Wednesday, September 14, 2016

ကျဉ်တုပ်မခံဝံ့တဲ့ကောင်(မျိုးမြင့်ချို)

0 comments
ကျနော့်ခြံ ဟိုးအနောက်ခြမ်းက ပန်းသီးပင်တွေ သစ်သော့သီးပင်တွေ မက်မုံသီးပင်တွေချထားတဲ့နေရာမှာ မှိုတွေပေါက်နေတယ်။ စားလို့ရတဲ့ဟာတွေဟုတ်လား မဟုတ်လားတော့ သေချာပေါက် မပြောတတ်ဘူး။

တနှစ်က ဒီအချိန်ပဲ ဘာ့ဖလိုးက ဒေါ်ဌေးဌေးဝင်း အိမ်လာလည်တော့ ဘေးခြံမှာ အဲ့လိုမှိုကြီးတွေပေါက်နေတာလည်း မြင်ရော။ ဟဲ့..အဲဒါစားမှိုဟဲ့။ သူတို့ မသိကြတာလား သိရက်နဲ့မစားတာလား မသိဘူး။ နင်နဲ့လည်း အဲ့မိသားစုက လူချင်းရင်းနေတာပဲ။ မေးပြီး သူတို့မစားဘူးဆို တို့တွေ သွားနှုတ်ကြရအောင်လေ။ ကန်စွန်းရွက်လေးနဲ့စပ်ပြီး ကြော်ချက်လေးလုပ်စားရင် အဆိပ်ရှိဦးတောင်ပြေတယ်ဟဲ့။ ဒါပေမယ့် ဒီမှိုတွေဟာ စားမှိုတွေပဲ။ ဘာအဆိပ်မှမရှိဘူးလို့ မှိုပွင့်ကြီးတွေကြည့် စားချင်စိတ်အာသီသလေးဖြစ်နေမှန်းသိပေမယ့်

အမရာ အမေရိကန်တွေဆိုက တခါတခါကြ ခက်သားလား။ မှိုလိုဟာမျိုးကို မပေးချင်လို့မဟုတ်ပဲ ပေးလိုက်လို့စားပြီးကာမှ တခုခုတွေဖြစ်ရင် သူတို့ပါ အမှုလာပတ်မှာကြောက်ပြီး သွားတောင်းလည်း ဟိုလိုဒီလိုနဲ့ မအီမလည်လုပ်လွှတ်လိုက်ရင် အောက်တယ်အမရလို့ ပြောပြီး ကျနော်တို့ သွားမတောင်းဘူး သွားမနှုတ်ဘူး စားလည်းမစားခဲ့ရဘူး။ ဒေါ်ဌေးဌေးဝင်းကတော့ ပြတင်းပေါက်နေ မှိုတွေကြည့်ရင်း အေးလေ နင်ပြောတာလည်းဟုတ်ပါတယ်။ ဒါပေမယ့် သူတို့လည်း မစားတော့ အဲ့အတိုင်းပဲ ယော်ပြီးသေကုန်ကြမှာလို့ပြောတယ်။

ခု ကျနော့်ခြံထဲမှာပေါက်နေတာလည်း အဲ့မှိုမျိုးတွေပဲထင်တယ်။ မနှစ်ကအထိ မပေါက်ကြသေးဘူး။ ဒီနှစ်မှ စပေါက်တာ။ နှုတ်ကြည့်ချိန်ကြည့်ရင် ၃ဝ သားလောက်ရှိမယ်ထင်တယ်။ ဘေးခြံက အကောင်တွေလောက်တော့ မထွားကြဘူး။ ကိုယ်ကလည်း မှိုဆို တောင်ပို့မှို ဖက်ဆွတ်မှို ကောက်ရိုးမှိုလောက်သိတဲ့ကောင်လေ။

ရန်ကုန်(ထောက်ကြန့်)အိမ်က အိမ်ထောင့်မှာလည်း နှစ်တိုင်းမှိုတွေပွင့်တယ်။ တနှစ်တနှစ် သုံးလေးပိသာလောက်ရတယ် မှတ်တာပဲ။ ဖီးဖိုခန်းအနောက် အုန်းသီးပင်အောက်က ပုဏ္ဏရိပ်ပင်ခြံစည်းရိုးတွေကြားက ခြတောင်ပို့မှာလည်း တောင်ပို့မှို
အကြီးစားကြီးတွေနှစ်တိုင်းပွင့်တယ်။ အမေက မှိုတွေပွင့်ပလား အခြေအနေ အဖူးအငုံလေးတွေကြည့်ပြီး ၃ ကြိမ်လောက်ခွဲနှုတ် ပတ်ဝန်းကျင်အိမ်တွေလည်းဝေ ကျနော်တို့လည်း ချက်ကျွေးတယ်။

ကျနော် ငယ်ငယ်က တောင်ပို့မှိုအပွင့်ကြီးတပွင့်ကို ဖျဉ်ပြီးသင်ပြီး ဆားလေးနည်းနည်းဖြူးပြီး သပွတ်ချဉ်ဖက်နဲ့ထည့်ထုတ်ပြီး မီးဖုတ်ကျွေးဖူးတယ်။ ချိုလိုက်တဲ့အချိုနဲ့ နူးညံ့တဲ့အနူးအညံ့ ဘာအသားမှကိုလိုက်မမီတာ။ သပွတ်ချဉ်ဖက် မီးကျွမ်းနံ့လေးက မှိုမှာ သင်းလို့။

အမေဟာ မှိုတွေကို ဘယ်တော့မှ အကုန်မနှုတ်လေ့ဘူး။ လေးငါးဆယ်ပွင့်တော့ ချန်ချန်ထားခဲ့တယ်။ ဘာလို့လဲအမေလို့မေးတော့ နောက်နှစ်အတွက် မျိုးသဘောပေါ့သားရယ်လို့ပြောတယ်။

ဒါနဲ့အိမ်ရှေ့အိမ်က တသက်လုံး တောတိုး ဖက်ခူး မျိုချိုးမျှစ်ချိုး ထင်းခုတ်ရောင်း ဘဝကိုအသက်မွေးခဲ့တဲ့ ဒေါ်လေးဒေါ်မြတင်ကို ဒေါ်လေး အမေပြောတာဟုတ်လားဆိုတော့။ ဟုတ်တာပေါ့ မှိုဆိုတာ သူပေါက်နေကြနေရာမှာပဲ နှစ်တိုင်း သူ့အချိန်ရောက်ရင် ပြန်ပေါက်လာတာပဲ။ အဲ့နေရာကို မှိုကျင်းလို့ခေါ်တယ်။ အဒေါ်တို့ ကိုယ့်မှိုကျင်းနေရာတွေ ကိုယ်အသေမှတ်ထားရတယ်။ မိုးတဖြိုက်နှဖြိုက်ကျပြီး အပြင်မှာပူပြီးအိုက်စပ်စပ်ဖြစ်လာရင် အဲ့ဒါ မှိုပေါက်တော့မယ်။ သူများမဦးခင် ကိုယ်ကအရင် သွားနှုတ်ရတယ်။ နည်းနည်းပါးပါးလည်း မျိုးသဘောချန်ခဲ့တယ်။ ပြီးတော့ သဘာဝကပေးတဲ့အစာဆိုတာ ကိုယ်တယောက်တည်း မစားကောင်းဘူးရဲ့ လူလေးရဲ့။ တောစောင့်တောင်စောင့်နတ်တွေကလည်း မကြိုက်ဘူး။ ကိုယ်လည်းယူ မျိုးသဘောလည်းချန် ကျန်တဲ့သတ္တဝါလေးတွေစားဖို့လည်း ချန်ထားပေးရတယ်။ ဒေါ်လေးတို့က မှိုသာ နှစ်တိုင်းတိုးနေတာ စားရတယ်လို့မရှိပါဘူး လူလေးရယ်။ ပေါ်ဦးပေါ်ဖျားလေးဆိုတော့ ဈေးကောင်းလေးရတယ် မှတ်လား။ ပြန်ရောင်းပြီး ဆန်ဝယ်ရ ငါးပိဝယ်ရပါပဲ။

မှိုတွေပေါက်လာပလားဆို ပိုးနသန်ကောင်အကြီးအသေးတွေရော လက်နဲ့ထိလိုက်ရင် လုံးလုံးသွားတဲ့ပိုးကောင်လေးတွေ တခြားအကောင်လေးတွေ လာစားကြတယ်။ သူတို့က မှိုကြိုက်တယ်လေ။ အဲ့လိုပဲ ကျဉ်နီကောင်တွေလည်း မှိုကျင်းနား အုံနဲ့ကျင်းနဲ့လာတော့တာပဲ။

သူတို့ရော မှိုလာစားတာလားဒေါ်လေးဆိုတော့ မဟုတ်ဘူး သူတို့က မှိုလာစားတဲ့အကောင်လေးတွေကို ဖမ်းစားဖို့လာတာ။ အဲ့ဒီကျဉ်နီကောင်တုပ်ရင် သိတ်နာတာ။ အဆိပ်ပြင်းတယ်။ ဒါ့ကြောင့် မှိုကျင်းနားရောက်ပြီး မှိုနှုတ်တော့မယ်ဆို ကျဉ်နီအတုပ်တော့ ခံရတတ်တာပဲ။ ကျဉ်အတုပ်မခံရဲလည်း မှိုက ဘယ်လိုရမှာလဲ လူလေးရဲ့လို့ သွားကျိုးပါးကျိုးနဲ့ ပြောင်းဖူးဖက်လိပ်ကြီး မီးခိုးတထောင်းထောင်းထအောင် ဖွာရင်းတနံတလျားရှင်းပြတယ်။

ကျနော် အဲ့အချိန်က မောင်သာရရဲ့ ကျဉ်တုပ်ခံဝံ့မခံဝံ့လည်း မဖတ်ဖူးသေးဘူး။ ကျည်းကန်ရှင်ကြီး မေတ္တစာတွေဆိုလည်း ဝေးစွခြောက်ပါးပဲ။

ဆင်းရဲပြီးစာမတတ်ရှာတဲ့ ဒေါ်လေးဒေါ်မြတင်ကတော့ ဘဝထဲကအသိနဲ့ ကျဉ်တုပ်ခံပြီး မှိုတွေနှုတ်ရင်း ဘဝဆင်းရဲဒဏ်ကို နင့်နေအောင်ခံပြီး နေပြီးသေသွားခဲ့တာပဲ။

ကျနော်ကတော့ ခု ကိုယ့်ခြံထဲပေါက်နေတဲ့မှိုတွေနှုတ်ဖို့စားဖို့နေနေသာသာ ကျဉ်တုပ်ခံရမှာကြောက်လို့ အနီးကပ်တောင်မကြည့်ဝံ့ဘူး။

စက်တင်ဘာ ၁၄၊ ၂ဝ၁၆

0 comments:

Post a Comment