Tuesday, March 30, 2021

လူမျိုးစုပြဿနာနှင့်ပတ်သက်၍ ဥက္ကဌသခင်သန်းထွန်း၏သဘောထား

0 comments

လူမျိုးစုပြနာနှင့်ပတ်သက်၍ ဥက္ကဌသခင်သန်းထွန်း၏သဘောထား

၁၉၆၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက်

၁။ ၆၄ လမ်းစဉ်ရဲ့ အဓိကဖေါ်ထုတ်ချက်

(၁) ၆၄ လမ်းစဉ်က လူမျိုးစုများအခန်းကို ရှေ့တန်းတင်လိုက်ခြင်း ဖြစ်တယ်။

ဗမာပြည်မာ ပြည်သူတွေဟာ အုပ်စိုးတဲ့အရင်းရှင်လူတန်းစားအစိုးရကို လက်နက်ကိုင်တိုက်ခိုက်နေကြတယ်။ တိုင်းရင်းသားလူမျိုးစုတွေကလည်း အုပ်စိုးသူကို လက်နက်ကိုင်တိုက်ခိုက်နေကြတယ်။

(၂) ဗမာပြည်ရဲ့ အဓိကပဋိပက္ခဟာ ပြည်သူက တစ်ဘက်၊ အုပ်စိုးတဲ့အရင်းရှင်ကတစ်ဘက် တိုက်ခိုက်နေကြခြင်းဖြစ် တယ်။ ပြည်သူတွေထဲမှာ တိုင်းရင်းသားလူမျိုးစုတွေ ပါဝင်နေကြတယ်။

(၃) တော်လှန်ရေးရဲ့ရှေ့လုပ်ငန်းဟာ တပ်ပေါင်းစုတည်ဆောက်ရေး၊ တပ်ပေါင်းစုတည်ဆောက်ရေး၊ တပ်ပေါင်းစုနဲ့သာ အောင်ရမှာ ဖြစ်တယ်။ ဒီမှာ ပါတီဟာ လူမျိုးစုတွေနဲ့မဟာမိတ်ဖွဲ့ရေးကို ဖေါ်ထုတ်တယ်။

နည်းပရိယာယ်သဘောမှာ ပါတီက လူမျိုးစုတွေနဲ့ ဘယ်လို မဟာမိတ်ဖွဲ့ ရမလဲ။ မဒညတဟာ ပါတီနဲ့လူမျိုးစုတွေ မဟာမိတ်ဖွဲ့မှုပဲ ဖြစ်တယ်။ လူတန်းစားအရဖွဲ့စည်းတာ မဟုတ်ဘူး။ လူမျိုးစုများနဲ့ညီညွတ်ရေးမှာ ကရင်နဲ့ ညီညွတ်ရေးကို အလေးထားတယ်။ ဒါကို ပိုမိုခိုင်မာအောင် လုပ်ရမယ်။ တိုးချဲ့ပြီး ရှမ်း၊ ကချင် လူမျိုးစုတွေနဲ့ပါ ညီညွတ်ရေးလုပ်ရမယ်။ ၆၄ လမ်းစဉ်ထဲမှာ လူမျိုးစုစည်းရုံးရေးနဲ့ ပတ်သက်လို့ နည်းပရိယာယ်ကြွယ်ကြွယ် ဖေါ်ပြထားတာက ဗိုလ်နေဝင်းကို အဓိကတိုက်ဖို့ဖြစ်ပြီး ပဒေသရာဇ်ဆန့်ကျင်ရေးကို ရှေ့တန်း မတင်ခြင်း ဖြစ်တယ်။

၂။ ပါတီရဲ့ လူမျိုးစုစည်းရုံးရေးနဲ့ပတ်သက်တဲ့ရာဇဝင်ဖြစ်ပေါ်ပုံ

၁၉၄၂ ခုနှစ် BIA တုံးက ဗမာပြည်မာ အထူးသဖြင့် တောင်ငူဘက်မှာ ကုလားလူမျိုးတွေ ဖိနှိပ် နှိပ်စက်ခံရတဲ့အခါမှာ ပါတီဟာ ကုလားအမျိုးသားတွေဘက်က ကာကွယ်ခဲ့တယ်။ ဂျပန်နဲ့ BIA ခေါင်းဆောင်တစ်ချို့က ကရင်လူမျိုးစုများကိုနှိပ်စက်ခဲ့စဉ်က ပါတီဟာ လူမျိုးရေးအဓိကရုန်းဖန်တီးရေးလုပ်တဲ့ဂျပန်နဲ့ BIA ခေါင်းဆောင်များကို ဆန့်ကျင်ခဲ့တယ်။ ကရင်လူမျိုးတွေဘက်က ခုခံကာကွယ် ခဲ့တယ်။ ကရင်ခေါင်းဆောင်တွေကို ကာကွယ်ပေးခဲ့တယ်။ အကူအညီပေးခဲ့တယ်။ ပါတီရဲ့စည်းရုံးမှုကြောင့် ဖဆပလမှာ ကရင်လူမျိုးစုတွေ ပါဝင်ခဲ့တယ်။

၁၉၄၄ ခုနှစ်မာ ပါတီက လူမျိုးစုနဲ့ပတ်သက်ပြီး တန်းတူစည်းလုံးညီညွတ်ရေး၊ ခွဲထွက်လိုက ခွဲထွက်နိုင်ရေးတို့ကို ဖေါ်ထုတ်ခဲ့တယ်။

၁၉၄၅ ခုနှစ် ဖဆပလစည်းမျဉ်းထဲမှာ တန်းတူရေးနှင့်ခွဲထွက်ရေးပါတာဟာ ပါတီက ဦးဘဖေတို့နဲ့ အကြိတ်အနယ်တိုက်ပြီး ရထားတဲ့ ရလဒ်ပဲ။ အဲဒီတုန်းက ဗဆွေ၊ ကျော်ငြိမ်းတို့ဟာ ဦးဘဖေတို့ဘက်က ရပ်တည်ခဲ့တယ်။

၄၅ - ၄၈ ကာလမှာ ပါတီအနေနဲ့ လူမျိုးစုတွေထဲမှာ ရပ်တည်ခဲ့ပါတယ်။ လူမျိုးစုပါတီကေဒါတွေ မွေးခဲ့တယ်။

၁၉၄၈ တော်လှန်ရေးစစခြင်းမှာ ပါတီမှာ လူမျိုးစုတွေနဲ့ တပ်ပေါင်းစုဖွဲ့ဖို့ ကြိုးစားခဲ့တယ်။ အထူးသဖြင့် ကရင်လူမျိုးစုတွေနဲ့ ဖြစ်တယ်။ ဒါပေမယ့် ၄၉ ခုနှစ် ကရင်လူမျိုးစုတွေနှင့် လက်နက်ကိုင်တိုက်ပွဲဖြစ်ခဲ့တယ်။ ဒါဟာ အကြီးဆုံးအမှားပဲ။ ဒီအမှားကို ၅၀ ခုနှစ်မှာ ပြန်ပြင် နိုင်တယ်။ ၅၁ ခုနှစ်မှာ ကရင်နဲ့ ညီညွတ်ရေးတည်ဆောက်ခဲ့တယ်။ ဒီနှစ်မှာပဲ ရှမ်းပြည်မြောက်ပိုင်းကို လက်နက်ကိုင်တပ်တွေ လွှတ်ခဲ့ တယ်။ တောင်ပိုင်း ပအိုဝ့်စည်းရုံးရေးအတွက်လည်း လွှတ်ခဲ့တယ်။ မွန်ကို ၅၁ ခုနှစ်မှာ စည်းရုံးခဲ့တယ်။ ၅၃ ခုနှစ်မှာ ကချင်ကို စည်းရုံးဖို့ လွှတ်ခဲ့တယ်။

အဲဒီတုန်းက ပါတီဟာ လူမျိုးစုများနဲ့ပတ်သက်ပြီး ခွဲထွက်လိုက ခွဲထွက်ခွင့် ဖေါ်ထုတ်ခဲ့တယ်။

၅၅ ခုနှစ်ကျတော့ ခွဲထွက်လိုက ခွဲထွက်ခွင့်ကို မဖေါ်တော့ဘူး။ ဘာကြောင့်လဲဆိုတော့ နယ်ချဲ့သမားတွေက အသုံးမချနိုင်ဖို့ဖြစ်တယ်။ လူမျိုးစုတွေရဲ့ ခွဲထွက်ခွင့်ကိုတော့ မပယ်ဘူး။ ၆၂ ကျတော့ လူမျိုးစုတွေရဲ့ ခွဲထွက်ခွင့်ဟာ အခွင့်အရေးအနေနဲ့ရှိတယ်လို့ ဖေါ်ထုတ်ခဲ့ ပေမယ့် ကရင်အမျိုးသားတွေရဲ့အတွက်တော့ မှန်တယ်။ ကချင်၊ ရှမ်းတို့အတွက်မဟုတ်သေးလို့ ဆိုခဲ့တယ်။ ဒါကြောင့် ပြန်ပြင်ခဲ့ရတယ်။

၃။ ပေါ်လစီကို ဘယ်လိုချဉ်းကပ်မလဲ

သဘောတရားအနေနဲ့ပြောရင် အမျိုးသားရေးလှုပ်ရှားမှုဟာ ဘူဇွာလှုပ်ရှားမှုဖြစ်တယ်လို့ စတာလင်က သုံးသပ်တာရှိတယ်။ အဲဒီတုန်းက စတာလင်သုံးသပ်တာဟာ မှန်တယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသားလှုပ်ရှားမှုတွေကို ဘူဇွာတွေက ခေါင်းဆောင်လို့ဖြစ်တယ်။ ၁၉၁၇ ခုနှစ်ကျတော့ အခြေခံသုံးသပ်ချက်ကို ပြန်ပြင်ထားတယ်။ အောက်တိုဘာတော်လှန်ရေးပြီးတဲ့နောက် လူမျိုးစုပြနာကို ကြည့်ရာမှာ ဘူဇွာပြသနာနနဲ့မဟုတ်ပဲ လယ်သမားပြဿနာအနေနဲ့ ကြည့်ရမယ်။ ဒီမှာ အတန်းအစားဘက်က ဖေါ်ပြတာတွေ့ရတယ်။ ဒီလှုပ်ရှားမှုထဲပါတဲ့ အဓိကအစိတ်အပိုင်းဟာ လယ်သမားတွေဖြစ်တယ်။

နောက်ကြည့်ပုံကြည့်နည်းတစ်မျိုးက ကမ္ဘာ့ဆိုရှယ်လစ်တော်လှန်ရေးရဲ့အပိုင်းအနေနဲ့ ကြည့်ခြင်းပဲ။

၄၂ ခုနှစ်က ၄၅ ခုနှစ်အထိ လူမျိုးစုပြဿနာနဲ့ပတ်သက်တဲ့ ပါတီရဲ့ကြည့်ပုံကြည့်နည်းဟာ စတာလင်ရဲ့ ဒုတိယကြည့်နည်းနဲ့ တူတယ်။ လူမျိုးစုပြဿသနာဟာ အခြေခံအားဖြင့် လယ်သမားပြနာဖြစ်တယ်။ ဗမာပြည်တော်လှန်ရေးရဲ့ အစိတ်အပိုင်းဖြစ်တယ်။ ပါတီဟာ အလုပ်သမား၊ လယ်သမားမဟာမိတ်ဖွဲ့ဖို့ ဖြစ်တယ်။ ထို့ပြင် လူမျိုးစုနဲ့လည်း မဟာမိတ်ဖွဲ့ဖို့ဖြစ်တယ်။

၄။ လူမျိုးစုပြသနာကို မာ့က်စ်ဝါဒ၊ လီနင်ဝါဒအရသာ ဖြေရှင်းရမယ်။

ဆိုဗီယက်မှာ လူမျိုးစုပြဿနာကို ကိုယ်ပိုင်ပြဌာန်းခွင့်ကိုအခြေခံပြီး ဖြေရှင်းတယ်။ တရုတ်ပြည်မှာ တန်းတူရေးကိုအခြေခံပြီး တိုင်းပြည်ကြီးတစ်ခုအတွင်းမှလူနည်းစုတွေအဖြစ် ပြဿနာကိုဖြေရှင်းတယ်။

ဗမာပြည်မှာကျတော့ မာ့က်စ်ဝါဒ၊ လီနင်ဝါဒနှင့်အညီ ဆိုဗီယက်၊ တရုတ် အတွေ့အကြုံများလည်းယူ၊ ဒါပေမယ့် သီးခြားပြဿနာ ကိုလည်း နားလည်ရန်လိုသည်။

ဗမာပြည်ရဲ့ သီးခြားပြဿနာ

(၁) လူမျိုးစုအားလုံးဟာ ဗမာပြည်လူဦးရေနဲ့ ၅၀ ရာခိုင်နှုန်းခန့် ရှိတယ်။ လူမျိုးစုများရဲ့ နယ်မြေဟာ တစ်ပြည်လုံးရဲ့ ၅ ပုံ ၃ ပုံဖြစ်တယ်။

ပထဝီအနေအထားအရလည်း ထူးခြားတယ်။ လူမျိုးစုများဟာ ဗမာလူမျိုးကို ဝိုင်းရံနေတယ်။ နောက်ထူးခြားချကတစ်ခုကတော့ ဥပမာ - ဇီးကုန်းမြို့ကနေ အရှေ့ကိုတည့်တည့်သွားရင် မိုင် ၂၀ မပြည့်မီ ကရင်လူမျိုးစုကိုတွေ့မယ်။ ဒါကြောင့် လူမျိုးစုတွေဟာ ဗမာလူမျိုးကို ဝိုင်းရံနေရုံမက ရောနှောနေကြတယ်။

(၂) လူမျိုးစုများရဲ့နေထိုင်တဲ့နေရာက စစ်ရေးသေနင်္ဂဗျူဟာအရ အရေးကြီးနေရာဖြစ်တယ်။

(၃) စီးပွားရေးအရ ကြွယ်ဝတဲ့နေရာဖြစ်တယ်။ သယံဇာတ ပစ္စည်းများလည်း ကြွယ်ဝတယ်။ ကချင်ပြည်နယ်မှာ ခနောက်စိမ်းတွင်း ရှိတယ်။ ရှမ်းပြည်မှာ ခဲတွင်း၊ ကယားပြည်နယ်မှာ မော်ချီးမိုင်းရှိတယ်။

(၄) သမိုင်းရေးဖြစ်ပေါ်မှုတွေဟာ မတူညီဘူး။ ရခိုင်က ဗမာရောက်တာဟာ ဘိုးတော်ဘုရားလက်ထက်မှာ ဖြစ်တယ်။ နောက် ဘာမှ မကြာဘူး။ အင်္ဂလိပ်အောက် ကျရောက်သွားတာပဲ။ မွန်လူမျိုးဟာ ဗမာလူမျိုးနဲ့ တစ်လျှောက်လုံး ထီးပြိုင်နန်းပြိုင်ဖြစ်ခဲ့တယ်။ ယဉ်ကျေးမှုအဆင့်အတန်းလည်း မြင့်တယ်။ ရှမ်းလူမျိုးဆိုရင်လည်း ပုဂံခေတ်နောက်ပိုင်းမှာ ဗမာဘုရင်တွေဟာ ရှမ်းစပ်တွေသာ များတယ်။ ရှမ်းလည်း ဗမာပြည်ရဲ့ အုပ်စိုးသူဖြစ်ခဲ့ဖူးတာပဲ။ ကရင်လူမျိုးဟာ တစ်ချိန်က ယဉ်ကျေးမှုအဆင့်နိမ့်တယ်။ ပထမ ကမ္ဘာစစ်ပွဲအပြီး အင်္ဂလိပ်က ကရင်လူမျိုးကိုခွဲထုတ်ပြီး သွေးခွဲတဲ့အတွက် အင်္ဂလိပ်လက်အောက်ရောက်ရတယ်။ အင်္ဂလိပ်ယဉ်ကျေးမှု တွေ သွင်းခဲ့တယ်။ အင်္ဂလိပ်လက်အောက်ရောက်နေတုန်း ကရင်နီဟာ ဗမာပြည်နဲ့ တစ်သီးတစ်ခြားဖြစ်တယ်။ ကချင်လူမျိုးဆိုရင် တရုတ်ပြည်ဘက်မှာ တစ်ဝက်လောက် ရှိတယ်။ တရုတ်ပြည်ဘက်ကနေ ဗမာပြည်ဘက်ကို တိုးဝင်လာတယ်။ အင်္ဂလိပ်ဝင်တိုက်လို့ ရပ်သွားတယ်။

(၅) စီးပွားရေးအရ ဖြစ်ပေါ်တိုးပွားမှုဟာလည်း မတူဘူး။ ဗမာ၊ ရခိုင်၊ မွန်တို့က အရင်းရှင်စနစ်ဟာ မြင့်တယ်။ ကရင်ထဲမှာ ဒီလောက် မမြင့်ဘူး။ ရှမ်း၊ ကချင်ထဲမှာ ခုမှမြင့်လာတယ်။

(၆) အားလုံးဟာ နယ်ချဲ့ဆန့်ကျင်ရေးအစဉ်အလာရှိတယ်။ ရခိုင်မှာ အင်္ဂလိပ်ဝင်လာစကပင် သူပုန် (၅) ကြိမ်ထခဲ့တယ်။ မွန်ရှမ်းတွေလည်း ပုန်ကန်တာတွေပေါ်ခဲ့တယ်။ ကချင်မှာဆိုရင် ၁၈၈၅ ခုကနေ ၁၉၂၈ ထိ ပုန်ကန်မှုတွေ ဖြစ်ခဲ့တယ်။

(၇) လူမျိုးစုတိုင်းမှာ နိုင်ငံရေးပါတီတွေ ရှိတယ်။ ဒီပါတီတွေဟာ အရင်းရှင်ဝါဒီတွေသာမက မာ့က်စ်ဝါဒဩဇာလည်းရှိတယ်။

(၈) လူမျိုးစုတွေဟာ ဗမာအရင်းရှင်လူမျိုးကြီးဝါဒအရ ဖိနှိပ်ခံခဲ့ရတယ်။

(၉) လူမျိုးစုတိုင်းလိုလိုက အစိုးရကို လက်နက်ကိုင် ခုခံနေကြတယ်။

(၁၀) လူမျိုးစုအစိတ်အပိုင်းအတွင်း နယ်ချဲ့ဩဇာလည်း ရှိသင့်သလောက် ရှိတယ်။ ခွဲထွက်ရေးအသံဟာလည်း မသေးဘူး။

(၁၁) လူမျိုးစုထဲမှာ ပါတီရဲ့ဩဇာလည်းရှိတယ်။ ဒါပေမယ့် ဖွဲ့ဖွဲ့စည်းစည်း မဖြစ်သေးဘူး။

လက်ငင်းအရေးကြီးတာတစ်ခုက အစိုးရမှာ တိုက်ခိုက်နေတဲ့ တပ်ရင်း (၈) ခု ရှိတဲ့အနက် ကချင်၊ ကရင်၊ ရှမ်းလူမျိုးစုတွေ တိုကတဲ့နေရာမှာ တပ်ရင်း (၅) ခု ကျော်လောက် သုံးနေတယ်။ လူမျိုးကြီးဝါဒအရ ပြင်းပြင်းထန်ထန် တိုက်နေတယ်။

၅။ လူမျိုးစုပြသနာကို ဘယ်လိုဖြေရှင်းမလဲ

တစ်စည်းတစ်လုံးတည်းနေထိုင်ရမယ့်နိုင်ငံကိုထူထောင်ဖို့ တန်းတူရေးကိုအခြေခံဖို့ ဖြစ်တယ်။ ဗမာပြည်မှာ ဆိုဗီယက်လို လွတ်လပ်တဲ့ နိုင်ငံတွေ ပေါင်းထားတဲ့ပုံစံလည်း မဖြစ်သင့်။ တရုတ်ပြည်လို တန်းတူရေးကိုအခြေခံမယ့် လူနည်းစုအဖြစ်ကြည့်လို့မရဘူး။

ဒါကြောင့် ဗမာပြည်မှာ (ဆိုရှယ်လစ်ပြည်ထောင်စု)သဘောမျိုး ဖြစ်ရလိမ့်မယ်။ အားလုံးပါဝင်တဲ့ ဗဟိုရှိရလိမ့်မယ်။ ဒီဗဟိုက နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေးကို ကိုင်ရမယ်။ ကျန်တာတွေကတော့ ပြည်နယ်အလိုက် တည်ဆောက်ကြရမယ်။ ဗမာပြည်လည်း ပြည်နယ် တစ်ခုဖြစ်စေပြီး အားလုံးပေါင်းထားရမယ်။ ဒါပေမယ့် ပြည်နယ်တွေမှာ ဒေသလုံခြုံရေးတပ်ရှိရမယ်။ ကွန်မြူနစ်ပါတီကတော့ တစ်ခုတည်းရှိရမယ်။

၆။ ဖက်ဒရယ်ကိစ္စ

ဒါနဲ့ပတ်သက်ပြီး ပါတီဟာမှားခဲ့တယ်။ ဖက်ဒရယ်မူကိုထောက်ခံပြီး ချွတ်ယွင်းချက်ကို ထောက်ပြဖို့လိုတယ်။

၇။ ဆန့်ကျင်ဖို့ အယူအဆနှစ်ခု

လူမျိုးစုပေါ်လစီမှာ ၂ ဘက် တိုက်ရမယ်။ ဗမာအရင်းရှင်နဲ့လူမျိုးကြီးဝါဒကို တိုက်ရမယ်။ တိုင်းရင်းသားလူမျိုးစုထဲက ကျဉ်းမြောင်းတဲ့ ဝါဒကိုလည်း တိုက်ရမယ်။ ဒီနှစ်ခုအနက် လူမျိုးကြီးဝါဒကို အဓိကတိုက်ရမယ်။ အခု ဗိုလ်နေဝင်းလက်ထက်မှာ လူမျိုးကြီးဝါဒကို တိုက်ရမယ်။

ခွဲထွက်ရေးလှုံ့ဆော်တာကို ဆန့်ကျင်ရမယ်။ အလံနီက ခွဲထွက်ရေးကိုအားပေးတယ်။

ဖက်ဒရယ်ပြဿနာမှာ ဦးနုက တစ်စုံတစ်ရာ လိုက်လျောချင်တဲ့သဘောတွေ့ရတယ်။ နေဝင်းက ဒါကြောင့် တက်လာတာဖြစ်တယ်။ ဒါကြောင့် ဖက်ဒရယ်ကိစ္စသဘောထားပြောင်းဖို့ လိုတယ်။

လူမျိုးစုပြနာနဲ့ပတ်သက်လို့ ဗိုလ်နေဝင်း မန္တလေးမှာပြောတာက တစ်စုတစ်စည်းထဲနိုင်ငံဖြစ်ရမယ်လို့ ဆိုတယ်။ လူမျိုးစုအားလုံးက ပေါင်းမယ်လို့ ပြောရမယ်။ ပေါင်းမယ်လို့ပြောမှ အခွင့်အရေးပေးမယ်လို့ ဆိုတယ်။ ဒါဟာ ပြောင်းပြန်ဖြစ်တယ်။ လူမျိုးစုတွေကို အခွင့်အရေးပေးရင် ၎င်းတို့က ပေါင်းမှာဖြစ်တယ်။ ဒါကြောင့် ဗိုလ်နေဝင်းရဲ့ တစ်စုတစ်စည်းတည်းနေရေးဟာ သေနတ်နဲ့ချိန်ပြီး အတင်းပေါင်းခိုင်းတာဖြစ်တယ်။ ဒါကို ပါတီကဆန့်ကျင်ပြီး တိုက်ပွဲဝင်ရမယ်။ ဒါကိုအခြေခံပြီး စည်းရုံးရေးကို ကြိုးပမ်းရမယ်။

၈။ လူမျိုးစုတွေထဲမှာ ပါတီတည်ဆောက်ရေး

လူမျိုးစုတွေထဲမှာ ပါတီတည်ဆောက်ရေးဖြစ်တယ်။

အခြေခံရမှာက လူမျိုးစုတွေအားလုံး တစ်လုံးတစ်စည်းတည်းနဲ့ အမျိုးသားဒီမိုကရေစီတော်လှန်ရေးကို ဆင်နွှဲရမယ်။ တစ်ပြည်လုံးအောင်ပွဲခံရေး လုပ်ရမယ်။ လူမျိုးစုတွေရဲ့တော်လှန်ရေးဟာ တစ်ပြည်လုံးတော်လှန်ရေးရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်တယ်။

လူမျိုးစုတွေထဲမှာ ကေဒါတွေ မွေးရမယ်။ ကချင်၊ ရှမ်းတို့မှာ လူတန်းစားလှုပ်ရှားမှုအဆင့်နိမ့်သေးတယ်။ ဒါကြောင့် ၎င်းတို့ထဲမှာ ခေါင်းဆောင်မွေးမြူရေးဟာ ကျောင်းသားထဲမှာဖြစ်တယ်။

၁၉၆၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက်

အောင်စောဦး၏ ပြည်တွင်းစစ် နှစ်၅၀၊ လွတ်လပ်ရေးရွှေရတုစာအုပ်မှ

0 comments:

Post a Comment