Friday, October 1, 2021

သူလျှောက်တဲ့လမ်းကို ကိုယ်လည်းလျှောက်လှမ်းမိတယ်

0 comments
ဖိုးသံ(လူထု) - သူလျှောက်တဲ့လမ်းကို ကိုယ်လည်းလျှောက်လှမ်းမိတယ်
(မိုးမခ) စက်တင်ဘာ ၃၀၊ ၂၀၂၁

ကိုစိန်မြင့်အကြောင်းကိုပြန်စဉ်းစားလိုက်တယ်ဆိုတော့ လွန်ခဲ့တဲ့အနှစ် ၆၀ ကျော်၊ ကိုယ် ဆယ်နှစ် ဆယ့်တစ်နှစ်သားအရွယ်ဆီကို ပြန်သွားရတာမို့ အတိတ်ဟောင်း၊ မိတ်ဟောင်းတွေနဲ့ ဖြတ်သန်းမှုဟောင်းတွေ ခေါင်းထဲမှာ အစီအရီပေါ်လာပြီး ဆက်တွေးရမှာကိုတောင် ကြောက်သလိုလိုဖြစ်နေပါတယ်။ အလားတူပဲ ညီရင်းအကိုလို အင်မတန်ရင်းနှီး၊ သံယောဇဉ်ကြီးရတဲ့လူမို့ သူ့အကြောင်းတော့ အခွင့်အရေးရတုန်းမှာ အားရပါးရ ရေးလိုက်ဦးမယ်လို့ အချက်အလက်တွေကိုတွေးပြန်တော့လည်း လွမ်းဆွတ်ဝမ်းနည်းမှုတွေက ကဲနေပြန်ပါတယ်။ 

၁၉၅၆ ခုနှစ်၊ စစ်ကိုင်းငလျင်ကြီးလှုပ်တော့ ကျွန်တော်တို့တတွေ ကိုယ့်တိုက်မှာကိုယ်မနေရဲဘဲ အဖိုးနဲ့အဖွားရဲ့ ဆေးရိုးဝင်းထဲက ဆေးရိုးဂိုဒေါင်ထဲကိုပြောင်းနေကြပါတယ်။ အဲဒါကြီးက သစ်တိုင်နဲ့ သွပ်မိုးပါ ကပ်တဲကြီးပါ။ အဲဒီမှာ အဖိုးအဖွားရဲ့မြေးအားလုံးနီးပါး လာစုမိနေလို့ မြေးတတွေဒေါင်းတောက်အောင် ဆော့ကြတာကို မှတ်မိနေပါတယ်။ အဲဒီအချိန်မှာ လူထုသတင်းစာကိုတော့ မရပ်နိုင်ဘဲ ဆက်ထုတ်နေရတော့ ကျနော့်အမေက နေ့တိုင်း အယ်ဒီတာလုပ်ငန်းလုပ်ရပါတယ်။ ဒီလိုနဲ့ အဲဒီနှစ်က တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းတွေထွက်တော့ ကျွန်တော်တို့ စိန်ပီတာကျောင်းက ထူးထူးကဲကဲ အောင်ချက်တွေနဲ့ စံချိန်သစ်တွေတင်ခဲ့တာမို့ တပြည်လုံးမှာ၊ ပညာရေးလောကမှာ ပြောစမှတ်ဖြစ်ခဲ့ပါတယ်။ တပြည်လုံးက ပထမ၊ ဒုတိယ၊ တတိယအပြင် ဂုဏ်ထူးနှစ်ခု-သုံးခုဆိုတာတွေ အများကြီးပေါ်ထွက်ခဲ့ပြီး လူထုသတင်းစာမှာလည်း ပထမ၊ ဒုတိယ၊ တတိယရသူသုံးဦးကို ဓာတ်ပုံနဲ့တကွ ဖော်ပြခဲ့ပါတယ်။ (အဲဒီတုန်းက ဆယ်တန်းမှာ ဂုဏ်ထူးသုံးခုဆိုတာ အများဆုံးလောက်ဖြစ်ပါတယ်)။ ကျန်းမာရေးဝန်ကြီးဖြစ်ပြီးအနားယူသွားတဲ့ ဒေါက်တာကျော်မြင့်လည်း အဲဒီတုန်းက ဂုဏ်ထူးသုံးခုနဲ့ ထိပ်တန်းကအောင်ခဲ့သလို ကိုစိန်မြင့် (ခ) မောင်မိုးသူကလည်း ဂုဏ်ထူးနှစ်ခုနဲ့ထင်ပါရဲ့။ ထွန်းထွန်းပေါက်ပေါက် အောင်ခဲ့တာကိုမှတ်မိနေပါတယ်။ ကျွန်တော်တို့မိသားစုနဲ့ အဖိုးအဖွားသားမြေးတွေအကြားမှာ ပြောလို့မဆုံးတဲ့ အကြောင်းအရာတခုဖြစ်ခဲ့တာ သတိရနေမိပါတယ်။ ဒါပေမဲ့အဲဒီတုန်းက ကိုစိန်မြင့်နဲ့ ကျွန်တော်တို့မိသားစုဟာ ဒါလောက်မရင်းနှီးကြသေးပါဘူး။ 

သူနဲ့တကယ်ရင်းနှီးလာတာက သူတက္ကသိုလ်တက်ပြီး ကျောင်းသားညီညွတ်ရေးတပ်ဦးအမှုဆောင်၊ တကသအမှုဆောင်-တွဲဖက်အတွင်းရေးမှူး- စတာတွေလုပ်လာတော့မှ ဖြစ်ပါတယ်။ အဲဒီတုန်းက လူထုသတင်းစာတိုက်မှာက ကိုသာနိုး၊ ကိုစောလွင်၊ ကိုမြင့်သိန်း (တခြားလည်းအများကြီးရှိပါသေးတယ်) တို့လို ကျောင်းသားညီညွတ်ရေးတပ်ဦးက ထိပ်တန်းအမှုဆောင်ဟောင်းတွေ၊ တကသအမှုဆောင်ဟောင်းတွေအပြင် တပ်ဦးသစ်ခေါင်းဆောင် ကိုကျော်စိုးလိုလူတောင် လာအလုပ်လုပ်တာကို မှတ်မိနေပါတယ်။ ဒါ့အပြင် လူထုတိုက်မှာ ဆိုဗီယက်ယူနီယံနဲ့ တရုတ်ကထုတ်တဲ့စာအုပ်တွေကိုလည်းရောင်းတာမို့ လက်ဝဲစာပေစိတ်ဝင်စားသူတွေ အင်မတန်အရောက်အပေါက်များတဲ့နေရာဖြစ်နေတာပါ။ အဲဒီကို မန္တလေးက တို့ဗမာအစည်းအရုံးရဲ့နာမည်ကြီးခေါင်းဆောင်တဦးဖြစ်တဲ့ သခင်ဗတုတ်ရဲ့သား၊ မန်းတက္ကသိုလ်သမဂ္ဂအမှုဆောင် ကိုစိန်မြင့်လည်းရောက်လာတာ ဘာမှမဆန်းပါဘူး။ သူဟာသခင်ဗတုတ်ရဲ့သားဆိုတာလည်းသိရော ကျွန်တော့်မိဘများနဲ့သူဟာ ရှေးရေစက်ပါခဲ့သူများလိုဖြစ်သွားပြီး သူ့ရဲ့လူပေါင်းနိုင်စွမ်း ကြောင့် သူဟာ လူထုတိုက်ကလူအားလုံးနဲ့ (အယ်ဒီတာခန်းကလူတွေသာမက) စကားတဖောင်ဖောင် ပြောလို့ရတဲ့လူ၊ ကျနော်တို့မောင်နှမတွေနဲ့ တဝါးဝါးနောက်ပြောင်လို့ရတဲ့လူဖြစ်သွားပါတော့တယ်။ 

အဲဒီတုန်းကကျွန်တော်တို့လို ဆယ်ကျော်သက်ဝင်ကာစ ကလေးတွေရဲ့မျက်စိထဲမှာ သူဟာအင်မ တန်ရယ်စရာနောက်စရာပြောတတ်တဲ့ ခင်စရာကောင်းတဲ့အကိုကြီးတယောက်ပါ။ နောက်ပြီး စိန်ပီတာ လိုရိုမန်ကက်သလစ်သာသနာပြုကျောင်းထွက်တွေထဲက ကျောင်းသားသမဂ္ဂလုပ်ငန်းတွေထဲမှာ တက် တက်ကြွကြွပါဝင်၊ လက်ဝဲစကားတွေပြောတဲ့လူဆိုတာလည်း ကိုစောလွင်နဲ့သူလောက်သာရှိတာမို့ ကျွန် တော်တို့မောင်နှမတွေအဖို့ စံထားစရာ၊ ကိုးကားစရာလူလည်းဖြစ်လာပါတယ်။ ဒါ့အပြင်သူ့ကိုကျွန်တော့် ဘဝမှာမမေ့နိုင်သူတဦးအဖြစ်စာရင်းသွင်းရတဲ့အကြောင်းရင်းတွေထဲမှာ ကျွန်တော်မန္တလေးတက္ကသိုလ် ကိုရောက်ပြီး ကျောင်းသားညီညွတ်ရေးတပ်ဦးအဖွဲ့ဝင် (တရားဝင်အခေါ်ကကောင်စီဝင်ပါ)ဖြစ်ဖို့ လျှောက် လွှာတင်တဲ့အခါမှာ သူနဲ့ကိုသောင်းရွှေတို့က ထောက်ခံချက်ပေးခဲ့တာလည်းပါဝင်ပါတယ်။ အဲဒီတုန်းက သူပြောတဲ့စကားကိုလည်း နားထောင်ကြည့်လိုက်ပါ- “ဒီကောင့်ဆိုရင်တော့ ငါထောက်ခံတယ်ကွာ” လို့ဆိုပြီး လျှောက်လွှာပေါ်မှာ ချက်ခြင်းလက်မှတ်ရေးထိုးပေးခဲ့တာပါ။ 

သူမို့လူထုတိုက်ထဲကိုရောက်လာရင် ရောက်လေရာစားပွဲတိုင်းမှာ တဝါးဝါးတဟားဟား အသံကြားရတော့တာပါပဲ။ နောက်တော့ သူနဲ့အတူ တတွဲတွဲပါလာတတ်တဲ့ ဒွာရာဝတီဘုန်းလူ၊ မောင်စန်းသော်၊ မေမြို့မိုးကြည်စတဲ့ (အဲဒီတုန်းက) လူငယ်ကလောင်ရှင်တွေလည်း လူထုတိုက်သားတွေနဲ့ရင်းနှီးလာခဲ့ပါတယ်။ ဒါ့အပြင် သူဟာ လူထုကိုသူ့နောက်မှရောက်လာတဲ့ ပန်းချီဆရာ ကိုပေါ်ဦးသက်၊ ကိုဝင်းဖေ၊ စန္ဒရား ကိုသိန်းမောင်တို့လို ခေတ်သစ်လူငယ်အနုပညာသည်များနဲ့လည်း ငယ်ပေါင်းများသဖွယ် တခဏချင်း ရင်းနှီးသွားတာကိုလည်း မှတ်မိနေပါတယ်။ 

အဲဒီပုဂ္ဂိုလ်များနဲ့ ကျွန်တော်လည်း ရင်းနှီးပါတယ်။ ဒါပေမဲ့ အသက်ရော၊ ပညာပါကွာလွန်းလှတော့ ကျွန်တော်ဟာ သူတို့ပြောသမျှကို ပါးစပ်လေးအဟောင်းသားနဲ့ လိုက်နားထောင်တဲ့လူအဖြစ်သာ တည်ရှိခဲ့ပါတယ်။ ကိုစိန်မြင့်ရဲ့အနုပညာ (စာပေ) ကို ပထမဆုံးခံစားရ၊ အသိအမှတ်ပြုရတာကတော့ အဲဒီတုန်းက မန္တလေးတက္ကသိုလ်နှစ်လည်မဂ္ဂဇင်းတွေနဲ့၊ မိန်းဟောစင်္ကြန်တလျှောက်က နံရံကပ်စာစောင်တွေမှာဖတ်ရတဲ့ မောင်သက်ဦးဆိုသူရဲ့ကဗျာတွေဖြစ်ပါတယ်။ မောင်သက်ဦးဆိုတာ သူ့ရဲ့အစောဆုံးကလောင်နာမည်ထင်ပါရဲ့။ သေချာတော့ မမှတ်မိပါဘူး။ 

ဒီလိုနဲ့သူနဲ့ မမအမာ (သူ့ဇနီးဖြစ်လာသူ) တို့ သမီးရည်းစားဖြစ်တော့ ကျွန်တော်တို့မောင်နှမတွေအဖို့ အမတယောက်တိုးရပြန်ပါတယ်။ အဲဒီနောက် ဗိုလ်နေဝင်းရဲ့ ၁၉၅၈ ခုနှစ် အာဏာသိမ်းပွဲနောက်မှာထင်ပါရဲ့။ ကျောင်းသားခေါင်းဆောင်တွေကိုဖမ်းတော့ ကိုစိန်မြင့်လည်း အဖမ်းခံရပါတယ်။ ထူးခြားတာတခုက အဲဒီကာလတုန်းက ကျောင်းသားတွေကိုဖမ်းရင် ရဲဌာန/ဂတ်တဲ/ရဲစခန်း/တွေထဲမှာပဲ ထားတာပါ။ အဲဒီအရင်တုန်းကတော့ ထောင်ထဲပို့တာ၊ ဖိုးချင်း (4th Chin) တပ်ထဲမှာထားတာတွေရှိခဲ့ပါတယ်။ ထောက်လှမ်းရေးကိုတော့ ဖြတ်သန်းရတာချည်းပဲထင်ပါတယ်။ ဂတ်ထဲမှာထားတယ်ဆိုတော့လည်း ညပိုင်းမှာသာ အချုပ်ခန်းသံတိုင်နောက်ကိုဝင်ရပြီး နေ့ခင်းပိုင်းမှာတော့ ဂါတ်တဲဝင်းထဲမှာပဲ ထင်သလိုနေရပါတယ်။ တယောက်ဆိုရင် ဌာနာအုပ်ရဲ့ကလေးတွေကိုစာသင်ပေးရာကနေ နောင်မှာအဲဒီဌာနာအုပ်ရဲ့သမီးနဲ့အိမ် ထောင်ကျတာတောင်ရှိဖူးပါတယ်။ ကိုသာနိုး (ကြီး) ကိုတော့ အမှတ် ၁၆ သံတဲဂတ်ထဲမှာချုပ်ထားပြီး ရုရှားစာလေ့လာဖို့ အထူးအခွင့်အရေးပေးသလိုထားပါတယ်။ ကျွန်တော်တို့က စိန်ပီကျောင်းမှာတက်နေတော့ ကျောင်းမတက်မီ ဂါတ်တဲဓမ္မာရုံဘေးမှာ ရုရှားစာလေ့လာနေတဲ့ကိုသာနိုးနဲ့ ခဏ ခဏ သွားတွေ့ပါတယ်။ မနက်တိုင်းလိုပါပဲ။ ထားတော့။ အဲဒီအခေါက်မှာ ကိုစိန်မြင့်တယောက်လည်း အဖမ်းခံရပြီး သူ့ကိုတော့ စိန်ပန်းဂါတ်မှာချုပ်ထားပါတယ်။ အဲဒီတုန်းက ကျွန်တော်နဲ့ လူထုသတင်းစာ ကိုသစ်လွင်တို့ စက်ဘီးလေးကိုယ်စီနဲ့ နေ့ခင်းပိုင်းမှာ သူ့ကိုသွားတွေ့ကြတာ မှတ်မိနေပါတယ်။ သူကတော့ အဖမ်းခံနေရလေဟန် လုံးဝမပြဘဲ တဝါးဝါး တဟားဟားပဲ ပြောနေတာပါ။ အဲဒီအချိန်မှာ သူအိမ်ထောင်မပြုသေးဘူးလို့ ထင်ပါတယ်။ သူမင်္ဂလာဆောင်တာက မန္တလေးက မီးရထားဟော်တယ်မှာပါ။ (ဟော်တယ်ဆိုပေမယ့် ဟော်တယ်နဲ့မျက်နှာချင်းဆိုင်မှာရှိတဲ့ အားကစားရုံထဲမှာပါ)။ ကျွန်တော့်မိဘတွေနဲ့သွားခဲ့တာကိုမှတ်မိနေပါတယ်။ အဲဒီနောက်မှာ သူ့သားဦးကိုမွေးတော့ သူက ဆရာကြီးရွှေဥဒေါင်းရဲ့ရတနာပုံဝတ္ထုထဲကအဓိက ဇာတ်ကောင်ကိုအစွဲပြုပြီး ထွန်းမြတ် (ဦး) လို့ နာမည်ပေးပါတယ်။ 

ကျွန်တော်မှတ်မိသလောက်ဆိုရင် သူမန္တလေးမှာရှိနေတုန်း (ရန်ကုန်ကိုဆင်းမကျက်စားမီ)၊ ကျွန်တော်အဖမ်းမခံရမီအထိ သူကျက်စားတဲ့ ဈေးချိုတော်မြောက်ဖက်တိုက်တန်းက မိုးဦးပန်းစာပေ၊ ခေတ်ဂျာနယ်စတဲ့နေရာတွေကို သွားလည်နေခဲ့တာ နှစ်ပေါင်းကိုမနည်းပါဘူး။ ဒီလိုနဲ့သူရန်ကုန်ရောက် သွားတာကလည်းတကြောင်း၊ သူကရုပ်ရှင် (ကျွန်တော်နဲ့လုံးဝမပတ်သက်တဲ့) နယ်ပယ်မှာ သွားလှုပ်ရှားနေတာကလည်းတကြောင်းတို့ကြောင့် သူနဲ့အတော်အဆက်ပြတ်သွားပါတယ်။ ကျွန်တော်အဖမ်းခံရပြီးနောက်တော့ ပိုဝေးတော့တာပေါ့။ ဒီနောက် ကျွန်တော်လက်နက်တိုက်ပွဲနယ်မြေကိုရောက်တော့ သူ့ရဲ့စာပေအနုပညာနဲ့ ရုပ်ရှယ်နယ်တို့က လှုပ်ရှားမှုသတင်းတွေကိုကြားနေခဲ့ရပြီး ရှစ်လေးလုံးနောက်ပိုင်းမှာ ဒီချုပ်ထိပ်ပိုင်းခေါင်းဆောင်တဦးအဖြစ်ပြန်ပေါ်လာတာကိုကြည့်ပြီး မုဒိတာပွားနေမိခဲ့ပါတယ်။ ဘာပဲပြောပြော သူ့ရဲ့ညီငယ်သဖွယ်၊ ကျောင်းသားတပ်ဦး၊ သမဂ္ဂစတဲ့ သူလျှောက်တဲ့လမ်းကိုလျှောက်ခဲ့တဲ့လူတယောက်အနေနဲ့ သူကွယ်လွန်သွားတဲ့အခါမှာ သူ့ဖြတ်သန်းခဲ့တဲ့လမ်းကြောင်းကို ပြန်စောကြောနေမိပါတယ်။ 

အဆင်းအတက်၊ အကွေ့အကောက်တွေများလှတဲ့ သူ့ရဲ့ရှည်လျားလှတဲ့သမိုင်းလမ်းကြောင်းမှာ အခြေခံအရ၊ ရပ်တည်ချက်အရ ဘာမှမမှားခဲ့ဖူးဘူးဆိုတာကိုတော့ မဖြစ်မနေပြောရမယ်လို့ ဆုံးဖြတ်ပြီး ရေးချလိုက်မိပါတယ်။ 

ဖိုးသံ (လူထု)

0 comments:

Post a Comment