Monday, June 22, 2015

သတင်းစာထဲက ငရဲခွေးကြီးတွေနဲ့ အမတ်မင်းများ၏ စိန်ခေါ်ပွဲ (တူမောင်ညို)

0 comments
သတင်းစာထဲက ငရဲခွေးကြီးတွေနဲ့ အမတ်မင်းများ၏ စိန်ခေါ်ပွဲ (တူမောင်ညို)
၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၁ ရက်)
အစိုးရပိုင်သတင်းစာများထဲတွင် “ငရဲခွေးကြီးတွေလွတ်နေသည်” ဟု ရေးရတော့မည်ဟုထင်ပါသည်။ ဤသို့ရေးပြန်လျှင်လည်း ဖြစ်ရပ်နှင့်မကိုက်ညီသေး။ အဘယ့်ကြောင့် ဆိုသော် ထိုငရဲခွေးကြီးများသည် မတော်တဆ လွတ်ထွက်လာကြခြင်းမဟုတ်၊ အကြံ ယုတ် ဖြင့် တမင်တကာ လှောင်အိမ်ဖွင့်ကာ လွှတ်ပေးလိုက်သောကြောင့်ဖြစ် သည်။ သို့ပါ၍ “အစိုးရပိုင် သတင်းစာများထဲတွင် ငရဲခွေးကြီးတွေ သောင်းကျန်းနေသည်” ဟု ရေးမှ အဖြစ်မှန်နှင့် ဒက်ထိ ကိုက်ညီပေတော့မည်။ ထို့အပြင် ထိုငရဲခွေးကြီးများသည် သာမန်ငစနူ၊ နုံချာငရဲခွေးမျှမဟုတ်  “ဥပဒေ” ဟူသော အမြှီးရှည်ကြီးတွေလည်း တန်းလန်းပါလျက်ရှိကြလေ၏။
           
            သူတို့သည် သတင်းစာထဲ၌ သောင်းကျန်းရသည်ကို အားမရ။ အရှင့်ခြံထွက်များပီပီ လွှတ်တော်ထဲသို့ပါ လက်ရဲဇာတ်ရဲဝင် ရောက်သောင်းကျန်းကြကုန်၏။ ထိုသို့သောင်းကျန်းလာမှုကို အနာပေါ်ဒုတ်ကျသကဲ့သို့ နာကျင်ခံခက် ဒေါသအမြက်ခြောင်းခြောင်း ထွက်ကြကုန်သော  “တဆယ့်ခြောက်သိန်းစား” လွှတ်တော်အမတ်မင်းများသည် မခံနိုင်မရပ်နိုင်ဖြစ်ကြကာ ၄င်းတို့၏ အမတ်ချုပ်ကြီးထံ ဆူပူအော်ပစ်တိုင်တန်းကြသဖြင့် အမတ်ချုပ်ကြီးထံမှ စုံစမ်းပေးမည်ဟူသော ပြောသံဆိုသံကိုလည်းကြားသိရလေ၏။

 ဤဖြစ်ရပ်ကိုမြင်ရကြားရသောအခါ  အမှောင်ထဲမှ ခဲသရမ်းခဲ့ဖူးသော “မောင်ဆိတ်ဖွား” ကို သတိရမိတော့သည်။ အနှီငရဲ ခွေးကြီးများသည် မောင်ဆိတ်ဖွား၏ ကလောင်လက်ပွားများပင်လော။ သို့တည်းမဟုတ် မောင်ဆိတ်ဖွားကဲ့သို့ ရေးဖော်၊ ရမ်းဖက်များပင် ဖြစ်လေသလော။ ကလောင်အမည်လေးတွေက သင်းလှသည်၊ “ရန်ကင်း၊ မောင်သုတ(ဥပဒေ)၊ မောင်မင်းခေါင်၊ မောင်ကို ” စသဖြင့်။

ကလောင်အမည်ကွဲပြားသော်လည်း ဦးတည်ချက်ကားမကွဲကြချေ။ ၂၀၀၈ အခြေခံဥပဒေအား အလေးပြုကာကွယ်ကြသူတွေ သာဖြစ်သည်။ ဤအချက်ကပင် သူတို့ ဘာလဲ၊ ဘယ်လဲဆိုသည့်အချက်ကို မေးစရာတွေးစရာမလိုအောင်  ထင်းနေ၊ ရှင်းနေပါသည်။
-       ၂၀၀၈ အခြေခံဥပဒေ၏ အနှစ်သာရကို မထိနဲ့။
-       ဖွဲ့စည်းပုံကိုပြင်မည်ဆိုလျှင် မူလအခြေခံအုတ်မြစ်ကို မထိနဲ့။
-       အာဏာရှင်လွှတ်တော်စနစ်ဖန်တီးနေသလား။
-       လွှတ်တော်အာဏာရှင်စနစ်ကို လုံးဝမလိုချင်ဘူး။
-       ပါလီမန်စနစ်ကို ပြန်ပြီးအသက်သွင်းချင်တာလား။
-       ပါလီမန်စနစ်ကို ပြန်သွားရင် နိုင်ငံရေးသမားတွေရဲ့ လောဘ၊ အာဃာတတွေကြောင့် တိုင်းပြည်ပြိုကွဲလိမ့်မယ်။
-       စစ်ဘက်အာဏာသိမ်းမှုတွေဘာကြောင့်ဖြစ်ပွားရသလဲ စသဖြင့် လိုရာဆွဲထားသည့် လှန့်လုံးခြောက်လုံးမျိုးစုံသုံးပြီးရေး သားထားတာတွေဖြစ်သည်။

သူတို့ရေးသားကြသည့် အချက်များအနက် ရယ်စရာအကောင်းဆုံးရေးသားချက်မှာ  “ရှေးလူတွေ အမြော်အမြင်ရှိရှိနဲ့ရေးခဲ့တာ ကို နောက်လူတွေက ခြေနဲ့ မဖျက်နဲ့” ဆိုတဲ့ ရေးသားချက်ဖြစ်ပါသည်။ ဆိုလိုသည်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်နဲ့ရေးခဲ့တဲ့ “၂၀၀၈ အခြေခံဥပဒေ” ကို ခြေနဲ့ မဖျက်ကြလို့ သူတို့ချင်း သတိပေးတာဖြစ်သည်။

 သမိုင်းကိုငဲ့စောင်းကြည့်လျှင် “၁၉၄၇ အခြေခံဥပဒေ နှင့် ၁၉၉၀ ရွေးကောက်ပွဲရလဒ် (ဝါ) ပြည်သူ့ဆန္ဒ”ကို  ခြေနှင့်ဖျက်ခဲ့ကြ သူများမှာ  ဗိုလ်နေဝင်း၊ ဗိုလ်စောမောင်၊ ဗိုလ်သန်းရွှေ၊ ဗိုလ်ခင်ညွန့်၊ ဗိုလ်မောင်အေး၊ ဗိုလ်ရွှေမန်း၊ ဗိုလ်သိန်းစိန်တို့ အုပ်စုပင် မဟုတ်ပါ လား။ ပါလီမန်ဒီမိုကရေစီစနစ်ကို နိုင်ငံရေးသမားတွေ ကျင့်သုံးနိုင်ခဲ့ကြသည်မှာ ၁၄ နှစ် ခန့်သာရှိပါသည်။ ကျန်နှစ်ကာလများ(၁၉၆၂ မှ ယနေ့ကာလအထိ) ၌ တိုင်းပြည်နဲ့လူထုအား ဆင်းရဲမွဲတေမှုနွံထဲဆွဲနှစ်ခဲ့ကြသူများမှာ တော်လှန်ရေးကောင်စီ၊ (မဆလ)၊ (နဝတ-နအဖ)၊ ကြံ့ဖွံ့အစိုးရ အစရှိသော စစ်အစိုးရနှင့် စစ်တပိုင်းအစိုးရတို့ပင်ဖြစ်ပါသည်။

            ထိုကလောင်သောင်းကျန်းသူများ၏ ရေးသားမှုများအပေါ် လွှတ်တော်ဘက်က တုန့်ပြန်လိမ့်မည်။ ထိုတုန့်ပြန်ချက်များ မကြာမီ လွှတ်တော်ထဲ၌ စတင်တော့မည်။ ထိုတုန့်ပြန်ချက်ကို ကြားရသည့်အခါ “ဥပဒေကြမ်း” နှင့်ပတ်သက်၍ ကြံ့ဖွံ့အစိုးရ၊ လွှတ်တော်နှင့် စစ်တပ်တို့၏ သဘောထားကိုကြားရမည်။ အတိုက်ခံများ၏ အသံကိုလည်းကြားရလိမ့်မည်။

            ဆွေးနွေးရန် ၇၅ ဦး တင်ပြထားသည်ကို အမတ်ချုပ်ကြီးက ကိုယ်စားလှယ် ၅၃ ဦး၊ တစ်ဦး ၁၀ မိနစ်ကျစီ ဆွေးနွေးရန် ရွေးချယ်သတ်မှတ်ဆုံးဖြတ်ပေးခဲ့သည်။ ထိုသို့ အဆုံးအဖြတ်ပေးခဲ့သော ဆွေးနွေးခွင့်ရသည့် အမတ်စာရင်းထဲတွင် (NLD) ပါတီက အမတ်ဦးရေ (၂၆) ဦးဖြင့် အများဆုံးဖြစ်နေတာတွေ့ရလိမ့်မည်။ ကြံ့ဖွံ့ပါတီက (၁၁) ဦး၊ စစ်သားအမတ်က (၃) ဦးသာဖြစ်သည်။ ကျန် (၁၃) ဦးမှာ တိုင်းရင်းသားပါတီများနှင့်တသီးပုဂ္ဂလအချို့ဖြစ်သည်။ အရေအတွက်မည်မျှပင်ဆွေးနွေးခွင့်ရသည်ဖြစ်စေ၊ လွှတ်တော်ထဲက အမတ်အများစု ရရှိထားသော ပါတီ၏ အဆုံးအဖြတ်သည်အဓိကဖြစ်သည်။ သို့ပါ၍ ထိုအဆုံးအဖြတ်သည်  အမတ်ချုပ်ကြီးလက်ခုပ်ထဲ၌ သာရှိသည်။ကလောင်သောင်းကျန်းသူများက အမတ်ချုပ်ကြီးကို ထိကပါး၊ရိကပါးရေးသားထားတာတွေ ဘယ်သူတွေက အမတ်ချုပ်ကြီး ဘက်ကနေ ဘယ်လို၊ ဘယ်ပုံတုန့်ပြန်မည်ကို စိတ်ဝင်စားမိသည်။

            မည်သို့ပင်ဖြစ်စေ ရှေ့၌ “ပညာရေးဥပဒေမူကြမ်း” အတည်ပြုခဲ့သည့်ဖြစ်ရပ်မှာ ပူပူနွေးနွေးပင်ရှိခဲ့သည်မဟုတ်ပါသလော။ ကျောင်းသားနှင့်“ကျောင်းသားသမဂ္ဂ” ဟူသော စကားလုံးအပေါ်တွင် အာဃာတအလွန်တရာကြီးမားလှသောလွှတ်တော်ကြီးကို ကျနော် တို့တွေ့ခဲ့ရပြီးဖြစ်ပါသည်။ အခြားဘာကိုမျှော်လင့်ကြဦးမည်နည်း။
            အစိုးရ၊ လွှတ်တော်နှင့်စစ်တပ်တို့သည် ကျနော်တို့ အတိုက်အခံအင်အားစုများအား ခါးသည်းဖွယ်ရာသင်ခန်းစာများကို အကြိမ် ကြိမ်အထပ်ထပ်သင်ကြားပေးခြင်းဖြင့် “စည်းကမ်းပြည့်ဝသောဒီမိုကရေစီ” ၏ အရသာကို ကိုယ်တိုင်ကိုယ်ကျ ခံစားစေတော့၏။


Monday, June 15, 2015

စိန်ခေါ် ဈေးဆစ်ကြမှာလား(တူမောင်ညို)

0 comments

စိန်ခေါ် ဈေးဆစ်ကြမှာလား(တူမောင်ညို)
၂ဝ၁၅ ခုနှစ်၊ ဇွန်လ ၁၄ ရက် 

လွှတ်တော်ဘက်မှ “၂ဝဝ၈ အခြေခံဥပဒေပြင်ဆင်သည့် ဥပဒေကြမ်း”(၂)ခု ချပြလာခဲ့သည်။ (ကာလုံ)ထဲမှာ ဒီကိစ္စ ပြီးပြတ် သွားတဲ့ပုံပေါ်သည်။
           
ဇွန်လ ၁၁ ရက်နေ့သတင်းစာများတွင်ဖော်ပြခဲ့သော ပထမဥပဒေကြမ်း၌ ပုဒ်မ ၄၃၆(က)ဖြင့်သာ ပြင်ဆင်နိုင်မည့် ပုဒ်မ(၄)ပါဝင်သည်။ ထိုပုဒ်မများမှာ
-        ပုဒ်မ ၅၉ (ဃ) နှင့် (စ)
-        ပုဒ်မ  ၆ဝ (ဂ) 
-       ပုဒ်မ၄၁၈ (ခ)
-       ပုဒ်မ ၄၃၆(က)နှင့် (ခ) တို့ဖြစ်သည်။

ဇွန်လ ၁၂ ရက်နေ့ သတင်းစာများတွင်ဖော်ပြခဲ့သော ဒုတိယဥပဒေကြမ်း၌  ပုဒ်မ ၄၃၆(ခ) ဖြင့်သာပြင်ဆင်နိုင်မည့် ပုဒ်မ(၂၄)ခုနှင့်  နောက်ဆက်တွဲ ဇယား(၂) နှင့် ဇယား(၅) တို့တွင်ဖြည့်စွက်မည့်အချက်များ ပါဝင်သည်။
ယင်းသို့ “လေ့လာသိရှိအကြံပြုနိုင်ရန်” ဖော်ပြခဲ့သော်လည်း ထိုဥပဒေကြမ်းများကို ဘယ်တော့/ဘယ်လိုပြင်ဆင်မှာလည်းဆိုသည့် အချိန်သတ်မှတ်ချက် မပါရှိချေ။

ထိုမူကြမ်း ၂ ခုစလုံးကို ၂ဝ၁၅ ရွေးကောက်ပွဲမတိုင်မီပြင်ဆင်မည်လော/ရွေးကောက်ပွဲကျင်းပပြီးနောက်မှ ပြင်ဆင်မည်လော။

လွှတ်တော်ထဲ၌ အဆိုပါ မူကြမ်းများပြင်ဆင်ရေး၊ အတည်ပြုရေးနှင့်အချိန်ကာလသတ်မှတ်ရေးတို့သည် “အစိုးရ၊ လွှတ်တော်၊ တပ်မတော်”တို့ လက်ထဲမှာရှိသည်။

ယခုကဲ့သို့ မူကြမ်း ၂ ခု ခွဲ၍ ချပြခြင်းကိုယ်၌က သွေးရိုးသားရိုးမဟုတ် ပရိယာယ်ဆင်ကွက်တစ်ခု ထောင်ချောက်တစ်ခုဟုမြင်နေသည်။ ပထမမူကြမ်းသာ ဦးစားပေးကြမည်ဟုဆိုလျှင် လူပုဂ္ဂိုလ်အရေး၊ ပါတီအရေးရှေ့တန်းတင်သည် တိုင်းရင်းသားအရေးဥပက္ခာပြုသည်ဟု စကားတင်းဆိုကြပေလိမ့်မည်။ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌပြောထားသည့် “ရွေးကောက်ပွဲနှင့်ဆန္ဒခံယူပွဲ” တပြိုင်နက်ကျင်းပရန် “အခက်အခဲရှိတယ်”ဆိုသည့်စကားကိုလည်း ထည့်တွက်ထားကြရမည်။ တကယ်တော့ ဒုတိယမူကြမ်းထဲ၌ သူတို့လိုချင်တာတွေနှင့် “တိုင်းရင်းသား”ကို မြှူဆွယ် လဘ်ထိုးစရာအချက်တချို့ကို တမင်အကျယ်ချဲ့ထိုးထည့်ထားခြင်းဖြစ်သည်။ ဇယား(၂) နဲ့ ဇယား(၅) ထဲ အချက်တချို့တိုးပေးရုံဖြင့် “ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု”ဖြစ်မလာနိုင်သည်ကို ဦးနှောက်ပုံမှန်ရှိသူတိုင်းသိပါသည်။

သို့ပါ၍ လူများစုစိတ်ဝင်စားမှုအရှိဆုံး ပုဒ်မ ၂ ခု ဖြစ်သော  “ပုဒ်မ ၅၉(စ) နှင့် ပုဒ်မ ၄၃၆ ”ကို ပဲရွေးချယ်ကြည့်ရှုကြပါစို့။

ထိုပုဒ်မ ၂ ခုသည် ပုဒ်မ ၄၃၆(က)အရ ပြင်ဆင်ရမည့်အချက်ဖြစ်သည်ကို သတိပြုရပါမည်။ ဆိုလိုသည်မှာ လက်ရှိတည်ဆဲ ပုဒ်မ ၄၃၆(က)အရ ဆုံးဖြတ်ရမည့်အချက်ဖြစ်သည်။ (၇၅%+၁) + ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ”ဆိုသည့်အချက်ဖြစ်သည်။

ပုဒ်မ ၅၉ (စ)

ပုဒ်မ ၅၉(စ)၌ “ထို တရားဝင်သားသမီးတစ်ဦးဦး၏ ဇနီးသို့မဟုတ်ခင်ပွန်းသော်လည်းကောင်း”ဆိုသည့် စကားရပ်ကိုပဲ ဖြုတ်ပယ်လိုက်ခြင်းမျှသာဖြစ်သဖြင့် ကျန်စကားရပ်များအရ လွတ်လွတ်ကင်းကင်း ရှင်းရှင်းလင်းလင်းရှိသွားပြီဟု ဘယ်လိုမှ တိတိကျကျပြော လို့ မရသေးသည့်အနေအထားဖြစ်သည်။ ညစ်ကပ် ယုတ်မာချင်သူများအတွက် ညစ်နိုင်၊ ကပ်နိုင်သည့်စကာလုံးတွေစကားရပ်တွေ ကျန်ရှိ နေသေးသည်။

ပုဒ်မ ၄၃၆

ပထမအချက်က ဘယ်တော့ပြင်မလဲဆိုသည့်အချိန်နှင့်ပတ်သက်သည်။
ထို ပုဒ်မ ၄၃၆  ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ကာချုပ်က The Mainichi သတင်းဌာနနှင့်အင်တာဗျူးရာတွင် “ဒီအချိန်ကတော့ ပြင်ဖို့ မသင့်သေးတဲ့အချိန်တစ်ခုလို့ ပြောရပါလိမ့်မယ်” ခပ်တင်းတင်း၊ ခပ်ပြောင်ပြောင်ပင်ပြောသည်။ အချိန်နှင့်အဆုံးအဖြတ်သည် ဒို့လက်ထဲတွင်ရှိသည်ဟု ပြောတာပဲဖြစ်သည်။ စစ်တပ်၏ စစ်သားအမတ် ၂၅% ကို လုံးဝအထိမခံဟု ပြောလိုက်ခြင်းဖြစ်ပါသည်။

ဒုတိယအချက်က ထိုဥပဒေကြမ်းထဲ၌ပါသည့်“ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသော ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ခုနစ်ဆယ်ရာခိုင်နှုန်းအောက် မလျော့သော လွှတ်တော်ကိုယ်စားလှယ်များက ပြင်ဆင်ရန်သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးသူအားလုံး၏ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာပြင်ဆင်ရမည်”ဆိုသည့်အချက် ဖြစ်ပါသည်။
           
“ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ခုနစ်ဆယ်ရာခိုင်နှုန်း + ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဆန္ဒမဲပေးသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲ”ဆိုသည့်အချက်ကို ဒီချုပ်ပါတီအပါအဝင် အတိုက်အခံများက မည်သို့ သဘောထားတုန့်ပြန်ကြမည်နည်း။ ဥပဒေ
မူကြမ်းကလည်း စစ်တပ်၏ စစ်သားအမတ်  ၂၅% ကို ယောင်၍မျှပင် တို့ထိမထားသည်ကို တွေ့ရပေလိမ့်မည်။
           
၂ဝဝ၈ အခြေခံဥပဒေ၌ ဒီမိုကရေစီစံချိန်စံညွန်း မကိုက်ဆုံးသောအချက်များအနက် ဤအချက်မှာ အဓိကနှင့်ထင်သာမြင်သာ အရှိဆုံးအချက် ဖြစ်ပါသည်။ “ နိုင်ငံတော်၏အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှဆင်းသက်သည်”ဆိုသော သဘောတရားကို လှောင်ပြောင် ပျက်ရယ်ပြုနေသည့်အချက်လည်းဖြစ်သည်။ မိမိကိုယ်မိမိ ဒ်ီမိုကရေစီသမားစစ်စစ်တွေပါ၊ ဒီမိုကရက်အစစ်အမှန်တွေပါဟု ဆိုနေသူများကို စိန်ခေါ်နေသည့်အချက်လည်းဖြစ်ပါသည်။ စစ်အုပ်စုက ပြုသမျှနုနေရတဲ့ “ဒီမိုကရေစီသမားစစ်စစ်၊ လစ်ဘရယ်သမားစစ်စစ်”တွေတော့ မလိုချင်ပါ။

သို့ပါ၍ ချပြလာသည့် ဥပဒေကြမ်းကိုလေ့လာကြည့်လျှင် အခြေအနေအချိန်အခါအရလည်းကောင်း၊ အချက်အလက်အရလည်းကောင်း၊ အတိုက်အခံများကိုင်စွဲထားသည့် ဒီမိုကရေစီစံချိန်စံညွန်းများအရလည်းကောင်း စိန်ခေါ်သင့်၊ စိန်ခေါ်ထိုက်သည့်အခြေအနေ၊ ဈေးဆစ်ရမည့် အနေအထားဖြစ်ပါသည်။

တစ်ဦးကောင်းတစ်ယောက်ကောင်းမူဖြင့် စိန်ခေါ်ဈေးဆစ်၍တော့ ရမည်မထင်ပါ။ မဟာမိတ်များ၊ ပြည်သူများနှင့်တသွေးတည်း တသားတည်းစည်းလုံးညီညွတ်ပြီး  စိန်ခေါ်ဈေးဆစ်နိုင်မှဖြစ်နိုင်မည်။
           

ညွန်း
၁၁-၆-၂ဝ၁၅ ၊ မြန်မာ့အလင်းသတင်းစာ
၁၂-၆-၂ဝ၁၅ ၊ မြန်မာ့အလင်းသတင်းစာ
၁၂-၆-၂ဝ၁၅ ၊ မြဝတီသတင်းစာ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် The Mainichi သတင်းဌာနအင်တာဗျူး
၁၃-၆-၂ဝ၁၅ ၊ မြဝတီသတင်းစာ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် The Mainichi သတင်းဌာနအင်တာဗျူး


Monday, June 8, 2015

“ပုဒ်မ ၆၄” သို့မဟုတ် ကိုယ့်ရှူးကိုယ်ပတ်ဖြစ်နေတဲ့ ပုဒ်မ (တူမောင်ညို )

0 comments
“ပုဒ်မ ၆၄” သို့မဟုတ် ကိုယ့်ရှူးကိုယ်ပတ်ဖြစ်နေတဲ့ ပုဒ်မ (တူမောင်ညို )
(၂၀၁၅ ခုနှစ် ဇွန် ၆ ရက်)
အကယ်၍ အခုလက်ရှိအနေအထားမှာ (NLD)ပါတီမှ တစ်ဦးဦးကသာ နိုင်ငံတော်သမ္မတဖြစ်နေရင် ဒီလိုလေထုမျိုး၊ ဒီလို အာဘော်မျိုး “ရန်ကင်း” ရေးလိမ့်မယ် မထင်ပါဘူး။ ကြိတ်ပြီးတောင် သဘောကျနေမယ်လို့ ထင်ပါတယ်။ အခုတော့ ကိုယ့်ရှူးကိုယ်ပတ်၊ ကိုယ့်ဘာသာ ချည်ပြီးတုတ်ပြီးဖြစ်နေပြီမို့ မျက်နှာပြောင်တိုက်ပြီးရေးတာပါ။ “ရန်ကင်း”ပဲဖြစ်ဖြစ်၊ “ကင်းမြှီးကောက်”ပဲဖြစ်ဖြစ် ဒီဆောင်းပါးရဲ့အာဘော်ဟာ ကြံ့ဖွံ့အစိုးရရဲ့တိုက်ရိုက်သဘောထားဖြစ်တယ်။
၂၀၀၈ အခြေခံဥပဒေ ၊ ပုဒ်မ ၆၄ က ဘာလဲဆိုတော့၊ “နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများသည် နိုင်ငံရေးပါတီတစ်ခုခု၏အဖွဲ့ဝင်ဖြစ်လျှင် နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသည့်နေ့မှစ၍ မိမိတို့ ရာထူးသက်တမ်းအတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရ”ဟူ၍ပြဋ္ဌာန်းထားပါတယ်။
နောက်ပြဋ္ဌာန်းချက်တစ်ခုက သမ္မတ၊ ဒုတိယသမ္မတများရဲ့ရာထူးသက်တမ်းက “ငါးနှစ်” ဖြစ်ပါတယ်။ [ပုဒ်မ ၆၁ (က) ကို ကြည့်ပါ]
ဒီပြဋ္ဌာန်းထားချက်တွေအရပြောရရင် ဦးသိန်းစိန်၊ ဒေါက်တာစိုင်းမောက်ခမ်း၊ ဦးဉာဏ်ထွန်းတို့ဟာ သမ္မတသက်တမ်း ငါးနှစ်ကာလအတွင်း “ပါတီလုပ်ငန်းများ” လုပ်ဆောင်လို့မရပါဘူး။ သူတို့စိတ်ကြိုက်ရေးဆွဲခဲ့တဲ့အခြေခံဥပဒေထဲက ပုဒ်မတစ်ခုက သူတို့လူတွေ(ဦးသိန်းစိန်၊ ဒေါက်တာစိုင်းမောက်ခမ်း၊ ဦးဉာဏ်ထွန်းတို့အတွက်)ကို ချည်ပြီးတုတ်ပြီးဖြစ်နေပါတယ်။ ဒီတော့ သမ္မတသက်တမ်းအတွင်း ပါတီလုပ်ငန်းလုပ်မရပါဘူး။ “၂၀၁၅ ရွေးကောက်ပွဲ”အတွက် မဲဆွယ်စည်းရုံးတာတွေလည်း လုပ်လို့မရပါဘူး။
လုပ်မယ်ဆိုရင် အခြေခံဥပဒေ၊ ပုဒ်မ ၆၄ ကို ချိုးဖောက်တာပါ။ အကယ်၍ ပါတီလုပ်ငန်းတွေ/ မဲဆွယ်စည်းရုံးတာတွေမှာ ပါဝင်လုပ်ဆောင်တယ်ဆိုရင်တော့ အခြေခံဥပဒေပါပြဋ္ဌာန်းချက်ကို ဗြောင်ချိုးဖောက်ပြီး၊ အုပ်ချုပ်ရေးအာဏာကိုပါ အလွဲသုံးစားလုပ်တာပဲ ဖြစ်ပါလိမ့်မယ်။ ဒီတော့ ပါတီလုပ်ငန်းတွေ၊ မဲဆွယ်စည်းရုံးတာတွေကို ဒီလူတွေ လုံးဝမလုပ်ကြတော့ဘူးလား။ ဗြောင် ပေါ်တင်လုပ်လို့ မဖြစ်ပါဘူး၊ ဒီတော့ လက်တစ်လုံးခြားလုပ်နေပါတယ်လို့ဖြေရင် အဲဒီအဖြေဟာ အမှန်နဲ့နီးစပ်တဲ့အဖြေပဲဖြစ်ပါလိမ့်မယ်။
ဒီလိုဘေးကြပ်နံကြပ်ဖြစ်နေတာကနေ ထွက်နိုင်ရေး အာဘော်ဖန်တီးဖို့ “ရန်ကင်း” နာမည်သုံးပြီး အစိုးရပိုင် “ကြေးမုံ/မြန်မာ့အလင်းသတင်းစာတွေထဲကနေ “နိုင်ငံသားတိုင်းသည် ဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်ခွင့်နှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသည်” ဆိုတဲ့ ပြူးတူးပြဲတဲခေါင်းစဉ်နဲ့ဆောင်းပါးကို မေလ ၂၃ ရက်မှာ တပြိုင်ထဲဖော်ပြခဲ့ပါတယ်။
သူတို့လိုချင်တဲ့ အဓိကအချက်က သူတို့စိတ်ကြိုက်ရေးဆွဲထားတဲ့ ၂၀၀၈ အခြေခံဥပဒေထဲက “ပုဒ်မ ၆၄” ကို ဘယ်လိုချိုးဖောက်မလဲ၊ ဘယ်လို လက်တစ်လုံးခြားလုပ်နိုင်မလဲ။ ဘယ်နည်းနဲ့ကျော်လွှားမလဲ။
၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ သမ္မတနဲ့ ဒုတိယ သမ္မတတွေ မဲဆွယ်စည်းရုံးခွင့် ရရေးသာဖြစ်ပါတယ်။ တကယ်တော့ “အသားလိုလို့ အရိုးတောင်း”တဲ့ ဆောင်းပါးသာ ဖြစ်ပါတယ်။
“ပါတီလုပ်ငန်း”ဆိုတဲ့စကားရပ်ကို အဓိပ္ပါယ်ဖွင့်ဆိုပေးပါတဲ့။
“မဲဆွယ်စည်းရုံးခြင်း”ဆိုတာ “ပါတီလုပ်ငန်း” ထဲပါသလားတဲ့။
ဟန်မဆောင်နိုင်ရှာတဲ့ “ရန်ကင်း”ဟာ ဆောင်းပါးတနေရာမှာ လိုချင်တာကို ဗြောင်ကျကျပဲထုတ်ရေးပါတော့တယ်။ “ပါတီလုပ်ငန်း စကားရပ်တွင် မဲဆွယ်စည်းရုံးခြင်းကိစ္စရပ် မပါဝင်နိုင်”တဲ့။
ဒီလိုရေးတာပြောတာတွေဟာ တည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ကို ချိုးဖောက်ဖို့/ လက်တစ်လုံးခြားလုပ်နိုင်ဖို့/လိုသလို အဓိပ္ပါယ်ဖွင့်ဆိုနိုင်ဖို့ အစိုးရပိုင်သတင်းစာကနေ ရေလာမြောင်းပေးလုပ်နေတာ၊ စည်းရုံးမြှူဆွယ်တာပဲဖြစ်ပါတယ်။ ပြင်ဖို့လိုအပ်တယ်ဆိုရင် အခြေခံဥပဒေ၊ အခန်း ၁၂မှာပြဋ္ဌာန်းထားတဲ့အတိုင်း လုပ်ကြရမှာဖြစ်ပါတယ်။ ပုဒ်မ ၆၄ ဟာ ပုဒ်မ ၄၃၆ (ခ) မှာ အကြုံးဝင်တဲ့ပုဒ်မတစ်ခု ဖြစ်ပါတယ်။
ဖဲသုံးချပ်ဒိုင်နဲ့ အလံရှူးတွေ အတိုင်အဖောက်ညီပါပေတယ်လို့ ပြောရမှာပါပဲ။ “ရန်ကင်း”ရဲ့နှပ်ကြောင်းကို လေပင့်ပေးပြီးထောက်ခံသူကတော့ “ဘိုးသက်ရှည်(ဥပဒေ)” ဆိုသူပဲဖြစ်ပါတယ်။ သူရဲ့“ဒီမိုကရေစီ၏အနှစ်သာရ ညီတူညီမျှအခွင့်အရေးရကြပါစေ ” ဆိုတဲ့ဆောင်းပါးကို မေလ ၂၆ ရက်နေ့ ကြေးမုံ/မြန်မာ့ အလင်းသတင်းစာများမှာ ဖော်ပြထားပါတယ်။ ဘိုးသက်ရှည် (ဥပဒေ) ဆိုသူက “ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေ၊ ပုဒ် ၇(ခ) ကို ကိုးကားပြီး အခြေခံဥပဒေပါပြဋ္ဌာန်းချက်ဖြစ်တဲ့ ပုဒ်မ ၆၄ ”ကို ချိုးဖောက်ကျော်လွှားဖို့ သူခိုးလမ်းပြလုပ်ထားပါတယ်။
တကယ်တော့ စစ်တပိုင်းအုပ်စိုးသူများအတွက် “ဖွဲ့စည်းပုံအခြေခံဥပဒေ”ဆိုတာ သူတို့စိတ်ကြိက်လုပ်ချင်တာ လုပ်နိုင်ခွင့်ရှိတဲ့အရာပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ သူတို့စီးတဲ့ (jungle boot ) တောစီးဖိနပ်ပါပဲ။ “ဥပဒေက မည်သို့ပင်ဆိုထားစေကာမူ”ဆိုတဲ့ စကားရပ်အတိုင်းပေါ့။ ချိုးဖောက်ခဲ့တဲ့ လက်တွေ့သာဓကများကို ဖော်ပြပါ့မယ်။ (လွှတ်တော်ဥက္ကဋ္ဌကြီးခေါင်းပေါင်းချွတ်တာကိုလည်း ထည့်ချင်ထည့်နိုင်ပါတယ်)။ ငါတို့စိတ်ကြိုက်ရေးခဲ့တဲ့အခြေခံဥပဒေပဲ ငါတို့ထင်သလိုလုပ်မယ်ဆိုတဲ့ သဘောပါပဲ။
- “ပြည်ထောင်စုအဆင့်အဖွဲ့အစည်း ဟုတ်/မဟုတ်”ဆိုတဲ့ကိစ္စမှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးရဲ့ဆုံးဖြတ်ချက်ကိုပစ်ပယ်ပြီး၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးသိန်းစိုးပါ (၉) ဦးအား ထုတ်ပယ်ခဲ့မှု၊
- ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၁ (က) မှာ “ရွေးကောက်ပွဲစတင် ကျင်းပသည့်နေ့ရက်၌ အသက် ၁၈ နှစ် ပြည့်၍ ဥပဒေအရ အရည်အချင်းပျက်ယွင်းသူ မဟုတ်သည့်အပြင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသောနိုင်ငံသားနှင့်ဥပဒေအရ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူတိုင်းသည် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည်”ဆိုတဲ့ ပြဋ္ဌာန်းချက်ကိုချိုးဖောက်ကာ “ယာယီသက်သေခံ လက်မှတ်” (white card) ကိုင်ဆောင်သူများ၏ ဆန္ဒမဲပေးပိုင်ခွင့်ကိုရုပ်သိမ်းသည့်ကိစ္စ (ထို “ဝှိုက်ကဒ်” ကို ၁၉၅၁ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းနေထိုင်သူများ မှတ်ပုံတင်ရေးနည်းဥပဒေ၊ အပိုဒ် ၁၃ (၁) (ဂ)အရ ဥပဒေနဲ့အညီ ထုတ်ပေးခဲ့တာဖြစ်ပါတယ်။ လက်တွေ့အားဖြင့်လည်း “ဝှိုက်ကဒ်”ကိုင်ဆောင်ထားသူများဟာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ (၂၀၀၈ ခုနှစ်၊ မေလ ၁၀ ရက်)၊ အထွေထွေရွေးကောက်ပွဲ (၂၀၁၀ နိုဝင်ဘာ ၇) နှင့် ကြားဖြတ်ရွေးကောက်ပွဲ (၂၀၁၂ ၊ ဧပြီ ၇)တွင် မဲဆန္ဒပေးခဲ့ကြသူများလည်းဖြစ်ပါတယ်။
ယခုအခါ ထိုအချက်များကို ဗြောင်လစ်လျူရှု၍ ဝှိုက်ကဒ်များကို ရုပ်သိမ်းခြင်းဖြင့် မဲဆန္ဒပေးခွင့်ကို ဖျက်သိမ်းခဲ့ပါတယ်။
- သက်ဆိုင်ရာ မဲပေးမည့်သူမရှိဘဲ။ ထိုသူအစား “စက်ခလုပ်နှိပ်မဲပေးမှု”ကို တပ်မတော်သား ကိုယ်စားလှယ်များအနေနဲ့ “သဘောရိုး”ဖြင့်ဆောင်ရွက်ခဲ့တာဖြစ်တယ်ဆိုတဲ့ “ဖြောင့်မတ်ပါသည်ဆိုသောနာကကြီး” ရဲ့ဗြောင်အကျဆုံး ဘက်လိုက်အကာအကွယ်ပေးမှု၊
အစိုးရပိုင်သတင်းစာတွေထဲကနေ “ရန်ကင်းနဲ့ဘိုးသက်ရှည် (ဥပဒေ)”တို့က အတိုင်အဖော်ညီညီ နှပ်ကြောင်းအာဘော်ဖန်တီး ပေးခဲ့ကြပြီးပါပြီ၊ လွှတ်တော်ရဲ့ တာဝန်ပဲ ကျန်ပါတော့တယ်။ ဒီတော့ မကြာခင်လွှတ်တော်ထဲမှာ သူတို့သမ္မတတွေ “၂၀၁၅ ရွေးကောက်ပွဲ”မတိုင်မီကြိုတင် “မဲဆွယ်စည်းရုံးနိုင်ရေးအတွက်” ကိုယ့်ရှူး ကိုယ်ပတ်ဖြစ်နေတဲ့ “ပုဒ်မ ၆၄” ကို ဘယ်လိုချိုးဖောက်ဖို့/ လက်တစ်လုံးခြား လုပ်ဖို့ ဘယ်ပါတီက၊ ဘယ်အမတ်အဆိုတင်ဖို့မဲကျမယ်ဆိုတာကို စောင့်မျှော်ကြည့်ရှုကြပါစို့။
ညွန်း
- ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)
- (၂၃-၅-၂၀၁၅)ကြေးမုံသတင်းစာ/ မြန်မာ့အလင်းသတင်းစာ
- (၂၆-၅-၂၀၁၅)ကြေးမုံသတင်းစာ/ မြန်မာ့အလင်းသတင်းစာ

နိုင်ငံရေးပါတီနှင့်လူထုခေါင်းဆောင်သည် မည်သည့်အခါ၌ တာဝန်ကျေပါအံ့နည်း (တူမောင်ညို)

0 comments
နိုင်ငံရေးပါတီနှင့်လူထုခေါင်းဆောင်သည် မည်သည့်အခါ၌ တာဝန်ကျေပါအံ့နည်း
(တူမောင်ညို)
၂၀၁၅ ခုနှစ်၊ ဇွန်လ ၄ ရက်

ဒီလှိုင်းစာစောင်၊ တာဝန်ခံအယ်ဒီတာက ဒီချုပ်နှင့် ၈၈ ငြိမ်း/ပွင့်တို့၏ “နိုင်ငံရေးပူးတွဲကြေညာစာတမ်း”နဲ့ပတ်သက်ပြီး “ကြွားဝါဟိတ်ဟန်ထုတ်ထားသော ခါတော်မီကြေညာစာတမ်းမဟုတ်ကြောင်း” ရဲဝံ့စွာ အာမခံချက်ပေးထားပါသည်။ ထိုအာမခံချက်အတိုင်း ဖြစ်မြောက်လာပါစေလို့ ဆုမွန်ကောင်းတောင်းပါသည်။ နာကျင်ခါးသီးဖွယ်အတိဖြစ်သော အတိတ်၌ထားရစ်ခဲ့ကြပြီဖြစ်သော “ဂန္ဒီခမ်းမ ကြေညာချက်” နှင့် “ရွှေဂုံတိုင်ကြေညာစာတမ်း”တို့ကဲ့သို့သော ကံကြမ္မာမျိုး တိုးသွားမှာ ခဲမှန်ဖူးသောစာသူငယ်၏စိုးရိမ်မှုဖြင့် စိုးရိမ်နေမိပါသည်။

 “အခြေခံဥပဒေပြင်ဆင်ရေး၊ ၆ ပွင့်ဆိုင်ဆွေးနွေးရေး၊ ၂၀၁၅ ရွေးကောက်ပွဲ” ဆိုသည်မှာ (ကာလုံ)ြေုခထောက်အောက်မှာရှိသော အရာများသာဖြစ်ပါသည်။ (ကာလုံ) ဆိုသည်မှာ သူတို့လူတွေချည်းသာဖွဲ့စည်းထားသည့် “တကယ့်အစိုးရ” ဖြစ်ပါသည်။ ဘယ်သူ ဘာလုပ်ဆိုသည့် အမိန့်နှင့်ညွန်ကြားချက်ပေးနေသော တကယ့်အမိန့်ပေးဌာနချုပ်ဖြစ်ပါသည်။ ကြံ့ဖွံ့အစိုးရဆိုသည်မှာ(ကာလုံ)က အခါအားလျော်စွာ ချမှတ်ပေးသောအမိန့်/ညွန်ကြားချက်နှင့် ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ရသော အလုပ်ကော်မတီမျှသာဖြစ်ပါသည်။ ရုပ်ပြအစိုးရသာဖြစ်သည်။
ထို့အပြင် (ကာလုံ)၏ အထက်/နောက်ကွယ် အမှောင်ထဲတွင် ဗိုလ်သန်းရွှေ ရှိနေသည်။ ဗိုလ်သန်းရွှေသည် အလကားထိုင်နေသည်မဟုတ်။ လိုအပ်သည်များကို အချိန်နှင့်တပြေးညီ အမိန့်ပေးညွန်ကြားနေသည်။

လက်လှမ်းမီသမျှ ပြည်တွင်းအတိုက်အခံများအင်အားစုများ၏ အာဘော်ကို စုစည်းကြည့်သောအခါ “၂၀၁၅ ရွေကောက်ပွဲကို ဒီချုပ်ပါတီသပိတ်မှောက်၍မဖြစ်၊ ၂၀၁၅ ရွေးကောက်ပွဲတွင် ဒီချုပ်နှင့် ဒီမိုကရေစီအတိုက်အခံ အင်အားစုများ သောင်ပြိုကမ်းပြိုအနိုင်ရဖို့လုံးပမ်းရမည်”ဟူသော အာဘော်ကို တွေ့ရှိရပါသည်။
ထို့အပြင် “၂၀၀၈အခြေခံဥပဒေမပြင်ဆင်နိုင်ဘဲ (မည်ကာမတ္တပြင်ရုံဖြင့်) ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရလည်း ဘာတစ်ခုမှ ထိထိရောက်ရောက် လုပ်နိုင်ဖွယ်ရာမရှိပါဘူး”ဟုဆိုသည့် ပကတိအမှန်တရားနှင့်ကိုက်ညီသည့် ငြီးငြူသံကိုလည်း ကြားပါသည်။

- ၂၀၁၅ ရွေးကောက်ပွဲဝင်ရမည်။ (ရွေးကောက်ပွဲသပိတ်မှောက်၍မဖြစ်)
-  ဒီချုပ်က ၁၉၉၀ ရွေးကောက်ပွဲမှာနိုသကဲ့သို့ အနိုင်ရ ရမည်။ (အမတ် နေရာ ၃၃၀ အနက် ၃၀၀ ခန့်အနိုင်ရ ရမည်ဟု ပြောဆိုကြသည်)
သို့မှသာ “၂၀၁၅ ရွေးကောက်ပွဲရလဒ်”ကို ကိုင်၍ စစ်ဗိုလ်အငြိမ်းစားပါတီနှင့်စစ်တပ်ကို ရင်ဆိုင်နိုင်မည်ဖြစ်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးဆောင်ရွက်နိုင်မည်ဟုဆိုကြသည်။

ဤအာဘော်အတိုင်းဆိုလျှင် ၂၀၁၅ ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ရေးသည် အဓိကဖြစ်သွားသဖြင့် “၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးနှင့် ၆ပွင့်ဆိုင်ဆွေးနွေးရေး” ကိစ္စတို့သည်  နောက်တန်းသို့ရောက်သွားပြီ ဖြစ်သည်။ သို့ပါ၍ ၂၀၁၅ ရွေးကောက်ပွဲတွင် ပြတ်ပြတ်သားသားအနိုင်ရရေးကိုသာ
ပြင်ဆင်လုံးပမ်းကြရတော့မည်ဖြစ်သည်။  ဤသို့ဆိုလျှင် ရွေးကောက်ပွဲကျင်းပမည့်နေ့ရက် ရွေးကောက်ပွဲကော်မရှင်က ကြေညာပြီးမှသာဒီချုပ်ပါတီက ရွေးကောက်ပွဲ ဝင်မယ်/မဝင်ဘူးဆိုသည့်ကိစ္စကို တရားဝင်ထုတ်ပြန်မည်ဟုပြောဆိုနေသည့်အချက်မှာ သိပ်မရေးမပါလှတော့ချေ။

ဒီချုပ်ပါတီမှ အပဖြစ်သော အတိုက်အခံများ၏သဘောထားအမြင်ကလည်း ၂၀၁၅ ရွေးကောက်ပွဲကို  ဒီချုပ်က သပိတ်မှောက်မှာကို စိုးရိမ်ကြသည်။ ထိုကိစ္စနှင့်ပတ်သက်၍ ဦးဝင်းထိန်လက်ရှိပြောကြားနေသည့်ရှင်းလင်းချက်၌ “ဒေါ်အောင်ဆန်းစုကြည်က သပိတ်မှောက်ခြင်းဟာ ရွေးကောက်ပွဲအတွက်ရွေးချယ်ထိုက်တဲ့ အချက်တစ်ချက်ဖြစ်တယ်လို့ပြောတာ၊ သပိတ်မှောက်မယ်၊ မမှောက်ဘူးလို့ လုံးဝပြောတာမဟုတ်ဘူး” ဟူ၍ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်၌ အမတ်နေရာစုစုပေါင်း ၆၆၄ နေရာအနက်၊ ကာချုပ်က ၁၆၆ နေရာအပိုင်စားယူထားပြီးဖြစ်သဖြင့် ကျန် ၄၉၈ နေရာကို ယနေ့ မှတ်ပုံတင်ထားပြီးဖြစ်သည့်နိုင်ငံရေးပါတီပေါင်း ၈၀ က ဝင်ရောက်ယှဉ်ပြိုင်ကြရမည်ဖြစ်သည်။

လွှတ်တော်၂ ရပ်ပေါင်း ၄၉၈ နေရာအနက် ဒီချုပ်ပါတီနှင့်အတိုက်အခံများသည် “၁၉၉၀ ပြည့်ရွေးကောက်ပွဲ”မှာကဲ့သို့ သို့တည်းမဟုတ် “၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ”
မှာကဲ့သို့ ပြတ်ပြတ်သားသားအနိုင်ရနိုင်ပါမည်လော။
၄၉၈ နေရာအနက် ဒီချုပ်ပါတီနှင့်အတိုက်အခံများက ၂၀၁၅ ရွေးကောက်ပွဲ၌ မည်သို့ပင် အနိုင်ရသည်ဖြစ်စေ၊ ထိုအနိုင်ရရှိမှုသည် “ပုဒ်မ ၄၃၆”  ပြင်ဆင်နိုင်လိမ့်မည် မဟုတ်သကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်လည်း သမ္မတဖြစ်လာနိုင်လိမ့်မည်မဟုတ်ချေ။

၂၀၀၈ အခြေခံဥပဒေသည် အတိုက်အခံများက ထိုသို့အနိုင်ရပြီး အပေါ်စီးရမသွားစေရန် အသေအချာအကွက်ချ ရေးဆွဲထားသောအခြေခံဥပဒေဖြစ်ပါသည်။ တနည်းအားဖြင့် ဆိုရလျှင် ၂၀၀၈ အခြေခံဥပဒေသည် စစ်တပ်ကိုလွှမ်းမိုးချုပ်ကိုင်ထားနိုင်သူများက ဒီမိုကရေစီနိုင်ငံရေးသမားများအပေါ် ထာဝစဉ်အနိုင်ယူထားရန် ရေးဆွဲထားခြင်းဖြစ်သည်။ ယင်းအချက်သည် ၂၀၀၈ အခြေခံဥပဒေ၏ ပင်မအနှစ်သာရပင်ဖြစ်သည်။

အစိုးရအဖွဲ့တွင် ဒုတိယသမ္မတစ်ဦး၊ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေး စစ်တပ်က အပိုင်ကိုင်ထားသည်၊။ ပြည်ထောင်စုလွှတ်တော်ထဲတွင် စစ်သားအမတ် ၁၆၆ ဦး ယူထားသည်။ စစ်တပ်သည် အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကို ထာဝစဉ် အပိုင်စားယူထားပြီးဖြစ်သည် [အခြေခံဥပဒေပုဒ်မ ၆ (စ) ]
ထိုအချက်များကိုပြင်လိုလျှင် (စစ်တပ်မှ ) ကာချုပ်သဘောတူမှဖြစ်မည်။ ကာချုပ်တစ်ဦးတည်း၏သဘောဆန္ဒမပါရှိဘဲ ပုဒ်မ ၄၃၆ (က)တွင် စာရင်းပြထားသည့် အချက်အချာကျသော ပုဒ်မပေါင်း ၉၅ ခုကို ၂၀၀၈ အခြေခံဥပဒေဘောင်အတွင်းမှ ဘယ်သောအခါမှ ပြင်ဆင်နိုင်လိမ့်မည် မဟုတ်ချေ။

အထက်ပါအချက်မှ ရှင်းလင်းစွာဖော်ပြနေသည့်အချက်မှာ မည်သည့်ပါတီသည် မည်သည့်ရွေးကောက်ပွဲတွင် မည်သို့သောအရေအတွက်ဖြင့် အနိုင်ရသည်ဖြစ်စေ ပြည်ထောင်စုလွှတ်တော်ထဲ၌ “၂၀၀၈ အခြေခံဥပဒေ”ကို မည်သည့်အခါမျှ ပြင်ဆင်နိုင်လိမ့်မည်မဟုတ်ဟူသောအချက်ပင်ဖြစ်သည်။ ဤအချက်ကို ဒီချုပ်ပါတီအကြီးအကဲများ သိနားလည်သလို၊ အခြားသော ဒီမိုကရေစီအတိုက်အခံများ၊ နိုင်ငံရေးသမားများ၊ ဥပဒေပညာရှင်များလည်း ကောင်းကောင်းသိပါသည်။

ဒီချုပ်နှင့်၈၈ ငြိမ်းပွင့် နိုင်ငံရေးပူးတွဲကြေညာစာတမ်း၌ “မြန်မာ့နိုင်ငံပြဿနာ၏သော့ချက်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဖြစ်သည်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အားပြင်ဆင်နိုင်ခြင်းမရှိဘဲ ပြည်တွင်းငြိမ်းချမ်းရေးကိုလည်းမည်သို့မျှ တည်ဆောက် ၍ရရှိနိုင်မည်မဟုတ်၊ အခွင့်ထူးခံမှုနှင့် ဖိနှိပ်ချုပ်ချယ်မှုများပါဝင်နေသော ဖွဲ့စည်းပုံအခြေခံဥပဒေကိုမပြင်ဆင်ဘဲ မြန်မာနိုင်ငံ၏အခြေခံကျသော ပြဿနာများအား
ဖြေရှင်းနိုင်မဟုတ်၊ တိုင်းရင်းသားများ လိုလားတောင်းဆိုနေသော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်မည်မဟုတ်” ဟူ၍ အလွန်ရှင်းလင်းစွာဖော်ပြထားပါသည်။

ပြည်ထောင်စုလွှတ်တော်ထဲ၌ ပြင်ဆင်နိုင်သည်ဆိုသည်မှာ “အပေါ်ယံပြင်ဆင်မှု” သာဖြစ်သည်။  ဇယား (၁) ထဲကဟာကို ဇယား (၂) ထဲ ပြောင်းထည့်ပေးတာလောက်တော့ လုပ်နိုင်သည်။ ယင်းသို့သော ပြင်ဆင်မှုမျိုးကို မည်သူမျှစိတ်မဝင်စားပါ။

ဤသို့ဆိုလျှင် “၂၀၀၈ အခြေခံဥပဒေ” ကိုပြင်ဆင်နိုင်ခြင်းလည်းမရှိ၊ “၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဘောင်” ထဲ၌ စစ်ဗိုလ်ချုပ်ဟောင်း၊ ကြံ့ဖွံ့ပါတီထိပ်သီးဦးတင်အေး ဦးစီးသည့် ရွေးကောက်ပွဲကော်မရှင်မှ ကျင်းပပေးမည့် ၂၀၁၅ ရွေးကောက်ပွဲသည် မည်သည့်နည်းဖြင့်  “လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲ” ဖြစ်လာနိုင်ပါမည်နည်း။

လိုရင်းပြောရလျှင် “၂၀၀၈ အခြေခံဥပဒေ” ဆိုသည်မှာစစ်အုပ်စုက စံနှုန်းမီ ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကိုလိုလားသည့် နိုင်ငံရေးပါတီများ၊
နိုင်ငံရေးသမားများနှင့်ပြည်သူများအပေါ် ထာဝစဉ်အနိုင်ယူထားသည့်အခြေခံဥပဒေ ဖြစ်ပါသည်။  “၂၀၀၈ အခြေခံဥပဒေ”ကို အပေါ်ယံပြင်ဆင်ရုံမျှဖြင့်လည်း ဒီမိုကရေစီနဲ့ဖက်ဒရယ်ပြည်ထောင်စုမတည်ဆောက်နိုင်ပါ။

 ပြည်သူများသည်
- “၁၉၉၀ အထွေထွေရွေးကောက်ပွဲ” ၌ ကျရာတာဝန်ကျေခဲ့ပြီ။
- “၂၀၀၈ အခြေခံဥပဒေ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ”၌ ကျရာတာဝန်ကျေခဲ့ပြီ။ (ကန့်ကွက်မဲ ၁၃၇၅၄၈၀ ပေးခဲ့သည်)
- “၂၀၁၀ အထွေထွေ ရွေးကောက်ပွဲ”၌ ကျရာတာဝန်ကျေခဲ့ပြီ။
- “၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ”၌လည်း ကျရာတာဝန်ကျေခဲ့ပြီ။
- “ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးပြည်သူများလက်မှတ်ရေးထိုးပွဲ” ၌ ကျရာတာဝန်ကျေခဲ့ပြီးပြီ။ (လက်မှတ်ပေါင်း ၄၉၄၁၉၉၈ )
- “၂၀၁၅ ရွေးကောက်ပွဲ” ၌ ကျရာတာဝန်ကျေပြွန်ရပေလိမ့်ဦးမည်။
-  နိုင်ငံရေးပါတီနှင့်လူထုခေါင်းဆောင်သည် မည်သည့် အခါ၌ တာဝန်ကျေပါအံ့နည်း။

ညွန်း -
ဒီလှိုင်းစာစောင် - အတွဲ၎၊ အမှတ် (၂၀) (၁-၆-၂၀၁၅)