Monday, September 21, 2020

ရွေးကောက်ပွဲဆိုတာကြီးလာပြန်ပြီ (ရဲဘော်ဖိုးသံချောင်း)

0 comments

ရွေးကောက်ပွဲဆိုတာကြီးလာပြန်ပြီ (ရဲဘော်ဖိုးသံချောင်း)

လူ့သမိုင်းမှာလူသားတွေတဦးချင်းနေထိုင်လှုပ်ရှားရာကနေ အစုအစည်းလိုက် (ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ) နေထိုင်လာတဲ့အချိန်ကစပြီး အများစုမဲနဲ့ဆုံးဖြတ်ချက်တွေချတယ်ဆိုတဲ့အစဉ်အလာ ထွန်းကားခဲ့တယ်ဆိုရင်မမှားဘူးထင်ပါတယ်။ ကိုယ့်အမဲလိုက်ဖက်တွေအကြားမှာ ဘယ်လမ်းလိုက်မလဲ ဆုံးဖြတ်တာမျိုးကနေ ကိုယ့်အမျိုးစုထဲမှာဘယ်သူ့ကိုခေါင်းဆောင်တင်မယ်ဆုံးဖြတ်တာ၊ ရွာလူကြီး၊ ဘာသာရေးခေါင်းဆောင်စတာတွေရွေးချယ်တာအထိ မဲပေးဆုံးဖြတ်တဲ့အစဉ်အလာဟာ တဖြည်းဖြည်း ကျယ်ပြန့်လာခဲ့ပါတယ်။ ဒီလိုကနေ ပဒေသရာဇ်စနစ်ကနေ အရင်းရှင်စနစ်ကိုကူးပြောင်းလာတဲ့နောက် မှာတော့ နိုင်ငံ့အကြီးအကဲကိုမဲပေးဆုံးဖြတ်တယ်ဆိုတာအထိ မဲနဲ့ဆုံးဖြတ်တာလုပ်လာတာတွေ့ရပါ တယ်။ အပြောင်းအလဲဟာ အရင်းရှင်စနစ်ပီပီပြင်ပြင်ဖြစ်လာတဲ့ ၁၈ရာစုအစပိုင်းနဲ့ ၁၉ရာစုနှစ်ထဲမှာ ပိုပုံပေါ်လာတယ်လို့လည်း ဆိုနိုင်ပါတယ်။ ဥရောပကစတာပါ။ 
ကမ္ဘာသမိုင်းမှာရွေးကောက်ပွဲအတွက်၊ အမျိုးသမီးမဲပေးခွင့်၊ အသားအရေကွဲပြားသူမဲပေးခွင့် စတာ တွေအတွက် ပြောင်မြောက်စွာတိုက်ပွဲဝင်ခဲ့ကြတဲ့ သမိုင်းတွေရှိခဲ့တာမငြင်းနိုင်ပါဘူး။ အလားတူ ဗမာပြည်ရဲ့ ဖဆပလလက်ထက်ရွေးကောက်ပွဲတွေမှာ အသတ်ခံရ၊ အဖမ်းခံရတဲ့ ပြည်သူတွေရဲ့ အရေ အတွက်ဟာနည်းသမို့လား။ ဒါပေမဲ့ ရွေးကောက်ပွဲဆိုတာဟာအရာရာလား။ နိုင်ငံတခုမှာရွေးကောက်ပွဲ ကျင်းပတယ်ဆိုရင် ဒီမိုကရေစီအပြည့်အဝရှိရောတဲ့လား။ 
နယ်ချဲ့ဥရောပနိုင်ငံတွေဟာ သူတို့ကိုလိုနီပြုတဲ့နိုင်ငံတွေဆီကို သူတို့ရဲ့ရွေးကောက်ပွဲအလေ့အထ သယ်ပို့ပေးခဲ့ကြပါတယ်။ ဒါကြောင့်ဗမာပြည်မှာတော့ ၁၉၂ဝခုနှစ်သပိတ်ကြီးကြောင့် ဘေးကျပ်နံကျပ် ဖြစ်သွားတဲ့ ဗြိတိသျှကိုလိုနီသခင်တွေဟာ ဒိုင်အာခီရွေးကောက်ပွဲဆိုတာကိုဖန်တီးပွဲထုတ်ပြီး သပိတ်ကြီး ကြောင့်အရှိန်ရနေတဲ့ ဗမာနိုင်ငံသားတွေရဲ့နိုင်ငံရေးတိုက်ပွဲအဟုန်ကိုဖြိုခွဲခဲ့ပါတယ်။ ပြီးခဲ့တဲ့ရှစ်လေးလုံး အရေးတော်ပုံကြီးနောက်မှာအုပ်စိုးသူအစိုးရကလုပ်ပေးတဲ့ ၁၉၉ဝခုနှစ်ရွေးကောက်ပွဲနဲ့ရည်ရွယ်ချက်ချင်း မကွာလှပါဘူး။ 
အုပ်စိုးသူများဟာ ရွေးကောက်ပွဲတွေလုပ်နေကြပေမယ့် ဒီရွေးကောက်ပွဲတိုင်းလိုလို ဟာသူတို့ရဲ့ရှိနေတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ဘောင်အတွင်းမှာချည်းလုပ်ရတာမို့ နိုင်ငံ့အာဏာဟာ အုပ် စိုးသူလူတန်းစားအသိုင်းအဝိုင်းအတွင်းမှာပဲ လက်ပြောင်းနေပါတယ်။ ပြည်သူကိုကိုယ်စားပြုသူတွေ ရွေးကောက်ပွဲကတဆင့် အာဏာရတယ်ဆိုတာ ဘယ်တုန်းက၊ ဘယ်မှာမှမရှိခဲ့ပါဘူး။ အုပ်စိုးသူတွေရဲ့ ရွေးကောက်ပွဲဆိုတာတွေ နာမည်ကောင်းရအောင် အမတ်(ကိုယ်စားလှယ်)နေရာအနည်းအပါး ရခဲ့တာပဲရှိပါတယ်။ ဗီယက်နမ်စစ်ပွဲမှာ အမေရိကန်က သူ့ရဲ့စစ်တပ်တွေပို့ပြီး ကိုယ်ထိလက်ရောက် ပါဝင်ခဲ့တဲ့၁၉၆၁ခုနှစ် သမတ ဂျွန်ကင်နေဒီ(၁၉၆၁-၆၃ခုနှစ်) ကနေ ၁၉၇၅ခုနှစ်၊ ဧပြီလ ၃ဝရက်၊ ဆေးဂုံ မြို့ကိုတော်လှန်ရေးတပ်တွေကသိမ်းပိုက်တဲ့အချိန်အထိ ၁ဝနှစ်ကျော်ကာလအတွင်း အိမ်ဖြူတော်မှာ ရီပတ်ဘလစ်ကင်သမ္မတတွေ၊ ဒီမိုကရက်သမ္မတတွေ တယောက်ပြီးတယောက်ပြောင်းလဲခဲ့ပေမယ့် သူတို့ရဲ့ဗီယက်နမ်စစ်ပွဲပေါ်လစီဟာ လုံးဝအပြောင်းအလဲမရှိခဲ့ပါဘူး။ ဝေါလမ်းမ၊ စတော့စျေးကွက် တို့မှာလည်း ဘာမှသိသာတဲ့အပြောင်းအလဲမရှိခဲ့ပါဘူး။ 
ဗမာပြည်မှာလည်း လွတ်လပ်ရေးရပြီးနောက်မှာ ဖဆပလအစိုးရဟာ ရွေးကောက်ပွဲနဲ့လူထုကို ညာ စားလို့ရတုန်းညာစားနေပြီး ၁၉၅၆ခုနှစ်ရွေးကောက်ပွဲမှာ ပမညတကအမတ်နေရာလေးဆယ်ကျော်ရ တော့မှ မျက်လုံးပြူးသွားခဲ့ပါတယ်။ ဖဆပလ(တည်မြဲ-သန့်ရှင်းမကွဲသေး)တုန်လှုပ်သွားတယ်ဆိုတော့ သူတို့နောက်ကွယ်က ဗိုလ်နေဝင်းတို့စစ်အုပ်စုလည်းသတိထားစရာဖြစ်သွားပါတယ်။ ဒီလိုနဲ့ ၁၉၅၈ခုနှစ် မှာဗမာပြည်ရဲ့ပထမဆုံးစစ်အာဏာသိမ်းပွဲပေါ်ပေါက်ခဲ့ပြီး လက်ဝဲသမားတွေကိုထောင်ထဲထည့်၊ ကိုကိုး ကျွန်းပို့တာတွေဖြစ်ကုန်ပါတော့တယ်။ အဲဒီနောက်တော့ ဖဆပလကွဲပြီးတည်မြဲနဲ့သန့်ရှင်းတို့ အပြန် အလှန် မျက်နှာအိုးမဲသုတ်ကြရင်း လူထုအထင်သေးစရာဖြစ်လာတော့ ဦးနုကသာသနာကိုအသုံး ချပြီးမဲတောင်းတာလုပ်ပါတော့တယ်။ ဒီအခါမှာ ၅၈ခုနှစ်အာဏာသိမ်းပွဲနဲ့ တည်မြဲတွေနဲ့တတွဲထဲ ဖြစ် တယ်ဆိုတာကိုသိတဲ့ ဗမာပြည်ပြည်သူလူထုဟာ ဦးနုကိုမဲတွေပုံပေးခဲ့ပါတယ်။ ဒါပေမဲ့အဲဒီသန့်ရှင်း အစိုးရဟာသက်ဆိုးမရှည်လိုက်ပါဘူး။ သူ့လူဖဆပလ(တည်မြဲ)တွေ အာဏာလက်လွတ်သွားပြီဖြစ်လို့ ဗိုလ်နေဝင်းကတိုင်းပြည်ကြီးကို“ချောက်ထဲကျလုဆဲဆဲ လက်နှစ်လုံးအလိုကနေကယ်တင်”လိုက်ပါ တယ်။ ဒီလိုနဲ့ပဲ ရွေးကောက်ပွဲနဲ့တက်လာတဲ့ ဦးနုအစိုးရဟာ စစ်တပ် အာဏာသိမ်းပွဲနဲ့နိဂုံး ချုပ်သွားပါတယ်။ 
၁၉၈၈ခုနှစ်လူထုအုံကြွမှုကြီးပေါ်လာတော့ ပြည်သူတွေဟာဒီမိုကရေစီကိုတောင်းဆိုကြပါတယ်။ ဒီမိုကရေစီနဲ့ရွေးကောက်ပွဲဟာ ခွဲမရတာအမှန်ပါ။ ဒါပေမဲ့ ဒီအရေးတော်ပုံကြီးကတောင်းဆိုခဲ့တဲ့ဒီမိုကရေ စီဆိုတာမှာ စစ်အာဏာရှင်ဖျက်သိမ်းရေးဟာ အဓိကအချက်ဖြစ်ပါတယ်။ စစ်အာဏာရှင်မဖျက်သိမ်းဘဲ ဒီမိုကရေစီရမယ်၊ လွတ်လပ်တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်လာမယ်လို့ ဗမာပြည်သူတွေဘယ်တုန်းကမှ မထင်ခဲ့ပါဘူး။ 
ဒီလိုနဲ့ စစ်သားတွေ၊ ရဲတွေပါ စတင်ပါဝင်လာနေတဲ့ ဒီအရေးတော်ပုံကြီးဆက်ဖြစ်ပွားနေရင် ငါတို့ (စစ်အုပ်စု) အာဏာပါအန္တရာယ်ရှိလာတော့မယ်လို့တွက်မိတဲ့ စစ်ဗိုလ်ချုပ်တွေဟာ (သူ့တပ်ကို ပြန်ထိန်းချုပ်တာ လုပ်တယ်။ ဒီနောက်မှာ အရေးတော်ပုံကြီးကို အကြမ်းဖက်ဖြိုခွဲပါတယ်။ အကြမ်းဖက်ဖြိုခွဲနည်းသက်သက်နဲ့ မပြီးမှန်းသိတာမို့) ရွေးကောက်ပွဲကတိနဲ့ အရေးတော်ပုံနဲ့“စေ့စပ်”လိုက်ပါတယ်။ ၁၉၉၀ခုနှစ်မှာ ရွေးကောက်ပွဲဆိုတဲ့ဇာတ်တခုခင်းပြီးလူထုကို အာရုံလွှဲလိုက်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့လူတွေအရှုံးကြီးရှုံးတော့ ရွေးကောက်ပွဲကိုအသိအမှတ် မပြုဘူးကြေညာပြီး စစ်တပ်ကပဲအာဏာကိုဆက်ချုပ်ကိုင်သွားပါတယ်။ ၂ဝဝ၈ခုနှစ်မှာနာဂစ်မုန်တိုင်းကြီး အကြား ဆန္ဒမဲပေးစေခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာကြီးအတည်ဖြစ်သွားတော့ စစ်အုပ်စုအဖို့သူတို့ အာဏာတည်မြဲရေးဟာ အာမခံချက်ရှိသွားပြီဖြစ်လို့ ၂ဝ၁ဝရွေးကောက်ပွဲကိုကျင်းပပေးပြီး တကောင် တည်းပြေးတဲ့မြင်းလိုဖြစ်တဲ့ ဗိုလ်သိန်းစိန်ဟာ တိုင်းပြည်ရဲ့နံပတ်ဝမ်းလိုလို ဖြစ်လာခဲ့ပါတယ်။ အဲဒီနောက်တော့ စစ်အုပ်စုအဖို့ရွေးကောက်ပွဲဆိုတာဟာ သူတို့အတွက်လူထုကိုလှည့်စားစရာ ကစားကွက်တခုဖြစ်လာပြီး ၂ဝ၁၅ခုနှစ်ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြိုနိုင်ခဲ့တယ်ဆိုတဲ့ပါတီကြီးဟာလည်း နိုင်ပြီးတယ်ဆိုတာနဲ့ပဲ ဗိုလ်မင်းအောင်လှိုင်ရဲ့ လက်အောက် ကိုသောင်ပြိုကမ်းပြိုပါချသွားပါတော့တယ်။ 
အခုလည်း လာပြန်ပြီရွေးကောက်ပွဲ။ နာဂစ်အခြေခံဥပဒေလို့နာမည်ဆိုးနဲ့ကျော်ကြားသလို ကိုဗစ် ရွေးကောက်ပွဲလို့ကျော်ကြားဦးမယ့် ရွေးကောက်ပွဲဖြစ်ပါတယ်။ မှန်တာပြောရရင် ဒီရွေးကောက်ပွဲမှာ ပြည် ခိုင်ဖြိုးတို့လို စစ်ထွက်ပါတီတွေအတွက် မျှော်လင့်စရာသိပ်မရှိပါဘူး။ ဒါပေမဲ့ စစ်အာဏာရှင်များကတော့ ဒီရွေးကောက်ပွဲကိုအတင်းဂုဏ်တင်၊ တွန်းဆော်နေပါတယ်။ သူတို့မှာက ၂ဝဝ၈ခုနှစ်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုတဲ့ ပြဒါးရှင်လုံးရှိနေတာကိုး။ ဘယ်သူတက်တက်ငါ့ဘက်သားချည့်ပဲလေ။ 
တကယ်တော့ ဒီကနေ့နိုင်ငံရေးမှာ ဒီမိုကရေစီ=ရွေးကောက်ပွဲဆိုတာလောက်နဲ့မပြည့်စုံပါဘူး။ ဒီမို ကရေစီ= ပြည်သူ့ဆန္ဒအရပြုလုပ်ထားတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဒါကတဆင့်ရွေးကောက်ပွဲ ဆိုမှပိုမှန်ပါ လိမ့်မယ်။ 
ရဲဘော်ဖိုးသံချောင်း

0 comments:

Post a Comment