Monday, August 3, 2020

“၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကို ခြုံငုံသုံးသပ် နိဂုံးချုပ်လုပ်ကာ သင်ခန်းစာ ထုတ်ယူရေး” ၃

0 comments
နောင်မှာ ရှောင်ကြဉ်ရမယ့် သင်ခန်းစာယူရမယ့် အချက်များကို တင်ပြပြီးပါပြီ။ အဓိကကျတယ်ထင်တာကို တင်ပြတာပါ။ တခြား သင်ခန်းစာယူစရာကိစ္စတွေလည်း ရှိပါသေးတယ်။ ဒီအစီရင်ခံစာမှာ မတင်ပြတော့ပါဘူး။
ဆက်လက်ကိုင်စွဲ ဖွံ့ဖြိုးတိုးတက်သွားစေရမယ့် အတွေ့အကြုံတွေကို အခု တင်ပြပါမယ်။ အဓိကကျတဲ့ အချက်တွေပဲ တင်ပြ သွားပါမယ်။
အဓိကကျတဲ့ အချက်တွေကတော့...
ပထမအားဖြင့် နိုင်ငံရေးနည်းပရိယာယ်ခြေလှမ်းနဲ့ နည်းနာများ တညီတည်း ရှိခဲ့ခြင်း။
ပါတီစုံဒီမိုကရေစီကို မဏ္ဍိုင်တောင်းဆိုချက်အဖြစ် ထားနိုင်ခဲ့ပါတယ်။ ဘုံရန်သူဟာ မဆလ စစ်အစိုးရပဲ ဆိုတာကို ပျောက်မသွားအောင် တလျှောက်လုံး ထိန်းထားနိုင်ပါတယ်။
အလိုအလျောက် လက္ခဏာဆောင်နေတဲ့ လူထုတိုက်ပွဲကြီးထဲမှာ စည်းရုံးဖွဲ့စည်းထားမှု (တပြည်လုံး အတိုင်းအတာအရ) မရှိခဲ့တဲ့ အခြေအနေမှာ ဒီလိုထိန်းထားနိုင်တာဟာ ကျနော်တို့ ပြည်သူတွေရဲ့ နိုးကြားထက်မြက်မှုနဲ့ ကြီးမြတ်မှုကို ပြနေတာဖြစ်ပါတယ်။
စစ်အစိုးရနဲ့ သူလျှိုဒလံတွေက မင်းမဲ့စရိုက် ဝင်လာတယ်လို့ စွပ်စွဲကြပေမယ့် ဘယ်မြို့ ဘယ်နယ်မှ ဒီအဖြစ်မျိုး မရှိခဲ့ပါဘူး။ ဆရာတော်၊ သံဃာတော်များ၊ မြို့မိမြို့ဖ၊ ရွာမိရွာဖများက ထိန်းသိမ်းပေါးတယ်။ အဲဒီကာလတုန်းက အမှုသေးမွှားများသာ ဖြစ်ခဲ့ပြီး အမှုကြီးများ မဖြစ်ခဲ့တာလည်း မှတ်တမ်းတင်စရာ ဖြစ်ပါတယ်။ အဖွဲ့တွေ ဘယ်လိုပင်ကွဲပြားနေစေဦး တိုင်တိုင်ပင်ပင် စည်းစည်းလုံးလုံး ရှိကြပါတယ်။
နဝတ က မင်းမဲ့စရိုက်အဖြစ် စာရင်းတင်နေတဲ့ကိစ္စတွေဟာ လူထုအာဏာ” ကို ကျင့်သုံးတာတွေ ဖြစ်ပါတယ်။ အများစုကိစ္စတွေဟာ ထိန်းထိန်းကွပ်ကွပ်ရှိစွာ ဆောင်ရွက်ခဲ့တာတွေဖြစ်ကြောင်း တွေ့ရပါတယ်။ လူထုတိုက်ပွဲ” ဟာ လူထုအာဏာ” ဆီသို့ တိုးတက်သွားရမှာ ဖြစ်ပါတယ်။
သူလျှိုဒလံတွေ၊ သပိတ်ဖျက်ဆီးရေးသမားတွေကို မုချနှိပ်ကွပ်ရမှာပါ။ ဒါဟာ လူထုအာဏာ” ကို ကျင့်သုံးနေတာ ဖြစ်ပါတယ်။
စစ်အစိုးရရဲ့ စစ်အာဏာရှင်စနစ် ပြိုပျက်သွားတဲ့နေရာမှာ လူထုအာဏာနဲ့ အစားထိုးမပေးနိုင်ရင်သာ မင်းမဲ့ဝါဒ ဝင်လာမှာ ဖြစ်ပါတယ်။
လူထုအာဏာ” တနည်းအားဖြင့် လမ်းမများပေါ်က အာဏာ” ကို အစိုးရအာဏာ” အဖြစ် ပါလီမန်ထဲက အဏာ အဖြစ် ရောက်အောင် တိုးချဲ့မသွားနိုင်တာသာ ကျနော်တို့ရဲ့ ချွတ်ယွင်းမှုကြီး ဖြစ်ပါတယ်။
အဲဒီလို တိုးချဲ့ရင် ပြည်တွင်းစစ်ကြီးဖြစ်သွားမယ်လို့ နလဗိန်းတုံးတွေ (ပြည်ပ ပြည်တွင်း) က ပြောကြပါတယ်။ ဗမာပြည်မှာ ပြည်တွင်း စစ်ကြီး ဖြစ်နေတာ နှစ် ၄၀ ရှိနေပြီဆိုတာ သူတို့ သိကြပါတယ်။ ဘာ့ကြောင့် ခုမှ ပြည်တွင်းစစ် ဖြစ်လာမယ်” လို့ ပြောကြပါသလဲ။
ရှင်းပါတယ်။ လူထုအာဏာ” က အစိုးရ အာဏာ” ဖြစ်သွားမှာကို ကြောက်လို့ပါ။ သူတို့ နယ်ချဲ့နိုင်ငံများရဲ့ ကမကထပြုမှုနဲ့ စိတ်ကြိုက်အစိုးရတခုကိုများ ဖန်ဆင်းလို့ရမလားလို့ စိတ်ကူးယဉ်တာပါ။
ဗိုလ်စောမောင် က ၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၅ ရက်မှာ သူတို့ ဘာကြောင့် အာဏာသိမ်းရသလဲဆိုတာနဲ့ပတ်သက်ပြီး ဝန်ခံစကား ပြောခဲ့ပါတယ်။ “B.C.P. tactics ပါ” တပ်စုချေမှုန်းရေး၊ တပ်ခွဲချေမှုန်းရေး ပြီးရင် H.Q.ကို စီးမယ်။ ဒါကြောင့် အာဏာကို ငါတို့ ယူမှဖြစ်မယ် တိုင်ပင်ကြတယ်” လို့ ဝန်ခံထားပါတယ်။
ပြည်တွင်း ပြည်ပက နလဗိန်းတုံးတွေရဲ့ လေသံနဲ့ မကွာပါဘူး။ ဗကပ အန္တရာယ်ကို လက်ညှိုးထိုးပြီး နယ်ချဲ့အကူအညီယူခဲ့တာမှာ အံခွနေပြီဖြစ်တဲ့ စစ်အုပ်စုများပီပီ လူထုအုံကြွမှုကို ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ ကြိုးကိုင်မှုနဲ့လုပ်လာတာပါလို့ ပြောလိုက်ရင် နယ်ချဲ့က ကူညီမလားလို့ စိတ်ကူးယဉ်တာပါ။
နောက်ပိုင်းမှာ စစ်အစိုးရကိုဆန့်ကျင်တဲ့ လူထုတိုက်ပွဲတိုင်းကို ဗကပ နည်းလမ်း” ဆိုပြီး စွပ်စွဲပါတယ်။ ဒါဟာ အမေရိကန်နယ်ချဲ့သမား ကို မျက်စပစ်ပြနေတာပါ။
ဗိုလ်ခင်ညွန့်ကလည်း ဗကပရဲ့ အာဏာကို ဖြတ်လမ်းက ရယူသိမ်းပိုက်ရေး” လို့ ပြောပါတယ်။ အထက်မှာ တင်ပြခဲ့ပြီးပါပြီ။ ဗကပ အာဏာရရေး မဟုတ်ဘူး၊ ဒီမိုကရေစီအစိုးရ အာဏာရရေးဆိုတာ ရှင်းခဲ့ပြီးပါပြီ။
သပိတ်စခန်းနဲ့ လမ်းမပေါ်က လူထုအာဏာကနေပြီး ယာယီ” (သို့မဟုတ်) ကြားဖြတ်” (သို့မဟုတ်) ကြားဖြတ်အိမ်စောင့်” ခေါ်ချင်တာခေါ်ပါ၊ တိုက်ပွဲဝင် လူထုကြီးစိတ်ကြိုက် ဒီမိုကရေစီအစိုးရအဖြစ် တက်လှမ်းသွားနိုင်ခဲ့ရင်၊ ငြိမ်းချမ်းစွာ ဖြစ်ပေါ်တိုးတက် သွားခဲ့ရင် အနှစ် ၄၀ တိုက်နေရတဲ့ ပြည်တွင်းစစ်တောင်မှ ရပ်စဲသွားတာ၊ နိုင်ငံရေးအရ ဖြေရှင်းလို့ ပြေရှင်းသွားတာတောင် ဖြစ်လာ မှာပါ။ ပြည်တွင်းစစ် ဖြစ်မလာနိုင်ပါဘူး။
စစ်အုပ်စုဆိုတာက ဦးရေ ၂၀၀ - ၂၅၀ ရှိနေတဲ့ မဆလ ဗဟိုကော်မတီဝင်တွေ မဟုတ်ပါဘူး။ ဒီဦးရေထက်များတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေလည်း သာပြီးမဟုတ်ပါဘူး။
အစိုးရအဖွဲ့ဝင်တွေအားလုံးလည်း မဟုတ်၊ အလုပ်အမှုဆောင် အားလုံးလည်း မဟုတ်ပါဘူး။ 
တကယ်သတ္တုချကြည့်ရင် ဗိုလ်နေဝင်းနဲ့ တာဝန်ထမ်းဆောင်ဆဲ သမ္မတ၊ ဝန်ကြီးချုပ်နဲ့ ထောက်လှမ်းရေးမှူး အပါအဝင် လက်တဆုပ်စာသာ ဖြစ်ပါတယ်။
တာယန်ထမ်းဆောင်ဆဲလို့ အထူးပြုရတာက ဗိုလ်နေဝင်းက အပြောင်းအလဲလုပ်တာ မြန်တတ်ပါတယ်။ သူနဲ့ ဘယ်သူမှ ကြာကြာမြဲလေ့ မရှိပါဘူး။
နောက်ဆုံးပိတ်စကား ပြောရရင် စစ်အုပ်စုဆိုတာ ဗိုလ်နေဝင်းပါပဲ။ ပေါ်လစီဟူသမျှ သူချနေတာပါ။ တခါတလေမှာ သူ့ရဲ့ လက်လွတ်စပယ်ပြောလေ့ရှိတဲ့ နှုတ်မိန့်” တွေက ပေါ်လစီ” ဖြစ်ကုန်တာပါ။ ဒီကိစ္စကို သူနဲ့ နီးနီးကပ်ကပ် တွဲလုပ်ခဲ့သူတိုင်း သိကြပါတယ်။
စစ်အုပ်စုကို စစ်အစိုးရ - စစ်ဗျူရိုကရေစီယန္တရားဆိုတဲ့ အစွယ်တွေ တပ်ပေးထားတော့ သေနတ်ကိုအမိန့်ပေးနိုင်တဲ့ နိုင်ငံရေးအာဏာ စစ်အုပ်စုက ရရှိနေတာပါ။ ဒီ စစ်အုပ်စု - စစ်အစိုးရ - စစ်ဗျူရိုကရေစီ ယန္တရားဆိုတဲ့ စစ် ၃ စစ်ကို တိုက်ဖျက်ဖို့ ဒါကြောင့်ပဲ လိုအပ် နေတာပါ။ မတိုက်ဖျက်နိုင်ရင် ဒီမိုကရေစီစကားတောင် လူထုမှာ ပြောနိုင်ခွင့် မရှိပါဘူး။
တညီတညွတ်တည်းသော နည်းပရိယာယ်နဲ့ ခြေလှမ်းများကို လှမ်းနိုင်ခဲ့တာဟာ တပြည်လုံးက အတွေ့အကြုံရှိသူများက အကြံကောင်း ဉာဏ်ကောင်းများ ပေးနိုင်ခဲ့တာကိုလည်း အသိအမှတ်ပြုရမှာပါ။ ၁၉၃၆-၃၈ က စပြီး အဆက်ဆက်သော ခေတ်ကာလများမှာ ရရှိခဲ့တဲ့ အတွေ့အကြုံတွေကို ဖြန့်ဖြူးပေးနိုင်ခဲ့ပါတယ်။
ရှေ့ဆောင်တပ်ဦးအခန်း၊ တိုက်ပွဲရဲ့လှံသွားအခန်းက ပါဝင်ခဲ့တဲ့ကျောင်းသားတွေ၊ လူငယ်တွေရဲ့ အသက်စွန့်ရမှာ မကြောက်၊ အခက်အခဲကို မကြောက်တဲ့ စိတ်ဓာတ်နဲ့အမြော်အမြင်ရှိရှိ တည်တည်ငြိမ်ငြိမ် လုပ်ဆောင်သွားမှုတွေကိုလည်း ဂုဏ်ပြုရမှာပါ။
ဒုတိယ အတွေ့အကြုံက အောင်သီးအောင်ပွင့်တွေကို ခိုင်မာသထက် ခိုင်မာအောင် ထိန်းသိမ်းထားနိုင်တာ ဖြစ်ပါတယ်။
ကျနော်တို့ တိုက်ပွဲဝင်ရဲဘော်တချို့အတွင်းမှာ ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံနဲ့ပတ်သက်ပြီး တဖက်သတ်ကျတဲ့ သုံးသပ်မှုတွေ ရှိနေပါတယ်။ အရေးတော်ပုံ ရှုံးသွားပြီ” ဆိုတဲ့ စိတ်ပျက်အားငယ်တဲ့ သုံးသပ်ချက် ဖြစ်ပါတယ်။
တကြိုးတည်းနဲ့ အောင်ပွဲအထိရောက်အောင် မချီတက်နိုင်ခဲ့တာဘက်ကကြည့်ရင် ရှုံးသွားတာ အမှန်ပါ။
ဒါပေမယ့် အရေးတော်ပုံက တောင်းဆိုတိုက်ပွဲဝင်ခဲ့တဲ့ အချက်တွေဘက်ကကြည့်ရင် အောင်မြင်မှုတွေ (အောင်သီးအောင်ပွင့်တွေ) မနည်းဘူးဆိုတာ တွေ့ရမှာပါ။
မဆလ တပါတီ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေး တောင်းဆိုချက်ဟာ အောင်မြင်ပါတယ်။
မဆလ တပါတီ စစ်အာဏာရှင်စနစ်ကို တရားဝင်အောင်လုပ်ပေးထားတဲ့ ၇၄ အခြေခံဥပဒေ” ပျက်သွားပါပြီ။
အဆစ်အနေနဲ့ မဆလ ပါတီတောင် ပျက်သွားပါတယ်။ လူထုတိုက်ပွဲတောင်းဆိုချက်မှာ မဆလ ပါတီ ဖျက်သိမ်းရေး မပါပါဘူး။ ပါတီစုံထဲမှာ သူလည်း တပါတီအနေနဲ့ပါဝင်ပြီး ငြိမ်းချမ်းစွာယှဉ်ပြိုင်စေဖို့သာ လူထုက လိုလားတာပါ။
ဒါပေမယ့် သူတို့အခြေအနေကို သူတို့ သိနေလို့ မဆလကိုဖျက်သိမ်းပြီး တစည လို့ အမည်ပြောင်း၊ လမ်းစဉ်ပြောင်းတာ လုပ်လိုက် ပါတယ်။ ဒါဟာ သူတို့ရဲ့ ဒီမိုကရေစီ အခွင့်အရေးပါ။ ဖျက်ချင်ဖျက် - လမ်းစဉ် ပြောင်းချင်ပြောင်း လုပ်နိုင်ပါတယ်။
နဝတ ကိုလည်း နဝတပါတီ ဖွဲ့ပြီး ပါတီစုံ ဒီမိုကရေစီထဲမှာ ပါဝင်ဖို့ အခု ကျနော်တို့ တောင်းဆိုနေပါတယ်။ ဒါပေမယ့် နဝတ က ဖားတပိုင်း ငါးတပိုင်း ပါတီတခုပဲ ဖွဲ့လိုက်ပါတယ်။ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်း” လို့ အမည်ပေးထားပါတယ်။ (နဝတ ဟာ အိမ်စောင့်အစိုးရ ၅၈-၆၀ တုန်းက လုပ်ခဲ့တာတွေဟာ အောင်မြင်မှုတွေလို့ ထင်နေဟန်ရှိပါတယ်။ ဒါကြောင့် အဲဒီတုန်းက လုပ်ခဲ့တာတွေ လိုက်လုပ်လေ့ရှိပါတယ်။ တည်မြဲ ဖဆပလ အကျနာသွားပြီး သန့်ရှင်း ဖဆပလကို လူထုက တခဲနက် မဲပေးလိုက်တဲ့ လူထုရဲ့ ဒဏ်ခတ်မှုကြီးကိုတော့ သူတို့ သင်ခန်းစာ မယူပါဘူး။)
ကြံ့ခိုင်ရေးအသင်းဟာ နဝတ က ဖန်တီးလိုက်တဲ့ အသင်းလို့ နာမည်ခံတဲ့ ပါတီတခုပါ။ မဆလ ကို တော်လှန်ရေးကောင်စီက ဖန်တီးခဲ့သလို ဖန်တီးနေတာ ဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ နိုင်ငံရေးလမ်းစဉ်ကို အကောင်အထည်ဖော်ဖို့ ဖွဲ့စည်းလိုက်တာပဲ ဖြစ်ပါတယ်။
နောက် အောင်သီးအောင်ပွင့် တခုက (ဒီ အောင်သီးအောင်ပွင့်က ပိုအရေးကြီးပါတယ်) ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ လုပ်ပေးရတာပါ။
တပါတီလား - ပါတီစုံလား ဆိုတာကို လူထုဆန္ဒခံယူပွဲ” လုပ်ရေးဆိုတာကို မဆလ စစ်အစိုးရက လုပ်ချင်တာပါ။ မဆလ တပါတီ စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေမယ့် ရှည်လျားထွေပြားတဲ့လမ်းကိုလိုက်ဖို့ စစ်အုပ်စုက လုပ်ချင်တာပါ။ ဒါပေမယ့် မလုပ်နိုင်ခဲ့ ပါဘူး။ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံအတွင်းမှာပဲ ဒီကိစ္စကို လူထုက ပယ်ချလိုက်နိုင်ပါတယ်။
နဝတ ဟာ အာဏာသိမ်းတယ်ဆိုကတည်းက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးပါမယ်လို့ ကတိခံပြီး တက်လာရတာ ဖြစ်ပါတယ်။
ဒီကတိဟာ နဝတ စစ်အစိုးရအဖို့ မထွေးနိုင် မမျိုနိုင်ဖြစ်နေစေခဲ့တဲ့ ကိစ္စကြီးပါ။ လူထုအတွက်တော့ အောင်သီးအောင်ပွင့်တခု ဖြစ်ပါတယ်။ ၂ နှစ်လောက် အချိန်ဆွဲပြီး စိတ်ချရပြီထင်မှ၊ စိတ်ကြိုက်အဖြေလည်း ထွက်လောက်ပြီထင်ကာ ၉၀ မေလမှာ ရွေးကောက်ပွဲလုပ်လိုက်တော့ သူတို့တွက်ကိန်း လွဲသွားပါတယ်။
သူတို့လည်ချောင်းမှာ တစ်နေတဲ့ မထွေးနိုင် မမျိုနိုင်တဲ့ကိစ္စကြီးဟာ ပိုပြီး ကြီးမားလာပါတော့တယ်။ ၉၀ ခုနှစ် ရွေးကောက်ပွဲကို တရားမဝင်ဘူးလို့ လုပ်လို့လည်း မဖြစ်၊ ရလဒ်ကို အသိအမှတ်မပြုလို့လည်း မဖြစ်။ ဒုက္ခတွေ့တော့တာပါပဲ။
ပြည်တွင်းက လူထုအတွက် တိုက်စရာတိုက်ကွက်ကြီး ဖြစ်လာရုံမက နိုင်ငံတကာကလည်း အပြစ်ပြောစရာ ဖြစ်သွားပါတယ်။
ရွေးကောက်ပွဲမှာ အဆင်မပြေ တွက်ကိန်းလွဲသွားတာကြောင့် ဦးတည်ချက် ၆ ရပ်လည်း ရှောရှောရှူရှူဖြစ်ဖို့ မလွယ်။ အမျိုးသားညီလာခံဆိုတာနဲ့ အခြေခံဥပဒေရေးဆွဲရေးအတွက် အခြေခံမူများချမှတ်ရေးဆိုတာတွေမှာပါ မီးခိုးကြွက်လျှောက် ဒုက္ခတွေ့နေတာကို အထင်အရှား တွေ့နိုင်ပါတယ်။
သူတို့စစ်အုပ်စုရဲ့ တွက်ကိန်းအတိုင်းသာဖြစ်ရင်...
(က) ဦးတည်ချက် ၆ ရပ် တင်လိုက်ရင် ကန့်ကွက်သူမရှိ၊ အတည်ဖြစ်မယ်။ (၁၉၆၂ ခုနှစ် တုန်းကလို)
၁၉၆၂ ခုနှစ်တုန်းက တော်လှန်ရေးကောင်စီက တပ်မတော်ညီလာခံဆိုပြီး လုပ်တယ်။ မဆလ လမ်းစဉ် တင်တယ်။ အားလုံးကို လက်မှတ်ရေးထိုးခိုင်းပြီး မော်ကွန်းတင်တယ်။ တကယ့်သဘောကတော့ တပ်မှူးတွေကို သူခိုးသေဖော်ညှိလိုက်တာပါ။ တပ်မတော် ညီလာခံမှာ ဘယ်သူက ကာကွယ်ရေးဦးစီးချုပ်လုပ်နေတဲ့ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့အဆိုကို ကန့်ကွက်မလဲ။ နောက်မှ ထွေလီကာလီ ဖြစ်မလာအောင် အပိုင်ချည်တဲ့သဘောနဲ့ လက်မှတ်ထိုးခိုင်းတာပါ။
အတွေးအခေါ်ဆိုတာ လက်မှတ်ထိုးပြီးချည်တုပ်ထားလို့ မရပါဘူး။ အဲဒီ လက်မှတ်ထိုးခဲ့သူတွေ အများတကာ့အများစုကြီးက မဆလ လမ်းစဉ်ကို အခု ဆန့်ကျင်နေပါတယ်။
အခုတော့ မဆလကို ဆန့်ကျင်ရကောင်းလား ဆိုပြီး နဝတ က ဆဲရေးတိုင်းထွာနေပါတယ်။
(ခ) အမျိုးသားညီလာခံ လုပ်လိုက်ရင်လည်း ၇၄ အခြေခံဥပဒေတုန်းကလို ရှောရှောရှူရှူ ဖြစ်မယ်။ ၉၀.၁၉% က ထောက်ခံမယ်။
ဒါပေမယ့် တွက်ကိန်း လွဲခဲ့ပါပြီ။ ဒါကြောင့်လည်း အမျိုးသားညီလာခံဆိုတာကြီးဟာ ဖွင့်လိုက် ရုပ်လိုက်နဲ့ သံသရာရှည်နေတာပါ။
၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကရရှိလိုက်တဲ့ အဓိက အောင်သီးအောင်ပွင့် နှစ်ခုကို တင်ပြခဲ့ပြီးပါပြီ။
အောင်သီးအောင်ပွင့်တွေကို တိုးချဲ့နိုင်တယ်ဆိုတာ ကျနော်တို့ တွေ့ရပါတယ်။
ရွေးကောက်ပွဲကို နဝတ မတတ်သာလို့ လုပ်ပေးရတယ်။
လူထုကြီးက ရွေးကောက်ပွဲကို အသံတိတ် ဆန္ဒပြပွဲအဖြစ်သဘောထားပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲတွေ ပုံအောပေး လိုက်တယ်။ (ဒါဟာ အောင်သီးအောင်ပွင့်ကို တိုးချဲ့တာ)
အမျိုးသားညီလာခံကို သူ့လူတွေ၊ နိုင်ငံရေးအရ ပေါ်တာဆွဲခံရသူတွေနဲ့ မကျင်းပနိုင်ဘူး။ မလွှဲမရှောင်သာ ဒီမိုကရေစီ အမတ်တွေကို တက်ခိုင်းရတယ်။ ဒီတော့ ဦးတည်ချက် ၆ ရပ်” ကိစ္စမှာ တစ်နေရတယ်။ ဦးတည်ချက် ၆ ရပ် ဆိုတာမှာ ရှေ့က ၅ ချက်က လူကြားကောင်းအောင် ထည့်ထားတာပါ။ အဓိက အချက်က ၆ ပါ။ တပ်မတော်က အနာဂတ် နိုင်ငံရေးမှာ ဦးဆောင်ဖို့” ဆိုတာပါ။
-----
(ဗမာပြည် ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး (ယာယီ)၏ နိုင်ငံရေး အစီရင်ခံစာ ၁၉၉၄ ခုနှစ်၊ သြဂုတ်လ ၁၅ မှ ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကို ခြုံငုံသုံးသပ် နိဂုံးချုပ်လုပ်ကာ သင်ခန်းစာ ထုတ်ယူရေး” ဆိုတဲ့အခန်း တင်ပြလို့ ပြီးပါပြီ။ ဒီအစီရင်ခံစာဟာ ဖော်ပြပါအတိုင်း ၁၉၉၄ ခုနှစ်မှာ ထွက်ခဲ့တာမို့ အဲဒီတုန်းက အခြေအနေထိပဲ ၁၉၈၈ အရေးတော်ပုံနဲ့ ဆက်စပ်တင်ပြထားတာ ဖြစ်ပါတယ်။)

0 comments:

Post a Comment