Thursday, December 16, 2021

ချဉ်ပေါင် လက်ဆောင်နှင့်ထီ

0 comments

(ချဉ်ပေါင်)

ကျနော်နေသည့်ဖို့တ်ဝိန်းမြို့လေးတွင် ကြက်သားတပေါင်ကို ၄ ဒေါ်လာမပေးရသောလည်း ချဉ်ပေါင်ရွက်ပေါ်ဦးစ ဆိုလျှင် တပေါင်ကို ၄ ဒေါ်လာခန့်ပေးရပါသည်။ ကန်စွန်းရွက်တပေါင်ဈေးမှာလည်း အမဲသားတပေါင်ဈေးထက် ပိုပါသည်။ အမေ ဒီကိုရောက်စက ထိုအသီးအရွက်ဈေးများကို ဗမာငွေဖြင့်တွက်၍ “ဈေးကြီးလိုက်တာ”ဟု ပြောဖူး ပါသည်။ “အမေ ဗမာငွေနဲ့ တွက်မစားနဲ့။ ဒေါ်လာနဲ့တွက်စား၊ ဒါဆိုကိုက်တယ်”ဟုပြောပြရပါသည်။ နောက်တော့ အမေလည်း နေသားကျသွားပြီး ဘာမှမပြောတော့ပါ။

 

အမေရိကတွင် ကြက်သား အမဲသားဈေး အလွန်ချိုပါသည်။ ကြက်အကောင်ရေ သိန်းချီမွေးသည့် Farm ကြီးများ ရှိသလို နွားအကောင်ရေ သောင်းချီမွေးသည့် Ranch ကြီးများလည်း အလွန်များပါသည်။ ထို ကြက်ခြံနွားခြံကြီးများက အမေရိကန်လူထု၏ အသား၊ ဥ၊ နို့နှင့် နို့ထွက်ပစ္စည်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးရုံမက နိုင်ငံခြားသို့ပါ အိပ်စပို့တ် လုပ်နေတာ ဖြစ်ပါသည်။ 

 

ဗမာပြည်ဖွားများမှာ အသား၊ ငါးနှင်း ဟင်းသီးဟင်းရွက်များကို အစားများကြပြီး နို့၊ နို့ထွက်ပစ္စည်းနှင့် ဥတို့ကိုမူ အစား နည်းပါသည်။ ဟင်းသီးဟင်းရွက်မှာမှ အမေရိကန်အသီးအရွက်တွေထက် ဗမာအသီးအရွက်များကို ပိုစားကြပါသည်။ ထို့ကြောင့် ကိုယ်ပိုင်အိမ်ရှိသူတိုင်းလိုလိုက အိမ်တွင်တနိုင်စိုက်ကြသလို မြေငှားပြီး စိုက်ကြပျိုးကြသူများလည်း ရှိပါသည်။ မြေငှားစိုက်သူများက ထွက်လာသည့်ချဉ်ပေါင်ကန်စွန်း စသည်များကို ပြန်ရောင်းကြပါသည်။ စီးပွား ဖြစ်လောက်ကြီးမဟုတ်သော်လည်း အတော်လေး မြိုးမြိုးမြက်မြက်ရသည်ဟုဆိုပါသည်။ ဗမာပြည်မှာလို ဈေးထဲ ဆိုင်ခင်းပြီးရောင်းတာမျိုး မဟုတ်ပါ။ စိုက်ခင်းရှိသူထံ သွားဝယ်ရခြင်းဖြစ်ပါသည်။ မှာသည့်ပေါင်ချိန်များလျှင် အိမ်တိုင်ယာရောက်လိုက်ပို့ပေးပါသည်။

 

ချဉ်ပေါင်ကို အရွက်သင်ပြီး သူ့အတိုင်း ဘာမှထည့်ပဲ ရေစစ်သည်အထိ ပျစ်နှစ်နေအောင်ကျိုကာ လေလုံပိတ် အိတ်ကလေးများတွင်ထည့်၍ Deep Freezer ထဲတွင် ခဲ” ထားလိုက်ပါသည်။ ထို ချဉ်ပေါင်ခဲမှာ တနှစ်စာဖြစ်ပါသည်။ စားချင်သည့်အချိန် အထုတ်ကလေးတထုတ် ထုပ်ပြီး အခဲ ပြန်ဖျော်ကာ ချက်စားကြော်စားကြပါသည်။ ဗမာပြည်မှာလို ခုဈေးထဲကဝယ်လာ အိမ်ရောက်တော့ ချက်ချင်းသင်ပြီးချက်သည့် ချဉ်ပေါင်ဟင်းနှင့်တော့ အရသာနည်းနည်း ကွာပါသည်။ လူမစားခင် ရေခဲအရင်စားထားခြင်းကြောင့် ဖြစ်ပါလိမ့်မည်။

 

မြေငှားစိုက်သူတချို့က ချဉ်ပေါင်ကို ကျိုပြီး တပေါင်ထုတ် နှစ်ပေါင်ထုတ် အထုတ်ကလေးများနှင့်ခဲထားကာ ပြန်ရောင်း သည်လည်းရှိပါသည်။ တချို့စိုက်ပျိုးရမလွယ်သည့် ပြည်နယ်များရှိ ဗမာပြည်ဖွားများထံ တင်ပို့ရောင်းချကြပါသည်။ တကျောင်းတဂါထာ တရွာတပုဒ်ဆန်းဆိုသလို သူ့ဟာနှင့်သူတော့ ဟုတ်နေပါသည်။

 

ကျနော်သည် ချဉ်ပေါင်ဆိုလျှင် ချက်ချက် ကြော်ကြော် အကုန်ကြိုက်ပါသည်။ “ချဉ်ပေါင်ချက်ရင် ငါးပနော်လေးတွေနဲ့ ဟင်းခတ်တာ အကောင်းဆုံးပဲ”ဟု အမေကပြောပါသည်။ အမေရိကတွင် ဗမာပြည် မြစ်ချောင်းမှရသည့် ငါးများမရှိပါ။ ဆင်တူရိုးမှား ပင်လယ်ငါးများ မွေးမြူရေးငါးများနှင့် နှစ်ပါးသွားရပါသည်။ အမေက ချဉ်ပေါင်ဟင်းအတွက် ငါးပနော်လေးများကို လွမ်းနေချိန်တွင် ကျနော်က အမေချက်သည့် ငါးပနော်ခတ်ချဉ်ပေါင်ဟင်းကို တမ်းတနေမိပါသည်။

မျိုးမြင့်ချို

ဒီဇင်ဘာ ၁၃။ ၂၀၂၁

 

(လက်ဆောင်)

အမေရိကပြည်ထောင်စုတွင်  ၂၀၂၀ ခုနှစ်၌ သေနတ်ပစ်ခံရပြီးသေသူ ၂ သောင်းကျော် သေနတ်ဖြင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်သူ ၂ သောင်း ၄ ထောင်ကျော်ဟု စစ်တမ်းတခုကဖော်ပြပါသည်။ ကျောင်းများတွင်းလည်း သေနတ်ပစ်မှုတွေ မကြာခနဖြစ်ပါသည်။ မကြာသေးခင်ကပဲ မစ်ရှီဂန်အထက်တန်းကျောင်းတကျောင်းတွင် အသက် ၁၅ နှစ်အရွယ် Ethan Crumbley ဆိုသည့် ကျောင်းသားလေးတဦးကပစ်သဖြင့် ကျောင်းသား ၄ ယောက်သေပြီး ဆရာတဦး အပါအဝင် အခြားကျောင်းသား ၆ ယောက် ဒဏ်ရာရခဲ့ပါသည်။ Ethan မှာ သူ့မိဘများနှင့်အတူ လူသတ်မှု လူသေမှုများနှင့် တရားစွဲခံနေရပါသည်။ 

 

သေနတ်အမျိုးအစားမှာ semiautomatic 9-millimeter Sig Sauer handgun ဖြစ်ပြီး သူ့မိဘများက ကျေးဇူးတော်နေ့ မတိုင်ခင်တရက်ကမှ သေနတ်ဆိုင်သွားကာ သူ့အတွက် ခရစ္စမတ်စ်လက်ဆောင်အဖြစ် ကြိုဝယ်ပေးထားခြင်းဖြစ်ပါသည်။ ထိုသေနတ်ကို Ethan က “My Beauty”ဟုခေါ်ပါသည်။ သေနတ်ရပြီး နောက်တနေ့တွင် သားအမိနှစ်ယောက် တနေကုန်လိုလို သေနတ်စမ်းသပ်ပစ်ခတ်ခဲ့သည်ဟုဆိုပါသည်။ သားကို သေနတ်ဝယ်ပေးသောမိခင်လည်း သေနတ်ချစ်သူဖြစ်နိုင်ပါသည်။

 

အမေရိကန်တွင် မိဘကသားသမီးကို၊ ညီအကိုမောင်နှမကို၊ မိတ်ဆွေအချင်းကို အမှတ်တရပေးသည့် လက်ဆောင်ထဲတွင် သေနတ်လည်းပါပါသည်။ ကျနော်တို့က “လက်ဆောင်”ဟုဆိုလျှင် ကောင်းနိုးရာရာ အလှအပ ပစ္စည်းလေးများဟု သာမန်တွေးမိကြပါသည်။ Ethan က သူ့ လက်ဆောင်ကို “ငါ့ အလှအပ”ဟုဆိုသဖြင့် သေနတ်မှာ သူ့အတွက် အလှအပတခုဖြစ်သလို သူ့မိဘများအဖို့ သားတော်မောင်အတွက် “ကောင်းနိုးရာရာ”လည်း ဖြစ်နိုင်ပါသည်။ အသက်အရွယ်လည်းငယ် ဘဝအတွေ့အကြုံနည်းပါးပြီး ဆင်ခြင်တုံမပြည့်သေးသော လူငယ်လေးတယောက်ကို သေနတ်လက်ဆောင်ပေးခြင်းမှာ မိုက်မဲရာကျသည်ဟု ကျနော်ထင်ပါသည်။ လူသည် ချစ်လျှင် အလိုလိုက်တတ်ပြီး တခါတရံ မိုက်မိုက်မဲမဲလည်း ပြုမူတတ်ပါသည်။

 

ကျနော်သည် လက်ဆောင်တွေပေးဖူးသလို လက်ဆောင်တွေလည်းရဖူးပါသည်။ ထိုအထဲတွင်သေနတ်မပါခဲ့ဖူးပါ။ အကယ်၍ တယောက်ယောက်က ကျနော့်အား “သေနတ်လက်ဆောင်”ပေးလာခဲ့လျှင် ဘယ်လိုနေမလဲဟု တခါတခါ တွေးကြည့်ဖူးပါသည်။ စိတ်လက် မအီမသာများဖြစ်မည်လား မပြောတတ်ပါ။

 

လက်နက်ဆိုသည်မှာ သေနတ်မှမဟုတ် ဓား လှံ လေး မြားပင်လျှင် လက်ထဲကိုင်ထားသည့်အခိုက် လူ့စိတ်ကို ပြောင်းစေပါသည်။ သေနတ်ဆိုသည်မှာ မပစ်ပဲထားလျှင် အလှအပပစ္စည်းတခုဖြစ်နိုင်သော်လည်း ပစ်လိုက်သည့်အခါ လက်နက်ဖြစ်သွားပါသည်။ Ethan ရသည့် ခရစ္စမတ်လက်ဆောင် My Beauty မှာ ခုတော့ လူသတ်လက်နက် ဖြစ်သွားပါပြီ။ မရဏလက်ဆောင်ဖြစ်သွားပါပြီ။

 

ကျနော်အဖို့ ထိုသို့သောခရစ္စမတ်စ်လက်ဆောင်သည် ပေးကောင်းသလော ယူကောင်းသလောကို အသေအချာချိန်ဆ စဉ်းစားရမည်ဖြစ်ပါသည်။ ထိုကိစ္စသည် အသက်တွေဘဝတွေနှင့်ဆိုင်ပါသည်။

 မျိုးမြင့်ချို ဒီဇင်ဘာ ၁၃။ ၂၀၂၁

 

(ထီ)

ကျနော်တို့ခေတ်က အောင်လာလေထီတွင် တသိန်းဆုမှာ အကြီးဆုံးဆုဖြစ်ပြီး ထိုဆုကြီးပေါက်လျှင် အိမ်ရော ခြံရော ကားပါဝယ်နိုင်သဖြင့် ဝမ်းဆက်ရသည်ဟု ပြောပါသည်။ ထီလက်မှတ်မှာ နှစ်ကျပ်ဖြစ်ပါသည်။ ကျနော်တပ်ကထွက်ပြီး အိမ်ပြန်နေသည့်အခါ တရက်သား ဘာစိတ်ကူးပေါက်သည်မသိ ထီထိုးချင်စိတ်ဖြစ်လာသဖြင့် အမေ့ကိုပြောရာ “ပေါက်လည်း တစောင်ထည်းက ပေါက်တာ”ဟုပြောပြီး ငွေနှစ်ကျပ်ထုတ်ပေးပါသည်။ ထီထွက်သည့်အခါ နေ့စဉ်ထုတ် သတင်းစာများတွင် ဆုကြီးများကိုထည့်သွင်းဖော်ပြပါသည်။ ထီလက်မှတ်လေးကိုင်ကာ နေ့တိုင်း တိုက်တိုက်ကြည့် ပါသည်။ မပေါက်ပါ။ ထီပေါက်စဉ်ဝယ်ပြီး မတိုက်ကြည့်သဖြင့် ဆုသေးများပေါက်နေဦးတော့ သိနိုင်မည်မထင်ပါ။ တသက်တကြိမ် ထိုးဖူးသည့်ထီ ဖြစ်ပါသည်။

 

နောက်တော့ ချဲထီတွေပေါ်လာပါသည်။ တရားမဝင်လောင်းကစားဖြစ်သော်လည်း အလွန်တွင်ကျယ်ပါသည်။ သက်ဆိုင်ရာအာဏာပိုင်များကို လိုင်းကြေးပေး၍လုပ်နေကြသဖြင့် ရာခိုင်နှုန်းအများစုကြီးမှာ အဖမ်းမခံရပါ။ စီမံချက်နှင့်ဖမ်းသည့်အခါမျိုး၌ ဒိုင်ပေါက်စလေးများ၊ ကော်မရှင်စားရောင်းသူများနှင့်ထိုးသားများ အဖမ်းခံရပါသည်။ အောင်ဘာလေထီထက် ပေါက်ရန်အခွင့်အရေးများသည်ဟုဆိုနိုင်သော်လည်း ထိုးသားများသာ မွဲမွဲသွားကြပြီး ဒိုင်ကြီး ဒိုင်ငယ်များမှာ ငွေထုတ်ပိုက်သွားကြတာများပါသည်။ မလျော်နိုင်သဖြင့် ထွက်ပြေးသော ဒိုင်များလည်းရှိပါသည်။ ပေါက်ပါလျှက် အလျော်မရသဖြင့် ဘယ်သူ့ဘယ်သူမှ သွားတိုင်လို့မရပါ။ ချဲရောင်းသူတယောက်က “ကံစမ်းတဲ့အနေနဲ့  တကွက်လောက်ဖြစ်ဖြစ် စမ်းထိုးကြည့်စမ်းပါ”ဟု တိုက်တွန်းသော်လည်း ကျနော်မထိုးခဲ့ဖူးပါ။ 

 

အောင်ဘာလေထီကဲ့သို့ အစိုးရထုတ်ထီများ နိုင်ငံတိုင်းလိုလိုတွင်ရှိပါသည်။ ဗမာပြည်တွင် ထီဘယ်အချိန်ကစပေါ်မှန်း ကျနော်မသိသော်လည်း ရတာနာပုံခေတ် မင်းတုန်းမင်းနှင့်သီပေါမင်းလက်ထက်တော်တွင် အကြီးအကျယ်ထွန်းကား ခဲ့ပါသည်။ ထိုးသူများလွန်းသဖြင့် ရောင်းမလောက်ဖြစ်ကာ လောင်းကစားတခုပင် ဖြစ်ခဲ့သည်ဟုဆိုပါသည်။ 

 

တကယ်တော့ ထီဆိုသည်မှာ ကံစမ်းသည်ဟု ဘယ်လိုပြောပြော အစိုးရကဒိုင်ကိုင်သဖြင့် ဖမ်းမည့်သူမရှိသည့် လောင်းကစားတမျိုးပင်ဖြစ်သည်ဟု ကျနော်ထင်ပါသည်။ အစိုးရသည် ထီလက်မှတ်ရောင်းရငွေပေါ်မှ ရာခိုင်နှုန်းတခု အထိအရင်ဖြတ်တောက်ပြီး ကျန်ငွေကို ဆုမဲအဖြစ်ပြန်ထုတ်ပေးခြင်းဖြစ်ပါသည်။ ငါးကြင်းဆီနှင့် ငါးကြင်းကြော်ခြင်းပင်။ ဘယ်သူပေါက်ပေါက် မပေါက်ပေါက် အစိုးရတွင် အရှုံးမရှိပါ။ ပေါက်ပြီးမှ ဆုလက်မှတ်ပျောက်သူများ သို့မဟုတ် ထီထိုးရင်း တိုက်ဖို့မေ့ရင်းဖြစ်သူတွေများလျှင် အစိုးရ ပိုအမြတ်ထွက်ပါသည်။

 

ကျနော်သည် ကံစမ်းလိုသူမဟုတ်ပါ။ ကျနော့်လို လူချည်းသာဆိုလျှင် ထီအတွက် ခက်ပေလိမ့်မယ်။ လူတချို့သည် ကံစမ်းချင်သူများဖြစ်သလို ကံဆွတ်ချင်သူများလည်းဖြစ်ပါသည်။ ဘယ်လောက်ချမ်းသာသည့်နိုင်ငံ ဖြစ်နေပေ့စေ အစိုးရဆိုသည်မှာ ငွေလိုနေတတ်ပါသည်။ ထို့ကြောင့် ထီမှရသည့် အခွန်ငွေသည် မည်မျှပင်နည်းနည်းများများ ထီနှင့် မင်းဘဏ္ဍာဖြည့်တင်းသည့်စနစ်လည်း ရှိနေရပါဦးမည်။

မျိုးမြင့်ချို ဒီဇင်ဘာ ၁၆။ ၂၀၂၁

0 comments:

Post a Comment