Tuesday, March 30, 2021

လူမျိုးစုပြဿနာနှင့်ပတ်သက်၍ ဥက္ကဌသခင်သန်းထွန်း၏သဘောထား

0 comments

လူမျိုးစုပြနာနှင့်ပတ်သက်၍ ဥက္ကဌသခင်သန်းထွန်း၏သဘောထား

၁၉၆၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက်

၁။ ၆၄ လမ်းစဉ်ရဲ့ အဓိကဖေါ်ထုတ်ချက်

(၁) ၆၄ လမ်းစဉ်က လူမျိုးစုများအခန်းကို ရှေ့တန်းတင်လိုက်ခြင်း ဖြစ်တယ်။

ဗမာပြည်မာ ပြည်သူတွေဟာ အုပ်စိုးတဲ့အရင်းရှင်လူတန်းစားအစိုးရကို လက်နက်ကိုင်တိုက်ခိုက်နေကြတယ်။ တိုင်းရင်းသားလူမျိုးစုတွေကလည်း အုပ်စိုးသူကို လက်နက်ကိုင်တိုက်ခိုက်နေကြတယ်။

(၂) ဗမာပြည်ရဲ့ အဓိကပဋိပက္ခဟာ ပြည်သူက တစ်ဘက်၊ အုပ်စိုးတဲ့အရင်းရှင်ကတစ်ဘက် တိုက်ခိုက်နေကြခြင်းဖြစ် တယ်။ ပြည်သူတွေထဲမှာ တိုင်းရင်းသားလူမျိုးစုတွေ ပါဝင်နေကြတယ်။

(၃) တော်လှန်ရေးရဲ့ရှေ့လုပ်ငန်းဟာ တပ်ပေါင်းစုတည်ဆောက်ရေး၊ တပ်ပေါင်းစုတည်ဆောက်ရေး၊ တပ်ပေါင်းစုနဲ့သာ အောင်ရမှာ ဖြစ်တယ်။ ဒီမှာ ပါတီဟာ လူမျိုးစုတွေနဲ့မဟာမိတ်ဖွဲ့ရေးကို ဖေါ်ထုတ်တယ်။

နည်းပရိယာယ်သဘောမှာ ပါတီက လူမျိုးစုတွေနဲ့ ဘယ်လို မဟာမိတ်ဖွဲ့ ရမလဲ။ မဒညတဟာ ပါတီနဲ့လူမျိုးစုတွေ မဟာမိတ်ဖွဲ့မှုပဲ ဖြစ်တယ်။ လူတန်းစားအရဖွဲ့စည်းတာ မဟုတ်ဘူး။ လူမျိုးစုများနဲ့ညီညွတ်ရေးမှာ ကရင်နဲ့ ညီညွတ်ရေးကို အလေးထားတယ်။ ဒါကို ပိုမိုခိုင်မာအောင် လုပ်ရမယ်။ တိုးချဲ့ပြီး ရှမ်း၊ ကချင် လူမျိုးစုတွေနဲ့ပါ ညီညွတ်ရေးလုပ်ရမယ်။ ၆၄ လမ်းစဉ်ထဲမှာ လူမျိုးစုစည်းရုံးရေးနဲ့ ပတ်သက်လို့ နည်းပရိယာယ်ကြွယ်ကြွယ် ဖေါ်ပြထားတာက ဗိုလ်နေဝင်းကို အဓိကတိုက်ဖို့ဖြစ်ပြီး ပဒေသရာဇ်ဆန့်ကျင်ရေးကို ရှေ့တန်း မတင်ခြင်း ဖြစ်တယ်။

၂။ ပါတီရဲ့ လူမျိုးစုစည်းရုံးရေးနဲ့ပတ်သက်တဲ့ရာဇဝင်ဖြစ်ပေါ်ပုံ

၁၉၄၂ ခုနှစ် BIA တုံးက ဗမာပြည်မာ အထူးသဖြင့် တောင်ငူဘက်မှာ ကုလားလူမျိုးတွေ ဖိနှိပ် နှိပ်စက်ခံရတဲ့အခါမှာ ပါတီဟာ ကုလားအမျိုးသားတွေဘက်က ကာကွယ်ခဲ့တယ်။ ဂျပန်နဲ့ BIA ခေါင်းဆောင်တစ်ချို့က ကရင်လူမျိုးစုများကိုနှိပ်စက်ခဲ့စဉ်က ပါတီဟာ လူမျိုးရေးအဓိကရုန်းဖန်တီးရေးလုပ်တဲ့ဂျပန်နဲ့ BIA ခေါင်းဆောင်များကို ဆန့်ကျင်ခဲ့တယ်။ ကရင်လူမျိုးတွေဘက်က ခုခံကာကွယ် ခဲ့တယ်။ ကရင်ခေါင်းဆောင်တွေကို ကာကွယ်ပေးခဲ့တယ်။ အကူအညီပေးခဲ့တယ်။ ပါတီရဲ့စည်းရုံးမှုကြောင့် ဖဆပလမှာ ကရင်လူမျိုးစုတွေ ပါဝင်ခဲ့တယ်။

၁၉၄၄ ခုနှစ်မာ ပါတီက လူမျိုးစုနဲ့ပတ်သက်ပြီး တန်းတူစည်းလုံးညီညွတ်ရေး၊ ခွဲထွက်လိုက ခွဲထွက်နိုင်ရေးတို့ကို ဖေါ်ထုတ်ခဲ့တယ်။

၁၉၄၅ ခုနှစ် ဖဆပလစည်းမျဉ်းထဲမှာ တန်းတူရေးနှင့်ခွဲထွက်ရေးပါတာဟာ ပါတီက ဦးဘဖေတို့နဲ့ အကြိတ်အနယ်တိုက်ပြီး ရထားတဲ့ ရလဒ်ပဲ။ အဲဒီတုန်းက ဗဆွေ၊ ကျော်ငြိမ်းတို့ဟာ ဦးဘဖေတို့ဘက်က ရပ်တည်ခဲ့တယ်။

၄၅ - ၄၈ ကာလမှာ ပါတီအနေနဲ့ လူမျိုးစုတွေထဲမှာ ရပ်တည်ခဲ့ပါတယ်။ လူမျိုးစုပါတီကေဒါတွေ မွေးခဲ့တယ်။

၁၉၄၈ တော်လှန်ရေးစစခြင်းမှာ ပါတီမှာ လူမျိုးစုတွေနဲ့ တပ်ပေါင်းစုဖွဲ့ဖို့ ကြိုးစားခဲ့တယ်။ အထူးသဖြင့် ကရင်လူမျိုးစုတွေနဲ့ ဖြစ်တယ်။ ဒါပေမယ့် ၄၉ ခုနှစ် ကရင်လူမျိုးစုတွေနှင့် လက်နက်ကိုင်တိုက်ပွဲဖြစ်ခဲ့တယ်။ ဒါဟာ အကြီးဆုံးအမှားပဲ။ ဒီအမှားကို ၅၀ ခုနှစ်မှာ ပြန်ပြင် နိုင်တယ်။ ၅၁ ခုနှစ်မှာ ကရင်နဲ့ ညီညွတ်ရေးတည်ဆောက်ခဲ့တယ်။ ဒီနှစ်မှာပဲ ရှမ်းပြည်မြောက်ပိုင်းကို လက်နက်ကိုင်တပ်တွေ လွှတ်ခဲ့ တယ်။ တောင်ပိုင်း ပအိုဝ့်စည်းရုံးရေးအတွက်လည်း လွှတ်ခဲ့တယ်။ မွန်ကို ၅၁ ခုနှစ်မှာ စည်းရုံးခဲ့တယ်။ ၅၃ ခုနှစ်မှာ ကချင်ကို စည်းရုံးဖို့ လွှတ်ခဲ့တယ်။

အဲဒီတုန်းက ပါတီဟာ လူမျိုးစုများနဲ့ပတ်သက်ပြီး ခွဲထွက်လိုက ခွဲထွက်ခွင့် ဖေါ်ထုတ်ခဲ့တယ်။

၅၅ ခုနှစ်ကျတော့ ခွဲထွက်လိုက ခွဲထွက်ခွင့်ကို မဖေါ်တော့ဘူး။ ဘာကြောင့်လဲဆိုတော့ နယ်ချဲ့သမားတွေက အသုံးမချနိုင်ဖို့ဖြစ်တယ်။ လူမျိုးစုတွေရဲ့ ခွဲထွက်ခွင့်ကိုတော့ မပယ်ဘူး။ ၆၂ ကျတော့ လူမျိုးစုတွေရဲ့ ခွဲထွက်ခွင့်ဟာ အခွင့်အရေးအနေနဲ့ရှိတယ်လို့ ဖေါ်ထုတ်ခဲ့ ပေမယ့် ကရင်အမျိုးသားတွေရဲ့အတွက်တော့ မှန်တယ်။ ကချင်၊ ရှမ်းတို့အတွက်မဟုတ်သေးလို့ ဆိုခဲ့တယ်။ ဒါကြောင့် ပြန်ပြင်ခဲ့ရတယ်။

၃။ ပေါ်လစီကို ဘယ်လိုချဉ်းကပ်မလဲ

သဘောတရားအနေနဲ့ပြောရင် အမျိုးသားရေးလှုပ်ရှားမှုဟာ ဘူဇွာလှုပ်ရှားမှုဖြစ်တယ်လို့ စတာလင်က သုံးသပ်တာရှိတယ်။ အဲဒီတုန်းက စတာလင်သုံးသပ်တာဟာ မှန်တယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသားလှုပ်ရှားမှုတွေကို ဘူဇွာတွေက ခေါင်းဆောင်လို့ဖြစ်တယ်။ ၁၉၁၇ ခုနှစ်ကျတော့ အခြေခံသုံးသပ်ချက်ကို ပြန်ပြင်ထားတယ်။ အောက်တိုဘာတော်လှန်ရေးပြီးတဲ့နောက် လူမျိုးစုပြနာကို ကြည့်ရာမှာ ဘူဇွာပြသနာနနဲ့မဟုတ်ပဲ လယ်သမားပြဿနာအနေနဲ့ ကြည့်ရမယ်။ ဒီမှာ အတန်းအစားဘက်က ဖေါ်ပြတာတွေ့ရတယ်။ ဒီလှုပ်ရှားမှုထဲပါတဲ့ အဓိကအစိတ်အပိုင်းဟာ လယ်သမားတွေဖြစ်တယ်။

နောက်ကြည့်ပုံကြည့်နည်းတစ်မျိုးက ကမ္ဘာ့ဆိုရှယ်လစ်တော်လှန်ရေးရဲ့အပိုင်းအနေနဲ့ ကြည့်ခြင်းပဲ။

၄၂ ခုနှစ်က ၄၅ ခုနှစ်အထိ လူမျိုးစုပြဿနာနဲ့ပတ်သက်တဲ့ ပါတီရဲ့ကြည့်ပုံကြည့်နည်းဟာ စတာလင်ရဲ့ ဒုတိယကြည့်နည်းနဲ့ တူတယ်။ လူမျိုးစုပြဿသနာဟာ အခြေခံအားဖြင့် လယ်သမားပြနာဖြစ်တယ်။ ဗမာပြည်တော်လှန်ရေးရဲ့ အစိတ်အပိုင်းဖြစ်တယ်။ ပါတီဟာ အလုပ်သမား၊ လယ်သမားမဟာမိတ်ဖွဲ့ဖို့ ဖြစ်တယ်။ ထို့ပြင် လူမျိုးစုနဲ့လည်း မဟာမိတ်ဖွဲ့ဖို့ဖြစ်တယ်။

၄။ လူမျိုးစုပြသနာကို မာ့က်စ်ဝါဒ၊ လီနင်ဝါဒအရသာ ဖြေရှင်းရမယ်။

ဆိုဗီယက်မှာ လူမျိုးစုပြဿနာကို ကိုယ်ပိုင်ပြဌာန်းခွင့်ကိုအခြေခံပြီး ဖြေရှင်းတယ်။ တရုတ်ပြည်မှာ တန်းတူရေးကိုအခြေခံပြီး တိုင်းပြည်ကြီးတစ်ခုအတွင်းမှလူနည်းစုတွေအဖြစ် ပြဿနာကိုဖြေရှင်းတယ်။

ဗမာပြည်မှာကျတော့ မာ့က်စ်ဝါဒ၊ လီနင်ဝါဒနှင့်အညီ ဆိုဗီယက်၊ တရုတ် အတွေ့အကြုံများလည်းယူ၊ ဒါပေမယ့် သီးခြားပြဿနာ ကိုလည်း နားလည်ရန်လိုသည်။

ဗမာပြည်ရဲ့ သီးခြားပြဿနာ

(၁) လူမျိုးစုအားလုံးဟာ ဗမာပြည်လူဦးရေနဲ့ ၅၀ ရာခိုင်နှုန်းခန့် ရှိတယ်။ လူမျိုးစုများရဲ့ နယ်မြေဟာ တစ်ပြည်လုံးရဲ့ ၅ ပုံ ၃ ပုံဖြစ်တယ်။

ပထဝီအနေအထားအရလည်း ထူးခြားတယ်။ လူမျိုးစုများဟာ ဗမာလူမျိုးကို ဝိုင်းရံနေတယ်။ နောက်ထူးခြားချကတစ်ခုကတော့ ဥပမာ - ဇီးကုန်းမြို့ကနေ အရှေ့ကိုတည့်တည့်သွားရင် မိုင် ၂၀ မပြည့်မီ ကရင်လူမျိုးစုကိုတွေ့မယ်။ ဒါကြောင့် လူမျိုးစုတွေဟာ ဗမာလူမျိုးကို ဝိုင်းရံနေရုံမက ရောနှောနေကြတယ်။

(၂) လူမျိုးစုများရဲ့နေထိုင်တဲ့နေရာက စစ်ရေးသေနင်္ဂဗျူဟာအရ အရေးကြီးနေရာဖြစ်တယ်။

(၃) စီးပွားရေးအရ ကြွယ်ဝတဲ့နေရာဖြစ်တယ်။ သယံဇာတ ပစ္စည်းများလည်း ကြွယ်ဝတယ်။ ကချင်ပြည်နယ်မှာ ခနောက်စိမ်းတွင်း ရှိတယ်။ ရှမ်းပြည်မှာ ခဲတွင်း၊ ကယားပြည်နယ်မှာ မော်ချီးမိုင်းရှိတယ်။

(၄) သမိုင်းရေးဖြစ်ပေါ်မှုတွေဟာ မတူညီဘူး။ ရခိုင်က ဗမာရောက်တာဟာ ဘိုးတော်ဘုရားလက်ထက်မှာ ဖြစ်တယ်။ နောက် ဘာမှ မကြာဘူး။ အင်္ဂလိပ်အောက် ကျရောက်သွားတာပဲ။ မွန်လူမျိုးဟာ ဗမာလူမျိုးနဲ့ တစ်လျှောက်လုံး ထီးပြိုင်နန်းပြိုင်ဖြစ်ခဲ့တယ်။ ယဉ်ကျေးမှုအဆင့်အတန်းလည်း မြင့်တယ်။ ရှမ်းလူမျိုးဆိုရင်လည်း ပုဂံခေတ်နောက်ပိုင်းမှာ ဗမာဘုရင်တွေဟာ ရှမ်းစပ်တွေသာ များတယ်။ ရှမ်းလည်း ဗမာပြည်ရဲ့ အုပ်စိုးသူဖြစ်ခဲ့ဖူးတာပဲ။ ကရင်လူမျိုးဟာ တစ်ချိန်က ယဉ်ကျေးမှုအဆင့်နိမ့်တယ်။ ပထမ ကမ္ဘာစစ်ပွဲအပြီး အင်္ဂလိပ်က ကရင်လူမျိုးကိုခွဲထုတ်ပြီး သွေးခွဲတဲ့အတွက် အင်္ဂလိပ်လက်အောက်ရောက်ရတယ်။ အင်္ဂလိပ်ယဉ်ကျေးမှု တွေ သွင်းခဲ့တယ်။ အင်္ဂလိပ်လက်အောက်ရောက်နေတုန်း ကရင်နီဟာ ဗမာပြည်နဲ့ တစ်သီးတစ်ခြားဖြစ်တယ်။ ကချင်လူမျိုးဆိုရင် တရုတ်ပြည်ဘက်မှာ တစ်ဝက်လောက် ရှိတယ်။ တရုတ်ပြည်ဘက်ကနေ ဗမာပြည်ဘက်ကို တိုးဝင်လာတယ်။ အင်္ဂလိပ်ဝင်တိုက်လို့ ရပ်သွားတယ်။

(၅) စီးပွားရေးအရ ဖြစ်ပေါ်တိုးပွားမှုဟာလည်း မတူဘူး။ ဗမာ၊ ရခိုင်၊ မွန်တို့က အရင်းရှင်စနစ်ဟာ မြင့်တယ်။ ကရင်ထဲမှာ ဒီလောက် မမြင့်ဘူး။ ရှမ်း၊ ကချင်ထဲမှာ ခုမှမြင့်လာတယ်။

(၆) အားလုံးဟာ နယ်ချဲ့ဆန့်ကျင်ရေးအစဉ်အလာရှိတယ်။ ရခိုင်မှာ အင်္ဂလိပ်ဝင်လာစကပင် သူပုန် (၅) ကြိမ်ထခဲ့တယ်။ မွန်ရှမ်းတွေလည်း ပုန်ကန်တာတွေပေါ်ခဲ့တယ်။ ကချင်မှာဆိုရင် ၁၈၈၅ ခုကနေ ၁၉၂၈ ထိ ပုန်ကန်မှုတွေ ဖြစ်ခဲ့တယ်။

(၇) လူမျိုးစုတိုင်းမှာ နိုင်ငံရေးပါတီတွေ ရှိတယ်။ ဒီပါတီတွေဟာ အရင်းရှင်ဝါဒီတွေသာမက မာ့က်စ်ဝါဒဩဇာလည်းရှိတယ်။

(၈) လူမျိုးစုတွေဟာ ဗမာအရင်းရှင်လူမျိုးကြီးဝါဒအရ ဖိနှိပ်ခံခဲ့ရတယ်။

(၉) လူမျိုးစုတိုင်းလိုလိုက အစိုးရကို လက်နက်ကိုင် ခုခံနေကြတယ်။

(၁၀) လူမျိုးစုအစိတ်အပိုင်းအတွင်း နယ်ချဲ့ဩဇာလည်း ရှိသင့်သလောက် ရှိတယ်။ ခွဲထွက်ရေးအသံဟာလည်း မသေးဘူး။

(၁၁) လူမျိုးစုထဲမှာ ပါတီရဲ့ဩဇာလည်းရှိတယ်။ ဒါပေမယ့် ဖွဲ့ဖွဲ့စည်းစည်း မဖြစ်သေးဘူး။

လက်ငင်းအရေးကြီးတာတစ်ခုက အစိုးရမှာ တိုက်ခိုက်နေတဲ့ တပ်ရင်း (၈) ခု ရှိတဲ့အနက် ကချင်၊ ကရင်၊ ရှမ်းလူမျိုးစုတွေ တိုကတဲ့နေရာမှာ တပ်ရင်း (၅) ခု ကျော်လောက် သုံးနေတယ်။ လူမျိုးကြီးဝါဒအရ ပြင်းပြင်းထန်ထန် တိုက်နေတယ်။

၅။ လူမျိုးစုပြသနာကို ဘယ်လိုဖြေရှင်းမလဲ

တစ်စည်းတစ်လုံးတည်းနေထိုင်ရမယ့်နိုင်ငံကိုထူထောင်ဖို့ တန်းတူရေးကိုအခြေခံဖို့ ဖြစ်တယ်။ ဗမာပြည်မှာ ဆိုဗီယက်လို လွတ်လပ်တဲ့ နိုင်ငံတွေ ပေါင်းထားတဲ့ပုံစံလည်း မဖြစ်သင့်။ တရုတ်ပြည်လို တန်းတူရေးကိုအခြေခံမယ့် လူနည်းစုအဖြစ်ကြည့်လို့မရဘူး။

ဒါကြောင့် ဗမာပြည်မှာ (ဆိုရှယ်လစ်ပြည်ထောင်စု)သဘောမျိုး ဖြစ်ရလိမ့်မယ်။ အားလုံးပါဝင်တဲ့ ဗဟိုရှိရလိမ့်မယ်။ ဒီဗဟိုက နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေးကို ကိုင်ရမယ်။ ကျန်တာတွေကတော့ ပြည်နယ်အလိုက် တည်ဆောက်ကြရမယ်။ ဗမာပြည်လည်း ပြည်နယ် တစ်ခုဖြစ်စေပြီး အားလုံးပေါင်းထားရမယ်။ ဒါပေမယ့် ပြည်နယ်တွေမှာ ဒေသလုံခြုံရေးတပ်ရှိရမယ်။ ကွန်မြူနစ်ပါတီကတော့ တစ်ခုတည်းရှိရမယ်။

၆။ ဖက်ဒရယ်ကိစ္စ

ဒါနဲ့ပတ်သက်ပြီး ပါတီဟာမှားခဲ့တယ်။ ဖက်ဒရယ်မူကိုထောက်ခံပြီး ချွတ်ယွင်းချက်ကို ထောက်ပြဖို့လိုတယ်။

၇။ ဆန့်ကျင်ဖို့ အယူအဆနှစ်ခု

လူမျိုးစုပေါ်လစီမှာ ၂ ဘက် တိုက်ရမယ်။ ဗမာအရင်းရှင်နဲ့လူမျိုးကြီးဝါဒကို တိုက်ရမယ်။ တိုင်းရင်းသားလူမျိုးစုထဲက ကျဉ်းမြောင်းတဲ့ ဝါဒကိုလည်း တိုက်ရမယ်။ ဒီနှစ်ခုအနက် လူမျိုးကြီးဝါဒကို အဓိကတိုက်ရမယ်။ အခု ဗိုလ်နေဝင်းလက်ထက်မှာ လူမျိုးကြီးဝါဒကို တိုက်ရမယ်။

ခွဲထွက်ရေးလှုံ့ဆော်တာကို ဆန့်ကျင်ရမယ်။ အလံနီက ခွဲထွက်ရေးကိုအားပေးတယ်။

ဖက်ဒရယ်ပြဿနာမှာ ဦးနုက တစ်စုံတစ်ရာ လိုက်လျောချင်တဲ့သဘောတွေ့ရတယ်။ နေဝင်းက ဒါကြောင့် တက်လာတာဖြစ်တယ်။ ဒါကြောင့် ဖက်ဒရယ်ကိစ္စသဘောထားပြောင်းဖို့ လိုတယ်။

လူမျိုးစုပြနာနဲ့ပတ်သက်လို့ ဗိုလ်နေဝင်း မန္တလေးမှာပြောတာက တစ်စုတစ်စည်းထဲနိုင်ငံဖြစ်ရမယ်လို့ ဆိုတယ်။ လူမျိုးစုအားလုံးက ပေါင်းမယ်လို့ ပြောရမယ်။ ပေါင်းမယ်လို့ပြောမှ အခွင့်အရေးပေးမယ်လို့ ဆိုတယ်။ ဒါဟာ ပြောင်းပြန်ဖြစ်တယ်။ လူမျိုးစုတွေကို အခွင့်အရေးပေးရင် ၎င်းတို့က ပေါင်းမှာဖြစ်တယ်။ ဒါကြောင့် ဗိုလ်နေဝင်းရဲ့ တစ်စုတစ်စည်းတည်းနေရေးဟာ သေနတ်နဲ့ချိန်ပြီး အတင်းပေါင်းခိုင်းတာဖြစ်တယ်။ ဒါကို ပါတီကဆန့်ကျင်ပြီး တိုက်ပွဲဝင်ရမယ်။ ဒါကိုအခြေခံပြီး စည်းရုံးရေးကို ကြိုးပမ်းရမယ်။

၈။ လူမျိုးစုတွေထဲမှာ ပါတီတည်ဆောက်ရေး

လူမျိုးစုတွေထဲမှာ ပါတီတည်ဆောက်ရေးဖြစ်တယ်။

အခြေခံရမှာက လူမျိုးစုတွေအားလုံး တစ်လုံးတစ်စည်းတည်းနဲ့ အမျိုးသားဒီမိုကရေစီတော်လှန်ရေးကို ဆင်နွှဲရမယ်။ တစ်ပြည်လုံးအောင်ပွဲခံရေး လုပ်ရမယ်။ လူမျိုးစုတွေရဲ့တော်လှန်ရေးဟာ တစ်ပြည်လုံးတော်လှန်ရေးရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်တယ်။

လူမျိုးစုတွေထဲမှာ ကေဒါတွေ မွေးရမယ်။ ကချင်၊ ရှမ်းတို့မှာ လူတန်းစားလှုပ်ရှားမှုအဆင့်နိမ့်သေးတယ်။ ဒါကြောင့် ၎င်းတို့ထဲမှာ ခေါင်းဆောင်မွေးမြူရေးဟာ ကျောင်းသားထဲမှာဖြစ်တယ်။

၁၉၆၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက်

အောင်စောဦး၏ ပြည်တွင်းစစ် နှစ်၅၀၊ လွတ်လပ်ရေးရွှေရတုစာအုပ်မှ

Tuesday, March 2, 2021

ဂန္ဒီစစ်တမ်း

0 comments
ဂန္ဒီစစ်တမ်း
ရေးသူ - ကွန်မြူနစ်ခေါင်းဆောင် ကိုဗဟိန်း
လွတ်လပ်ရေး လုပ်ငန်းကို ဂန္ဒီကြီး စွမ်းစွမ်းတမံ ရှေ့ဆောင်ပြုလုပ်ခဲ့ရာ၌ အကောင်းအဆိုး (သို့မဟုတ်) အနှေးအမြန် ဆန်းစစ်ဝေဖန်၍ ပြထားသည်။
ဂန္ဒီစစ်တမ်း ဆိုရာ၌ ပုဂ္ဂိုလ်စွဲအားဖြင့် ဂန္ဒီ၏ အထ္ထုပတ္တိ ဖြစ်စဉ်ကို စစ်ဆေး သို့မဟုတ် နိုင်ငံရေးတွင်
ဂန္ဒီ၏အမြင်၊ ဂန္ဒီ၏ ဝါဒ။ ဂန္ဒီ စနစ်(Gandhism) ကို ဝေဖန်စစ်ဆေးဖို့ ဖြစ်၏။
ယနေ့ အိန္ဒိယပြည်တွင် ဂန္ဒီထက် အရေးပါအရာရောက်သူဟူ၍ မရှိ။ ဂန္ဒီမှာ သန်းပေါင်း (၃၅၀) ကျော်မျှ (ကမ္ဘာ့လူဉီးရေ၏ ၅ ပုံ ၁ ပုံခန့်)သော ကုလားများ၏ သရဖူမဆောင်းသော ဘုရင်ဟု ခေါ်နိုင်၏။ အလွန်အရေးပါသော ကွန်ဂရက်ကြီး၏ ဥက္ကဌ ကုလားထိုင်တွင် သူထိုင်စေချင်သူမှ ထိုင်ရ၏။ အများ မဲဆန္ဒဖြင့် ဥက္ကဌဖြစ်လာသော ဆူဘတ်ချန္ဒရာ ဘို့စ်သည် ဂန္ဒီ့အကြိုက်ကို မလိုက်သဖြင့် ဥက္ကဌအဖြစ်မှ လျှော့သွားရ၏။ ယခုအခါ တကမ္ဘာလုံးက ကုလားများ အာဏာဖီဆန်ရေး တိုက်ပွဲ စတော့မည်မှာ ယနေ့လား, မနက်ဖြန်လားဟု ဂရုတစိုက် မျှော်လင့်နေကြ၏။ အာဏာဖီဆန်ရေး ကြေညာရန်အတွက် ခလုတ်မောင်းမှာ ဂန္ဒီ၏ လက်ထဲတွင် ရှိ၏။ ဂန္ဒီ လက်တခါလှုပ်လျှင် အိန္ဒိယပြည်သည် ဗြောင်းဆန်အောင် ဆူပွက်သွားပေအံ့။ သို့သော် အရေးကြီးဆုံးအချက်ကား ဂန္ဒီသည် တကယ် အာဏာဖီဆန်ရေးကို ကြေညာမည်လော။ ဂန္ဒီ၏ ခေါင်းဆောင်မှုဖြင့် ကုလားများ တကယ် လွတ်လပ်ရေး ရမည်လော။
ဤမေးခွန်းများမှာ ကုလားများအတွက်သာ အရေးကြီးသည် မဟုတ် ဗမာများအတွက်လည်း အလွန်အရေးကြီး၏။ လွတ်လပ်ရေးအတွက် ဆူပွက်နေသော ကုလားပြည်၊ လွတ်လပ်ရေး ရသွားပြီဖြစ်သော ကုလားပြည်တို့သည် ဗမာပြည်၏ လွတ်လပ်ရေးတိုက်ပွဲ၊ ဗမာပြည်၏ နောင်ရေးကို မည်မျှပြုပြင်ပြောင်းလဲပေးမည်ကို စဉ်းစားကြည့်နိုင်၏။
ကုလားပြည်တွင် ပြောင်းလဲနေသမျှတို့ကို ဗဟုသုတသက်သက်ထက် ဗမာ့လွတ်လပ်ရေး ကြိုးပမ်းမှုအတွက် အမြင်မှန်မြင်ဖို့ အရေးကြီး၏။ ယခုဆောင်းပါးတွင်ရေးသမျှတို့မှာ ဤရည်ရွယ်ချက်ကို အရင်းခံထား၍ ရေးသားခြင်း ဖြစ်၏။
ဂန္ဒီမှာ ပုဂ္ဂိုလ်ထူး ဖြစ်၏။ ကုလားများသာမက တကမ္ဘာလုံးကပင် ကြည်ညိုလေးစားခြင်း ခံရသူ ဖြစ်၏။ "အာရှတိုက်အတွင်းရေး" ကို ရေးသူ ဂျွန်ဂန်းသားက ဗုဒ္ဓမြတ်စွာဘုရားနောက် ဂန္ဒီသည် တန်ခိုးအကြီးဆုံး ကုလားတစ်ယောက် ဖြစ်သည်ဟု ရေး၏။ ဂန္ဒီ၏ ကိုယ်ကျင့်တရား၊ ဂန္ဒီ၏ စိတ်ထားမြင့်မြတ်ပုံတို့မှာ လူတိုင်း ကြည်ညိုစရာပင် ဖြစ်၏။ သို့သော် နိုင်ငံရေးအားဖြင့် သရုပ်ခွဲရာ၌ ပုဂ္ဂိုလစွဲအားဖြင့် ကြည်ညိုမှု, ရိုသေကိုင်းရှိုင်းမှု တို့သည် ပေါ်ပေါက်လာရန် အကြောင်းမရှိပေ။
ဂန္ဒီဝါဒ-ဂန္ဒီစနစ် ဟူ၍ ရေးသားရာ၌ အခြားဓနရှင်ဝါဒ, နယ်ချဲ့ဝါဒ, ဘုံဝါဒ စသည်တို့ကဲ့သို့ ဂန္ဒီဝါဒဟူ၍ သတ်သတ်ခွဲခြားပြောဆိုနိုင်သလော ဟူသော အမေးမျိုး ပေါ်ပေါက်နိုင်လေသည်။
ဂန္ဒီဝါဒ၏ အခြေခံတရား (၃) ပါး
ဂန္ဒီဝါဒ ဟူ၍ ဝါဒတခု သတ်သတ်အဖြစ် ခေါ်ဝေါ်ရေးသားနိုင်၏။ ဂန္ဒီ၏ ဝါဒ အခြေခံတရား (၃) ပါးကား -
1. သစ္စာတရား (Truth)
2. မေတ္တာတရား။ (non-violence) မည်သူ့ကိုမဆို မေတ္တာထားရမည်။ ရန်သူကိုပင် အကြမ်းဖက်၍ သတ်ဖြတ်ညှင်းဆဲခြင်းဖြင့် မအောင်ရ။
3. တပတရား (Renunciation) မိမိကိုယ်ကို ခြိုးခြံစွာ ကျင့်ကြံနေထိုင်ရမည်
ဤအခြေခံတရားများမှာ စင်စစ်အားဖြင့် ရှေးဟိန္ဒူဘာသာတရားမှ ထုတ်နှုတ် ယူငင်ထားချက်များပင် ဖြစ်သည်။ ကွန်ဂရက်၏ လွတ်လပ်ရေးတိုက်ပွဲ ပရိယာယ်ဖြစ်သော အကြမ်းမဖက် အနုသက်သက်နည်းဖြင့် အာဏာဖီဆန်ရေး စသည်တို့မှာ ဂန္ဒီဝါဒ၏ မေတ္တာတရားအရ ဖြစ်သည်။ ဤတိုက်ပွဲမျိုးကို ဂန္ဒီဝါဒအရ သစ္စာဂျဟ တိုက်ပွဲဟုခေါ်သည်။ တပတရားအရ မိမိကိုယ်ကို ခြိုးခြံစွာ နေထိုင်ရမည် ဟူရာ၌ ဂန္ဒီဝါဒသည် ယခုစက်ကိရိယာခေတ်ကို အလွန် မုန်းတီး၍ လူတိုင်း ကိုယ်ဝတ်သော အဝတ်ကို ကိုယ်တိုင် ရက်ဝတ်သည့် ခေတ်၊ ကျေးလက်စီးပွားရေး စနစ်ခေတ်ကို ပြန်လည်ထူထောင်ရန် ရည်ရွယ်သည်။
ဤတရား (၃) ပါးကို အခြေခံထားသော ဂန္ဒီဝါဒသည် လွန်ခဲ့သည်းအနှစ် (၂၀) ခန့်က စတင်ပေါ်ပေါက်လာလေရာ ထိုအချိန်ကစ၍ အိန္ဒိယပြည်သည် ခေတ်တခေတ်သို့ ကူးပြောင်းလာပြီဟု ဆိုနိုင်လေသည်။ နိုင်ငံရေးမှာ ပညာတတ် တိုင်းရင်းသားဓနရှင်တို့၏ အပျင်းပြေလုပ်ငန်းမျိုးမှ ကုလားဆင်းရဲသား လူထုကြီး တခုလုံး နိုးကြားထကြွလာကာ ဗြိတိသျှနယ်ချဲ့စနစ်ကို တိုက်ဖျက်သည့် လုပ်ငန်းကြီး ဖြစ်လာလေသည်။
ဂန္ဒီဝါဒသည် ကုလားဆင်းရဲသားထုကြီးအား နိုင်ငံရေး အမြင်သန်လာအောင် လုပ်နိုင်ခြင်းမှာ ဂန္ဒီဝါဒ၏ အခြေခံတရားများကြောင့်လော၊ ခေတ်ပေါ်နိုင်ငံရေးကို ရှေးဆန်သော ဘာသာတရား၊ ကိုယ်ကျင့်တရား စသည်တို့ဖြင့် ပေါင်းစပ်ပေး၍လော။ ဤသို့ကား မဟုတ်ပေ။
ဂန္ဒီဝါဒနှင့် ပထမအကြိမ်အာဏာဖီဆန်ပွဲ ၁၉၂၀ ခု
ဂန္ဒီဝါဒ၏ ရေးပုံ၊ သုံးနှုန်းပုံတို့မှာ ရှေးဆန်လှသော်လည်း စင်စစ်အားဖြင့် ကမ္ဘာစစ်ကြီးပြီးသည့်နောက် မကျေမနပ် ဆူပွက်လျက်ရှိသော ကုလားဆင်းရဲသား ထုကြီးကို နှိုးဆွကာ ခေါင်းဆောင်ခဲ့လေသည်။ နယ်ချဲ့အစိုးရမှာ မိစ္ဆာအစိုးရဖြစ်၍ မိစ္ဆာအစိုးရနှင့် မဆက်ဆံရေးဟု ဆိုကာ နယ်ချဲ့စနစ်ကို တိုက်ဖျက်လိုသော ဆင်းရဲသား လူထုကြီးအား အစိုးရနှင့် မဆက်ဆံရေး, အာဏာဖီဆန်ရေး လုပ်ငန်းကို စတင်စေခဲ့လေသည်။ ဂန္ဒီ၏ စေ့ဆော်ချက်အရ ကွန်ဂရက်၏ ကြွေးကြော်သံသည် ရွာသိမ်ရွာငယ် မကျန် ကုလားပြည်တခုလုံး ပြန့်နှံ့သွားကာ သန်းပေါင်းများစွာသော ကုလားဆင်းရဲသား လူထုကြီး ကွန်ဂရက်အလံအောက်သို့ ခိုဝင်လာကြခြင်းဖြင့် ကွန်ဂရက်မှာ ပထမဆုံး ကုလားတပြည်လုံး၏ အသင်းကြီး ဖြစ်လာလေသည်။
ဂန္ဒီကိုယ်တိုင် အဖမ်းခံရစဉ်က ဂန္ဒီက အစိုးရနှင့် မဆက်ဆံရန် ဟောပြောသည်မှာ မှန်ကြောင်း ရဲဝံ့စွာ ဝန်ခံ၍ ကုလားလူမျိုးတမျိုးလုံး လူစဉ်မမှီအောင် မွဲပြာကျရခြင်းမှာ မိစ္ဆာအစိုးရကြောင့် ဖြစ်ကြောင်းနှင့် အစိုးရအား ရှုံ့ချပြောဆိုလေသည်။
သို့သော် ဂန္ဒီဝါဒ၏ ကြီးစွာသော ချို့ယွင်းချက်မှာ ထိုအခါကပင် ထင်ရှားခဲ့လေသည်။ ဂန္ဒီဝါဒသည် နယ်ချဲ့စနစ်ကို၏ ဖြိုဖျက်ရန် မရည်ရွယ်ပေ။ ဖြိုဖျက်၍မရ ဟူ၍ အယူရှိပြီး အကယ်၍ ဖြိုဖျက်ရသည့်တိုင်အောင် အင်နဲ့အားနှင့် အကြမ်းပတမ်းဖက်ခါ ဖြိုဖျက်စရာ မလိုဟု ယုံကြည်လေသည်။ ဂန္ဒီဝါဒ၏စွဲမှတ်ချက်ကား ကုလားဆင်းရဲသားထုကြီးကို ဆင်းရဲစေ, မွဲစေသော နယ်ချဲ့စနစ်အား မေတ္တာတရားဖြင့် စိတ်ပြောင်းအောင် လုပ်နိုင်သည် ဟူသော စွဲမှတ်ချက်ပင် ဖြစ်လေသည်။
နောက်လိုက်ကုလား ဆင်းရဲသားထုကြီးကား ဖော်ပြပါ ဂန္ဒီဝါဒ၏ ချို့ယွင်းချက်ကြီးကို မမြင်။ အာဏာဖီဆန်ရန် ဂန္ဒီက အချက်ပေးလိုက်ခြင်း ဖြစ်သည်။ နယ်ချဲ့စနစ် တိုက်ဖျက်ရေးအတွက် တကယ့် အရေးတော်ပုံကြီး စပြီဟုသာ ယူဆကြကာ မိမိတို့ လွတ်လပ်ရေးအတွက် ယမ်းကုန်, မီးကုန်, ကြဲကြလေတော့သည်။
ဂန္ဒီကား နောက်လိုက်များမှာ မိမိ လှမ်းစေချင်သည်ထက် ခြေတလှမ်း သွက်သွက်ကြီး လှမ်းနေသည်ကို မြင်လာကာ ကြာလျှင် မအုပ်စီးနိုင်ဘဲ မိမိလက်မှ လွတ်ထွက်ကုန်မည်ကို စိုးရိမ်လာပြီးလျှင် ချောင်ရီချောင်ရာ ဟူသော ရွာကလေးတွင် ရွာသူ, ရွာသားများက ပုလိပ်သားများအပေါ် အကြမ်းဖက်သည်ကို အကြောင်းပြု၍ အိန္ဒိယတပြည်လုံး၏ အာဏာဖီဆန်မှုကြီးကို ရပ်စဲရန် အမိန့်ပေးလိုက်လေသည်။ ဂန္ဒီ၏ နိုင်ငံရေးပန်းတိုင်မှာ နယ်ချဲ့စနစ် တိုက်ဖျက်ရေး, တကယ့်လွတ်လပ်ရေး မဟုတ်။ ကနေဒါ၊ သြစတြေးလျ တို့ကဲ့သို့ နယ်ချဲ့စနစ် လက်အောက်ခံ ဒိုမီနီယံ အခြေသာဖြစ်ကြောင်း ဂန္ဒီ၏ နိုင်ငံရေးလက်နက်မှာလည်း အင်နှင့် အားနှင့် ဖိ၍ တိုက်သော အရေးတော်ပုံလုပ်ငန်းမျိုး မဟုတ်ဘဲ လူအားပြ၍ နယ်ချဲ့စနစ်နှင့် ဈေးဆစ်ခြင်းမျိုးသာ ဖြစ်ကြောင်းတို့မှာ ထိုအချိန်ကပင် ထင်ရှားခဲ့လေသည်။
ဂန္ဒီဝါဒနှင့် တိုင်းရင်းသားဓနရှင်များ
ဂန္ဒီဝါဒ၏ ပထမအဆင့် (၁၉၂၀) ခုတွင်ပင် တိုင်းရင်းသား ဓနရှင်များသည် ဂန္ဒီ၏အောက်သို့ ခိုဝင်လာကြလေသည်။ ပထမတွင်ကား ဂန္ဒီ၏ ဆင်းရဲသားလူထုကြီးအား နှိုးဆွပေးချက်၊ စက်မှ ကိရိယာကို ရှုံချချက်တို့မှာ တိုင်းရင်းသားဓနရှင်တို့ တုန်လှုပ်ချောက်ချားစေခဲ့သော်လည်း ဂန္ဒီမှာ ဆင်းရဲသားများအား လှုပ်ရှားနိုင်းကြားစေနိုင်သလောက် ၄င်းတို့ထင်သလို မလှမ်းနိုင်အောင် ခြေချုပ်ထည့်နိုင်သည်ကို သိလာကြသောအခါ ဂန္ဓီသာလျှင် ၄င်းတို့၏ ခေါင်းဆောင်, ၄င်းတို၏ လူတန်းစား အကျိုးအတွက် ဆောင်ရွက်မည့်ပုဂ္ဂိုလ်ဖြစ်ကြောင်း မြင်လာလေသည်။ ဂန္ဒီ၏ လူတန်းစားနှင့် တတန်းစား သင့်မြတ်ရေး၊ အလုပ်သမားများ၏ တရားသော သပိတ်မှောက်မှုများကို ရှုံချချက်နှင့် ဓနရှင်တို့၏ ပစ္စည်းကို ကာကွယ်ပေးရေး စသည်တို့မှာ ဂန္ဒီဝါဒနှင့် တိုင်းရင်းသားဓနရှင်တို့ ပိုမိုပူးပေါင်းဖို့ ဖန်တီးပေးလေသည်။
ဂန္ဒီ၏ လက်ရက်ကန်း အားပေးရေး လုပ်ငန်းမှာလည်း တိုင်းရင်းသားဓနရှင်တို့၏ စက်ရုံထွက် အထည်အလိပ် လုပ်ငန်းကို ပြိုင်ဆိုင်ရာ မရည်ရွယ်။ စက်ရုံထွက် အထည်အလိပ် မဝယ်နိုင်သော အလွန်ဆင်းရဲငတ်မွတ် ခေါင်းပါးနေသည့် တောရွာများ အတွက်သာ ရည်ရွယ်ကြောင်း တိုင်းရင်းသားဓနရှင်တို့ သိလာကြလေသည်။
ထိုအချိန်ကစ၍ တိုင်းရင်းသား ဓနရှင်၊ လယ်ပိုင်ရှင်တို့သည် ကွန်ဂရက်အတွင်းသို့ ဝင်လာကြ၍ ကွန်ဂရက်၏ ရန်ပုံငွေမှာလည်း အဆမတန် တိုးတက်လာလေသည်။
ဂန္ဒီဝါဒမှာ တိုင်းရင်းသားဓနရှင် လူတန်းစား၏ အကျိုးဆောင်အဖြစ်သို့ လုံးလုံးလျားလျား ပြောင်းလဲလာသည့် အချိန်ကား (၁၉၂၉ - ၃၀) ခု။ ကမ္ဘာ့စီးပွားပျက် ကပ်ဆိုက်ရောက်ချိန် ဖြစ်လေသည်။ ထိုအချိန်တွင် ဗြိတိသျှဓနရှင်များမှာ စီးပွားပျက်ကပ်ကြောင့် အထူးထိခိုက်ခြင်း ခံရလေရကား ဗြိတိသျှဓနရှင်တို့ သက်သာချောင်ချိရေးအတွက် စီမံသမျှတို့မှာ ကုလားတိုင်းရင်းသားဓနရှင်တို့ကို များစွာ ထိခိုက်လေတော့သည်။ အိန္ဒိယထွက်ကုန်များအား ကာကွယ်ပေးရန် ငြင်းဆိုချက်၊ ဗြိတိသျှ ကုန်စည်များအား အရေးပေးချက်၊ အိန္ဒိယထွက် ဝါဂွမ်းအပေါ် အကောက်ယူချက်၊ ကုလားငွေတကျပ်ကို အင်္ဂ္လိပ်ငွေ တသျှီလင် ခြောက်ပဲနိဟု သတ်မှတ်ချက်တို့မှာ ဗြိတိသျှနယ်ချဲ့စနစ်၏ ချုပ်ချယ်ချက်များ ဖြစ်လာလေသည်။
ထိုအချိန်တွင် အဝတ်အစား ဈေးကြီးမှု၊ လယ်ထွက်ပစ္စည်း ဈေးကျမှုတို့မှာ အလုပ်သမား လယ်သမားတို့အား များစွာ ထိခိုက်စေရကား တိုင်းပြည်တခုလုံးရှိ ဆင်းရဲသားထုကြီးမှာလည်း ထပ်မံ လှုပ်ရှားလာပြန်လေသည်။ အလုပ်သမားများ၊ လယ်သမားများ၏ အစည်းအရုံးများလည်း အနှံ့အပြား ပေါ်ပေါက်လာကြကာ အလုပ်သမားများ၏ သပိတ်မှောက်မှုများ၊ လယ်သမားများနှင့် လယ်ရှင်တို့ စကားများမှုများဖြင့်လည်း ဆင်းရဲသားထုကြီးမှာ မိမိတို့ လူတန်းစား သက်သာချောင်ချိရေးအတွက် တိုင်းရင်းသား ဓနရှင်, လယ်ပိုင်ရှင်တို့နှင့် အတိုက်အခံ လုပ်လာလေသည်။
ဂန္ဒီဝါဒနှင့် ဒုတိယအကြိမ် အာဏာဖီဆန်ပွဲကြီး ၁၉၃၀
ဘေးကြပ်နံကြပ်ကျနေသော တိုင်းရင်းသား ဓနရှင်များမှာ ဂန္ဒီဝါဒကိုသာလျှင်၊ အားကိုးအားထား ရှိလေတော့သည်။ ဒုတိယအကြိမ် အာဏာဖီဆန်ပွဲကြီး မစမီ မဟတ္တမဂန္ဒီသည် တောင်းဆိုချက် (၁၁) ချက်ပါသော စာတစောင်ကို ဘုရင်ခံချုပ်သို့ ပေးလိုက်လေသည်။ ထို (၁၁) ချက်မှာ တိုင်းရင်းသားဓနရှင် လူတန်းစားများအတွက်သာ ဖြစ်၍ ထိုအချိန်က အထူး နိုးကြားထကြွနေသော အလုပ်သမား, လယ်သမားတို့၏ တောင်းဆိုချက်ဟူ၍ တခုမျှမပါချေ။ ထိုတောင်းဆိုချက်များတွင် တိုင်းရင်းသားဓနရှင်များ အကျိုးအတွက်သာ လုံးလုံးဖြစ်သော ငွေတကျပ်ကို တသျှီလင် လေးပဲနိသာ သတ်မှတ်ပေးရန်၊ နိုင်ငံခြား အထည်အလိပ်များကို အကောက် ကောက်ရန် စသည်များဖြစ်၍ တိုင်းရင်းသား လယ်ပိုင်ရှင်ကြီးများအတွက် လယ်ခွန် ၅၀ ရာခိုင်နှုန်းလျှော့ရန် ပါသော်လည်း၊ လယ်သမားများအတွက် သီးစားခ လယ်ကြွေးလျှော့ပေါ့ရေး တောင်းဆိုချက်ဟု၍ တခုမျှ မပါချေ။
ဒုတိယအကြိမ် အာဏာဖီဆန်ရေး တိုက်ပွဲ စတင်ရသည်မှာလည်း ဘုရင်ခံချုပ်နှင့် ဈေးဆစ်ရာတွင် မတည့်သဖြင့်သာ ဖြစ်လေသည်။ တောင်းဆိုချက်များမှာ အထက်တွင် ဖော်ပြခဲ့သည်အတိုင်း တိုင်းရင်းသား ဓနရှင် လူတန်းစားအတွက် ဖြစ်သော်လည်း ထောင်ကျခံ၊ အနစ်နာခံရသူများမှာ ဆင်းရဲသားထုကြီးသာလျှင် ဖြစ်လေသည်။
ပထမအကြိမ်နှင့် ဒုတိယအကြိမ် အာဏာဖီဆန်ရေး လုပ်ငန်း ခြားနားပုံကား ဒုတိယအကြိမ်တွင် ဂန္ဒီ၏ ဝါဒသည် ဆင်းရဲသားလူထုကြီး ပထမအကြိမ်မှာကဲ့သို့ ၄င်းလက်မှ လွတ်ထွက်သွားမည်ကို စိုးသဖြင့် အာဏာဖီဆန်ရေး စလျှင် စခြင်းပင် ဆင်းရဲသားထုကြီး၏ ခြေလှမ်းကို ချုပ်နှောင်ထားခြင်းပင် ဖြစ်လေသည်။ တရားဥပဒေကို ချိုးဖျက်ခြင်း စသည့် အစိုးရဥပဒေအာဏာကို ဖီဆန်စေသော်လည်း အခွန်မပေးရေးကို တားမြစ်သည်။ တား၍ မရသည့်အခါကျမှ ပြည်လုံးကျွတ် မလုပ်စေဘဲ နေရပ်သတ်မှတ်၍ လုပ်စေသည်။ လွတ်လပ်ရေးနေ့တွင် စကားမပြောကြရန် တားမြစ်သည်။
ဂန္ဒီဝါဒမှာ တိုင်းရင်းသားဓနရှင်တို့၏ လက်ပါးစေ မည်မျှအထိ ဖြစ်လာသည်ကို အထည်စက်၊ ဂုန်နီစက် သပိတ်မှောက်များ၊ ဂျီအိုင်ပီ မီးရထား အလုပ်သမား သပိတ်များ။ ထိုအချိန် ဖြစ်ပေါ်သောလည်း မည်သို့မျှ ကူညီအားပေးခြင်း မပြုခြင်းဖြင့် ချိန်ဆနိုင်လေသည်။
ဆင်းရဲသားလူထုကြီးမှာ အာဏာဖီဆန်ရေးတွင် အပြင်းအထန် အားစိုက်နေကြစဉ် ဂန္ဒီသည် တိုင်းရင်းသားဓနရှင်တို့၏ အခွင့်အရေး အနည်းငယ် ရလာသည်နှင့် တပြိုင်နက် ဂန္ဒီ အာဝင်း စာချုပ်ဖြင့် နယ်ချဲ့စနစ်နှင့် လက်ဆင့်ကမ်းစေ့စပ်ကာ အာဏာဖီဆန်ရေးလုပ်ငန်းကို ရပ်စဲလိုက်လေသည်။ ဤသို့အားဖြင့် ဂန္ဒီဝါဒသည် အလုပ်သမား၊ လယ်သမား စသည့် ဆင်းရဲသားထုကြီး၏ ကြိုးပမ်းမှုကြီးကို သစ္စာဖောက်လိုက်လေတော့သည်။
ဂန္ဒီဝါဒ၏ နောက်ဆုံးအခြေ
၁၉၂၀ ခုနှစ်မှာ ၁၉၃၀ ခုနှစ်အတွင်း ဂန္ဒီဝါဒသည် တိုင်းပြည်လူထုကြီးကို နယ်ချဲ့စနစ်တိုက်ဖျက်ရေးအတွက် နှိုးဆွပေးလိုက်သည့် လက်နက်ကောင်းကြီး တခုအဖြစ်မှ တိုင်းပြည်လူထုကြီး တကယ့်လွတ်လပ်ရေး တိုက်ပွဲအတွက် ကြိုးပမ်းကြသည်ကို ချုပ်နှောင်ဟန့်တားသည့် အနှောင်အဖွဲ့အဖြစ်သို့ ပြောင်းလဲခဲ့လေသည်။
ပြည်သူ့လွတ်လပ်မှု အလုပ်သမား၊ လယ်သမား တို့၏ စီးပွားရေး တောင်းဆိုချက်များကို အခြေခံထားသော ရွေးကောက်ပွဲ ကြေညာစာတမ်းအရ ကွန်ဂရက်ကြီးသည် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင် အရွေးခံရာ၌ နယ် (၁၁) နယ်အနက် (၇) နယ်တွင် ကွန်ဂရက်က လုံးဝ အနိုင်ရခဲ့လေသည်။ ယခုကဲ့သို့ အနိုင်ရထားသည့်အားဖြင့် တိုင်းပြည်လူထုကြီးမှာ လက်ရှိအုပ်ချုပ်ရေးကို တိုက်ဖျက်ခါ အရေးတော်ပုံကြီးကို စလိုသော်လည်း ကွန်ဂရက်တွင် ကြီးစိုးနေသည့် ဂန္ဒီကြီးမှုးသော တိုင်းရင်းသားဓနရှင်တို့သည် ရာထူးလက်ခံကာ အုပ်ချုပ်ရေးကို လုပ်ကိုင်ခဲ့ကြလေသည်။
ရာထူးလက်ခံသည့်ကိစ္စနှင့် ပတ်သက်၍ ဂန္ဒီက ရေးသားသည်မှာ ရာထူးလက်ခံခြင်းမှာ သွေးထွက်သံယို အရေးတော်ပုံကြီးကို ရှောင်လွဲရာ ကျရုံမက တနည်းအားဖြင့် လူထုကြီး၏ အာဏာဖီဆန်ရေးလုပ်ငန်း စခြင်းလည်း ဖြစ်လေသည်ဟု ရေးသားခဲ့သည်။ (၁၇-၇-၃၇) ထုတ် ဂန္ဒီ၏ ဟာရီဂျန် သတင်းစာမှ။
ရာထူးလက်ခံပြီးသောအခါတွင်လည်း ဂန္ဒီ၏ လူများသာ ကြီးစိုးနေသော ကွန်ဂရက်အစိုးရများသည် အလုပ်သမား၊ လယ်သမားတို့၏ သပိတ်မှောက်မှု၊ ဆူပူမှုများကို သေနတ်ဖြင့် ပစ်ခြင်း, တုတ်ဖြင့်ရိုက်ခြင်း ပြုကြသည်ကို အကြမ်းမကြိုက်သော ဂန္ဒီသည် ပြစ်တင်ရှုံ့ချခြင်း မပြုရုံမျှမက တိုင်းပြည် အုပ်ချုပ်မှုအတွက် အကြမ်းအနည်းဆုံးကို သုံးဖို့ လိုသည်ဟုပင် ပြောဆိုကာ ကွန်ဂရက်အစိုးရများ၏ လုပ်ငန်းကို ထောက်ခံလေသည်။ ဤတွင် ဂန္ဒီဝါဒ၏ အခြေခံတရားတခုဖြစ်သော အကြမ်းမဖက်ရေး မေတ္တာတရားသည် ရေဖြစ်သွာလေတော့သည်။
ဂန္ဒီဝါဒနှင့် ကုလားလူထုကြီး လွတ်လပ်ရေး
ကမ္ဘာစစ်ကြီး ဖြစ်နေခါ ကမ္ဘာကြီးတခုလုံး လှုပ်ရှားပြောင်းလဲနေစဉ် ကုလားဆင်းရဲသားလူထုကြီးမှာ မိမိတို့လွတ်လပ်ရေးအတွက် အားပြင်နေကြစဉ်၊ ဂန္ဒီကြီးမှုးသော ကွန်ဂရက်ခေါင်းဆောင်မှုသည် အသင့် ပြင်ဆင်ပြီးဖြစ်သော အရေးတော်လက်နက်သုံးကာ နယ်ချဲ့စနစ်ကို ဖြိုဖျက်ရန် မကြံရွယ်ယုံမျှမက နယ်ချဲ့စနစ် လက်အောက်ခံ ဒိုမီနီယံ အခြေကို ရရန်အတွက် ဗြိတိသျှအစိုးရ ကိုယ်စားလှယ်ဖြစ်သော ဘုရင်ခံချုပ်နှင့် စေ့စပ်နေ၏။ ဤသို့ စေ့စပ်နေစဉ်မှာပင် အစိုးရတို့သည် ကုလား၏ အရေးတော်ပုံ လုပ်ငန်းအား ဖျက်ရန်အတွက် ပြည်သူ့လွတ်လပ်မှုကို ချုပ်ချယ်ခြင်၊ အလုပ်သမား လယ်သမားခေါင်းဆောင်တို့ကို ဖမ်းခြင်း စသည်ဖြင့် လုပ်နေ၏။
ကုလားဆင်းရဲသားထုကြီးက အင်နဲ့အားနှင့် ဖိခြင်းဖြင့် ၄င်းတို၏ အားကို မလွန်ဆန်နိုင်အောင် လုပ်နိုင်က ဂန္ဒီကြီးမှုးသော ကွန်ဂရက်ခေါင်းဆောင်မှုသည် အာဏာဖီဆန်ရေးကို စတင်ပေလိမ့်မည်။ သို့သော် အခွင့်ရသည်နှင့် တပြိုင်နက် ဈေးဆစ်သည့် လုပ်ငန်းကိုလုပ်ခါ တတ်နိုင်လျှင် ဆင်းရဲသားထုကြီးကို သစ္စာဖောက်ဉီးမည်။ ထိုအချိန်တွင် အလုပ်သမား, လယ်သမားလူတန်းစားသည် ယခု ကွန်ဂရက်ခေါင်းဆောင်သော ဓနရှင်လူတန်းကို ဖြုတ်ချ၍ နယ်ချဲ့စနစ်တိုက်ပွဲတွင် ဆက်လက် ခေါင်းဆောင်နိုင်ခဲ့လျှင် ကုလားများ လွတ်လပ်ရေးရဖို့ လမ်းရှိသည်။ သို့မဟုတ်လျှင်ကား ဂန္ဒီဝါဒ ခေါင်းဆောင်နေသမျှ ဒိုမီနီယံ အခြေထက် တိုးတက်ရရှိဖို့ရန် ခဲယဉ်းလှပေသတည်း။
ဗဟိန်း
ဒဂုန်မဂ္ဂဇင်း အမှတ် ၂၃၉ (ဇူလိုင် ၁၉၄၀)

Monday, March 1, 2021

အာဏာဟာ သေနတ်ပြောင်းကထွက်တယ်

0 comments
အာဏာဟာ သေနတ်ပြောင်းကထွက်တယ်
-ရဲဘော်ဖိုးသံချောင်း-
မာ့စ်ဝါဒကို ထိုးနှက်တိုက်ခိုက်သောအခါ ဆန့်ကျင်တိုက်ခိုက်သူတို့ အသုံးအများဆုံးနည်းမှာ စကားလုံးတို့ကို အဓိပ္ပါယ်တလွဲဖွင့်ဆိုပြီး သိက္ခာချသောနည်းဖြစ်သည်။ မာ့စ် ဝါဒီတို့ မပြောသော စကား၊ မပြောသော အဓိပ္ပါယ်ကို ပြောသယောင် လုပ်ပြီး၊ ထိုသို့ ပြောသည် မှာ မကောင်းဟု မတော်မတရား စွပ်စွဲ ပြောဆိုသောနည်း ဖြစ်သည်။ ထိုသို့သော သာဓက အမြောက်အများရှိသည်။ ယင်းတို့ အနက် တခု ကို ယခု ပြောချင်ပါသည်။
အာဏာဟာ သေနတ်ပြောင်းကထွက်တယ် ဆိုသော စကားကို လူတော်တော်များများ မကြိုက်ကြ။ ဆိုလိုရင်း အမှန်ကို နားမလည်ဘဲ တလွဲ အဓိပ္ပါယ်ကောက်ပြီး မကြိုက်ကြခြင်း ဖြစ်သည်။ တလွဲအဓိပ္ပါယ်ကောက်ကြခြင်းမှာလည်း တလွဲ အဓိပ္ပါယ်ဖွင့်ပြီး မဟုတ်မတရား သိက္ခာချသူတွေ ရှိခဲ့သောကြောင့်ဖြစ်သည်။
အာဏာဟာ သေနတ်ပြောင်းက ထွက်တယ်ဆိုသော စကားကို မော်စီတုန်းက အာဏာရှင်မို့ပြောသည်ဟု စွပ်စွဲကြသည်။ ပြည်သူတွေ ကို သေနတ်နှင့် အုပ်ချုပ်ရမည်၊ သေနတ်နှင့် ဖိနှိပ်ရမည်ဟု မော်စီတုန်းက ပြောသလိုလို ထင်ကြသည်။ ထိုစကား မမှန်ပါ။ ပြောင်းပြန် ဖြစ်သည်။ သမိုင်းတလျောက်တွင် ပြည်သူကို တန်ဖိုးထားခြင်း၊ ပြည်သူကို ဦးထိပ်တင်ခြင်း၊ ပြည်သူ့အာဏာ ထူထောင်ရန် ကြိုးပမ်းခြင်း အလုပ်တို့ကို ပါတီ မူဝါဒအဖြစ်နှင့် ယုံယုံကြည်ကြည် စွဲစွဲမြဲမြဲ လိုက်နာပြီး လက်တွေ့ အကောင်အထည်ဖော်ကြသူများတွင် သက်တမ်း အရှည်ကြာဆုံးပါတီများမှာ ကွန်မြူနစ်ပါတီများသာ ဖြစ်သည်။ ကမ္ဘာ့သမိုင်းတလျောက်တွင် ကွန်မြူနစ်များလောက် ဘယ်သူတွေမှ ပြည်သူ လူထုအတွက် အနစ်နာ မခံကြဖူးပါ။
စင်စစ် အာဏာဟာ သေနတ်ပြောင်းက ထွက်တယ် ဟု ဥက္ကဌမော်စီတုန်း ပြောခဲ့ခြင်းမှာ သူဖြစ်ချင်သော အရာကို ပြောခဲ့ခြင်း မဟုတ်ပါ။ အာဏာသေနတ်ပြောင်းက ထွက်ခြင်းသည် ကောင်းသည် မှန်သည် ဖြစ်ထိုက်သည်ဟု ထိုအဆိုဘက်ကနေ ရှေ့နေလိုက် ထောက်ခံပြီး ပြောဆိုခဲ့ခြင်းလည်း မဟုတ်ပါ။ သူပြောသည်မှာ ဖြစ်နေသော အရာကို ပြောခြင်းသာ ဖြစ်သည်။ အရှိတရား၊ ပကတိတရားကိုသာ ပြောနေခြင်းဖြစ်သည်။ လူမှာ ခြေနှစ်ချောင်းရှိတယ်၊ နွားမှာ ခြေလေးချောင်းရှိတယ်၊ ရေမှာ အောက်ဆီဂျင်နဲ့ ဟိုက်ဒရိုဂျင်ဓါတ်ပါတယ်၊ အနုမြူဗုံးပေါက်ကွဲရင် လူပေါင်းများစွာသေကြေစေနိုင်တယ် ဆိုသည့် စကားတို့နှင့် အလား သဏ္ဍန်တူသော အမှန်တရား တခုကို ပြောလိုက်ခြင်းသာ ဖြစ်ပါသည်။ ထိုကဲ့သို့သော အမှန်တရားမျိုးသည် ခင်ဗျားတို့ ကျွန်တော်တို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ သူ့ဖာသာ မှန်နေသော အမှန်တရားမျိုးဖြစ်သည်။ လူတို့၏ ကြိုက်ခြင်း၊ မကြိုက်ခြင်း၊ လိုခြင်း၊ မလိုခြင်းဟူသော ဆန္ဒစွဲတို့နှင့် ကင်းလွတ်ပြီး သူ့ဖာသာ သီးခြား မှန်ကန်နေသော အမှန်တရား ဖြစ်သည်။ Objective Truth ဖြစ်သည်။ အနုမြူဗုံးပေါက်ကွဲရင် လူပေါင်းများစွာသေနိုင်တယ်ဟု ပြောသောသူကို အနုမြူဗုံးအသုံးပြုပြီး လူသတ်ချင်စိတ်ပေါက်နေသောသူ ဟု စွပ် စွဲလျင် မမှန်သလို၊ အာဏာဟာ သေနတ်ပြောင်းက ထွက်တယ်ဟု ပြောသောသူကို မော်စီတုန်းဟာ အာဏာရှင်မို့ ပြည်သူကို သေ နတ်နှင့် ဖိနှိပ်ချင်လို့ ပြောတာပဲဟု ကောက်ချက်ချခြင်းမှာလည်း မမှန်ကန်နိုင်ပါ။
တကယ်တော့ အာဏာဟာ သေနတ်ပြောင်းက ထွက်တယ် ဆိုသော စကားသည် အာဏာရှင်တို့၏ စကားဟု ထင်မှတ်ကောက်ယူနေ ကြသူများသည် မော်စီတုန်း၏ စာပေများကို မဖတ်ဖူးဘဲ ပြောနေကြခြင်းဖြစ်ကြောင်း အလွန်ပင် ထင်ရှားပါသည်။ မော်စီတုန်း၏ စာပေ များကို ဖတ်ရှုဖူးလျင် မော်စီတုန်းသည် ပြည်သူလူထုကို ဘယ်လောက် အားထားယုံကြည်ကြောင်း ထင်ရှားစွာသိမြင်နိုင်ပါသည်။ ပြည် သူလူထုကို စည်းရုံးပြီး တော်လှန်ရေး ဆင်နွဲနိုင်ရန် ခရီး ရှည်ချီတက်ပွဲကြီးကို ဘယ်လို စီစဉ်အကောင်အထည်ဖော်ခဲ့ကြောင်း သိနိုင်ပါ သည်။ မော်စီတုန်း၏ ပြောက်ကျားစစ် သဘောတရားများကို ဖတ်ဖူးလျင် မော်စီတုန်းသည် ပြောက်ကျားစစ် သေနင်္ဂဗျူဟာများကို ပြည်သူကို အခြေခံရေးသားခဲ့ကြောင်း သိရှိနိုင်ပါသည်။ မော်စီတုန်း၏ ပြောက်ကျားစစ် သေနင်္ဂဗျူဟာများသည် ကွန်မြူနစ် ဟုတ်ဟုတ် မဟုတ်ဟုတ် စစ်နှင့် ပတ်သက်သူတိုင်း မဖြစ်မနေ လေ့လာကြရသော စစ်ရေးသိပ္ပံကျမ်းတွေ ဖြစ်သည်ကို စစ်ပညာ လေ့လာသူတိုင်း၊ နိုင်ငံရေး လေ့လာသူတိုင်း သိရှိကြပါသည်။ ထိုစစ်ရေး သိပ္ပံကျမ်းတို့သည် စစ်တိုက်မည့်သူများအတွက်သာ အသုံးဝင်သည် မဟုတ်ဘဲ သေနင်္ဂဗျူဟာ ချမှတ်ဆောင်ရွက်ရသော ကိစ္စတိုင်းအတွက် အသုံးဝင်သော ကျမ်းများဖြစ်သည်။ အထူးသဖြင့် ပြိုင်ဘက်နှင့် ရန်သူနှင့် သူနိုင်ကိုယ်နိုင် အပြိုင်ကြဲကြရမည့် ကိစ္စများတွင် သေနင်္ဂဗျူဟာပိုင်းကို လေ့လာလိုသူတိုင်းအတွက် မဖြစ်မနေလေ့လာအပ်သော ဘာ သာရပ်များပင် ဖြစ်သည်။ သမိုင်းကို မလေ့လာလျင် အ တတ်ပါသည်။ နိုင်ငံရေး သဘောတရားများကို မလေ့လာလျင်၊ စာမဖတ်လျင် လည်း တုံးတတ်ပါသည်။ နိုင်ငံရေးကြောင်းပြောလိုလျင်၊ နိုင်ငံရေးမှာ ဝင်ရောက်ပတ်သက်လိုလျင် နိုင်ငံရေး သဘောတရားစာပေ များကို ဖတ်ရှုလေ့လာဖို့ လိုအပ်ပါသည်။ အာဏာဟာ သေနတ်ပြောင်းက ထွက်တယ် ဆိုသော စကားကို ဝေဖန်လိုလျင် သင်သည် အနိမ့်ဆုံး အဆင့်အနေဖြင့် မော်စီတုန်းရေးသားသော စစ်နှင့် သေနင်္ဂဗျူဟာ ပြဿနာ စာတမ်းကို ဖတ်ဖူးရပါလိမ့်မည်။ အဘယ်ကြောင့် ဆိုသော် အာဏာ ဟာ သေနတ်ပြောင်းက ထွက်တယ်ဆိုသော စကားကို မော်စီတုန်းက ထိုစာတမ်းတွင် ထည့်သွင်း ရေးသားခဲ့သောကြောင့် ဖြစ်ပါသည်။
ထိုစာတမ်းတွင် မော်စီတုန်းရေးခဲ့သည်မှာ “ နိုင်ငံရေး အာဏာဟာ သေနတ်ပြောင်းထဲက ထွက်လာတာဖြစ်တယ် ဆိုတဲ့ အမှန်တရား ကို ကွန်မြူနစ် ပါတီဝင်တိုင်း နားလည်ထားရမယ်။” ဟုရေးခဲ့ခြင်းဖြစ်သည်။ ပါတီဝင်တွေကို ဦးဆောင်ညွှန်ပြ သင်ကြားပေးခြင်းဖြစ်သည်။ သို့သော် ထိုဆောင်းပါးထဲမှာပင် “ကွန်မြူနစ် ပါတီဝင်များဟာ ပုဂ္ဂလိက ( အကျိုး) အတွက် စစ်အာဏာ မလုရ။ ဘယ်နည်းနဲ့မှ မလုရ။ ကျန်းကိုထောင်ကို ဘယ်တော့မှ အတုမယူရ။ ဒါပေမဲ့ ပါတီအတွက်နဲ့ ပြည်သူတို့ အတွက် စစ်အာဏာ လုရမယ်။” ဟု အတိအလင်း ရေး သားခဲ့ပါသည်။ အင်္ဂလိပ်ဘာသာပြန်မှာ They must fight for military power for the people ဟု အတိအလင်း ရေးထားပါသည်။ ထီုစာသားကို ကြည့်လျင် ဥက္ကဌမော်သည် အာဏာသည် သေနတ်ပြောင်းက ထွက်သည် ဆိုသည့် အရှိတရားကို ထောက်ပြခဲ့ပြီး ပြည်သူတွေ အတွက် သေနတ်ပြောင်းကိုလုယူရန် လိုကြောင်း ညွှန်ကြားခဲ့သည်ကို ရှင်းရှင်းလင်းလင်းမြင်နိုင်ပါသည်။
အာဏာဟာ သေနတ်ပြောင်းက ထွက်တယ်ဟု သူပြောခြင်းသည် အာဏာကို တကယ်ပိုင်ဆိုင်ထိန်းချုပ်သူမှာ သေနတ်ကိုင်ထားသူသာ ဖြစ်သင့်သည် ဟူသော အဓိပ္ပါယ်မဟုတ်ပါ။ မဟုတ်ရုံသာမက အာဏာကို ပြည်သူက ပိုင်ဆိုင်ထိန်းချုပ်နိုင်ရန်၊ အလုပ်သမား၊ လယ်သ မားလူတန်းစားက ပိုင်ဆိုင်ထိန်းချုပ်နိုင်ရန်၊ ဥက္ကဌမော်သည် သူ့ဘဝ တလျှောက်လုံး မြုပ်နှံ အလုပ်လုပ်သွားသူ ဖြစ်သည်။ သူ့လက် ရွေးစင် ကျမ်းများကို ဖတ်ကြည့်လျင် ပြည်သူ့အာဏာအတွက် အလေးအနက်ထားပြီး တောက်လျောက်စူးစိုက် ရေးသားခဲ့ကြောင်း တွေ့နိုင်ပါသည်။ သူ၏ နာမည်ကျော် ဒီမိုကရေစီသစ် ကျမ်းကို ဖတ်ကြည့်လျင်လည်း သူ့သဘောကို နားလည် နိုင်ပါသည်။ အာဏာဟာ သေနတ်ပြောင်းက ထွက်တယ်ဆိုသည်မှာ အာဏာကို သေနတ်ပြောင်းထဲမှ ထုတ်လုပ်သည် ( produce လုပ်သည်) ဟုသာ ဆိုချင် တာဖြစ်ပါသည်။ အင်္ဂလိပ်လို ဘာသာပြန်မူမှာ Political power grows out of the barrel of a gun. ဟုရေးထားသည်။ အင်္ဂလိပ် ဘာသာပြန်မူကို www.marxists.org တွင် ကြည့်နိုင်သည်။ (Selected Works, Volume II ထဲက Problems of War and Strategy) ဗမာ ဘာသာပြန်ကိုတော့ www.marxistsburma.weebly.com တွင် ဖတ်နိုင်သည်။( အတွဲ ၂ ပထမအုပ်ထဲက စစ်နဲ့ သေနင်္ဂဗျူဟာ ပြဿနာများစာတမ်း)။
အာဏာဟာ သေနတ်ပြောင်းကထွက်တယ် ဆိုသော စကားကို မကြိုက်နှစ်သက်သူတွေကို မေးချင်ပါသည်။ အာဏာသည် သေနတ် ပြောင်းက မထွက်လျင် ဘယ်ကများ ထွက်ပါသနည်း။ ဤဆောင်းပါးကို ခဏရပ်ပြီး သင်ကိုယ်တိုင် စဉ်းစားကြည့်ပါ။ ယနေ့ ကမ္ဘာပေါ် တွင် တည်ရှိနေသော နိုင်ငံရေး အာဏာတို့တွင် နောက်မှ သေနတ်နှင့် စစ်တပ်နှင့် ကျောထောက်နောက်ခံပြုပေး မထားသော အာဏာ ဘယ်မှာ ရှိပါသနည်း။ ဂျပန်တွင် အမြဲတန်း စစ်တပ် မရှိဘဲ အကြာကြီး ရပ်တည်ခဲ့သည်ဟု သင်က ဆိုချင်ဆိုပေလိမ့်မည်။ ဂျပန်တွင် နိုင်ငံရေး အာဏာကို ပြည်သူတို့ အပေါ်ကျင့်သုံးနိုင်ရန် လက်နက်ကိုင် ရဲတပ်ဖွဲ့ရှိသည်။ ဂျပန်၏ နိုင်ငံရေး အာဏာတည်မြဲအောင် ကျော ထောက် နောက်ခံပြုပေးထားသော တကယ့် သေနတ်ပြောင်းမှာ အမေရိကန် သေနတ်ပြောင်း ဖြစ်သည်။ အမေရိကန် စစ်တပ်က ဂျပန် ကို နှစ်ပေါင်းများစွာ ချုပ်ချယ်ထားသလို၊ တခြား ပြိုင်ဘက် နိုင်ငံရေး အာဏာတို့၏ အန္တရာယ်မှလည်း ကာကွယ်ထားသည်။ ယနေ့ကမ္ဘာ ပေါ်တွင်လည်းကောင်း၊ ပြီးခဲ့သော အတိတ်ကာလ ကမ္ဘာ တွင် လည်းကောင်း စစ်တပ်ဖြင့်၊ သေနတ်ဖြင့် ကျောထောက် နောက်ခံပြု မထားသော အာဏာဟူ၍ တခါမျှ မရှိခဲ့ဖူးချေ။ စကားကပ်သပ် ပြောလိုပါမူ အာဏာသည် သေနတ်ပြောင်း ထွက်လာသည် မဟုတ်ဘဲ၊ ဓါးက စီးလာသော အချိန်မျိုးရှိခဲ့ဖူးပါသည်ဟု ဆိုလျင်မူကား မှန်သည်ဟု ဆိုရပါမည်။ အနော်ရထာတို့၊ ကူဗလိုင်ခန်၊ ဂျင်ဂစ်ခန်တို့၏ အာဏာသည် ဓါးနှင့်မြားတို့ကနေ စီးထွက်လာခြင်း ဖြစ်သည်။ သို့သော် သဘောတရားမှာ အတူတူသာဖြစ်သည်။ စစ်တပ်နှင့် လက်နက် နှင့် ကျောထောက်နောက်ခံ ပြုမထားသော အာဏာဟူ၍ကား တခါမျှ မပေါ်ဖူးပါသေးချေ။
၎င်းအပြင် နိုင်ငံရေး အာဏာမရှိဘဲ၊ သို့မဟုတ် နိုင်ငံရေး အာဏာ၏ ထောက်ခံချက်မရဘဲ ကျွန်တော်တို့ ဘာမျှ ထိထိရောက်ရောက် လွတ်လွတ်လပ်လပ် လုပ်၍မရနိုင်ပါ။ ကုန်ကုန်ပြောရလျင် နိုင်ငံရေး အာဏာက သဘောမတူပါက ကျွန်တော်တို့သည် အခမဲ့ ပရဟိတ ဆေးခန်းတခန်းကိုမျှ လွတ်လွတ်လပ်လပ် တည်ထောင်၍ မရကြောင်းကို ဗမာပြည်၏ လက်တွေ့ အခြေအနေများက သင်ခန်းစာ ပေး သင်ပြခဲ့ပြီး ဖြစ်ပါသည်။ နိုင်ငံရေး အာဏာရှိလျင်၊ ပညာရေးကိုလည်း ဆောင်ရွက်နိုင်သည်၊ ကျန်းမာရေးကိုလည်း ဆောင်ရွက်နိုင်သည်၊ ယဉ်ကျေးမှုကိုလည်း တည်ဆောက်နိုင်သည်၊ စီးပွားရေးကိုလည်း တည်ဆောက်နိုင်ပါသည်။ ထို့အပြင် နိုင်ငံရေး အာဏာကို အလွဲသုံး စား ပြုပြီး သားစဉ်မြေးဆက် ချမ်းသာ ကြွယ်ဝရေးကိုပင် စစ်အာဏာရှင်တို့ လုပ်နေကြသည်ကို ကျွန်တော်တို့ မျက်ဝါးထင်ထင် တွေ့မြင် နေရပါသည်။ နိုင်ငံရေး အာဏာကို အလွဲသုံးစားပြုပြီး စစ်အာဏာရှင်တို့ကို အထောက်အကူပြုမည့် သေဖော်သေဖက် စီးပွားရေး အခွင့် ထူးခံများ မွေး ထုတ်ပေးပြီး အုပ်စု ဂိုဏ်းဂဏဖွဲ့နေသည်ကိုလည်း တွေ့မြင်ရပါသေးသည်။
ဥက္ကဌမော်က သူ့စာတမ်းထဲတွင် “ကျနော်တို့ရဲ့ မူဟာ ပါတီက သေနတ်ကို ဦးစီးဖို့ ဖြစ်တယ်။ သေနတ်က ပါတီကို ဦးစီးတာမျိုးကိုတော့ ဘယ်တော့မှ ခွင့်မပြုနိုင်ဘူး။” ဟု ရေးသားခဲ့ပါသည်။ “ဒါပေမဲ့ သေနတ်ရှိရင် ကေဒါတွေ၊ ကျောင်းတွေ၊ ယဉ်ကျေးမှုတွေ လူထုလှုပ်ရှားမှု တွေကို ဖန်တီးနိုင်သေးတယ်”ဟုလည်း သူတို့၏ ယင်အန်းအတွေ့အကြုံကို ထောက်ပြပြောဆိုခဲ့ပါသည်။ “မာ့စ်ဝါဒ နိုင်ငံတော် သဘော တရား အမြင်နဲ့ ကြည့်မယ်ဆိုရင် စစ်တပ်ဟာ နိုင်ငံတော် အာဏာထဲက အဓိက အစိတ်အပိုင်းဖြစ်တယ်” ဟုလည်း ရေးသားခဲ့ပါသည်။
စစ်ဘုရင်တွေဟာ စစ်တပ်ရှိမှ အာဏာရှိမယ်ဆိုတဲ့ မူကို ကောင်းကောင်းနားလည်ထားကြတယ်ဟုလည်း ထောက်ပြပါသည်။ ကျွန်တော်တို့နိုင်ငံတွင် တပ်မတော်အင်အားရှိမှ၊ တိုင်းပြည်အင်အားရှိမည်ဟု စစ်အာဏာရှင်တို့က ကြွေးကြော်လှုံ့ဆော်နေခြင်းသည် လည်း အာဏာ၏ သဘောကို စစ်အာဏာရှင်တို့က ကောင်းကောင်း နားလည်ထားသောကြောင့် ဖြစ်သည်။ စင်စစ် သူတို့ အာဏာ တည်မြဲ ဖို့ ဖြစ်သည်။ တကယ့် အတွင်းသဘော အနှစ်သာရမှာ တပ်မတော်အင်အားရှိမှ စစ်အာဏာရှင်တွေ အင်အားရှိမည်ဟု ဆိုလိုခြင်းသာ ဖြစ်သည်။
ကျွန်တော်တို့ ဒီမိုကရေစီ သမား အများစုမှာမူ အာဏာ၏ သဘောသဘာဝကို နားမလည်ကြ။ အာဏာဟူသည် သေနတ်ပြောင်းက ထွက်သည်ဟူသော အခြေခံ သိပ္ပံနည်းကျ အတွေးအခေါ်ကို သဘောမပေါက်ကြ။ သဘောမပေါက်ရုံသာမက ရွံစရာ၊ မုန်းစရာ၊ ကြောက်စရာ စကားဟုပင် ထင်သူက ထင်ကြသည်။ တချို့ ဒီမိုကရေစီ သမားတို့က အာဏာရှင်တွေကို စည်းရုံးသိမ်းသွင်းပြောဆိုလျင် နားလည်လာလိမ့်မည်ဟု စိတ်ကူးယဉ်ကြသည်။ အာဏာရှင်တို့လည်း တိုင်းပြည်ကို ချစ်ကြသည်၊ သူတို့ နားမလည် သဘောမပေါက်လို့ သာ မိုက်နေကြသည်ဟု ထင်နေကြသည်။ မိမိတို့ အသိဥာဏ်နုံနဲ့သည်ကို မိမိဖာသာ မရိပ်စားမိဘဲ အာဏာရှင်တွေကို ပညာပေးမှ ဖြစ်မည် ဟု စိတ်ကြီးဝင်သူက ဝင်ကြသည်။ ကျောင်းသား တပ်မတော်ကို ဖျက်ပြီး စစ်ဗိုလ်ကြီးများကို ယဉ်ပါးလာအောင် လိမ္မာလာအောင် တရား ရေအေး တိုက်ကျွေးဖို့ ကြိုးစားကြရန် တိုက်တွန်းသူက တိုက်တွန်းခဲ့ကြသည်။ ဤသို့သော အတွေးအခေါ်မှားများ၊ အာဏာ၏ သဘောတရားကို နားမလည်သော အတွေ့အ ကြုံ နုနယ်မှုများကြောင့် ဒီမိုကရေစီ အရေးတော်ပုံကြီးမှာ ကြာသင့်သည်ထက် ကြာခဲ့ရပါသည်။
တကယ်တော့ ကျွန်တော်တို့အနေနှင့် ပြည်သူ့အာဏာခေတ်ကို တည်ထောင်နိုင်ဖို့ ဆိုလျင် ပြည်သူ့ အာဏာကို ကျောထောက်နောက်ခံ ပြုပေးမည့် သေနတ်ရှိဖို့ မဖြစ်မနေလိုအပ်ပါသည်။ အာဏာဟူသည် ရှေးခေတ်ကရော ယခုခေတ်တွင်ပါ၊ သေနတ်ပြောင်းကသာ ထွက်ပါသည်။ တခြားဘယ်ကမျှ မထွက်ပါ။ ထိုအချက်ကို နားမလည်သေးသမျှမှာ လွတ်မြောက်ရေးနှင့် ဝေးနေဦးမည်သာ ဖြစ်ပါသည်။
ပြည်သူ့အာဏာ အမှတ်(၃၄)