Friday, September 11, 2020

ပေဖူးလွှာသင်းရနံ့ တိုက်စိုး -------------------------------- ဒဂုန်တာရာ

0 comments

ပေဖူးလွှာသင်းရနံ့ တိုက်စိုး

--------------------------------
ဒဂုန်တာရာ

(၁)
ကျွန်တော်စတင်သိရသည်က တိုက်စိုးမဟုတ်။ သန်းထွတ်။ ကျွန်တော်တို့ ကျောင်းသားဘဝက သူနှင့် စတင်ခင်မင်ခဲ့သည်။ ယခုတော့ ဦးသန်းထွတ်၊ သန်းထွဋ်ဟုခေါ်ရသည်မှာ အခြားကြောင့် မဟုတ်။ ကိုသန်းထွတ်၊ ကိုမောင်မောင် ကျွန်တော်တို့သည် ပိုမိုခင်မင်ရင်းနှီးရာတွင် ခင်ဗျားနှင့် ကျွန်တော်မပြောကြဘဲ မင်းနှင့်ငါနှင့် ရင်းရင်းနှီးနှီးပြောရအောင်ဟု ကိုမောင်မောင်က လုပ်လာ၍ ကျွန်တော့်ကို ဌေးမြိုင်၊ သူတို့ကို မောင်မောင်၊ သန်းထွတ်ဟူ၍နှုတ်ကျိုးနေပြီ။ နှစ်ပေါင်းကလည်း ၆၀ ကျော်ပြီကိုး။
သူနှင့်ခင်မင်ရသည်က အခြားကြောင့်မဟုတ်။ စာဖတ်သူချင်းဖြစ်သည်။ သန်းထွတ်ကလည်း စာဖတ်သည်။ မောင်မောင်ကလည်း စာဖတ်သည်။ ကျွန်တော်ကလည်း စာပေဖွဲ့နွဲ့စ၊ စာဖတ်စ။ ကျောင်းသားဘဝဆိုသည်က 'ဘဝပုံသဏ္ဌာန် ပီသထင်ရှားသည်မဟုတ်၊ ကျောင်းသားဘဝက စာဖတ်သမားများ၊ စာပေသမားများ၊ ကျောင်းသားသမဂ္ဂမိတ်ဆွေများနှင့် ဂီတမိတ်ဆွေများ ကျွန်တော့်တွင်ရှိသည်။ မောင်မောင်က နေ့ကျောင်းသား။ သန်းထွတ်က သထုံကျောင်းဆောင်မှာ။ သို့သော် ကျွန်တော်တို့ ဆုံဖြစ်ကြသည်။ ထိုအခါက ကိုသန်းထွတ်သည် စာမရေးသေး။ သို့သော် စာအင်မတန်ဖတ်သူဖြစ်သည်။ မြန်မာစာရော၊ အင်္ဂလိပ်စာပါ ဖတ်သူဖြစ်သည်။ မောင်မောင်ကလည်း အင်္ဂလိပ်ရော မြန်မာစာရော ဖတ်သူပင်။

သူက အင်္ဂလိပ်စာပိုဖတ်သည်။ ကျွန်တော်ကလည်း သူတို့နှင့်အတူပင်။ နိုင်ငံရေးစာပေများကို သူတို့ကသိပ်မဖတ်။ ကျွန်တော်က ဘယ်လိုကဘယ်လို နိုင်ငံရေးသဘောတရားများ ဖတ်မိသည်မသိ။ ဆိုရှယ်လစ်သဘောတရားများကို ပိုဖတ်ဖြစ်သည်။ ဒါကတော့ သူ့အကြောင်းနှင့်သူ။ သမိုင်းဖြတ်သန်းမှုတွင် တစ်ယောက်နှင့်တစ်ယောက် "မူ"။ ခံစားမှုလည်း တူချင်မှ တူမည်။

ကိုမောင်မောင်ကတော့ စကားအော်ကျယ်အော်ကျယ် ပြောတတ်သည်။ သန်းထွတ်ကတော့ ဣန္ဒြေသမ္ပတ္တိနှင့်။ သန်းထွတ်က စိတ်ကတစ်မျိုး။ တစ်ခါတစ်ခါ ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်နေတတ်ပြီး တစ်ခါတစ်ရံ လေးလေးနက်နက်။ မောင်မောင်ကတော့ ဘယ်တော့မှလေးနက်သည်ဟုမထင်ရသော အသွင်မျိုးဖြင့် ရယ်ရယ်မောမော။ မောင်မောင်က သတင်းစာ ပတ်ဝန်းကျင်ရှိသူ။ သူ့အဖေက ရန်ကုန်မြို့ဝန်၊ သူရိယသတင်းစာတိုက်အုပ်။ သတင်းစာဆရာ။ ထို့ကြောင့်ပင် သူကျောင်းထွက်ပြီးသောအခါ သူ့ဖခင်တည်ထောင်ထားသော သမာဓိသတင်းစာတွင်အယ်ဒီတာလုပ်သည်။ ထို့နောက်သူက နိုင်ငံခြားသတင်းထောက် ဖြစ်သွားသည်။

သန်းထွတ်ကတော့ တစ်မျိုး။ သူက စာပေမွေ့သူ။ စာအုပ်များကြားတွင် ရှိနေသူ။ သူ့စိတ်ကတော့ တစ်ခါတစ်ရံ ထိုင်းမှိုင်းနေတတ်သည်။ ထိုအခါ ကျွန်တော်က အင်္ဂလိပ်စကားဖြင့် မောင်မောင်ကို Morose ဟု ပြောလိုက်သည်။ သည်တော့မှ ကိုသန်းထွတ်က ဘာလဲကွ မင်းတို့ကကွာဟု ပြောလိုက်သည်။ ကျောင်းသားဘ၀ စာပေသမားချင်းတွဲဖြစ်ခဲ့သည်။ ကိုတက်တိုး၊ ညိုမြ၊ မန်းတင်၊ ကိုမြစိန် စသူများ။ သန်းထွတ်က ညိုမြနှင့်အတွဲများသည်။ ကိုသန်းထွတ်၊ မောင်မောင်နှင့် ကျွန်တော်က အတွဲများသည်။ ဒါက ကျွန်တော်တို့ ကျောင်းသားဘဝက။

(၂)
စစ်ဖြစ်လိုက်သောအခါ ကျွန်တော်တို့ ကျောင်းသားဘဝက သူငယ်ချင်းများကွဲသွားကြသည်။ စစ်ကာလဖြစ်သည်။ သို့သော် ဂျပန်ခေတ်က ပြန်တွေ့ကြပြန်သည်။ အချို့တော့လည်း မတွေ့။ ဂျပန်ခေတ်တွင် ကျွန်တော်သည် ရွှေတောင်ကြားတွင် ရောက်နေသည်က များသည်။ ဂျပန်ခေတ်တွင် ကျောင်းသားသမဂ္ဂမိတ်ဆွေများသည် အစိုးရအဖွဲ့ဝင်များ ဖြစ်နေကြသည်။ ထို့ကြောင့် ကျွန်တော်တို့က သူတို့အိမ်များတွင် ရှိနေသည်။ သူတို့သည် ဗမာ့လွတ်လပ်ရေး တပ်မတော်တွင် ရှိနေသည်။ အစိုးရအဖွဲ့ ထဲတွင် ရှိနေသည်။ သန်းထွတ်ကိုလည်း တွေ့ရသည်။ သူကဗဟန်းရှိ ကြေးဆင်းတုတော်ကြီးအနီးတွင် ရေကန်နားမှ ဇရပ်တစ်ဆောင်တွင် တွေ့ရသည်။ ကျွန်တော်သူနှင့်အတူ သွားအိပ်သည်။ သူနှင့်တော့ စာပေစကားများပြောဖြစ်၍ သွားအိပ်သည်။ သူက စာဖတ်နေသည်။ ကျွန်တော်က သူ့ဆီက စာအုပ်များကို ယူဖတ်နေသည်။

ရွှေတောင်ကြားမှ မိတ်ဆွေများနှင့်တော့ စာပေစကားများ မပြောဖြစ်၊ သူတို့က နိုင်ငံရေးသမားများဖြစ်သဖြင့် နိုင်ငံရေးစကားများတော့ ပြောဖြစ်သည်။ နိုင်ငံရေးအကြောင်း ပြောဖြစ်ရင်းက စာပေအကြောင်းပြောဖြစ်ပြန်သည်။ ကိုသန်းထွတ်သည် မကြာမီ နယ်သို့ရောက်သွားသည်။ လက်ထောက်မြို့ပိုင်အဖြစ် သွားရသည်။ မန်းတင်ကလည်း လက်ထောက်မြို့ပိုင်အဖြစ် သာယာဝတီသို့ သွားရသည်။ တက္ကသိုလ်ထင်ကြီး၊ ကိုတင့်တယ်၊ ကိုလှကျော်တို့မှာ ဗဟန်း ဦးပြားတောရတောင်ကုန်းပေါ်ရှိ ဇရပ်တစ်ဆောင်မှာနေသည်။ သူတို့နှင့် စာစကားပြောရန် သူတို့ဇရပ်သို့ သွားရသည်။

တစ်ည နှစ်ညအိပ်ပြီး ကျွန်တော် ရွှေတောင်ကြားအိမ်များသို့ ပြန်ရောက်သွားသည်။ ကိုတက်တိုးမှာ ရွှေတိဂုံရင်ပြင်တော်တွင်ရှိသော ဇရပ်တစ်ဆောင်တွင် ရုံးခန်းလုပ်သောရုံးတွင် အလုပ်လုပ်နေသည်။ ကိုတင့်တယ်လည်း ယင်းရုံးတွင် အလုပ်လုပ်သေးသည်။ ၎င်းဌာနမှာ ဘာသာပြန်ဌာနဖြစ်သည်။ ဆရာဇော်ဂျီ၊ မင်းသုဝဏ်တို့လည်း ထိုရုံးတွင် အလုပ်လုပ်သည်။ ရွှေတိဂုံရင်ပြင်တွင် ရုံးလုပ်သည်မှာ အခြားမဟုတ်။ မဟာမိတ်အင်္ဂလိပ်စစ်တပ်များက ဗုံးကြဲလေ့ရှိသည်။ ဘုရားရိပ်ခိုတော့ ရန်ကလွတ်မြဲ။ ထို့ကြောင့် ဘုရားကျောင်းကန်အနီးတွင် ရုံးလုပ်ခြင်းဖြစ်သည်။ ကိုတင့်တယ်က ကမ္ဘာ့ရာဇဝင်ကျမ်းကို ဘာသာပြန်ဖြစ်သည်။ ထိုအခါက ကိုတင့်တယ် ကလောင်နာမည်ပင် မယူရသေး။

တက္ကသိုလ်ထင်ကြီးမှာ နောင်အခါ နိုင်ငံခြားရေးရုံးတွင်အရာရှိဖြစ်နေသည်။ နိုင်ငံခြားရေးဌာနတွင် ကိုဘဟိန်းက ဒုတိယအတွင်းဝန်၊ ကျွန်တော့်ကို နိုင်ငံခြားရေးအရာရှိ လုပ်ရန်ပြောသည်။ ကျွန်တော်က မလုပ်။ မောင်ထင် (ဦးထင်ဖတ်) သည်လည်း စစ်ပြီးခါနီးတွင် နိုင်ငံခြားရေးဌာနတွင် အရာရှိအဖြစ် တွေ့ရသည်။

ကိုသန်းထွတ်သည် စစ်ပြီးစတွင် တက္ကသိုလ်တွင် အင်္ဂလိပ်စာနည်းပြဆရာလုပ်သည်။ ထို့နောက် တက္ကသိုလ်စာကြည့်တိုက်တွင် ဆရာဇော်ဂျီ၏ လက်ထောက်အဖြစ် ဆောင်ရွက်သည်။ သူက စာဖတ်ဝါသနာကြီးသည်။ ထို့ကြောင့် စာကြည့်တိုက်နှင့် သင့်လျော်သည်။ ကိုထင်ကြီးသည်လည်း စာပေဗိမာန်သို့ ပြောင်းရွှေ့သွားသည်။ စာအုပ်လုပ်ငန်းဆိုတော့ သူနှင့်ကိုက်သည်။

ကျွန်တော်တို့သည် သမိုင်းခေတ်များကို ဖြတ်သန်းပြီး ကြီးပြင်းလာရာ မိမိတို့၏ ဘဝပုံသဏ္ဌာန်သည်လည်း ဖြတ်သန်းလာသည့် ခေတ်တစ်လျှောက်တွင် ဘဝပုံသဏ္ဌာန်များ ပီသလာကြရသည်။ ကိုထင်ကြီးသည် စာပေဗိမာန်တွင်အလုပ်လုပ်ရင်း အငြိမ်းစားယူလိုက်သည်။ ကိုသန်းထွတ်သည် တက္ကသိုလ်စာကြည့်တိုက်၊ ထို့နောက်ယဉ်ကျေးမှုဗိမာန်၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် ဆောင်ရွက်ရင်း အငြိမ်းစားယူလိုက်သည်။ မန်းတင်သည်လည်း အဆင့်ဆင့် မြို့ပိုင်၊ ဝန်ထောက်၊ အတွင်းဝန်၊ တိုင်းမင်းကြီးစသည်တို့ဆောင်ရွက်ပြီး အငြိမ်းစားယူလိုက်သည်။ သို့သော် စာရေးကတော့ မပျက်။

ကိုမြစိန်သည်လည်း နိုင်ငံခြားတွင် သံအမတ်ကြီးအဖြစ် ဆောင်ရွက်ရင်း အငြိမ်းစား ယူလိုက်သည်။ ကျောင်းထွက်ပြီးနောက် ကျွန်တော်တို့ စာပေမိတ်ဆွေ သူငယ်ချင်းများ အလုပ်ကိုယ်စီဖြင့် သူ့နေရာနှင့်သူဆိုတော့ တစ်ခါတစ်ရံသာ တွေ့ကြသည်။ တွေ့သည့်အခါလည်း စာပေအကြောင်း ပြောဖြစ်သည်။

ကျွန်တော်ကတော့ ဘယ်နေရာမှ မဟုတ်။ ဘယ်နေရာမှ မလုပ်၊ ဘာမှလည်း မဟုတ်။ စာရေးလိုက်၊ စန္ဒရားလေး တီးလိုက်၊ ပန်းချီလေးဆွဲလိုက်နှင့် ဘဝသည် တဖြည်းဖြည်း ကြီးပြင်းလာခဲ့ရသည်။ တော်တော်များများ အစိုးရအလုပ် လုပ်ကြသည်။ ကျွန်တော် တစ်ယောက်သာ ဘာမှမဖြစ်ခဲ့သည်မှာ အမှန်ပင်။

(၃)
ကိုသန်းထွတ်နှင့်ကတော့ တွေ့တတ်သည်။ သူအင်္ဂလန်မှာ စာကြည့်တိုက်ပညာသင်ပြီး ပြန်လာခါစတွင် ကျွန်တော်က တာရာမဂ္ဂဇင်းထုတ်ဝေနေစဉ် ၁၉၅၀၊ ထို့နောက်မဂ္ဂဇင်းတွင် စာကြည့်တိုက်ပညာအကြောင်း ဆောင်းပါးရေးပေးသည်။ ထို့နောက် ကျွန်တော်မဂ္ဂဇင်းတွင် အက္ခရာစဉ် စာစုဇယားလုပ်ပေးမည်ဟုပြောသည်။ တစ်ပတ်လောက်လုပ်ပြီး သူလည်း မရေးဖြစ်၊ သူကအမှုထမ်းဖြစ်၍ သိပ်အားလပ်ဟန် မတူ။ သို့သော် သူသည်တိုက်စိုးအဖြစ် စာများ ရေးသားနေသည်။ သူက စာရေးဆရာတိုက်စိုးဖြစ်နေပြီ။ သူ၏ ကလောင်အမည်ယူပုံမှာလည်း စာကြည့်တိုက်မှူးသဘောကိုယူ၍ စာကြည့်တိုက်စိုးသောသူဟု အဓိပ္ပာယ်ယူ၍ မှည့်လေသလား မသိ။ သူရေးသောစာအုပ်များမှာ စာများများဖတ်ပြီး စာအုပ်ထဲမှ မှတ်ယူဖော်ပြသော၊ ရှာဖွေထားသော အကြောင်းအရာရပ်များ အတ္တုပ္ပတ္တိများ ဖြစ်သည်။ စာပေသမိုင်းကို မှတ်တမ်းတင်သော စာအုပ်။ သူ နိုင်နင်းသောအလုပ်။ သူက စာကြမ်းပိုး။ သို့သော် သူသည် ပေါ့ပေါ့ဆဆတော့ မလုပ်။ စာများဖတ်ပြီး ဝေဖန်သုံးသပ်ပြီးနောက် ရေးသောသဘော။

စာပေဝေဖန်ရေးအဖြစ် ရေးသည်။ သို့သော်သူက လေးလေးနက်နက် လုပ်သည်။ စာပေ အကဲဖြတ်ရေးကို သူကပို၍ ဆောင်ရွက်ခဲ့သည်။ သူနိုင်နင်းကျွမ်းကျင်သော အလုပ်။ ကျကျနန လေ့လာဖတ်ရှုပြီးမှ သူက နိဂုံးချုပ်သည်။ ပေါ့ပေါ့ဆဆ နိဂုံးချုပ်သည် မဟုတ်။

သူသည် သမိုင်းကိုစိတ်ဝင်စားသည်။ သူထုတ်ဝေသောစာအုပ်များမှာ သမိုင်းအချက်အလက်များကို အခြေခံပြု၍ ကျကျနနမှီငြမ်းပြုစုသော စူးစမ်းဖော်ထုတ် လေ့လာတင်ပြသော အချက်အလက်များဖြင့် ပြည့်စုံသည်။ သုတေသန အစည်းအဝေးများတွင်လည်း တင်ပြသည်။ သူနှင့်အကိုက်ဆုံး အလုပ်။ ယခု သူသည် မြန်မာစာပေအဖွဲ့တွင် သမိုင်းကော်မရှင်တွင် ဆောင်ရွက်နေရာ သူနှင့်အသင့်တော်ဆုံး အလုပ်။

ယနေ့ခေတ်တွင် မိမိနှင့်မကိုက်သော အလုပ်များလုပ်နေကြသော အခြင်းအရာများထဲတွင် သူ မပါ။ သူ ယုံကြည်တာ သူလုပ်သည်ဆိုသော သဘော။ ကျွန်တော်တို့ဆုံမိကြလျှင် စာပေရေးရာသာ မဟုတ်၊ သမိုင်းကြောင်းများလည်း ပါသည်။ ကျွန်တော်တို့က သူ့ကို မေးရသည်။ ချက်ချင်း ဖြေနိုင်သည်။ အကိုးအကား စာအုပ်ဆိုလျှင်လည်း ကောက်ခနဲ ယူပြနိုင်သည်။ ဤမျှပင် အမှတ်အသား ကောင်းသူ။

ကျွန်တော်တို့က သမိုင်းခေတ်ကို ခံစားမှုဖြင့် မှတ်သားထားသည်။ သူက ခံစားမှုဖြင့်မဟုတ်၊ မှတ်တမ်းမှု အသိဉာဏ်ဖြင့် မှတ်ထားသည်။ သူ့ကိုမေးလျှင် ကျကျနန ဖြေနိုင်သည်။ ကျွန်တော်တို့ကတော့ သက္ကရာဇ်ဆိုလျှင်လည်း တူချင်မှတူမည်။ နည်းနည်းပါးပါး လွဲမည်။ ထို့ကြောင့် သမိုင်းခေတ် မျက်မှောက်ခေတ်နှင့် ပတ်သက်၍ သူ့ကို အားကိုးရသည်။ သမိုင်းအချက်အလက်များကို စုဆောင်းရာတွင် သူက သမိုင်းအဖြစ်အပျက် စတင်ပေါ်ပေါက်လာပုံ၊ ပင်ရင်းဇာတိ အချက်အလက်ကို ကိုးကားသည်။ ထို့ကြောင့် သူပြောပြသော အချက်အလက်များမှာ အမှန်အကန်ဆုံးနှင့် အနီးစပ်ဆုံး ဖြစ်သည်ဟု ယုံကြည်ထားသည်။

သူရေးသောစာအုပ်များကလည်း မနည်း၊ သမိုင်းတန်ဖိုးမနည်း၊ ဂျူဘလီဟော၊ မင်းတုန်းမင်း စသည် စသည်။

(၄)
ကျွန်တော်တို့ သူနှင့်ဆုံမိကြလျှင် စကားအလျဉ်မပြတ်၊ တစ်ခါတစ်ရံ ကျွန်တော့်အကြိုက်နှင့် သူ့အကြိုက် တူကြသည်။ သူက ဟတ်စလေကို ကြိုက်သည်။ စစ်မဖြစ်မီ ကျောင်းသားဘဝကတည်းက ဖတ်သည်၊ ကြိုက်သည်။ ထိုအခါက ဟတ်စလေရေးသော ဝတ္ထုများအကြောင်း ပြောဖြစ်ကြသည်။ ထိုအခါက ဟတ်စလေဖတ်သူများနှင့် သိပ်မတွေ့။ ယနေ့ ခေတ်တွင်တော့ ကြားဖူးသူပင် နည်းမည်။ ခေတ်တွေက မတူ။

ကျွန်တော်က အာရုံံတံခါးပေါက်များဟူသော ဟတ်စလေ၏ စာအုပ်အကြောင်း ပြောသောအခါ သူက 'အေး ဟတ်စလေအကြောင်းပြောတဲ့သူ သိပ်မတွေ့ဘူး' ဟု သူက ပြောသည်။ ကျွန်တော်တို့သည် ကြီးပြင်းလာသောအခါ ရုပ်ပုံလွှာများ ပြောင်းလဲတတ်သည်။ ဖွံ့ဖြိုးလာတတ်သည်။ သို့သော် ကျောင်းသားဘဝက အစအနလေးများကတော့ သိပ်ပြောင်းလဲသည်မဟုတ်။ ဖူးခါစနှင့် ပွင့်ပြီးမွှေးလာသော၊ လှလာသော ပုံကားချပ်များနှင့် ဖြစ်ထွန်းတော့သည်။ ယင်းသည် သဘာဝကျသည်။ တချို့လည်း ဖူးငုံလာရာမှ ပွင့်ဖူးလာသည်။ သို့သော် အမွှေးသိပ်မရ။

ကျွန်တော်တို့နှင့်တွေ့လျှင် မင်းနှင့်ငါနှင့် ပြောနေကြပြီး ကျောင်းသားဘဝကလို နုပျိုလာကြ သည်။ ကျောင်းသားဘဝကို ပြန်ရောက်သွားသည်ဟု ထင်ရသည်။ ယခုလည်း ကျွန်တော်တို့ ပြန်တွေ့လျှင် မင်းနှင့်ငါနှင့်ပင်ပြောကြ၍ ငယ်ငယ်ကလို ဖြစ်သွားကြသည်။ တချို့ ကျွန်တော်တို့နှစ်ယောက် စကားပြောသည်ကို မမြင်ဖူးသောသူတို့က အထူးအဆန်း ဖြစ်နေဟန် တူသည်။ ယခု ကိုသန်းထွတ် မဟုတ်။ ဦးသန်းထွတ် ဖြစ်နေပြီ။

ဖူးငုံရာမှ ပွင့်လာပြီး အရောင်အသွေးက မွှေးလျက်၊ လှပလျက်။

ဒဂုန်တာရာ
၁၄၊ ၁၁၊ ၉၇
ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း
အတွဲ(၁၆) ၊ အမှတ်(၆) ဇွန်လ၊ ၂၀၀၀

0 comments:

Post a Comment