Sunday, August 30, 2020

“သေနတ်ကျည်ဆန်တွေက ဈေးပိုကြီးနေပြီလား”

0 comments
“သေနတ်ကျည်ဆန်တွေက ဈေးပိုကြီးနေပြီလား”
မနေ့က ရှေ့နောက် နှစ်ယောက်နင်းစက်ဘီး Tandem တစီးဝယ်ရန် ကျနော်တို့လင်မယား မြို့ပတ်ခဲ့ကြပါသည်။ အိမ်မှာရှိသည့်တစင်းက 7 Speed ဖြစ်ပြီး ကုန်းအတက် ဂီယာချိန်းလိုက်လျှင် ဂျိဂျိ ဂျိဂျိ မြည်ကာ ကောင်းကောင်း အလုပ်မလုပ်ချင်တော့။ ဘီးကလည်း အိုပြီ။ ဒီတခါဝယ်ဖြစ်လျှင် Multi Speed မဟုတ်သည့် ဂီယာမချိန်းရသည့် ရိုးရိုးဘီးပဲဝယ်မည်ဟု နှစ်ယောက်သားတွေးထား၏။ ထို့ကြောင့် ဖို့တ်ဝိန်းရှိ Summit City Bicycle ဆိုင်ကို တမြန်နေ့ သွားကြည့်ခဲ့ကြ၏။ ဆိုင်တွင်ရှိသည် Tandem ကို ဒီဇိုင်း မကြိုက်သဖြင့် ဈေးပင်မမေးမိခဲ့ကြ။ ကျနော်တို့ လိုချင်သည့်ဒီဇိုင်းကိုပြောပြသည့်အခါ ဆိုင်အရောင်းသမားတဦးက တခြားမြို့များတွင်ရှိသည့် သူတို့ဆိုင်ခွဲများတွင်ရှိမရှိ အွန်လိုင်းမှတက်ကြည့်ပေး၏။ ဖလော်ရီဒါကဆိုင်ခွဲတွင် တစီးရှိတာကိုတွေ့၏။ ဈေးက ၉ ရာနီးပါး။ လိုချင်လျှင် မှာပေးမည် သယ်ယူခကို ကျနော်တို့ဘက်မှကျခံရမည်ဆို၏။ ဒါနှင့် တေ့တေ့ဆိုင်ဆိုင်လိုချင်လျှင်ပြန်လာပါမည်ဟု ပြောကာ အိမ်ပြန်ခဲ့ကြ၏။ စက်ဘီးဈေးကြောင့်မဟုတ် သယ်ယူခကျခံရမည်ကို ဘဝင်မကျသော့ကြောင့်ပင်။
အိမ်ပြန်ရောက်တော့ ဇနီးက အိုင်ပက်ဒ်တလုံးနှင့် အွန်လိုင်းတွင်မွှေနှောက်ရှာဖွေ၏။ သူတွေ့သည့်ဘီးများ လာလာပြ၏။ နင့်စိတ်ကြိုက်တွေ့ရင်ပြောလေဟုပြောပြီး ကျနော်က စာတအုပ်နှင့် ငြိမ့်နေ၏။ ခနနေတော့ စာအုပ်ချကာ ဖေ့စ်ဘွတ်ခ် တက်ရင်း ဟိုဟိုသည်သည်များလိုက်ဖတ်နေခိုက် နှစ်ယောက်နင်းစက်ဘီး ကြော်ငြာများ ကျနော့်စာမျက်နှာတွင် တက်တက်လာ၏။ Marketplace ကနေလည်း ဖို့တ်ဝိန်းနှင့်အနီးတဝိုက်မှ Tandem ဘီး ကြော်ငြာတွေပို့ပို့လာ၏။ အံ့ဩစရာတော့မရှိ။ ဇနီးသည်သုံးသည့် အိုင်ပက်ဒ်တွင် ဖေ့စ်ဘွတ်ခ် app ကို Install လုပ်ထားရုံမက ကျနော် ရံဖန်ရံခါ ထိုအိုင်ပက်ဒ်နှင့် ဖေ့စ်ဘွတ်ခ်သုံးတတ်သည်မဟုတ်ပါလား။ သည်တော့ မှတ်ဉာဏ်တုနည်းပညာကမှတ်မိနေပြီး ကြော်ငြာတွေ ကျနော့်ဆီ ပို့နေခြင်းပင်။ ဒါနှင့် ကျနော်လည်း Marketplace ထဲဝင်ကာ Tandem ဘီး ရောင်းမည့်သူများနှင့် မက်ဆင်ဂျာမှ ဆက်သွယ်ကြည့်၏။ ရောင်းမည့်သူတွေကများသော်လည်း ကျနော်တို့စိတ်ကြိုက် ဘီးပုံစံက စုစုပေါင်းမှ သုံးနေရာသာရှိ၏။
ရောင့်သည့်သူများအား လာကြည့်လို့ရမလား။ ဘယ်အချိန်လောက်လာလျှင် အဆင်ပြေမလဲ။ အစမ်း စီးကြည့်လို့ ရမလား။ ဈေးကရော အလျှော့အတင်းရှိနိုင်လား စတာတွေမေးမြန်းကြည့်ပြီးမှ နှစ်ယောက်သား မြို့ပတ်ခဲ့ကြ၏။
ပထမဆုံး စုံစမ်းခဲ့သည့်သူက ဖို့တ်ဝိန်းမို့လည်ကောင်နားတွင်နေ၏။ ၉ နာရီအတိတွင်ချိန်းပြီး သူ့အိမ်ရောက်ခဲ့၏။ အိမ်က ၁၉၃၀ ကာလများဆီကဆောက်သည့် စတိုင်လ်နှင့်အိမ်။ ၃ ထပ်။ စုလစ်မွန်းချွန်ဆန်ဆန် ရဲတိုက် အငယ်စားလေးနှင့်ပင် တူနေသေး၏။ အိမ်ရှေ့မျက်နှာစာ ဟိုးအမြင့်က နဖူးစည်းတွင် နံရံကပ်နာရီအကြီးစားကြီးတလုံး ကပ်ထား၏။ နာရီက အိုမင်းလှပြီ။ လက်တံများက အလုပ်မလုပ်တော့။ ၁၂ နာရီတိတိတွင်ရပ်နေ၏။ အိမ်ရှေ့ လူ့မျက်နှာနှင့်အညီ မှန်ပြူတင်းဘောင်တွင် အတွင်းမှနေ၍ ကော်ငြာစာရွက်အလတ်စားအရွယ်တရွက် ကပ်ထားတာ တွေ့ရ၏။ သေနတ်ပြောင်းရှည်တလက်ပုံနှင့် ကျည်ဆန်ပုံများအပြင် စာတွေလည်းရေးထား၏။ အိမ်မှာ ခွေးရှိကြောင်းလို အိမ်မှာသေနတ်ရှိကြောင်း သတိပေးစာတခုခုရေးထားတာနေမှာပါဟုထင်ပြီး စာတွေကို သေချာမဖတ်ဖြစ်ခဲ့။
ကျနော်တို့ အိမ်ရှေ့တံခါးမကြီးတည့်တည့်ရပ်မိသည်နှင့် တံခါးပွင့်လာက ဟဲလိုဟူသည့် နှုတ်ဆက်သံနှင့်အတူ ထောင်ထောင်မောင်းမောင်း တောင့်တောင့်တင်းတင်း အသက် ၇ ဆယ်ခန့် ဘောင်းဘီတိုနှင့် လူဖြူအဖိုးအိုတဦး ထွက်လာ၏။ အသက်နှင့်စာလျှင် အရွယ်က အတော်တင်ပြီး ဖြတ်ဖြတ်လတ်လတ်လည်းရှိ၏။ စက်ဘီးကြည့်မည့်သူတွေမှတ်တယ်ဟုဆိုကာ စက်ဘီးလိုက်ပြ၏။ ကျနော်တို့ မြက်ခင်းပေါ် စမ်းစီးကြည့်တော့ ထိုင်ခုံတွေမြင့်နေသည်မှတပါး အားလုံးအဆင်ပြေ၏။ ဈေးကလည်း မဆိုး။ သို့သော် လာကြည့်ပါမည်ဟု ချိန်းထားပြီးသား အခြားနှစ်ဦးဆီကလည်းသွားရဦးမည်။ ဟိုနှစ်စီးက ခုအစီးထက်ပို အဆင်ပြေမည်ဆိုလျှင် အတွေးကလည်းရှိသေး၏။ သို့ဖြင့် ကျနော်တို့ ချိန်းထားတဲ့ တခြားနှစ်စီးလည်းရှိသေးတယ်၊ လိုက်ကြည့်လိုက်ပါဦးမယ်၊ ကြည့်လို့ ဒီတစီးက ပိုအဆင်ပြေတယ်ဆိုလည်း ဒါကိုပဲလာပြန်ယူပါ့မယ်၊ ဒီတော့မှ ဈေးစကား ပြောကြတာပေါ့ဆိုတော့ သူက ကောင်းပြီလေ မက်ဆင်ဂျာကနေပဲဆက်သွယ်ပါဟု ပြုံးပြုံးရွှင်ရွှင်နှင့်ဆို၏။ နောက် နှစ်စီးလိုက်ကြည့်တော့ အဆင်မပြေ။
ဒါနှင့် မက်ဆင်ဂျာကနေ သူ့ဆီ ပြန်ဆက်သွယ်ပြီး ငါတို့ တခေါက်ပြန်လာမယ်။ ထိုင်ခုံတွေလည်း အနိမ့်ဆုံး နှိမ့်ထားပေးပါ၊ လမ်းပေါ်မှာ တခေါက်လောက် ကြာကြာလေးစမ်းနင်းကြည့်ချင်တယ်ဟုဆိုတော့ အိုကေဟုဆိုပြီး မင်းက စစ်ပြန်လားဟု မေး၏။ ကျနော်က စစ်ပြန်တော့ စစ်ပြန်ပဲ ဒါပေမဲ့အမေရိကန်စစ်ပြန်မဟုတ်ဘူး ဗမာစစ်ပြန်ဟုဆိုတော့ ကောင်းပါလေ့ကွာ ဒါဆို ၄၅ ဒေါ်လာလျှော့ပေးမယ်။ ထိုင်ခုံတွေလည်း နှိမ့်ထားပေးမယ် ပြန်လာခဲ့ကြပါဟုဆို၏။ သို့ဖြင့် သူ့အိမ်တခေါ ထပ်ရောက်ရပြန်၏။
ဒီတခေါက်တော့ အိမ်ရှေ့ရောက်ရောက်ခြင်းတံခါးက ပွင့်မလာခဲ့။ ဇနီးက တံခါးမကြီးဆီသွားပြီး လူခေါ်ဘဲလ် တီးနေခိုက် ကျနော်က မျက်နှာနှင့်တူရှူရာမှာရှိနေသည့် တံခါးပြူတင်းမှန်တွင်ကပ်ထားသည့်စာရွက်ပေါ်က စာတွေကိုဖတ်နေမိ၏။ ရေးထားသည့်က Due to prices of guns and ammo, don’t expect warning shoot. သဘောက သေနတ်ဈေး ကျည်ဆန်ဈေးတွေကြောင့် သတိပေးပစ်ခတ်တာမျိုးတော့ မမျှော်လင့်ပါနဲ့ဟု ဆိုခြင်းပင်။
ကျနော်ဖတ်ရင်း ကြက်သီးထသွား၏။ ကျောရိုးထဲလည်း စိမ့်သွား၏။
ကိုဗစ်နိုင်တင်န်း အမေရိကကိုကူးလာတော့ လူတွေ သေနတ်ဝယ်နှုန်း တမဟုတ်ခြင်းမြင့်တက်လာ၏။ ကပ်ဘေးကြောင့် ဆင်းရဲကြပ်တည်းလာလျှင် ပစ်ခတ်လုယက်တာတွေဖြစ်လာနိုင်သည်ဟုတွေးကာ ကိုယ့်ကိုယ်ကို ကာကွယ်ရန်ဟုအကြောင်းပြချက်နှင့် လူတွေ သေနတ်ဝယ်ကြခြင်းပင်။ တချို့လည်း လုဖို့ သေနတ်ဝယ်တာဖြစ်ချင် ဖြစ်လိမ့်မည်ထင်၏။ ဘယ်လိုပဲဖြစ်ဖြစ် သေနတ်ဝယ်လိုအားတွေ ထောင်တက်နေသည်မှာ ကိုဗစ်အစကတည်းကနေ ခုချိန်ထိ အရှိန်မသေသေးတာတော့ သေချာ၏။ ဝယ်လိုအားရှိတော့ ရောင်းလိုအားဘက်က ဈေးတွေတက်လာ၏။ သေနတ်ဈေး ကျည်ဆန်ဈေးတွေ အတော်ကြီးတက်နေသည်ဟု အသိတယောက်ပြောသံလည်း ကြားမိ၏။ သေနတ် လက်ဝယ်ရှိသူများ အရင်ကလောက် အပျော်ပစ်အစမ်းပစ် လျှောက်ပစ်တာတွေ သိတ်မလုပ်ကြ။ ကျည်ချွေတာ နေကြသည်ဟုဆို၏။ ယခု သတိပေးစာသည် ထိုကိစ္စနှင့်အဆက်အစပ်ဖြစ်နေမှန်းသိသာ၏။
NRA ခေါ် အမျိုးသားရိုင်ဖယ်လ်အသင်းကြီးအကြောင်းနှင့် အမေရိကန်တွင် လူတိုင်း လက်နက်ကိုင်ဆောင်ခွင့်ရှိမှန်း အများသိပြီးသားမို့ ဤနေရာတွင် ဘာမှမပြောလိုတော့။ အမေရိကန်တချို့သည့် လူ့အသက်ထက် လက်နက် ကိုင်ဆောင်ခွင့်ကို ပို၍တန်ဖိုးထားတတ်ကြသလားမပြောတတ်။ တနှစ်တနှစ် သေနတ်ကြောင့် လူ့အသက်တွေ မနည်းမနော သေကြေနေကြသည်မှာလည်း ကြားသည့်အတိုင်းပင်။ ဖြစ်၏။ ပစ်ခတ်သံတွေဆူပြီးတိုင်း Gun Control စကားသံတွေ ညံစမြဲ။ သို့သော် ပွဲပြီးမီးသေတွေနှင့် ပြီးပြီးသွား၏။ သေနတ်ကိုင်ဆောင်ခွင့်ထိန်းချုပ်ရေးဟု ဆိုလိုက်တိုင်း ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပါ အခွင့်အရေးဆိုသည်နှင့် ကိုင်ပေါက်ပြီး အနိုင်ပိုင်းသွားကြသည်ချည်း ဖြစ်၏။ သေနတ်ကိုင်ဆောင်ခြင်း မကိုင်ဆောင်ခြင်းသည် ပုဂ္ဂလိကလွတ်လပ်ခွင့်ဖြစ်၏။ လူ့အသက်ထက် တကိုယ်ရည်လွတ်လပ်ခွင့်သည်လည်းကောင်း ဥပဒေပါအခွင့်အရေးသည်လည်းကောင်း ပို၍ အရေးပါနေသည့်သ‌ဘော ဖြစ်နေခြင်းပင်။
ကျနော်က ကျောချမ်းချမ်းနှင့် ကပ်ထားသည့် သတိပေးစာကိုဖတ်နေမိ၏။ ကျည်ဆန်တွေဈေးကြီးလာသဖြင့်သူ့ အိမ်နား မသင်္ကာဖွယ်ရာ လူကပ်လာလျှင် သတိပေးပစ်ခတ်ပြီး ခြောက်လှန့်ထုတ်မနေနိုင်အားတော့ ပစ်မည့်အချက်တိုင်းတည့်တည့်ပစ်မည် မှန်အောင်ပစ်မည်ဟု ခြိမ်းခြောက်ထားခြင်းပင်။ သေနတ်နှင့်ကျည်ဆန်တွေက လူ့အသက်ထက် ဈေးကြီး လာပြီလားဟု တွေးနေမိ၏။
မျိုးမြင့်ချို
၃၀ ဩဂုတ် ၂၀၂၀

Thursday, August 27, 2020

"စစ် ဘာ့ကြောင့်ဖြစ်" -ရဲဘော်ဖိုးသံချောင်း-

0 comments
"စစ် ဘာ့ကြောင့်ဖြစ်"-ရဲဘော်ဖိုးသံချောင်း- 
အခုတလော အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး စကား၊ ရင်ကြားစေ့ရေးစတဲ့အသံတွေ အများကြီး ကြားနေရပါတယ်။ သူ့ခေတ်နဲ့သူ့အခါကြားရတာမို့ မဆန်းဘူးလို့ပဲအောက်မေ့နေလိုက်ပါတယ်။ ဒါပေမယ့် အဲဒီလိုပြောမှုဆိုမှုတွေထဲမှာ စစ်ဖြစ်ရတဲ့ အကြောင်းရင်းဟာ သုံးမျိုးပဲရှိတယ်ဆိုတဲ့ ပြောနည်းမျိုးကို ကြားလိုက်ရပါတယ်။ ပြောကြတာက စစ်မက်ဖြစ်ပွားတယ်ဆိုတာဟာ (၁)လူမျိုးရေး၊ (၂)ဘာသာရေး၊ (၃)ဝါဒရေးဆိုတဲ့ အကြောင်းရင်း သုံးခုကြောင့်ဖြစ်ပွားတာဖြစ်တယ်၊ တခြားအကြောင်းရင်းမရှိဘူးဆိုတဲ့အယူအဆဖြစ်ပါတယ်။ သဘောတရားတခု တင်လာတဲ့ သဘောလိုဖြစ်နေပါတယ်။ ဒီအယူအဆ၊ ဒီလိုအပြောအဆိုကို အရင်ကလည်း ဖတ်ဖူး၊ ကြားဖူးပါတယ်။ တဖြည်းဖြည်း များလာတဲ့သဘောရှိတဲ့အတွက် ကိုယ့်အမြင်ကိုတော့ ပြောမှပဲဆိုပြီး ကီးဘုတ်ကိုနှိပ်နေမိပါတယ်။ တချိန်ထဲမှာ ကိုယ်လက်လှမ်းမီတဲ့ စစ်ပွဲတွေကိုလည်း ပြန်စဉ်းစားနေမိပါတယ်။
ဦးဆုံးကတော့ အင်္ဂလိပ်နယ်ချဲ့သမားနဲ့ ဗမာပဒေသရာဇ်တွေ တိုက်ခဲ့ကြတဲ့စစ်ပွဲတွေပါ။ ၁၉ ရာစုနှစ်အတွင်းမှာ အင်္ဂလိပ်နယ်ချဲ့သမားက ဗမာပြည်ကို စစ်သုံးကြိမ်တိုက်ပြီး ကျူးကျော်သိမ်းပိုက်တာဟာ ဝါဒကြောင့်လား၊ လူမျိုးရေးကြောင့်လား၊ ဘာသာရေးကြောင့်လား။ ဘယ်ဟာမှ မဟုတ်ပါဘူး။ ဒါဖြင့် အဲဒီအရင်လေးကဖြစ်ခဲ့တဲ့ မင်းတုန်းနဲ့ကနောင် မင်းသားညီနောင်တို့ ရွှေဘိုကိုသွား အောင်မြေနင်းပြီး သူတို့ရဲ့အကို ပုဂံမင်းကို ပုန်ကန်တာကရော- ဝါဒကြောင့်လား၊ လူမျိုးရေးကြောင့်လား၊ ဘာသာရေးကြောင့်လား။ ဘယ်ဟာကြောင့်မှ မဟုတ်ပါဘူး။ ဗမာပြည် ပြည်သူတွေက အင်္ဂလိပ်နယ်ချဲ့နဲ့ ဂျပန်ဖက်ဆစ်တွေကို လက်နက်ကိုင်ခြင်းအပါ နည်းမျိုးပေါင်းစုံနဲ့တော်လှန်တိုက်ပွဲဝင်ကြတာဟာ အဲဒီလူမျိုးတွေကို မုန်းလို့လား၊ ဘာသာရေးကြောင့်လား၊ ဒါမှမဟုတ် အယူဝါဒတွေ ကွဲနေလို့လား။ မဟုတ်ပါဘူး။ ကိုယ့်တိုင်းကိုယ့်ပြည်ကိုချစ်လို့၊ လွတ်လပ်ချင်လို့ဆိုတာ သိပ်ရှင်းနေပါတယ်။
ဒါဖြင့် ဒီနေ့ဗမာပြည်မှာဖြစ်နေတဲ့ ပြည်တွင်းစစ်ကကော-။ ဘာကြောင့်ဖြစ်နေတာလဲ။ တိုင်းရင်းသားလူမျိုးစုတွေနဲ့ ဗမာလူမျိုးတွေအကြား စစ်ဖြစ်နေတာလား။ မဟုတ်ပါဘူး။ ခရစ်ယံတွေနဲ့ ဗုဒ္ဓဘာသာတွေအကြားက စစ်ပွဲလား။ ဒါလည်း မဟုတ်ပါဘူး။ ဒါဖြင့် ဘာအယူဝါဒနဲ့ ဘာအယူဝါဒအကြားက တိုက်ပွဲလဲ။ သူတို့ပြောတဲ့ အထက်က စံသုံးချက်ထဲက တချက်နဲ့မှ မကိုက်ဘူးထင်ပါတယ်။ ဒီတိုင်းပြည်မှာ ရာစုနှစ်တဝက်ကျော် ဖြစ်နေတဲ့စစ်ပွဲဟာ ဗမာလူမျိုးထဲက လူမျိုးကြီးဝါဒနဲ့စစ်အာဏာရှင်စနစ်ကို ကျင့်သုံးတဲ့ စစ်အာဏာရှင်တွေကတဘက်၊ စစ်အာဏာရှင်စနစ်နဲ့လူမျိုးကြီးဝါဒကိုဆန့်ကျင်တဲ့ ဗမာအပါလူမျိုးစုံပြည်သူတွေကတဘက် ဖြစ်တဲ့စစ်ပွဲပါ။
သမိုင်းမှာ ဘာသာရေးစစ်ပွဲ၊ လူမျိုးရေးစစ်ပွဲဆိုတာတွေ မရှိခဲ့ဖူးဘူး မဟုတ်ပါဘူး။ အားလုံးသိကြတဲ့ ခရူးဆိတ်စစ်ပွဲလိုဟာတွေ အများအပြားပဲ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒါတွေဟာ ပဒေသရာဇ်စနစ် ကုန်ဆုံးတာနဲ့ အခြေခံအားဖြင့် ခေတ်ကုန်ဆုံးသွားတယ်လို့ဆိုနိုင်ပါတယ်။ ခြွင်းချက်လောက်ပဲ ကျန်တတ်ပါတယ်။ တချိန်က ကမ္ဘာပေါ်မှာ ပဒေသရာဇ်စနစ်လွှမ်းမိုးနေတုန်းက ဝါဒရေးရာဆိုတာ မရှိသလောက်ပါ။ အဲဒီတုန်းက အဓိကအားဖြင့် အယူဝါဒ-ဘာသာရေးပဲရှိပါတယ်။ အဲဒီနောက် ကမ္ဘာကြီးကို အရင်းရှင်စနစ်က အဓိကလွှမ်းမိုးတဲ့နောက်ပိုင်းမှာ ဖြစ်ပွားတဲ့စစ်ပွဲတွေထဲက အများတကာ့အများစုဟာ အရင်းရှင်လက္ခဏာဆောင်တဲ့၊ နယ်ချဲ့ဖို့ဖြစ်တဲ့၊ အရင်းရှင်နယ်ချဲ့တွေအတွက် အရင်းမြှုပ်နှံ စရာ၊ သွေးစုပ်စရာနယ်ပယ်နဲ့ သယံဇာတ လုယက်စရာနယ်တွေလုဖို့၊ အဲဒီအတွက် သြဇာခံနယ်တွေ ထူထောင်ဖို့စတဲ့ နိုင်ငံကြီးတွေရဲ့ ကိုယ်ကျိုးစီးပွားရှာတဲ့ အကြောင်းရင်းတွေကြောင့် ဖြစ်ကြတာတွေပါ။
ဝါဒကြောင့်ဖြစ်တဲ့စစ်ပွဲ-။ သမိုင်းမှာ ကွန်မြူနစ်ဝါဒနဲ့အရင်းရှင်ဝါဒတို့အပါ၊ ဝါဒတခုနဲ့တခုအကြား၊ ဝါဒအတွက်ဖြစ်ခဲ့တဲ့စစ်ပွဲလို့ ပြောနိုင်တာဘယ်တခုများ ပီပီပြင်ပြင်ရှိခဲ့လို့လဲ။ ကိုရီးယားစစ်ပွဲ၊ ဗီယက်နမ်စစ်ပွဲစတာတွေဟာ ဝါဒနှစ်ခုအကြားစစ်ဖြစ်တာဆိုတာထက် သြဇာခံဒေသလုယက်မှုကနေ ပေါ်ပေါက်တယ်ဆိုမှသာ ပိုမှန်မယ်လို့ထင်ပါတယ်။ ဒီနေ့ကမ္ဘာမှာ စစ်ပွဲတွေအများဆုံးဖြစ်နေတဲ့ အရှေ့အလယ်ပိုင်းနဲ့အာဖရိကတိုက်မြောက်ပိုင်းတို့မှာ ဖြစ်ပေါ်နေ(ခဲ့)တဲ့စစ်ပွဲတွေဟာ ခုနက အကြောင်းရင်းသုံးခုကြောင့် ဖြစ်ပေါ်နေ(ခဲ့)တာ မဟုတ်ပါဘူး။ အဲဒီဒေသတွေမှာရှိတဲ့ သယံဇာတတွေအတွက် မမှန်ကန်တဲ့ဆင်ခြေတွေအမျိုးမျိုးပေးပြီး ဝင်တိုက်နေကြတာဖြစ်တယ်ဆိုတာ လူတိုင်းသိပါတယ်။ ဘုံဘေဘားမားသစ်ကုမ္ပဏီအတွက် အထက်ဗမာပြည်ကို ဆက်တိုက်သိမ်းတယ်ဆိုတဲ့ အဖြစ်မျိုးနဲ့ ဘာမှမကွာပါဘူး။ ဒီနေ့အခါမှာ တရုတ်နဲ့အမေရိကန် ရှားစောင်းစေးနဲ့မျက်ချေးဖြစ်နေကြတာကကော- အယူဝါဒကြောင့်လား။ လုံးဝမဟုတ်ပါဘူး။ သူတို့ချင်း အခုလို ဘာကြောင့်စောင်နေကြတယ်ဆိုတာ ဗမာပြည်သားတွေ အသိဆုံးပါ။ တိုင်းပြည်ရဲ့လူအင်အား၊ ဓနအင်အားတွေ အမြောက်အမြားအဆုံး အရှုံးခံပြီး အယူဝါဒအတွက် စစ်ပွဲတွေဆင်နွှဲရလောက်အောင် ဒီနေ့ခေတ်မှာ ဘယ်သမတ၊ ဘယ်ဝန်ကြီးချုပ်မှ မမိုက်ပါဘူး။ “အကြမ်းဖက်ဝါဒ”ကို တိုက်ပါတယ်ဆိုတဲ့ အမေရိကန်အပါ အနောက်နိုင်ငံတွေဟာ သူတို့ပြောတဲ့ “အကြမ်းဖက်”ဝါဒီတွေကို သူတို့ကိုယ်တိုင်က ပြုစုပျိုးထောင်ခဲ့တယ်ဆိုတဲ့အချက်ကို ထုတ်မပြောပါဘူး။ ထိန်ထားကြပါတယ်။ နောက်ပြီး“အကြမ်းဖက်ဝါဒကို နှိမ်နင်းတဲ့”စစ်ပွဲဆိုတာတွေ အားလုံးဟာလည်း သယံဇာတ (အထူးသဖြင့်ရေနံ) ပေါကြွယ်ဝတဲ့၊ ပထဝီအရ အချက်အခြာကျတဲ့ဒေသတွေမှာချည်း ဖြစ်နေတာဟာလည်း တိုက်ဆိုင်လွန်းလှချည့်လားလို့တောင် ပြောရမလို ဖြစ်နေပါတယ်။
တခါ ပြည်တွင်းစစ်တွေဆိုရင်လည်း အာဏာသိမ်းမှုတွေနဲ့၊ လက်နက်ကိုအမိန့်ပေးနိုင်တဲ့ အုပ်စိုးသူတွေက သူတို့အာဏာလိုချင်လို့၊ ဒါမှမဟုတ် အာဏာကိုလက်မလွှတ်ချင်လို့ အကြမ်းဖက်ရာကနေ ဖြစ်ပေါ်ခဲ့တာတွေက ဧရာမအများစုဖြစ်ပါတယ်။ ဒီစစ်ပွဲတွေဟာ အာဏာရှင်စနစ်နဲ့ အာဏာရှင်မဟုတ်တဲ့စနစ် စသဖြင့် စနစ်တွေအကြား တိုက်ပွဲပေါ်ပေါက်တာပါ။ နောက်ပြီး အဲဒီစနစ်တွေကို ကိုယ်စားပြုတဲ့ လူတန်းစားတွေရှိတယ်ဆိုတာကို ဒီနေ့ဗမာပြည်အခြေအနေလောက် သိသာထင်ရှားတာ မရှိဘူးလို့ထင်ပါတယ်။
သူတို့ပြောသလိုသာ စစ်ဖြစ်ရတဲ့အကြောင်းရင်းဟာ ဒီသုံးမျိုးထဲရှိတယ်လို့ အသေသတ်မှတ်ထားရင် ဒီနေ့ဖြစ်ပေါ်နေတဲ့စစ်ပွဲတွေကို သုံးသပ်တာတွေ အကုန် မှားကုန်နိုင်ပါတယ်။ တခြားမပြောနဲ့ ဗမာပြည်ကပြည်တွင်းစစ်ကို အဲဒီ စံသုံးခုနဲ့တိုင်းလိုက်ရင် စစ်အာဏာရှင်စနစ်ရဲ့ဖိနှိပ်မှုနဲ့(တိုင်းရင်း သားပေါင်းစုံ) ပြည်သူလူထုအပေါ်စစ်ခင်းခြင်းဆိုတဲ့ တကယ့်သွင်ပြင်လက္ခဏာတွေကို ဖုံးကွယ်ပေးပြီးသားဖြစ်သွားမယ့်အပြင် စစ်အုပ်စုနဲ့ခရိုနီတွေအတွက် စစ်ခင်းနေတဲ့စစ်ဗိုလ်ချုပ်တွေဟာ “ဗမာလူမျိုး”တွေကို ကိုယ်စားပြုသလိုလို၊ “ဗမာလူမျိုး”အားလုံးအတွက် တိုက်ပွဲဝင်နေကြသယောင်ယောင်၊ သူတို့ကို“ဗမာလူမျိုး”အားလုံးကပဲ တခြားတိုင်းရင်းသားတွေကိုတိုက်ဖို့ တာဝန်ပေးထားတဲ့အလား တလွဲ အဓိပ္ပါယ်တွေပေါက်ကုန်နိုင်ပါတယ်။
ဒုတိယကမ္ဘာစစ်နောက်ပိုင်းကျမှ ပေါ်ပေါက်တဲ့ ပြည်တွင်းစစ်အမြောက်အမြားဟာ စစ်တပ်က (သူတို့နောက်ကွယ်မှာ ပြည်ပအင်အား ပါချင်ပါမယ်၊ မပါချင်မပါဘူး) အာဏာသိမ်းလို့ ဖြစ်ပွားတဲ့စစ်ပွဲတွေ အာရှ၊ အာဖရိကနဲ့လက်တင်အမေရိကတို့မှာ နည်းသမို့လား။ သူတို့ပြောတဲ့စံသုံးချက်ဟာ ဒီအချက်ကို တမင်ရှောင်သွားတာလား၊ ဖုံးပေးတာလား၊ စဉ်းစားစရာပါ။
နောက်ပြီး ဗမာပြည်သားတိုင်း အသဲထဲမှာစွဲနစ်နေတဲ့ ဆရာစံလယ်သမားအုံကြွမှု။ ဒီသူပုန်ထမှုကြီးဟာ အဲဒီ စံသုံးချက်အထဲက ဘယ်အချက်ကြောင့်ဖြစ်ပေါ်ခဲ့တာလဲ၊ လယ်သမားတွေဆီက လယ်တွေကိုလုယူ၊ ဆန္ဒပြတော့အကြမ်းဖက်နှိမ်နင်း၊ အဲဒီလို လူတန်းစား ပဋိပက္ခတွေကနေ ပေါ်ပေါက်လာတာဖြစ်တယ်ဆိုတာကို သမိုင်းမသင်ဖူးတဲ့လူတောင် သိပါတယ်။ နောက်ပြီး ၁၉၄၆ ခုနှစ်မှာ ပေါ်ပေါက်ခဲ့တဲ့ လယ်ဝေးသူပုန်။ အင်္ဂလိပ်ကိုလိုနီအစိုးရ တာဝန်ပေးချက်နဲ့ ဗိုလ်နေဝင်း ကိုယ်တိုင်သွားပြီး နှိမ်နင်းခဲ့တဲ့ လယ်သမားသူပုန်ထမှုကြီး။ အားလုံးဟာ လူတန်းစားတိုက်ပွဲက ပေါ်ထွက်လာတာတွေချည်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီစံသုံးချက်ထဲမှာတော့ ဒီနေ့ မြေယာလုယက်မှုတွေရဲ့ ဆိုးဝါးမှုကို လျှော့ပေါ့ချင်ထားချင်လို့လားမသိဘူး လူတန်းစားတိုက်ပွဲတွေကနေ စစ်ပွဲတွေဖြစ်တယ်ဆိုတဲ့အချက်ကို တမင်ချန်ထားသလိုဖြစ်နေပါတယ်။
ဒီနေရာမှာ တပါတည်းထောက်ပြသင့်တာတခုက “စစ်ရဲ့အကြောင်းရင်းမှာ ဘာသာရေးနဲ့လူမျိုးရေးတို့ ပါဝင်တယ်”ဆိုတဲ့အပြောမျိုးအရဆိုရင် ဒီနေ့ဗမာပြည်မှာ တမင်ဖန်တီးထားတဲ့ လူမျိုးရေး၊ ဘာသာရေး တင်းမာမှုတွေကနေ စစ်ပွဲတွေ ပေါ်ပေါက်လာနိုင်တယ်၊ ဒါကြောင့် စစ်တပ်ရဲ့အခန်းကို အသိအမှတ်ပြုရမယ်၊ “အာဏာသိမ်းသင့်လို့သိမ်း”တာကို အသိအမှတ်ပြုရမယ်ဆိုတဲ့ လောဂျစ်တွေ ဆက်ပေါ်လာနိုင်ပါတယ်။ နောက်ပြီး ၁၉၆၂ ခုနှစ်က “တိုင်းရင်းသားတွေ အစည်းအဝေးလုပ် လို့ ဖြစ်ပေါ်လာတဲ့ လက်တလုံးခြားသာလိုတော့တဲ့” အခြေအနေမျိုးတွေကလည်း ပေါပြီးရင်းပေါ်နေပါလိမ့်မယ်။
ဒီကနေ့ ကမ္ဘာမှာဖြစ်နေတဲ့ စစ်ပွဲတွေဟာ အဓိကအားဖြင့် နိုင်ငံကြီးတွေရဲ့ သြဇာခံနယ်မြေတိုးချဲ့မှု၊ သယံဇာတလုယက်မှု၊ နောက်ပြီး ဒေသခံအာဏာရှင်တွေရဲ့ ကိုယ့်အာဏာနဲ့ဓနခိုင်မြဲရေးတို့ကနေ ဖြစ်ပေါ်တာသာဖြစ်တယ်ဆိုတာကို အတိအလင်းဖော်ထုတ်ဖို့လိုနေပါပြီ။ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ အာဏာသိမ်းခွင့်ကို ပြဋ္ဌာန်းထားတာကိုကပဲ အချိန်မရွေး စစ်ဖြစ်ဖို့အခြေအနေတွေ ဖန်တီးထားတာဖြစ်တယ်ဆိုတာကို ထောက်ပြကြရပါတော့မယ်။
-ရဲဘော်ဖိုးသံချောင်း-
-----
၂၀၁၆ ဩဂုတ်

Tuesday, August 25, 2020

ဖေ့စ်ဘွတ်ခ်ကတွေ့တဲ့စာ

0 comments
အခုလထဲမှာ..သံတော်ဆင့်ဂျာနယ်ဖတ်ရပါတယ်။အခုသြဂုတ်လလည်ထုတ်ပါ။ဂျာနယ် တစောင်စောင်ကိုအမြဲဝယ်ဖတ်နိုင်သူတော့လည်းမဟုတ်ပါ။ကြုံတုန်းကောက်ဝယ်ဖတ်ပြီး၊တည့် တည့်တိုးသွားတဲ့ဆောင်းပါးတစောင်ကရတဲ့အတွေးကိုပြောပြချင်တာပါ။ဆောင်းပါးရှင်က-တာရာ ဝေယံ-တဲ့။ဒဂုန်တာရာရဲ့အန္တေဝါသိကထဲကတဦးဖြစ်ပါလိမ့်မယ်။ဦးအုန်းမြင့်(သခင်အုန်းမြင့်)နဲ့တွေ့ ဆုံမေးမြန်းထားတာကိုအပြည့်အစုံပြန်လည်တင်ပြထားတာဖြစ်ပါတယ်။အဲဒီသခင်ကြီးမကွယ်လွန်မီက မှတ်မှတ်ရရမေးမြန်းမှတ်တမ်းတင်ထားတဲ့တကယ့်သမိုင်းဝင်အကြောင်းအရာမို့၊မေးထားဖြစ်တဲ့သူကို ရော၊အသေးစိတ်မှတ်မှတ်သားသားလည်းရှိ-မခြွင်းမချန်လည်းပြန်ပြောပြတဲ့ဦးအုန်းမြင့်ကိုရော၊အလွန် ကျေးဇူးတင်ရလေးစားရပါတယ်။ပြီးတော့ဦးအုန်းမြင့်(သခင်အုန်းမြင့်)ကိုက၊သာမန်နိုင်ငံရေးသမားအို ကြီးမဟုတ်ပဲ၊ဗိုလ်ချုပ်အောင်ဆန်း(သခင်အောင်ဆန်း)နဲ့အနီးကပ်နေခဲ့သူ၊အလွန်ရင်းနှီးသူဖြစ်ကာ၊ အမျိုးသားလွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကာလတလျှောက်လုံးမှာရော၊လွတ်လပ်ရေးရပြီးနောက်ပိုင်း ပြည်သူ့ဒီမိုကရေစီတိုက်ပွဲကာလတလျှောက်လုံးမှာရော၊သူယုံကြည်တဲ့အတွေးအခေါ်တခုကိုမြဲမြန်စွာ ဆုပ်ကိုင်ပြီး၊လူထုအတွက်ရပ်တည်ချက်ခိုင်ခိုင်မာမာနဲ့ရပ်တည်လုပ်ဆောင်သွားခဲ့တာ…အိုကြီးအိုမ၊သူ ကွယ်လွန်တဲ့အထိပါ။စစ်တပ်အာဏာသိမ်းပြီးတော်လှန်ရေးကောင်စီခေတ်ကာလထိ၊ကျော်လင်းစာ နယ်ဇင်းတည်ထောင်ပြီး၊တိုးတက်တဲ့နိုင်ငံရေးစာပေများကိုတာဝန်ဝတ္တရားတခုလိုထုတ်ဝေဖြန့်ချိခဲ့သူ လည်းဖြစ်ကာ၊ကိုးကိုးကျွန်းထိပို့ဆောင်အကျဉ်းချခံခဲ့ရသူလည်းဖြစ်ပါတယ်။၁၉၈၈အရေးတော်ပုံလွန် ကာလများမှာလည်း၊အင်းစိန်ထောင်မှာနှစ်ရှည်ထောင်ဒါဏ်ကျခံခဲ့ရပါသေးတယ်။သူ့အကြောင်းကိုဒီ လောက်ဖော်ပြနေရတာက၊သူပြန်လည်ပြောပြပြီးတာရာဝေယံမှတ်တမ်းတင်ရေးသားတင်ပြထားတဲ့၊ သမိုင်းဖြစ်ရပ်ဟာ…တကယ့်ကိုခိုင်ခိုင်မာမာယုံကြည်ရတဲ့သမိုင်းဝင်အထောက်အထားတခုဖြစ်တယ်လို့ အလေးအနက်ပြုချင်လို့ပါ။
အဲဒီဆောင်းပါးက….ဒေါ်အောင်ဆန်းစုကြည်အပျိုပေါက်စအရွယ်မှာဦးအုန်းမြင့်နဲ့စတင်တွေ့ဆုံ ကြရပုံကစလို့၊ဒီကြားထဲဒေါ်ခင်ကြည်မိသားစုနဲ့ဆက်ဆံရေးတွေ၊ဒေါ်ခင်ကြည်မကျန်းမာတော့ဆေးရုံပို့ရ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၁၉၈၀လောက်ကထည်းကတိုင်းပြည်နိုင်ငံရေးသဘောထား၊၁၉၈၈သူမပါဝင် ပတ်သက်လာပုံ၊၁၉၈၈-ကထည်းကလူထုအရေးတော်ပုံအပေါ်သူမရဲ့အမြင်၊ဒီနိုင်ငံရေးထဲမှာပါဝင်လာ တဲ့သူမရဲ့ရပ်တည်ချက်နဲ့ကိုင်စွဲထားတဲ့မူတွေကို…အတိအကျဖော်ပြထားတာတွေ့ရပါတယ်။ဆက်ရန်ဆိုတာပါသေးတော့၊နောက်အပတ်ထုတ်ကိုစောင့်ဖတ်ရအုံးမှာပါ။
အသေးစိတ်သိရှိလိုသူ၊စိတ်ဝင်စားသူများအဲဒီဂျာနယ်ကိုရှာဖတ်ပါလို့ပဲပြောပါရစေ။ဆောင်းပါးပါ အကြောင်းအရာများကိုဒီမှာအသေးစိတ်ပြန်လည်တင်ပြဖို့ရည်ရွယ်ချက်မရှိပါဘူး။ပြောချင်တာက.. ဒေါ်အောင်ဆန်းစုကြည်ရဲ့အဲဒီကာလကထည်းကသဘောထားနဲ့ရပ်တည်ချက်ကိုပြောချင်တာပါ။််််််််််််အဲဒီကတဆင့်သမိုင်းရေးကောက်ချက်တခုချမိတာကိုပြောချင်တာပါ။
၁၉၈၀ မြန်မာပြည်ကိုခနပြန်စဉ်ကထည်းက၊တိုင်းရေးပြည်ရေးကိုစိတ်ဝင်စားနေတာတွေ့ရပါ တယ်။၁၉၈၈ သူမအမေဆေးရုံတင်ထားရစဉ်သူမအမေထံရောက်လာတဲ့ကာလဟာ၊၁၉၈၈လူထုအ ရေးတော်ပုံကြီးအရှိန်ကောင်းနေပြီဖြစ်ပါတယ်။ဒေါ်ခင်ကြည်ထံလာကြတဲ့ဦးအုန်းမြင့်၊ဦးထွေးမြင့်တို့လို နိုင်ငံရေးသမားဟောင်းကြီးများနဲ့ဆုံမိတော့၊ “ တခုခုတော့လုပ်ကြမှဘဲ.. “ လို့၊သူတို့သဘောပေါက်ခဲ့ကြ ပါတယ်။ဦးစိန်လွင်..သမ္မတဖြစ်လာတဲ့ရက်သတ္တပတ်ထင်ပါရဲ့။
သူတို့အကြံရတဲ့ “ တခုခု “ က၊မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ဦးဆောင်မှုအောက်ကနိုင်ငံ တော်ကောင်စီအပါအဝင် အစိုးရထံကိုအဆက်အသွယ်ယူဖို့ပါ။ပညာတတ်ဉာဉ်အတိုင်းပဲဘဝတူပညာ တတ်ဒေါက်တာမောင်မောင်ကိုပြေးမြင်ပြီးဆက်သွယ်ချဉ်းကပ်ဖို့ကြိုးစားခဲ့ကြပါတယ်။အဆင်ပြေမလိုလိုနဲ့အဆင်မပြေပါဘူး။ဒါနဲ့ဗိုလ်ချုပ်ကြီးကျော်ထင်ကို “ ကျမ..ဗိုလ်ချုပ်အောင်ဆန်းသမီးအောင်ဆန်းစု ကြည်ပါ “ ဆိုတဲ့၊ INTRO နဲ့ဆက်သွယ်ပါတယ်။ဟိုကမိတ်ဆွေကြီးများကပါတီဌာနချုပ်မှာ အရေးတကြီးခေါင်းချင်းရိုက်နေကြတဲ့အချိန်ပါ။လူချင်းတွေ့ဖို့လုံးဝမဖြစ်နိုင်တော့၊(လူချင်းတွေ့ခွင့်မရ နိုင်တော့လို့ဆိုရပါမယ်)စာရေးတင်ပြဖို့သာစီစဉ်နိုင်ပြီး၊သူတို့တွေတိုင်ပင်ဆွေးနွေးစာရေးကြပါတယ်။ စာကိုတောင်သွားမပေးနိုင်ပဲ..ဗိုလ်ချုပ်ကြီးကျော်ထင်ကအရာရှိတယောက်စေလွှတ်ယူခိုင်းရတဲ့အဖြစ် ပါ။ပြီးတော့…သူတို့စာကိုဘာမှအရေးမလုပ်ခဲ့ပါဘူး။
သူတို့တင်ပြစာထဲမှာ(သူပြောတဲ့…တခုခု က)သမ္မတရဲ့အကြံပေးအဖွဲ့ဖွဲ့စည်းပေးဖို့ပါ။၁၉၇၄ခု နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ၊တိုင်းပြည်အတွက်လိုအပ်ရင်နိုင်ငံတော်သမ္မတကကော် မရှင်ဖွဲ့စည်းတာဝန်ပေးနိုင်တယ်လို့….အဓိပ္ပါယ်ရတဲ့ပုဒ်မပါတယ်လို့ဆိုပါတယ်။ကျနော်တို့တော့မသိပါ ဘူး။အခုလည်းရှာမကြည့်အားပါဘူး။တပ်မတော်နဲ့ပြည်သူလူထုအကြားမှာနားလည်မှုတော့လွဲနေပြီ၊သ ဘောထားကွဲလွဲမှုတော့ဖြစ်နေပြီ။အရပ်သားတွေပါတဲ့(သူတို့ပါတဲ့)အကြံပေးကော်မရှင်ဖွဲ့ပေးပြီး၊အဲဒီ ကော်မရှင်က တပ်မတော်(အစိုးရ)နဲ့အခု ၁၉၈၈ လူထုကြီးအကြားညှိနှိုင်းဆွေးနွေးဖြေရှင်းကာ၊လူထု ထိခိုက်နစ်နာမယ့်အရေးကရှောင်နိုင်မယ်ဆိုတဲ့သဘောထားပါ။ဟိုက…လမ်းစဉ်ပါတီနဲ့အစိုးရခေါင်း ဆောင်များက(ကန်တော့ပါရဲ့)သောက်ဂရုကိုမစိုက်ခဲ့ပါဘူး။စစ်အုပ်စုကသူတို့အလုပ်သူတို့လုပ်တာ ပြတ်ပါတယ်။အောင်ဆန်းသမီးသော..ဘာသောညာသော…အရေးကိုမလုပ်ပါဘူး။သူတို့အကျိုး စီးပွားအတွက်သူတို့ဖက်ကသာ..အခိုင်အမာရပ်ခံ၊နည်းမျိုးစုံနဲ့လူထုကိုဖြိုခွဲ၊ဖိနှိပ်တိုက်ခိုက်လာခဲ့တာ အခု ၁၉၈၈ ကျမှလုပ်တာမှမဟုတ်တာ။သူတို့သဘာဝအတိုင်း…ချေမှုန်းရေးစိတ်ဓါတ်အပြည့်နဲ့ကံ၃ ပါးစလုံး အားထုတ်လာခဲ့တာ၁၉၆၂ ကစလို့ဒီနေ့အထိမဟုတ်လား။
အဲဒီကာလ….ပြည်သူလူထုတရပ်လုံးနဲ့တပါတီစစ်အာဏာရှင်စနစ်(စစ်အုပ်စု)တို့ရဲ့ပဋိပက္ခဟာ နားလည်မှုလွဲတာ၊သဘောထားကွဲလွဲတာ၊အချင်းများရန်ဖြစ်တာမဟုတ်ဘူး။ဖိနှိပ်သူနဲ့အဖိနှိပ်ခံတွေရဲ့ အကြားကပဋိပက္ခဖြစ်ပြီး၊သည်းမခံနိုင်တော့တဲ့အဆင့်၊လိုက်လျောဖြေရှင်းလို့မရတော့အဆင့်ရောက် လာလို့၊အဖိနှိပ်ခံလူထုတရပ်လုံးဆန့်ကျင်ပေါက်ကွဲအုံကြွတာဖြစ်တယ်ဆိုတာ၊သူတို့(ဒေါ်အောင်ဆန်းစု ကြည်အပါအဝင်)သဘောမပေါက်တာလား၊လက်မခံချင်တာလား…မဆိုနိုင်တော့ပါဘူး။ဒါမှမဟုတ်.. လူထုနဲ့တသားထည်းရပ်တည်ပြီး ၁၉၇၄ အခြေခံဥပဒေကိုဆန့်ကျင်တိုက်ဖျက်၊စစ်အုပ်စုကိုအပြီးအပိုင် ဖြုတ်ထုတ်ဖို့အတွက်….ဆန္ဒမရှိကြတာလား၊မလုပ်ဝံ့ကြတာလား…..ဒါလည်းစဉ်းစားစရာပါ။ဒါကြောင့် ၁၉၇၄ အခြေခံဥပဒေဘောင်ထဲဝင်ပြီး..ဥပဒေနဲ့အညီကော်မရှင်လေးဘာလေးဖွဲ့ပြီး၊“ အေးအေးချမ်းချမ်း ပြေပြေလည်လည် “ ဖြစ်သွားအောင်ကြားလူအဖြစ်အားထုတ်ဖို့(အမျိုးသားရင်ကြားစေ့ဖို့)စိတ်ကူးယဉ်ခဲ့ ကြတာဖြစ်ပါတယ်။စစ်အာဏာရှင်စနစ်ကိုမက်မက်မောမောဖက်တွယ်ထားတဲ့စစ်အုပ်စုက၊အခု ၈၈၈၈ လူထုအုံကြွမှုကြီးဟာသူတို့ကိုအမြစ်ဖြုတ်မယ့်လူထုတော်လှန်ရေးကြီးဖြစ်တယ်ဆိုတာသဘောပေါက် ပါတယ်။သူတို့ရှင်သန်ရေးအတွက်နည်းလမ်းပေါင်းစုံနဲ့အစွမ်းကုန်စီမံလုပ်ဆောင်လာလိုက်တာ၊ဗိုလ် စောမောင်လက်ထက်လေပြေထိုးတာကအစ၊၁၉၉၀ ရွေးကောက်ပွဲလုပ်ပေးတာအလည်၊ဗိုလ်သန်းရွှေ လက်ထက်..လမ်းပြမြေပုံ (၇)ချက်အထိ……အကောင်အထည်ကြီးနဲ့ကိုမြင်နေရတဲ့အခုထိပါဘဲ။သူတို့ အကျိုးစီးပွားအတွက်ဘယ်သူ့မျက်နှာမှမထောက်ထားပဲ၊သူတို့အလုပ်သူတို့လုပ်နေကြတာကိုရှေ့ လျှောက်လည်းတွေ့ကြုံရအုံးမှာပါ။
ဒေါ်အောင်ဆန်းစုကြည်ဟာ၊လူထုနဲ့စစ်အုပ်စု၊ဆိုရှယ်လစ်ယောင်အစိုးရ၊ဆိုရှယ်လစ်ယောင် ပါတီင်္တို့ရဲ့ပဋိပက္ခမှာ၊တိုက်ပွဲမှာလူထုဖက်ကရပ်တည်ပြီးတတ်နိုင်သမျှ(အောင်ပွဲရသည်အထိမဆိုလိုပါ) ပါဝင်ကူညီဖို့၊လူထုနဲ့တသားထည်းရပ်တည်တိုက်ပွဲဝင်ဖို့စိတ်ကူးမရှိပါဘူး။လုံးဝကိုစိတ်မကူးပါဘူး။ အကြံပေးကော်မရှင်ဖွဲ့ဖို့လည်းသူကပဲမူချပြီး၊အဲဒီမူတဲမှာ # ဥပဒေဘောင်အတွင်းကသာလုံးဝရပ်တည် လုပ်ဆောင်ဖို့၊အကြမ်းဖက်နည်းလမ်းကိုမသုံးဖို့၊လက်နက်ကိုင်တော်လှန်ရေးနည်းလမ်းကိုလုံးဝမသုံးဖို့# ၃-ချက်ချမှတ်ပြီးအခိုင်အမာဆုပ်ကိုင်ထားပါသတဲ့။ဦးအုန်းမြင့်ကတော့အဲဒီမူ ၃ ချက်ကိုသဘောမတူ နိုင်လို့၊ကော်မရှင်မှာမပါဝင်တော့ဘူးလို့ဖိုပါတယ်။ဥရောပကနိုင်ငံရေးသိပ္ပံကျောင်းဆင်း၊ပါလီမန်ဒီမို ရေစီနိုင်ငံရေးမှာ “ နိုင်ငံရေးလုပ် “ နေတဲ့တကယ့်ပရိုဖက်ရှင်နယ်နိုင်ငံရေးသမား၊လစ်ဘရယ်ဝါဒီပီသ လွန်းတဲ့လုပ်ရပ်ပါဘဲ။ရဟန်းရှင်လူ.အရွယ်သုံးပါးတွေပေတရာပေါ်မှာသွေးခြင်းခြင်းနီနေ၊ဆေးရုံတွေနဲ့ သချင်္ ိင်းမှာမသေမရှင်မြေမြှုတ်ခံနေရတဲ့အချိန်မှာ၊သူတို့အမြင်က(သူမအမြင်က)နင်တန်..နင်တန်၊ပန်း ကန်ကွဲ…လောက်အမြင်နဲ့ဝင်လာတာဖြစ်ကြောင်း၊ဆောင်းပါးကိုဖတ်ရင်းသဘောပေါက်လာမိပါတယ်။ The leader of mass movement, mass uprising, mass revolution အဖြစ်ထက် Negotiator အ ဖြစ်သာအခြေခံသဘောထားရှိနေခဲ့ကြောင်းသတိပြုမိနိုင်ပါတယ်။
ပြောစရာက၊၁၉၈၈ လူထုအရေးတော်ပုံကိုစစ်အုပ်စုနဲ့ပြည်သူလူထုကြားကဒီမိုကရေစီတိုက်ပွဲအ ဖြစ်မမြင်ပဲ၊အဲလိုမမြင်တဲ့အပြင်..လူထုဖက်ကရပ်တည်ပြီင်္းတိုက်ပွဲဝင်သွားဖို့ပိုင်းဖြတ်မှုမရှိတဲ့၊သူ..ချစ်တဲ့ တပ်မတော်နဲ့ ပြည်သူလူထုအကြား၊အကြံပေး..ဖြန်ဖြေသူအဖြစ်သာ “ ဥပဒေနဲ့အညီ “ လုပ်ဆောင်ဖို့သ ဘောထားရှိတဲ့၊သူမလို..အနောက်ကျောင်းဆင်းတဦးကို၊အရေးတော်ပုံအတွင်းမှာရှေ့တန်းရောက်ရှိလာ စေတဲ့ဖြစ်ရပ်ပါဘဲ။ဒါလည်း…တကြောင်းဆွဲအကြောင်းရင်းကြောင့်မဟုတ်ပဲ၊ပတ်သက်ရာပတ်သက် ကြောင်း၊ဆက်စပ်ရာဆက်စပ်ကြောင်းအကြောင်းတွေတော့ရှိမှာသေချာပါတယ်။အဲဒီအကြောင်းများထဲ မှာမှ..လူအတော်များများ( နိုင်ငံရေးသမား၊လူကြီးလူငယ်၊သာမန်လူထုကြီး)ရဲ့ ပုဂ္ဂိုလ်ရေးကိုးကွယ်မှု Personal cult ကလည်းမသေးငယ်တဲ့အကြောင်းရင်းတခုအဖြစ်ပါတယ်လို့ဆိုချင်ပါတယ်။လူတိုင်းဟာ ခက်ခဲကြမ်းတမ်း၊သွေးထွက်သံယို…အကြမ်းဖက်တော်လှန်လုပ်ရပ်မျိုးကို၊စိတ်ဆန္ဒအရ..ဝါသနာအရ မလုပ်လိုကြပါဘူး။အထူးသဖြင့်မြန်မာလူထုဟာအဲဒါမျိုးအားသန်တဲ့၊တိမ်းညွှတ်တဲ့သဘာဝမရှိပါဘူး။ ဒါပေမယ့်…နှစ်ကာလရှည်ကြာ၊ဆယ်စုနှစ်နဲ့ချီပြီးခါးစည်းခံစားလာခဲ့ရတဲ့လူထုအဖို့၊ဆက်လက်မခံစား နိုင်တော့တဲ့အဆုံးမှာ၊အုံကြွပေါက်ကွဲလာတဲ့…၈၈၈၈ အရေးတော်ပုံလိုလူထုတော်လှန်ရေးမျိုးကိုအရှိန် သတ်၊ သူတို့ပြဌာန်းထားတဲ့ဥပဒေနဲ့အညီပါးစပ်နဲ့ညှိနှိုင်းအပေးအယူလုပ်၊အဖြေရှာဖို့ကျတော့…။နိုင်ငံ တကာတော်လှန်ရေးအတွေ့အကြုံများ၊ခေတ်သမိုင်းအလှည့်အပြောင်းများမှာဒါမျိုးမရှိခဲ့ပါဘူး။မဖြစ်နိုင် ပါဘူး။ပြန့်ကြဲနေတဲ့ပြည်သူ့ဒီမိုကရေစီအင်အားစုများကိုစုစည်းဦးဆောင်၊ဆက်လက်တိုက်ပွဲဝင်သွား နိုင်မယ့်ဦးဆောင်အဖွဲ့အစည်းမရှိသေးပေမယ့်၊လူထုတော်လှန်ရေးကတော်လှန်ရေးခေါင်းဆောင်ကို တိုက်ပွဲထဲကပဲရရှိလာမှာပါ။ဒါပေမယ့်…စစ်အုပ်စုကလက်ဦးမှုရှိရှိ..မဆလအစိုးရကိုယ်တိုင်က၊စစ်တပ် လက်ထဲအာဏာအပ်လိုက်တဲ့ ၁၉၈၈ စက်တင်ဘာ ၁၈ “ နဝတ အာဏာသိမ်းမှု “ ဖြစ်လာပြီး၊လူထု တရပ်လုံးလည်းရက်ရက်စက်စက်နှိမ်နင်းခံလိုက်ရပါတယ်။တဆက်ထည်း ပါတီစုံရွေးကောက်ပွဲနွားလံ ကိုင်းနဲ့ အချိန်ယူဆွဲဆန့်လာလိုက်တာ။ ၁၉၉၀ ရွေးကောက်ပွဲမတိုင်မီနိုင်ငံရေးအခင်းအကျင်းများကို တော့မပြောချင်တော့ပါဘူး။တာရာဝေယံဆက်ရေးမယ့်ဆောင်းပါးထဲမှာပါကောင်းပါလာပါလိမ့်မယ်။ အဲဒီကာလ..ဦးအုန်းမြင့်ရဲ့ပြန်ပြောင်းဖော်ပြချက်တွေရှိရင်၊သိတ်စိတ်ဝင်စားစရာပါ။၁၉၉၀ လွန်ကာလ ကနေ ဒီနေ့ အထိကတော့၊အားလုံးသိကြမြင်ကြပြီးပါပြီ။တိုင်းပြည်နဲ့လူထုရဲ့နိုင်ငံရေး၊စီးပွားရေး၊
လူမှုရေးအခြေအနေ၊၈၈၈၈မျှော်မှန်းချက်တွေဘယ်ကမ်းဘယ် သောင်ဆိုက်နေပြီဆိုတာအလွယ်
တကူမြင်သာနေပါပြီ။
မိုးရွာပြီးစနေသာတဲ့ကောင်းကင်မှာရောင်စုံသက်တန့်ကွေးကွေးကြီးဟာ၊အလွန် ကြည့်ရှုခံစားလို့ကောင်းတာသဘာဝပါ။ဒါပေမယ့်…သွေး၊ခြွေး၊မျက်ရည်..ဘဝဘဝပေါင်းများစွာဆုံးရှုံး နစ်နာ(စွန့်လွှတ်/ပေးဆပ်လို့မပြောပါဘူး၊ကြွေးတောင်းတယ်ထင်နေမှာစိုးလို့)ခဲ့ကြပြီးမှ၊၈၈၈၈ လူထု ဒီမိုကရေစီအရေးတော်ပုံနဲ့တိုင်းပြည်ရဲ့ “သမိုင်း ကွေး “ သွားတာကျတော့၊အလွန်ကိုအရုပ်ဆိုးအကျည်း တန်၊ခံပြင်းဝမ်းနည်းစရာကောင်းလှပါတယ်။တိုက်ပွဲကိုတိုက်ပွဲလို့မမြင်တော့ပဲ၊စစ်အုပ်စုအလိုကျ အတု အယောင်ဒီမိုကရေစီ….၂၀၀၈ ချည်မန်းကွင်းကြီးကိို နဝရတ်ကိုးသွယ်စလွယ်ကြီးအဖြစ်၊အလုအယက် အပြိုင်ဲကြဲ သိဒ္ခိတင်ပေးနေတဲ့…ဒီနေ့အုတ်အော်သောင်းတင်းကြီးကတော့၊ဘယ်အထိဆန့်ထွက်ရှည် ကြာအုံးတော့မလဲ….လို့သာစဉ်းစားနေမိရပါတယ်။ ။

ဒီနေရာကယူပါတယ် https://www.facebook.com/permalink.php?story_fbid=653553755302343&id=100019431724828

ဗိုလ်ချုပ် နှင့် ကျွန်တော် ရေးသူ - ညိုမြခေါ်- မောင်သုမန

0 comments
အောက်ပါဆောင်းပါးသည် ၁၉၅၁ ခုနှစ်ထုတ် အိုးဝေမဂ္ဂဇင်း အတွဲ ၁၀၊ အမှတ် ၄ တွင် ဖော်ပြခဲ့သောာ ဆောင်ပါးရှင်ညိုမြ ခေါ် သုမန၏ လက်ရာဖြစ်သည်။ ထိုဆောင်းပါးတွင် တက္ကသိုလ်ကျောင်းသား ကိုအောင်ဆန်း၏ ပုံရိပ်ကိုသာမက၊ အိုးဝေမဂ္ဂဇင်း၏ ပုံရိပ်နှင့် ကိုအောင်ဆန်းတို့ခေတ် ရန်ကုန်တက္ကသိုလ်ကျောင်းသားလောက၏ ပုံရိပ်ကိုပါ ထင်ဟပ်စေသောကြောင့် ပြန်လည်ကူးယူဖော်ပြလိုက်ပါသည်။ 
▪️ဗိုလ်ချုပ် နှင့် ကျွန်တော်
ရေးသူ - ညိုမြခေါ်- မောင်သုမန
ဗိုလ်ချုပ်အောင်ဆန်းနှင့် မောင်သုမနတို့မှာ ကျောင်းနေဘက် သူငယ်ချင်းအရင်းအချာများဖြစ်ကြပေသည်။ ကျောင်းနေဘက်ဟု ဆိုရာ၌၊ ပုဆိုးကွင်းသိုင်းလျက်၊ ဖင်မလုံ-ခေါင်းမလုံဘုန်းကြီးကျောင်းတွင် ဂုန်ညင်းထိုးခဲ့ကြခြင်း မဟုတ်ပေ။ မြန်မာပြည်၌ အကြီးကျယ်ဆုံးဖြစ်သောအဓိပတိထိပ်သီးအေရာမ_ ရန်ကုန်တက္ကသိုလ်ကြီး၌ စာပေအတူ သင်ကြားနေထိုင်ခဲ့ကြရာမှ၊ သူနှင့်ကျွန်တော် ပူးပေါင်း၍ ထိုကျောင်းတော်ကြီးကို မီးရှို့ကာ၊ ၁၉၃၆-ခု၊ သပိတ်ကြီးအားလှုံ့ဆော်ပေါ်ပေါက်ခဲ့စေသူများ ဖြစ်ကြပေသည်။
စ,တွေ့ပုံ
ကိုအောင်ဆန်းနှင့်ကျွန်တော် စ,တင်တွေ့ဆုံပုံကို ယနေ့တိုင် မှတ်မိပါ‌သေးသည်။
ပဲခူးကျောင်းဆောင် အပေါ်ဆုံးထပ်ရှိ ကျွန်တော်၏ ဝမ်းကွဲအစ်ကိုကိုတက်ထွတ်၏ နေထိုင်ရာ၊ လက်ထောက်အဆောင်မှူး အခန်းရှည်ကလေးအတွင်း၊ တညသ၌ စကားပြောနေကြစဉ် ရုတ်တရတ် ကိုအောင်ဆန်း ဝင်လာလေသည်။ ယောင်လည်လည် မချိုမချဉ်မျက်နှာထားနှင့် ကျွန်တော့်အား သူကအတန်ကြာ ကြည့်နေပြီးနောက်၊ ‘ဒီနှစ်အတွင်း ကိုယ့်လူကို တက္ကသိုလ်သမဂ္ဂမှာ အယ်ဒီတာအဖြစ်နဲ့ ခန့်ထားချင်တယ်…….’ ဟု ပြောလေတော့သည်။
ထိုနေ့မတိုင်ခင်က သူနှင့်ကျွန်တော် ကောင်းစွာ သိကျွမ်းခြင်းမရှိခဲ့ပေ။ ထို့သို့
ရင်းနှီးခြင်းမရှိပါဘဲလျက်၊ ယခုလို အရေးကြီးသောအလုပ်တခုကို ယုံကြည်စွာလာရောက်ပုံအပ်ခြင်းကြောင့် အတော်ပင်အံ့ဩသွားပေမိသည်။
သုမန ။ ။ထိုင်ပါအုံးဗျာ။ အခုလို ကျွန်တော့်ကို ရွေးချယ်ချီးမြှင့်တာကတော့
ဟုတ်ပါပြီ။ ဝမ်းသာပါတယ်။ ဒါပေမယ့် ကျွန်တော်က အိုင်အေတောင် မအောင်သေးဘူးဗျ။
အယ်ဒီတာဆိုတာ ဘီအေ အထက်တန်း ကျောင်းသားကြီးတွေ၊ ဘာတွေသာ လုပ်ဘို့ကောင်းတယ်။
ကိုအောင်ဆန်း ။ ။စာပေဘက်မှာ ဝါသနာပါပြီး ရေးတတ်-ဘတ်တတ်တဲ့လူကို
ခန့်ရင်အကောင်းဆုံးဘဲ။ ခင်ဗျားက (ညိုမြ)ကလောင်အမည်နဲ့ ဂန္တလောကမဂ္ဂဇင်းမှာရေးတဲ့စာတွေကိုကျွန်တော်ကြိုက်တယ်။
သုမန ။ ။ ကျေးဇူးပါဘဲဗျာ။ နို့ပေမယ့် အိုင်အေ မအောင်သေးတဲ့ ချာတိတ်ကိုခန့်ရင်၊ တက္ကသိုလ်သမဂ္ဂကြီးတခုလုံး ဂုဏ်ငယ်သွားလိမ့်မယ်။ 
ထိုအချိန်က တက္ကသိုလ်မှထုတ်ဝေသော ကောလိပ်မဂ္ဂဇင်းနှင့်သမဂ္ဂတို့မှထုတ်ဝေ‌သောမဂ္ဂဇင်းတို့မှာ အပြိုင်အဆိုင် ဖြစ်လေသည်။ ကောလိပ်မဂ္ဂဇင်းအယ်ဒီတာကို ကျောင်းအုပ်ကြီး မစ္စတာစလော့ကိုယ်တိုင် ရွေးချယ်ခန့်ထားလေ့ရှိသဖြင့် အလိုတော်ရိသံပါလေသည်။ သမဂ္ဂမှာကား လူဆူလူပူတို့၏ စုဝေးရာ အရပ်ဖြစ်၍၊ တော်လှန်ရေးစာပေများမွေးထုတ်ရာ ဌာနဖြစ်၏။ ထိုနှစ်အဘို့ သမဂ္ဂဥက္ကဌမှာ သခင်နုဖြစ်လေသည်။
ကိုအောင်ဆန်းမှာ ကျွန်တော်နှင့်ရွယ်တူဖြစ်သော်လည်း၊ သူက ကျွန်တော့်ထက်တတန်းပို၍ မြင့်၏။ ထို့ကြောင့် သူပင် အယ်ဒီတာလုပ်ရန် ကျွန်တော်က တိုက်တွန်းလေသည်။ နောက်ဆုံး၌ သူကအယ်ဒီတာလုပ်၍၊ ကျွန်တော်က မဂ္ဂဇင်းမန်နေဂျာလုပ်ရန် သဘောတူညီကြ၏။ သမဂ္ဂမဂ္ဂဇင်းဟုခေါ်တွင်ခြင်းကို သူက မကြိုက်သဖြင့် နာမည်အသစ်ရွေးချယ်ကြရာ၌လည်း၊ ကျွန်တော်ကအကြံပေးသည့်အတိုင်း (အိုးဝေမဂ္ဂဇင်း) ဟူသောအမည်ဖြင့်၊ ထိုနှစ်မှစ,၍ ထုတ်ဝေခဲ့ကြလေသည်။
အိုးဝေမဂ္ဂဇင်း
ကိုအောင်ဆန်းကား စာပေဝါသနာပါ၏။ သူများလို ဝတ္ထုများ၊ ကဗျာများ ရေးချင်ကြောင်း ကျွန်တော့်အား ပြောဘူးပါ၏။ သို့သော် ကျွန်ဘဝမှ လွတ်မြောက်ရေးစိတ်ဓာတ်များနှင့်အထူး လွှမ်းမိုးနေသူဖြစ်ရကား၊ ဆန်းသစ်နုယဉ်စာပေများကို ရေးသားလေ့ကျင့်ရန်အချိန်မရဘဲ၊ သမဂ္ဂ၏ဝါဒထုတ်ပြန်ချက် ကျေညာစာတမ်းများကို ရေးရခြင်းဖြင့်၊ အချိန်ကုန်သူဖြစ်လေသည်။ အိုးဝေမဂ္ဂဇင်းကို အတူလုပ်ကြရာတွင် တိုင်ပင်နိုင်ကြရန်၊ ကိုအောင်ဆန်းသည် ကျွန်တော်၏ထမင်းစားပွဲသို့ ပြောင်းရွှေ့လာကာ၊ ထိုအချိ်နမှစ၍ ထမင်းအတူတူ စားသောက်ခဲ့ကြလေသည်။
သခင်သန်းထွန်း
ထမင်းအတူစားကြရာတွင် ကိုအောင်ဆန်းမှာကျွေးသမျှဟင်းနှင့်ရောင့်ရဲတတ်သည်။
အခြားသူများအတွက် ဘာမျှမကျန်အောင် အလိုက်ကန်းဆိုးမသိ အစားကြီးသူမဟုတ်ပေ။ ထိုအခါက သခင်သန်းထွန်းသည် ကုလားကျောင်းတခု၌ ကျောင်းဆရာလုပ်လျက်ရှိရာမှ၊ ထမင်းဝဝမစားရ၍လားမသိ၊ ကျွန်တော်တို့၏ ထမင်းစားပွဲသို့မကြာခဏလာ၍
စားတော်ခေါ်တတ်ပေသည်။ ထိုသို့ ဧည့်သည်များလာသောအခါ တရုပ်ဆိုင်မှ ဟင်းများအပိုမှာယူကာ၊ ကျွန်တော်နှင့် ကိုအောင်ဆန်းတို့ကဝေခွဲ၍ တကာခံရစမြဲပင်။ (ဘုရားလည်းပြီး-ပြည်ကြီးလည်းပျက်)ဆိုသော စကားပုံကဲ့သို့၊ ကျွန်တော်တို့နှစ်ဦး တကုတ်ကုတ် လုပ်ကိုင်ခဲ့ကြသော အိုးဝေမဂ္ဂဇင်း ထွက်လာသောအခါ၊ တကျောင်းလုံး
ပွက်လောရိုက်လျက်၊ ရာဇ၀င်တွင်သော ၁၉၃၆ ခု၊ တက္ကသိုလ်သပိတ်ကြီး မှောက်သွားတော့၏။
ကျောင်းသားထုအုံကြွချိန်
ထိုနှစ်က သမဂ္ဂဥက္ကဌရာထူးကို သခင်နုရရှိချိန်မှစ၍၊ (ဒီနှစ်တော့ သပိတ်မှောက်ကြလိမ့်မယ်)ဟု ကျောင်းသားအများပင် ထင်ကြေးပေးခဲ့ကြ၏။ ကျွန်ပညာနှင့်မျက်နှာဖြူဆရာများကိုလည်း အနှစ်နှစ်-အလလက မုန်းတီးခဲ့ကြရာမှ၊ ထိုနှစ်တွင် ကျောင်းသားအများအုံပွင့်ကာ၊ ရဲရဲဝံ့ဝံ့ အတိုက်အခံ ပြုလုပ်ကြချိန်ဖြစ်ပေသည်။ နယ်ချဲ့တိုက်ဖျက်ရေးမှာ နိုင်ငံရေးနယ်ပယ်မှ ကျောင်းသားလောကသို့ ကူးစက်လာ၏။ တက္ကသိုလ်၌ အလိုတော်ရိ ကျောင်းသားများကို အထူးအခွင့်အရေးများပေး၍၊ မျိုးချစ်စိတ်ရှိသော ကျောင်းသားများကိုအထူးဖိနှိပ်သော စနစ်တို့မှာလည်း၊ တနေ့တခြားဇက်ရဲလာချိန်ဖြစ်ပေသည်။ တက္ကသိုလ်ပညာကို မရမကဆည်းပူးလို၍ မိဘများက အထူးခြိုးခြံထောက်ပံ့ခဲ့သော ကျောင်းသားအချို့တို့မှာ၊ လူဖြူဆရာအား(ဆာ)ဟုမထူး၍သော်၎င်း၊ ကျောင်းတက်ရက်မမှန်ဟုဆို၍သော်၎င်း၊ ဘာမဟုတ်သောပြစ်ချက်တို့ဖြင့် မတရားအပြစ်ရှာကာ၊ တချက်လွှတ်ကျောင်းထုတ်ခံကြရချိန်ဖြစ်ပေသည်။ နောက်ဆုံး၌ ကျောင်းအုပ်ကြီးဒီဂျေစလော့နှင့် အထူးမျက်မုန်းကျိုးသူသခင်နုကိုလည်း ဆရာများကိုပုတ်ခတ်သော မိန့်ခွန်းများပြောသည်ဟု ဆိုကာ၊ ကျောင်းထုတ်လိုက်ပြန်လေသည်။ ထို့ကြောင့် ကျောင်းသားများ တလှုပ်လှုပ်တရွရွ ဖြစ်နေချိန်၌၊ အိုးဝေမဂ္ဂဇင်းပေါ်ထွက်လာကာ၊ ဒီဂျေစလော့တို့လူစုအား အပြင်းအထန်ဆော်ထည့်လိုက်ရာ တကျောင်းလုံး ဇောက်ထိုးမိုးမျှော် ဖြစ်သွားခြင်းဖြစ်လေသည်။ မှတ်မိသေးသည်၊ အိုးဝေမဂ္ဂဇင်းမထွက်ခင်တရက်က၊ ကိုအောင်ဆန်းနှင့်ကျွန်တော်တို့သည် စာပုံနှိပ်တိုက်သို့သွားကာ စာအုပ်များအချိန်မှီချုပ်လုပ်ပြီးစီးစေရန်၊ ကုလားများကို ချော့မော့လျက် ကူညီလုပ်ကိုင်ပေးကြ၏။ ညနေ ၆-နာရီ လောက်တွင် အားလုံးပြီးစီး၏။ ထို့ကြောင့် ကျွန်တော်တို့နှစ်ယောက်မှာ ဝမ်းသာအားရနှင့် မကြုံစဘူး အထူးဇိမ်ခံကာ၊ တက္ကစီကားတစ်စီးငှား၍
စာအုပ်ထုပ်များတင်ဆောင်ကာ၊ လေညှင်းခံလျက် ကျောင်းသို့ပြန်ခဲ့ကြလေသည်။ ခင်မင်သော အင်္ဂလိပ်စာပါမောက္ခမစ္စတာရုတ်စ် အိမ်သို့ဝင်ကာ၊ အိုးဝေတအုပ်ကို ဦးဦးဖျားဖျား လက်ဆောင်ပေးကာ သူ့ထံမှ ဘိလပ်ရည်များတောင်းသောက်ခဲ့ကြလေ၏။ ထိုကားပေါ်တွင် မဂ္ဂဇင်းစာအုပ်များတင်လျက်၊ လေညှင်းခံကာလိုက်ပါလာသော ကိုအောင်ဆန်းနှင့် ကျွန်တော်ကား၊ နက်ဖြန်မဂ္ဂဇင်းထွက်လျှင် ဗုန်းပေါက်ကွဲသလို တကျောင်းလုံး တပြည်လုံး ဂယက်ရိုက်သွားမည်ကို လားလားမျှမမျှော်လင့်ခဲ့ကြပေ။ ထိုမဂ္ဂဇင်းစာအုပ်များ တင်ဆောင်လာခြင်းမှာ အမှန်အားဖြင့် ပေါက်ကွဲစေတတ်သော လက်နက်ပုန်းများကိုခိုးယူတင်ဆောင်လာသကဲ့သို့ပင်ဖြစ်လေသည်။ သို့သော်
ကလောင်တည်းဟူသော လက်နက်ဖြင့်၊ ထိုသို့ ပေါက်ကွဲစေမည့် ဆောင်းပါးကို စီစဉ်ရေးသားလိုက်သော တရားခံဖြစ်သူ ကျွန်တော်ပင်လျှင်၊ မိမိ၏လက်နက်ကြောင့်၊ ဤမျှ ပြင်းထန်စွာပေါက်ကွဲလိမ့်မည်ဟု မထင်မိခဲ့ပေ။ ထိုဆောင်းပါးမှာ အင်္ဂလိပ်ဘာသာဖြင့် တိုတိုတုပ်တုပ်နှင့် နာမည်ဝှက်ကာ ရေးလိုက်သောဆောင်းပါးဖြစ်၏။ ထိုအချိန်က ကျောင်းအုပ်စလော့နှင့်ကပ်ကာ မျိုးချစ်ကျောင်းသားများကို အထူးဂျောက်တွန်းနေသော ဆရာတဦးအား ကျွန်တော်က ငရဲခွေးနှင့်နှိုင်းယှဉ်ကာ၊ ပက်ပက်စက်စက် ဆော်ထည့်လိုက်ခြင်း ဖြစ်ပေသည်။
ပေါက်ကွဲလေပြီ
ထိုဆောင်းပါးကိုရေးရာ၌၊ ကျွန်တော်သည် တက္ကသိုလ်၌ရှုပ်ထွေးနေပုံကို အတွင်းသိတဦးဖြစ်သည့်အလျှောက်၊ ကလောင်ရှင်တို့၏ ဝတ္တရားအတိုင်းဆော်သင့်သောသူကို-
ထုတ်ဖော် ဆုံးမလိုက်ခြင်းဖြစ်ပေသည်။ မည်သူမျှ ကျွန်တော်အား မြှောက်ပေးခြင်းမရှိပေ။ ကျောင်းသားနှင့်ဆရာတိုက်ပွဲတွင် သခင်နုနှင့်တကွ အများအပြား မျိုးချစ်ကျောင်းသား ၁၁ ဦးတို့မှာ၊ ကျောင်းအုပ်ကြီး၏ အာဏာပြင်းထန်မှုကြောင့် ကျောင်းထွက်ရခြင်းတည်းဟူသော ဒဏ်ရာများရရှိလျက်နေလေပြီ။ အခြားကျောင်းသားများလည်း တဗိုလ်ကျရင် တဗိုလ်တက် လမ်းစဉ်အတိုင်း၊ စစ်ကျေညာလျက်‌၊ အလှည့်ကျ ချီတက်တိုက်ခိုက်ကြရန်သာ ရှိတော့၏။ ထိုသို့ အိုးဝေမဂ္ဂဇင်းမှ တင်သွင်းလိုက်ရာ၊ ထိုဆောင်းပါးမှာကျောင်းအုပ်ကြီးရုံးခန်းတွင် နောက်တနေ့ သိုက်မြိုက်စွာပေါက်ကွဲလေသည်။ အယ်ဒီတာဖြစ်သူ ကိုအောင်ဆန်းအား မစ္စတာစလော့က ဆင့်ခေါ်စစ်ဆေးတော့၏။ ထိုဆောင်းပါးရေးသူကို အပြင်းအထန်အရေးယူမည်ဖြစ်၍၊ ၎င်း၏ အမည်ကိုထုတ်ဖော် ပြောရမည်။ မပြောလျှင် ကိုအောင်ဆန်းကိုကျောင်းမှထုတ်ပစ်မည်ဟု စလော့က ဆို၏။ စာ-နယ်-ဇင်းထုံးတမ်းအရ၊ အယ်ဒီတာလုပ်သူက ထုတ်ဖော်ပြောခွင့်မရှိသဖြင့်၊ ထုတ်ဖော်မပြောနိုင်။ လုပ်ချင်ရာ လုပ်ပါဟု ကိုအောင်ဆန်းက ဘုပြောခဲ့လေသည်။ ခေါင်က မိုးမလုံဆိုသကဲ့သို့၊ ကျောင်းဆရာလုပ်သူများက မတရားလုပ်ခဲ့ကြသဖြင့်၊ ထိုမတရားမှုများကို ပြုပြင်စေရန်ကလောင်ဖြင့် လူထုအားရေးသားတိုင်တန်းခဲ့ရာတွင်၊ မတရားမှု-ဖန်တီးသူများကို အရေးမယူဘဲ၊ တိုင်တန်းသူကိုသာ အပြစ်ရှာတတ်ခြင်းမှာ အာဏာပိုင်တို့၏ထုံးဓလေ့ပင်ဖြစ်ပေသည်။ ကိုအောင်ဆန်းကိုကျောင်းထုတ်လိုက်သော အခါ၌ကား‌၊ ကျောင်းသားများသည် ထိုဓလေ့ဆိုးကို ကွက်ကွက်ကွင်းကွင်းကြီး သဘောပေါက်ကာ အထူးလှုပ်လှုပ်ရွရွ မခံမရပ်နိုင်ဖြစ်ကုန်ကြတော့၏။ နောက်တနေ့၌ သမဂ္ဂခန်းမကြီးတွင်၊ မစ္စတာရာရှစ်၊ ကိုထွန်းအုံနှင့် ကိုအုံးအစရှိသော ကျောင်းသားခေါင်းဆောင်များက မည်သို့ အရေးယူသင့်ပုံကို စည်းဝေးဟောပြောကြသောအခါ၊ ကျောင်းလုံးကျွတ် ပရိသတ်များက (သပိတ် သပိတ်- မှောက်မှောက်) ဟု သံပြိုင်အော်ကြလျက်၊ အားလုံးပင် တက္ကသိုလ်ကြီးကိုစွန့်ပစ်ကာ၊ ရွေတိဂုံ ကုန်းတော်ပေါ်သို့ ပြောင်းရွှေ့ သပိတ်မှောက်ခဲ့ကြသည်မှာ ရာဇဝင်၌ စာတင်ပြီးဖြစ်၍ အထူးရေးရန်မလိုတော့ပေ။
အပြောနှင့်အရေး
ထိုအချိန်၌သခင်နု-ရာရှစ်-ကိုအောင်ဆန်းစသော ကျောင်းသား ခေါင်းဆောင်များက
သပိတ်မှောက်ရန် ကြိတ်၍-ကြိုးဆွဲ-ခြေထိုး စီမံခဲ့ကြသည်ဟု စွပ်စွဲခြင်း ခံခဲ့ရ၏။ သို့သော် အမှန်အားဖြင့် ကျွန်တော်တို့ အချင်းချင်း ဘာမျှတိုင်ပင်ခြင်းမရှိခဲ့ပေ။ ကျောင်းသားခေါင်းဆောင်တိုင်း မိမိတို့၏တာဝန်များကို ခပ်အေးအေးနှင့်မကြောက်မရွှံ့ ရွက်ဆောင်ကြရာတွင်၊ အခြေအနေမှာလည်း အလိုလိုပင်တဆင့်ပြီးတဆင့် ကျွန်ုပ်တို့ဘက်မှ အရေးသာစေဘွယ်ဖြစ်ပေါ်လာခဲ့ရလေသည်။ ရာရှစ်စသော ကျန်သမဂ္ဂ ခေါင်းဆောင်များကလည်း၊ တာဝန်အတိုင်း ကျောင်းသားထုကြီးထံသို့ ထိုပြဿနာကို ဆုံးဖြတ်ကြရန် ရှင်းလင်းစွာ တင်ပြခဲ့၏။ ကျောင်းသားထုကြီးကလည်း အထိရောက်ဆုံးဖြစ်သော သပိတ်လမ်းစဉ်ကိုချက်ခြင်း စွန့်စားဆုံးဖြတ်ကာ တက္ကသိုလ်မှထွက်ခွာခဲ့ကြ၏။
ကျွန်တော်မှတ်မိသလောက်တွင် ထိုမျှအပူတပြင်း အရေးကြီးလှသော ရက်အနည်းငယ်အတွင်း၌ကိုအောင်ဆန်းသည် ကျွန်တော့်အား ထိုအရေးတော်ပုံကြီးနှင့်ပက်သက်၍ (အေးဆေးနေပါ)ဟူသော စကားတခွန်းသာ ပြောဘူးလေသည်။ ကျွန်တော်တို့ အချင်းချင်း၊ ထိုထက် နက်နဲရှုပ်ထွေးသော စည်းလားရိုက်မှု၊ စက်ပုန်းခုတ်မှုများ ဘာမျှမရှိခဲ့ချေ။ ဤမျှရှင်းလင်းပြတ်သားစွာ ခပ်အေးအေးနှင့်တခုပြီး တခု အလိုကျ ဖြစ်မြောက်သွားသော ကိစ္စများကို၊ ယခုတိုင် တခါမျှမတွေ့ကြုံဘူးပေ။
တက္ကသိုလ်၌အတူစား၊ အတူသွား၊ အတူတူတိုက်ပွဲဆင်းလျက်၊ လေးနှစ်ကြာမျှ ကိုအောင်ဆန်းနှင့် ပေါင်းသင်းနေထိုင်ခဲ့ရာတွင်၊ ကျွန်တော်သည် အောက်ပါအဖြစ်အပျက် ကလေးများကို သတိရမိ၏။
ကိုအောင်ဆန်း၏စိတ်ဓာတ်
ကိုအောင်ဆန်းစိတ်တိုတက်၏။ အပြောအဆို မလိမ္မာသဖြင့် ဓာတ်သိသော သမဂ္ဂရဲဘော်များမှအပ၊ သူ့အဖို့ မိတ်ဆွေများများမရှိပေ။ သမဂ္ဂ၌လည်း သူနှင့်ဘုမကျသူဟူ၍ မရှိချေ။ တခါက ရွှေတိဂုံ သပိတ်စခမ်းမှ အပြန်တွင် ထိုနှစ်အတွက်သူ့မှာ တခြားအလုပ်ကိစ္စများရှိနေသဖြင့်၊ သူလုပ်ရန်ရှိသော အလုပ်များကို ကျွန်တော်က လုံးဝတာဝန်ယူရန်လွှဲအပ်လေသည်။ ကျွန်တော်ကလည်း ထိုနှစ်အဘို့ အိုးဝေအယ်ဒီတာအဖြစ် တာဝန်ယူပြီးဖြစ်၍၊ နောက်ထပ် လက်မခံနိုင်ကြောင်းပြောသောအခါ၊ ရှူးရှူးရှဲရှဲ လုပ်သဖြင့် ထသတ်ကြရန် ဟန်ပြင်လေသည်။ အခြားအမှုဆောင်များ ဝိုင်းဝန်းဖြန်ဖြေသဖြင့်ပြီးသွား၏။ ထိုညနေ၌ ကျွန်တော့် အခန်းသို့သူရောက်လာကာ၊ သူက စိတ်မကောင်းဖြစ်နေသဖြင့် လွန်ကြူးမိကြောင်းကို ဝန်ချတောင်းပန်လေသည်။ သူကမတောင်းပန်လျှင်လည်း ကျွန်တော်က အကြောင်းသိခြင်းဖြစ်၍ ကြေနပ်ပြီးဖြစ်လေသည်။ သို့သော်-သူက ကလေးသဘွယ်၊ ဖြူစင်သော စိတ်ဓာတ်နှင့် မိမိ မှားသည်ကိုသိရှိချိန်၌ အကြွေးမထားဘဲ မာန်မာနများကို လုံးဝပယ်ဖျောက်ကာ၊ ချက်ချင်းဖွင့်ဟပြောဆိုသည်ကို ကျွန်တော်ဝမ်းမြောက်စွာနှင့် မှတ်သားမိ၏။ ဤကား ကိုအောင်ဆန်း၏
ချီးကျုးဘွယ်အချက်ကြီးတရပ်ပေတည်း။ ထိုနှစ်က မစ္စတာရာရှစ်သည် သမဂ္ဂဥက္ကဌအဖြစ်နှင့် ဆောင်ရွက်ရာတွင်၊ ၎င်းကိုကုလားဖြစ်၍ မလိုမုန်းထားအပြစ်ရှာသူများ ပေါများခဲ့လေသည်။ တခါကစည်းဝေးပွဲတခုတွင် ရာရှစ်အား အယုံအကြည်မရှိ အဆိုသွင်းရန် စီစဉ်ကြသည်ကိုကျွန်တော်က တင်ကြိုကြားသိလေသည်။ ထိုအချိန်၌ အခြားသော သပိတ်ရဲဘော်ကျောင်းသားခေါင်းဆောင်တို့မှာလည်း နယ်ထွက်နေကြ၏။
ကိုအောင်ဆန်းမှာလည်း ဖျားနေ၍ ဆေးရုံတက်နေ၏။ ကျွန်တော်ကလည်း အရေးသမားဖြစ်ပြီး စကားမပြောတတ်၍၊ ထိုစည်းဝေးပွဲတွင် ဝင်ရောက်ပြောဆိုရန် မဖြစ်နိုင်ချေ။ ထို့ကြောင့် နောက်ဆုံး၌ ဆေးရုံတွင် ငှက်ဖျားတိုးနေသော ကိုအောင်ဆန်းထံသို့ပင်သွားရောက်ကာ (ကိုယ့်လူထပါအုံး….ခင်ဗျားမရှိရင်မဖြစ်ဘူး) ဟုဆိုကာသူ့ကို ဆေးရုံမှသမဂ္ဂအထိဖက်တွဲခေါ်ဆောင်ခဲ့ရလေသည်။ သမဂ္ဂလဘက်ရေဆိုင်ခန်းသို့ရောက်မှ ကွီနိုင်နှင့် လဘက်ရေအနည်းငယ်တိုက်ကာ စည်းဝေးရာခန်းမကြီးသို့ တွဲတက်ခဲ့ရလေသည်။ ထိုနေ့အဘို့ ကိုအောင်ဆန်းမှာ နေမကောင်းသော်လည်း ရာရှစ်၏ ကောင်းသောအချက်များကို ဖော်ထုတ်၍ အထူးလေးနက်စွာပြောဆိုရာတွင်၊ အတိုက်အခံလူစုက
၎င်းတို့အဆိုကို ရုတ်သိမ်းသွားကြလေသည်။ ကိုအောင်ဆန်းသည် ရဲဘော်လူကောင်းများအတွက်၊ မယိမ်းမယိုင် ထောက်ခံကူညီတတ်ခြင်း၊ မိမိကျန်းမာရေးကို ဂရုမစိုက်ဘဲ တာဝန် ရွက်ဆောင်ခြင်းတို့မှာ၊ ကျောင်းသားဘဝ၌ပင် ထင်ရှားခဲ့လေသည်။
ဒေါင့်မကျိုးလို့ ရာရှစ်၏ ဥက္ကဌသက်တန်းကုန်ဆုံးခဲ့ပြီးနောက်၊ ဥက္ကဌသစ်ရွေးချယ်ရန်
အချိန်ကျရောက်ခဲ့ရာတွင်၊ ဒုတိယဥက္ကဌဖြစ်သူ ကိုအောင်ဆန်းကိုထုံးစံအတိုင်း
တင်မြှောက်ကြရန်ပင်ဖြစ်သည်။ သို့သော်ထိုအချိန်၌ သူ့အားအမှုဆောင်အဖွဲ့၌ထောက်ခံသူမှာ ကျွန်တော်တယောက်သာရှိလေတော့၏။ အဘယ်ကြောင့်ဆိုသော် သူ့အား ဒေါင့်မကျိုးသူဖြစ်၍၊ သူရသင့်ရထိုက်သောနေရာတွင်၊ ကိုဘဂျမ်း(ယခု ဝန်ကြီး)အား
ရွေးချယ်တင်မြှောက်လိုက်ကြလေသည်။ ဦးထွန်းအုံး၊ ကိုလှရွှေ၊ ကိုသိန်းအောင်၊ ကိုဘဟိန်း စသည်တို့က သူ့အားတနှစ်လောက် စောင့်ဆိုင်း၍ ပေါင်းသင်းဆက်ဆံရေး၊ လေ့လာရန်ပြောဆိုခဲ့ကြလေသည်။ ကိုအောင်ဆန်းသည် သူငယ်ချင်းများ၏ ဆုံးမချက်များကို ဘာမျှပြန်မပြောဘဲ၊ စည်းကမ်းသေဝပ်စွာကြိုးစား လိုက်နာခဲ့ပေသည်။ နောက်တနှစ်တွင် ထိုသို့အများ၏ ဆန္ဒကို မသွေမဖီလိုက်နာတတ်သော အရည်အချင်းကိုပင် အထူးထုတ်ဖော်ချီးကြူးကာ၊ ကိုအောင်ဆန်းကို အားလုံးက ဥက္ကဌအဖြစ် ရွေးချယ်လိုက်ကြလေသည်။
နိုင်ငံရေးသို့
ထိုနှစ်အတွင်း တညနေတွင် ကိုအောင်ဆန်းနှင့် ကျွန်တော်သည် သထုံကျောင်းဆောင်ရှေ့၌လမ်းရှောက်လျက် ရှိကြစဉ်၊ ရုတ်တရတ် သူက(ကိုယ့်လူ-ကိုယ်တော့သွားတော့မယ်၊ ကျောင်းထွက်ပြီးနိုင်ငံရေးထဲကို ခြေစုံပစ်ဝင်တော့မယ်….)ဟုပြော၍၊ သခင်ပါတီသို့ဝင်ကာ၊ တကယ့်တိုက်ပွဲများတွင်ဝင်နွှဲတော့မည်ဖြစ်ကြောင်းများကို ပြောလေသည်။ သူက ထိုသို့ပြောပြနေစဉ်ကျွန်တော်သည်အထူးဝမ်းနည်းလာ၏။ ကျွန်တော်တို့ သူငယ်ချင်းများ လေးနှစ်ကြာမျှ ဥမကွဲသိုက်မပျက် နေထိုင် အလုပ်လုပ်လာခဲ့ကြသည်မှာ၊ ကမ္ဘာလေးတခုကဲ့သို့ပင် မှတ်ထင်ကာ၊ ထိုကမ္ဘာသည် မည်သည်အခါမျှ ပျက်မည်မဟုတ်ဟူ၍ မှတ်ထင်နေခဲ့ကြ၏။ သို့သော် အချိန်သည်ကုန်မှန်းမသိကုန်ဆုံးခဲ့၍ ကိုအောင်ဆန်းကား ဘီအေ အောင်ပြီးဖြစ်လျက်၊ ကျွန်တော့် အဖို့လည်း ထိုနှစ်မှာ
နောက်ဆုံးနှစ်ပင် ဖြစ်ကြောင်းကိုသတိရမိလေသည်။ ကျွန်တော်တို့နှစ်ဦး ရင်းနှီးခင်မင်စွာ သွားအတူလာအတူ နေထိုင်ခဲ့ကြသော လေးနှစ်ရာသီ ခေတ်ကလေးကား ကုန်ဆုံးလေပြီ။ လောကတွင် အပျော်ဆုံး၊ အရွှင်ဆုံး၊ အရူးဆုံး၊ အမိုက်ဆုံးဖြစ်သော
ကျောင်းသားဘဝကား ဆုံးခမ်းတိုင်လေပြီ။ ကျွန်တော်က စိတ်ဓာတ်မွန်မြတ်စွာ တိုင်းပြည်အတွက်စွန့်စားရန် အဓိဌာန်ကိုချီးကြူးမိသော်လည်း သူ့အတွက် စိုးရိမ်မကင်းရှိမိပုံကို ပြောပြ၏။ (နိုင်ငံရေးလောကဟာသိပ်ပြီးရှုပ်တယ်-ဆိုးတယ်။ ဒီမှာဆိုရင် ကျွန်တော်တို့အချင်းချင်း ခင်ဗျားကိုနားလည်တယ်၊ အစစအရာရာမှာ သူငယ်ချင်းတွေမို့ ခင်မင်ယုယရှိကြတယ်။ နိုင်ငံရေးထဲကို ခြေစုံပစ်ဝင်ရင် ခြေထိုးထားတာတွေ ကြမ်းတမ်းယုတ်မာတာတွေနဲ့ တွေ့ပြီး၊ နေရာတကာ ခင်ဗျားဘဲ ဒုက္ခရောက်စရာတွေများတယ်ဗျာ…။ ခင်ဗျားကလဲ ငယ်သေးတယ်) ဟုကျွန်တော်က ပြောမိလေသည်။
ဗိုလ်ချုပ်ကား-ဆည်းဆာချိန် ကောင်းကင်သို့မော့ကြည့်လျက်၊ (အမေ့အတွက်လဲ ဘာမျှ
ကျေးဇူးမဆပ်ရသေးဘူး၊ လခစားလုပ်ဘို့ကိုလည်း စိတ်မရှိတော့ဘူး။ ဘာဘဲဖြစ်ဖြစ်လေ သွားမဲ့လမ်းကိုသွားရမှာဘဲ….) ဟုလွမ်းစိတ်နှင့် အဓိဌာန်စိတ်များရောပြွမ်းကာ၊ အသံခပ်မာမာနှင့်ပင် ပြောလေသည်။ (သွားတော့မည်….)ဟု သူကပြောလိုက်သဖြင့်၊ ကျွန်တော့်အဖို့ ထိုသမဂ္ဂ ကမ္ဘာလေးနှင့်တကွ၊တိုတောင်းလှသော တက္ကသိုလ်ကျောင်းသားခေတ်ကလေးကိုကားလိပ်ချလိုက်သလိုပင်ဖြစ်သွားတော့၏။
(မူရင်း စာလုံးပေါင်းသတ်ပုံများအတိုင်းဖော်ပြထားပါသည်။)

ဘယ်လမ်းရွေးမလဲ ကာချုပ်မင်းအောင်လှိုင်

0 comments
ဘယ်လမ်းရွေးမလဲ ကာချုပ်မင်းအောင်လှိုင်
(ပြည်သူ့အာဏာဂျာနယ် ထုတ်ဝေခြင်း ၇၅ နှစ်ပြည့်အထိမ်းအမှတ် ပြည်သူ့အာဏာဂျာနယ် အမှတ်(၄၃) တွင် ဖော်ပြမည့် ဆောင်းပါး)
-----
ဒီတလောမှာ ကာချုပ်မင်းအောင်လှိုင်တယောက် အတော်လေးပွဲဆူနေတာ တွေ့ရပါတယ်။ ပွဲစတာကတော့ ဒီနှစ် ဇွန်လတုန်းက ရုရှားနိုင်ငံရဲ့ ၇၅ နှစ်ပြည့် မဟာမျိုးချစ်စစ်ပွဲအောင်ပွဲအခမ်းအနားသွားတက်စဉ်က စခဲ့တာလို့ ပြောနိုင်ပါတယ်။ အဲဒီခရီးစဉ်အတွင်း ရုရှားနိုင်ငံမှာ ရုပ်မြင်သံကြားအစီအစဉ်၊ နောက်ပြီး သတင်းဌာနတချို့နဲ့ တွေ့ဆုံမေးမြန်းတာတွေ လုပ်ခဲ့တယ်။ 
အဲဒီအထဲမှာ ရခိုင်တပ်တော် (AA) နဲ့ပတ်သက်ပြီးတော့ ဒီလိုအကြမ်းဖက်အဖွဲ့အစည်းတခု ရပ်တည်နေနိုင်တာဟာ ပြည်ပအင်အားကြီးအဖွဲ့အစည်းတရပ်က ထောက်ပံ့ပေးထားလို့ ဖြစ်တယ်လို့ ပြောခဲ့တယ်။ ဒါဟာ အိမ်နီးချင်းတရုတ်ပြည်ကို ရည်ညွှန်းတာပဲဆိုပြီး ဂယက်ထသွားပါတယ်။ နောင်မှာတော့ တရုတ်ပြည်ကို ရည်ညွှန်းတာ မဟုတ်ပါဘူးလို့ ငြင်းပေမယ့် ဘယ်သူ့ကို ပြောတာလဲဆိုတာတော့ မပြောပါဘူး။ 
ဒီနောက် အဲဒီရုရှားခရီးစဉ်မှာပဲ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုကို ဒီဩဂုတ်လဆန်းကျမှ ပုံနှိပ်ဖော်ပြလာတာ တွေ့ရတယ်။ အဲဒီအထဲမှာတော့ နာမည်တပ်မပြောပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်းပြီး ကာလုံမခေါ်ဘဲ တယောက်တည်းသဘောနဲ့ ဆုံးဖြတ်လုပ်ကိုင်နေတာဟာ တိုင်းပြည်အတွက်အန္တရာယ်ကြီးတယ်လို့ ပြောထားပါတယ်။ 
မကြာသေးခင်ကတော့ကြံ့ဖွံ့ပါတီဦးဆောင်တဲ့ နိုင်ငံရေးပါတီ ၃၄ ပါတီနဲ့ ကာချုပ်တွေ့ကြပါတယ်။ လက်ရှိရွေးကောက်ပွဲကော်မရှင်ကို အယုံအကြည် မရှိကြကြောင်း၊ လာမယ့်ရွေးကောက်ပွဲ တရားမျှတမှုမရှိရင် ကာချုပ်က အရေးယူဆောင်ရွက်ပေးဖို့ ခပ်ပြောင်ပြောင်ပဲ တိုးလျှိုးတိုင်တောကြပါတယ်။ သတင်းတရပ်အရတော့ ဒီပွဲမှာ ‘တိုင်းပြည်နဲ့လူမျိုးကောင်းစားဖို့ဆိုရင် သူမလုပ်ရဲတာ ဘာမှမရှိဘူး’ လို့ ကာချုပ်က ပြောတယ်လို့ ဆိုပါတယ်။ လူမိုက်စကား ပြောလိုက်တာပါ။ စစ်တပ်က ထုတ်ပြန်ချက်ထဲမှာတော့ ‘နိုင်ငံရေးပါတီတွေအနေနဲ့ ကိုယ်စားလှယ်လောင်းရွေးခြယ်ရာမှာ နိုင်ငံရေးမှာ တပ်မတော်ရဲ့ဦးဆောင်မှုအခန်းကို နားလည်တဲ့သူတွေကို ရွေးချယ်ကြဖို့’ မှာကြားတယ်လို့ တွေ့ရတယ်။ 
အခု ကျင်းပပြီးစီးသွားတဲ့ ပင်လုံညီလာခံအဖွင့် မိန့်ခွန်းကတော့ အတော်လေး ပွဲဆူသွားပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံမှာ တိုင်းရင်းသားအခွင့်အရေးတွေ အပြည့်အဝပေးထားပြီး ဖြစ်တယ်လို့ ခပ်ပြတ်ပြတ်ပဲ ပြောသွားပါတယ်။ အဲဒီတော့ အခုတိုင်းရင်းသားအခွင့်အရေးတွေ တောင်းဆိုနေတာဟာ မလိုအပ်ဘူးလို့ ပြောလိုက်တာပဲ ဖြစ်ပါတယ်။ နောက်ပြီး နှစ် ၇၀ ကျော်ကြာ ပြည်တွင်းစစ်ဖြစ်နေတာဟာ တပ်မတော်နဲ့မဆိုင်ဘူး၊ ခေတ်အဆက်ဆက်က အစိုးရတွေနဲ့ ဖြစ်နေကြတာ၊ တပ်မတော်က အစိုးရအဆက်ဆက်ကို အကာအကွယ်ပေးနေတာသာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလို သဘောထားမျိုးနဲ့ကတော့ ငြိမ်းချမ်းရေးခရီးက ကြာလေဝေးလေလို့ပဲ ပြောရမှာပါ။
တဖက်မှာလည်း ဒီတလော ကြံ့ဖွံ့လှုပ်ရှားမှုတွေဟာ စစ်တပ်နဲ့ ဇာတ်တိုက်ထားသလိုပါပဲ။ သူတို့သာ အစိုးရဖြစ်ရင် ‘ငြိမ်းချမ်းရေးအရယူပြမယ်’ လို့ ကြုံးဝါးပါတယ်။ ဒီချုပ်အစိုးရလက်ထက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ့ ပတ်သက်ပြီး တိုင်းရင်းသားတွေဘက်က ‘ဦးသိန်းစိန်လက်ထက်နဲ့ မတူဘူး။ ဟိုတုန်းက အစိုးရနဲ့တပ်မတော်က တဖွဲ့တည်း တသဘောတည်းဖြစ်တယ်။ အခုက (၃) ဖွဲ့ဆွေးနွေးရသလို ဖြစ်နေတယ်’ လို့ အသံထွက်တယ်။ စစ်တပ်ကလည်း အဲဒီလိုဖြစ်အောင် လုပ်နေတယ် မဟုတ်လား။ ဒီချုပ်ကိုယ်တိုင်ကလည်း သူဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ကြားဒိုင်လူကြီး နေရာကပါလို့ အောက်ကလိသံထွက်ရပါတယ်။ ဟုတ်မှာပါ။ ဒီချုပ်အစိုးရက စစ်တပ်ကို အမိန့်ပေးနိုင်ပုံ မရပါဘူး။ စစ်တပ်ကတော့ ‘သမ္မတကသာ ဖွဲ့စည်းပုံဥပဒေနဲ့အညီ အမိန့်ပေးရင် နာခံမှာပါ’ လို့ ဆိုပါတယ်။ သူတို့သဘောထားနဲ့ကိုက်ရင် ‘ဖွဲ့စည်းပုံနဲ့ညီပြီး’ မကိုက်ရင်တော့ ‘ဖွဲ့စည်းပုံနဲ့မညီဘူး’ ဖြစ်မှာပါ။ ‘ရခိုင်တိုက်ပွဲမှာ ရဟတ်ယာဉ်တွေသုံးပြီးတိုက်ပါ’ ‘အေအေကို အကြမ်းဖက်အဖွဲ့လို့ သဘောထားပြီး ချေမှုန်းပါ’ ဆိုတာတွေကတော့ ဖွဲ့စည်းပုံနဲ့ညီပုံ ရပါတယ်။
အခုလို ဒီချုပ်အစိုးရလက်ထက် ‘ငြိမ်းချမ်းရေးဆွေးနွေးပွဲ’ တွေမှာ စစ်တပ်က ကဖျက်ယဖျက်လုပ်နေပြီး ကြံ့ဖွံ့ အစိုးရဖြစ်လာရင်တော့ အဲဒီလို မလုပ်တော့ဘဲ ငြိမ်းချမ်းရေးရလိမ့်မယ်လို့ ထင်ရင်တော့ အမှားကြီးမှားပါလိမ့်မယ်။ မဟာလူမျိုးကြီးဝါဒကျင့်သုံးနေတဲ့ စစ်အာဏာရှင်တွေရှိနေသမျှ (ကြံ့ဖွံ့ဟာလည်း ဒီပုတ်ထဲက ဒီပဲပါ။) ဒီမိုကရေစီရော တိုင်းရင်းသားတွေလိုချင်နေတဲ့ အခွင့်အရေးတွေပါရကြမှာ မဟုတ်ပါဘူး။ 
ကြံ့ဖွံ့ က ဒီတလောလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတွေမှာ ပြောရေးဆိုခွင့်ရှိသူတယောက်ပြောသွားတာကလည်း ခြိမ်းခြောက်မှုတမျိုးလို့ ဆိုရမှာပါ။ ရွေးကောက်ပွဲသာ တရားမမျှတရင် (သူတို့မနိုင်ရင်) လူထုက ငုံ့ခံနေမှာ မဟုတ်ဘူးဆိုပဲ။ အထက်က ကာချုပ်ရဲ့ ‘မလုပ်ရဲတာ မရှိဘူး’ ဆိုတာနဲ့ ဆက်စပ်စဉ်းစားဖို့ပါ။ သူတို့ပြောတဲ့ လူထုဆိုတာကတော့ အားလုံးသိကြတဲ့အတိုင်း သူတို့လက်ကိုင်တုတ် (မဘသ) စတဲ့ အစွန်းရောက်အမျိုးသားရေးဝါဒီတွေပေါ့။ သူတို့ရဲ့ အစွမ်းအစတွေကတော့ တကယ့်ပြည်သူတွေ တွေ့ပြီးသိပြီး ဖြစ်ပါတယ်။ 
ဒီအချက်တွေကို ကြည့်ရင် စစ်တပ်နဲ့ကြံ့ဖွံ့ဟာ ဒီချုပ်အစိုးရဖြစ်တာကို လုံးဝလက်မခံနိုင်ကြဘူးဆိုတာ သိသာထင်ရှားလှတယ်။ စစ် (၃) ကို အကာအကွယ်ပေးထားတဲ့ ၂၀၀၈ ခြေဥ ဟန်ပြကောင်းဖို့အတွက် ဒီချုပ်က လွှတ်တာ်ထဲမှာ အတိုက်အခံနေရာကသာ အသုံးတော်ခံတာကို မြင်ချင်ကြတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်လိုပေါ့။ ဒါပေမဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ဒီချုပ်က သောင်ပြိုကမ်းပြို အနိုင်ရသွားတာကြောင့် အတော့်ကို မခံချိမခံသာ ဖြစ်သွားကြတယ်။ အခု ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရအောင် မီးကုန်ယမ်းကုန် ကြိုးစားကြလိမ့်မယ်။ အခုကိုပဲ ဘီလူးဆိုင်းတီး ဘီလူးကြိမ်းကြိမ်းနေကြပြီ မဟုတ်လား။
အထက်မှာ ပြောထားသလို ကာချုပ်မင်းအောင်လှိုင်ကလည်း ပုံပျက်ပန်းပျက် ပျာရာခတ်နေတာ တွေ့ရတယ်။ ဘာကြောင့်လဲ။ သူက လာမယ့်နှစ်မှာ ၆၅ နှစ် ပြည့်တော့မှာ ဖြစ်တယ်။ ပင်စင်ယူရတော့မှာလားဆိုတဲ့ ပြဿနာရှိပါတယ်။
ကာချုပ်သက်တမ်းနဲ့ပတ်သက်ပြီး ၂၀၁၆ သတင်းစာရှင်းလင်းပွဲတခုမှာ ‘၆၀ ကျော်သွားတော့ သက်တမ်းတိုးထားလား’ လို့ သတင်းထောက်တယောက်က မေးလာတာကို သူကိုယ်တိုင် ဖြေထားတာ ရှိပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအရ စစ်တပ်က သီးခြားလွတ်လပ်တဲ့အဖွဲ့အစည်းဖြစ်တယ်။ အရပ်ဘက်ဝန်ထမ်းစည်းမျဉ်းတွေက သူတို့အပေါ် မသက်ရောက်ဘူး။ စစ်တပ်နဲ့ဆိုင်တဲ့ ဥပဒေတခုအရ ‘စစ်မှုဆက်ထမ်းဖို့ လိုအပ်ရင် ဆက်ထမ်းနိုင်တယ်’ တဲ့။ ဒါပေမဲ့ မသေမချင်း ရာထူးမစွန့်တာမျိုး မဖြစ်အောင် ကန့်သတ်ထားတာ ရှိတယ်။ စစ်တပ်မှာ ဥပေဒကဲ့သို့ အမိန့်ထုတ်နိုင်တဲ့ ကာကွယ်ရေးဌာနကောင်စီ (ကကန) ဆိုတာရှိတယ်။ အဲဒီ ကကန က ၁၉၇၃ ခုနှစ်မှာ အမိန့်တရပ်ထုတ်ထားတယ်။ အဲဒါက ဘယ်အဆင့်ဆိုရင် သက်တမ်းဘယ်လောက်ပဲ တာဝန်ထမ်းခွင့်ရှိတယ်လို့ သတ်မှတ်ထားတာလို့ ဆိုပါတယ်။ သူ့အသုံးအနှုန်းအရတော့ ရာသက်ပန်ရာထူးမစွန့်တာမျိုး မဖြစ်အောင် သက်တမ်း ‘ကန့်သတ်ထားတာ’ တဲ့။ သက်တမ်းတိုးတာ မဟုတ်ဘူးဆိုပဲ။ (မောင်မင်းကြီးသားများ ကျေးဇူးကြီးလှပါပေတယ်။) သက်တမ်းကန့်သတ်ချက်ကိုတော့ ထုတ်မပြောပါဘူး။ ဒါကတော့ ကာချုပ်ဝှက်ဖဲလို့ ဆိုရမှာပါ။ တခုတော့ရှိပါတယ်။ ဗိုလ်သန်းရွှေရဲ့ ကာချုပ်သက်တမ်းပြန်ကြည့်ရင်တော့ မှန်းဆလို့ ရနိုင်ပါမယ်။
သက်တမ်းပြည့်တော့မယ်ဆိုရင်တော့ ရှေ့ခရီးအတွက် သူ့အနေနဲ့ ကြိုတင်စဉ်းစားပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။ သူဘယ်လမ်းကြောင်းသွားချင်နေသလဲဆိုတာတော့ လယ်ပြင်မှာ ဆင်သွားနေသလိုပါပဲလို့ ဖြေရမှာပါ။ အထက်မှာ ပြောထားတဲ့ အင်တာဗျူးတွေမှာလည်း မေးမြန်းသူတွေက ရေလာမြောင်းပေး (သမ္မတလုပ်မှာလား) မေးကြသလို ဖြေသူကာချုပ်ကလည်း ရေစီးကမ်းပြိုဖြေထားတာ တွေ့ရမှာပါ။ 
ကာချုပ်ရဲ့ ‘နိုင်ငံတော်သမ္မတအိပ်မက်’ က တကယ်အကောင်အထည်ပေါ်လာနိုင်ပါ့မလား။ လောလောဆယ်အခင်းအကျင်းတွေအရတော့ ဖြစ်နိုင်ချေ ‘သုည’ လို့ပဲ ဆိုရမှာပါ။ သမ္မတဖြစ်ဖို့ဆိုရင် ဒီချုပ်က ရွေးကောက်ပွဲရှုံးရမယ်။ ကြံ့ဖွံ့ နိုင်ပြီး အစိုးရ ဖြစ်ရမယ်။ ကြံ့ဖွံ့အစိုးရဖြစ်ရင်တောင် သူ့ကို သမ္မတတင်ပါ့မလားဆိုတာကလည်း ရှိသေးတယ်။ ဥက္ကဋ္ဌကြီးဗိုလ်သန်းဌေးကလည်း သူတို့အမှုဆောင်ကော်မတီက တာဝန်ပေးရင် သမ္မတလုပ်မယ်လို့ လေသံပစ်နေတာ မဟုတ်လား။ ပြောရရင်တော့ ဒီလမ်းက ကာချုပ် အကြိုက်ဆုံးဖြစ်ပေမယ့် ဖြစ်နိုင်ချေကတော့ အနည်းဆုံးပါပဲ။ 
နောက်တလမ်းကတော့ သက်ပြည့်ပင်စင်ယူပြီး နိုင်ငံရေးထဲလည်း ဝင်မပါတော့ဘဲ ခပ်လျှိုလျှိုနေဖို့ပါ။ ဒါပေမဲ့ နအဖ ခေတ် မဟုတ်တော့လို့ ဗိုလ်သန်းရွှေတို့လို ပင်စင်လစာတနင့်တပိုးတော့ ရနိုင်မှာ မဟုတ်ဘူး။ နောက်ပြီး သူက ဗိုလ်သန်းရွှေလောက် အရှိန်ဩဇာကြီးတာ မဟုတ်တော့ နောင်ရေးစိတ်အေးရပါ့မလား ဆိုတာလည်း ပူပန်စရာပါပဲ။ ဩဇာကြီးလှတဲ့ ဗိုလ်နေဝင်းတောင် ဇာတ်သိမ်းကောင်းခဲ့တာ မဟုတ်ပါ။ နောက်ပြီး လောလောလတ်လတ် ပြဋ္ဌာန်းထားတဲ့ ဥပဒေအရပြစ်မှုရှိခဲ့တာကို သိရှိပြီးနောက် ၃ နှစ်အတွင်း အရေးယူနိုင်တယ်ဆိုတာကလည်း ရှိနေတယ် မဟုတ်လား။ ကိုယ့်ရှူးကိုယ်ပတ်မယ့်ကိန်းပါပဲ။ ဒါကြောင့် ဒီလမ်းက ကာချုပ်မင်းအောင်လှိုင်အတွက်တော့ ခြောက်အိပ်မက် ဖြစ်နေမှာပါ။
၂၀၂၀ ရွေးကောက်ပွဲဟာ တရားမမျှတလို့ဆိုပြီး အထက်မှာ ဖော်ပြခဲ့သလို (မဘသ) စတဲ့ အစွန်းရောက်တွေက အကြမ်းဖက် အဓိကရုဏ်းတွေ ဖန်တီး၊ စစ်တပ်က အခြေအနေတွေ ဝင်ထိန်းရပါတယ်ဆိုပြီး စစ်အာဏာသိမ်းတဲ့ လမ်းကြောင်းလည်း သူတို့ (စစ်တပ်နဲ့ကြံ့ဖွံ့) က အကွက်ဆင်ထားတာ တွေ့ရပါတယ်။ ဖြစ်နိုင်ချေနည်းတယ်ဆိုပေမယ့် ဖြစ်မလာဘူးလို့လည်း ယတိပြတ် မပြောနိုင်ပါဘူး။ ဒီလိုလုပ်လာရင်တော့ လူထုကြီးတရပ်လုံးက ပြတ်ပြတ်သားသား ဆန့်ကျင်တိုက်ပွဲဝင်ကြရမှာပဲ ဖြစ်ပါတယ်။ ဒီအတွက်လည်း သတိပြု ပြင်ဆင်ထားကြဖို့ လိုပါမယ်။
ကျန်တဲ့တလမ်းကတော့ သူ့ဝှက်ဖဲကို ထုတ်သုံးတဲ့ လမ်းပါ။ သက်တမ်းကန့်သတ်ချက် မပြည့်သေးဘူးဆိုပြီး ကာချုပ်နေရာမှာ ဆက်နေသွားမယ့်လမ်းပါ။ ဒီလမ်းကျပြန်တော့လည်း သူ့တပ်ထဲကကို သဘောမတွေ့သူတွေ ရှိနိုင်ပါတယ်။ သူက ထိပ်က ပိတ်ထိုင်နေတော့ ၇၃ ခုနှစ် ကကန အမိန့်အရ အောက်က ဗိုလ်ချုပ်တွေ ရာထူးဆက်မတက်နိုင်ဘဲကန့်သတ်ချက်ထိပြီး တပ်က နားရမှာတွေ ဖြစ်လာကြမယ်။ ဒီလို မဖြစ်ချင်တဲ့ ဗိုလ်ချုပ်တွေက သူကာချုပ် ဆက်လုပ်နေမှာကို ကြိုက်ကြမှာ မဟုတ်ပါဘူး။ 
ဘယ်လမ်းဖြစ်မလဲဆိုတာကတော့ ပိတ်ကားပေါ်ဆက်စောင့်ကြည့်ကြရပါမယ်။ ဒါပေမဲ့ ဖြစ်လာနိုင်ချေတွေအတွက် သတိကြီးကြီးနဲ့ ကြိုတင်ပြင်ဆင်ထားကြဖို့ လိုပါမယ်။ 
ဖူးချစ်ရဲ့ မှာတမ်းနဲ့ပဲ အဆုံးသတ်ပါမယ်။
‘ပြည်သူအပေါင်း နိုးနိုးကြားကြားရှိကြလော့’

Saturday, August 15, 2020

(စာတည်းအဖွဲ့အမှာ) ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ သမိုင်းပေးတာဝန်

0 comments
(စာတည်းအဖွဲ့အမှာ)ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ သမိုင်းပေးတာဝန်
(ပြည်သူ့အာဏာဂျာနယ် ထုတ်ဝေခြင်း ၇၅ နှစ်ပြည့်အထိမ်းအမှတ် ပြည်သူ့အာဏာဂျာနယ် အမှတ်(၄၃) တွင် ဖော်ပြမည့် စာတည်းအဖွဲ့အမှာ)
(၁)
၁၉၃၉ ခုနှစ်ဩဂုတ်လ ၁၅ ရက်နေ့မှာဖွဲ့စည်းခဲ့တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီဟာ ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၁၅ ရက် နေ့မှာ ၈၁ နှစ်ပြည့်သွားပါပြီ။
ဗမာပြည်အလုပ်သမားလူတန်းစားရဲ့ တပ်ဦးပါတီဖြစ်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ သမိုင်းပေးတာဝန်ကတော့ ဗမာပြည် လူ့အဖွဲ့အစည်းကို ဖိနှိပ်သွေးစုပ်မှုကင်းမဲ့တဲ့ သာယာဝပြောတဲ့လူ့အဖွဲ့အစည်းတရပ်ဖြစ်အောင်လုံးပန်းသွားရေးဖြစ်တယ်။ ဒီတာဝန်ကိုပြီးမြောက်ဖို့ မျိုးဆက် ပေါင်းများစွာလုံးပန်းသွားရမယ်ဆိုတာကိုသိမြင်နားလည်ထားပါတယ်။
ဗမာပြည်လူမျိုးပေါင်းစုံ ပြည်သူလူထုအကျိုးစီးပွားအတွက် ဗမာပြည် ကွန်မြူနစ်ပါတီဟာ ဒီသမိုင်းပေးတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်သွားရမှာပါ။ ကနေ့ကာလမိမိပါဝင်ရမယ့်အခန်းကဏ္ဍမှာအခက်အခဲဘယ်လောက်ကြီးကြီး၊အသက်သွေးဘယ်လောက်ပေးရ၊ပေးရတာဝန်ကျေပွန်အောင်ထမ်းဆောင်နေပါတယ်။ 
စီးပွားရေးအရကိုလိုနီတပိုင်းလူ့အဖွဲ့အစည်းဖြစ်နေတဲ့ ဗမာပြည်ကိုနိုင်ငံရေးအရလွတ်လပ်ပြီးဒီမိုကရေစီထွန်းကားတဲ့ စီးပွားရေးအရ အမှီခိုကင်းတဲ့ လူ့အဖွဲ့အစည်းအဖြစ် ပြောင်းလဲနိုင်မှ ဆိုရှယ်လစ်၊ကွန်မြူနစ်လူ့လောကကိုတည်ဆောက်နိုင်မယ်ဆိုတာကိုဗမာပြည်ကွန်မြူနစ်ပါတီကနားလည်ထားပါ တယ်။
ဒါကြောင့်လွတ်လပ်ရေးတိုက်ပွဲမှာလည်းဗမာပြည်ကွန်မြူနစ်ပါတီပါဝင်ခဲ့တယ်။ ဒီမိုကရေစီရေးတိုက်ပွဲမှာလည်းပါဝင်ခဲ့တယ်။ ပါဝင်နေတယ်။ ဒီမိုကရေစီရေးအောင်မြင်ပြီးမြောက်တဲ့အထိပါဝင်သွားမှာပဲဖြစ်တယ်။ ဒီမိုကရေစီရေးအောင် မြင်ပြီးမြောက်ပြီးဆိုရှယ်လစ်၊ကွန်မြူနစ်လောကကိုတည်ဆောက် အောင်မြင်ပြီးမြောက်မှသာဗမာပြည်ကွန်မြူနစ်ပါတီရဲ့ တာဝန်ပြီးမြောက်ကုန်ဆုံးမှာဖြစ်ပါတယ်။
(၂)
ဗမာပြည်ကွန်မြူနစ်ပါတီစတင်ထူထောင်တဲ့ ၁၉၃၉ ခုနှစ် ကာလဟာနယ်ချဲ့နိုင်ငံတွေအချင်းချင်းအုပ်စုတွေဖွဲ့ကြပြီးအုပ်စုတခုနဲ့ တခုရန်စောင်နေကြပါတယ်။ အင်္ဂလိပ်နယ်ချဲ့သမားအုပ်စုနဲ့ ဂျာမန်ဖက်ဆစ်နယ်ချဲ့သမားအုပ်စုတို့ ရန်စောင်နေကြပြီးဒုတိယကမ္ဘာစစ်ဖြစ်မယ့်ဆဲဆဲအချိန်ဖြစ်ပါတယ်။ ( ဒုတိယကမ္ဘာစစ်စတင်တာ ၁၉၃၉ စက်တင်ဘာဖြစ်ပါတယ်) ကမ္ဘာ့ဆိုရှယ် လစ်စနစ်လှုပ်ရှားမှု(မာ့က်စ်ဝါဒ (ဝါ) သိပ္ပံနည်းကျဆိုရှယ်လစ်ဝါဒ (ဝါ) ကွန်မြူနစ်ဝါဒ)ဟာတတိယအင်တာနေရှင်နယ် ကာလဖြစ်ပြီးဆိုဗီယက်ပြည်ထောင်စုသမ္မတနိုင်ငံသာကမ္ဘာမှာတခုတည်းသောကွန်မြူနစ်နိုင်ငံဖြစ်နေသေးချိန်ဖြစ်ပါ တယ်။ နယ်ချဲ့အုပ်စုနှစ်ခုလုံးဟာကွန်မြူနစ်ဆန့်ကျင်ရေးမှာတော့ တစိတ်တဝမ်းတည်းရှိကြပါတယ်။ ဒါကြောင့် အင်္ဂလိပ်နယ်ချဲ့ သမားရဲ့ ကိုလိုနီဖြစ်နေတဲ့ ဗမာပြည်မှာကွန်မြူနစ်ပါတီကို လျှို့ဝှက်စွာပဲဖွဲ့စည်းရပါတယ်။ မြေအောက်ပါတီပေါ့။ အဓိပ္ပာယ် က အခက်အခဲကြားထဲကပါတီကိုထူထောင်ခဲ့ရတာပါ။
အခက်အခဲအကျပ်အတည်းနဲ့ အန္တရာယ်ထူပြောတဲ့ကြားထဲကပဲဗမာပြည်ကွန်မြူနစ်ပါတီဟာဖတပလ (နောင် ဖဆပလ) အဖွဲ့ချုပ်ကိုထူထောင်ရာမှာကမကထလုပ်ရတဲ့အခန်းကပါဝင်ခဲ့ရတယ်။ နယ်ချဲ့ဖက်ဆစ်ဂျပန်တော်လှန်ရေးကိုပါဝင်ဆင်နွှဲရပါတယ်။ အောင်မြင်ပါတယ်။ တော်လှန်ရေးအတွင်းမှာပါတီဝင်တွေအတော်များများအသက်သွေးချွေးပေးလိုက် ရပါတယ်။ အဲဒီအထဲမှာ ထင်ရှားတာကတော့ ရဲဘော်သိန်းတန်(ရဲဘော်ချစ်တီး) တို့ ဗိုလ်မှူးဗထူးတို့တတွေပါ။ 
( ၃)
ဖက်ဆစ်ဂျပန်တော်လှန်ရေးအောင်မြင်ပြီးနောက် ဖဆပလအဖွဲ့ချုပ်ရော၊ ဗမာပြည်ကွန်မြူနစ်ပါတီပါ မြေအောက်ပါတီအဖွဲ့တွေဘဝကနေမြေပေါ်ပါတီအဖွဲ့အစည်းတွေအဖြစ်ဗြောင်ကြေညာပေါ်ထွက်လာပါတယ်။
လက်ဝဲညီညွတ်ရေးကို မဏ္ဍိုင်ပြုထားတဲ့ ဖဆပလအဖွဲ့ချုပ်မှာ အမျိုးသားစည်းလုံးညီညွတ်မှုဟာအမြင့်ဆုံးအချိန်ဖြစ်နေတာကြောင့် နေသူရိန်အစည်းအဝေးကိုခေါ်ဆိုကျင်းပနိုင်ပြီးအဆိုလေးရပ်ကိုလည်းကန့်ကွက်သူမရှိအတည်ပြုနိုင်ခဲ့တယ်။ အဲဒီတုန်းကသဘောထားကွဲလွဲမှုတွေကိုနောက်တန်းကိုပို့ထားနိုင်ခဲ့တယ်။ လွတ်လပ်ရေးကိစ္စကိုပဲအာရုံစိုက်ထားကြပါတယ်။
ဗမာပြည်ကွန်မြူနစ်ပါတီဟာလည်းလန်းဆန်းတက်ကြွစွာနဲ့ ဒုတိယအကြိမ်မြောက်ပါတီညီလာခံကိုအောင်မြင်စွာကျင်းပနိုင်ခဲ့တယ်။ ဗဟိုကော်မတီကိုစနစ်တကျဖွဲ့စည်းနိုင်ခဲ့ပြီးပါတီကိုလည်းစနစ်တကျစည်းရုံးဖွဲ့စည်းနိင်ခဲ့တယ်။ ၁၉၄၅ ခုနှစ်ဇူလိုင်လမှာဖြစ်ပါတယ်။
ဖဆပလအဖွဲ့ချုပ်မှာသဘောထားကွဲလွဲမှုတွေကိုဖြေရှင်းရာမှာဒီမိုကရေစီနည်းလမ်းတကျမဖြေရှင်းဘဲ ဗမာပြည် ကွန်မြူနစ်ပါတီကိုဖဆပလအဖွဲ့ချုပ်မှထုတ်ပယ်လိုက်တယ်။ ဗမာပြည်ကွန်မြူနစ်ပါတီဟာဖဆပလအဖွဲ့ချုပ်ဝင်မဖြစ် တော့ပေမယ့် လွတ်လပ်ရေးအတွက် ဖဆပလအဖွဲ့ချုပ်နဲ့ တူတာတွဲလုပ် မတူတာကိုခွဲလုပ်ပြီး ပူးပေါင်းဆောင်ရွက်မြဲဆောင်ရွက်ပါတယ်။ ဝေဖန်ထောက်ပြစရာရှိတာတွေကိုလည်းရှင်းရှင်းလင်းလင်းပဲဝေဖန်ထောက်ပြခဲ့ပါတယ်။
ဗမာပြည်ကွန်မြူနစ်ပါတီဟာဒုတိယအကြိမ်ပါတီကွန်ဂရက်အပြီးမှာသခင်စိုးခေါင်းဆောင်ပြီးအလံနီပါတီ (ကွန်မြူနစ်ပါတီ၊ ဗမာပြည်) ကိုခွဲထောင်လိုက်တာကြောင့် အကွဲအပြဲပြဿနာနဲ့ကြုံတွေ့လိုက်ရပါတယ်။ ဒါပေမဲ့ ပါတီဟာမာ့က်စ်ဝါဒအခြေခံမူအပေါ်မှာမြဲမြံစွာရပ်တည်ပြီးပါတီရဲ့စည်းရုံးရေးစည်းကမ်းဘောင်တွေကိုစွဲစွဲမြဲမြဲလိုက်နာကျင့်သုံးတာကြောင့် ပါတီကိုကြံ့ခိုင်တောင့်တင်းအောင်တည်ဆောက်နိုင်ပြီးလူထုကြီးကိုလည်းစည်းရုံးထားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဖဆပလအဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်လူကြီးတဦးလည်းဖြစ်၊ ဗမာပြည်ကွန်မြူနစ်ပါတီစတင်တည်ထောင်သူတဦးလည်း ဖြစ်သူ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ဝင် သခင်ဗဟိန်းကတော့ အသက်ပေးသွားရပါတယ်။ သူဟာဖက်ဆစ်တော်လှန်ရေးအတွင်းဒုက္ခဆင်းရဲမှုဒဏ်တွေကြောင့်နှလုံးရောဂါ ပြင်းထန်လာပါတယ်။ တော်လှန်ရေးအပြီးပါတီတွင်း၊ ဖဆပလအတွင်းသဘောထားကွဲလွဲမှုတွေ၊ လွတ်လပ်ရေးအတွက် လုံးပန်းရမှုတွေကြောင့် နှလုံးရောဂါပိုမိုဆိုးဝါးလာပြီးဆေးရုံတင်ထားလိုက်ရပါတယ်။ ဖဆပလအဖွဲ့ချုပ်ထဲကဗမာပြည် ကွန်မြူနစ်ပါတီကိုထုတ်ပယ်လိုက်တယ်ဆိုတာ သိလိုက်ရတဲ့အခါမှာတော့သခင်ဗဟိန်းစိတ်ထိခိုက်လွန်းအားကြီးပြီးနှလုံးခုန်ရပ်သွားပါတယ်။
ဗမာပြည်ကွန်မြူနစ်ပါတီကဗမာပြည်လွတ်လပ်ရေးဟာအနှောင်အဖွဲ့အချို့နဲ့ရတဲ့လွတ်လပ်ရေးဖြစ် တယ်။ လွတ်လွတ်ကျွတ်ကျွတ်လွတ်လပ်ရေးမျိုးမဟုတ်ဘူးဆိုတာကိုရှင်းရှင်းလင်းလင်းပဲဝေဖန်ပါတယ်။ ပြီးပြည့် စုံတဲ့လွတ်လပ်ရေးဖြစ်အောင်နဲ့ ဒီမိုကရေစီဖော်ဆောင်နိုင်ဖို့ ဒီမိုကရေစီသစ်လမ်းကြောင်းကိုတင်ပြခဲ့ပါတယ်။ ဖဆပလအဖွဲ့ချုပ်ကတော့ ဒီမိုကရေစီဟောင်းလမ်းကြောင်းနဲ့သွားဖို့လုံးပန်းပါတယ်။ တကယ်တော့ ဖဆပလအဖွဲ့ချုပ်ကို ပြည်သူ့အရေးတော်ပုံပါတီ တဖြစ်လဲ ဗမာပြည်ဆိုရှယ်လစ်ပါတီက လက်ဝါးကြီးအုပ်ထားတာပါ။ ဒါကြောင့်နိုင်ငံရေးလောကနဲ့စာနယ်ဇင်းလောကမှာဖဆပလအစိုးရကိုဖဆ-ဆိုရှယ်အစိုးရလို့ခေါ်ဝေါ်သုံးနှုန်းတာတွေရှိခဲ့တယ်။ ဆိုရှယ်လစ်တွေဟာသူတို့နဲ့သဘောထားမတိုက်ဆိုင်သူတွေကိုထိပ်တိုက်ရင်ဆိုင် အကြမ်းဖက်ဖြေရှင်းလေ့ရှိပါတယ်။ သခင်တင်မတော်မတရားလုပ် တဲ့(မီးခွက်မှုတ်)ကိစ္စကိုဖော်ထုတ်ရေးသားတဲ့သတင်းစာတိုက်တွေကိုဆိုရှယ်လစ်တွေကလူအုပ်စုဖွဲ့ပြီးဝင်ရောက်ဖျက်ဆီးတာလုပ်ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ဌာနချုပ်ဟာဗားဂရာလမ်းမှာဖွင့်ထားပါတယ်။ ဗားဂရာလမ်းမှာဗားဂရာချောက်ရှိတယ်။ ဗားဂရာချောက်မှာကားလမ်းကအောက်ကဖြစ်ပြီးရထားလမ်းကအပေါ်ကဖြတ်ပါတယ်။ သခင်တင်ရဲ့သတင်းကိုဗမာပြည်ကွန်မြူနစ်ပါတီဗဟိုရဲ့ သတင်းစာကလည်းဖော်ပြခဲ့တယ်။ ဒါအတွက် ပါတီသတင်းစာတိုက်ကို ဖြိုချဖျက်ဆီးဖို့ ဆိုရှယ်လစ်တွေက လုပ်လာတဲ့အခါ သခင်သန်းထွန်းက ဆိုရှယ်လစ်တွေလာရဲရင်လာခဲ့ ဗားဂရာချောက်ကိုဆိုရှယ်လစ်အရိုးတွေနဲ့ဖို့ပစ်မယ်လို့ပြောခဲ့ပါ တယ်။ တကယ်ကဗမာပြည်ကွန်မြူနစ်ပါတီဌာနချုပ်ကိုလူထုကြီးကကာကွယ်ထားတာကြောင့် ဆိုရှယ်လစ်တွေမလာရဲပါဘူး။
ဗမာပြည်ကွန်မြူနစ်ပါတီဟာဗမာပြည်လွတ်လပ်ရေးကိုအသိအမှတ်ပြုတာနဲ့အတူဝေဖန်သုံးသပ်မှုတွေပြုလုပ်ပါတယ်။ ဒါကြောင့်လည်းရွေးကောက်ပွဲလည်းဝင်တယ်။ လွှတ်တော်ထဲမှာလည်းတည်ကြည်လေးနက်စွာ ဝေဖန်ထောက်ပြတာ၊သုံးသပ်ချက်တွေနဲ့လုပ်သင့်လုပ်ထိုက်တာတွေကိုလည်းတင်ပြခဲ့ပါတယ်။(ဗမာပြည်ကွန်မြူ နစ် ပါတီကဖြူးလွှတ်တော်အမတ်ဖြစ်သူသခင်သန်းဖေရဲ့ လွှတ်တော်မှာဆွေးနွေးတင်ပြချက်တွေကိုကြည့်ပါ)
ဗမာပြည်ကွန်မြူနစ်ပါတီဟာသူ့ရဲ့သမိုင်းပေးတာဝန်တခုဖြစ်တဲ့ ဗမာပြည်ကို ပြီးပြည့်စုံတဲ့လွတ်လပ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ပြီးဒီမိုကရေစီထွန်းကားတဲ့နိုင်ငံဖြစ်အောင် ဒီမိုကရေစီသစ်လမ်းကြောင်းနဲ့ချီတက်ရာမှာ လွတ်လပ်ရေးရပြီးနောက်ပိုင်း ဥပဒေတွင်းတိုက်ပွဲနည်းလမ်းနဲ့သာသွားဖို့သဘောထားခဲ့ပါတယ်။ ဒီတိုက်ပွဲနည်းလမ်းကိုမှန်တန်းကျအောင်လုပ်ဆောင် နိုင်မယ်ဆိုရင် အမျိုးသားစည်းလုံးညီညွတ်မှုဟာတည်တံ့ခိုင်မြဲမှာဖြစ်ပါတယ်။
ဆိုရှယ်လစ်တွေရဲ့လုပ်ကြံဖန်တီးတဲ့ ဂိုရှယ်စစ်တမ်းတို့လိုဟာတွေရယ်၊ ဆိုရှယ်လစ်ဦးကျော်ငြိမ်းရဲ့ကြံစည်မှုတွေကိုအဲ့ဒီတုန်းကဝန်ကြီးချုပ်ဖြစ်သူဦးနုကသဘောတူလိုက်လျောတာရယ်၊ (ဦးနုရေးတဲ့ တာတေစနေသားစာအုပ်မှာကြည့်ပါ) ဦးကျော်ငြိမ်းရဲ့ လက်ဦးမှုယူလုပ်ကြံတတ်တဲ့အကျင့် (သိန်းဖေမြင့်ရေးကျော်ငြိမ်းစာအုပ်ကြည့်ပါ) တို့ကြောင့် အခြေအနေတွေဟာကပြောင်းကပြန်ဖြစ်ကုန်ပါတယ်။
မတ်လ ၂၇ ရက်နေ့ ဖက်ဆစ်ဂျပန်တော်လှန်ရေးနေ့ကိုအစိုးရအဖွဲ့အစည်းရော၊နိုင်ငံရေးပါတီအသီးသီးကပါ အထိမ်းအမှတ်ပြုလေ့ရှိကြတယ်။ ဒီအချက်ကိုအခွင့်ကောင်းယူပြီးအဲ့ဒီနေ့မှာ တချီတည်းနဲ့ ကွန်မြူနစ်ပါတီဗဟိုကော်မတီဝင်တပြုံလုံးကိုဖမ်းဆီးဖို့နဲ့ ပါတီရုံးအတော်များများကို ဝင်ရောက်စီးနင်းဖို့ အဲဒီတုန်းကပြည်ထဲရေးဝန်ကြီးဖြစ်သူဦးကျော်ငြိမ်းကစီစဉ်အမိန့်ပေးခဲ့ တယ်။ ဖမ်းဆီးမှုမအောင်မြင်ပါ။ သခင်သန်းထွန်းအပါအဝင် ဗဟိုကော်မတီဝင်အများစုလွတ်မြောက်သွားပါတယ်။ လွတ်မြောက်သွားတဲ့ဗဟိုကော်တီဝင်တွေဟာတောင်ငူခရိုင်၊ထန်းတပင်မြို့နယ်၊ကျောက်ကြီးပေါက်ကျေးရွာမှာ စုစည်းမိကြပြီးတပါတီလုံး အဖမ်းမခံကြဘဲ ရရာလက်နက်နဲ့ ခုခံကြဖို့ဆုံးဖြတ်လိုက်ရပါတယ်။ အဲဒီတုန်းကဗမာပြည်ကွန်မြူနစ်ပါတီမှာလက်နက်ကိုင်တပ်မရှိပါ။ လူထုထဲမှာအထူးသဖြင့်ကျေးလက်လယ်သမားထုထဲမှာရှိနေတဲ့ ဒုတိယကမ္ဘာစစ်အပြီးပြန့်ကျဲကျန်ခဲ့တဲ့ မီးကျိုးမောင်းပျက်လက်နက်တွေစုစည်းပြီးကျေးလက်လူထုကိုအမာခံထားစုဆောင်းပြီးလက်နက်ကိုင်တပ်ကိုဖွဲ့စည်းတိုက်ခိုက်ရတာဖြစ်ပါတယ်။
ဒါဟာဗမာပြည်မှာလွတ်လပ်ရေးရပြီးတဲ့နောက် အမျိုးသားစည်းလုံးညီညွတ်မှုပြိုကွဲမှုအမြင့်ဆုံးအဆင့် ရောက်သွားပြီးဒီမိုကရေစီဆိတ်သုဉ်းသွားကာပြည်တွင်းစစ်ဖြစ်ပွားသွားရတာပဲဖြစ်ပါတယ်။
ဗမာပြည်ကွန်မြူနစ်ပါတီကိုမတရားအသင်းအဖြစ် အစိုးရကကြေညာပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီဟာသူ့ရဲ့သမိုင်းပေးတာဝန်ဖြစ်တဲ့ ဒီမိုကရေစီသစ်လမ်းကြောင်းနဲ့ ဒီမိုကရေစီရေးတာဝန်ကိုဥပဒေတွင်းမှာဆောင်ရွက်ဖို့အခွင့်အလမ်းလုံးဝမရှိတော့ပါ။ ဒါကြောင့်ဥပဒေပအင်အားစုအဖြစ်နဲ့ သူ့သမိုင်းတာဝန်ကိုအကျေပွန် ဆုံးထမ်းဆောင်လိုက်ရပါတော့တယ်။ အဲဒါကတော့ ဒီမိုကရေစီသစ် (ဝါ) ပြည်သူ့ဒီမိုကရေစီလက်နက်ကိုင်တော် လှန်ရေးကိုဆင်နွှဲလိုက်ရတာပဲဖြစ်ပါတယ်။ ဗမာပြည်မှာ ၁၉၄၈ ခုနှစ်၊မတ်လ ၂၈ ရက်နေ့မှာပြည်တွင်းစစ်စတင် တာဖြစ်သလိုအဲဒီနေ့ကိုပြည်သူ့ဒီမိုကရေစီလက်နက်ကိုင်တော်လှန်ရေးနေ့အဖြစ်လည်းမော်ကွန်းထိုးခဲ့ပါတယ်။ 
(၄)
ပြည်တွင်းစစ်စတင်စကဗမာပြည်ကွန်မြူနစ်ပါတီတဖွဲ့တည်းလက်နက်ကိုင်တော်လှန်ရေးလုပ်နေရတာ ပါ။ မကြာခင်မှာ ပြည်သူ့ရဲဘော်အဖွဲ့လည်းလက်နက်ကိုင်တိုက်ပွဲဝင်လာပါတယ်။ အစိုးရတပ်ရင်းအချို့မှ တော်လှန်သော ဗမာ့တပ်မတော်(RBA)နာမည်နဲ့အင်အားအချို့လည်း ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ပူးပေါင်းခဲ့ပါတယ်။ ရခိုင်ဘက်ကလည်းလက်နက်ကိုင်တိုက်ပွဲဝင်လာခဲ့တယ်။ ၁၉၄၉ နှစ်ဦးပိုင်းမှာတော့ KNDO နဲ့ MNDO တို့လက်နက်ကိုင်တိုက်ပွဲဝင်လာပြန်တယ်။ ဒါကြောင့်ပြည်တွင်းစစ်ဟာပိုမိုကျယ်ပြန့်နက်ရှိုင်းသွားပါတယ်။
ပြည်တွင်းစစ်ဖြစ်ပွားလာတဲ့အခါ ဆရာကြီးသခင်ကိုယ်တော်မှိုင်းကသူမနာကိုယ်မနာငြိမ်းချမ်းရေးလုပ်ဖို့ အဆိုပြုလှုပ်ရှားပါတယ်။ ဒါပေမဲ့ ဖဆပလအစိုးရကအပြုတ်ချေမှုန်းရေး နဲ့ လက်နက်ချအညံ့ခံရေးပဲသဘောထားလုပ်ဆောင်ပါတယ်။ ဒါကြောင့် ပြည်တွင်းစစ်ဟာရေရှည်စစ်ပွဲဖြစ်လာပါတယ်။
ဗမာပြည်ကွန်မြူနစ်ပါတီဟာကျေးလက်အခြေခံမြို့ကိုဝိုင်းဆိုတဲ့ရေရှည်ပြည်သူ့ပြောက်ကျားစစ်ပွဲစနစ်နဲ့တိုက်ပွဲဝင်ပါတယ်။ တော်လှန်ရေးလုပ်ငန်းစဉ်တခုလုံးအရလက်နက်ကိုင်တိုက်ပွဲကိုအဓိကတိုက်ပွဲသဏ္ဌာန် အဖြစ်ထားပြီးအခြားတိုက်ပွဲသဏ္ဌာန်များနဲ့ပေါင်းစပ်တဲ့နည်းပရိယာယ်လမ်းစဉ်ကိုကျင့်သုံးပါတယ်။ ဒါကြောင့်စစ်တိုက်နေတာနဲ့တပြိုင်တည်းမှာလူထုတိုက်ပွဲတွေ၊ နိုင်ငံရေးတိုက်ပွဲတွေကိုဆက်စပ်ပြီးတနည်းမဟုတ်တနည်းနဲ့ပါဝင်စည်းရုံးလှုံ့ဆော်လှုပ်ရှားပါတယ်။ ပြည်သူ့ဒီမိုကရေစီလက်နက်ကိုင်တိုက်ပွဲတလျှောက်မှာအင်အားစုအမျိုးမျိုးနဲ့လည်းတပ်ပေါင်းစုဖွဲ့ခဲ့ပါတယ်။
ဖဆပလအစိုးရကမြေလှန်စနစ်နဲ့စစ်ဆင်တာကိုလည်းရင်ဆိုင်ခဲ့ရပါတယ်။ဗိုလ်နေဝင်းစစ်အုပ်စုကအာဏာသိမ်းကာစစ်အာဏာရှင်စနစ်ကိုထူထောင်ပြီးဖြတ်လေးဖြတ်စနစ်နဲ့စစ်ဆင်တာကိုလည်းရင်ဆိုင်ကျော်ဖြတ် ရပါတယ်။
အခြေခံစခန်းတွေကျယ်ပြန့်လာလိုက်၊သေးကျုံ့သွားလိုက်၊လွတ်မြောက်ဒေသပေါ်လာလိုက်၊လက်လွှတ် ဆုံးရှုံးသွားလိုက်နဲ့ ရေရှည်စစ်ပွဲမှာကြုံတွေ့ဖြတ်သန်းရပါတယ်။
၁၉၄၈ ခုနှစ်က ၁၉၈၉ အထိနှစ်ပေါင်း ၄၁ နှစ်အတွင်းမှာစစ်မြေပြင်မှာဥက္ကဋ္ဌနှစ်ဦး၊ အတွင်းရေးမှူးတဦးအပါအဝင် ဗဟိုအဆင့်ကေဒါကြီးများ၊ အဆင့်ဆင့်ကေဒါများ၊ပါတီဝင်များ၊ပြည်သူ့တပ်မတော်တပ်မှူးကြီးများ၊ အဆင့်ဆင့်တပ်မှူးများ၊တပ်သားအမြောက်အမြားအသက်ပေးသွားကြပါတယ်။ ထောင်တွင်း၊အကျဉ်းစခန်းအတွင်း စစ်ကြောရေးတွေမှာလည်း ပါတီဝင်ကေဒါများ၊ပါတီလိုလားသူပေါင်းများစွာအသက်ပေးသွားကြပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီဟာမိမိရဲ့သမိုင်းပေးတာဝန်ကိုဘယ်လောက်ပဲအရင်းနှီးပေးရ၊ပေးရကျေပွန်အောင် ထမ်းဆောင်သွားမှာ ဖြစ်ပါတယ်။
၁၉၇၅ ခုနှစ် ပဲခူးရိုးမအခြေခံစခန်းလက်လွှတ်ဆုံးရှုံးရတဲ့အခါ အရှေ့မြောက်လွတ်မြောက်ဒေသမှာဗဟိုကော်မတီသစ်ကိုဖွဲ့စည်းခဲ့တယ်။ ဗမာပြည်ကွန်မြူနစ်ပါတီဟာတဗိုလ်ကျတဗိုလ်တက်စနစ်နဲ့ ပြည်သူ့ ဒီမိုကရေစီလက်နက်ကိုင်တော်လှန်ရေးကိုဆင်နွှဲခဲ့ရပါတယ်၊ ၁၉၇၉ ခုနှစ်မှာဥက္ကဋ္ဌသခင်ဗသိန်းတင်အမှူးပြုတဲ့ ဗဟိုကော်မတီကအခြေအနေအရပ်ရပ်ကိုသုံးသပ်ကာပါတီအထွေထွေလုပ်ငန်းစဉ်အပါအဝင် ပါတီတည်ဆောက် ရေးလမ်းစဉ်၊စစ်ရေးလမ်းစဉ်၊မြေယာပေါ်လစီစတဲ့ လမ်းစဉ်၊လုပ်ငန်းစဉ်အရပ်ရပ်ကိုပြန်လည်သုံးသပ်ချမှတ်ခဲ့ တယ်။၁၉၈၅ ခုနှစ်မှာတော့ တတိယအကြိမ်မြောက်ပါတီကွန်ဂရက်ကိုကျင်းပနိုင်ခဲ့တယ်။ ကွန်ဂရက်က တပါတီစစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး ပါတီစုံဒီမိုကရေစီစနစ် ပေါ်ပေါက်ရေး ကြွေးကြော်သံနှင့်အတူ ၊ ပြည်တွင်းငြိမ်းချမ်းရေးအလံ - ဒီမိုကရေစီရေးအလံနှင့် - အမျိုးသားသွေးစည်းညီညွတ်ရေးအလံ ဆိုတဲ့ အလံသုံးလက်ကို တိုင်းပြည်သို့ တင်ပြခဲ့ပါတယ်။ ဗဟိုကော်မတီသစ်ကိုလည်းကွန်ဂရက်ကရွေးချယ်တင်မြှောက်လိုက်တယ်။ လက်နက်ကိုင်တိုက်ပွဲနဲ့တခြားတိုက်ပွဲသဏ္ဌာန်ပေါင်းစပ်ရေးကိုတဆင့်တိုးလုပ်ဆောင်ခဲ့တယ်။ ၁၉၈၈ ခုနှစ်ဒီမိုကရေစီရေး လူထုအုံကြွမှုကြီးမှာဗမာပြည်ကွန်မြူနစ်ပါတီဟာမိမိပါဝင်ရမယ့်အခန်းကဏ္ဍကနေတက်ကြွစွာပါဝင်ခဲ့ ပါတယ်။
၁၉၈၉ ခုနှစ်မှာပြည်သူ့ဒီမိုကရေစီလက်နက်ကိုင်တော်လှန်ရေးကိုရော၊ ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးလမ်းစဉ်ကိုပါ ဆန့်ကျင်ပြီးပုန်ကန်ခွဲထွက်မှုတွေ ပေါ်ပေါက်ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီဟာလွတ် မြောက်ဒေသအားလုံး၊အဓိကတပ်အားလုံးဆုံးရှုံးသွားရတဲ့ဘဝကိုကျရောက်သွားပါတယ်။ ပါတီဝင်ကေဒါအချို့၊ ပါတီဝင်အချို့ပါတီကိုစွန့်ခွာသွားပါတယ်။ 
(၅)
သေကောင်ပေါင်းလဲဖြစ်သွားတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီဟာဖုတ်ဖက်ခါလူးလဲထရပ်လိုက်ပါတယ်။ ၁၉၉၃ မှာတော့ တပြည်လုံးအနှံ့အပြားမှာရှိနေတဲ့ပါတီဝင်တွေနဲ့ပြန်လည်ဆက်သွယ်ချိတ်ဆက်နိုင်ပြီး အထူးကွန်ဖရင့် တရပ်ကိုကျင်းပနိုင်လာတယ်။ ၁၉၉၄ မှာ ပြီးစီးသွားတဲ့ ဒီကွန်ဖရင့်က ဗမာပြည်ကွန်မြူနစ်ပါတီကိုမြေအောက်ပါတီအဖြစ်ပြန်လည်ဖွဲ့စည်းလှုပ်ရှားဖို့ဆုံးဖြတ်လိုက်တယ်။ ရဲဘော်ကြင်မောင် ဦးစီးတဲ့ ဗဟိုစည်းရုံးရေးကော်မတီကိုဖွဲ့စည်းလိုက် တယ်။ မြေအောက်လုပ်ငန်းလမ်းညွှန်ကိုလည်းချမှတ်လိုက်ပါတယ်။ အခုဆိုရင် ဗဟိုစည်းရုံးရေးကော်မတီဝင်တွေကိုမျိုးဆက်သစ်တွေနဲ့ထပ်ဖြည့်ထားနိုင်ပါတယ်။
ဗမာပြည်ကွန်မြူနစ်ပါတီဟာ ဘယ်လောက်ကြီးမားခက်ခဲတဲ့ အခြေအနေကို ရောက်ပါစေ ဒီမိုကရေစီသစ်လမ်းကြောင်းဖြစ်တဲ့ ပြည်သူ့ဒီမိုကရေစီအစိုးရတရပ် ပေါ်ပေါက်ရေးရည်မှန်းချက်ကို ဦးတည်ချက်ထားရမယ်ဆိုတာ ပြတ်ပြတ်သားသားပဲ မြင်ထားပါတယ်။ အဲဒါကတော့ ဒီမိုကရေစီကိုနှောင့်ယှက်တားဆီးပိတ်ပင်တဲ့၊ ပြည်သူ့ဒီမိုကရေစီစနစ်ရဲ့ရန်သူဟာမျက်မှောက်ကာလမှာစစ်အာဏာရှင် စနစ်ပဲဆိုတာရှင်းရှင်းလင်းလင်းပဲမြင်ထားပါတယ်။ အာဏာသိမ်းစစ်အုပ်စုကတော်လှန်ရေးကောင်စီနဲ့အစိုးရဖွဲ့တာ၊မဆလပါတီဖွဲ့ ပြီး ၇၄ အခြေခံဥပဒေချမှတ်ကာ၊ရွေးကောက်ပွဲလုပ်ပြီးပါတီ၊ကောင်စီ၊လွှတ်တော်၊အစိုးရဖွဲ့တာ၊ ၈ လေးလုံး အရေးတော်ပုံကြီးနောက်ပိုင်း နဝတ၊နအဖ၊ အစိုးရကိုဖွဲ့တာ၊၂၀၀၈ အခြေခံဥပဒေအတည်ပြုပြီးဒီမိုကရေစီစကားတွေတဖွဖွပြောကာရွေးကောက်ပွဲလုပ်ပြီးကြံ့ဖွံ့ပါတီအနိုင်ရစေကာအဆင့်ဆင့်လွှတ်တော်နဲ့အစိုးရပေါ်ပေါက်လာတာတွေအားလုံးဟာစစ်အာဏာရှင်စနစ် ပဲဖြစ်တယ်ဆိုတာရှင်းရှင်းလင်းလင်းပဲမြင်ပါတယ်။ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာဒီချုပ်အနိုင်ရပြီးအစိုးရဖွဲ့ကာ ၂၀၀၈ အခြေခံဥပဒေအရလှုပ်ရှားရတာကြောင့် ဒီမိုကရေစီအပြောင်းအလဲကာလလို့ ဘယ်လိုပဲပြောပြောစစ်အာဏာရှင်စနစ်နဲ့ စစ်ဗျူရိုကရေစီယန္တရားကြီးကလည်ပတ်မြဲလည်ပတ်နေတယ်လို့ပဲဗမာပြည်ကွန်မြူနစ်ပါတီကရိုးရိုးရှင်းရှင်းပဲမြင်ပါတယ်။
စစ်အာဏာရှင်စနစ်ကိုတိုက်ဖျက်ပစ်နိုင်မှ ပြည်သူ့ဒီမိုကရေစီစနစ်ကိုအကောင်အထည်ဖော်နိုင်မှာဖြစ်ပါတယ်။ ကနေ့နိုင်ငံတကာပတ်ဝန်းကျင်အရ၊ပထဝီနိုင်ငံရေးအရ၊ ဗမာပြည် ပြည်သူလူထုအခြေအနေအရ၊ ဗမာပြည်စစ်အုပ်စုအခြေအနေအရ၊ ဗမာပြည်နိုင်ငံရေးအင်အားစုအသီးသီးအခြေအနေအရ ဗမာပြည်မှာ အပြောင်းအလဲတရပ် ဖော်ဆောင်ဖို့ တောင်းဆိုနေပါတယ်။ ကနေ့ကာလမှာစစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးရဲ့အစချီချက်ဟာ ၂၀၀၈ အခြေခံဥပဒေတိုက်ဖျက်ရေးပဲလို့ ဗမာပြည်ကွန်မြူနစ်ပါတီကမြင်ပါတယ်။
ဗမာပြည်ကွန်မြူနစ်ပါတီ အနေနဲ့ အခြေခံလူတန်းစားတွေရဲ့ လတ်တလောတောင်းဆိုချက်တွေနဲ့အတူ ပြည်ချစ်ဝါဒလမ်းစဉ်ကိုတင်ပြထားပါတယ်။ လှုံ့ဆော်တိုက်ပွဲဝင်နေပါတယ်။ အကြမ်းဖက်ဖိနှိပ်စိုးမိုးမှုကိုအကြမ်းဖက်ခုခံတိုက်ခိုက်တာဟာတရားတယ်၊မှန်ကန်တယ်လို့ပဲဗမာပြည်ကွန်မြူနစ်ပါတီကစွဲစွဲမြဲမြဲယုံကြည်ပါတယ်။
ဒီတင်ပြတောင်းဆိုစည်းရုံးလှုံ့ဆော်တိုက်ပွဲဝင်မှုတွေဟာဒီမိုကရေစီရေးအတွက် လတ်တလောထမ်းဆောင်ရမယ့် ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ သမိုင်းပေးတာဝန်တရပ်လည်းဖြစ်ပါတယ်။ 

Thursday, August 6, 2020

(တဘက်လှည့်နဲ့သွင်းလာတဲ့ နိုင်ငံတော်ဝါဒလား)

0 comments
(တဘက်လှည့်နဲ့သွင်းလာတဲ့ နိုင်ငံတော်ဝါဒလား)
ယုန်လေး MV နဲ့ တောင်းပန်ခန်း ၂ ခုစလုံးကို မိတ်ဆွေတွေကျေးဇူးနဲ့ ဒေါင်းလုဒ်လုပ်ပြီး သိမ်းထားလိုက်ပါတယ်။ မှတ်တမ်းမှတ်ရာသဘော တချိန်ချိန်မှာ ပြန်သုံးစရာ ပေါ်ကောင်းပေါ်လာလိမ့်မှယ် ယူဆလို့ပါ။

ယုန်လေး ဒါကိုလုပ်တာဟာ မသိနိုးနား မအူမလည်နဲ့ မျက်ကန်းတစ္ဆေမကြောက်လုပ်တာမျိုး မဟုတ်ပါ။ ခိုင်းသူရှိပါတယ်။ သူလည်း လျှင်ပါတယ်။ နိုင်ငံရေးနားလည်လို့မှ နိုင်ငံရေးလုပ်တာပါ။ ရွေးကောက်ပွဲနီးလာချိန် ကိုဗစ်ကိစ္စနဲ့တားမြစ်ထားတဲ့ကြားက အချိန်ကိုက်ထွက်လာတာကိုက ရည်ရွယ်ချက်ပါပါ ခြေလှမ်းရှိရှိ လုပ်တာပါ။ လုပ်တာမှ တွန်းတွန်းထိုးထိုးကို လုပ်တာပါ။ အခြေအနေမဟန်တော့မှ ပြန်တောင်းပန်ပြီး ခြေတလှမ်းဆုတ်ထားတာပါ။ ဒါတောင် ဒေါ်စုနှစ်သက်လိမ့်မယ်လို့ သူယူဆပြီး လုပ်တာလို့ အတိအလင်းပြောသွားပါတယ်။ ဒေါ်စု နှစ်သက်မသက်ကတော့ ကာယကံရှင်ပဲ သိပါလိမ့်မယ်။ ဒီ MV က တကယ်ပေးချင်တဲ့ နိုင်ငံရေးအနှစ်သာရက အမျိုးသားစည်းလုံးမှုဆိုတဲ့ခေါင်းစဉ်အောက်က "နိုင်ငံတော်ဝါဒထူထောင်ကြ"ဖြစ်တယ်လို့ ကျနော်မြင်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအပြီး ဒါမှမဟုတ် ဒေါ်စု နိုင်ငံရေးထဲရှိနေတုန်း တချိန်ချိန်မှာ ဒီ MV က ခင်းပြသွားတဲ့လမ်းက ပေါက်လာမယ် မလာဘူးတော့ ယတိပြတ်မပြောနိုင်သေးသလို ခု အင်န်အယ်လ်ဒီသွားနေတဲ့အခင်းအကျင်းက အဲ့ဒီဆီ ဦးတည်နေတယ်လို့လည်း ပုဒ်မချပြီးမပြောနိုင်သေးပါ။ ရောက်ရင်လည်း ရောက်သွားနိုင်ပါတယ်။ မသေချာတာက စစ်အုပ်စုကိုယ်၌က အဲ့ဒီလို(ကြံ့ဖွံ အင်န်အယ်လ်ဒီ စစ်တပ်) သုံးဦးစပ်အာဏာကို လိုချင်မချင် လိုအပ်မအပ်ပါ။ ကျနော့်အမြင်မှာတော့ လက်ရှိအနေအထားဟာ စစ်အုပ်စုအတွက် အကောင်းဆုံးအနေအထားပါ။ သုံးဦးစပ်ပါဝါဆိုရင်မှာ စကားပြောနေရတာ ဆွေးနွေးနေရတာ သဘောထားယူရတာ အပေးအယူအလျှော့အတင်းလုပ်ရတာတွေ ပိုလာနိုင်တာမို့ သူတို့ လုပ်ချင်မယ်မထင်ပါ။ သဘောက နိုင်ငံရေးကို နိုင်ငံရေးလိုလုပ်ရမယ့်သဘောပါ။ ဒါကို သူတို့ လုပ်နိုင်မယ်မထင်ပါ။

နိုင်ငံရေးပါတီတရပ်အနေနဲ့ ဒေါ်စုအလွန် အင်န်အယ်လ်ဒီ့အနေနဲ့လည်း ဘယ်ပုံရှိလေမလဲက ခုချိန်မှာ ကံသေကံမပြောဖို့ လွယ်ကူတဲ့အနေအထားတော့ မဟုတ်ပါ။ ခုက ဒေါ်စုတယောက်တည်းဩဇာနဲ့ အင်န်အယ်လ်ဒီဟာ အုပ်အုပ်စည်းစည်းရှိနေတာတော့ ငြင်းမရပါ။ ဒေါ်စုမရှိတော့ရင် ပါတီတွင်းမှာ သူတလူငါတမင်း မဖြစ်ကြဘူးဆိုရင်တောင် ခုလောက်အအုပ်အစည်းမရှိနိုင်တော့မှာကတော့ သေချာပေါက်ပြောလို့ရပါတယ်။ ဒေါ်စုလွန်သွားမှ ခု MV က ချတဲ့လမ်းကို လျှောက်ကြမယ်ဆိုလည်း လျှောက်သွားနိုင်ပါတယ်။

အခု သတိကြီးကြီးထားရမှာက ဗမာ့လူ့အဖွဲ့အစည်းမှာ ကပ်ငြိပြီးသား ပြင်းထန်တဲ့မျိုးချစ်ဝါဒ၊ ဗမာလူမျိုးကြီးဝါဒတွေနဲ့အတူ အလံရောထောင်လာတဲ့/ထူထောင်လာမယ့် "နိုင်ငံတော်ဝါဒ"ဖြစ်ပါလိမ့်မယ်။ နိုင်ငံတော်ဝါဒအောက်မှာ ဒီမိုကရေစီအခွင့်အရေးတွေ၊ လူ့အခွင့်အရေးတွေ၊ လူနည်းစုအခွင့်အရေးတွေ၊ လူ့ပုဂ္ဂလိကလွတ်လပ်ခွင့်တွေအတွက် နေရာမရှိပါ။ နိုင်ငံတော်ဝါဒမှာ နိုင်ငံတော်သာ အဓိက။ နိုင်ငံတော်ထက်အရေးပါတာ ဘာမှမရှိဆိုပြီး အစိုးရကို နိုင်ငံတော်အဖြစ်ပုံဖော်ကာ တိုင်းသူပြည်သားက ဦးညွှတ်ရရိုကျိုးရတဲ့ဘဝမျိုးထိရောက်အောင် သိမ်းသွင်းယူပါတယ်။ နိုင်ငံတော်ဝါဒထူထောင်မယ်ဆိုရင် အမျိုးသားရေးအလံထောင်ပြီး အမျိုးသားရေးဝါဒနဲ့ တိုင်းပြည်ကို အဓမ္မစုစည်းယူရတာပါ။

အမျိုးသားရေးဝါဒဟာ အသွားနှစ်ဘက်ပါတဲ့ဓါးနဲ့တူပါတယ်။ နိုင်ငံတွေ လူတွေကို စုစည်းရာမှာလည်းအသုံးတည့်သလို နိုင်ငံတွေ လူတွေကို သင်ိးခွဲရာမှာလည်း အသုံးတည့်ပါတယ်။ အမျိုးသားရေးဝါဒကြောင့်ပဲ စည်းလုံးမိသွားတဲ့နိုင်ငံတွေရှိသလို တစစီပြိုကွဲသွားတဲ့ လူ့အဖွဲ့အစည်းတွေလည်း မနည်းပါ။ အမျိုးသားရေးဝါဒဟာ အစွန်းရောက်ဖို့လည်း အလွန့်ကိုလွယ်ကူပါတယ်။ အမျိုးသားရေးအစွန်းရောက်သွားရင် ဖက်ဆစ်လက္ခဏာဆောင်ပါတယ်။ အမျိုးသားရေးဝါဒီတိုင်း ဖက်ဆစ်တွေမဟုတ်ကြပေမယ့် ဖက်ဆစ်တိုင်းကတော့ အစွန်းရောက်အမျိုးသားရေးဝါဒီတွေဖြစ်ကြတာ ကမ္ဘာမှာ အထင်အရှားရှိခဲ့ပါတယ်။

နိုင်ငံတနိုင်ငံအနေနဲ့ နယ်မြေတည်တန့်ခိုင်မြဲမှုရှိတာ နိုင်ငံတွင်းနေထိုင်ကြတဲ့အမျိုးသားချင်းတွေ တန်းတူရည်တူသွေးစည်းညီညွတ်မှုရှိကြတာတွေဟာ ကောင်းတဲ့ လိုလားအပ်တဲ့အရာတွေပါ။ ဒါပေမယ့် "စည်းလုံးမှု"ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ အမျိုးသားရေးအလံနဲ့ နိုင်ငံတော်ဝါဒထိုးတင်ပြီး တိုင်းပြည်ကို ဖက်ဆစ်ဆန်ဆန်လူ့အစည်းအလုံးဖြစ်အောင်ကြံတဲ့ အကြံအစည် အတွေးအခေါ် လုပ်ရပ်မှန်သမှကိုတော့ ဆန့်ကျင်ရပါလိမ့်မယ်။ အန္တရာယ် သိတ်ကြီးပါတယ်။

ဒါ့ကြောင့် ဒီ MV ကို ပေါ့ပေါ့တန်တန် သဘောမထားပါ။ ဒေါင်းလုပ်လုပ်ပြီး သိမ်းထားဖြစ်ပါတယ်။

မျိုးမြင့်ချို
ဩဂုတ် ၆။ ၂၀၂၀

Monday, August 3, 2020

“၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကို ခြုံငုံသုံးသပ် နိဂုံးချုပ်လုပ်ကာ သင်ခန်းစာ ထုတ်ယူရေး” ၃

0 comments
နောင်မှာ ရှောင်ကြဉ်ရမယ့် သင်ခန်းစာယူရမယ့် အချက်များကို တင်ပြပြီးပါပြီ။ အဓိကကျတယ်ထင်တာကို တင်ပြတာပါ။ တခြား သင်ခန်းစာယူစရာကိစ္စတွေလည်း ရှိပါသေးတယ်။ ဒီအစီရင်ခံစာမှာ မတင်ပြတော့ပါဘူး။
ဆက်လက်ကိုင်စွဲ ဖွံ့ဖြိုးတိုးတက်သွားစေရမယ့် အတွေ့အကြုံတွေကို အခု တင်ပြပါမယ်။ အဓိကကျတဲ့ အချက်တွေပဲ တင်ပြ သွားပါမယ်။
အဓိကကျတဲ့ အချက်တွေကတော့...
ပထမအားဖြင့် နိုင်ငံရေးနည်းပရိယာယ်ခြေလှမ်းနဲ့ နည်းနာများ တညီတည်း ရှိခဲ့ခြင်း။
ပါတီစုံဒီမိုကရေစီကို မဏ္ဍိုင်တောင်းဆိုချက်အဖြစ် ထားနိုင်ခဲ့ပါတယ်။ ဘုံရန်သူဟာ မဆလ စစ်အစိုးရပဲ ဆိုတာကို ပျောက်မသွားအောင် တလျှောက်လုံး ထိန်းထားနိုင်ပါတယ်။
အလိုအလျောက် လက္ခဏာဆောင်နေတဲ့ လူထုတိုက်ပွဲကြီးထဲမှာ စည်းရုံးဖွဲ့စည်းထားမှု (တပြည်လုံး အတိုင်းအတာအရ) မရှိခဲ့တဲ့ အခြေအနေမှာ ဒီလိုထိန်းထားနိုင်တာဟာ ကျနော်တို့ ပြည်သူတွေရဲ့ နိုးကြားထက်မြက်မှုနဲ့ ကြီးမြတ်မှုကို ပြနေတာဖြစ်ပါတယ်။
စစ်အစိုးရနဲ့ သူလျှိုဒလံတွေက မင်းမဲ့စရိုက် ဝင်လာတယ်လို့ စွပ်စွဲကြပေမယ့် ဘယ်မြို့ ဘယ်နယ်မှ ဒီအဖြစ်မျိုး မရှိခဲ့ပါဘူး။ ဆရာတော်၊ သံဃာတော်များ၊ မြို့မိမြို့ဖ၊ ရွာမိရွာဖများက ထိန်းသိမ်းပေါးတယ်။ အဲဒီကာလတုန်းက အမှုသေးမွှားများသာ ဖြစ်ခဲ့ပြီး အမှုကြီးများ မဖြစ်ခဲ့တာလည်း မှတ်တမ်းတင်စရာ ဖြစ်ပါတယ်။ အဖွဲ့တွေ ဘယ်လိုပင်ကွဲပြားနေစေဦး တိုင်တိုင်ပင်ပင် စည်းစည်းလုံးလုံး ရှိကြပါတယ်။
နဝတ က မင်းမဲ့စရိုက်အဖြစ် စာရင်းတင်နေတဲ့ကိစ္စတွေဟာ လူထုအာဏာ” ကို ကျင့်သုံးတာတွေ ဖြစ်ပါတယ်။ အများစုကိစ္စတွေဟာ ထိန်းထိန်းကွပ်ကွပ်ရှိစွာ ဆောင်ရွက်ခဲ့တာတွေဖြစ်ကြောင်း တွေ့ရပါတယ်။ လူထုတိုက်ပွဲ” ဟာ လူထုအာဏာ” ဆီသို့ တိုးတက်သွားရမှာ ဖြစ်ပါတယ်။
သူလျှိုဒလံတွေ၊ သပိတ်ဖျက်ဆီးရေးသမားတွေကို မုချနှိပ်ကွပ်ရမှာပါ။ ဒါဟာ လူထုအာဏာ” ကို ကျင့်သုံးနေတာ ဖြစ်ပါတယ်။
စစ်အစိုးရရဲ့ စစ်အာဏာရှင်စနစ် ပြိုပျက်သွားတဲ့နေရာမှာ လူထုအာဏာနဲ့ အစားထိုးမပေးနိုင်ရင်သာ မင်းမဲ့ဝါဒ ဝင်လာမှာ ဖြစ်ပါတယ်။
လူထုအာဏာ” တနည်းအားဖြင့် လမ်းမများပေါ်က အာဏာ” ကို အစိုးရအာဏာ” အဖြစ် ပါလီမန်ထဲက အဏာ အဖြစ် ရောက်အောင် တိုးချဲ့မသွားနိုင်တာသာ ကျနော်တို့ရဲ့ ချွတ်ယွင်းမှုကြီး ဖြစ်ပါတယ်။
အဲဒီလို တိုးချဲ့ရင် ပြည်တွင်းစစ်ကြီးဖြစ်သွားမယ်လို့ နလဗိန်းတုံးတွေ (ပြည်ပ ပြည်တွင်း) က ပြောကြပါတယ်။ ဗမာပြည်မှာ ပြည်တွင်း စစ်ကြီး ဖြစ်နေတာ နှစ် ၄၀ ရှိနေပြီဆိုတာ သူတို့ သိကြပါတယ်။ ဘာ့ကြောင့် ခုမှ ပြည်တွင်းစစ် ဖြစ်လာမယ်” လို့ ပြောကြပါသလဲ။
ရှင်းပါတယ်။ လူထုအာဏာ” က အစိုးရ အာဏာ” ဖြစ်သွားမှာကို ကြောက်လို့ပါ။ သူတို့ နယ်ချဲ့နိုင်ငံများရဲ့ ကမကထပြုမှုနဲ့ စိတ်ကြိုက်အစိုးရတခုကိုများ ဖန်ဆင်းလို့ရမလားလို့ စိတ်ကူးယဉ်တာပါ။
ဗိုလ်စောမောင် က ၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၅ ရက်မှာ သူတို့ ဘာကြောင့် အာဏာသိမ်းရသလဲဆိုတာနဲ့ပတ်သက်ပြီး ဝန်ခံစကား ပြောခဲ့ပါတယ်။ “B.C.P. tactics ပါ” တပ်စုချေမှုန်းရေး၊ တပ်ခွဲချေမှုန်းရေး ပြီးရင် H.Q.ကို စီးမယ်။ ဒါကြောင့် အာဏာကို ငါတို့ ယူမှဖြစ်မယ် တိုင်ပင်ကြတယ်” လို့ ဝန်ခံထားပါတယ်။
ပြည်တွင်း ပြည်ပက နလဗိန်းတုံးတွေရဲ့ လေသံနဲ့ မကွာပါဘူး။ ဗကပ အန္တရာယ်ကို လက်ညှိုးထိုးပြီး နယ်ချဲ့အကူအညီယူခဲ့တာမှာ အံခွနေပြီဖြစ်တဲ့ စစ်အုပ်စုများပီပီ လူထုအုံကြွမှုကို ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ ကြိုးကိုင်မှုနဲ့လုပ်လာတာပါလို့ ပြောလိုက်ရင် နယ်ချဲ့က ကူညီမလားလို့ စိတ်ကူးယဉ်တာပါ။
နောက်ပိုင်းမှာ စစ်အစိုးရကိုဆန့်ကျင်တဲ့ လူထုတိုက်ပွဲတိုင်းကို ဗကပ နည်းလမ်း” ဆိုပြီး စွပ်စွဲပါတယ်။ ဒါဟာ အမေရိကန်နယ်ချဲ့သမား ကို မျက်စပစ်ပြနေတာပါ။
ဗိုလ်ခင်ညွန့်ကလည်း ဗကပရဲ့ အာဏာကို ဖြတ်လမ်းက ရယူသိမ်းပိုက်ရေး” လို့ ပြောပါတယ်။ အထက်မှာ တင်ပြခဲ့ပြီးပါပြီ။ ဗကပ အာဏာရရေး မဟုတ်ဘူး၊ ဒီမိုကရေစီအစိုးရ အာဏာရရေးဆိုတာ ရှင်းခဲ့ပြီးပါပြီ။
သပိတ်စခန်းနဲ့ လမ်းမပေါ်က လူထုအာဏာကနေပြီး ယာယီ” (သို့မဟုတ်) ကြားဖြတ်” (သို့မဟုတ်) ကြားဖြတ်အိမ်စောင့်” ခေါ်ချင်တာခေါ်ပါ၊ တိုက်ပွဲဝင် လူထုကြီးစိတ်ကြိုက် ဒီမိုကရေစီအစိုးရအဖြစ် တက်လှမ်းသွားနိုင်ခဲ့ရင်၊ ငြိမ်းချမ်းစွာ ဖြစ်ပေါ်တိုးတက် သွားခဲ့ရင် အနှစ် ၄၀ တိုက်နေရတဲ့ ပြည်တွင်းစစ်တောင်မှ ရပ်စဲသွားတာ၊ နိုင်ငံရေးအရ ဖြေရှင်းလို့ ပြေရှင်းသွားတာတောင် ဖြစ်လာ မှာပါ။ ပြည်တွင်းစစ် ဖြစ်မလာနိုင်ပါဘူး။
စစ်အုပ်စုဆိုတာက ဦးရေ ၂၀၀ - ၂၅၀ ရှိနေတဲ့ မဆလ ဗဟိုကော်မတီဝင်တွေ မဟုတ်ပါဘူး။ ဒီဦးရေထက်များတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေလည်း သာပြီးမဟုတ်ပါဘူး။
အစိုးရအဖွဲ့ဝင်တွေအားလုံးလည်း မဟုတ်၊ အလုပ်အမှုဆောင် အားလုံးလည်း မဟုတ်ပါဘူး။ 
တကယ်သတ္တုချကြည့်ရင် ဗိုလ်နေဝင်းနဲ့ တာဝန်ထမ်းဆောင်ဆဲ သမ္မတ၊ ဝန်ကြီးချုပ်နဲ့ ထောက်လှမ်းရေးမှူး အပါအဝင် လက်တဆုပ်စာသာ ဖြစ်ပါတယ်။
တာယန်ထမ်းဆောင်ဆဲလို့ အထူးပြုရတာက ဗိုလ်နေဝင်းက အပြောင်းအလဲလုပ်တာ မြန်တတ်ပါတယ်။ သူနဲ့ ဘယ်သူမှ ကြာကြာမြဲလေ့ မရှိပါဘူး။
နောက်ဆုံးပိတ်စကား ပြောရရင် စစ်အုပ်စုဆိုတာ ဗိုလ်နေဝင်းပါပဲ။ ပေါ်လစီဟူသမျှ သူချနေတာပါ။ တခါတလေမှာ သူ့ရဲ့ လက်လွတ်စပယ်ပြောလေ့ရှိတဲ့ နှုတ်မိန့်” တွေက ပေါ်လစီ” ဖြစ်ကုန်တာပါ။ ဒီကိစ္စကို သူနဲ့ နီးနီးကပ်ကပ် တွဲလုပ်ခဲ့သူတိုင်း သိကြပါတယ်။
စစ်အုပ်စုကို စစ်အစိုးရ - စစ်ဗျူရိုကရေစီယန္တရားဆိုတဲ့ အစွယ်တွေ တပ်ပေးထားတော့ သေနတ်ကိုအမိန့်ပေးနိုင်တဲ့ နိုင်ငံရေးအာဏာ စစ်အုပ်စုက ရရှိနေတာပါ။ ဒီ စစ်အုပ်စု - စစ်အစိုးရ - စစ်ဗျူရိုကရေစီ ယန္တရားဆိုတဲ့ စစ် ၃ စစ်ကို တိုက်ဖျက်ဖို့ ဒါကြောင့်ပဲ လိုအပ် နေတာပါ။ မတိုက်ဖျက်နိုင်ရင် ဒီမိုကရေစီစကားတောင် လူထုမှာ ပြောနိုင်ခွင့် မရှိပါဘူး။
တညီတညွတ်တည်းသော နည်းပရိယာယ်နဲ့ ခြေလှမ်းများကို လှမ်းနိုင်ခဲ့တာဟာ တပြည်လုံးက အတွေ့အကြုံရှိသူများက အကြံကောင်း ဉာဏ်ကောင်းများ ပေးနိုင်ခဲ့တာကိုလည်း အသိအမှတ်ပြုရမှာပါ။ ၁၉၃၆-၃၈ က စပြီး အဆက်ဆက်သော ခေတ်ကာလများမှာ ရရှိခဲ့တဲ့ အတွေ့အကြုံတွေကို ဖြန့်ဖြူးပေးနိုင်ခဲ့ပါတယ်။
ရှေ့ဆောင်တပ်ဦးအခန်း၊ တိုက်ပွဲရဲ့လှံသွားအခန်းက ပါဝင်ခဲ့တဲ့ကျောင်းသားတွေ၊ လူငယ်တွေရဲ့ အသက်စွန့်ရမှာ မကြောက်၊ အခက်အခဲကို မကြောက်တဲ့ စိတ်ဓာတ်နဲ့အမြော်အမြင်ရှိရှိ တည်တည်ငြိမ်ငြိမ် လုပ်ဆောင်သွားမှုတွေကိုလည်း ဂုဏ်ပြုရမှာပါ။
ဒုတိယ အတွေ့အကြုံက အောင်သီးအောင်ပွင့်တွေကို ခိုင်မာသထက် ခိုင်မာအောင် ထိန်းသိမ်းထားနိုင်တာ ဖြစ်ပါတယ်။
ကျနော်တို့ တိုက်ပွဲဝင်ရဲဘော်တချို့အတွင်းမှာ ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံနဲ့ပတ်သက်ပြီး တဖက်သတ်ကျတဲ့ သုံးသပ်မှုတွေ ရှိနေပါတယ်။ အရေးတော်ပုံ ရှုံးသွားပြီ” ဆိုတဲ့ စိတ်ပျက်အားငယ်တဲ့ သုံးသပ်ချက် ဖြစ်ပါတယ်။
တကြိုးတည်းနဲ့ အောင်ပွဲအထိရောက်အောင် မချီတက်နိုင်ခဲ့တာဘက်ကကြည့်ရင် ရှုံးသွားတာ အမှန်ပါ။
ဒါပေမယ့် အရေးတော်ပုံက တောင်းဆိုတိုက်ပွဲဝင်ခဲ့တဲ့ အချက်တွေဘက်ကကြည့်ရင် အောင်မြင်မှုတွေ (အောင်သီးအောင်ပွင့်တွေ) မနည်းဘူးဆိုတာ တွေ့ရမှာပါ။
မဆလ တပါတီ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေး တောင်းဆိုချက်ဟာ အောင်မြင်ပါတယ်။
မဆလ တပါတီ စစ်အာဏာရှင်စနစ်ကို တရားဝင်အောင်လုပ်ပေးထားတဲ့ ၇၄ အခြေခံဥပဒေ” ပျက်သွားပါပြီ။
အဆစ်အနေနဲ့ မဆလ ပါတီတောင် ပျက်သွားပါတယ်။ လူထုတိုက်ပွဲတောင်းဆိုချက်မှာ မဆလ ပါတီ ဖျက်သိမ်းရေး မပါပါဘူး။ ပါတီစုံထဲမှာ သူလည်း တပါတီအနေနဲ့ပါဝင်ပြီး ငြိမ်းချမ်းစွာယှဉ်ပြိုင်စေဖို့သာ လူထုက လိုလားတာပါ။
ဒါပေမယ့် သူတို့အခြေအနေကို သူတို့ သိနေလို့ မဆလကိုဖျက်သိမ်းပြီး တစည လို့ အမည်ပြောင်း၊ လမ်းစဉ်ပြောင်းတာ လုပ်လိုက် ပါတယ်။ ဒါဟာ သူတို့ရဲ့ ဒီမိုကရေစီ အခွင့်အရေးပါ။ ဖျက်ချင်ဖျက် - လမ်းစဉ် ပြောင်းချင်ပြောင်း လုပ်နိုင်ပါတယ်။
နဝတ ကိုလည်း နဝတပါတီ ဖွဲ့ပြီး ပါတီစုံ ဒီမိုကရေစီထဲမှာ ပါဝင်ဖို့ အခု ကျနော်တို့ တောင်းဆိုနေပါတယ်။ ဒါပေမယ့် နဝတ က ဖားတပိုင်း ငါးတပိုင်း ပါတီတခုပဲ ဖွဲ့လိုက်ပါတယ်။ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်း” လို့ အမည်ပေးထားပါတယ်။ (နဝတ ဟာ အိမ်စောင့်အစိုးရ ၅၈-၆၀ တုန်းက လုပ်ခဲ့တာတွေဟာ အောင်မြင်မှုတွေလို့ ထင်နေဟန်ရှိပါတယ်။ ဒါကြောင့် အဲဒီတုန်းက လုပ်ခဲ့တာတွေ လိုက်လုပ်လေ့ရှိပါတယ်။ တည်မြဲ ဖဆပလ အကျနာသွားပြီး သန့်ရှင်း ဖဆပလကို လူထုက တခဲနက် မဲပေးလိုက်တဲ့ လူထုရဲ့ ဒဏ်ခတ်မှုကြီးကိုတော့ သူတို့ သင်ခန်းစာ မယူပါဘူး။)
ကြံ့ခိုင်ရေးအသင်းဟာ နဝတ က ဖန်တီးလိုက်တဲ့ အသင်းလို့ နာမည်ခံတဲ့ ပါတီတခုပါ။ မဆလ ကို တော်လှန်ရေးကောင်စီက ဖန်တီးခဲ့သလို ဖန်တီးနေတာ ဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ နိုင်ငံရေးလမ်းစဉ်ကို အကောင်အထည်ဖော်ဖို့ ဖွဲ့စည်းလိုက်တာပဲ ဖြစ်ပါတယ်။
နောက် အောင်သီးအောင်ပွင့် တခုက (ဒီ အောင်သီးအောင်ပွင့်က ပိုအရေးကြီးပါတယ်) ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ လုပ်ပေးရတာပါ။
တပါတီလား - ပါတီစုံလား ဆိုတာကို လူထုဆန္ဒခံယူပွဲ” လုပ်ရေးဆိုတာကို မဆလ စစ်အစိုးရက လုပ်ချင်တာပါ။ မဆလ တပါတီ စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေမယ့် ရှည်လျားထွေပြားတဲ့လမ်းကိုလိုက်ဖို့ စစ်အုပ်စုက လုပ်ချင်တာပါ။ ဒါပေမယ့် မလုပ်နိုင်ခဲ့ ပါဘူး။ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံအတွင်းမှာပဲ ဒီကိစ္စကို လူထုက ပယ်ချလိုက်နိုင်ပါတယ်။
နဝတ ဟာ အာဏာသိမ်းတယ်ဆိုကတည်းက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးပါမယ်လို့ ကတိခံပြီး တက်လာရတာ ဖြစ်ပါတယ်။
ဒီကတိဟာ နဝတ စစ်အစိုးရအဖို့ မထွေးနိုင် မမျိုနိုင်ဖြစ်နေစေခဲ့တဲ့ ကိစ္စကြီးပါ။ လူထုအတွက်တော့ အောင်သီးအောင်ပွင့်တခု ဖြစ်ပါတယ်။ ၂ နှစ်လောက် အချိန်ဆွဲပြီး စိတ်ချရပြီထင်မှ၊ စိတ်ကြိုက်အဖြေလည်း ထွက်လောက်ပြီထင်ကာ ၉၀ မေလမှာ ရွေးကောက်ပွဲလုပ်လိုက်တော့ သူတို့တွက်ကိန်း လွဲသွားပါတယ်။
သူတို့လည်ချောင်းမှာ တစ်နေတဲ့ မထွေးနိုင် မမျိုနိုင်တဲ့ကိစ္စကြီးဟာ ပိုပြီး ကြီးမားလာပါတော့တယ်။ ၉၀ ခုနှစ် ရွေးကောက်ပွဲကို တရားမဝင်ဘူးလို့ လုပ်လို့လည်း မဖြစ်၊ ရလဒ်ကို အသိအမှတ်မပြုလို့လည်း မဖြစ်။ ဒုက္ခတွေ့တော့တာပါပဲ။
ပြည်တွင်းက လူထုအတွက် တိုက်စရာတိုက်ကွက်ကြီး ဖြစ်လာရုံမက နိုင်ငံတကာကလည်း အပြစ်ပြောစရာ ဖြစ်သွားပါတယ်။
ရွေးကောက်ပွဲမှာ အဆင်မပြေ တွက်ကိန်းလွဲသွားတာကြောင့် ဦးတည်ချက် ၆ ရပ်လည်း ရှောရှောရှူရှူဖြစ်ဖို့ မလွယ်။ အမျိုးသားညီလာခံဆိုတာနဲ့ အခြေခံဥပဒေရေးဆွဲရေးအတွက် အခြေခံမူများချမှတ်ရေးဆိုတာတွေမှာပါ မီးခိုးကြွက်လျှောက် ဒုက္ခတွေ့နေတာကို အထင်အရှား တွေ့နိုင်ပါတယ်။
သူတို့စစ်အုပ်စုရဲ့ တွက်ကိန်းအတိုင်းသာဖြစ်ရင်...
(က) ဦးတည်ချက် ၆ ရပ် တင်လိုက်ရင် ကန့်ကွက်သူမရှိ၊ အတည်ဖြစ်မယ်။ (၁၉၆၂ ခုနှစ် တုန်းကလို)
၁၉၆၂ ခုနှစ်တုန်းက တော်လှန်ရေးကောင်စီက တပ်မတော်ညီလာခံဆိုပြီး လုပ်တယ်။ မဆလ လမ်းစဉ် တင်တယ်။ အားလုံးကို လက်မှတ်ရေးထိုးခိုင်းပြီး မော်ကွန်းတင်တယ်။ တကယ့်သဘောကတော့ တပ်မှူးတွေကို သူခိုးသေဖော်ညှိလိုက်တာပါ။ တပ်မတော် ညီလာခံမှာ ဘယ်သူက ကာကွယ်ရေးဦးစီးချုပ်လုပ်နေတဲ့ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့အဆိုကို ကန့်ကွက်မလဲ။ နောက်မှ ထွေလီကာလီ ဖြစ်မလာအောင် အပိုင်ချည်တဲ့သဘောနဲ့ လက်မှတ်ထိုးခိုင်းတာပါ။
အတွေးအခေါ်ဆိုတာ လက်မှတ်ထိုးပြီးချည်တုပ်ထားလို့ မရပါဘူး။ အဲဒီ လက်မှတ်ထိုးခဲ့သူတွေ အများတကာ့အများစုကြီးက မဆလ လမ်းစဉ်ကို အခု ဆန့်ကျင်နေပါတယ်။
အခုတော့ မဆလကို ဆန့်ကျင်ရကောင်းလား ဆိုပြီး နဝတ က ဆဲရေးတိုင်းထွာနေပါတယ်။
(ခ) အမျိုးသားညီလာခံ လုပ်လိုက်ရင်လည်း ၇၄ အခြေခံဥပဒေတုန်းကလို ရှောရှောရှူရှူ ဖြစ်မယ်။ ၉၀.၁၉% က ထောက်ခံမယ်။
ဒါပေမယ့် တွက်ကိန်း လွဲခဲ့ပါပြီ။ ဒါကြောင့်လည်း အမျိုးသားညီလာခံဆိုတာကြီးဟာ ဖွင့်လိုက် ရုပ်လိုက်နဲ့ သံသရာရှည်နေတာပါ။
၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကရရှိလိုက်တဲ့ အဓိက အောင်သီးအောင်ပွင့် နှစ်ခုကို တင်ပြခဲ့ပြီးပါပြီ။
အောင်သီးအောင်ပွင့်တွေကို တိုးချဲ့နိုင်တယ်ဆိုတာ ကျနော်တို့ တွေ့ရပါတယ်။
ရွေးကောက်ပွဲကို နဝတ မတတ်သာလို့ လုပ်ပေးရတယ်။
လူထုကြီးက ရွေးကောက်ပွဲကို အသံတိတ် ဆန္ဒပြပွဲအဖြစ်သဘောထားပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲတွေ ပုံအောပေး လိုက်တယ်။ (ဒါဟာ အောင်သီးအောင်ပွင့်ကို တိုးချဲ့တာ)
အမျိုးသားညီလာခံကို သူ့လူတွေ၊ နိုင်ငံရေးအရ ပေါ်တာဆွဲခံရသူတွေနဲ့ မကျင်းပနိုင်ဘူး။ မလွှဲမရှောင်သာ ဒီမိုကရေစီ အမတ်တွေကို တက်ခိုင်းရတယ်။ ဒီတော့ ဦးတည်ချက် ၆ ရပ်” ကိစ္စမှာ တစ်နေရတယ်။ ဦးတည်ချက် ၆ ရပ် ဆိုတာမှာ ရှေ့က ၅ ချက်က လူကြားကောင်းအောင် ထည့်ထားတာပါ။ အဓိက အချက်က ၆ ပါ။ တပ်မတော်က အနာဂတ် နိုင်ငံရေးမှာ ဦးဆောင်ဖို့” ဆိုတာပါ။
-----
(ဗမာပြည် ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး (ယာယီ)၏ နိုင်ငံရေး အစီရင်ခံစာ ၁၉၉၄ ခုနှစ်၊ သြဂုတ်လ ၁၅ မှ ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကို ခြုံငုံသုံးသပ် နိဂုံးချုပ်လုပ်ကာ သင်ခန်းစာ ထုတ်ယူရေး” ဆိုတဲ့အခန်း တင်ပြလို့ ပြီးပါပြီ။ ဒီအစီရင်ခံစာဟာ ဖော်ပြပါအတိုင်း ၁၉၉၄ ခုနှစ်မှာ ထွက်ခဲ့တာမို့ အဲဒီတုန်းက အခြေအနေထိပဲ ၁၉၈၈ အရေးတော်ပုံနဲ့ ဆက်စပ်တင်ပြထားတာ ဖြစ်ပါတယ်။)