(အဆိပ်နွယ်သင့်ခြင်း) မျိုးမြင့်ချို
မနေ့ကနဲ့တနေ့က
၂ ရက်တိတိ ကျနော်တို့နဲ့ခြံစည်းရိုးခြင်းကပ်လျက် ၂ ခြံကြား
စည်းရိုးနေရာတွေကို သူ့ဘက်ကိုယ့်ဘက် ခွပေါက်ကျော်ကျ ခြုံထနေတဲ့
နွယ်တွေပိတ်ပေါင်းတွေ သစ်ပင်ငယ်တွေကို စက်လွှရော
လက်ထိုးကိုင်းဖျဉ်လွှရောသုံးပြီး ရှင်းချလိုက်တာ အတော်လေး
ကြည့်ကောင်းသွားတယ်။ ပင်စည် ရှစ်ထွာဆိုင်လောက်ရှိတဲ့
လဲပြီးသားသစ်ခြောက်ပင်ကိုလည်း ဗုံတိုဆိုက်ဖြတ်ပိုင်း ၁၂ ပိုင်းလောက်
ပိုင်းလိုက်ရတယ်။ တော်တော်တော့ မသက်သာတာပဲ။ ဘေးအိမ်က SIGN LANGUAGE
သင်တဲ့ဆရာက အပြင်ထွက်ကာနီး ကားစက် နှိုးနေရင်းတန်းလန်းကနေ ကျနော်
ခြေတဘက်လက်တဘက်နဲ့ စက်လွှ CHINSAW ကြီးကိုထိမ်းကိုင်ပြီး ဖြတ်တောက်နေတာကို
မြင်တော့ အနားအထိလာကြည့်ပြီး မျက်လုံးပြူးမျက်ဆန်ပြူးနဲ့ မျိုး မင်းဟာက
လက်အိပ်လည်းမပါ၊ မျက်စိကာမျက်မှန်လည်းမတပ်၊ အင်္ကျီလည်း အလုပ်ကြမ်းလုပ်
လက်ရှည်အထူမဟုတ်ပဲ အဲ့လိုလုပ်နေတာ အန္တရာယ်သိတ်များတယ်နော်၊ ပြီးတော့
ပွိုင်စင်န်အိုင်ဗီးတွေလည်း ဒီမှာ တပုံတခေါင်းကြီးလို့ သတိပေးစကားနဲ့
မှတ်ချက်ချတယ်။
သူပြောသလိုပဲ
ကျနော် မျက်စေ့ကာမျက်မှန်တတ်မပါထားဘူး။ မတပ်ရတာက
အနီးကြည့်မျက်မှန်ချွတ်မရလို့။ မျက်မှန်မပါရင် လူက အကန်းလိုပဲ
ဘာမှကိုမမြင်တော့တာ။ နောက်တချက်ကလည်း အနီးကြည့်ပေါ်ကနေ
ကျော်တပ်ရင်ရတာမှန်ပေမယ့် အဲ့ဒီလို မျက်မှန် ၂ ထပ်နဲ့ဆို
မျက်လုံးတဝိုက်ချွေးတွေပြန်ပြီး မျက်မှန်ခနခနဖြုတ်ရ
ချွေးခနခနသုတ်ရနဲ့အလုပ်ရှုပ်တဲ့အပြင် မျက်စေ့ထဲချွေးဝင်တဲ့ဒဏ်
မခံနိုင်တာလည်းပါတယ်။ လက်အိပ်မပါတာကတော့ ကျနော့်မှာ လက်က တဘက်တည်းရှိတာ။
ရှိတဲ့ တဘက်ကလည်း လက်ချောင်း လက်ကျန် အားလုံးပေါင်းမှ ၅ ဆစ်လောက်ပဲရှိတာ။
လက်ချောင်းတိုင်းမှာ အဖျားတခုမှမရှိတော့တာဆိုတော့ သူများတွေလို
လက်ဖျားနဲ့ထိပြီး ရတဲ့ အထိအတွေ့အာရုံကို ခံလို့မရတော့ဘူး။
လက်ဖျားနဲ့ထိလို့ရတဲ့အာရုံ ကျနော့်မှာမရှိတော့ဘူး။ ဒီကြားထဲ လက်အိပ်ပါ
ထပ်စွပ်လိုက်လို့ ကတော့ သွားပြီပေါ့။ လွှစက်ခလုပ်ကို လက်ကနှိပ်ထားလား
လွှတ်လိုက်တာလားတောင် ဘယ့်နှယ်လို့သိပါတော့မလဲ။ ပိုဆိုးတာက လက်အိပ်ဆိုတာက
လက်ငါးချောင်းလုံးစုံမှ စွပ်ရတာ တင်းတင်းကျပ်ကျပ်နဲ့ တခုခုကို
ဆုပ်လို့ကိုင်လို့ရတာမျိုး မဟုတ်လား၊ ကျနော့်လို လက်ဆစ် ၅ ဆစ်လောက်
အတိုအရှည်မညီတဲ့လက်မှာ အဲ့လက်အိပ်တွေစွပ်ထားလို့ရော ဘယ်လိုလုပ်မြဲမှာလဲ။
လက်ချောင်းထိပ် နေရာတိုင်းကလွတ်နေပြီး တန်းလန်းကြီးတွေကျနေတာပေါ့။ နဂိုကမှ
လက်ဖျားတွေမရှိလို့ အထိအတွေ့မခံစားနိုင်တဲ့အပြင် လက်အိပ်လျော့ရဲရဲစွပ်ပြီး
စက်လွှကိုင်ကြည့်ပါလား များလိုက်မယ့်အန္တရာယ်။ မတော် ချော်ချက်ပြီး
တဒီးဒီမွှတ်နေအောင်လည်ရင်း ဖြတ်နေတဲ့စက်လွှအသွားတွေထဲ လက်ပါသွားမှာ
ရှိစုမဲ့စု လက်လေးတဘက်ပါ ပြတ်သတ်ထွက်သွားဦးမယ်။ အလုပ်ကြမ်းအင်္ကျီကတော့
ခုထိကို မဝယ်ဖြစ်သေးတာ။ တတ်နိုင်ပါတယ်။ မေ့မေ့နေတာများလို့ပါ။ အဲ့ဒါ
ပထမတော့ သူ့ကိုရှင်းပြဦးမလို့ပဲ။ နောက်တော့ စိုင်းခမ်းလိတ်ရဲ့
မနုသဿတ္တဒုလ္လဘ သီချင်းထဲကလို “သူ့အတွေ့အကြုံနဲ့ကွာခြားတော့ ငါ့စကား
သူနားလည်ဖို့မလွယ်ဘူး”သဘောထားပြီး ငါ သေသေချာချာ သတိထားပြီးလုပ်ပါတယ်။
သတိပေးတာအတွက်ကျေးဇူးပါလို့ ပြန်ပြောလိုက်ဖြစ်တာပါပဲ။
အဲ့လိုနဲ့
အလုပ်ပြီး ညနေစောင်းလို့ အိမ်ထဲပြန်ဝင် ရေမိုးချိုးဖို့လုပ်တော့မှ
မျက်နှာက ယားတားတား စပ်ဖျဉ်းဖျဉ်းကြီးဖြစ်နေတာ သတိထား မိတယ်။
လက်နဲ့စမ်းကြည့်တော့လည်း မျက်နှာကြီး အမ်းနေသလိုပဲ။
ပြည့်ပြည့်တင်းတင်းကြီးဖြစ်နေသလိုလည်း ခံစားရတယ်။ တခါ
လက်တွေကြည့်ပြန်တော့လည်း တံတောင်ဆစ်အောက်နေ လက်ခုံအထိ
နီရဲပြီးဘုသီးကြီးတွေထလို့၊ ယောင်လို့အမ်းလို့ ဖေါင်းလို့ကားလို့။
နာလို့စပ်လို့ ယားလို့ပူလို့နဲ့ အတော်လေးနေရထိုင်ရ မအီမသာဖြစ်နေတယ်။
ဘာများဖြစ်လဲမသိဘူးတွေးရင်း ရေချိုးခန်းထဲဝင် ရေနွေးပိုက်ကို အလောတော်လေး
နွေးအောင်ချိန်ပြီး ပိုးသတ်ဆေးဆပ်ပြာနဲ့ မျက်နှာ လည်ပင်း ဂုပ်ပိုး
လက်မောင်းရင်းကနေ လက်ဖမိုးအထိ ဆပ်ပြာတိုက်ချ ရေဒလဟောပိုက်ဖွင့်ချ
ဆေးချလုပ်လိုက်တော့ အယားရော အစပ်ရော အပူရော နည်းနည်းသက်သာ သွားတယ်။ ဒါနဲ့
ရေမိုးချိုး အဝတ်အစား လဲ အကိုက်အခဲပျောက်ဆေးလေးသောက်
အယားအယံပြေလိမ်းဆေးလေးပွတ်ပက်ပြီး ညနေစာစားတယ်။ ဇနီးသည်ပြန်အလာကို ညနေခင်း
တီဗီသတင်းတွေကြည့်ရင်း စောင့်နေလိုက်တယ်။ ခနနေတော့ သူပြန်လာတယ်။
ဧည့်ခန်းထဲဝင်ဝင်ခြင်း
ခါတိုင်းလို ဘာလုပ်နေလဲတွေဘာတွေ ဗမာလိုအေးအေးဖြည်းဖြည်းနှုတ်မဆက်တော့ပဲ
ရုံးအိပ်ကြီး ဗုန်းကနဲပစ်ချပြီး ဟယ် နင်တော့ ပွိုင်စင်န်အိုင်ဗီး POISON
IVY ထိပြီ။ ဒုက္ခပဲ။ ခု ဘာလုပ်ထားလဲ။ ကိုယ့်ကိုယ်လည်း
မှန်ထဲပြန်ကြည့်ပါဦးဆိုပြီး ခြေမကိုင်မိ လက်မကိုင်ပြောတယ်။ ဒါနဲ့
ကိုယ့်လက်တွေ ကိုယ်ပြန်ကြည့်လည်းကြည့်လိုက်ရော ဘုရားရေ
လက်ဖျံအတွင်းအပြင်နဲ့လက်ခုံ လက်ဖမိုး တွေမှာ အရည်ကြည်ဖုတွေ သီးနေပါရောလား။
မှန်ထဲကြည့်လိုက်တော့ မျက်နှာကြီးက ထူအမ်းပြီးနီရဲနေရုံမက
ပါးဘယ်ဘက်အချမ်းမှာပါ ရေကြည်ဖုတွေ သီးလို့။ လည်ပင်းမှာလည်း အနီဖုတွေ
အပြင်လိုက်အပြင်လိုက် ပိန်းထနေတာပါလား။ ရေနွေး ပိုးသတ်ဆေးဆပ်ပြာနဲ့
ဆေးကြောတာရယ် ဆေးလေးသောက် ဆေးလေးပွတ်ထားလို့သာ လူကနေသာပြီး သိတ်မခံရတာ။
ခုတော့ ကိုယ့်ဘာသာကြည့်ပြီး ပြန်တောင်လန့်သွားတယ်။ ဒါနဲ့
ဘာလုပ်ရင်ကောင်းမလဲ မိန်းမ။ ဆေးခန်းသွားပြရင်ရောဆိုတော့
ဆေးခန်းပြစရာမလိုပါဘူး။ ငါ အခုပဲ လိမ်းဆေး သွားဝယ်မယ်။
အနာအကျင်ပျောက်ဆေးတော့ တို့မှာရှိပြီးသားပဲ ထပ်ဝယ်စရာမလိုဘူး။
ဆေးခန်းသွားလည်း အဲ့ဒီလိမ်းဆေး သောက်ဆေးပဲ ပေးမှာ။
ပွိုင်စင်န်အိုင်ဗီးထိတာအတွက် တခြားဘာဆေးမှ ထွေထွေထူးထူးရှိတာမဟုတ်ဘူး။
ငါလည်း အကြိမ်ကြိမ်ထိဖူးတာပဲ။ မပူနဲ့ စိတ်အေးအေးထား။
သက်သောင့်သက်သာနေလို့ပြောပြီး အဝတ်အစားတောင်မလဲပဲ ပြန်ထွက်သွားတယ်။
ခနနေတော့ ပြန်လာတယ်။ တကိုယ်လုံး ဆေးလိမ်းပေးတယ်။ သောက်ဆေး ထပ်တိုက်တယ်။
ပြီးတော့ အိမ်အပြင်မှာ ကျနော် အလုပ်လုပ်တုန်းကဝတ်ပြီး အပုံလိုက်
ချွတ်ချထားတဲ့ဝတ်စုံရယ် တောစီးလည်ရှည်ဖိနပ်ရယ် ခြေအိပ်တွေရယ်ကို
ညှပ်နဲ့ကော်ပြီး အမှိုက်ပုံးထဲသွားပစ်ထည့်ရင်း အဲ့ဒါတွေ ပြန်မသုံးနဲ့တော့။
အဲ့ဒါတွေမှာ ပွိုင်စင်န်အိုင်ဗီးအဆိပ်ဆီ စွန်းထားပြီးပြီ။ သွားထိရင်
ထိတဲ့လူ အဆိပ်မိမှာပဲလို့ပြောတယ်။ သူအဲ့ဒါတွေ လုပ်နေတုန်း ကျနော်စိတ်က
ဗမာပြည်က ဖက်ယားပင်လို့ခေါ်တဲ့ အပင်အကြောင်းရောက်သွားတယ်။
ကျနော်တို့ငယ်ငယ်က
ကျောင်းပိတ်လို့များ ညောင်နှစ်ပင်တို့ ဘွက်ကြီးတို့
ထိန်စွန်းတို့ဘက်သွားလည်ရင် ပျော်လိုက်တဲ့ဖြစ်ခြင်း၊ ထမင်းမစား ဟင်းမစားကို
ကမြင်းကြတာကလား။ သစ်ပင်တက်၊ တောတိုး မှိုရှာမျှစ်ချိုး၊ ချောင်းထဲ
ရေကူးငါးစမ်း၊ ကန်သင်းရိုးထဲ ကဏန်းနှိုက်ဖါးနှိုက်၊ ကန်သင်းကြား မြောင်းထဲ
ကနဖော့ ကညွှတ် ဉာဏ်ညွန့် လယ်ကန်စွန်းအရိုးနီတွေ ချိုးကြခူးကြရုံမက
ကြာဆွယ်တွေချိုး၊ ကြာဖူးကြာပွင့်တွေ ဖြတ် ကြာဝတ်ဆံ ကြာဝတ်မှုန်တွေစား
ကြာစေ့ကြာဆန်လေးတွေဝါးနဲ့ပေါ့။ အဲ့ဒီမှာက ဘာပြဿနာမှမရှိဘူး။
အလွန်ဆုံးဖြစ်လှ ကျဉ်နီကောင် အတုပ်ခံရတာ၊ ဂဏန်းအညှပ်ခံရတာ၊
ငါးကျည်းစူးဆူးတာ၊ မြွေပတုတ်တို့ ရေမြွေတို့အကိုက်ခံရရုံအပြင်
ဘာမှပိုမရှိဘူး။ ပြဿနာက ခင်တန်းတောစပ်တွေထဲ သွားဆော့ရင်း
ဖက်ယားပင်နဲ့ထိလာလို့ကတော့ သေဖို့သာပြင်ပဲ။ ယားတာယားတာများမပြောနဲ့။
ကုပ်လေကုပ်လေ ယားမပြေနဲ့။ အင်ပြင်လိုဟာတွေ ထူအမ်းထပြီး နောက်ဆုံး
အရေးပြားတွေစုတ်ပြတ်ပွန်းပဲ့ သွေးပါခြင်းခြင်းလိုက်ရော။ ဖက်ယားပင်က
ထိထိခြင်းသိလိုက်ရင် ထိတဲ့နေရာကို ဆံပင်နဲ့ပွတ်လိုက်ရင် ဖက်ယားဆူးလေးတွေ
ဆံပင်ထဲငြိပါသွားပြီး ဘာမှ ဒီလောက်သိတ်မဖြစ်ဘူး။ ကိုယ့်ခေါင်းနဲ့
မီတဲ့နေရာဆို ကိုယ့်ဆံပင်နဲ့ကိုယ့်ဘာသာပွတ်ရုံပဲ။
ကိုယ့်ခေါင်းမမီတဲ့နေရာမျိုးဆို အချင်းချင်း သူတလှည့်ကိုယ်တလှည့်
သူ့ခေါင်းကိုယ့်ခေါင်း တယောက်တလှည့် ပွတ်ပေးလိုက်လည်းရတယ်။ ခက်တာက အဲ့ဒါက
ဖက်ယားထိထိခြင်း ချက်ခြင်းလုပ်မှရတာ။ ထိပြီး နည်းနည်းလေးကြသွားရင်
မရတော့ဘူး၊ လွန်သွားပြီး။ ဒါဆို ယားပြီး ကုပ်ဖို့သာပြင်ပေတော့။
နောက့်နေ့မနက်ဆို ကုပ်ထားတဲ့နေရာ အသားတွေကကျိန်းပြီး ထိလိုက်တိုင်း
နာနေတော့တာပဲ။
ခု
ဒီ ပွိုင်စင်န်အိုင်ဗီးက ဖက်ယားလို မဟုတ်ဘူး။ သူ့မှာက urushiol ခေါ်တဲ့
အဆိပ်ဆီတမျိုး အရွက်မှာတင်မကဘူး တပင်လုံးမှာရှိတယ်။ ဖက်ယားပင်ကြတော့
သူ့အရွက်နဲ့ပင်စည်မှာ အမွှေးလေးတွေရှိတယ်။ အပင်ကို သွားတိုးမိရင်
အဲ့ဒီအမွှေးတွေက ကိုယ်ပေါ်မှာလာငြိပြီး အရေပြားထဲစိုက်ဝင်သွားတာ။
ဆံပင်နဲ့ချက်ခြင်းပွတ်လိုက်ရင် အဲ့ဒါလေးတွေက ဆံပင်ထဲငြိပါသွားပြီး ဘာမှ
ဒီလောက်သိတ်မဖြစ်ဘူး။ ပွိုင်စင်န်အိုင်ဗီးမှာရှိတဲ့ အဆိပ်ဆီကကြတော့
ဆံပင်နဲ့လည်းပွတ်မရဘူး။ သူထ ထိလိုက်တာနဲ့ တန်းပြီး အရေပြားကတဆင့် အသားထဲ
စိမ့်ဝင်သွားတာ။ ဝင်သွားပြီး မကြာဘူး အသားတွေရဲလာမယ် ယောင်လာမယ် ယားလာမယ်
အမ်းလာမယ် ဘုသီးထလာမယ် နောက်တရက် လောက်လည်းရှိရော မီးလောင်သလို
အရည်ကြည်ဖုတွေ ထွက်လာတော့တာပဲ။ ဒီအတိုင်းဆို ကျနော် ပထမနေ့ကတည်းက
ထိထားတာပဲ။
တချို့များဆို
အဲ့ဒီအပင်တွေ မီးရှို့လို့ထွက်လာတဲ့မီးခိုးနံ့ ရှူမိရုံနဲ့တင် ထိမိတဲ့လူလို
ခံရတော့တာပဲ။ ဒီအပင်တွေက မြောက်အမေရိကတိုက်ရဲ့ ဌာနေမျိုးစိတ်ပင်တဲ့။ သူ့ကို
သီဟိုမျိုးနွယ်ဝင်အပင်လို့လည်း ဆိုတယ်။ ပေါက်တော့လည်း
တောကြီးမျက်မည်းထဲမှာမဟုတ်ပဲ တောစပ် ခင်တန်း ချုံတန်းလေးတွေမှာပဲ ပေါက်တာ။
ဒီကောင်က နေရောင်သိတ်ကြိုက်တော့ နေရောင်မထိုးတဲ့ အရိပ်ကောင်းသစ်ပင်
သစ်တောတွေထဲ မရှင်နိုင်ဘူး။ အမေရိကန်မှာ နှစ်စဉ် လူသုံးသိန်းလောက်
ဒီအပင့်ဒဏ် ခံကြရတာတဲ့။ ခုဆို ကျနော်လည်း ဒီနှစ်အတွက် သုံးသိန်းထဲက တယောက်
ဖြစ်သွားပြီပေါ့လေ။
ဒီကောင့်လက်ချက်
အမိအခံရဆုံးက သစ်တောဝန်ထမ်းတွေ၊ ဥယျဉ်ခြံမြေစိုက်ပျိုးရေးသမားတွေ၊
လယ်သမားတွေ၊ ခြံအလှပြင်ဆရာတွေနဲ့ ဆောက်လုပ်ရေးလုပ်သားတွေတဲ့။ အင်းလေ
ကျနော်က ခြံစိုက်သမားကိုး၊ ခံပေါ့ ဒီကောင့်ဒဏ်။ ဒီကောင့်အဆိပ်က
ပြင်းတယ်သာဆိုတာ လက်ဖဝါးခြေဖဝါးလိုနေရာတွေကြတော့ မတိုးနိုင်ဘူး။ ခန္ဓာကိုယ်က
အခြားနေရာတွေအပေါ်ပဲ ဗိုလ်ကျလို့ရတာ။
ဒီကောင့်ထိပြီဆိုတာနဲ့
ထိတဲ့နေရာမှန်သမျှ ရေအေးအေးနဲ့လောင်းချဆေးချ၊ ၁ဝ မိနစ်တိုင်းမှာ
ရေစိုသဘက်နဲ့ အုပ်အုပ်ပေး ဖိဖိပေး။ ပြီးရင် ထိတဲ့နေရာတွေမှာ ဒါတွေ
corticosteroid cream and calamine lotion လိမ်း၊ ပြီးတော့ antihistamines
သောက်ရမယ်တဲ့။ အဲ့ဒီဆေးက ဗမာတွေပြောတဲ့ ဘာမီတွန်ဆိုတာထဲမှာပါတဲ့
ဓာတ်မျိုးပဲ။ အဲ့လိုတွေလုပ်တဲ့ကြားက တပတ်လောက်ကြတဲ့အထိ အဖုတွေ အင်ပြင်တွေ
အယားအယံ အစပ်အဖျင်းတွေမပျောက်တဲ့အပြင် ဖျားပါ ဖျားလာပြီဆိုရင်တော့
ဆေးခန်းသာလစ်တော့တဲ့။ ဆရာဝန်နဲ့ သွားပြတော့တဲ့။
အဲ့ကောင်ဒဏ်မခံရအောင်
လုပ်တဲ့နည်းက အဲ့အပင်ကို ဘယ်လိုအပင်မှန်း ဘယ်လိုပုံစံရှိမှန်း
ဘာနဲ့တူမှန်းသိထားအောင် လုပ်ထားပါတဲ့။ တွေ့ပြီဆိုရင် အသားနဲ့မှမဟုတ်ဘူး
အဝတ်အစား ဖိနပ်စတာတွေနဲ့တောင် မထိမိစေနဲ့တဲ့။ ရှောင်လေဝေးဝေး
အိုင်ဗီးဘေးပေါ့လေ။ ဒီကြားထဲကနေမှ မတော်တဆ သူ့သွားနင်းမိထိမိလို့ရှိရင်
ဖိနပ်အအဝတ် အဝတ်အစားတွေကိုပါ ရေနွေးနဲ့ပြုတ်လျှော်ပလိုက်တဲ့။ အသားကို
ထိမိရင်လည်း ချက်ခြင်း ဆပ်ပြာနဲ့ ရေပေါပေါနဲ့ တဗွမ်းဗွမ်းသာ
လောင်းချဆေးချပေတော့တဲ့။ တကယ်လို့ တောစပ် ခင်တန်းတွေနား ချုံတွေကြားများ
ကျနော့်လို လျှောက်တိုးတော့မယ်ဆိုရင် ဒါလေး skin cream containing
bentoquatam လိမ်းသာသွားပေရော့တဲ့။
ကဲ ခုတော့ ကျနော် ဒင်းဒဏ်ခံလိုက်ဦးမယ်။ ကြည့်ရသေးတာပေါ့။ ဘယ်လောက်ခံရမလဲဆိုတာ။
မျိုးမြင့်ချို စက်တင်ဘာ ၂။ ၂ဝ၁၆
0 comments:
Post a Comment