Tuesday, August 25, 2020

ဗိုလ်ချုပ် နှင့် ကျွန်တော် ရေးသူ - ညိုမြခေါ်- မောင်သုမန

0 comments
အောက်ပါဆောင်းပါးသည် ၁၉၅၁ ခုနှစ်ထုတ် အိုးဝေမဂ္ဂဇင်း အတွဲ ၁၀၊ အမှတ် ၄ တွင် ဖော်ပြခဲ့သောာ ဆောင်ပါးရှင်ညိုမြ ခေါ် သုမန၏ လက်ရာဖြစ်သည်။ ထိုဆောင်းပါးတွင် တက္ကသိုလ်ကျောင်းသား ကိုအောင်ဆန်း၏ ပုံရိပ်ကိုသာမက၊ အိုးဝေမဂ္ဂဇင်း၏ ပုံရိပ်နှင့် ကိုအောင်ဆန်းတို့ခေတ် ရန်ကုန်တက္ကသိုလ်ကျောင်းသားလောက၏ ပုံရိပ်ကိုပါ ထင်ဟပ်စေသောကြောင့် ပြန်လည်ကူးယူဖော်ပြလိုက်ပါသည်။ 
▪️ဗိုလ်ချုပ် နှင့် ကျွန်တော်
ရေးသူ - ညိုမြခေါ်- မောင်သုမန
ဗိုလ်ချုပ်အောင်ဆန်းနှင့် မောင်သုမနတို့မှာ ကျောင်းနေဘက် သူငယ်ချင်းအရင်းအချာများဖြစ်ကြပေသည်။ ကျောင်းနေဘက်ဟု ဆိုရာ၌၊ ပုဆိုးကွင်းသိုင်းလျက်၊ ဖင်မလုံ-ခေါင်းမလုံဘုန်းကြီးကျောင်းတွင် ဂုန်ညင်းထိုးခဲ့ကြခြင်း မဟုတ်ပေ။ မြန်မာပြည်၌ အကြီးကျယ်ဆုံးဖြစ်သောအဓိပတိထိပ်သီးအေရာမ_ ရန်ကုန်တက္ကသိုလ်ကြီး၌ စာပေအတူ သင်ကြားနေထိုင်ခဲ့ကြရာမှ၊ သူနှင့်ကျွန်တော် ပူးပေါင်း၍ ထိုကျောင်းတော်ကြီးကို မီးရှို့ကာ၊ ၁၉၃၆-ခု၊ သပိတ်ကြီးအားလှုံ့ဆော်ပေါ်ပေါက်ခဲ့စေသူများ ဖြစ်ကြပေသည်။
စ,တွေ့ပုံ
ကိုအောင်ဆန်းနှင့်ကျွန်တော် စ,တင်တွေ့ဆုံပုံကို ယနေ့တိုင် မှတ်မိပါ‌သေးသည်။
ပဲခူးကျောင်းဆောင် အပေါ်ဆုံးထပ်ရှိ ကျွန်တော်၏ ဝမ်းကွဲအစ်ကိုကိုတက်ထွတ်၏ နေထိုင်ရာ၊ လက်ထောက်အဆောင်မှူး အခန်းရှည်ကလေးအတွင်း၊ တညသ၌ စကားပြောနေကြစဉ် ရုတ်တရတ် ကိုအောင်ဆန်း ဝင်လာလေသည်။ ယောင်လည်လည် မချိုမချဉ်မျက်နှာထားနှင့် ကျွန်တော့်အား သူကအတန်ကြာ ကြည့်နေပြီးနောက်၊ ‘ဒီနှစ်အတွင်း ကိုယ့်လူကို တက္ကသိုလ်သမဂ္ဂမှာ အယ်ဒီတာအဖြစ်နဲ့ ခန့်ထားချင်တယ်…….’ ဟု ပြောလေတော့သည်။
ထိုနေ့မတိုင်ခင်က သူနှင့်ကျွန်တော် ကောင်းစွာ သိကျွမ်းခြင်းမရှိခဲ့ပေ။ ထို့သို့
ရင်းနှီးခြင်းမရှိပါဘဲလျက်၊ ယခုလို အရေးကြီးသောအလုပ်တခုကို ယုံကြည်စွာလာရောက်ပုံအပ်ခြင်းကြောင့် အတော်ပင်အံ့ဩသွားပေမိသည်။
သုမန ။ ။ထိုင်ပါအုံးဗျာ။ အခုလို ကျွန်တော့်ကို ရွေးချယ်ချီးမြှင့်တာကတော့
ဟုတ်ပါပြီ။ ဝမ်းသာပါတယ်။ ဒါပေမယ့် ကျွန်တော်က အိုင်အေတောင် မအောင်သေးဘူးဗျ။
အယ်ဒီတာဆိုတာ ဘီအေ အထက်တန်း ကျောင်းသားကြီးတွေ၊ ဘာတွေသာ လုပ်ဘို့ကောင်းတယ်။
ကိုအောင်ဆန်း ။ ။စာပေဘက်မှာ ဝါသနာပါပြီး ရေးတတ်-ဘတ်တတ်တဲ့လူကို
ခန့်ရင်အကောင်းဆုံးဘဲ။ ခင်ဗျားက (ညိုမြ)ကလောင်အမည်နဲ့ ဂန္တလောကမဂ္ဂဇင်းမှာရေးတဲ့စာတွေကိုကျွန်တော်ကြိုက်တယ်။
သုမန ။ ။ ကျေးဇူးပါဘဲဗျာ။ နို့ပေမယ့် အိုင်အေ မအောင်သေးတဲ့ ချာတိတ်ကိုခန့်ရင်၊ တက္ကသိုလ်သမဂ္ဂကြီးတခုလုံး ဂုဏ်ငယ်သွားလိမ့်မယ်။ 
ထိုအချိန်က တက္ကသိုလ်မှထုတ်ဝေသော ကောလိပ်မဂ္ဂဇင်းနှင့်သမဂ္ဂတို့မှထုတ်ဝေ‌သောမဂ္ဂဇင်းတို့မှာ အပြိုင်အဆိုင် ဖြစ်လေသည်။ ကောလိပ်မဂ္ဂဇင်းအယ်ဒီတာကို ကျောင်းအုပ်ကြီး မစ္စတာစလော့ကိုယ်တိုင် ရွေးချယ်ခန့်ထားလေ့ရှိသဖြင့် အလိုတော်ရိသံပါလေသည်။ သမဂ္ဂမှာကား လူဆူလူပူတို့၏ စုဝေးရာ အရပ်ဖြစ်၍၊ တော်လှန်ရေးစာပေများမွေးထုတ်ရာ ဌာနဖြစ်၏။ ထိုနှစ်အဘို့ သမဂ္ဂဥက္ကဌမှာ သခင်နုဖြစ်လေသည်။
ကိုအောင်ဆန်းမှာ ကျွန်တော်နှင့်ရွယ်တူဖြစ်သော်လည်း၊ သူက ကျွန်တော့်ထက်တတန်းပို၍ မြင့်၏။ ထို့ကြောင့် သူပင် အယ်ဒီတာလုပ်ရန် ကျွန်တော်က တိုက်တွန်းလေသည်။ နောက်ဆုံး၌ သူကအယ်ဒီတာလုပ်၍၊ ကျွန်တော်က မဂ္ဂဇင်းမန်နေဂျာလုပ်ရန် သဘောတူညီကြ၏။ သမဂ္ဂမဂ္ဂဇင်းဟုခေါ်တွင်ခြင်းကို သူက မကြိုက်သဖြင့် နာမည်အသစ်ရွေးချယ်ကြရာ၌လည်း၊ ကျွန်တော်ကအကြံပေးသည့်အတိုင်း (အိုးဝေမဂ္ဂဇင်း) ဟူသောအမည်ဖြင့်၊ ထိုနှစ်မှစ,၍ ထုတ်ဝေခဲ့ကြလေသည်။
အိုးဝေမဂ္ဂဇင်း
ကိုအောင်ဆန်းကား စာပေဝါသနာပါ၏။ သူများလို ဝတ္ထုများ၊ ကဗျာများ ရေးချင်ကြောင်း ကျွန်တော့်အား ပြောဘူးပါ၏။ သို့သော် ကျွန်ဘဝမှ လွတ်မြောက်ရေးစိတ်ဓာတ်များနှင့်အထူး လွှမ်းမိုးနေသူဖြစ်ရကား၊ ဆန်းသစ်နုယဉ်စာပေများကို ရေးသားလေ့ကျင့်ရန်အချိန်မရဘဲ၊ သမဂ္ဂ၏ဝါဒထုတ်ပြန်ချက် ကျေညာစာတမ်းများကို ရေးရခြင်းဖြင့်၊ အချိန်ကုန်သူဖြစ်လေသည်။ အိုးဝေမဂ္ဂဇင်းကို အတူလုပ်ကြရာတွင် တိုင်ပင်နိုင်ကြရန်၊ ကိုအောင်ဆန်းသည် ကျွန်တော်၏ထမင်းစားပွဲသို့ ပြောင်းရွှေ့လာကာ၊ ထိုအချိ်နမှစ၍ ထမင်းအတူတူ စားသောက်ခဲ့ကြလေသည်။
သခင်သန်းထွန်း
ထမင်းအတူစားကြရာတွင် ကိုအောင်ဆန်းမှာကျွေးသမျှဟင်းနှင့်ရောင့်ရဲတတ်သည်။
အခြားသူများအတွက် ဘာမျှမကျန်အောင် အလိုက်ကန်းဆိုးမသိ အစားကြီးသူမဟုတ်ပေ။ ထိုအခါက သခင်သန်းထွန်းသည် ကုလားကျောင်းတခု၌ ကျောင်းဆရာလုပ်လျက်ရှိရာမှ၊ ထမင်းဝဝမစားရ၍လားမသိ၊ ကျွန်တော်တို့၏ ထမင်းစားပွဲသို့မကြာခဏလာ၍
စားတော်ခေါ်တတ်ပေသည်။ ထိုသို့ ဧည့်သည်များလာသောအခါ တရုပ်ဆိုင်မှ ဟင်းများအပိုမှာယူကာ၊ ကျွန်တော်နှင့် ကိုအောင်ဆန်းတို့ကဝေခွဲ၍ တကာခံရစမြဲပင်။ (ဘုရားလည်းပြီး-ပြည်ကြီးလည်းပျက်)ဆိုသော စကားပုံကဲ့သို့၊ ကျွန်တော်တို့နှစ်ဦး တကုတ်ကုတ် လုပ်ကိုင်ခဲ့ကြသော အိုးဝေမဂ္ဂဇင်း ထွက်လာသောအခါ၊ တကျောင်းလုံး
ပွက်လောရိုက်လျက်၊ ရာဇ၀င်တွင်သော ၁၉၃၆ ခု၊ တက္ကသိုလ်သပိတ်ကြီး မှောက်သွားတော့၏။
ကျောင်းသားထုအုံကြွချိန်
ထိုနှစ်က သမဂ္ဂဥက္ကဌရာထူးကို သခင်နုရရှိချိန်မှစ၍၊ (ဒီနှစ်တော့ သပိတ်မှောက်ကြလိမ့်မယ်)ဟု ကျောင်းသားအများပင် ထင်ကြေးပေးခဲ့ကြ၏။ ကျွန်ပညာနှင့်မျက်နှာဖြူဆရာများကိုလည်း အနှစ်နှစ်-အလလက မုန်းတီးခဲ့ကြရာမှ၊ ထိုနှစ်တွင် ကျောင်းသားအများအုံပွင့်ကာ၊ ရဲရဲဝံ့ဝံ့ အတိုက်အခံ ပြုလုပ်ကြချိန်ဖြစ်ပေသည်။ နယ်ချဲ့တိုက်ဖျက်ရေးမှာ နိုင်ငံရေးနယ်ပယ်မှ ကျောင်းသားလောကသို့ ကူးစက်လာ၏။ တက္ကသိုလ်၌ အလိုတော်ရိ ကျောင်းသားများကို အထူးအခွင့်အရေးများပေး၍၊ မျိုးချစ်စိတ်ရှိသော ကျောင်းသားများကိုအထူးဖိနှိပ်သော စနစ်တို့မှာလည်း၊ တနေ့တခြားဇက်ရဲလာချိန်ဖြစ်ပေသည်။ တက္ကသိုလ်ပညာကို မရမကဆည်းပူးလို၍ မိဘများက အထူးခြိုးခြံထောက်ပံ့ခဲ့သော ကျောင်းသားအချို့တို့မှာ၊ လူဖြူဆရာအား(ဆာ)ဟုမထူး၍သော်၎င်း၊ ကျောင်းတက်ရက်မမှန်ဟုဆို၍သော်၎င်း၊ ဘာမဟုတ်သောပြစ်ချက်တို့ဖြင့် မတရားအပြစ်ရှာကာ၊ တချက်လွှတ်ကျောင်းထုတ်ခံကြရချိန်ဖြစ်ပေသည်။ နောက်ဆုံး၌ ကျောင်းအုပ်ကြီးဒီဂျေစလော့နှင့် အထူးမျက်မုန်းကျိုးသူသခင်နုကိုလည်း ဆရာများကိုပုတ်ခတ်သော မိန့်ခွန်းများပြောသည်ဟု ဆိုကာ၊ ကျောင်းထုတ်လိုက်ပြန်လေသည်။ ထို့ကြောင့် ကျောင်းသားများ တလှုပ်လှုပ်တရွရွ ဖြစ်နေချိန်၌၊ အိုးဝေမဂ္ဂဇင်းပေါ်ထွက်လာကာ၊ ဒီဂျေစလော့တို့လူစုအား အပြင်းအထန်ဆော်ထည့်လိုက်ရာ တကျောင်းလုံး ဇောက်ထိုးမိုးမျှော် ဖြစ်သွားခြင်းဖြစ်လေသည်။ မှတ်မိသေးသည်၊ အိုးဝေမဂ္ဂဇင်းမထွက်ခင်တရက်က၊ ကိုအောင်ဆန်းနှင့်ကျွန်တော်တို့သည် စာပုံနှိပ်တိုက်သို့သွားကာ စာအုပ်များအချိန်မှီချုပ်လုပ်ပြီးစီးစေရန်၊ ကုလားများကို ချော့မော့လျက် ကူညီလုပ်ကိုင်ပေးကြ၏။ ညနေ ၆-နာရီ လောက်တွင် အားလုံးပြီးစီး၏။ ထို့ကြောင့် ကျွန်တော်တို့နှစ်ယောက်မှာ ဝမ်းသာအားရနှင့် မကြုံစဘူး အထူးဇိမ်ခံကာ၊ တက္ကစီကားတစ်စီးငှား၍
စာအုပ်ထုပ်များတင်ဆောင်ကာ၊ လေညှင်းခံလျက် ကျောင်းသို့ပြန်ခဲ့ကြလေသည်။ ခင်မင်သော အင်္ဂလိပ်စာပါမောက္ခမစ္စတာရုတ်စ် အိမ်သို့ဝင်ကာ၊ အိုးဝေတအုပ်ကို ဦးဦးဖျားဖျား လက်ဆောင်ပေးကာ သူ့ထံမှ ဘိလပ်ရည်များတောင်းသောက်ခဲ့ကြလေ၏။ ထိုကားပေါ်တွင် မဂ္ဂဇင်းစာအုပ်များတင်လျက်၊ လေညှင်းခံကာလိုက်ပါလာသော ကိုအောင်ဆန်းနှင့် ကျွန်တော်ကား၊ နက်ဖြန်မဂ္ဂဇင်းထွက်လျှင် ဗုန်းပေါက်ကွဲသလို တကျောင်းလုံး တပြည်လုံး ဂယက်ရိုက်သွားမည်ကို လားလားမျှမမျှော်လင့်ခဲ့ကြပေ။ ထိုမဂ္ဂဇင်းစာအုပ်များ တင်ဆောင်လာခြင်းမှာ အမှန်အားဖြင့် ပေါက်ကွဲစေတတ်သော လက်နက်ပုန်းများကိုခိုးယူတင်ဆောင်လာသကဲ့သို့ပင်ဖြစ်လေသည်။ သို့သော်
ကလောင်တည်းဟူသော လက်နက်ဖြင့်၊ ထိုသို့ ပေါက်ကွဲစေမည့် ဆောင်းပါးကို စီစဉ်ရေးသားလိုက်သော တရားခံဖြစ်သူ ကျွန်တော်ပင်လျှင်၊ မိမိ၏လက်နက်ကြောင့်၊ ဤမျှ ပြင်းထန်စွာပေါက်ကွဲလိမ့်မည်ဟု မထင်မိခဲ့ပေ။ ထိုဆောင်းပါးမှာ အင်္ဂလိပ်ဘာသာဖြင့် တိုတိုတုပ်တုပ်နှင့် နာမည်ဝှက်ကာ ရေးလိုက်သောဆောင်းပါးဖြစ်၏။ ထိုအချိန်က ကျောင်းအုပ်စလော့နှင့်ကပ်ကာ မျိုးချစ်ကျောင်းသားများကို အထူးဂျောက်တွန်းနေသော ဆရာတဦးအား ကျွန်တော်က ငရဲခွေးနှင့်နှိုင်းယှဉ်ကာ၊ ပက်ပက်စက်စက် ဆော်ထည့်လိုက်ခြင်း ဖြစ်ပေသည်။
ပေါက်ကွဲလေပြီ
ထိုဆောင်းပါးကိုရေးရာ၌၊ ကျွန်တော်သည် တက္ကသိုလ်၌ရှုပ်ထွေးနေပုံကို အတွင်းသိတဦးဖြစ်သည့်အလျှောက်၊ ကလောင်ရှင်တို့၏ ဝတ္တရားအတိုင်းဆော်သင့်သောသူကို-
ထုတ်ဖော် ဆုံးမလိုက်ခြင်းဖြစ်ပေသည်။ မည်သူမျှ ကျွန်တော်အား မြှောက်ပေးခြင်းမရှိပေ။ ကျောင်းသားနှင့်ဆရာတိုက်ပွဲတွင် သခင်နုနှင့်တကွ အများအပြား မျိုးချစ်ကျောင်းသား ၁၁ ဦးတို့မှာ၊ ကျောင်းအုပ်ကြီး၏ အာဏာပြင်းထန်မှုကြောင့် ကျောင်းထွက်ရခြင်းတည်းဟူသော ဒဏ်ရာများရရှိလျက်နေလေပြီ။ အခြားကျောင်းသားများလည်း တဗိုလ်ကျရင် တဗိုလ်တက် လမ်းစဉ်အတိုင်း၊ စစ်ကျေညာလျက်‌၊ အလှည့်ကျ ချီတက်တိုက်ခိုက်ကြရန်သာ ရှိတော့၏။ ထိုသို့ အိုးဝေမဂ္ဂဇင်းမှ တင်သွင်းလိုက်ရာ၊ ထိုဆောင်းပါးမှာကျောင်းအုပ်ကြီးရုံးခန်းတွင် နောက်တနေ့ သိုက်မြိုက်စွာပေါက်ကွဲလေသည်။ အယ်ဒီတာဖြစ်သူ ကိုအောင်ဆန်းအား မစ္စတာစလော့က ဆင့်ခေါ်စစ်ဆေးတော့၏။ ထိုဆောင်းပါးရေးသူကို အပြင်းအထန်အရေးယူမည်ဖြစ်၍၊ ၎င်း၏ အမည်ကိုထုတ်ဖော် ပြောရမည်။ မပြောလျှင် ကိုအောင်ဆန်းကိုကျောင်းမှထုတ်ပစ်မည်ဟု စလော့က ဆို၏။ စာ-နယ်-ဇင်းထုံးတမ်းအရ၊ အယ်ဒီတာလုပ်သူက ထုတ်ဖော်ပြောခွင့်မရှိသဖြင့်၊ ထုတ်ဖော်မပြောနိုင်။ လုပ်ချင်ရာ လုပ်ပါဟု ကိုအောင်ဆန်းက ဘုပြောခဲ့လေသည်။ ခေါင်က မိုးမလုံဆိုသကဲ့သို့၊ ကျောင်းဆရာလုပ်သူများက မတရားလုပ်ခဲ့ကြသဖြင့်၊ ထိုမတရားမှုများကို ပြုပြင်စေရန်ကလောင်ဖြင့် လူထုအားရေးသားတိုင်တန်းခဲ့ရာတွင်၊ မတရားမှု-ဖန်တီးသူများကို အရေးမယူဘဲ၊ တိုင်တန်းသူကိုသာ အပြစ်ရှာတတ်ခြင်းမှာ အာဏာပိုင်တို့၏ထုံးဓလေ့ပင်ဖြစ်ပေသည်။ ကိုအောင်ဆန်းကိုကျောင်းထုတ်လိုက်သော အခါ၌ကား‌၊ ကျောင်းသားများသည် ထိုဓလေ့ဆိုးကို ကွက်ကွက်ကွင်းကွင်းကြီး သဘောပေါက်ကာ အထူးလှုပ်လှုပ်ရွရွ မခံမရပ်နိုင်ဖြစ်ကုန်ကြတော့၏။ နောက်တနေ့၌ သမဂ္ဂခန်းမကြီးတွင်၊ မစ္စတာရာရှစ်၊ ကိုထွန်းအုံနှင့် ကိုအုံးအစရှိသော ကျောင်းသားခေါင်းဆောင်များက မည်သို့ အရေးယူသင့်ပုံကို စည်းဝေးဟောပြောကြသောအခါ၊ ကျောင်းလုံးကျွတ် ပရိသတ်များက (သပိတ် သပိတ်- မှောက်မှောက်) ဟု သံပြိုင်အော်ကြလျက်၊ အားလုံးပင် တက္ကသိုလ်ကြီးကိုစွန့်ပစ်ကာ၊ ရွေတိဂုံ ကုန်းတော်ပေါ်သို့ ပြောင်းရွှေ့ သပိတ်မှောက်ခဲ့ကြသည်မှာ ရာဇဝင်၌ စာတင်ပြီးဖြစ်၍ အထူးရေးရန်မလိုတော့ပေ။
အပြောနှင့်အရေး
ထိုအချိန်၌သခင်နု-ရာရှစ်-ကိုအောင်ဆန်းစသော ကျောင်းသား ခေါင်းဆောင်များက
သပိတ်မှောက်ရန် ကြိတ်၍-ကြိုးဆွဲ-ခြေထိုး စီမံခဲ့ကြသည်ဟု စွပ်စွဲခြင်း ခံခဲ့ရ၏။ သို့သော် အမှန်အားဖြင့် ကျွန်တော်တို့ အချင်းချင်း ဘာမျှတိုင်ပင်ခြင်းမရှိခဲ့ပေ။ ကျောင်းသားခေါင်းဆောင်တိုင်း မိမိတို့၏တာဝန်များကို ခပ်အေးအေးနှင့်မကြောက်မရွှံ့ ရွက်ဆောင်ကြရာတွင်၊ အခြေအနေမှာလည်း အလိုလိုပင်တဆင့်ပြီးတဆင့် ကျွန်ုပ်တို့ဘက်မှ အရေးသာစေဘွယ်ဖြစ်ပေါ်လာခဲ့ရလေသည်။ ရာရှစ်စသော ကျန်သမဂ္ဂ ခေါင်းဆောင်များကလည်း၊ တာဝန်အတိုင်း ကျောင်းသားထုကြီးထံသို့ ထိုပြဿနာကို ဆုံးဖြတ်ကြရန် ရှင်းလင်းစွာ တင်ပြခဲ့၏။ ကျောင်းသားထုကြီးကလည်း အထိရောက်ဆုံးဖြစ်သော သပိတ်လမ်းစဉ်ကိုချက်ခြင်း စွန့်စားဆုံးဖြတ်ကာ တက္ကသိုလ်မှထွက်ခွာခဲ့ကြ၏။
ကျွန်တော်မှတ်မိသလောက်တွင် ထိုမျှအပူတပြင်း အရေးကြီးလှသော ရက်အနည်းငယ်အတွင်း၌ကိုအောင်ဆန်းသည် ကျွန်တော့်အား ထိုအရေးတော်ပုံကြီးနှင့်ပက်သက်၍ (အေးဆေးနေပါ)ဟူသော စကားတခွန်းသာ ပြောဘူးလေသည်။ ကျွန်တော်တို့ အချင်းချင်း၊ ထိုထက် နက်နဲရှုပ်ထွေးသော စည်းလားရိုက်မှု၊ စက်ပုန်းခုတ်မှုများ ဘာမျှမရှိခဲ့ချေ။ ဤမျှရှင်းလင်းပြတ်သားစွာ ခပ်အေးအေးနှင့်တခုပြီး တခု အလိုကျ ဖြစ်မြောက်သွားသော ကိစ္စများကို၊ ယခုတိုင် တခါမျှမတွေ့ကြုံဘူးပေ။
တက္ကသိုလ်၌အတူစား၊ အတူသွား၊ အတူတူတိုက်ပွဲဆင်းလျက်၊ လေးနှစ်ကြာမျှ ကိုအောင်ဆန်းနှင့် ပေါင်းသင်းနေထိုင်ခဲ့ရာတွင်၊ ကျွန်တော်သည် အောက်ပါအဖြစ်အပျက် ကလေးများကို သတိရမိ၏။
ကိုအောင်ဆန်း၏စိတ်ဓာတ်
ကိုအောင်ဆန်းစိတ်တိုတက်၏။ အပြောအဆို မလိမ္မာသဖြင့် ဓာတ်သိသော သမဂ္ဂရဲဘော်များမှအပ၊ သူ့အဖို့ မိတ်ဆွေများများမရှိပေ။ သမဂ္ဂ၌လည်း သူနှင့်ဘုမကျသူဟူ၍ မရှိချေ။ တခါက ရွှေတိဂုံ သပိတ်စခမ်းမှ အပြန်တွင် ထိုနှစ်အတွက်သူ့မှာ တခြားအလုပ်ကိစ္စများရှိနေသဖြင့်၊ သူလုပ်ရန်ရှိသော အလုပ်များကို ကျွန်တော်က လုံးဝတာဝန်ယူရန်လွှဲအပ်လေသည်။ ကျွန်တော်ကလည်း ထိုနှစ်အဘို့ အိုးဝေအယ်ဒီတာအဖြစ် တာဝန်ယူပြီးဖြစ်၍၊ နောက်ထပ် လက်မခံနိုင်ကြောင်းပြောသောအခါ၊ ရှူးရှူးရှဲရှဲ လုပ်သဖြင့် ထသတ်ကြရန် ဟန်ပြင်လေသည်။ အခြားအမှုဆောင်များ ဝိုင်းဝန်းဖြန်ဖြေသဖြင့်ပြီးသွား၏။ ထိုညနေ၌ ကျွန်တော့် အခန်းသို့သူရောက်လာကာ၊ သူက စိတ်မကောင်းဖြစ်နေသဖြင့် လွန်ကြူးမိကြောင်းကို ဝန်ချတောင်းပန်လေသည်။ သူကမတောင်းပန်လျှင်လည်း ကျွန်တော်က အကြောင်းသိခြင်းဖြစ်၍ ကြေနပ်ပြီးဖြစ်လေသည်။ သို့သော်-သူက ကလေးသဘွယ်၊ ဖြူစင်သော စိတ်ဓာတ်နှင့် မိမိ မှားသည်ကိုသိရှိချိန်၌ အကြွေးမထားဘဲ မာန်မာနများကို လုံးဝပယ်ဖျောက်ကာ၊ ချက်ချင်းဖွင့်ဟပြောဆိုသည်ကို ကျွန်တော်ဝမ်းမြောက်စွာနှင့် မှတ်သားမိ၏။ ဤကား ကိုအောင်ဆန်း၏
ချီးကျုးဘွယ်အချက်ကြီးတရပ်ပေတည်း။ ထိုနှစ်က မစ္စတာရာရှစ်သည် သမဂ္ဂဥက္ကဌအဖြစ်နှင့် ဆောင်ရွက်ရာတွင်၊ ၎င်းကိုကုလားဖြစ်၍ မလိုမုန်းထားအပြစ်ရှာသူများ ပေါများခဲ့လေသည်။ တခါကစည်းဝေးပွဲတခုတွင် ရာရှစ်အား အယုံအကြည်မရှိ အဆိုသွင်းရန် စီစဉ်ကြသည်ကိုကျွန်တော်က တင်ကြိုကြားသိလေသည်။ ထိုအချိန်၌ အခြားသော သပိတ်ရဲဘော်ကျောင်းသားခေါင်းဆောင်တို့မှာလည်း နယ်ထွက်နေကြ၏။
ကိုအောင်ဆန်းမှာလည်း ဖျားနေ၍ ဆေးရုံတက်နေ၏။ ကျွန်တော်ကလည်း အရေးသမားဖြစ်ပြီး စကားမပြောတတ်၍၊ ထိုစည်းဝေးပွဲတွင် ဝင်ရောက်ပြောဆိုရန် မဖြစ်နိုင်ချေ။ ထို့ကြောင့် နောက်ဆုံး၌ ဆေးရုံတွင် ငှက်ဖျားတိုးနေသော ကိုအောင်ဆန်းထံသို့ပင်သွားရောက်ကာ (ကိုယ့်လူထပါအုံး….ခင်ဗျားမရှိရင်မဖြစ်ဘူး) ဟုဆိုကာသူ့ကို ဆေးရုံမှသမဂ္ဂအထိဖက်တွဲခေါ်ဆောင်ခဲ့ရလေသည်။ သမဂ္ဂလဘက်ရေဆိုင်ခန်းသို့ရောက်မှ ကွီနိုင်နှင့် လဘက်ရေအနည်းငယ်တိုက်ကာ စည်းဝေးရာခန်းမကြီးသို့ တွဲတက်ခဲ့ရလေသည်။ ထိုနေ့အဘို့ ကိုအောင်ဆန်းမှာ နေမကောင်းသော်လည်း ရာရှစ်၏ ကောင်းသောအချက်များကို ဖော်ထုတ်၍ အထူးလေးနက်စွာပြောဆိုရာတွင်၊ အတိုက်အခံလူစုက
၎င်းတို့အဆိုကို ရုတ်သိမ်းသွားကြလေသည်။ ကိုအောင်ဆန်းသည် ရဲဘော်လူကောင်းများအတွက်၊ မယိမ်းမယိုင် ထောက်ခံကူညီတတ်ခြင်း၊ မိမိကျန်းမာရေးကို ဂရုမစိုက်ဘဲ တာဝန် ရွက်ဆောင်ခြင်းတို့မှာ၊ ကျောင်းသားဘဝ၌ပင် ထင်ရှားခဲ့လေသည်။
ဒေါင့်မကျိုးလို့ ရာရှစ်၏ ဥက္ကဌသက်တန်းကုန်ဆုံးခဲ့ပြီးနောက်၊ ဥက္ကဌသစ်ရွေးချယ်ရန်
အချိန်ကျရောက်ခဲ့ရာတွင်၊ ဒုတိယဥက္ကဌဖြစ်သူ ကိုအောင်ဆန်းကိုထုံးစံအတိုင်း
တင်မြှောက်ကြရန်ပင်ဖြစ်သည်။ သို့သော်ထိုအချိန်၌ သူ့အားအမှုဆောင်အဖွဲ့၌ထောက်ခံသူမှာ ကျွန်တော်တယောက်သာရှိလေတော့၏။ အဘယ်ကြောင့်ဆိုသော် သူ့အား ဒေါင့်မကျိုးသူဖြစ်၍၊ သူရသင့်ရထိုက်သောနေရာတွင်၊ ကိုဘဂျမ်း(ယခု ဝန်ကြီး)အား
ရွေးချယ်တင်မြှောက်လိုက်ကြလေသည်။ ဦးထွန်းအုံး၊ ကိုလှရွှေ၊ ကိုသိန်းအောင်၊ ကိုဘဟိန်း စသည်တို့က သူ့အားတနှစ်လောက် စောင့်ဆိုင်း၍ ပေါင်းသင်းဆက်ဆံရေး၊ လေ့လာရန်ပြောဆိုခဲ့ကြလေသည်။ ကိုအောင်ဆန်းသည် သူငယ်ချင်းများ၏ ဆုံးမချက်များကို ဘာမျှပြန်မပြောဘဲ၊ စည်းကမ်းသေဝပ်စွာကြိုးစား လိုက်နာခဲ့ပေသည်။ နောက်တနှစ်တွင် ထိုသို့အများ၏ ဆန္ဒကို မသွေမဖီလိုက်နာတတ်သော အရည်အချင်းကိုပင် အထူးထုတ်ဖော်ချီးကြူးကာ၊ ကိုအောင်ဆန်းကို အားလုံးက ဥက္ကဌအဖြစ် ရွေးချယ်လိုက်ကြလေသည်။
နိုင်ငံရေးသို့
ထိုနှစ်အတွင်း တညနေတွင် ကိုအောင်ဆန်းနှင့် ကျွန်တော်သည် သထုံကျောင်းဆောင်ရှေ့၌လမ်းရှောက်လျက် ရှိကြစဉ်၊ ရုတ်တရတ် သူက(ကိုယ့်လူ-ကိုယ်တော့သွားတော့မယ်၊ ကျောင်းထွက်ပြီးနိုင်ငံရေးထဲကို ခြေစုံပစ်ဝင်တော့မယ်….)ဟုပြော၍၊ သခင်ပါတီသို့ဝင်ကာ၊ တကယ့်တိုက်ပွဲများတွင်ဝင်နွှဲတော့မည်ဖြစ်ကြောင်းများကို ပြောလေသည်။ သူက ထိုသို့ပြောပြနေစဉ်ကျွန်တော်သည်အထူးဝမ်းနည်းလာ၏။ ကျွန်တော်တို့ သူငယ်ချင်းများ လေးနှစ်ကြာမျှ ဥမကွဲသိုက်မပျက် နေထိုင် အလုပ်လုပ်လာခဲ့ကြသည်မှာ၊ ကမ္ဘာလေးတခုကဲ့သို့ပင် မှတ်ထင်ကာ၊ ထိုကမ္ဘာသည် မည်သည်အခါမျှ ပျက်မည်မဟုတ်ဟူ၍ မှတ်ထင်နေခဲ့ကြ၏။ သို့သော် အချိန်သည်ကုန်မှန်းမသိကုန်ဆုံးခဲ့၍ ကိုအောင်ဆန်းကား ဘီအေ အောင်ပြီးဖြစ်လျက်၊ ကျွန်တော့် အဖို့လည်း ထိုနှစ်မှာ
နောက်ဆုံးနှစ်ပင် ဖြစ်ကြောင်းကိုသတိရမိလေသည်။ ကျွန်တော်တို့နှစ်ဦး ရင်းနှီးခင်မင်စွာ သွားအတူလာအတူ နေထိုင်ခဲ့ကြသော လေးနှစ်ရာသီ ခေတ်ကလေးကား ကုန်ဆုံးလေပြီ။ လောကတွင် အပျော်ဆုံး၊ အရွှင်ဆုံး၊ အရူးဆုံး၊ အမိုက်ဆုံးဖြစ်သော
ကျောင်းသားဘဝကား ဆုံးခမ်းတိုင်လေပြီ။ ကျွန်တော်က စိတ်ဓာတ်မွန်မြတ်စွာ တိုင်းပြည်အတွက်စွန့်စားရန် အဓိဌာန်ကိုချီးကြူးမိသော်လည်း သူ့အတွက် စိုးရိမ်မကင်းရှိမိပုံကို ပြောပြ၏။ (နိုင်ငံရေးလောကဟာသိပ်ပြီးရှုပ်တယ်-ဆိုးတယ်။ ဒီမှာဆိုရင် ကျွန်တော်တို့အချင်းချင်း ခင်ဗျားကိုနားလည်တယ်၊ အစစအရာရာမှာ သူငယ်ချင်းတွေမို့ ခင်မင်ယုယရှိကြတယ်။ နိုင်ငံရေးထဲကို ခြေစုံပစ်ဝင်ရင် ခြေထိုးထားတာတွေ ကြမ်းတမ်းယုတ်မာတာတွေနဲ့ တွေ့ပြီး၊ နေရာတကာ ခင်ဗျားဘဲ ဒုက္ခရောက်စရာတွေများတယ်ဗျာ…။ ခင်ဗျားကလဲ ငယ်သေးတယ်) ဟုကျွန်တော်က ပြောမိလေသည်။
ဗိုလ်ချုပ်ကား-ဆည်းဆာချိန် ကောင်းကင်သို့မော့ကြည့်လျက်၊ (အမေ့အတွက်လဲ ဘာမျှ
ကျေးဇူးမဆပ်ရသေးဘူး၊ လခစားလုပ်ဘို့ကိုလည်း စိတ်မရှိတော့ဘူး။ ဘာဘဲဖြစ်ဖြစ်လေ သွားမဲ့လမ်းကိုသွားရမှာဘဲ….) ဟုလွမ်းစိတ်နှင့် အဓိဌာန်စိတ်များရောပြွမ်းကာ၊ အသံခပ်မာမာနှင့်ပင် ပြောလေသည်။ (သွားတော့မည်….)ဟု သူကပြောလိုက်သဖြင့်၊ ကျွန်တော့်အဖို့ ထိုသမဂ္ဂ ကမ္ဘာလေးနှင့်တကွ၊တိုတောင်းလှသော တက္ကသိုလ်ကျောင်းသားခေတ်ကလေးကိုကားလိပ်ချလိုက်သလိုပင်ဖြစ်သွားတော့၏။
(မူရင်း စာလုံးပေါင်းသတ်ပုံများအတိုင်းဖော်ပြထားပါသည်။)

0 comments:

Post a Comment