Tuesday, December 28, 2021

တမာနုချိန် စစ်တမ်း // မြသန်းတင့်

0 comments
တမာနုချိန် စစ်တမ်း // မြသန်းတင့်
အညာသားဖြစ်၍လား မသိ။ ကျွန်တော်သည် နွေဆန်လျှင် အညာကိုလွမ်းတတ်လေသည်။ အညာကိုအလွမ်းဆုံးအချိန်မှာ တပို့တွဲလဆန်းမှ တပို့တွဲလပြည့်ကျော်လောက်အထိ အချိန်ဖြစ်ပါသည်။ တပေါင်းဆိုလျှင် အညာရာသီဥတုသည် ပူလွန်းသည်။ ရှုခင်းက ခြောက်သွေ့ လွန်းသည်။ တံလျှပ်တွေ စူးရဲလွန်းသည်။ တပို့တွဲလဆန်းမှာမူ သိပ်မပူ၊ သိပ်လည်းမချမ်း။ "ဆောင်းကျွတ်လုပြီ။ နွေရာသီလည်း၊ မပီတတ်သေး၊ ဝိုးဝါးထွေးလျက်"နေသော စပ်ကူးမပ်ကူးအချိန်ကလေး။
ထိုအချိန်သည် နွေနတ်သမီးက မြူဇာပဝါပါးကို နေလှမ်းချိန်။ ကျေးငှက်ကိုယ်စားလှယ် အဆင့်ဆင့်တို့၏ နှစ်ပတ်လည်ကွန်ဖရင့်။ ဂီတမိခင်က ဥသြငှက်ကို ဒိုရေမီဖာစ၍ သင်ပေးခါစ။ ဆက်ရက်က ထန်းရည်မူးပြီး ပေါက်ပင်ပေါ်တွင် ကျူးကျော်တဲဆောက်နေဆဲ။ ထန်းဆော်လေက ထန်းပင်များကြားတွင် လက်ညိုညိုများကိုရှောင်တိမ်းကာ ယာခရိုးတွင် တူတူပုန်းလျက်။ ရုက္ခဗေဒက ကလေးတို့ကို ဇီးသီးဝေချိန်။ သဇင်ကြွင်းက ဖန်ခွက်ထဲမှနောက်ဆုံးနှင်းစက်ကို အငမ်းမရ မော့နေဆဲ။ ကျေးဖိုက ကျေးမ၏မီးနေခန်းနားတွင် တရစ်သီသီ။ နှစ်ပတ်လည်လှေပြိုင်ပွဲဝင်မည့် ယောက်မက ထမနဲအိုးထဲတွင် လှော်တက်လေ့ကျင့်ခန်းဆင်းစ။ အင်ကြင်းနီအပျိုပေါက်က နှုတ်ခမ်းဆိုးဆေးကို မဆိုးတတ်ဆိုးတတ် ဆိုးလျက်။ အပြင်ခန်းသို့ ထွက်သွားသော နေလူပျိုသိုးသည် အတွင်းခန်းသို့ဝင်ရန် အီကွေတာခါးပန်းကို ကျော်နေဆဲ။ ကောင်လေးများက ထရိုက်ဇာဆွယ်တာပါးပါး လှလှကလေးများကိုခေါက်သိမ်း၍ ပရုတ်လုံးထည့်လျက်။ ပက်ကြားအက်နေသော အပျိုမလေး၏ပါးပြင်တွင် ဂလစ်ဆရင်းအလှဆီပြယ်ကာစ။ တစ်နှစ်လုံးအလေလိုက်နေသော မာဃကြယ်သည် အချစ်ဦးစန္ဒာကို မျက်နှာငယ်ကလေးဖြင့် ပြန်ကပ်ချိန်။ ကောက်လှိုင်းစည်းက သူ့စင်ပေါ်တက်ခွေပြီး သူ့တလင်းကိုလွမ်းလွမ်းဆွေးဆွေးကြည့်လျက်။ ကျောင်းပြေးက မှတ်စုစာအုပ်ငှားပြီး စိန္တိတကထာ(၄၇)ကို ပုံဆွဲတုန်း။ ညားကာစဇနီးမောင်နှံ စိတ်ကောက်ပြီးသူတို့ခုတင်ပေါ်မှဆင်းသွားသောအချမ်းဓာတ်ကို အိပ်ခန်းထဲတွင်လိုက်ရှာနေစဉ်။ ပြက္ခဒိန်ဟောင်းက ဘော်တယ်ကုလား၏ဂုန်နီအိတ်ထဲတွင်လိုက်သွားပြီး တစ်ရွက်လှန်ထားသောပြက္ခဒိန်သစ်က နံရံပေါ်တွင် အပြုံးလဲ့လဲ့။ ပြင်ဦးလွင်မြို့မှ ဆင်းလာကာစ စထရော်ဘယ်ရီသီးက ထင်းရှုးသေတ္တာကြားထဲမှနေပြီး ရေခဲသေတ္တာထဲကနို့စိမ်းဘူးကို စောင့်ကြည့်နေဆဲ။ တမာပင်က ဝစ်လစ်စလစ်ချွတ်ချလိုက်ပြီး မလုံ့တလုံရွက်နုကို ခြုံနေဆဲ။ ကျွန်တော်သည် တပို့တွဲအကုန် တပေါင်းအကူးအညာကို လွမ်းနေသည်။
နွေဆန်းလျှင် သည်လိုပင် အညာကို ကျွန်တော်လွမ်းတတ်ပါသည်။ စိတ်ကုသမားတော်တို့က နွေလွမ်းဝေဒနာဟု ရောဂါစစ်တမ်းပေးလိမ့်မည် ထင်သည်။ အညာသားက အညာကိုလွမ်းခြင်းဖြစ်သည့်အတွက် အိမ်လွမ်းဝေဒနာဟုလည်းခေါ်နိုင်လိမ့်မည်ထင်ပါ၏။ ပြောခွင့်ရပုဂ္ဂိုလ် မဟုတ်သည့်အတွက် သူများတွေအတွက်တော့ ကျွန်တော်မပြောတတ်။ ကျွန်တော်အဖို့မူ တမာနုချိန်သည် အညာနွေဦး၏ နိမိတ်ပုံ။ အညာနွေ၏အလင်္ကာ။ တစ်နှစ်၌ ကျွန်တော်သည် နွေဦးပေါက်ခါစ တပို့တွဲလဆန်းတွင် အညာသို့ပြန်ရောက်သွားသည်။ ချမ်းမြညနှင့် ပူအိုက်နေ့ကို တစ်လှည့်စီကြုံရသည်။ သို့ရာတွင် တပို့တွဲညများသည် ခိုက်ခိုက်တုန်အောင်လည်း မချမ်းတော့။ တပို့တွဲနေများသည်လည်း ပူလောင်လောင်မဖြစ်သေး။ နေလို့ကောင်းရုံ၊ လမ်းလျှောက်လို့ကောင်းရုံ၊ အိပ်လို့ကောင်းရုံ၊ စားလို့ကောင်းရုံသာဖြစ်သည်။
ကျွန်တော်ရောက်နေစဉ် အမေသည် ကျွန်တော်ကြိုက်တတ်သော အညာဟင်းတစ်ခွက်ကို ချက်ကျွေးသည်။ အခြားမဟုတ်ပါ။ အမဲခြောက်ကို ခရမ်းချဉ်သီးနိုင်နိုင် ငရုတ်သီးနိုင်နိုင်ထည့်၍ ဆီးသီးဖြင့်ချက်သော စပ်ချဉ်ဟင်းဖြစ်ပါသည်။ အမေသည် ထိုဟင်းနှင့်လွန်စွာလိုက်ဖက်သော အတို့တစ်မျိုးကိုလည်း ပြင်ဆင်ပါသည်။ ထိုအတို့မှာ တမာရွက်ဖြစ်ပါသည်။ တမာချဉ်ဟု ရန်ကုန်ကခေါ်သော ကုလားတမာရွက်ကြမ်းများကို မန်ကျည်းသီးဖြင့်ပြုတ်ထားသည့် အရာမျိုးမဟုတ်။ မြန်မာတမာ၊ တောတမာဟုခေါ်ကြသော တမာရွက်နုနုကလေးများကို အခါးပေါ့အောင် ရေနွေးဖြင့်ဖျောထားသည့်တမာရွက်တို့ ဖြစ်ပါသည်။ တမာတွေ ဘယ်နှစ်မျိုးရှိသည်ကို ကျွန်တော်မသိပါ။ ရေတမာ၊ ကုလားတမာ၊ တောင်တမာ၊ သင်္ဘောတမာ၊ တောတမာ၊ မြန်မာတမာ စသဖြင့်အမျိုးမျိုးခေါ်ကြပါသည်။ အညာတွင်မူ တမာရွက်တို့စားလျှင် မြန်မာတမာခေါ် တောတမာကိုသာ တို့စားတတ်ကြသည်။ အခြားတမာများကိုမူ တို့စားခြင်းမရှိပါ။ ရန်ကုန်တွင်ဖြစ်စေ၊ အောက်အရပ်တွင်ဖြစ်စေ ကျွန်တော် ရောက်လေရာရာတွင် တမာပင်ကိုလိုက်ရှာတတ်ပါသည်။ သို့ရာတွင် ဆယ်ပင်လျှင် တစ်ပင်မျှပင် တမာကို မတွေ့ရပါ။ တမာသည် အပူပိုင်းတွင်သာပေါက်သည့်အပင်ဖြစ်သောကြောင်း ရှားပါးနေခြင်းဖြစ်ပါသည်။ ကျွန်တော်တို့အညာတွင်မူ တမာပင်ကို ရှောင်၍မလွတ်ပါ။ ကျွန်တော်တို့မြို့အဝင်တွင် အင်္ဂလိပ်လက်ထက်ကစိုက်ထားခဲ့သော တမာတန်းရှိပါသည်။ ပခုက္ကူသို့အထွက် ပေတစ်ရာလမ်းတစ်လျှောက်တွင် တမာပင်တွေကိုချည်း တန်းစီစိုက်ထားသည်။ တော်တော်နှင့်မဆုံးနိုင်။ နှစ်မိုင်သုံးမိုင်လောက်တော့ ရှိမည်ထင်သည်။ ငယ်ငယ်တုန်းက ကျွန်တော်တို့တစ်တွေကျောင်းပြေးလျှင်လည်း တမာတန်းကိုပြေးကြသည်။ တမာသီးတွေလှိုင်လှိုင်ပေါသည့် ကဆုန်နယုန်သို့ရောက်လျှင် တမာပင်တွေပေါ်တက်ပြီး တမာသီးတွေကိုခူးကာ စစ်တိုက်တမ်းကစားကြသည်။ တမာသီးကလည်း ပေါသလားမမေးနှင့်။ တစ်ပင်တစ်ပင်ကို တင်းပေါင်းဆယ်ရာချီ၍ရသည်။ စက်မှုလုပ်ငန်းသာဖွံ့ဖြိုးလျှင် အညာကတမာပင်များသည် အလွန်အဖိုးတန်သော ဓာတုဗေဒကုန်ကြမ်း ပစ္စည်းများဖြစ်လာပေလိမ့်မည်။ သင်္ကြန်ကျခါနီးသည်နှင့် တမာပန်းတွေပွင့်ကြလေပြီ။ တမာရနံ့သည် နည်းနည်းတော့ရိုင်းသည်ဟု ကျွန်တော် ထင်သည်။ သို့ရာတွင် နံစော်သောပန်းဟူ၍ လောကတွင်မရှိ။ ထို့ကြောင့် တမာပန်းရနံ့သည်လည်း ရိုင်းသည့်တိုင် မွှေးမြဲတော့မွှေးပါသည်။
အတာအိုးထိုးလျှင် အမေက တမာခူးခိုင်းလေ့ရှိသည်ကို ကျွန်တော်သတိရမိပါသည်။
ကျွန်တော်တို့မြို့က တမာတန်းဘေးတွင် ခံပင်၊ ခံစပ်ပင်တွေပေါက်နေသည့်တောင်ကုန်းကလေးတွေရှိသည်။ ထိုတောင်ကုန်းကလေးများ ပေါ်က ခံစပ်ချုံလေးများတွင် စွေးတို့၊ ဗွတ်ဖင်နီတို့၊ ဗွတ်ကလုံတို့ စသည့်ငှက်ကလေးတွေ နေတတ်ကြသည်။ ထိုငှက်ကလေးများသည် အပင်မြင့်ကြီးများတွင်အသိုက်မလုပ်ဘဲ ပင်နိမ့်ကလေးများတွင်အသိုက်လုပ်တတ်ကြပါသည်။ တမာတန်းက တမာပင်တွေမှာ စစ်တိုက်တမ်း ကစားပြီးသည်နှင့် ကျွန်တော်တို့သည် ခံစပ်ကုန်းသို့သွား၍ ဗွတ်ဖင်နီကလေးများ၊ ဗွတ်ကလုံကလေးများကိုဖမ်းတတ်ကြသည်။ ဗွတ်ကလုံ ဗွတ်ဖင်နီတို့ဥချိန်မှာလည်း တပို့တွဲလ ဖြစ်သည်။ ကျွန်တော်သည် တစ်ခါတွင် ဗွတ်ကလုံတစ်ကောင်ကိုမိလာခဲ့ပါသည်။ အသိုက်ထဲတွင် ဥဥနေစဉ် ဖမ်းလာခဲ့ခြင်းဖြစ်ပါသည်။ ဗွတ်ကလုံသည် တေးဆိုသောငှက်မျိုးဖြစ်၍ အင်္ဂလိပ်လိုက BulBul ဟု ခေါ်ကြပါသည်။ ကျွန်တော် ဖမ်းလာသည့် ဗွတ်ကလုံငှက်မကလေးမှာ အိမ်ရောက်၍ လှောင်အိမ်ထဲထည့်ထားလိုက်သောအခါတွင် တေးဆိုခြင်းမပြုတော့ပါ။ မကြာမီ သေသွားပါသည်။ သစ်သီးဝလံ စသည်တို့ကို ကျွေးသော်လည်း ကောင်းစွာမစားတော့ပါ။ လွတ်လပ်မှုကိုဆုံးရှုံးပြီး သဘာဝမကျစွာဖြင့် နေရသဖြင့် စိတ်ညစ်ပြီးသေသွားဟန်တူပါသည်။
ကျွန်တော်တို့မြို့အဝင်က တမာတန်းနှင့်ပတ်သက်၍ ကျွန်တော့်တွင်သတိရစရာတွေ ရှိပါသေးသည်။ မြိုင်က အဓိကရ ဘုရားပွဲကြီးတစ်ပွဲ ဖြစ်သည့် ရွှေမြင်တင်ဘုရားပွဲသည် ကဆုန်လဆန်း (၈)ရက်နေ့လောက်စပြီး ကဆုန်လပြည့်အထိ ကျင်းပတတ်သည်။ ရွှေမြင်တင် ဘုရားဈေးပွဲကြီးသည် ထိုတမာတန်းတွင်ပင် ခင်းကျင်းတတ်ရာ ကျွန်တော်တို့တစ်သိုက်သည် တမာတန်းကို နေ့တိုင်းရောက်နေကြသည်။ ဘုရားပွဲဈေးမစခင်ကတည်းက တောကလာသည့်ဈေးသည်တွေ ပြည့်နေလေပြီ။ ထိုဈေးလှည်းများတွင် ထွန်တုံး၊ ခွတ်သန်၊ ဝါး၊ ဖျာ၊ မန်ကျည်း၊ ထန်းလျက်၊ ပဲ၊ ပြောင်းဆန်၊ ကြိမ် စသည့် လယ်ယာနှင့်သစ်တောထွက်ပစ္စည်းတွေ ပါလာတတ်သည်။ မြို့ကလာသည့် ဈေးလှည်းများမှာ အထည်အလိပ်၊ အလှကုန်ပစ္စည်း၊ အဖျော်ယမကာ၊ အိမ်တွင်းဖြစ်အလှကုန်ပစ္စည်း၊ ငါးပိ၊ ငါးခြောက် စသည့် ကုန်ခြောက်ပစ္စည်းများပါလာတတ်သည်။ တောဘုရားပွဲသည် မြို့နှင့် တောတို့၏ ပေါင်းဆုံရာနေရာတစ်ခုဖြစ်ပါသည်။ စက်မှုလုပ်ငန်း အသေးစားနှင့်လယ်ယာတို့ ဈေးကွက်ပြိုင်ရာလည်းဖြစ်သည်။
နောက်သတိရနေသေးသည့်ရှုခင်းမှာ တမာတန်းနားက တမာပင်တစ်ပင်ပေါ်တွင် မိန်းကလေးတစ်ဦး ကြိုးဆွဲချ၍သေနေသည့်ရုပ်ပုံဖြစ်သည်။ ထိုမိန်းကလေး၏အမည်ကို ကျွန်တော်မမှတ်မိတော့။ ထိုစဉ်က ကျွန်တော်က ဆယ်နှစ်သားအရွယ်၊ မိန်းကလေးက အသက်(၁၈)နှစ်၊(၁၉)နှစ် အရွယ်။ မိန်းကလေးသည် အရှက်ထက် အသက်ကိုမငဲ့နိုင်တော့ဘဲ ကြိုးဆွဲချသေသွားခဲ့သည်။ သူ့အရှက်ကိုထိန်းသိမ်းပုံမှာ အံ့သြလောက် ပါသည်။ မိန်းကလေးသည် သေပြီးသည်၏အခြားမဲ့မှာပင် သူ့အရှက်ကိုထိန်းသိမ်းလိုသည့်နှယ် ကြိုးတစ်ချောင်းဖြင့် ခါးကထဘီကို သေသေသပ်သပ်စည်းသွားခဲ့သည်။ လောကတွင် လူအမျိုးရှိပါသည်။ အချို့သည် အသက်ရှင်နေကြသော်လည်း အရှက်မရှိကြပါ။ အချို့မှာ အသက်ရှင်လျက်ရှိစဉ်တွင်သာအရှက်ရှိပြီး သေသည်နှင့် အရှက်ကိုပါခွာချခဲ့ကြပါသည်။ ဒုတိယအမျိုးအစားသည် ပထမအမျိုးအစားထက် ချီးကျူးဖို့ကောင်းပါသည်။ သို့ရာတွင် ချီးကျူးစရာအကောင်းဆုံးမှာ အသက်ရှင်လျက်ရှိစဉ်မှာရော သေသည်၏အခြားမဲ့မှာရော မိမိ၏ ဂုဏ်သိက္ခာနှင့် မိမိ၏အရှက်ကိုထိန်းသိမ်းသွားကြသော လူမျိုးဖြစ်ပါသည်။ တမာတန်းတွင် ကြိုးဆွဲချ၍သေသွားသော အမည်မသိသည့် မိန်းမပျိုသည် အပေါ်ယံရွှေမှုန်ကြဲအထဲက နောက်ချေးခံထားသူ လူကြီးလူကောင်းအမည်ခံတို့ထက် ချီးကျူးလေးစားထိုက်သည်ဟု ကျွန်တော်ထင်ပါသည်။
တမာတန်းကို လွမ်းစရာ ကျန်းသေသည်။ ငယ်ငယ်(၇)နှစ်သားလောက်တုန်းက ကျွန်တော်သည် သူငယ်ချင်းတစ်ယောက်နှင့်အတူ အိမ်မှ ထွက်ပြေးခဲ့ဖူးပါသည်။ အိမ် ထွက်ပြေးခြင်းမှာ ဘာအကြောင်းမျှ မရှိပါ။ တမာတန်းသို့ သူငယ်ချင်းနှစ်ယောက် ငှက်ဥသွားနှိုက်ကြရင်း မရည်ရွယ်ဘဲနှင့်ထွက်ပြေးကြခြင်း ဖြစ်ပါသည်။ ထိုနေ့က မိုးဖွဲကလေးတွေ ကျနေပါသည်။ တမာပန်းနုတွေကလည်း သင်းနေပါသည်။ ကျွန်တော်သည် တမာတန်းကို အဆုံးအထိမရောက်ဖူးသေးပါ။ သုံးလေးမိုင်ဝေးသဖြင့် မရောက်ဖူးသေးခြင်းဖြစ်ပါသည်။ ဤတွင် ကျွန်တော်သည် တမာတန်းကို အဆုံးအထိသွားကြည့်ချင်လာပါသည်။ တမာပန်းနုက ကျွန်တော့်ကို သွေးဆောင်ဖြားယောင်းနေသည်ဟု ဆိုနိုင်ပါသည်။ ကျွန်တော့်အထင်တွင် ပခုက္ကူရောက်သည်အထိ တမာပင်တွေကို တန်းစီပေါက်လိမ့်မည်ဟုထင်နေပါသည်။ ထိုတမာတန်းတစ်လျှောက်ကို ကျွန်တော်သွားကြည့်ချင်နေပါသည်။ ထို့ကြောင့် သူငယ်ချင်းနှစ်ယောက်တိုင်ပင်ပြီး တမာတန်း ပေတစ်ရာအတိုင်းလျှောက်လာခဲ့ကြပါသည်။ လမ်းတွင် ခွဖြင့် ငှက်ပစ်လိုက်၊ ရေအိုင်တွေ့လျှင် ဝင်ဆော့လိုက်ဖြင့်။ သို့ရာတွင် လေးမိုင်လောက်လျှောက်မိသည့်အခါ တမာတန်းသည် ဆုံးသွားပါသည်။ ရှေ့တွင် တမာပင်တွေ မရှိတော့ပါ။ ဤတွင် ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက် သည်လိုတမာတန်းများ လမ်းတစ်လျှောက်တွင်ရှိရဦးမည်ဟုတွေးကာ တမာတန်းရှာပုံတော် ဆက်လက် ထွက်ခဲ့ကြပါသည်။ ဆယ့်ငါးမိုင်လောက်ရောက်သည်အထိ တမာတန်းကို မတွေ့တော့ပါ။ ဤတွင် ကျွန်တော်တို့ ကြောက်လာပြီး အားငယ်လာကြပါသည်။ ထိုစဉ်က ကျွန်တော်တို့နှင့်မျက်နှာချင်းဆိုင်မှ လှည်းနှစ်စီးပေါ်လာပြီး လှည်းပေါ်မှ လူကြီးတစ်ယောက် ဆင်းလာပါသည်။ ထိုလူကြီးမှာ ကျွန်တော်တို့အိမ်နီးနားချင်း လက်ဖက်ကုန်သည် တစ်ယောက်ဖြစ်ပါသည်။ သူသည် ကျွန်တော်တို့ (၇)နှစ်အရွယ်ကလေးနှစ်ယောက်ကို လူသွားလူလာပြတ်သည့် ပေတစ်ရာကြီးပေါ်တွင် မြို့မှ ဆယ့်ငါးမိုင်ခရီးအကွာ၌ တွေ့ရသည့်အခါ အံ့အားသင့်နေပါသည်။ သူက အကျိုးအကြောင်းကိုမေးသည့်အခါတွင် ကျွန်တော်တို့ကောင်းကောင်းမဖြေနိုင်ပါ။ ဤတွင် သူရိပ်မိလိုက်ပါပြီ။ သူသည် လမ်းဘေး နဘူးချုံမှ ကြိမ်တစ်ချောင်းကိုချိုး၍ ကျွန်တော်တို့နှစ်ယောက်ကို တစ်ချက်စီရိုက်ပြီး လှည်းပေါ်သို့အတက်ခိုင်းပါသည်။ သည်အရွယ်မှာ အိမ်ပြေးရသလောဟုဆိုကာ တော်တော်လည်းစိတ်ဆိုးနေဟန်တူပါသည်။ ညနေပိုင်း အိမ်သို့ပြန်ရောက်သည့်အခါတွင် တစ်မြို့လုံးလိုက်ရှာပြီး မတွေ့သဖြင့် လူပျောက်မှုဖြင့်ဂါတ်တိုင်ထားပါသည်။ လက်ဖက်ကုန်သည်က အိမ်သို့သွားအပ်သည့်အခါတွင် အဖေသည် စိတ်ဆိုးလွန်းသဖြင့် ကျွန်တော့်ကို တိုင်တွင်ကြိုးတုပ်ပြီး ရိုက်ပါသည်။ ကျွန်တော်သည် နောက်ကြီးပြင်းလာသောအခါတွင် အိမ်မှ နှစ်ခါလောက်ထွက်ပြေးဖူးပါသေးသည်။ တမာတန်းကပေါ်ခဲ့သော အိမ်ပြေးစိတ်သည် ကြီးသည်အထိ ပါလာသလားမဆိုနိုင်ပါ။
တမာတန်းနှင့်ပတ်သက်၍ နောက်တစ်ချက် ကျွန်တော် သတိရစရာကျန်သေးသည်။ ယင်းမှာ ဂျပန်တော်လှန်ရေးအတွင်းက ဂျပန်တို့ အသတ်ခံသွားရသော ကျွန်တော်တို့ဖက်ဆစ်တော်လှန်ရေး ရဲဘော်ကိုတင်ဦး၏သင်္ချိုင်းရှိသောကြောင့် ဖြစ်ပါသည်။ ကိုတင်ဦးသည် မြို့နှင့် ဆယ်မိုင်ခန့်ဝေးသောရွာတစ်ရွာတွင် ဂျပန်မိသွားပြီး ကိုယ့်ကျင်းကိုယ်တူးခိုင်းကာ ကျင်းဝတွင်ဒူးထောက်ခိုင်းပြီး ဓားဖြင့်ခုတ်သတ်လိုက် ပါသည်။ သူ့အလောင်းကို ထိုရွာအနီးကကျင်းထဲတွင် ဂျပန်က မြှုပ်ပစ်ခဲ့ပါသည်။ စစ်ကြီးပြီးသွား၍ ဖက်ဆစ်ဆန့်ကျင်ရေးအဖွဲ့တွေ ဖွဲ့သော အခါတွင် ကျွန်တော်တို့သည် ကိုတင်ဦး၏အရိုးကိုသွား၍ဖော်ကာ မီးသဂြိုဟ်ပြီး တမာတန်းဘေးက ခံစပ်ကုန်း တောင်ကမူကလေးပေါ်တွင် အုတ်ဂူကလေးတစ်ခု လုပ်ကြပါသည်။ ထိုစဉ်က မြို့ပိုင်နှင့် အင်္ဂလိပ်အလိုတော်ရိလူကြီးမင်းများက မြို့ထိပ်တွင် သင်္ချိုင်းဂူလုပ်ရမည်လောဟု ဆိုကာ ကန့်ကွက်တားမြစ်ခဲ့ကြပါသည်။ သို့ရာတွင် ကျွန်တော်တို့လူငယ်များသည် သူတို့တားမြစ်ချက်ကိုဖီဆန်ကာ ကိုတင်ဦး၏အရိုးပြာများ ကို ထိုတောင်ကမူကလေးပေါ်တွင် ဂူသွင်းကြပါသည်။
ထိုတစ်ခေါက် အညာသို့ရောက်စဉ် ကျွန်တော်သည် ရေနွေးကြမ်းနှင့်အမဲခြောက်ဖုတ်ကို စာအုပ်နှင့်တွဲဖက်မြည်းရင်း အိမ်နောက်က တမာပင်ကလေးကို ကြည့်နေမိပါသည်။ အမေက အမဲခြောက်စပ်ချဉ်ဟင်း၊ တမာရွက်တို့ဖြင့်ကျွေးသဖြင့် တမာတန်းကိုသတိရကာ တမာပင်ကလေးကို မော့ကြည့်မိလိုက်ဖြင်းဖြစ်ပါသည်။ တမာရွက်တွေကြွေနေသည်မှာ သုံးလေးရက်ရှိပါပြီ။ ရိုးတံပြိုင်းပြိုင်းဖြစ်နေသော တမာပင်ကိုကြည့်၍ ကျွန်တော် နွေလွမ်းဝေဒနာဝင်လာပါသည်။ သည်နေ့မော့ကြည့်လိုက်တော့ နှစ်ရက်သုံးရက်ခန့် ရိုးတံပြိုင်းပြိုင်း ဖြစ်နေသော တမာပင်ကလေးတွင် ရွက်နုတွေထွက်နေသည်ကို ကျွန်တော် မြင်နေပါသည်။ ပြက္ခဒိန်ကိုမော့ကြည့်လိုက်တော့ ဖေဖော်ဝါရီ (၂၄)ရက်။ ကျွန်တော်သည် နေ့စဉ်မှတ်တမ်းစာအုပ်ကို ထယူကာ အိမ်နောက်ဖေးက တမာပင်ကလေး ရွက်နုတွေစထွက်တဲ့နေ့ဟု မှတ်ထား လိုက်ပါသည်။ အခြားသောတမာပင်များကို ကြည့်လိုက်တော့လည်း ရွက်နုတွေဆင်စပြုနေပါသည်။ တမာပင်တို့သည် တပို့တွဲလ ပြည့်ကာနီးနှင့် လပြည့်ကျော်တို့တွင် ရွက်နုဆင်သည်ကို ကျွန်တော်တွေ့ရပါသည်။
ရှေးစာဆိုတို့က တမာကို မကောင်းသည့်ဘက်တွင် ဥပမာတင်စား၍သုံးခဲ့ကြပါသည်။ တမာလို မခါးနဲ့၊ ပျားလိုချိုဟု ပြောကြပါသည်။ တမာရောယှက်၊ စိုက်ရောဖက်က၊ သရက်ပင်မင်း၊ သီးချိုကင်း၏ဟု ဆိုကြပါသည်။ သို့ရာတွင် ယင်းမှာ တစ်ဖက်သက်ကျသော နိဂုံးချုပ်နည်းဟုထင်ပါသည်။ တမာသည် အဆင်းမလှသော်လည်း အရိပ်ကိုပေးပါသည်။ တမာပန်းရနံ့သည် ရိုင်းသော်လည်း မွှေးမြဲ မွှေးပါသည်။ တမာရွက်သည် အကြွေမြန်သော်လည်း ချက်ချင်း ရွက်နုထွက်ပါသည်။ တမာသည် ခါးသည်ဟုဆိုသော်လည်း ခံတွင်းမြိန်စေပါသည်။ နောက်ပိုင်းတွင်မူ ကဗျာဆရာတို့က တမာပန်းကို ဖွဲ့လာကြပါသည်။ တမာသည် အညာ၏ပုံရိပ်ဖြစ်လာပါသည်။ ချိုပြုံးက
“တမာတောမှာ ပျော်တယ်ဆိုတဲ့ မောင်ရေ မောင်ရေ” ဟု တမာကို လွမ်းတစွာညည်းပါသည်။
တမာနုချိန်သည် ကျွန်တော့်နွေလွမ်းဝေဒနာ၏ ရောဂါလက္ခဏာချက်ဖြစ်ပါသည်။ ကျွန်တော့်အိမ်လွမ်းဝေဒနာ၏ ပြဒါးတိုင်လည်းဖြစ်ပါသည်။
မြသန်းတင့်
(စာပြီးနှစ် ၁၉၈၉)

သူ့မယား ( ဇော်ဂျီ )

0 comments
သူ့မယား ( ဇော်ဂျီ )
(၁)
စျေးသည်မ မဖော့သည် ကိုဆင်၏ မယား ဖြစ်သည်။
မဖော့သည် မြို့သို့တက်၍ ကုန်စိမ်းရောင်းလေ့ရှိရာ နံနက်တိုင်း ဗျပ်ကိုရွက်၍ မြို့သို့ တစ်မိုင်နီးပါးခန့် ခြေကျင်သွားရသည်။ အရောင်းရ တွင်လျှင် စောစော ပြန်လာတတ်၍ အရောင်းရ ထိုင်းလျှင် နေစောင်းမှ ပြန်လာတတ်သည်။ ပြန်လာတိုင်း ချောင်းကိုဖြတ်ကာ ရွာဘက်သို့ ကူးထားသော ဝါးတံတားသို့ ရောက်လျှင် လင်စိတ်၊ သားသမီးစိတ်တို့သည် အလိုလို ပေါ်လာတတ်ကြလေသည်။
မဖော့သည် အရပ် ထောင်ထောင်မောင်းမောင်း ဖြစ်သည်။ ဆံပင်သည် နီကြန်ကြန် ဖြစ်၍ တစ်ထွာသာသာလောက် ရှည်သည်။ သွား အတန်ငယ် ခေါသည်။ သို့ရာတွင် အရုပ်ဆိုးဟု မဆိုသာချေ။ ကိုဆင်သည် အိမ်၌ ထိုင်စားသမား ဖြစ်သည်။ အို... ထိုင်စားသမား သက်သက်လည်း မဟုတ်ပါပေ။ အိမ်မှာ ထမင်းအိုး တည်ရသည်။ သားငယ်၊ သမီးငယ်များကို ထိန်းရသည်။
ကိုဆင်သည် ငယ်စဉ်က သာမဏေ ဘဝ၌ ကိုးနှစ်ခန့် နေခဲ့ဖူးသူ ဖြစ်သဖြင့် စာပေ၌ အတော်အတန် ခေါက်မိသည်။ စိတ်ထား သဘောထား ကောင်းသည်။ ရယ်ရယ်မောမော နေတတ်သည်။ အလှူ မင်္ဂလာပွဲများတွင် ရှေ့တန်းက ပါတတ်သည်။ သူ၏ အရပ်အမောင်းမှာ မယားလောက် မမြင့်လှ။ ဆံပင် ကောင်းသည်။ နှုတ်ခမ်းမွေး ရေးရေး ရှိသည်။ ရင်အုပ် ကျဉ်းသည်။ ထိုးကွင်းကို ဒူးအထိ ထိုးထားသည်။
သူတို့နှစ်ယောက် ညားကြ၍ သားငယ်တစ်ယောက် ရပြီးသည်အထိ မဖော့သည် စျေးရောင်းလည်း ထွက်သည်။ ကိုဆင်ကိုလည်း ပြုစုရှာသည်။ သားတစ်ယောက် နောက်ထပ် တိုးလာသောအခါ မဖော့သည် စျေးရောင်းသာ ထွက်နိုင်ရှာတော့သည်။ နောက်တစ်ဖန် သမီးတစ်ယောက် တိုးလာပြန်သောအခါ မဖော့ အလွန်မောပန်း လာတတ်သည်။ ကုန်ရှုံးသော အလှည့်နှင့် ကြုံသည့်အခါ သနားဖွယ်သာ ဖြစ်တော့သည်။ သို့ရာတွင် မဖော့သည် ညည်းသည် မရှိ။
"အရှေ့ပိုင်းက မင်္ဂလာဆောင်မှာ ညည်းယောက်ျား မင်္ဂလာဩဘာစကား ပြောပုံကို ညည်း လာပြီး နားထောင်စေ့ချင်တယ် သူငယ်ချင်းမရဲ့၊ အလွန်ခံ့တယ်။ ညည့်ယောက်ျား ပညာ ပြည့်ပါပေတယ်အေ့" ဟု မဖော့ သူငယ်ချင်းမ တစ်ယောက်က ကိုဆင်ကို ချီးမွမ်းဖူးလေသည်။ ထိုအခါ မဖော့သည် အလွန် အားရသည်။ သူ၏ စိတ်ထဲတွင် ကျက်သရေ အပေါင်းတို့ ပြည့်လျှမ်းနေသော လင်၏ မျက်နှာကို မြင်လာ ထင်လာသည်။ တစ်ခါတစ်ရံ တစ်ဆယ့်လေးနှစ်အရွယ် သားအကြီးက တံတားမှ ဆီးကြို၍ အမေ့ ဗျပ်၊ တောင်း စသည်တို့ကို ကူသယ်ပေး၏။ ထိုအခါ မဖော့သည် အားရပြန်သည်။ "မောင်မင်းကြီးသားကြောင့် ဒီသားကလေး အားထားရပေတယ်" ဟု တွေးမိသည်။
တစ်ခါသော် အိမ်ငယ်ရှေ့သို့ ထန်းရည်မူးသမားတစ်ယောက် ရောက်လာ၍ အိမ်ရှေ့ကပြင်၌ စကားပြောနေကြသော မဖော့တို့ သားအမိကို မထီမဲ့မြင်ပြုလိုသော မျက်စိဖြင့် ကြည့်လေသည်။ ထိုအခါ သားအမိသည် အိမ်တွင်းသို့ ပြေးဝင်ကြသည်။ အိမ်တွင်းက ကိုဆင်သည် အိမ်ရှေ့သို့ ကပျာကယာ ထွက်လာ၍ ကပြင်၌ ခါးထောက်ကာ ရပ်နေလိုက်သည်။ မထီမဲ့မြင်ပြုလိုသောမျက်လုံးတို့သည် ချာခနဲ လှည့်သွားပြီးနောက် ယိမ်းထိုး သွားကြသော ခြေတို့နှင့်အတူ ယိုင်ယမ်းကာ ပါသွားကြသည်။ ထိုအခါ အိမ်ခန်းတံခါးမှ ခေါင်းပြူ ကြည့်နေသော မဖော့သည် "မောင်မင်းကြီးသား မရှိလျှင် ဒုက္ခ အဖြစ်ပဲ" ဟု တွေးမိပြန်သည်။
မဖော့သည် ယခု သုံးဆယ့်ခုနစ်နှစ် အတွင်းသို့ ဝင်ပြီ။ ကိုဆင်သည် မဖော့ထက် ခြောက်နှစ်မျှ ကြီးသည်။ ကိုဆင်သည် ဤအသက်အရွယ် အထိ မည်သည့် အလုပ်ကိုမျှ ဖြစ်ဖြစ်မြောက်မြောက် မလုပ်ခဲ့ဖူးချေ။ "ထဘီနား ခိုစားသည်" ဟု မလိုသူတို့က ကဲ့ရဲ့ကြလျှင် "အလို ... ဝေဿန္တရာ မင်းကြီးတောင် မဒ္ဒီရဲ့ လုပ်စာကို ထိုင်စားသေးတာပဲ" ဟု ရယ်သလို မောသလိုနှင့် ပြန်ချေလေ့ ရှိသည်။ "ကိုယ့်ကုသိုလ်နှင့် ကိုယ်ဖြစ်တာ၊ မနာလို တိုရှည် မဖြစ်ကြနှင့်လေ" ဟု နောက်ထပ် ဆက်လိုက်သေးသည်။ သို့ရာတွင် စိတ်ထဲ၌ကား နာကျင်မိသည်။ နာပင် နာငြားသော်လည်း နာရမှန်း မသိ။ စကားနိုင်လု၍ ပြောလိုက်ရသော သူ့ကိုယ်ကိုပင် သူ ချီးမွမ်းလိုက်သည်။
မလိုသူတို့သည် စကား အတင်စီး ခံကြရသဖြင့် သာ၍ မလိုစိတ် ပေါက်လာကြသည်။ အခွင့်ရတိုင်း မေးငေါ့ကြသည်။ မဲ့ရွဲ့ကြသည်။ ထိုသို့ မေး အငေါ့ခံခဲ့ရ၊ အမဲ့အရွဲ့ ခံခဲ့ရသော ဒဏ်ရာများသည် ကိုဆင် အသက်အရွယ် ကြီးလာသောအခါ ကိုဆင်၏ စိတ်တွင် ပေါ်လာကြသည်။
ထို့ကြောင့် ကိုဆင်သည် အစ်ကိုဝမ်းကွဲ တစ်ယောက်ထံမှ ငွေချေး၍ ဝါးရောင်းသည်။ ဝါးစျေးကျခိုက် ကြုံသဖြင့် ခွက်ခွက်လန်အောင် ရှုံးပါ လေ၏။ နောက်တစ်နှစ် မိုးဦးကျသောအခါ ကိုဆင်သည် လယ်အငှား ဆင်းထွန်ပြန်သည်။ ထွန်သွား ထိသဖြင့် ခြေသလုံးတွင် သွေးစက်စက်နှင့် ပြန်လာရသည်။ အနာကို ဆယ့်ငါးရက်လောက် ကုယူရသည်။
(၂)
အနာကျက်သော နေ့တွင် ကိုဆင်၏အသက် လေးဆယ့်သုံးနှစ် ပြည့်ပြီ။ အသား အနာသည် ကောင်းစွာ ကျက်ပေ၏။ သို့ရာတွင် စိတ်အနာကား ရင်းစ ပြုလာပြီ။
မဖော့သည် ခါတိုင်းကဲ့သို့ စျေးသို့ တက်သွား၏။ ထိုအခါ သားအကြီးသည် ဘုန်းကြီးကျောင်းသို့ သွားသည်။ သားအလတ်နှင့် သမီး အထွေးတို့သည် အိမ်ရှေ့ မန်ကျည်းပင်အောက်၌ ကစားကြသည်။ ကိုဆင်သည် ကပြင်၌ လက်ဖက်ရည်အဖန် သောက်သည်။ အတန်ကြာသောအခါ ခေါင်းရင်းအိမ်က သားသမီး ခြောက်ယောက်တို့၏ အဖသည် လက်သမားသေတ္တာထမ်း၍ ထွက်သွားသည်။ ခြေရင်းအိမ်က မယား မီးယပ်သည်မ၏ ယောက်ျားသည် ဓနိခုတ်ရန် ဓားကိုယူ၍ တစ်ဖက်ကမ်းသို့ လှေဖြင့် ကူးသည်။ မျက်နှာချင်းဆိုင် အိမ်က အဘိုးအိုပင်လျှင် တဒေါက်ဒေါက်နှင့် ယောက်မ ခုတ်နေသည်။
လက်ဦးတွင် ကိုဆင်သည် လက်ဖက်ရည် အဖန်ကို တစ်ခွက်ပြီးတစ်ခွက် ငှဲ့သောက်ကာ အိမ်ရှေ့၌ ကစားနေကြသော သားနှင့် သမီးတို့ကို ကြည့်၍ ကြည်နူးနေသည်။ သို့ရာတွင် အိမ်နီးချင်းတို့က တလှုပ်လှုပ်တရွရွ အလုပ်သွားကြ၊ အလုပ် လုပ်ကြသည်တို့ကို မြင်ရသောအခါ သားသမီးတို့ကို ကြည့်၍ မကြည်နူးနိုင်။ ထမင်းအိုးတည်ရမည်ဖြစ်သော သူ၏ အလုပ်ကို သူ သတိရလာသည်။ မေးငေါ့ကြသော မျက်နှာ၊ မဲ့ရွဲ့ကြသော မျက်နှာတို့ကိုလည်း မြင်ယောင်ယောင် ဖြစ်လာသည်။ ထို့ကြောင့် ခေါင်းငုံ့နေလိုက်သည်။ ထိုမျက်နှာတို့ကိုကား မမြင်ရ။ သို့ရာတွင် သူ့ဖြစ်ရှေး တသီတတန်ုးကြီးသည် သူ့မျက်စိတွင် ပေါ်လာသည်။ ရှင်လူထွက်သည့် အခါမှစ၍ ပိုးပဝါ တသသနှင့် လူပေါ်ကြော့ လုပ်လာခဲ့ပုံ၊ မဖော့နှင့် ညားပုံ၊ ကုန်ရှုံးပုံ၊ ခြေသလုံး၌ ဒဏ်ရာရပုံတို့ ဖြစ်သည်။ သူ ဝမ်းနည်းလာ၏။ ရှက်လာ၏။ သည်ဘဝနှင့် သူ မနေချင်၊ သူ ရုန်းထွက်ချင်သည်။ သူ တွေးသည်မှာ ရဟန်းဝတ်ရလျှင် ကောင်းမည်။ ရဟန်းဖြစ်လျှင် သူ ထမင်းအိုး တည်ရတော့မည် မဟုတ်။ ရဟန်းဖြစ်လျှင် နိဗ္ဗာန်ကို သူ မျက်မှောက် ပြုနိုင်မည်။ မယား၊ သားသမီးတို့သည် သူ့ကိုမှီ၍ ကုသိုလ် ရကြမည်။ သူ ကျွတ်ချိန်တန်ပြီ။ သူ ဘုရားဆုပန်မည်။ သူ ရဟန်း ဝတ်တော့မည်။ သူ့ အတွေးကား ဤသို့ပေတည်း။
ဪ ... ထမင်းအိုးတည်စရာ ရှိပါသေး၏ တကား။ မတည်လျှင် သူ ယနေ့ ထမင်းငတ်မည်။ သူ့သားနှင့် သမီးတို့ ငိုကြလိမ့်မည်။ ထို့ကြောင့် ကိုဆင်သည် စားဖိုသို့ ဝင်ရလေ၏။ ထိုအချိန်၌ မြို့စျေးတွင် စျေးရောင်းနေသော မဖော့သည် ကုန်စိမ်းများကို ရေပို၍ ဆွတ်သည်။ အလေးချိန် ပို၍စီးလျှင် အမြတ်ငွေ ပို၍ ရစရာ ရှိသည်။ ရလျှင် ကိုဆင်ဖို့ ဆေးပေါ့လိပ် ကောင်းကောင်း ဝယ်သွားမည်ဟု မဖော့ စိတ်ကူးနေသည်။
ကျွမ်းကျင်သည့်အလျောက် ကိုဆင်သည် ထမင်းကို ကောင်းစွာ ချက်နိုင်သည်။ ကျက်သောအခါ ကလေးများကိုခေါ်၍ မနေ့ညနေက ချန်ထားသောဟင်းနှင့် စားကြသည်။ စားပြီးသောအခါ ကလေးများသည် ဆော့မြဲတိုင်း ဆော့ကြပြန်သည်။ ကိုဆင်လည်း အိမ်ခါးပန်း၌ ခြေတွဲလဲချ၍ ဆေးပေါ့လိပ်ကို လက်ကြားညှပ်ကာ ယခင်အတွေးကို ပြန်၍ ကောက်သည်။ သူ ရဟန်းဖြစ်လျှင် မဖော့အိမ်သို့ နံနက်စောစော သူ ဆွမ်းခံကြွမည်။ မဖော့ စျေးသို့ မသွားသေးသဖြင့် မဖော့၏ မျက်နှာကို သူ မြင်ရမည်။ သူ့ သားသမီးများ၏ မျက်နှာတို့ကိုလည်း သူ မြင်ရမည်။ မဖော့သည် စာမတတ်၊ တရားမတတ်။ သေလျှင် မဖော့ အပါယ်ကျတော့မည်၊ မဖော့ကို သူ သနားလှသည်။ မဖော့ကို သူ တရားပြမည်။
ထိုသို့ တွေး၍ ကောင်းနေတုန်း သားနှင့် သမီးတို့၏ ငိုသံကို ကြားလိုက်ရာ အတွေးဆက် ပြတ်သွားသည်။ ညီမငယ်က အစ်ကို၏ မျက်နှာကို ကုတ်ဆွဲသဖြင့် အစ်ကို ငိုသည်။ တစ်ဖန် အစ်ကိုက ညီမငယ် ဆံပင်ကို ဆွဲလိုက်သဖြင့် ညီမငယ် ငိုပြန်သည်။
"နင်တို့ ငါ့ကို အလွန် ဒုက္ခပေးတယ်၊ အိမ်ထဲကို လာခဲ့ကြ။ နင်က သည်တိုင်မှာ ထိုင်၊ နင်က ဟိုတိုင်မှာ ထိုင်၊ မထကြနဲ့" ဟု ကိုဆင်သည် ကြိမ်းမောင်း၍ နေရာချပေးသည်။ ကလေးတို့သည် မျက်ရည်သုတ်၍ တစ်တိုင်စီမှာ ထိုင်ကြသည်။ ကိုဆင်သည် ထိုင်မြဲနေရာမှာ ပြန်ထိုင်၍ အတွေးကို ပြန်ကောက်သည်။ ကောက်၍ မရတော့ချေ။ အတန်ကြာသော အခါ ကလေးတို့ကို ကြည့်လိုက်သည်။ ကလေးတို့သည် ငိုက်နေကြသည်။ ကိုဆင်သည် သမ်းချင်လာသည်။
"ဘယ်ကိုမှ ထ မသွားကြနဲ့၊ တိုင်မှာသာ ထိုင်နေကြရမယ်" ဟု ပြောပြီးနောက် ကိုဆင်သည် တုံးလုံးလှဲ၍ မျက်စိတို့ကို မှိတ်လိုက်သည်။ ကိုဆင် မျက်စိမှိတ်သည်နှင့် တစ်ပြိုင်နက် ကလေးတို့၏ မျက်စိများသည် ပွင့်လာကြသည်။ တစ်ယောက်၏ မျက်နှာကိုတစ်ယောက် ကြည့်သည်။ မျက်စိမှိတ်နေသော ကိုဆင်ကို ကြည့်ကြပြန်သည်။ ကိုဆင် အိပ်ပျော်လျှင် သူတို့ ဆင်းကစားကြလိမ့်ဦးမည်။
မည်မျှ ကြာသွားသည် မသိ။ ကိုဆင် နိုးသောအခါ မဖော့၏ အသံကို ကြားရသည်။ မဖော့၏ အသံကြောင့်လည်း ကိုဆင် နိုးလာခြင်း ဖြစ်သည်။ မဖော့သည် မန်ကျည်းပင်ပေါ်သို့ မော့ကြည့်၍-
"ကြည့်စမ်း ... ဟဲ့ကောင်လေး ဆင်းခဲ့၊ မြန်မြန် ဆင်းခဲ့။ လိမ့်ကျရင် မခက်ပါလား၊ ညီမလေး ဘယ်မှာလဲ"
"ဟို ကမ်းနားမှာ"
"အကျိုးနည်းကုန်ပါပြီတော်။ ကိုဆင်၊ ရှင် သည်လိုပဲ ကလေးတွေကို ပစ်ထားရသလား။ တယ်တော်တဲ့ အဖေပါကလား ရှင်"
ထိုအခိုက် သမီးသည် ရွှံ့ပေနေသော လက်များဖြင့် အမေ့ထံသို့ ပြေးလာသည်။ သားသည် မန်ကျည်းပင်ပေါ်မှ ဆင်းလာ၍ မြေပြင်ကို နင်းမိပြီ။
ကိုဆင်သည် ကလေးတို့ကို မျက်စောင်းထိုး၍ ကြည့်၏။ ကလေးတို့သည် အမေကို ကွယ်နေကြသည်။ "ရော့ ... ကိုဆင်၊ ဆေးပေါ့လိပ်" ဟု မဖော့သည် ပြောပေး ပေး၍ ကလေးများကို စားဖိုဆောင်သို့ သိမ်းရုံး ခေါ်သွားသည်။ ကိုဆင်သည် စားဖိုဆောင်ဘက်သို့ လိုက်၍ ကြည့်သည်။ မဖော့သည် သမီး၏ လက်များကို ရေဆေးပေးသည်။ ထို့နောက် မိမိ ဝယ်လာခဲ့သော မုန့်ပဲတို့ကို ကလေးတို့အား ထုတ်ကျွေးသည်။ ထိုနောက် ကြမ်းပေါ်တွင် ခြေဆင်း၍ ဆံပင်ကို ဖြေသည်။ ခါးကို ရှေ့သို့ ကုန်းလိုက်သည်။ ထိုအခါ တစ်ထွာသာသာ ရှည်သော ဆံပင်တို့သည် ရှေ့သို့ ဖားလျား ကျလာ၍ ခြေသလုံးပေါ်တွင် ဝဲနေကြသည်။
"အမေ့ကျောကို တံတောင်နဲ့ ကြိတ်စမ်း" ဟု ဆိုသဖြင့် သားသည် ပါးစပ်ထဲ၌ မုန့်ကို ကိုက်လျက် အမေ့ကျောကို တံတောင်နှင့် ကြိတ်နေသည်။ ကျောသည် တံတောင်အောက်တွင် ယိုင်ယမ်း နေလေရာ မဖော့ကို ကြည့်ရသည်မှာ သရဲအခြောက် ခံနေရသည်နှင့် တူလှ လေသည်။
ကိုဆင်သည် မဖော့ကို မြင်၏။ သက်ပြင်းကြီးချ၍ "ငါ သင်္ကန်း ဝတ်မှ ဖြစ်မယ်" ဟု အတွေးဟောင်းတွင် အတွေးသစ် လောင်းလိုက်သည်။ သို့ရာတွင် မယားကို တော်တော်နှင့် မပြောဝံ့သေး။ နှစ်သစ်ကူးချိန် ရောက်မှ ပြောဝံ့၍ သူ့အကြံ အထမြောက်သွားသည်။
(၃)
ပြောစဉ်က တစ်လလောက် သင်္ကန်းဝတ်လိုကြောင်း ပြော၍ သင်္ကန်းဝတ်သည်။ သို့ရာတွင် သုံးလနီးပါး ရှိလာပြီ။ ကိုဆင် လူမထွက်သေးချေ။ ကလေးများကို ကြည့်ဖော်ရှုဖော် အဖြစ်ဖြင့် လာရောက် နေထိုင်သော မဖော့၏ ဒွေးလေးသည် သူ့၏ သမီးများကို အောက်မေ့လှပြီ။ သူ ရွာသို့ ပြန်ချင်ပြီ။ တစ်နေ့သောအခါ ဒွေးလေးက "ဦးပဉ္စင်း ... ဘယ်တော့ လူထွက်မှာလဲ" ဟု မေးသည်။ ဦးပဉ္စင်းသည် အမေးကို မဖြေ။ သင်္ကန်း၏ အရိပ်အာဝါသ အေးမြကြောင်း အစချီကာ ပါဠိဂါထာများကို ရွတ်၍ တရားဟောလေတော့သည်။ ဒွေးလေး ခက်ပြီ။ ဒွေးလေး နားသို့ ထိုတရားတော် မဝင်။ သူ့ကို မတရားသဖြင့် အိမ်မှာ ခေါ်ထားသည်ဟု အောက်မေ့၍ စိတ်ထဲတွင် ဒေါသူပုန်ထလေသည်။ ဦးပဉ္စင်း ကြွသွားသောအခါ ဒွေးလေးသည် "ဟေ့ ရှင်ဖော့၊ ငါ ပြန်ချင်ပြီ၊ ညည့်အိမ်မှာ ကျွန်ခံ မနေချင်ဘူး" ဟု မဖော့ကို ကြိမ်းသည်။ မဖော့ကလည်း ဦးပဉ္စင်းကို လူထွက်စေချင်လှပြီ။ တစ်ခါနှစ်ခါ လျှောက်ကြည့်ပါ၏။ တရားအဟောသာ ခံခဲ့ရသည်။ ဝါလည်း ဝင်လုပြီ။ ဒွေးလေးကလည်း နားပူလှပြီ။
ကြံရာမရသဖြင့် မဖော့သည် သူငယ်ချင်းမ တစ်ယောက်နှင့် တိုင်ပင်သည်။ ပြီးသောအခါ နှစ်ယောက်သား တဝါးဝါး ရယ်ကြသည်။
(၄)
ထိုနေ့ နံနက်ခင်းသည် နေရောင်ကြောင့် ဝါထိန်နေသည်။ မန်ကျည်းပင်ထိပ်က ချိုးကူသံသည် ဆက်ကာဆက်ကာ မြည်နေသည်။ မဖော့သည် မြို့သို့ စျေးရောင်းမတက်၊ အိမ်တွင် ကိုယ်တိုင် ချက်ပြုတ်ကြော်လှော် နေသည်။ ပြီးလျှင် ရေမိုးချိုး၍ သနပ်ခါးလူးသည်။ ခြေအထိ လူးသည်။ မျက်နှာမှာ ခပ်ပါးပါး ခပ်မှုန်မှုန် ရိုက်သည်။ သူ့တစ်ကိုယ်လုံး မွှေးကြိုင်နေသည်။ ဆံထုံးကို သေသပ်စွာ ထုံးသည်။ ဆံစု သုံးချောင်းမျှ ရောပေါင်း ထုံးထားသဖြင့် ဆံထုံးနှင့် မျက်နှာတို့သည် အချိုးအစား ကျသည်။ မျက်ခုံးကို ကော့နေအောင် ဆွဲသည်။ နဖူးက မရှိမဲ့ ရှိမဲ့ ဆံစများကို ခိုတောင်ကျအောင် အတင်းသိမ်း ဆွဲထားသည်။ ကွမ်းဝါး၍ နှုတ်ခမ်းတို့ကို နီစေသည်။ အင်္ကျီ ဖြူဖြူပါးပါး အသစ်နှင့် ပန်းပွင့်အနီရိုက် သရက်ထည်ထဘီ အသစ်တို့ကို ဝတ်သည်။ ကလေး နှစ်ယောက်ကို ဝတ်ကောင်းစားလှ ဆင်ထားသည်။ အိမ်ထဲတွင် အချို့ အိမ်ထောင်ပစ္စည်းများကို သိမ်းဆည်း ထုပ်ပိုးထားသည်။ ရှေ့တွင် လှည်းတစ်စီးကို အဆင်သင့် ပြင်ထားသည်။
ဆယ်နာရီလောက်တွင် ဦးပဉ္စင်းသည် အိမ်သို့ ကြွလာ၏။ သူ့နောက်က သူ့သား ကျောင်းသား ပါလာသည်။ လျှောက်လာရင်း "ငါ့ကို လူထွက်ဖို့ ပြောကြဦးမှာပဲ" ဟု တွေး၍ စိတ်လေးလာသည်။ အိမ်နားသို့ ရောက်လာ၏။ လှည်းကို မြင်သည်။ အိမ်တွင်းသို့ ဝင်၏။ အထုပ်အပိုးတို့ကို မြင်သည်။ ဒွေးလေးက ပင့်ရာ အိမ်ခေါင်းရင်း၌ ခင်းအပ်သော ဖျာပေါ်တွင် ထက်ဝယ်ဖွဲ့ခွေ ထိုင်လိုက်သည်။ မဖော့ကိုကား မမြင်ရသေးချေ။
အတန်ကြာမှ မဖော့သည် ဆွမ်းနှင့် ဆွမ်းဟင်းဗျပ်ကို ချီကာ ထွက်လာသည်။ ညှိုးငယ်သော မျက်နှာကို ငုံ့ထားသည်။ ငုံ့လျက်နှင့်ပင် ဦးပဉ္စင်းအား ဆွမ်းကပ်သည်။ ဦးပဉ္စင်းသည် တစ်ချက်မျှ စောင်းငဲ့၍ ကြည့်၏။ မဖော့ ဖြီးပုံ လိမ်းပုံ ဝတ်ဆင်ပုံတို့ကို မြင်သည်။ တစ်ဖန်ထပ်၍ တစ်ချက် ကြည့်ပြန်သည်။ "ထူးခြားလှပါကလား" ဟု တွေးမိလာသည်။ မဖော့ စားဖိုဆောင်သို့ ပြန်သွားသည်။ ဆွမ်းစားရင်း "မဖော့ ငါ့ကို ဘာကြောင့် မကြည့်ပါလိမ့်" ဟူသော အတွေးနှင့် မဖော့၏ ထူးခြားသော ရူပါရုံတို့သည် ဦးပဉ္စင်း၏ စိတ်ထဲတွင် တဝဲလည်လည် ဖြစ်လာကြသည်။ "ငါ့ကို လူထွက်ဖို့ ပြောမှာပါပဲ။ ငါ့တာဝန်ကတော့ သင်းတို့ကို တရားပြဖို့ပဲ မဟုတ်လား" ဟု ဖြေလိုက်မှ စိတ်ငြိမ်သွားသည်။
ဆွမ်းကိစ္စ ပြီးပေပြီ။ အချို့ပွဲကို မဖော့ ယူလာပြန်သည်။ ဦးပဉ္စင်းသည် မဖော့ကို တစ်ချက် ကြည့်လိုက်ပြန်၏။ "အလို ... နုဖူးမှာ ခိုတောင်များ ချလို့ ပါကလား" ဟု အံ့ဩလာသည်။ အချိုပွဲကို သိမ်းသွားပြန်သည်။ ထို့နောက် မဖော့ ပြန်ထွက်လာ၍ ခပ်လှမ်းလှမ်းနေရာတွင် ခပ်ကျုံ့ကျုံ့ ထိုင်သည်။ ဦးပဉ္စင်းက တရားဟောတော့မည်ဟု ပြင်လိုက်သည်နှင့် တစ်ပြိုင်နက် မဖော့သည် "ဒွေးလေး ... လှည်းဆရာကြီး မလာသေးဘူးလား" ဟု လှမ်းမေးလိုက်သည်။ ဦးပဉ္စင်း တရားမဟောနိုင်။ လှည်းဆီသို့ လှမ်းကြည့်လိုက်သည်။
ဦးပဉ္စင်းသည် တရားကို စ ရမည့်အစား "မဖော့တို့ ဘာများ လုပ်ကြမှာတုံး" ဟု မေးသည်။
"ဦးပဉ္စင်းကြီးကို အားလုံးစုံ လျှောက်ပါရစေ ဘုရား" ဟု မဖော့သည် ခေါင်းကို မမော့ဘဲ ပြောသည်။
"ဒွေးလေးကလည်း သူ့ရွာကို ပြန်ချင်လှပြီ။ ဒွေးလေးပြန်ရင် တပည့်တော်မမှာ စျေးကိုလည်း ထွက်ရ၊ ကလေးတွေကိုလည်း ကြည့်ရ ဖြစ်ပါလိမ့်မယ်။ သိပ် ဒုက္ခ ရောက်ပါလိမ့်မယ်။ ဒုက္ခ မရောက်ရအောင် တပည့်တော်မနှင့် ကလေးနှစ်းယောက်၊ ဒွေးလေးတို့ရွာမှာ ပြောင်းနေပါရစေတော့ ဘုရား။ သားအကြီးကိုသာ ဦးပဉ္စင်းကြီး ကြည့်ရှုပါဘုရား၊ ဟဲ့ ... သားလေး .... ဦးပဉ္စင်းကြီးနှင့် နေရစ်ပေတော့"
မဖော့သည် ခေါင်းကို မမော့ဘဲ မျက်ရည်စကို သိမ်း၏။ ဦးပဉ္စင်းသည် ဦးပြည်းကို တိမ်းကာ ငေးနေသည်။ မဖော့ ဆက်၍ လျှောက်ပြန်သည်မှာ-
"ဦးပဉ္စင်းကြီးလည်း တစ်သက်လုံး ရဟန်းဘဝနှင့် နေပါ။ တပည့်တော်မတို့လည်း သင့်သလို ကြည့်နေပါ့မယ်။ ဦးပဉ္စင်းကြီးရဲ့ ဘဝနဲ့ တပည့်တော်မတို့ရဲ့ ဘဝဟာ ကွာခြားနေပါပြီ။ ဆရာနဲ့ တကာမ အဖြစ်သာ ဆက်ဆံနိုင်ပါတော့မယ်။ တပည့်တော်မမှာလည်း သားသမီး နှစ်ယောက် ရှိနေသေးတော့ တစ်ရွာတစ်ကျေးမှာ အားကိုးအားထား တွေ့ရင် လက်ခံ လိုပါတယ်။ ဟဲ့ ... ဖိုးနီ၊ ဟိုအထုပ်တွေကို လှည်းပေါ်မှာ တင်လိုက်။ ဒါကြောင့်မို့ အခုကစပြီး ရှင်းအောင် ကိစ္စကို စီမံပေးစေချင်ပါတယ်။ နောင်အခါ စကားအရှုပ်အထွေးဖြစ်ပြီး ရုံးကို မရောက်ပါရစေနဲ့ ဘုရား" ဟု မဖော့က လျှောက်၏။
"ဟင်" ဟု ဦးပဉ္စင်းသည် အာလေးလေးနှင့် မြည်လိုက်သည်။ မဖော့သည် ခေါင်းကို မမော့တမော်၊ မျက်နှာကို မဖော့တဖော် ထားသည်။ ဦးပဉ္စင်းသည် သင်္ကန်းကို ဟိုပြင် သည်ပြင် ပြင်သလို ပြု၍ မဖော့၏ မျက်နှာကို လိုက်ကြည့်ပြန်သည်။
မဖော့သည် အားတက်လာ၍ "ဦးပဉ္စင်းကြီးဘုရား ... ယခုလို လျှောက်ထားရတာဟာ နှစ်ဖက်အကျိုးကို ကြည့်ပြီး လျှောက်ထားရခြင်းသာ ဖြစ်ပါတယ်။ ဦးပဉ္စင်းကြီးလည်း တရားတော်ကို ဖြောင့်ဖြောင့် အားထုတ်နိုင်ပါလိမ့်မယ်။ တပည့်တော်မမှာလည်း အခြား အားကိုးအားထားကို တွေ့ပါက ..."
"ဟာ ... နင်တို့ ဒွေးလေးရွာမှာ ထန်းရည်သမား အလွန်ပေါတယ်ဟ။ ငါ လူထွက်ပါတော့မယ်ဟာ" ဟု ပြော၍ အိမ်မှ ဆင်းသွားလေ၏။
မဖော့ ကိုဆင်၏ မယား ဖြစ်ရပြန်လေသတည်း။
_______________________________________________
ဇော်ဂျီ၊ ဂန္ထလောက၊ အောက်တိုဘာ၊ ၁၉၃၇။
ဇော်ဂျီဝတ္ထုတိုပေါင်းချုပ်


Monday, December 20, 2021

အညာနဲ့တမာ (နွေထနောင်း၊ ဆောင်းမန်ကျည်း)

0 comments
အညာနဲ့တမာ (နွေထနောင်း၊ ဆောင်းမန်ကျည်း)
လူထုဒေါ်အမာ
တစ်နေ့ကတော့ အောက်အရပ်မှာ နှစ်ပေါင်း ၃၀ လောက် ကြာအောင် သွားနေရတဲ့ ကျွန်မ တူကလေးတစ်ယောက် မန္တလေးကို တစ်ခေါက် ပြန်လာတယ်။ ဒါနဲ့ ကျွန်မက ရောက်တုန်းရောက်ခိုက် အေးအေးလူလူ စကားပြောရအောင် ငါ့အိမ်မှာလည်း ထမင်းစားဦးဟဲ့ဆိုပြီး သူ့ကို ထမင်း ခေါ်ကျွေးတယ်။ သူက စားလိုက်တာ ခေါင်းမဖော်ဘူး၊ ဘာတွေနဲ့ သူစားနေသလဲလို့ ကြည့်လိုက်တော့ ကျွန်မတို့ဆီက ရာသီဟင်း ခရမ်းချဉ်သီး ငါးပိချက်ကို တမာရွက်ပြုတ်နဲ့ တို့မြှုပ်ပြီး စားနေတာကိုး။ ကြက်သား ဟင်းကလေး ချက်ထားတာကို တို့ပုံတောင် မရဘူး။ "တမာရွက်က ဟိုမှာ မစားရဘူး ဒေါ်ဒေါ်ရဲ့" ဆိုပြီး တမာရွက်တွေချည်း ထမင်းထဲ မြှုပ်မြှုပ် စားနေတယ်။
ကျွန်မတို့ အညာမှာတော့ တမာပင်က ပေါသမှတ်လား၊ ဒီဇန်နဝါရီလလို ရာသီမှာ တမာပင်တွေက အရွက်တွေ ကြွေပြီး ရွက်နုကလေးတွေ ထွက်ကြပြီ။ အဲဒါကို ကျွန်မတို့က ချိုးယူပြီး ရေနဲ့ ပြုတ်တယ်။ အခါးရည်ကလေး ထွက်သွားပြီ ဆိုတော့ ဇီး(ဆီး) ချဉ်သီး ပြုတ်ကလေးနဲ့ အချဉ်သတ်တယ်။ တမာရွက် နုချိန်မှာ ဇီး (ဆီး) ချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီး(ဆီး) သီး ချဉ်ကလေးက ဇီး(ဆီး) နံ့လေး မွှေးတယ်လေ။ ဒါကြောင့် ကျွန်မတို့က ဇီး (ဆီး) ချဉ်သီးမှည့်ကလေးတွေကို ပြုတ်၊ နူးတော့ လက်နဲ့ချေနယ်ပြီး ရတဲ့ အချဉ်ရည်ကလေးထဲ ရေနွေးဖျောပြီးသား တမာရွက်ပြုတ်ကလေးကိုနှစ်ပြီး စိမ်ထားလိုက်တယ်။ ပြီးတော့ သူ့ကို အတို့အမြှုပ် လုပ်စားလေ့ရှိပါတယ်။
အောက်အရပ်က ဒီအချဉ်နှပ်ပြီး တမာရွက်ပြုတ်ကို တမာချဉ်လို့လည်း ခေါ်ကြရဲ့။ တမာချဉ်ကို ငါးပိချက်၊ ငါးပိရည်၊ ငံပြာရည်နဲ့လည်း တို့ကြ မြှုပ်ကြပါရဲ့။ ဒါပေမဲ့ ခုလို ဆောင်းမှာ ခရမ်းချဉ်သီးကလည်း အညာမှာ ပေါနေတော့ ခရမ်းချဉ်သီးနဲ့ ငါးပိနဲ့ အချဉ်ချက်ထားတဲ့ ခရမ်းချဉ်သီး ငါးပိချက်ကလေးနဲ့ တို့တော့ ပိုပြီး လိုက်ဖက်တယ်လေ။ တမာက အခါးမှုတ်လား။ ကျွန်မတို့အညာမှာ မန်းကျည်း၊ ထနောင်းနဲ့ တမာဟာ ပေါပေါများများ ပေါက်တဲ့အပင်မျိုးပါပဲ။ တမာကို NEEM လို့ ခေါ်ပြီး အိန္ဒိယကတော့ တမာဟာ သွားအတွက် အကောင်းဆုံးဆေးလို့ သတ်မှတ်တာမို့ သူတို့လူမျိုးဓလေ့ တမာရိုးနဲ့ သွားတိုက်ရုံသာမက တမာဆီနဲ့ သွားတိုက်ဆေးများပါ ထုတ်လုပ်နေလေရဲ့။ ကျွန်မတို့ဆီမှာတော့ တမာသီးတဲ့အခါ အစေ့ကို ဆီကြိတ်တယ်။ တမာရွက်နုကို လူတွေက စားတယ်။ ဒါပဲ အသုံးရှိပါသေးတယ်။ တမာရွက် နုတဲ့အခါ ရွက်နုခူးရင် တစ်ခုတော့ သတိထားရတယ်။ သူ့အကိုင်းက ဆတ်တယ်လေ၊ ဒါကြောင့် တံချူနဲ့ ခူးတာက အန္တရာယ်ကင်းတယ်။ တမာပွင့်တဲ့အခါ သူက အများကြီးလည်း ပွင့်တယ်။ မွှေးလည်း မွှေးတယ်။ ဒါကြောင့် ကျွန်မတို့ ကလေးဘဝမှာ တမာပန်းဟာ ချိုးစရာ၊ သင်္ကြန်အိုးထိုးစရာ ပန်းပါပဲ။ တမာဟာ မျိုးကွဲမျိုးပွား ဘယ်နှမျိုး ရှိသလဲတော့ မသိဘူး။
ကျွန်မတို့ဆီမှာတော့ ဟိုအရင်ကတည်းက ရှိတဲ့ တမာမျိုးကို ကျွန်မတို့က ဗမာမျိုးလို့ ခေါ်ကြတယ်။ စားတော့လည်း အဲဒါကို ပိုကြိုက်တယ်။ သူက အရွက်ကျဲတယ်၊ နည်းတယ်။ ကျွန်မတို့အထင် သူက အခါး နည်းပြီး ပိုဆိမ့်တယ်ထင်တယ်။ နောက်စိုက်တဲ့မျိုး တမာကတော့ အရင် ကျွန်မတို့ဆီမှာ ရှိနှင့်တာထက် ပိုပြီး အရွက်စည်ပါတယ်။ စားတဲ့လူက ရှိရင်းစွဲတမာ မရှိရင် အတူတူထားပြီး စားတာပါ။ သိပ်မခွဲတတ်ပါဘူး။ ဒီတမာနဲ့ ပတ်သက်လို့ မြသန်းတင့်က တမာနုချိန်စစ်တမ်းဆိုပြီး ၁၉၈၉ ခုနှစ်က ဆောင်းပါးတစ်ပုဒ် ရေးဖူးတယ်။ မြသန်းတင့်ကလည်း အညာသား၊ စာကလည်း အရေးကောင်းဆိုတော့ သူ့ "တမာနုချိန် စစ်တမ်း" က တမာနဲ့ပတ်သက်ပြီး တကယ့် စာတစ်စောင်ပေတစ်ဖွဲ့ဖြစ် ကျန်ရစ်ပါတယ်။ ကျွန်မတို့အညာက ဥတုရာသီက ပူစရာရှိလည်း တော်တော် ပူပြင်းတယ်။ ဖာရင်ဟိုက် ၁၀ဝ က ကျော်တာချည်းရယ်။ ပိုပူတဲ့ နှစ်တွေမှာ ၁၁၀ ဒီဂရီလောက်အထိ ပူလာတာ။ ဆောင်းရောက် ပြန်တော့လည်း ၇၀ ဒီဂရီလောက်အထိ အေးပြန်ရော။ နွေနဲ့ ဆောင်းမှာ အဲဒီလို ဖာရင်ဟိုက် ဒီဂရီ ၃- ၄၀ ခြားတော့ ဒီဥတုရာသီရဲ့ ဒဏ်ကို ခံနိုင်ဖို့ သဘာဝက ပေးနိုင်တဲ့ အကာအကွယ်ကိုလည်း လူက မက်မောရတယ် ထင်ပါရဲ့။
အပူအအေးကာကွယ်မှုနဲ့ ပတ်သက်လို့ "နွေထနောင်း ဆောင်းမန်ကျည်း" လို့ အညာမှာရှိတဲ့ ထနောင်းပင်နဲ့ မန်ကျည်းပင်ကို ခုံခုံမင်မင် မက်မောမှုနဲ့ စာဖွဲ့လေ့ရှိပါတယ်။ နွေခါမှာ ထနောင်းပင်က သိပ်အဖိုးတန်တာ အမှန်ပါ။ ဆောင်းရောက်တော့လည်း မန်ကျည်းပင်လေ။ အညာမှာ နွေရောက်ရင် ရာသီဥတုပူပူကြီးထဲမှာ နွေပေါက်မှ ရွက်သစ်တွေဝေလာတဲ့ ထနောင်းပင်က တစ်နွေလုံးကို သူ့အစွမ်းအစကလေးနဲ့ အန်တုနေသလား အောက်မေ့ရတယ်။ ရွက်နုစိမ်းစိမ်းကလေးတွေ ဝေနေတဲ့ ထနောင်းပင်ရဲ့အလှက စိတ်ချမ်းသာစရာ ကောင်းလိုက်တာ ကြည့်မဝဘူး။ ပြီးတော့ အလွန်ပူပြင်းနေတဲ့ ပတ်ဝန်းကျင်ထဲက သူ့အရိပ်ကလေးကလည်း တကယ်ပဲ အေးသွားတာပါ။ သစ်ပင်တွေရဲ့ အရွက်ဆိုတာ အစိမ်းချည်းပါပဲ။ ဘယ်အပင်က ဘာရွက်ဖြစ်ဖြစ် စိမ်းတာပါပဲ။ ဒါပေမဲ့ ထနောင်းပင်က ထနောင်းရွက်နု ထွက်လာတဲ့အခါ စိမ်းပုံက ဘာရွက်စိမ်းနဲ့မှ မတူပါဘူး။ အစိမ်းပေမယ့် အဝါစွက်တဲ့ အစိမ်းမို့ သူက စိုပြီးရွှင်ပြီး စိမ်းတဲ့အစိမ်း၊ ပူလွန်းလို့ တခြားအပင်တွေက အရွက်တွေက မကြွေသေးရင်လည်း အရောင်မလှတော့ဘဲ ရော်နေတဲ့အချိန်မှာ သူက ဝေနေတဲ့ ရွက်သစ်တွေက နုစိမ်းပြီး ဝါဖန့်ဖန့်ကလေး ရှိနေလိုက်ပုံက သစ်ရွက်သာဆိုတယ် အရောင်တွေ တောက်နေတဲ့ သစ်ရွက်ပါ။ ကျွန်မက ပန်းချီမျက်စိ မရှိလို့ အရောင်ကို ပန်းချီပြော မပြောတတ်လို့သာပေါ့။ ဒီအချိန် ဒီရာသီမှာ ထနောင်းရွက်နုကလေး စိမ်းလန်းနေပုံက သူအရိပ်ထဲ မဝင်ရသေးဘဲနဲ့ စိတ်ကို အေးချမ်းနှင့်စေတာမို့ အလွန်ကို နှစ်ခြိုက်ကျေနပ်ဖို့ ကောင်းတာပါ။
ပြီးတော့ ထနောင်းရော၊ မန်ကျည်းရော၊ အရွက်ရဲ့ ရွက်ဖတ်က သေးသေးကလေးတွေရယ်။ ဒါပေမဲ့ သူတို့က စိပ်စိပ်ကလေးထွက်တဲ့ အရွက်ဆိုတော့ အဝေးက လှမ်းကြည့်ရင် တစ်ရွက်ချင်း မမြင်ရဘဲ ထိစပ်နေတဲ့ အစိမ်းပြင်အဖြစ်နဲ့ မြင်ရတာ။ ဒါကြောင့် နေကိုကာတဲ့ အရိပ်ပေးကြစို့ဆိုတော့လည်း တခြား ဘာပင်တွေနဲ့မှ မတူဘူး။ တကယ်လုံအောင် မိုးပေး ကာပေးကြတဲ့ ရွက်စိပ်ကလေးတွေ။ ဒါကြောင့် ပူလောင်ပြင်းပြတဲ့ နေပူက လာတဲ့လူက ထနောင်းပင်ရိပ်ကို ဝင်လိုက်ရတဲ့အခါ သိသိသာသာ အေးသွားတယ်လေ။ ထနောင်းက ပင်စောက်ပင်ကြီးမျိုး၊ အကိုင်းအခက်က ဘေးဖြာထွက်တော့ ထီးမိုးသလို အရိပ်ရစေတယ်။ ထနောင်းဟာ အရိပ်ရရုံ အပင်တော့လည်း မကဘူး။ သူ့အရွက်ကို ကျွန်မတို့အညာက လူတွေက စားကြတယ်။ ထနောင်းရွက်နုကလေးတွေ ထွက်လာရင် ခူးပြီး ပြုတ်တယ်။ ထနောင်းရွက်နုပြုတ် ဈေးထဲမှာ ရောင်းတယ်။ ဝယ်လာခဲ့ အိမ်မှာ အရိုးသင်ပြီး နှမ်း၊ မြေပဲ၊ ပုစွန်ခြောက်၊ ဆီချက် နဲ့ သုပ်စားကြတယ်လေ။ သူက ချိုတယ်ချဉ်တယ်ဆိုတာမျိုး မဟုတ်ဘူး၊ ဆိမ့်တာပါ။ လူတွေက ထနောင်းပင်က အခေါက်ကို ခွာပြီးတော့ သားရေနယ်ရာမှာ သုံးတယ်။ ထန်းလျက်ချက်ရာမှာ ခပ်တယ်။ အရက်ချက်ရာမှာလည်း ထနောင်းခေါက်ကို ထည့်သေးတယ်။ ထနောင်းပင်ဟာ မကြီးလွယ်ဘူး။ မန်ကျည်းလိုပဲ နှစ်ရှည်စိုက်ရတဲ့ အပင်မျိုး။ သူ့ကို သေမကုန်အောင်တော့ အခေါက်ခွာသူတွေက သတိထားဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့မှာ စီးပွားရေးက အရေးကြီးလေတော့ နတ်နေကိုင်း မချန်နိုင်တာတွေက များများလာလို့ပါ။ ထနောင်းရဲ့ အစ်ကိုကတော့ မန်ကျည်းပေါ့။ ကျွန်မတို့ငယ်ငယ်က "နွေ ထနောင်း၊ ဆောင်းမန်ကျည်း" ဆိုတာကို အဓိပ္ပာယ် သေသေချာချာ သိတာမဟုတ်ဘူး။ ကြီးလာမှ မန်းကျည်းပင်ရိပ်ကြီး အုပ်အုပ်ဆိုင်းဆိုင်းရဲ့ အောက်ကို ဝင်လိုက်ရင် ဆောင်းတွင်းမှာ နွေးတာကို သိတယ်။ မန်ကျည်းပင်က ဆောင်းတွင်းမှာ အရွက်က စည်တုန်း ဆောင်းကုန်မှ သူက အရွက်ကြွေတာ။ အဲဒီတော့ မန်ကျည်းရွက် အထပ်ထပ်ကို နှင်းက မထိုးဖောက်နိုင်ဘူး ထင်ပါရဲ့။
မန်ကျည်းရွက်က ကြွေပြီဆိုရင် အရင်ကတော့ ကျွန်မတို့ ကလေးဘဝတုန်းက မန်ကျည်းရွက်နု ခူးလို့ အလွန်ကောင်းခဲ့တာပေါ့။ မန်ကျည်းပင်ပေါ် တက်ကြ၊ ရွက်နုခူးကြ၊ လွယ်အိတ်တွေနဲ့ သီချင်းတကြော်ကြော် မန်ကျည်းရွက်ခူးရင်း သီဆိုကြနဲ့ အလွန်ပျော်တာ။ မန်ကျည်းပင်က ကိုင်းခိုင်တော့ လူကြီးတွေကလည်း ကျိုးကျမှာ မပူဘူး။ တက်လို့ကောင်းတဲ့ အပင်ဆိုရင် တက်ကြပဲ။ မန်ကျည်းကိုင်းက ဆတ်မှ မဆတ်တာ။ လက်သန်း လက်ညှိုး တုတ်ရင် လူခိုစီးလို့ ရနေတယ်လေ။ မန်ကျည်းရွက်က ကြွေပြီဆိုရင်ဖြင့် မန်းကျည်းရွက် အကြွေကို မြေဩဇာသမား၊ ပန်းပင် သစ်ပင်စိုက်သမားက သိပ်ကြိုက်ပါတယ်။ မန်ကျည်းရွက်ဆွေး မြေဩဇာဆိုတာ သိပ်ကောင်းသတဲ့။ ပြီးတော့ မန္တလေးမှာ မန်ကျည်းပင်ကြီးတွေကလည်း ပေါမှပေါ။ ဒုတိယကမ္ဘာစစ်မီးကြီး မြို့ကို အလောင်မြိုက်ခံလိုက်ရတော့ ဘိုးစဉ်ဘောင်ဆက်က ရှိလာတဲ့ မန်ကျည်းပင်ကြီးတွေ စစ်မီးလောင်လို့ ကုန်ပါရော။ ပြာပုံထဲက ကုန်းထရတဲ့ မန္တလေးက ရုတ်တရက် အရိပ်အာဝါသရအောင် ဗာဒံပင်လို ချက်ချင်း အပင်ဖြစ်နိုင်တာတွေကို စိုက်ကြရတယ်။ မန်ကျည်းက အပင်တော်တော်နဲ့ ကြီးတာမဟုတ်တော့ မန်ကျည်းကို မစိုက်ကြတော့ဘူး။ လောလောဆယ် အရိပ်က ရချင်ကြတာကိုး။ စစ်ကြီးမဖြစ်ခင်ကတော့ တစ်မြို့လုံး မန်ကျည်းပင်တွေက ရပ်ကွက်တိုင်း လမ်းတိုင်း အိမ်ဝင်းတိုင်းမှာ ရှိနေတာ။ မန်ကျည်းက အရွက်သာစားရတာ မဟုတ်သေးဘူး။ ရွက်နုကလေး ဖားလာလို့ အဖူးနဲ့ အပွင့်ကလေးတွေ ဝင်လာပြီဆိုပြန်တော့လည်း ကျွန်မတို့က မန်ကျည်းဖူးကလေးတွေကို ခူးပြုတ်ပြီး
သုပ်စားကြပြန်ရော။ မန်ကျည်းပွင့် မန်ကျည်းဖူးကို အချဉ်လုပ်ပြီး သုပ်စားပြန်တော့လည်း မြေပဲဆံကလေး၊ နှမ်းကလေး၊ ဆီချက်ကလေးနဲ့ အချဉ်သနပ်ကလေးအဖြစ် စားလို့ ကောင်းပြန်ရော။ မန်ကျည်းက ဖူးပွင့်ပြီးရင် မကြာပါဘူး။ သီးကင်းကလေးတွေ ဝင်လာတော့တာပါ။ ကျွန်မတို့အညာက မန်ကျည်းသီးကို သီးကင်းစကစပြီး ရင့်လာ မှည့်လာ ခြောက်လာတဲ့အထိ အရွယ်မရွေး ခူးစားပါတယ်။ သီးနုကလေးတွေကို ထောင်းစား၊ ထောင်းပြီး ချက်စားလိုက်တာ အစေ့ဝင်လို့လာတဲ့အထိပါ။ အစေ့ဝင်တော့လည်း သီးရင့်ကို တစ်ခါ ပြုတ်ပြီး ချဉ်ရည်ဟင်းမှာ အချဉ်ရည်ထည့်ပြန်ပါရော။ သီးရင့်က မှည့်ချင်လို့ ရွမ်းလာတော့လည်း မန်ကျည်းသီးရွမ်းပြင်းကို မန်ကျည်းကြက်ဆူလို့ခေါ်ပြီး စပ်ချဉ်ဟင်းအဖြစ်နဲ့ ငါးပိတစ်များနဲ့ ချက်စားပြန်ပါရော။ မန်ကျည်းကြက်ဆူဟင်းက အနံ့လေးတစ်မျိုး မွှေးသေးတယ်။ မန်ကျည်းက မှည့်သွားပြီဆိုရင်တော့ တစ်နိုင်ငံလုံး သုံးဖို့၊ နိုင်ငံခြားတင်ပို့ဖို့အထိ ကျယ်ပြန့်သွားပြီလေ။
မန်ကျည်းမှည့်ဟာ အညာဒေသရဲ့ တစ်ခုသော ဝင်ငွေရတဲ့ ဒေသထွက်ကုန်ပါ။ အထူးသဖြင့် ကျောက်ပန်းတောင်း၊ ရမည်းသင်း စတဲ့ ဒေသတွေမှာ မန်ကျည်းဟာ စီးပွားရေးလုပ်ငန်း တစ်ခုပါ။ ကျောက်ပန်းတောင်းက ထွက်တဲ့ မန်ကျည်းက အသားထူလို့တဲ့ ဝယ်သမားက ဈေးပိုပေးရတယ်။ မန်ကျည်းထွက်တဲ့ ဒေသတွေမှာ ပြောတဲ့စကားတစ်ခု ရှိသေးတယ်။ "မန်ကျည်းတစ်လှည့် ဆီးတစ်လှည့်" ပါတဲ့။ အဓိပ္ပာယ်က ဒီနှစ်မန်ကျည်းက သိပ်သီးလို့ ဝင်ငွေကောင်းခဲ့ရင် ရှေ့နှစ်တော့ မန်ကျည်းက အသီးနည်းနည်းလျှော့မယ်၊ အဲဒီနှစ်က ဆီးအထွက် ကောင်းတဲ့နှစ်ဖြစ်တယ်လို့ ပြောချင်တာပါ။ ဒါက သစ်ပင်များရဲ့ထုံးစံ တစ်နှစ်မှာ အများကြီးသီးထားရင် နောက်နှစ်ဆက်ပြီး အများကြီး မသီးဘူးလေ အနားယူတဲ့သဘော၊ သီးတော့သီးတယ် ဒါပေမဲ့ အသီးလျှော့တယ်။ တစ်နှစ်နားလိုက် လျှော့လိုက်ရင် နောက်နှစ်တော့ ပိုသီးပြန်ရော၊ အထွက်ကောင်းပြန်ရော ဆိုတဲ့သဘောပါ။ စာရေးဆရာကြီး ဒါရိုက်တာ ဦးသုခ ရိုက်ကူးခဲ့တဲ့ အသုံးလုံးရုပ်ရှင်ကား "ဘယ်သူ ပြိုင်လို့ လှပါတော့နိုင်" ဇာတ်ကားမှာ " ရွှေရှိသယ်၊ ငွေရှိသယ်၊ မန်ကျည်း ရှိသယ်၊ စာသင်ဖို့ လိုပါဘူး" ဆိုတဲ့ စကားကလေး မှတ်မိကြမှာပေါ့၊ အညာက တချို့ဒေသမှာ မန်ကျည်းက စီးပွားရေးမှာ အရေးပါတာကို ပြောချင်တာပါ။
စီးပွားရေးကို ကိုင်တွယ်အုပ်ချုပ်မှု ပုံစံပြောင်းကာစ အချိန် တစ်ချိန်တုန်းကတော့ ဟာသလေးတစ်ခု ထွက်လာသေးတယ်။ အဲဒီ ဒေသဆိုင်ရာ အာဏာပိုင်တစ်ယောက်က မန်ကျည်းကို ဘယ်ရွေ့ဘယ်မျှသာ ရောင်းစားရမယ်၊ ဘယ်ရွေ့ဘယ်မျှကိုတော့ မျိုးအတွက် ချန်ထားရမယ်လို့ အမိန့်ပေးခဲ့ဖူးပါသတဲ့ ပြောစမှတ်ကလေးတွေပါ။ မန်ကျည်းပင်ဆိုတာ စိုက်ထားရင် တစ်ပင်ကို နှစ်တွေရာနဲ့ချီပြီး အသက်ရှည်တတ်တဲ့ အပင်မျိုး။ ပုဂံခေတ်က မန်ကျည်းပင် ခုထက်ထိ ရှိသေးတယ်လို့ ပြောနိုင်ပါတယ်။ မန်ကျည်းဟာ ကြီးခဲတယ်။ အသက်ရှည်တယ်။ ပြီးတော့ လေဒဏ်မိုးဒဏ် ခံတယ်။ ဘယ်မုန်တိုင်းတိုက်တိုက် မန်ကျည်းပင် ကြီးတွေ ပြတ်သတ် ပြိုလဲကုန်တယ်လို့ မဖြစ်လေ့ဘူး။ အပင်က သိပ်ခိုင်မြဲတဲ့ အပင်တွေပါ။ ဒီလို ခိုင်မြဲတော့ အကြောင်းမသင့်လို့ ခုတ်လှဲရရင် မန်ကျည်းသားကို လွှများနဲ့ ဖြတ်တောက်ပြီး စဉ်းတီတုံးများ အဖြစ် အသုံးပြုရပါတယ်။ မန်ကျည်းသားက သိပ်မာတယ် မဟုတ်လား။ စဉ်းတီးတုံးလုပ်လို့ အကောင်းဆုံးပဲ။
အဲဒီ မန်ကျည်းမာတဲ့ သတ္တိကြောင့် ဒီခေတ်မှာ ကြီးမားတဲ့ အန္တရာယ်တစ်ခု ပေါ်ပေါက်လာတာလည်း စိတ်မချမ်းမြေ့စရာ ကြားလာရတယ်။ အဲဒါကတော့ မန်ကျည်းသားက မာလို့ သူ့ကိုသွေးပြီး သူ့သွေးဖတ်ကို အမွှေးတိုင်လုပ်ငန်းသမားများက သုံးစွဲနေကြပါသတဲ့။ အဲဒီတော့ ရေစကြိုနယ်မှာဆိုရင် မန်ကျည်းပင်ကြီးတွေကို ခုတ်လှဲပြီး အမွှေးတိုင်လုပ်ဖို့ ရောင်းစားကြတာ မန်ကျည်းပင်ကြီးတွေ တော်တော်ကုန်ပြီလို့ ကြားရတယ်။ မန်ကျည်းဟာ ကျွန်းသစ်တောပြုန်းသလို ပြုန်းရရင် ကျွန်းပင်လို ပြန်စိုက်တော့ နှစ် ၈၀ နှစ် ၁၀ဝ နဲ့ အပင်ကြီး ဖြစ်မလာဘူး။ ပြီးတော့ မန်ကျည်းကို ပြန်စိုက်တဲ့ လူလည်း မရှိဘူး။
ဒါကြောင့် အရွက်ရော၊ အပွင့်ရော၊ အသီးရော၊ စားရတဲ့အပင်၊ တစ်ခါ ပေါက်နေရင် နှစ်ပေါင်း (၄-၅-၆၀ဝ) အသက်ရှင်နေတဲ့ အပင်ကြီးတွေမို့ သိပ်နှမြောရ ပါတယ်။ ဖြစ်နိုင်ရင် သူ့ကိုတော့ ချမ်းသာပေးကြပါလို့ တောင်းပန်ချင်လှတယ်။
လူထုဒေါ်အမာ

Saturday, December 18, 2021

မျိုးဆက်နှင့်စစ်ဘေးဒုက္ခသည်

0 comments

(မျိုးဆက်)

ရှေ့မျိုးဆက်ထံမှ ယူစရာ ၂ မျိုးရှိပါသည်။ သင်္ခန်းစာနှင့်နမူနာဖြစ်ပါသည်။ ကျနော်တို့သည် နောင်မမှားရအောင်” ရှေ့မျိုးဆက်ထံမှ သင်္ခန်းစာယူရပါသည်။ နောင်မမှားရအောင် သင်္ခန်းစာကျကျနနထုတ်ယူဆင်ခြင်ရမည်ဖြစ်သလို သူတို့လိုမှန်ရအောင်” နမူနာလည်းယူရပါသည်။ သင်္ခန်းစာထုတ်ခြင်းနှင့် နမူနာယူခြင်းမှာ မျိုးဆက်ကွာဟမှု General Gap ကို စေ့နိုင်သည်မှန်သော်လည်း အတင်းကာရောဆွဲမစေ့မိဖို့ အရေးကြီးပါသည်။

General Gap မှာ ခေတ်တိုင်းတွင်ရှိပါသည်။ ထိတ်လန့်တကြား ဖြစ်စရာမလိုဟု ထင်ပါသည်။ ၂၅ နှစ်ကို မျိုးဆက် တဆက်စာဟုဆိုပြီး နှစ်တရာလျှင် မျိုးဆက် ၄ ဆက်ဟု ယေဘုယျပိုင်းခြားထားချက်ရှိပါသည်။ တမျိုးသားလုံးကိုလိုနီဖြစ်ခဲ့သည့် ၁၈၈၅ မှ တပြည်လုံးဒီမိုကရေစီရေးအတွက် ရုန်းကန်တော်လှန်မှုအစပြုခဲ့သည့် ၁၉၈၅ ခုအထိ မျိုးဆက် ၄ ဆက်ရှိခဲ့ပါသည်။ ထိုမျိုးဆက်တို့သည် အမျိုးသားလွတ်မြောက်ရေး လွတ်လပ်ရေးများအတွက် အဆက်မပြတ်ခဲ့ကြပါ။ တမျိုးဆက်ထံမှ တမျိုးဆက်သည် သင်္ခန်းစာနှင့်နမူနာများယူခဲ့ကြပါသည်။ ကောင်းမွေတွေ လက်ဆင့်ကမ်းပြီး ဆိုးမွေတွေကို တိုက်ချွတ်ခဲ့ကြပါသည်။

ကျနော်တို့ ၈၈ မျိုးဆက်သည် ၁၈၈၅ မှစခဲ့သည့်မျိုးဆက်၏ စတုတ္ထမြောက်မျိုးဆက်ဖြစ်ပါသည်။ ကျနော်တို့ရှေ့ရှေ့ ဝံသာနုခေတ်မျိုးဆက်က အမျိုး ဘာသာ သာသနာ ပညာ ဟုကြွေးကြော်ပြီး ဟုမ္မရူးတို့ ဒိုင်အာခီတို့ကိုင်ကာ အမျိုးသားရေးအလံကိုလွှင့်ထူခဲ့ကြပါသည်။ သူ့နောက် တမျိုးဆက်သည် နယ်ချဲ့ဆန့်ကျင်ရေး ဖက်ဆစ်တော်လှန်ရေး အောင်သံ ပေးကာ အကြွင်းမဲ့လွတ်လပ်ရေးကို ကြွေးကြော်ခဲ့ကြပါသည်။ သူ့နောက်က တမျိုးဆက်သည် အချုပ်အခြာအာဏာပိုင် အမျိုးသားဓနရှင်ဒီမိုကရေစီရေးတံခွန် လွှင့်ခဲ့ကြပါသည်။ ကျနော်တို့ ၈၈ မျိုးဆက်ခေတ်တွင်မူ ငြိမ်းချမ်းရေး ဒီမိုကရေစီရေး လူမျိုးစုအားလုံး တန်းတူရည်တူသွေးစည်း ညီညွတ်ရေးကိုကိုင်စွဲပြီး တပါတီအာဏာရှင်စနစ်ချုပ်ငြိမ်းရေး ပါတီစုံဒီမိုကရေစီစနစ်ပေါ်ထွန်းရေး ရုန်းကန်ခဲ့ရပါသည်။ ကျနော်တို့မျိုးဆက်တွင် ခေတ်ကပြဌာန်းသည့် အတိုင်း သုံးစုခွဲလှုပ်ရှားခဲ့ကြပါသည်။ မြေပေါ်နိုင်ငံရေး။ မြေအောက်နိုင်ငံရေးနှင့်လက်နက်ကိုင်တော်လှန်ရေးဟု ပြောရမည်ထင်ပါသည်။

ဗမာပြည်တွင် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ လူမျိုးစုအားလုံးတန်းတူရည်တူသွေးစည်းညီညွတ်ရေးကို လုပ်မည် ဆိုလျှင် စစ်အစိုးရ၊ စစ်အုပ်စုနှင့်စစ်ဗျူရိုကရေစီယန္တယားဆိုသည့် စစ်သုံးစစ်ကို အပြီးတိုင်တိုက်ဖျက်နိုင်မှရပါမည်။

ယခု Generation Z ဟုဆိုသည့် ကျနော်တို့နောက်မျိုးဆက်တဆက် ပေါ်လာပါသည်။ ကျနော်တို့နှင် General Gap အထိုက်အလျှောက်ရှိသော်လည်း ဦးတည်ရန်သူမပြောင်းပါ။ စစ်အာဏာရှင်စနစ်ကို တည်တိုက်နေခြင်းဖြစ်ပါသည်။ တခုတည်းသောာဗဟိုမရှိပဲ အပြန်ပြန့်အကြဲကြဲဖြစ်နေသော်လည်း ထူထုကြားထဲကျနေပါသည်။ ကျနော်တို့သည် ထိုမျိုးဆက်၏ တော်လှန်စိတ်ကိုထိပ်တင်ရင်း လိုက်ပါနိုင်သမျှအဆုံးစွန်ထိလိုက်ပါရန်ဖြစ်ပါသည်။ သူတို့သည် ကျနော်တို့ထံမှ သင်္ခန်းစာနှင့်နမူနာများကို ရယူကြသော် ကောင်းလေစွဟုတွေးမိပါသည်။

မျိုးမြင့်ချို။ ဒီဇင်ဘာ ၁၆။ ၂၀၂၁

 

(စစ်ဘေးဒုက္ခသည်)

ကျနော် အမှတ်မမှားဘူးဆိုလျှင် “စစ်ဘေးဒုက္ခသည်များ” ကို  “တိုက်ပွဲရှောင်လာသူများ”ဆိုသည့်ဝေါဟာရနှင့် အစားထိုးခဲ့သည်မှာ ဗိုလ်သိန်းစိန်သမ္မတလုပ်သည့်ခေတ်မှစသည်ဟု ထင်ပါသည်။ ဒေါ်အောင်ဆန်းစုကြည် အစိုးရခေတ်တွင်လည်း အစိုးရသတင်းစာများ၊ ပြည်တွင်း ပြည်ပမီဒီယာများ၌လည်း ထိုစကားလုံးကို ဖောဖောသီသီ သုံးစွဲခဲ့ပါသည်။

 

“ရှောင်”ကို အဘိဓာန်တွင် တိမ်းဖယ်သည်။ ဖဲကြဉ်သည်။ လွတ်ကင်းအောင် ခွာထွက်သည်။ ကင်းလွတ်အောင် နေသည်ဟုဆိုပါသည်။ ဤသို့ဆိုလျှင် ရှောင်လာသူများမှာ ဘေးမတွေ့ခဲကြသူများ၊ ဘေးလွတ်အောင် ထွက်ခွာ လာသူများ၊ ကင်းလွတ်အောင်နေသူများဟု အနက်ထွက်ပါလိမ့်မည်။ ရှောင်ဆိုသည့်အလျှောက် ကြိုတင်လုပ်ဆောင် နိုင်ခဲ့သည်၊ အချိန်ရခဲ့သည်၊ သို့မဟုတ် ကြိုတင်ရှောင်ရှားလာခဲ့သည်ဟုလည်း အဓိပ္ပာယ်ထွက်ပါသည်။ 

 

ဘေးကို အဘိဓာန်၌ ကြောက်မက်ဖွယ်ရန်။ အန္တရာယ်ဟု အနက်ပေးပါသည်။ စစ်ဘေးဟုဆိုလျှင် စစ်၏ ကြောက်မက် ဖွယ်ရန် စစ်အန္တရာယ်ဟုဆိုရပါလိမ့်မည်။ ဒုက္ခဟုဆိုလျှင် ပင်ပမ်းဆင်းရဲခြင်းကိုဆိုမှန်း လူတိုင်းသိပါသည်။ ထို့ကြောင့် ဒုက္ခသည်ဆိုသည်မှာ  ဒုက္ခဆင်းရဲရောက်နေသူဟုဆိုပါသည်။ စစ်၊ ဘေး၊ ဒုက္ခသည်ဟုဆိုလျှင် စစ်၏ကြောက်မက်ဖွယ် ဘေးရန်အန္တရယ်တို့ကို ပင်းပမ်းဆင်းရဲစွာခံစားနေရသူဟု အကျယ်ဖွင့်ရမည်ထင်ပါသည်။

 

တိုက်ပွဲရှောင်လာသူများနှင့် စစ်ဘေးဒုက္ခသည်များဆိုသည့် စကားနှစ်လုံးမှာ အနက်ရောအဓိပ္ပာယ်ပါ ခြားနားပါသည်။ “တိုက်ပွဲ”နှင့် “စစ်”ခြားနားသလို ခြားနားပါသည်။ တိုက်ပွဲရှောင်ဆိုသည့်ဝေါဟာရမှာ ကြောက်မက်ဖွယ်ရာစစ်ဘေး အန္တရာယ်ကိုပေါ့သွားရန် ဖေါ့”ပစ်လိုက်ခြင်း ဖြစ်ပါသည်။ ရည်ရွယ်ချက် ပါပါသည်။ ထိုစကားလုံး သုံးစွဲခြင်းမှာလည်း နိုင်ငံရေးအရ အစီအစဉ်ရှိရှိ သုံးစွဲခြင်းဖြစ်ပါသည်။ တကယ်က ပြည်သူများမှာ စစ်ဘေးမှာ ရရာအထုတ်ဆွဲ၍ သေပြေးရှင်းပြေး ပြေးလာကြရခြင်းဖြစ်ပါသည်။ အေးအေးဆေးဆေး အချိန်ယူ၍ ရှောင်လာကြခြင်းမဟုတ်ပါ။

 

ဗမာပြည် ပြည်တွင်းစစ်မှာ ကမ္ဘာ့သက်ဆိုးအရှည်ဆုံး ပြည်တွင်းစစ်ဖြစ်နိုင်ပါသည်။ ပြည်တွင်းဖြစ်စစ်စစ်”လည်း ဖြစ်ပါသည်။ နယ်ချဲ့သမား မီးမွှေးခဲ့သည်မှန်သော်လည်း “လက်ဝဲညီညွတ်ရေးပြိုကွဲ”တော့မှ ဖြစ်ခဲ့ရသည့်စစ် ဖြစ်ပါသည်။ ထိုပြည်တွင်းစစ်ကို ဆက်ခံတိုးချဲ့ရင်း ပိုမိုဆိုးရွားအောင်လုပ်သည်မှာ ဗမာပြည်စစ်အုပ်စုဖြစ်ပါသည်။ စစ်အုပ်စုသည် စစ်ကို မက်ပါသည်။ စစ်မက်ဖြင့် စီးပွားရှာနေသူများဖြစ်ပါသည်။ သူတို့ စားကျက်ဖြစ်သည့်စစ်မက်ကို  တရားသော မှန်သောစစ်ဟု လူတွေထင်လာစေရန် ဉာဏ်နီဉာဏ်နက်မျိုးစုံသုံး၍ ဝါဒဖြန့်ပါသည်။

 

စစ်ဘေးကို ခါးစည်းခံနေရသည့်ပြည်သူတို့၏ဒုက္ခမှာ အလွန်ကြီးမား၍ ပင်ပမ်းဆင်းရဲလှပါသည်။ ထို ဒုက္ခဆင်းရဲ မရှိလေဟန် သို့မဟုတ် ရှိလည်း အပရိကသဘောဖြစ်လေဟန် “ဖေါ့”ပစ်လိုသောအခါ တိုက်ပွဲရှောင်လာသူများဟု ထွင်သုံးခြင်းသာဖြစ်ပါသည်။

 

ခုတလော စစ်ဘေးဒုက္ခသည်များဟု အသုံးအနှုန်းမှန် ပြန်ပေါ်လာသည်ကို သတိပြုမိပါသည်။ ကျနော်တို့သည် မကောင်းသော ဆိုးရွားသော ကြောက်မက်ဖွယ်ကောင်းသော ဘေးအန္တရာယ်များသောကိစ္စများကို သူနှင့်ဆီလျော်သည့် စကားလုံးဝေါဟာရများသုံးရန်လိုသလို ကောင်းသောမှန်သော လှပသောကိစ္စများကိုလည်း သူနှင့်ထိုက်သည့် စကားလုံးများသုံးစွဲပြောဆိုကြပါသည်။

 

စစ်သည်မကောင်းပါ။ စစ်သည် အန္တရာယ်အလွန်ကြီးပါသည်။ လူအများ ဒုက္ခဆင်းရဲဖြစ်စေပါသည်။ လူတွေ အိုးပစ်အိမ်ပစ်နှင့် ဘေးလွတ်ရာထွက်ပြေးကြရပါသည်။ ထိုသူများအား “စစ်ဘေးဒုက္ခသည်များ” သို့မဟုတ် စစ်ကြောင့်ပြေးရသည့် “စစ်ပြေးဒုက္ခသည်များ”ဟုသာ နာနာကျင်ကျင်ဖြင့် သုံးစွဲပြောဆိုရပါလိမ့်မည်။

မျိုးမြင့်ချို ဒီဇင်ဘာ ၁၈။ ၂၀၂၁

Thursday, December 16, 2021

ချဉ်ပေါင် လက်ဆောင်နှင့်ထီ

0 comments

(ချဉ်ပေါင်)

ကျနော်နေသည့်ဖို့တ်ဝိန်းမြို့လေးတွင် ကြက်သားတပေါင်ကို ၄ ဒေါ်လာမပေးရသောလည်း ချဉ်ပေါင်ရွက်ပေါ်ဦးစ ဆိုလျှင် တပေါင်ကို ၄ ဒေါ်လာခန့်ပေးရပါသည်။ ကန်စွန်းရွက်တပေါင်ဈေးမှာလည်း အမဲသားတပေါင်ဈေးထက် ပိုပါသည်။ အမေ ဒီကိုရောက်စက ထိုအသီးအရွက်ဈေးများကို ဗမာငွေဖြင့်တွက်၍ “ဈေးကြီးလိုက်တာ”ဟု ပြောဖူး ပါသည်။ “အမေ ဗမာငွေနဲ့ တွက်မစားနဲ့။ ဒေါ်လာနဲ့တွက်စား၊ ဒါဆိုကိုက်တယ်”ဟုပြောပြရပါသည်။ နောက်တော့ အမေလည်း နေသားကျသွားပြီး ဘာမှမပြောတော့ပါ။

 

အမေရိကတွင် ကြက်သား အမဲသားဈေး အလွန်ချိုပါသည်။ ကြက်အကောင်ရေ သိန်းချီမွေးသည့် Farm ကြီးများ ရှိသလို နွားအကောင်ရေ သောင်းချီမွေးသည့် Ranch ကြီးများလည်း အလွန်များပါသည်။ ထို ကြက်ခြံနွားခြံကြီးများက အမေရိကန်လူထု၏ အသား၊ ဥ၊ နို့နှင့် နို့ထွက်ပစ္စည်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးရုံမက နိုင်ငံခြားသို့ပါ အိပ်စပို့တ် လုပ်နေတာ ဖြစ်ပါသည်။ 

 

ဗမာပြည်ဖွားများမှာ အသား၊ ငါးနှင်း ဟင်းသီးဟင်းရွက်များကို အစားများကြပြီး နို့၊ နို့ထွက်ပစ္စည်းနှင့် ဥတို့ကိုမူ အစား နည်းပါသည်။ ဟင်းသီးဟင်းရွက်မှာမှ အမေရိကန်အသီးအရွက်တွေထက် ဗမာအသီးအရွက်များကို ပိုစားကြပါသည်။ ထို့ကြောင့် ကိုယ်ပိုင်အိမ်ရှိသူတိုင်းလိုလိုက အိမ်တွင်တနိုင်စိုက်ကြသလို မြေငှားပြီး စိုက်ကြပျိုးကြသူများလည်း ရှိပါသည်။ မြေငှားစိုက်သူများက ထွက်လာသည့်ချဉ်ပေါင်ကန်စွန်း စသည်များကို ပြန်ရောင်းကြပါသည်။ စီးပွား ဖြစ်လောက်ကြီးမဟုတ်သော်လည်း အတော်လေး မြိုးမြိုးမြက်မြက်ရသည်ဟုဆိုပါသည်။ ဗမာပြည်မှာလို ဈေးထဲ ဆိုင်ခင်းပြီးရောင်းတာမျိုး မဟုတ်ပါ။ စိုက်ခင်းရှိသူထံ သွားဝယ်ရခြင်းဖြစ်ပါသည်။ မှာသည့်ပေါင်ချိန်များလျှင် အိမ်တိုင်ယာရောက်လိုက်ပို့ပေးပါသည်။

 

ချဉ်ပေါင်ကို အရွက်သင်ပြီး သူ့အတိုင်း ဘာမှထည့်ပဲ ရေစစ်သည်အထိ ပျစ်နှစ်နေအောင်ကျိုကာ လေလုံပိတ် အိတ်ကလေးများတွင်ထည့်၍ Deep Freezer ထဲတွင် ခဲ” ထားလိုက်ပါသည်။ ထို ချဉ်ပေါင်ခဲမှာ တနှစ်စာဖြစ်ပါသည်။ စားချင်သည့်အချိန် အထုတ်ကလေးတထုတ် ထုပ်ပြီး အခဲ ပြန်ဖျော်ကာ ချက်စားကြော်စားကြပါသည်။ ဗမာပြည်မှာလို ခုဈေးထဲကဝယ်လာ အိမ်ရောက်တော့ ချက်ချင်းသင်ပြီးချက်သည့် ချဉ်ပေါင်ဟင်းနှင့်တော့ အရသာနည်းနည်း ကွာပါသည်။ လူမစားခင် ရေခဲအရင်စားထားခြင်းကြောင့် ဖြစ်ပါလိမ့်မည်။

 

မြေငှားစိုက်သူတချို့က ချဉ်ပေါင်ကို ကျိုပြီး တပေါင်ထုတ် နှစ်ပေါင်ထုတ် အထုတ်ကလေးများနှင့်ခဲထားကာ ပြန်ရောင်း သည်လည်းရှိပါသည်။ တချို့စိုက်ပျိုးရမလွယ်သည့် ပြည်နယ်များရှိ ဗမာပြည်ဖွားများထံ တင်ပို့ရောင်းချကြပါသည်။ တကျောင်းတဂါထာ တရွာတပုဒ်ဆန်းဆိုသလို သူ့ဟာနှင့်သူတော့ ဟုတ်နေပါသည်။

 

ကျနော်သည် ချဉ်ပေါင်ဆိုလျှင် ချက်ချက် ကြော်ကြော် အကုန်ကြိုက်ပါသည်။ “ချဉ်ပေါင်ချက်ရင် ငါးပနော်လေးတွေနဲ့ ဟင်းခတ်တာ အကောင်းဆုံးပဲ”ဟု အမေကပြောပါသည်။ အမေရိကတွင် ဗမာပြည် မြစ်ချောင်းမှရသည့် ငါးများမရှိပါ။ ဆင်တူရိုးမှား ပင်လယ်ငါးများ မွေးမြူရေးငါးများနှင့် နှစ်ပါးသွားရပါသည်။ အမေက ချဉ်ပေါင်ဟင်းအတွက် ငါးပနော်လေးများကို လွမ်းနေချိန်တွင် ကျနော်က အမေချက်သည့် ငါးပနော်ခတ်ချဉ်ပေါင်ဟင်းကို တမ်းတနေမိပါသည်။

မျိုးမြင့်ချို

ဒီဇင်ဘာ ၁၃။ ၂၀၂၁

 

(လက်ဆောင်)

အမေရိကပြည်ထောင်စုတွင်  ၂၀၂၀ ခုနှစ်၌ သေနတ်ပစ်ခံရပြီးသေသူ ၂ သောင်းကျော် သေနတ်ဖြင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်သူ ၂ သောင်း ၄ ထောင်ကျော်ဟု စစ်တမ်းတခုကဖော်ပြပါသည်။ ကျောင်းများတွင်းလည်း သေနတ်ပစ်မှုတွေ မကြာခနဖြစ်ပါသည်။ မကြာသေးခင်ကပဲ မစ်ရှီဂန်အထက်တန်းကျောင်းတကျောင်းတွင် အသက် ၁၅ နှစ်အရွယ် Ethan Crumbley ဆိုသည့် ကျောင်းသားလေးတဦးကပစ်သဖြင့် ကျောင်းသား ၄ ယောက်သေပြီး ဆရာတဦး အပါအဝင် အခြားကျောင်းသား ၆ ယောက် ဒဏ်ရာရခဲ့ပါသည်။ Ethan မှာ သူ့မိဘများနှင့်အတူ လူသတ်မှု လူသေမှုများနှင့် တရားစွဲခံနေရပါသည်။ 

 

သေနတ်အမျိုးအစားမှာ semiautomatic 9-millimeter Sig Sauer handgun ဖြစ်ပြီး သူ့မိဘများက ကျေးဇူးတော်နေ့ မတိုင်ခင်တရက်ကမှ သေနတ်ဆိုင်သွားကာ သူ့အတွက် ခရစ္စမတ်စ်လက်ဆောင်အဖြစ် ကြိုဝယ်ပေးထားခြင်းဖြစ်ပါသည်။ ထိုသေနတ်ကို Ethan က “My Beauty”ဟုခေါ်ပါသည်။ သေနတ်ရပြီး နောက်တနေ့တွင် သားအမိနှစ်ယောက် တနေကုန်လိုလို သေနတ်စမ်းသပ်ပစ်ခတ်ခဲ့သည်ဟုဆိုပါသည်။ သားကို သေနတ်ဝယ်ပေးသောမိခင်လည်း သေနတ်ချစ်သူဖြစ်နိုင်ပါသည်။

 

အမေရိကန်တွင် မိဘကသားသမီးကို၊ ညီအကိုမောင်နှမကို၊ မိတ်ဆွေအချင်းကို အမှတ်တရပေးသည့် လက်ဆောင်ထဲတွင် သေနတ်လည်းပါပါသည်။ ကျနော်တို့က “လက်ဆောင်”ဟုဆိုလျှင် ကောင်းနိုးရာရာ အလှအပ ပစ္စည်းလေးများဟု သာမန်တွေးမိကြပါသည်။ Ethan က သူ့ လက်ဆောင်ကို “ငါ့ အလှအပ”ဟုဆိုသဖြင့် သေနတ်မှာ သူ့အတွက် အလှအပတခုဖြစ်သလို သူ့မိဘများအဖို့ သားတော်မောင်အတွက် “ကောင်းနိုးရာရာ”လည်း ဖြစ်နိုင်ပါသည်။ အသက်အရွယ်လည်းငယ် ဘဝအတွေ့အကြုံနည်းပါးပြီး ဆင်ခြင်တုံမပြည့်သေးသော လူငယ်လေးတယောက်ကို သေနတ်လက်ဆောင်ပေးခြင်းမှာ မိုက်မဲရာကျသည်ဟု ကျနော်ထင်ပါသည်။ လူသည် ချစ်လျှင် အလိုလိုက်တတ်ပြီး တခါတရံ မိုက်မိုက်မဲမဲလည်း ပြုမူတတ်ပါသည်။

 

ကျနော်သည် လက်ဆောင်တွေပေးဖူးသလို လက်ဆောင်တွေလည်းရဖူးပါသည်။ ထိုအထဲတွင်သေနတ်မပါခဲ့ဖူးပါ။ အကယ်၍ တယောက်ယောက်က ကျနော့်အား “သေနတ်လက်ဆောင်”ပေးလာခဲ့လျှင် ဘယ်လိုနေမလဲဟု တခါတခါ တွေးကြည့်ဖူးပါသည်။ စိတ်လက် မအီမသာများဖြစ်မည်လား မပြောတတ်ပါ။

 

လက်နက်ဆိုသည်မှာ သေနတ်မှမဟုတ် ဓား လှံ လေး မြားပင်လျှင် လက်ထဲကိုင်ထားသည့်အခိုက် လူ့စိတ်ကို ပြောင်းစေပါသည်။ သေနတ်ဆိုသည်မှာ မပစ်ပဲထားလျှင် အလှအပပစ္စည်းတခုဖြစ်နိုင်သော်လည်း ပစ်လိုက်သည့်အခါ လက်နက်ဖြစ်သွားပါသည်။ Ethan ရသည့် ခရစ္စမတ်လက်ဆောင် My Beauty မှာ ခုတော့ လူသတ်လက်နက် ဖြစ်သွားပါပြီ။ မရဏလက်ဆောင်ဖြစ်သွားပါပြီ။

 

ကျနော်အဖို့ ထိုသို့သောခရစ္စမတ်စ်လက်ဆောင်သည် ပေးကောင်းသလော ယူကောင်းသလောကို အသေအချာချိန်ဆ စဉ်းစားရမည်ဖြစ်ပါသည်။ ထိုကိစ္စသည် အသက်တွေဘဝတွေနှင့်ဆိုင်ပါသည်။

 မျိုးမြင့်ချို ဒီဇင်ဘာ ၁၃။ ၂၀၂၁

 

(ထီ)

ကျနော်တို့ခေတ်က အောင်လာလေထီတွင် တသိန်းဆုမှာ အကြီးဆုံးဆုဖြစ်ပြီး ထိုဆုကြီးပေါက်လျှင် အိမ်ရော ခြံရော ကားပါဝယ်နိုင်သဖြင့် ဝမ်းဆက်ရသည်ဟု ပြောပါသည်။ ထီလက်မှတ်မှာ နှစ်ကျပ်ဖြစ်ပါသည်။ ကျနော်တပ်ကထွက်ပြီး အိမ်ပြန်နေသည့်အခါ တရက်သား ဘာစိတ်ကူးပေါက်သည်မသိ ထီထိုးချင်စိတ်ဖြစ်လာသဖြင့် အမေ့ကိုပြောရာ “ပေါက်လည်း တစောင်ထည်းက ပေါက်တာ”ဟုပြောပြီး ငွေနှစ်ကျပ်ထုတ်ပေးပါသည်။ ထီထွက်သည့်အခါ နေ့စဉ်ထုတ် သတင်းစာများတွင် ဆုကြီးများကိုထည့်သွင်းဖော်ပြပါသည်။ ထီလက်မှတ်လေးကိုင်ကာ နေ့တိုင်း တိုက်တိုက်ကြည့် ပါသည်။ မပေါက်ပါ။ ထီပေါက်စဉ်ဝယ်ပြီး မတိုက်ကြည့်သဖြင့် ဆုသေးများပေါက်နေဦးတော့ သိနိုင်မည်မထင်ပါ။ တသက်တကြိမ် ထိုးဖူးသည့်ထီ ဖြစ်ပါသည်။

 

နောက်တော့ ချဲထီတွေပေါ်လာပါသည်။ တရားမဝင်လောင်းကစားဖြစ်သော်လည်း အလွန်တွင်ကျယ်ပါသည်။ သက်ဆိုင်ရာအာဏာပိုင်များကို လိုင်းကြေးပေး၍လုပ်နေကြသဖြင့် ရာခိုင်နှုန်းအများစုကြီးမှာ အဖမ်းမခံရပါ။ စီမံချက်နှင့်ဖမ်းသည့်အခါမျိုး၌ ဒိုင်ပေါက်စလေးများ၊ ကော်မရှင်စားရောင်းသူများနှင့်ထိုးသားများ အဖမ်းခံရပါသည်။ အောင်ဘာလေထီထက် ပေါက်ရန်အခွင့်အရေးများသည်ဟုဆိုနိုင်သော်လည်း ထိုးသားများသာ မွဲမွဲသွားကြပြီး ဒိုင်ကြီး ဒိုင်ငယ်များမှာ ငွေထုတ်ပိုက်သွားကြတာများပါသည်။ မလျော်နိုင်သဖြင့် ထွက်ပြေးသော ဒိုင်များလည်းရှိပါသည်။ ပေါက်ပါလျှက် အလျော်မရသဖြင့် ဘယ်သူ့ဘယ်သူမှ သွားတိုင်လို့မရပါ။ ချဲရောင်းသူတယောက်က “ကံစမ်းတဲ့အနေနဲ့  တကွက်လောက်ဖြစ်ဖြစ် စမ်းထိုးကြည့်စမ်းပါ”ဟု တိုက်တွန်းသော်လည်း ကျနော်မထိုးခဲ့ဖူးပါ။ 

 

အောင်ဘာလေထီကဲ့သို့ အစိုးရထုတ်ထီများ နိုင်ငံတိုင်းလိုလိုတွင်ရှိပါသည်။ ဗမာပြည်တွင် ထီဘယ်အချိန်ကစပေါ်မှန်း ကျနော်မသိသော်လည်း ရတာနာပုံခေတ် မင်းတုန်းမင်းနှင့်သီပေါမင်းလက်ထက်တော်တွင် အကြီးအကျယ်ထွန်းကား ခဲ့ပါသည်။ ထိုးသူများလွန်းသဖြင့် ရောင်းမလောက်ဖြစ်ကာ လောင်းကစားတခုပင် ဖြစ်ခဲ့သည်ဟုဆိုပါသည်။ 

 

တကယ်တော့ ထီဆိုသည်မှာ ကံစမ်းသည်ဟု ဘယ်လိုပြောပြော အစိုးရကဒိုင်ကိုင်သဖြင့် ဖမ်းမည့်သူမရှိသည့် လောင်းကစားတမျိုးပင်ဖြစ်သည်ဟု ကျနော်ထင်ပါသည်။ အစိုးရသည် ထီလက်မှတ်ရောင်းရငွေပေါ်မှ ရာခိုင်နှုန်းတခု အထိအရင်ဖြတ်တောက်ပြီး ကျန်ငွေကို ဆုမဲအဖြစ်ပြန်ထုတ်ပေးခြင်းဖြစ်ပါသည်။ ငါးကြင်းဆီနှင့် ငါးကြင်းကြော်ခြင်းပင်။ ဘယ်သူပေါက်ပေါက် မပေါက်ပေါက် အစိုးရတွင် အရှုံးမရှိပါ။ ပေါက်ပြီးမှ ဆုလက်မှတ်ပျောက်သူများ သို့မဟုတ် ထီထိုးရင်း တိုက်ဖို့မေ့ရင်းဖြစ်သူတွေများလျှင် အစိုးရ ပိုအမြတ်ထွက်ပါသည်။

 

ကျနော်သည် ကံစမ်းလိုသူမဟုတ်ပါ။ ကျနော့်လို လူချည်းသာဆိုလျှင် ထီအတွက် ခက်ပေလိမ့်မယ်။ လူတချို့သည် ကံစမ်းချင်သူများဖြစ်သလို ကံဆွတ်ချင်သူများလည်းဖြစ်ပါသည်။ ဘယ်လောက်ချမ်းသာသည့်နိုင်ငံ ဖြစ်နေပေ့စေ အစိုးရဆိုသည်မှာ ငွေလိုနေတတ်ပါသည်။ ထို့ကြောင့် ထီမှရသည့် အခွန်ငွေသည် မည်မျှပင်နည်းနည်းများများ ထီနှင့် မင်းဘဏ္ဍာဖြည့်တင်းသည့်စနစ်လည်း ရှိနေရပါဦးမည်။

မျိုးမြင့်ချို ဒီဇင်ဘာ ၁၆။ ၂၀၂၁

Wednesday, December 15, 2021

ရဲဘော်ဗဟိန်းအကြောင်း ရဲဘော်ကြင်မောင် ရှင်းလင်းချက်

0 comments
ရဲဘော်ဗဟိန်းအကြောင်း
ရဲဘော်ကြင်မောင် ရှင်းလင်းချက်
စစ်ကိုင်းရဲ့ပထဝီအနေအထား
စစ်ကိုင်းဟာ ရှေ့တန်းရောက်နိုင်ငံရေးမြို့ မဟုတ်ခဲ့ဘူး။
ဒါပေမဲ့ သူ့မှာ ထူးခြားချက်ရှိတယ်။
ဧရာဝတီရဲ့ တံတောင်ဆစ်ကွေ့မှာ တည်ထားတဲ့မြို့ဖြစ်လို့
စစ်ကိုင်းအရှေ့ခြမ်းက မန္တလေး၊ အမရပူရနဲ့ အရှေ့အနောက် မျက်
နှာချင်းဆိုင်။
စစ်ကိုင်းအနောက်ခြမ်းက အင်းဝ၊ တံတားဦးနဲ့ တောင်
မြောက် မျက်နှာချင်းဆိုင်။

အဲဒီတော့ အရှေ့ခြမ်းက တက်ကြွလှုပ်ရှားသူတွေက ကိုခင်
မောင်လေး (ဗိုလ်ခင်မောင်လေး)နဲ့ နီးစပ်ကြတယ်။ အနောက်ခြမ်းက
ကိုဗဟိန်းနဲ့ နီးစပ်ကြတယ်။ ကျွန်တော်က အနောက်ခြမ်းက။ ဒါ
ကြောင့် (၁၉၃၆)ကတည်းက ကိုဗဟိန်းနဲ့ သိကျွမ်းတယ်။ ကျောင်းသား
ကြီး(ခေါင်းဆောင်)နဲ့ ကျောင်းသားငယ်(နောက်လိုက်) ရဲ့ သိကျွမ်းမှု
မျိုးပါ။ ညာလက်ရုံးမဟုတ်သလို ဘယ်လက်ရုံးလည်း မဟုတ်ဘူး။
တောက်တိုမယ်ရ ဆက်သားပဲ။

သူ့ရဲ့စည်းရုံးမှုကြောင့်လည်း ကွန်မြူနစ်ဖြစ်ခဲ့တယ်။
ဒါကြောင့် ဗကပရဲ့ အတိတ်သမိုင်းအမြင်ကို ကျွန်တော်ရေးရ လိမ့်မယ်။ သူတို့စစ်အုပ်စုပြောတဲ့ ဗကပ(လက်ကျန်) ရဲ့ တာဝန်ရှိ
သူတဦးအနေနဲ့လည်း ကိုဗဟိန်းအကြောင်း ကျွန်တော်ရေးရလိမ့်မယ်။
ဒါကြောင့် လက်ရှောင်မနေဘဲ ရေးပါတယ်။
နောက်တကြောင်းကတော့ အရေးမကြီးလှပါဘူး။ ဒါပေမဲ့
ရေးမှပြည့်စုံမှာမို့ ရေးပါတယ်။
အသက်ဝင်လာမယ့် ‘၂၀၀၈ အခြေခံဥပဒေ’ အရ ပေါ် လာ
မယ့် ‘အစိုးရသစ်’မှာ နေရာဦးဖို့ ဖျာခင်းနေတာ၊ သူတို့တတွေ ဂနာ
မငြိမ် ဖြစ်နေတာကို သိနေလို့ ‘တော်ကောက်’ ခံရအောင် ‘ညိုမြ’ လုပ်နေတာသိနေလို့ လက်ရှောင်နေခဲ့တာပါ။ အခုတော့ သူတို့ထဲက (၃) ယောက် ‘သတင်းစာ’မှာ နေရာရသွား
ကြပြီ။ ဒါကြောင့် ရေးလို့ရပြီဆိုပြီး ရေးပါတယ်။

ကိုဗဟိန်းတွေဝေသူလား
ကိုချစ်လှိုင်က သခင်တင်မြလေသံလိုက်ပြီး ကိုဗဟိန်းကို တွေဝေသူလို့
ပြောတာ တွေ့လိုက်တယ်။ သခင်တင်မြကို ကိုဗဟိန်းသာမက ကိုဗဟိန်းနဲ့ ပတ်သက်တဲ့ ကျွန်တော်တို့အစုများကပါ သခင်စိုးရဲ့ဆက်သားအဖြစ် သူလာတုန်းက ခပ်ရှောင်ရှောင် လုပ်ခဲ့တယ်။ ဒါကို သူမကျေနပ်ဘူး။ သခင်စိုးကို သံတော်ဦးတင်တယ်။ အဲဒီကာလကတည်းက ကိုအောင်ဆန်းတို့၊ ကိုဗဟိန်းတို့၊ ‘ဗကသ’အနွယ်တို့ကို သခင်စိုးက ဂိုဏ်းဂဏနဲ့ ဆက်ဆံခဲ့တာပဲ။ အလံနီပါတီရဲ့အာဘော်‘အာဏာသစ်’ ဂျာနယ်မှာ ပထမဆုံးရေးတဲ့ ဆောင်းပါးတွေ ကြည့်။ “ဆောင်ကြာမြိုင်ဗိုလ်ချုပ်” လို့ ကိုအောင်ဆန်းကို ဆဲတယ်။ ကိုဗဟိန်းကိုတော့ “ချွေးတပ်ဗိုလ်ဗဟိန်း”လို့ ဆဲတယ်။

သခင်တင်မြရဲ့ သံတော်ဦးတင်တာကိုလက်ခံပြီး သခင်စိုး အရေးယူ
ခံခဲ့ရသူတွေလည်း ပါတီထဲမှာ မနည်းဘူး။

ကိုဗဟိန်းတွေဝေသူလားဆိုတာကတော့ လက်တွေ့က အဖြေပေးပြီး
ပါပြီ။ ဖက်ဆစ်ဂျပန်တော်လှန်ရေးမှာ ကိုဗဟိန်းနဲ့သူ့အစုဝင်တွေပဲ သီးခြား လက်နက်ကိုင်တပ်ဖွဲ့ပြီး တပ်မတော်နဲ့လက်တွဲကာ တိုက်ခဲ့ကြတာ ဖြစ်တယ်။ ကျွန်တော်တို့က (Partisan)ကို ဘယ်လိုဘာသာပြန်ရမလဲ မသိလို့ ‘ပါတီတပ်’ လို့ပဲခေါ်ခဲ့တယ်။ မကောင်းပါဘူး။ ကိုဗဟိန်းကတော့ ‘ရဲခေါင်ပြောက်ကျားတပ်’အမည်ခံခဲ့တာပဲ။ ဂုဏ်နဲ့ဒြပ်ဟပ်မိတယ်။ ကျွန်တော်တို့တပ်က တပ်ခွဲတခုစာသာရှိပေမယ့် ကိုဗဟိန်းတို့တပ်က တပ်ရင်းပေါင်းများစွာ ရှိတာပဲ။ ဒါကြောင့်ပဲ ဗိုလ်အောင်ဆန်းက ဖဆပလ ဥက္ကဋ္ဌလုပ်ဖို့ တပ်ကထွက်မယ်လုပ်တော့ ကိုဗဟိန်းကိုပဲတပ်ကို လွှဲခဲ့ချင်တာ ဖြစ်တယ်။ ဗိုလ်နေဝင်း၊ ဗိုလ်အောင်ကြီးတို့ မခံချိ မခံသာဖြစ်တာလည်း အဲဒါကြောင့်ပဲ။ ဗိုလ်အောင်ကြီးရဲ့ စာတစောင်မှာဒီကိစ္စ ရေးထားတာ ဖတ်ဖူးတယ်။
(ရဲဘော်ကြင်မောင်)
အရေးတော်ပုံဂျာနယ်
အတွဲ ၁ ၊ အမှတ် ၃