစ်ပွဲတွေဖန်တီးနေတယ်လို့ ဝေဖန်နေကြပါတယ်။
ဒီလိုအခါမှာ ဘောဂဗေဒပညာလိုက်စားသူတိုင်း မာ့က်စ်ရဲ့သဘောတရားတွေကိုပြန်ဖတ်ကြ၊ ကိုးကားကြလုပ်ကြပါတယ်။ ဒီအထဲမှာ ကွန်မြူ နစ်ပါတီကြေညာစာတမ်းလည်းပါပါတယ်။ ဒါကြောင့်ပဲထင်ပါတယ်၊ ဝီကီပီးဒီးယားက မာ့က်စ်ကို လူ့သမိုင်းမှာ လူတွေအပေါ်သြဇာအညောင်းဆုံး ပုဂ္ဂိုလ် တဦးလို့ ဖွင့်ဆိုခဲ့ပါတယ်။
ဒီနေရာမှာမာ့က်စ်ဝါဒနဲ့ ကွန်မြူနစ်ပါတီကြေညာစာတမ်းတို့ပေါ်ခဲ့တဲ့ သမိုင်းနောက်ခံကို အကျဉ်းရုံးဖော်ပြဖို့လိုပါလိမ့်မယ်။
ပဒေသရာဇ်စနစ်အောက်မှာ နှစ်တွေရာထောင်ချီပြီးနေခဲ့ရတဲ့ ဥရောပတိုက်သားတွေဟာ ပဒေသရာဇ်အုပ်စိုးမှုကို တွန်းလှန်လိုက်တဲ့နောက်မှာ စက်မှုလုပ်ငန်းတွေ၊ ကုန်သွယ်ရေးတွေတစတစ်ထူထောင်လာကြတော့ အသစ်ပေါ်လာတဲ့ ဓနရှင်လူတန်းစားနဲ့ ဓနရှင်စနစ်အပေါ် အားထားမျှော်လင့် ခဲ့ကြပါတယ်။ ဒါပေမဲ့ ရာစုနှစ်တခု၊ နှစ်ခုလောက်လွန်တာနဲ့ပဲ ဒီစနစ်ကမွေးဖွားပေးလိုက်တဲ့ ပစ္စည်းမဲ့လူတန်းစားရဲ့ဘဝတွေကိုကြည့်ပြီး ဒီစနစ်ရဲ့ ဆိုးဝါးမှု တွေကို ကြုံတွေ့ခံစားခဲ့ကြရ၊ ဒီစနစ်ဆိုးကနေ လွတ်မြောက်မှုကိုစဉ်းစားရှာကြံခဲ့ကြပါတယ်။ ဒါကိုနိုင်ငံရေး လောကမှာသာမကပဲ ဥရောပစာပေ အနု ပညာလောကမှာသိသာထင်ရှားစွာတွေ့မြင်ရပါတယ်။ အင်္ဂလန်သာမက ပြင်သစ်၊ ရုရှား စတဲ့နိုင်ငံတွေမှာ ကနေ့အထိ ဂန္ဓဝင်စာပေတွေ၊ ပန်းချီကား တွေအဖြစ် တည်ရှိနေတဲ့ လက်ရာတွေဟာ အဲဒီတုန်းကခေတ်နဲ့ စနစ်ကိုမကျေနပ်သူ တွေရဲ့လက်ရာတွေဖြစ်ပါတယ်။ အင်္ဂလိပ်စာပေလောကရဲ့ ရိုမင်းတစ်ခေတ်က “သူပုန်လေးတွေ”လို့ နာမည်ရခဲ့ကြတဲ့ ဘိုင်ရွန်၊ ကိစ်၊ ရှယ်လီစသူတွေထဲက ရှယ်လီရဲ့ကဗျာတွေဟာ မာ့က်စ်အပေါ်မှာ အင်မတန် သြဇာညောင်း ခဲ့တယ်လို့ မာ့က်စ်ကိုယ်တိုင်ဝန်ခံဖူးပါတယ်။ ဒီအရင်းကျမ်းပေါ်ထွက်ဖို့အခြေအနေတွေကို ဖြစ်ပေါ်စေတဲ့နောက်ခံမှာ ရုပ်ပိုင်းအရဆိုရင် စက်မှုနဲ့သိပ္ပံပညာ၊ စိတ်ပိုင်းမှာဆိုရင် ရုပ်ဝါဒအဘိဓမ္မာနဲ့ တော်လှန်ရေးအတွေးအခေါ် စတာတွေထွန်းကားလာတာတွေကိုလည်း မာ့က်စ်ဝါဒီတွေက ထည့်ပြောလေ့ရှိကြပါတယ်။ ဆိုလိုတာ အခြေအနေတွေရင့်မှည့်လို့ မာ့က်စ်ဝါဒပေါ်လာတာဖြစ်ပါတယ်။ အရင်းရှင်စနစ်ဟာ ပဋိပက္ခတွေ ကြားထဲက ပေါ်ထွက်လာပြီး ပဋိပက္ခတွေနဲ့ပြွမ်းတီးနေတာပါ။ ၁၉ရာစုနှစ်တုန်းက အမျိုးသားနိုင်ငံတွေ(nation states)ပေါ်လာတာဟာ အဲဒီအချိန်အခါက လိုအပ်ချက်အရပေါ်လာတာပဲဖြစ်ပါတယ်။ အရင်းရှင်စနစ် သန္ဓေတည်ဖို့၊ ပေါက်ဖွားကြီးထွားဖို့၊ အသီးအပွင့် တွေထွက်လာဖို့၊ ကုန်လုပ်စွမ်းအားတွေ၊ သိပ္ပံနည်းပညာနဲ့ အလုပ်သမားအဖွဲ့အစည်းတွေ ကြီးထွားထွန်းကားဖို့လိုအပ်ချက်တွေနဲ့အညီလို့ဆိုရပါမယ်။ ဒါပေမဲ့နောက်ပိုင်းမှာတော့ ကုန်လုပ်စွမ်း အားစုတွေဟာ နိုင်ငံဆိုတဲ့ကန့်သတ်ချက်အပြင်ကို ရောက်ရှိလာသလိုပုဂ္ဂလိကပိုင်ဆိုင်မှုဟာလည်း နိုင်ငံနယ်နိမိတ်တွေကို လွှားကျော်ခဲ့ပါတယ်။ အဲဒီကတဆင့်အုပ်စိုးမှုကို နိုင်ငံနယ်နိမိတ်အပြင်ပို့ခဲ့ကြတာ၊ တနည်း- ကိုလိုနီကျွန်ပြုတာတွေလည်း ဆက်တိုက်ပေါ်ပေါက်ခဲ့ပါတယ်။ ဒီထဲမှာ အဆိုးထဲက အကောင်းလို့ဆိုနိုင်တဲ့အချက်တချက်ကတော့ ကိုလိုနီနိုင်ငံသားတွေဟာ နယ်ချဲ့သမားတွေဆီကတဆင့် မာ့က်စ်ဝါဒကို ရရှိလိုက်တာဖြစ်ပါ တယ်။
လွန်ခဲ့တဲ့နှစ်ပေါင်း၁၆ဝနီးပါးကရေးခဲ့တဲ့ ကျမ်းတစောင်ဟာ ဒီနေ့အထိ ပြင်စရာမရှိတော့ဘူးလား။ အားလုံးမှန်နေတုန်းပဲလားလို့မေးတဲ့လူ ရှိကောင်းရှိနိုင်ပါတယ်။ မှန်ပါတယ်။ လုံးဝပြင်စရာမလိုဘူးလို့ မာ့က်စ်တို့ကတောင် မဆိုခဲ့ပါဘူး။ မာ့က်စ်ဟာ ၇၂ရက်ကြာသက်တမ်းရှိခဲ့တဲ့ ၁၈၇၁ ခုနှစ် ပဲရစ်ဘုံအဖွဲ့ကြီး ပေါ်ပေါက်ကျဆုံးသွားမှပဲ အောင်မြင်တဲ့တော်လှန်ရေးတရပ်ဖြစ်ဖို့ဆိုရင် တော်လှန်တဲ့နိုင်ငံရေးပါတီတရပ် လိုအပ်တယ်ဆိုတာကို သိမြင် ခဲ့တယ်လို့ဝန်ခံခဲ့ပါတယ်။ ကြေညာစာတမ်းထွက်ပြီးလို့ ၂၅နှစ်အကြာ၊ ၁၈၇၂ခုနှစ်မှာရေးတဲ့ သူတို့ရဲ့ဂျာမန်ဘာသာထုတ်ဝေခြင်းအမှာစာမှာ ရေးထား တာကို ဖတ်ကြည့်ပါ။
“လွန်ခဲ့သည့်၂၅နှစ်အတွင်းအခြေအနေအပြောင်းအလဲတွေ မည်သို့ပင် ရှိခဲ့ပါစေ၊ ကြေညာစာတမ်းထဲတွင်ပါရှိသော အခြေခံမူများမှာ တခုလုံး အနေဖြင့်ပြောရလျှင် ယနေ့အထိ အခြေခံအရမှန်ကန်နေသည်။ အချို့အသေးစိတ်ကလေးများကို ဟိုနားဒီနားပြင်ရတာတော့ ရှိပါလိမ့်မည်။ ဤမူများကို လက်တွေ့ကျင့်သုံးမှုမှာတော့ ကြေညာစာတမ်းမှာဖော်ပြထားသကဲ့ သို့ပင် တည်ရှိနေသောသမိုင်းအခြေအနေနှင့်အချိန်ကာလနှင့်အညီ ကျင့်သုံးရပါမည်။ ထို့ကြောင့်လည်းအခန်းနှစ်တွင် ဖော်ပြထားသော တော်လှန်ရေးလက်တွေ့လုပ်ငန်းများအပေါ် အထူးအလေးတင်းခြင်းမပြုခဲ့ချေ။ ယနေ့ရေးရလျှင် ယင်းအပိုဒ်ကို နေရာအတော်များများတွင် စာသားပြောင်းရေးရပါလိမ့်မည်။ လွန်ခဲ့သည့်နှစ်ဆယ့်ငါးနှစ်အတွင်းခေတ်သစ်စက်မှုလုပ်ငန်း၏ ခြေလှမ်း ကျယ်ကြီးများနှင့် တပါတည်းကပ်ပါလာသော ပိုမိုကောင်းမွန်တိုးချဲ့ခဲ့သည့် အလုပ်သမားလူတန်းစား၏ နိုင်ငံရေးပါတီဖွဲ့စည်းမှု၊ ပထမဖေဖော်ဝါရီ တော်လှန်ရေး၊ အဲဒီနောက် အလုပ်သမားလူတန်းစားက နှစ်လတိတိ နိုင်ငံရေးအာဏာကို ချုပ်ကိုင်ခဲ့သည့် ပဲရစ်ဘုံအဖွဲ့တို့ကို ကြည့်လျှင် ဤကြေညာ ချက်သည်အချိုအသေးစိပ်လေးများတွင် ခေတ်နောက်ကျသွားပေပြီ။”
ဒီနေရာမှာ မာ့က်စ်နဲ့အိန်ဂယ်တို့ထောက်ပြတာက ကြေညာစာတမ်းထဲမှာ အခြေခံမူများမှန်ကန်ခြင်းနဲ့ အရင်းရှင်စနစ်ရဲ့ နောက်ဆက် ဖြစ်ပေါ် တိုးတက်မှုများနဲ့ ၁၈၇၁ ခုနှစ် ပဲရစ်ဘုံအဖွဲ့တို့အရ တချို့အသေးစိတ်လေးတွေဟာ ခေတ်နဲ့မကိုက်ညီ တော့ဘူးလို့ဝန်ခံတာဖြစ်ပါတယ်၊ မာ့က်စ်ရဲ့ ပြင်သစ်ပြည်တွင်းစစ်ဆိုတဲ့စာအုပ်ထဲမှာပါတဲ့ “ဘုံအဖွဲ့ကအထူးသက်သေပြခဲ့သည့်အချက်က အလုပ်သမားလူတန်းစားအနေဖြင့် အသင့်ရှိနေသောနိုင်ငံ တော် ယန္တရားကြီးအား အလွယ်တကူကောက်သုံးကာ မိမိရည်မှန်းချက်များကို အကောင်အထည် ဖော်ရန်မဖြစ်နိုင်”လို့ ဆိုတဲ့ စာသားများဟာလည်း ကြေညာစာတမ်းကို အသေမယူဖို့ ထောက်ပြတာဖြစ်ပါတယ်။
အမှန်ပဲ၊ မာ့က်စ်-အိန်ဂယ်တို့ခေတ် မရှိတော့တဲ့နောက်ပိုင်းမှာ အရင်းရှင်စနစ်မှာ အပြောင်းအလဲတွေအမျိုးမျိုး ဖြစ်ပေါ်ခဲ့တယ်။ အရင်းရှင် စနစ်ဟာ သူများတိုင်းပြည်တွေကိုသိမ်း၊ ကိုလိုနီတွေထူထောင်မှာကို သူတို့နှစ်ယောက်အတိအကျ ကြိုမမြင်နိုင်ခဲ့ပါဘူး။ ဒီနယ်ချဲ့စနစ် ဖြစ်ပေါ်မှုကို လီနင်လက်ထက်မှ သုံးသပ်ဖော်ထုတ်နိုင်ခဲ့ပါတယ်။ အဲဒီကနေတဆင့် နယ်ချဲ့နိုင်ငံတွေက မတတ်သာလို့ လွတ်လပ်ရေးတွေပေးရတဲ့နောက်မှာ ကိုလိုနီ တပိုင်းနိုင်ငံတွေပေါ်လာတာကို တွေ့ခဲ့ကြရပါတယ်။ ဆယ်စုနှစ်များအတွင်း အရင်းရှင်စနစ်ဟာ တကမ္ဘာလုံးအပေါ်သွေးစုပ်နိုင်ဖို့အတွက် သူ့ကိုယ်သူ ပြုပြင်ထိန်း ညှိလုပ်ကိုင်ရင်း ပုံသဏ္ဌာန်တွေ အမျိုးမျိုးပြောင်းလဲခဲ့ပါတယ်။ အခုဆိုရင် ဘယ်သူကမှ ရွေးကောက်တင်မြှောက်ခြင်းမရှိတဲ့၊ ဘာမှ ထွင်း ဖောက်မမြင်ရတဲ့၊ အင်န်ဂျီအိုတွေ၊ နိုင်ငံလွန်ကော်ပိုရေးရှင်းကြီးတွေ(TNC) ကတဆင့် ကမ္ဘာဖြန့်သွေးစုပ်၊ အစိုးရတွေကို ကန့်လန့်ကာ နောက်ကွယ် ကချုပ်ကိုင်တဲ့ခေတ်-စနစ်တရပ်ကို ရောက်နေပါပြီ။ (၂၁ရာစုနှစ်ရဲ့ လီနင်တယောက် ပေါ်ပေါက်ဖို့ပဲလိုပါတော့တယ်)။ ဒါပေမဲ့ ကွန်မြူနစ်ပါတီကြေညာ စာတမ်းကိုပြန်ဖတ်ကြည့်လိုက်တော့ အခုဖြစ်ပေါ်နေတာတွေဟာ ကြေညာစာတမ်းရဲ့ ပထမအခန်း၊ ဓနရှင်နှင့်ပစ္စည်းမဲ့ ဆိုတဲ့အခန်းမှာ မာ့က်စ်တို့ အိန်ဂယ်တို့ ကြိုမြင်တင်ပြခဲ့တာတွေအတိုင်း ဖြစ်ပေါ်တယ်ဆိုတာကိုတွေ့ရမှာပါ။ ဒီနေရာမှာ တချို့က နည်းပညာသစ်တွေပေါ်ထွက်မှုစတာတွေကိုရော မာ့က်စ်တို့က ကြိုမြင်ခဲ့လို့လားလို့ မေးကောင်းမေးပါမယ်။ မှန်ပါတယ်။ သူတို့ဟာ ကွန်ပြူတာ၊ သတင်းကွန်ယက်စတာတွေကို လူတွေက အသုံးပြုကြ လိမ့်မယ်လို့တော့ မပြောခဲ့ပါဘူး။ ဒါပေမဲ့ ကွန်မြူနစ်ပါတီကြေညာစာတမ်းထဲမှာ “ထုတ်လုပ်မှုကိုအစဉ် တစိုက် တော်လှန်ပြောင်းလဲနေရခြင်း၊ လူမှု အခြေအနေတွေအားလုံးအဆက်မပြတ်မတည်ငြိမ်ခြင်း၊ မဆုံးနိုင်တဲ့မသေချာ မရေရာမှု၊ မကျေနပ်ဖြစ်ခြင်းတို့မှာ ဓနရှင်ခေတ်အား သူ့ အရင်ခေတ်များနှင့် ကွဲပြားစေသောလက္ခဏာများဖြစ်သည်”လို့ ရေးခဲ့တာကို သတိပြုသင့်ပါတယ်။ မာ့က်စ်ဝါဒရဲ့အခြေခံအကျဆုံးသဘောတရားဟာ အနုပဋိလောမ ရုပ်ဝါဒနဲ့ သမိုင်းရုပ်ဝါဒဖြစ်တယ်လို့ ဆိုကြပါတယ်။ မာ့က်စ်နဲ့အိန်ဂယ်တို့ရဲ့ ကွန်မြူနစ်ပါတီကြေညာစာတမ်းဟာ အနုပဋိလောမရုပ်ဝါဒနဲ့ သမိုင်းရုပ်ဝါဒကို သဘောတရားရေးဝေါဟာရတွေ အနည်းဆုံးနဲ့ အထိရောက်ဆုံး လက်တွေ့ ကျကျရှင်းပြတာဖြစ်ပါတယ်။
(အထက်မှာရေးခဲ့တာတွေဟာ ဒီကွန်မြူနစ်ပါတီကြေညာစာတမ်းကိုဖတ်ပြီးရင် လုံလောက်ပြီ၊ တခြားမာ့က်စ်ဝါဒစာပေတွေကို ဖတ်ဖို့ မလိုတော့ဘူး လို့ မဆိုလိုတာ အထူးပြောဖို့ မလိုဘူးထင်ပါတယ်။)
-ဗဩ-
(အချက်အလက်များကို အိန္ဒိယကွန်မြူနစ်ပါတီ(မာ့က်စ်ဝါဒ) ကထုတ်တဲ့ ကွန်မြူနစ်ပါတီကြေညာစာတမ်းနှင့်တော်လှန်ရေး သဘောတရား စာအုပ်နဲ့ တခြားအင်တာနက်ဝက်ဘ်ဆိုက် တွေပေါ်ကယူပါတယ်။)
(ဗမာပြည်ကွန်မြူနစ်ပါတီ ၀ဘ်ဆိုက်မှ ကူးယူဖော်ပြပါတယ်)