တဆင့်တိုး တိုက်ပွဲဝင်ကြ
ရဲဘော်ဖိုးသံချောင်း
ဘယ်အခါကနဲ့မှမတူအောင် ဗမာပြည်သားတွေ ဆင်းရဲကြပ်တည်း၊ ကိုဗစ် ဖိစီးဒဏ်ခံနေရချိန်မှာ ကိုယ်ကျိုးကလွဲပြီးဘာကိုမှ မထောက်ထားတဲ့စစ်အုပ်စု ထိပ်သီး တွေက ဗမာပြည်ရဲ့ စတုတ္ထအကြိမြောက်အာဏာသိမ်းပွဲ ကို နေရာအရပ်ရပ်မှာ သံချပ်ကားတွေ၊ စစ်ရဟတ်ယာဉ်တွေ ဥဒဟို ပြေးလွှား၊ စစ်သားတွေဖြန့်ကြက် အင်အားပြနဲ့ လူထုကို ခြောက်ခြားအောင်လုပ်ပြီး စံကျတဲ့ အာဏာသိမ်းပွဲတရပ်ဖော်ထုတ် လိုက်ပါတယ်။
တကယ်တော့ဒီအကြိမ် အာဏာသိမ်းပွဲဟာအခုမှရုတ်တရက်ဗြုန်းစား ပေါ်လာတာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲမတိုင်မီကတည်းက အာဏာသိမ်းလိမ့်မယ်လို့ သတင်းတွေ ထွက်နေတာ အကျယ်ကြီး၊ အကြာကြီးပါ။ ဒါဟာ အာဏာသိမ်းမယ့်လူတွေက ခြိမ်းခြောက် တဲ့အနေနဲ့ တမင်သတင်းဖြန့်နေတာဖြစ်နိုင်သလို တာဝန်ရှိသူတွေ-အစိုးရဆိုသူတွေက တမင်မသိကျိုးနွံပြုနေတာလည်းဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ပစေအခုတော့ ကိုဗစ်-၁၉ ရောဂါကခြောက်လှန့်၊ အငတ်ဘေးကဖိစီးနဲ့ ပြည်သူတွေ စစ်ဘီလူးကသူရဲစီးတာခံကြရ ပြန်ပြီ။ စစ်တပ်ဟာသူတို့လိုချင်တာကို လက်နက်နဲ့ပဲ အရယူတယ်ဆိုတဲ့ ဓားပြဓလေ့ မြင်တွေ့ကြရပြန်တာဖြစ်ပါတယ်။
ဒီကနေဆက်စဉ်းစားစရာဖြစ်လာတာတွေက- ၂ဝဝ၈ဖွဲ့စည်းပုံဥပဒေရှိနေသမျှတော့ စစ် အုပ်စုကလုပ်ချင်တာလုပ်နေမှာပဲ၊ ၂ဝဝ၈ဖွဲ့စည်းပုံကိုလွှတ်တော်အတွင်းကနေပြင်ဆင်မယ် ဆိုတာ ဖြစ်နိုင်ပါ့မလား၊ ဗိုလ်မင်းအောင်လှိုင်ရဲ့ တရက်တမျိုးပြောတဲ့စကားတွေကို အတည် သဘောထားယုံနေလို့ဖြစ်ပါ့မလား၊ သူတို့ပြောတဲ့ နောက်တနှစ်နေရင် သူတို့က လုပ်ပေး မယ်ဆိုတဲ့ရွေးကောက်ပွဲဟာ တရားဥပဒေနဲ့မညီရုံမက တရားမျှတမှုရှိမယ်လို့ကော ယုံလို့ ဖြစ်ပါ့မလား။
ဒီတချီမှာဗိုလ်မင်းအောင်လှိုင်က အရှေ့အနောက်၊ နိုင်ငံကြီးနိုင်ငံငယ်တွေ ပုံစံမျိုးစုံနဲ့ သတိပေးနေတဲ့အကြားက လုပ်လိုက်တာဟာ ဘယ်နိုင်ငံကိုမှအလေးမထားဘူးလို့ မောက် မာပြလိုက်တဲ့အဓိပ္ပာယ်လည်းထွက်ပါတယ်။
နဂိုကတည်းကမှ အိုင်စီဂျေရောက်၊ အဆင်းရဲဆုံးနိုင်ငံစာရင်းရောက်နဲ့ အရှက်တကွဲဖြစ် နေရတဲ့နိုင်ငံနဲ့အစိုးရဟာ အခုလိုကိုဗစ်ကာလမှာတောင် အာဏာသိမ်းရဲတယ်ဟေ့ဆိုတဲ့ မိုက်ဂုဏ်တခုတော့တိုးသွားတာပေါ့။ ကိုဗစ်ကာလဖြစ်လို့ လူစုလူဝေး လုပ်ဖို့ အခွင့်သာမှာ မဟုတ်ဘူးလို့ လူထုအခြေအနေကို လျှော့တွက်တာလည်း ဖြစ်နိုင်ပါတယ်။ ပြည်သူလူထု အဖို့ကတော့ စစ်တပ်ရဲ့အခန်း၊ ရွေးကောက်ပွဲရဲ့အဓိပ္ပာယ်၊ အရပ်သားအစိုးရဆိုတာရဲ့အစွမ်း စတာတွေကို ပိုလို့ပိုလို့နားလည် လာကြပါတယ်။ တဆက်တည်းမှာ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်လမ်းကိုယ်ပဲ လျှောက်ရမယ်၊ စစ်အုပ်စုနဲ့ထိပ်တိုက်ဖြေရှင်းမှရတော့မယ်ဆိုတာကို သဘောပေါက်လာကြပါတယ်။
တကယ်တော့ စစ်အင်အားနဲ့အာဏာသိမ်းတယ်ဆိုတာဟာ အာဏာရယူနည်းတွေထဲ မှာ အောက်တန်းအကျဆုံးလို့ပြောရင်ရပါမယ်။ လက်နက်ရှိတဲ့လူချင်းတိုက်ခိုက်ပြီးအာဏာ ရယူတာမျိုးနဲ့တခြားစီပါ။ နိုင်ငံအုပ်ချုပ်သူတွေအကြားမှာအုပ်စုတွေဖွဲ့၊ စစ်တပ်တွေ၊ စစ်ဗိုလ် တွေအကြားမှာအုပ်စုတွေဖွဲ့၊ ဂိုဏ်းဂဏ၊ အုပ်စုဖွဲ့တဲ့ မသမာနည်းတွေကနေ တဆင့် တက်လာတဲ့နည်းနာဖြစ်ပါတယ်။ အာဏာသိမ်းတဲ့လူတွေဟာ ဘယ်သူ့ကိုမှမျက်စိမထား သူတွေဖြစ်လေတော့ အာဏာရတော့လည်း ဘယ်သူ့ကိုမှမထောက်ထား၊ အားလုံးကိုကိုယ့် လက် အောက်ခံသဘောထားပြီး ဖိနှိပ်ညှဉ်းပန်းလေ့ရှိပါတယ်။ ဒါ့အပြင် အုပ်စု အလေ့ပါလာတဲ့ အာဏာရှင်အုပ်စုမို့ သူတို့ချင်းလည်း များမကြာမီပဲ ဇာတ်ခေါင်းကွဲ တတ်ပါတယ်။
ဒါပေမဲ့ အဲဒီမောက်မာမှုကြောင့်ပဲ သူတို့ဟာပြည်သူလူထုကိုနားမလည်ဖြစ်ပြီး ပြည်သူ လူထုရဲ့ဆန့်ကျင်မှုကိုနည်းမျိုးစုံရင်ဆိုင်ကြရပါတယ်။ ဗမာပြည်ပြည်သူလူထုဟာ လက်နက် စွဲလို့ရော၊ လက်နက်မဲ့ပါ ရာစုနှစ်တခုခန့် ဖိနှိပ်သူအမျိုးမျိုးကိုရင်ဆိုင် တိုက်ခိုက်ခဲ့ကြတယ် ဆိုတာ မမေ့သင့်ပါဘူး။ ဒီတချီလည်းခြွင်းချက်မဖြစ်နိုင်ပါဘူး။
ပြည်သူတွေဘက်ကကြည့်ရင်တော့ ဒီတခါတိုက်ပွဲဟာပစ်မှတ်ရှင်းပါတယ်။ ဘယ် သူ(တွေ)နဲ့ မဟာမိတ်လုပ်ရမယ်ဆိုတာလည်းရှင်းပါတယ်။ ပြည်သူတွေအနေနဲ့ နည်း ပေါင်းစုံနဲ့ စစ်အာဏာရှင်စနစ်ကို ပြတ်ပြတ်သားသား ခုခံဆန့်ကျင်နေကြတာကို လေးလေး နက်နက် ထောက်ခံပါတယ်။ တဆင့်တိုးပြီး တိုက်ပွဲဝင်လာကြလိမ့်မယ်လို့လည်း ယုံကြည် မျှော်လင့်ပါတယ်။
0 comments:
Post a Comment