ရဲဘော်ဗဟိန်းကို ဘာလို့ အသိအမှတ်ပြုနေရာမပေးတာလဲ...
=======================================
တကယ်တော့ ၁၃၀၀ပြည့် အရေးတော်ပုံဟာ မြန်မာ့လွတ် လပ်ရေးတိုက်ပွဲသမိုင်းမှာ နိုင်ငံ ရေးအရလည်း ကြီးကျယ်မြင့်မား သလို အလွှာပေါင်းစုံညီညွတ် ပေါင်းစည်းမှုမှာလည်း ထင်ရှား ကြီးကျယ်ခဲ့ပါတယ်။ မဟာဗျူဟာအရရော နည်းဗျူဟာအရပါ မှန် ကန်ခဲ့တဲ့ အရေးတော်ပုံကြီးဖြစ်ခဲ့ ရုံမက ဖက်ဆစ်တော်လှန်ရေးအ တွက်ရော၊ လွတ်လပ်ရေးတိုက်ပွဲ လမ်းကြောင်းအတွက်ရော လမ်း ညွှန်ရှေ့ဆောင်ဖြစ်ခဲ့တယ်ဆိုရင် ဘယ်သူမှ မငြင်းနိုင်ပါဘူး။
၁၉၃၀ ပြည့်နှစ်တစ်ဝိုက်မှာ ပဲ ကမ္ဘာမှာ ကမ္ဘာ့စီးပွားရေးကပ် ပျက်ကြီး ဖြစ်တယ်။ မြန်မာ့နိုင်ငံ ရေးအဖွဲ့အစည်းတွေမှာလည်း အကွဲအပြဲတွေရှိခဲ့တယ်။ ပြဿနာ ကတော့ ခွဲရေး၊ တွဲရေးပြဿနာ ပါပဲ။ မကြာပါဘူး။ ကုလား-ဗမာ အဓိကရုဏ်းတွေ ဖြစ်တယ်။ ဒီအ ခြေအနေတွေမှာ တို့ဗမာအစည်း အရုံးပေါ်ပေါက်ခဲ့ပါတယ်။ ဒီနောက်ဂဠုန်ဆရာစံခေါင်းဆောင်တဲ့ လယ်သမားအရေးတော်ပုံပေါ်ပေါက်ခဲ့ တယ်။ အင်္ဂလိပ်အစိုးရက လယ် သမားအရေးတော်ပုံကို ရက်ရက် စက်စက်ဖြိုခွင်းပြီး ဆရာစံကို ကြိုးပေးကွပ်မျက်လိုက်တယ်။ ဒီနောက်မှာတော့ ၁၉၃၆ ခုနှစ်မှာ ဒုတိယ ကျောင်းသားသပိတ်ကြီးပေါ်ပေါက်ခဲ့တယ်။ နောက် ၁၉၃၈ ခုနှစ် ဇန်နဝါရီလမှာ ရေနံမြေသပိတ်ကြီးပေါ် ပေါက်ခဲ့တယ်။ အဲဒီနှစ် ဒီဇင်ဘာ လမှာပဲ ရန်ကုန်ကျောင်းသားတွေ ရဲ့ သပိတ်တိုက်ပွဲမှာ ကျောင်း သားခေါင်းဆောင် ဗိုလ်အောင် ကျော်ကျဆုံးခဲ့ရတယ်။ တိုင်းပြည် မှာ အထွေထွေအကျပ်အတည်း တွေနဲ့အတူ အုပ်စိုးသူရဲ့ မတရားဖိနှိပ်မှုအပေါ်မှာ မခံနိုင်ကြတဲ့အ ဆုံး ချောက်ရေနံမြေက အလုပ် သမားထုကြီးက အစိုးရရုံးစိုက်ရာ ရန်ကုန်အထိ ခြေကျင်ချီတက်ပြီး ဆန္ဒပြကြဖို့ စုစည်းညီညွတ်ခဲ့ကြ တယ်။ ရေနံမြေမှာရှိတဲ့ အလုပ် သမားထုကြီးနဲ့ မိသားစုများအပါ အဝင် လှည်းနေလှေအောင်းမြင်း ဇောင်းမကျန်လို့ပြောရမှာပေါ့။ ဒီစုစည်းညီညွတ်မှု၊ ငြိမ်းချမ်းစွာ ဆန္ဒပြမှုကို အုပ်စိုးသူရဲ့ ထုံးစံအ တိုင်း လက်နက်နဲ့ပဲ ဖြေရှင်းဖို့ ကြိုးစားလာတယ်။ ဒီတင်ပဲ ကျောင်း သားသမဂ္ဂခေါင်းဆောင် ရဲဘော် ဗဟိန်းက အလုပ်သမားသပိတ် တပ်ကြီးရဲ့ တပ်ဦးကနေ...။
‘‘မနက်ဖြန်ထွက်ဖြစ်အောင် ထွက်ကြပါ။ အနှောင့်အယှက် တွေ့ရင် အသေခံပါ။ ကျုပ်တို့ကို အခုဖမ်းနေပြီ။ ကိစ္စမရှိပါဘူး။ ကျုပ်ကိုဖမ်းတဲ့အတွက် မနက်ဖြန် ဗမာတစ်ပြည်လုံး ဘာဖြစ်သွား မယ်ဆိုတာ သိရပါလိမ့်မယ်။ မြင်းခွာတစ်ချက်ပေါက်ရင် မီးဟုန်း ဟုန်းတောက်စေမယ်’’လို့ ဟစ် ကြွေးလိုက်တယ်။
၁၉၃၈ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်က မကွေးမြို့ မဲထီးကျောင်း တိုက် သပိတ်စခန်းမှာ ရေနံမြေ သပိတ်တပ်ကြီးကိုပြောလိုက်တဲ့ ရဲဘော်ဗဟိန်းရဲ့ မိန့်ခွန်းဟာ ဘဝဂ်တိုင်ညံသွားတာပါပဲ။ ဖိနှိပ် သူအစိုးရရဲ့ ဖြိုခွင်းမှုတွေ၊ ဖိနှိပ် မှုတွေကြောင့် ချောက်၊ ရေနံ ချောင်း၊ မကွေးနဲ့ ရန်ကုန်မြို့တော် မှာအထိ လူတန်းစားအလွှာအသီး သီး သွေးစည်းညီညွတ်စုရုံးတိုက် ပွဲဝင်ကြတဲ့ ၁,၃၀၀ ပြည့် အရေး တော်ပုံကာလအတွင်းမှာ ရေနံမြေအလုပ်သမားတွေ အရိုက်အနှက် အဖမ်းအဆီးခံရတာ၊ ကျောင်း သားဗိုလ်အောင်ကျော်ကျဆုံးရ တာတွေအပေါ် မန္တလေးမှာရှိတဲ့ ကျောင်းသားပြည်သူ ရဟန်းရှင် လူများကလည်း မခံမရပ်နိုင်ဖြစ် ကြတယ်။ ဒါကြောင့် အဲဒီလှုပ်ရှား မှုတွေကို ထောက်ခံတဲ့အနေနဲ့ မန္တလေးမြို့လုံးဆိုင်ရာ ကျောင်း သားသမဂ္ဂက ဦးစီးပြီး သပိတ် မှောက်ခဲ့တယ်။ ရဟန်း၊ သံဃာ တွေ၊ စျေးချိုသူ စျေးချိုသားတွေ၊ မြို့လူထုတွေကလည်း အားပေး ကူညီခဲ့ကြတယ်။ မန္တလေးမှာ ကျောင်းသားတွေ သပိတ်မှောက် ကြတော့ ဆရာကြီး ဦးရာဇတ်ရဲ့ ဗဟိုအမျိုးသားအထက်တန်း ကျောင်းက ကျောင်းသားတွေအ များဆုံးပါတယ်။ မန္တလေးဥပစာ ကောလိပ်၊ ဝက်စလီ၊ ကယ်လီ၊ ဘုံကျော်၊ ဘီတီအမ်၊ စိန့်ပီတာ၊ နော်မန်စတဲ့ ကျောင်းများက ကျောင်းသူကျောင်းသားတွေလည်း ပါဝင် ကြတယ်။ မန္တလေးကျောင်းသား တွေရဲ့ သပိတ်မှောက်ဆန္ဒပြမှုကို မန္တလေးအခြေစိုက်ရဟန်းပျိုအဖွဲ့ ချုပ်ကလည်း ထောက်ခံတယ်။ မန္တလေးစျေးချိုတော်ကလည်း ထောက်ခံတယ်။ စျေးချိုကထောက်ခံလို့ အာဏာပိုင်တွေက စျေးချို မှာ ကန့်သတ်ဥပဒေထုတ်တော့ စျေးကို သပိတ်မှောက်ပြီး အိမ် တော်ရာဘုရားစျေးမှာ စျေးဖွင့်ကြတယ်။
၁၃၀၀ ပြည့်နှစ် တပို့တွဲလ ဟာ မန္တလေးမှာ အုပ်စိုးသူ အာဏာပိုင်အစိုးရကို အလွှာပေါင်းစုံရဲ့ ဆန့်ကျင်မှု ဒီရေအမြင့်ဆုံးကာလ တွေပါပဲ။ တပို့တွဲလပြည့်ကျော် တော့ မြို့လုံးကျွတ်လူထုအစည်း အဝေးကြီးကို အိမ်တော်ရာ ၁၄ ခန်းဇရပ်မှာကျင်းပပြီး ၁၉၃၉ ခုနှစ် တပို့တွဲ လပြည့်ကျော် ၇ ရက်နေ့မှာ သောင်းချီတဲ့ လူထုကြီးက အာ ဏာပိုင်အစိုးရကို ငြိမ်းချမ်းစွာ ချီ တက်ဆန္ဒပြတော့ အစိုးရရဲ့ နှိမ် နင်းမှုကြောင့် ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူ ၁၇ ဦး သွေး မြေကျခဲ့ရတယ်။ လွတ်လပ်ရေး တိုက်ပွဲသမိုင်းကာလတစ်လျှောက် လုံး အပြစ်မဲ့ပြည်သူအပေါ် အစိုးရ ရဲ့ နှိပ်ကွပ်ပစ်ခတ်မှုကြောင့် မန္တ လေးအာဇာနည် ၁၇ ဦးကျဆုံးမှု ဟာ မြို့ကြီးပြကြီးတစ်ခုရဲ့ လမ်း လယ်ကောင်မှာ သွေးအများဆုံးကျရတဲ့ နယ်ချဲ့ဆန့်ကျင်ရေးလူထု တိုက်ပွဲကြီးလည်း ဖြစ်တယ်။
ဒါဟာ လွတ်လပ်ရေးတိုက် ပွဲသမိုင်းတစ်လျှောက်မှာ မန္တလေး မြို့လူထုရဲ့ ကြီးမားသော တာဝန် ကျေမှုလည်း ဖြစ်ပါတယ်။ ဒီတိုက် ပွဲမှာ ကျဆုံးခဲ့တဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူ ၁၇ ဦးကို လည်း အထိမ်းအမှတ် ဂူဗိမာန်များနဲ့ မြို့လူထုက ထိုက်တန်စွာနေရာ ပေးပြီး ဂုဏ်ပြုခဲ့ကြတယ်။ မန္တ လေး ၁၃၀၀ ပြည့်အရေးတော်ပုံ အာဇာနည် ၁၇ ဦး ဗိမာန်ဆိုတာ မြေနေရာကအစ ဗိမာန်အဆောက်အအုံများအဆုံး မြို့မိမြို့ဖများ၊ အာဇာနည်များရဲ့ မိသားစုနဲ့ မြို့ လူထုက လှူဒါန်းဂုဏ်ပြုခဲ့တာပါ။
မန္တလေးသား ရဲဘော်ဗဟိန်း (ဝါ) သခင်ဗဟိန်းဟာ ရာဇဝင် ပြောင်တဲ့ ၁၃၀၀ ပြည့်အရေးတော်ပုံကြီးရဲ့ ထီးချက်စောင့်နတ်တစ် ပါးဖြစ်တယ်။ ရဲဘော်ဗဟိန်းကို အင်းဝမြို့မှာ ၁၂၇၉ ခုနှစ် ဝါဆိုလ ဆန်း ၉ ရက် (၂၇-၆-၁၉၁၇) ဗုဒ္ဓဟူးနေ့မှာ အဖပွဲစားကြီး ဦးမှင်၊ အမိ ဒေါ်ဒေါ်ဦးတို့က မွေးဖွားခဲ့တာပါ။ မွေးချင်း ခုနစ်ယောက်အနက် ဒုတိယအငယ်ဆုံးဖြစ်ပြီး မူလတန်းပညာကို အင်းဝမြို့မှာပဲ သင်ကြား ခဲ့ပါတယ်။ နောက်မိသားစုက မန္တလေးကိုပြောင်းရွှေ့နေထိုင်ကြ ပြီးနောက် ဗဟိုအမျိုးသားအထက် တန်းကျောင်း၊ မန္တလေးဥပစာ ကောလိပ်မှာ ပညာဆက်သင်ခဲ့ တယ်။ နောက်ရန်ကုန်တက္ကသိုလ် မှာ ဘီအေတန်းတက်ရောက်စဉ် ၁၉၃၈ ခုနှစ်မှာပဲ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂမှာ ဥက္ကဋ္ဌတာဝန်ယူခဲ့တယ်။ အဲဒီနှစ် မှာပဲ ချောက်ရေနံမြေအလုပ်သ မားထုကြီးရဲ့ ခရီးရှည်ချီတက်ပွဲကို အုပ်စိုးသူက မတရားတားဆီးလို့ မကွေးမြို့ထိ သွားရောက်တရား ဟောခဲ့တယ်။ ဒီမှာတင် အဖမ်းအ ဆီးခံခဲ့ရပြီး ထောင်ထဲမှာ ‘‘ဓနရှင် လောက’’စာအုပ်ကို ပြုစုခဲ့တယ်။
၁၉၃၉ ခုနှစ်မှာ ကျောင်း ထွက်ပြီး သခင်အောင်ဆန်း၊ သခင်စိုး၊ ရဲဘော်ဂိုရှယ်တို့နဲ့ အ တူ ဗမာပြည်ကွန်မြူနစ်ပါတီကို လျှို့ဝှက်တည်ထောင်တယ်။ နိုင်ငံရေးကို ခြေစုံပစ်ဝင်ပြီး မြေအောက်တော်လှန်ရေးကို ဦးဆောင်ကာ ပြည်သူ့အရေးတော်ပုံစာတမ်း၊ မီးပွားစာစောင်၊ မြန်မာတော်လှန် မှုစာတမ်းတွေကို ရေးသားခဲ့တယ်။ဒီနောက် နိုင်ငံရေးခံယူချက်တူတဲ့ မခင်ကြီးနဲ့ မေတ္တာသက်ဝင် လက်ထပ်ခဲ့တယ်။ ၁၉၄၁ ခုနှစ်မှာ တော့ ဒို့ဗမာအစည်းအရုံးမှာ အမှု ဆောင်လူကြီးတာဝန်ယူခဲ့တယ်။ ဂျပန်တော်လှန်ရေးကာလအ တွင်း ပဲခူးရိုးမမှာ သခင်သန်းထွန်း၊သခင်သန်းဖေတို့နဲ့တွဲပြီး နိုင်ငံ ရေးမှူးတာဝန်နဲ့ ပြောက်ကျား တပ်ကို ဦးဆောင်ကာ ရန်သူကို အ များဆုံးချေမှုန်းနိုင်ခဲ့တယ်။ တော်လှန်ရေးကာလအတွင်းမှာပဲ ကရင်ဗမာသွေးစည်းရေးစာတမ်းနဲ့ လီနင်ရဲ့ ‘‘အစိုးရနှင့် တော်လှန်ရေး’’ကျမ်းဘာသာပြန်တွေ ပြုစုခဲ့တယ်။
ဂျပန်တော်လှန်ရေးအပြီး ဖဆပလကို ပြန်လည်ထူထောင် သူတစ်ဦးအဖြစ် ဗဟိုဦးစီးအဖွဲ့ တာဝန်ယူခဲ့သလို ဗမာပြည်ကွန် မြူနစ်ပါတီကိုလည်း စနစ်တကျ ပြန်လည်စည်းရုံးဖွဲ့စည်းရာမှာ ပေါလစ်ဗျူရိုလူကြီးအဖြစ် ဆောင် ရွက်ခဲ့တယ်။ ဒီ့နောက် အလုပ်သ မားသမဂ္ဂ တည်ထောင်ရေးကို လည်း ကြိုးပမ်းခဲ့တယ်။ ၁၉၄၅ ခုနှစ် စက်တင်ဘာ ၂၉ ရက်မှာ စတင်ထုတ်ဝေတဲ့ ‘‘ပြည်သူ့အာ ဏာဂျာနယ်’’ရဲ့ ဦးစီးစာတည်း ချုပ်တာဝန်လည်း ယူခဲ့တယ်။
နိုင်ငံရေးခရီးကြမ်းတစ် လျှောက်၊ ဂျပန်တော်လှန်ရေးတစ် လျှောက်၊ ပင်ပန်းဆင်းရဲမှုတွေ ကြောင့် ကျန်းမာရေးချို့ယွင်းလာ လို့ ဗမာပြည်ကွန်မြူနစ်ပါတီက ခွင့်ယူပြီး မန္တလေးက မိဘများ နေအိမ်ကိုပြန်ကာ ဆေးကုသခဲ့ တယ်။ အခုအထက (၉) (စိန့်ပီတာ ကျောင်း)မှာ ဖွင့်လှစ်ထားတဲ့ ဆေးရုံပေါ်တက်ရောက်ဆေးကုသနေ ဆဲ ရဲဘော်ရဲဘက်တွေစုစည်းခဲ့ကြ တဲ့ ဖဆပလအဖွဲ့ချုပ်ကြီးကနေ ကွန်မြူနစ်ပါတီကို ထုတ်ပယ်ပစ် လိုက်တဲ့ အခြေအနေတစ်ရပ်ပေါ် ပေါက်ခဲ့ပါတယ်။ ကျောင်းသား ဘဝကစပြီး သဘောထားရည် ရွယ်ချက်တူစွာ အသက်သွေးချွေး စွန့်ပြီး ခက်ခဲကြမ်းတမ်းတဲ့ နိုင်ငံ ရေးခရီးကြမ်းကြီးပေါ် အတူတကွ ဖြတ်သန်းခဲ့ကြတဲ့ ရဲဘော်ရဲဘက် များအချင်းချင်း သဘောထားကွဲ လွဲကြတဲ့ ဝမ်းနည်းစိတ်မကောင်း ဖွယ်ဖြစ်ရပ်ကို ဖဆပလကိုရော၊ ဗမာပြည်ကွန်မြူနစ်ပါတီကိုရော သည်းလှိုက်အူလှိုက်သံယောဇဉ် ကြီးလှတဲ့ ရဲဘော်ဗဟိန်းကို အသိ မပေးဝံ့ခဲ့ကြပါဘူး။
ဒီလိုတုန်လှုပ်ဖွယ်သတင်း က မကျန်းမာနေသူရဲ့စိတ်ဓာတ် ကို ဒုက္ခပေးလိမ့်မယ်ဆိုတာ သိရှိခဲ့ကြလို့ပါပဲ။ ဒါကြောင့်ဒီသတင်းကို သေချာပိတ်ဆို့ထားကြပါတယ်။
ဒါပေမဲ့ ကံကြမ္မာက မျက်နှာသာမပေးခဲ့ပါဘူး။ နေ့စဉ်ထုတ် သတင်းစာများကိုပင် ရဲဘော်ဗဟိန်းထံ မပို့ရလို့ တာဝန်ကျ ဆရာဝန်က ကန့်သတ်ထားတဲ့ ကြားကနေ ဘီတီဘရားသားကုမ္ပ ဏီက လူမမာဆီအမြဲပို့တဲ့ပေါင် မုန့်နဲ့ ကော်ဖီမှုန့်ကို ထုပ်ပိုးပေးတဲ့ ဂျာနယ်ကျော်သတင်းစာဟောင်း မှာ ‘‘ဖဆပလခါးပိုက်ထဲက ကွန် မြူနစ်မြွေပွေး’’ဆိုတဲ့ သတင်းနဲ့ သရုပ်ဖော်ပုံကို ဖတ်မိသွားတဲ့ ရဲ ဘော်ဗဟိန်းဟာ စိတ်မကောင်း ဖြစ်မှု၊ ဒေါသဖြစ်မှုတွေနဲ့ ရောဂါ သည်းသွားပါပြီ။ သူချစ်တဲ့ သူ့ရဲ ဘော် ဖဆပလဥက္ကဋ္ဌ ဗိုလ်ချုပ် အောင်ဆန်းကိုယ်တိုင် အခြေအ နေရှင်းပြပြီး လူမမာမေးမယ့်အထိ ကိုပင် မစောင့်နိုင်တော့ဘဲ ၁၉၄၆ ခုနှစ် နိုဝင်ဘာ ၂၀ ရက်၊ မနက် ၅ နာရီခွဲအချိန်မှာ ကွယ်လွန်ခဲ့ပါ တယ်။ မန္တလေး ချမ်းမြသာစည် လေယာဉ်ကွင်းကို ဗိုလ်ချုပ်အောင်ဆန်းစီးလာတဲ့ လေယာဉ်ဆိုက် လာချိန် မနက် ၇ နာရီမှာ နာရေး သတင်းက ဆီးကြိုနေပါပြီ။ ဗိုလ် ချုပ်က နာရေးရှင်အိမ်အထိသွား ပြီး ကျန်ရစ်တဲ့ ဇနီး ဒေါ်ခင်ကြီးကို အားပေးတယ်။ ရဲဘော်ဗဟိန်းရဲ့ ဖခင် ဦးမှင်ကိုလည်း ‘‘နိုင်ငံခြားမှာ ကုရင်ပျောက်တဲ့ရောဂါမို့ သူနဲ့ တွေ့ပြီးစီစဉ်ဖို့လာတာ။ အခု တော့ လွန်သွားကုန်ပြီ’’ဟု ဝမ်း နည်းစကားဆိုခဲ့ပါတယ်။
အသက် (၂၉) နှစ်အရွယ်နှင့် ကွယ်လွန်ခဲ့တဲ့ ရဲဘော်ဗဟိန်း (ဝါ) သခင်ဗဟိန်းကို မန္တလေးရွာဟိုင်း သုသာန်မှာ အုတ်ဂူသွင်းသင်္ဂြိုဟ် ခဲ့ပါတယ်။ မန္တလေးကဝါရင့် နိုင်ငံ ရေးသမားကြီးတွေ၊ ရဟန်းပျိုအ ဖွဲ့တွေ၊ ကျောင်းသားတွေဟာ ရွာ ဟိုင်းသုသာန်ရောက်တိုင်း ရဲဘော်ဗဟိန်းအုတ်ဂူမှာ ဂါရဝပြုကြ၊ အ လေးပြုကြ၊ အမျှအတန်းဝေနေ ကျပါ။ ၁၉၉၀ ပြည့်နှစ်ကျော်ရွာဟိုင်းသုသာန်ဖျက်သိမ်းတော့ ကျောင်းသားနဲ့ ရဟန်းပြည်သူတို့က မပျက်စီးအောင် ကာကွယ်နိုင်ခဲ့ကြလို့ ဘူဒိုဇာထိုးထားတဲ့ ကွက်လပ်ကြီးထဲမှာ ရဲဘော်ဗဟိန်းရဲ့ အုတ်ဂူလေး ထီးတည်းကျန်ရစ်နေသေး ရဲ့။
ရွာဟိုင်းသုသာန်နေရာမှာ ကျောက်မျက်စျေး၊ အားကစား ကွင်းနဲ့ စျေးဆိုင်တန်းတွေ တည် ဆောက်ပြီးတဲ့နောက် ဒီသမိုင်းဝင် အုတ်ဂူလေးဟာ ဆိုင်ကြိုဆိုင် ကြားရောက်နေပြီး အခုတော့ အစအနပင်မကျန်အောင် ပျက်စီးပျောက်ဆုံးသွားပါပကော...။
ဒါကြောင့် ၁၃၀၀ ပြည့်အရေးတော်ပုံကြီးအောင်မြင်ရေးအ တွက် ‘‘မြင်းခွာတစ်ချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေမယ်’’ဆို တဲ့ မိန့်ခွန်းနဲ့ ရဲရဲတောက်ထိရောက်စွာလှုံ့ဆော်ပြီး လွတ်လပ်ရေးအ တွက် ကျန်းမာရေးနဲ့ အသက်ကို ပင် ပဓာနမထားဘဲ တိုက်ပွဲဝင်ခဲ့ တဲ့ ရဲဘော်ဗဟိန်း (ဝါ) သခင်ဗ ဟိန်းအမှတ်တရ ကမ္ပည်းကျောက်တိုင်ကို မန္တလေး ၁၃၀၀ ပြည့်အ ရေးတော်ပုံ အာဇာနည် ၁၇ ဦး ဗိမာန်အတွင်း တင့်တယ်ဂုဏ်ယူ စွာစိုက်ထူဖို့ ၁၃၀၀ ပြည့်အရေး တော်ပုံ (၇၅) နှစ်ပြည့်စဉ်ကတည်း က ဒေသအာဏာပိုင်တွေကို ခွင့် ပြုချက်တောင်းခံခဲ့တာ ဒီကနေ့ အထိ ခွင့်မပြုပါဘူး။ ရဲဘော် ဗဟိန်းကို ဘာလို့ အသိအမှတ်ပြု နေရာမပေးကြတာလဲ။
ဆူးငှက် On Thu, 2015-10-29 06:30Issue No.No.901 Thursday, October 29, 2015
http://www.7daydaily.com/story/49687
0 comments:
Post a Comment