Thursday, December 29, 2022

ဝမ်းသာစရာမဟုတ်ပါ

0 comments

(ဝမ်းသာစရာမဟုတ်ပါ)
ကျွန်တော်လည်း ကိုဗစ်မဖြစ်ချင်ပါ။ ဘယ်သူ့မှလည်း ကိုဗစ်မဖြစ်စေချင်ပါ။ ကိုဗစ်ကိုကြောက်သလားလို့မေးရင်တော့ ကြောက်ပါတယ်။ ဒါပေမဲ့ကျွန်တော်က အမေရိကန်မှာနေတာလည်းဖြစ် ကာကွယ်ဆေးတွေလည်းထိုးထားပြီးသားဆိုတော့ သိတ်တော့ မှုစရာမလိုပါ။ မမှုဘူးဆိုတဲ့ကြားထဲကကို ကိုဗစ်ထိလိုက်ပါသေးတယ်။ သုံးရက်လောက်အလူးအလဲခံရပြီး ပြန်ကောင်းသွားပါတယ်။ အိုမီခရွန်အတွက် ကာကွယ်ဆေးတလုံးထပ်ထိုးရမယ်ဆိုလားဘဲ။ အဲ့ဒါတော့ ထိုးမနေတော့ဘူး ဆုံးဖြတ်ထားပါတယ်။ 

ခု တရုတ်ပြည်မှာ ကိုဗစ်တကြော့ပြန်ဝင်လာပြီး အသေအကြေအပျက်အစီးတွေလည်းများတယ်လို့ ကြားရပါတယ်။ တရုတ်သမ္မတရှီကျင့်ဖျဉ်ဟာ ကိုဗစ်နဲ့ပတ်သက်ရင် အလွန်သတိကြီးတယ်လို့ဆိုပါတယ်။ သူ ကိုဗစ်ဇီးရိုးပေါ်လစီကြောင့် ဒီလောက် လူဦးရေထူထပ်တဲ့နိုင်ငံကြီးမှာ ကိုဗစ်ကြောင့် အဖိတ်အစင် နည်းရတာလို့လည်း သတင်းတွေကဆိုကြပါတယ်။ မြို့ကြီးတွေအလိုက် လော့ခ်ဒေါင်းချတာ တင်းတင်းကြပ်ကြပ်ပိတ်ဆို့တာတွေ လုပ်ပါတယ်။ တဘက်ကလည်း သူ့အထွာနဲ့သူအကောင်းဆုံး ပြုစုကုသမှုတွေ လုပ်ပေးတယ်လို့ဆိုပါတယ်။ 

အဲ့ဒီ လော့ခ်ဒေါင်းချတဲ့ကိုဗစ်ဇီးရိုးပေါ်လစီကိုပဲ လူတွေက သိတ်မကြိုက်ကြတာတာပါ။ တချို့ဆို ဆန္ဒပါထွက်ပြကြပါတယ်။ ဆန္ဒပြသူတချို့က ရှီကျင့်ဖျဉ်နှုတ်ထွက်ပေးရေး ဒို့အရေး ဒို့အရေးလို့ တောင်းဆိုသံတွေပါပါတယ်။ တရုတ်လုံခြုံရေးတပ်ဖွဲ့တွေက ဒီဆန္ဒပြပွဲတွေကို ဖြိုခွဲဖမ်းဆီးပါတယ်။ ဒါကို အမေရိကန်မီဒီယာတွေကပုံကြီးချဲ့ လွှင့်ထုတ်ပေးပါတယ်။ တရုတ်ပြည်ကလူတွေမှာ မကျေနပ်ချက်တွေရှိပါတယ်။ တရုတ်ပြည်သူတွေထဲမှာလည်း ကျွန်တော်တို့ ခင်ဗျားတို့လို လစ်ဘရယ်လ်ဒီမိုကရေစီလိုချင်သူတွေ ဒုနဲ့ဒေးပါ။ တရုတ်ကွန်မြူနစ်ပါတီကိုမကြိုက်တဲ့ ဆန့်ကျင်တဲ့လူတွေ အမြောက်အမြားရှိပါတယ်။

လူမှုရေးမကျေနပ်ချက်၊ စီးပွားရေးမကျေနပ်ချက်စတဲ့ ဘာအကြောင်းနဲ့ စစ၊ ဆန္ဒပြတာရယ်လို့ရှိလာရင်တော့ နောက်ဆုံးမှာ နိုင်ငံရေးကြွေးကြော်သံ ဖြစ်လာပါတယ်။ ဘာဖြစ်ဖြစ် အဆုံးသတ်က အစိုးရကိုး။ အာဏာပြဿနာကိုး။ လူတန်းစားပြဿနာကိုး။ ခုလည်း ကိုဗစ်ဇီးရိုးပေါ်လစီကိုမကျေနပ်လို့ဆန္ဒပြရာကနေ ရှီကျင့်ဖျဉ်နှုတ်ထွက်ပေးရေးအထိရောက်လာတာပါ။

ကျွန်တော်တွေးမိတာက ၂ ခုပါ။ တခုက အမေရိကန်မှာ ကိုဗစ်ဖြစ်တာ သမ္မတဒေါ်နယ်လ်ထရမ့်လက်ထက်မှာပါ။ ဘာမှ ပြင်ဆင်မှုမရှိတာအပြင် ဘာမှ ထိထိရောက် မပြင်ခဲ့တာတွေရယ်ကြောင့် လူတွေ သောက်သောက်လဲ သေပါတယ်။ ဒီကြားထဲ ကာကွယ်ဆေးပေါ်လာပြန်တော့လည်း အစိုးရကျန်းမာရေးဌာနတွေခမျာ ကာကွယ်ဆေးမထိုးရေး အုပ်စုတွေရဲ့ အဆန့်ကျင်ကိုခံရပြန်ပါတယ်။ ဒီတော့ အစိုးရကလည်း မထိုးရင်နေ ဒါလည်း လူတယောက်ချင်းစီရဲ့အခွင့်အရေးပဲဆိုပြီး လွှတ်ပေးလိုက်ပါတယ်။ မထိုးမနေရ တင်းကျပ်တာမျိုးမလုပ်ပါ။ 

ဒါတောင် အမေရိကန်ဟာ ဖွံ့ဖြိုးပြီးနိုင်ငံကြီးလည်းဖြစ် တိုင်းပြည်အကျယ်အဝန်းနဲ့စာရင် လူဦးရေးကလည်း သိတ်မများပါ။ တရုတ်ပြည်မှာ အမေရိကန်လုပ်သလို လွှတ်ပေးလိုက်ရင်ဘာတွေဖြစ်လာမလဲက မတွေးဝံ့စရာပါ။ မြို့ကြီးတွေအလိုက် လော့ခ်ဒေါင်းချရင် တိုင်းပြည်စီးပွားရေးထိခိုက်မယ်ဆိုတာသိသိနဲ့ကို လော့ခ်ဒေါင်းချတာပါ။ မဖြစ်မနေလုပ်ရတာလို့ ထင်ပါတယ်။

ဒုတိယတခုက တရုတ်ပြည်မှာ ခု ကိုဗစ်တကြော့ပြန်ဖြစ်ပြီး လူတွေ အပျက်အစီးများတာကိုကြည့်ပြီး ဝမ်းသာအားရဖြစ်နေတာကို ကျွန်တော်နားမလည်တာပါ။ ဒါ ဝမ်းသာစရာမဟုတ်ပါ။ တရုတ်ပြည်ဟာ ဗမာပြည်နဲ့ နယ်နမိတ်ချင်း မိုင်ထောင်ချီထိစပ်နေတာပါ။ ဒါ့အပြင် အကူးအလူးလည်းများပါတယ်။ ဒီတော့ ဟိုမှာ ကိုဗစ်ပေါက်ကွဲထွက်လာရင် ကိုယ့်ဆီလည်းလာပြီး ကူးစက်မှာပါ။ ဒါကြောက်စရာပါ။ ကြိုတင်ကာကွယ်မှုတွေ တားဆီးမှုတွေလုပ်ရပြင်ရမှာပါ။ ကြည့်ပြီး ဝမ်းသာအဲလဲဖြစ်ရမှာမဟုတ်ပါ။

တရုတ်အစိုးရကို တရုတ်ပြည်ကွန်မြူနစ်ပါတီကို နိုင်ငံရေးအရဆန့်ကျင်တာလည်း ကျင်ပါ။ တိုက်မယ်ဆိုလည်း တိုက်ပါ။ ဒါပေမဲ့ ကိုဗစ်ကိုတော့ "နိုင်ငံရေး"မလုပ်စေချင်ပါ။ ထစ်ကနဲရှိ စစ်အုပ်စုကို တရုတ်နဲ့ပေးစား ရုရှားနဲ့ပေးစားတဲ့နိုင်ငံရေးမျိုးလောက်ဆို မစွံပါဘူး။ ဒီ့ထက် တိုးတက်ကောင်းမွန်ပြတ်သားတဲ့နည်းနဲ့ အခိုင်အမာမူရှိတဲ့နိုင်ငံရေးနဲ့ မင်းအောင်လှိုင်စစ်အုပ်စုကို 'တည်'တိုက်စေချင်ပါတယ်။ ရုရှား-တရုတ်တို့နဲ့ပေးစားတာလောက်နဲ့ နိုင်ငံရေးအချိုမကုန်စေချင်ပါ။
မျိုးမြင့်ချို
ဒီဇင်ဘာ ၂၇။ ၂၀၂၂

Tuesday, December 13, 2022

အိပ်မက်ပေမယ့်

0 comments

"အိပ်မက်ပေမယ့်"
စာအုပ်ပုံကြီးဟာ တော်တော့ကိုကြီးပါတယ်။ တောင်ပူစာတခုစာလောက်ကို ရှိပါတယ်။ လူတွေက စာအုပ်ပုံကြီး ပတ်ချာလည်မှာ ခေါင်းမဖော်နိုင်အောင် စာတွေဖတ်ကြတယ်။ လက်က စာအုပ်ချတယ်ရယ်လို့မရှိသလို မျက်လုံးတွေကလည်း စာအုပ်ဆီကနေ မခွာကြဘူး။ သိန်းစည်နဲ့သန်းဦးက စာအုပ်ပုံကြီးဆီလာတဲ့လူတွေကို စာအုပ်ပုံကြီးရှေ့ကနေပြီး ကရာတေးကစားပြတယ်။ လူတွေက ငဲ့စောင်းတောင် မကြည့်ကြဘူး။ ဆောင်းမင်းသမီးလေး ဝင်းဝင်းအေးတို့ ဆောင်းအငြိမ့်လည်း ကပြနေတယ်။ လူရွှင်တော်တွေက ဆံပင်ရှည်တွေ ဂျင်းဘောင်းဘီတွေ တီရှပ်တွေနဲ့။ တက်တူးတွေကလည်း ကိုယ်လုံးပြည့်။ တယောက်ကတော့ မိမွေးတိုင်း ဖမွေးတိုင်း အဝတ်ချည်းစည်းနဲ့ ဗလာကျင်းလို့။ လူတွေက ဒါကိုလည်း စိတ်မဝင်စားကြဘူး။ စာအုပ်ပုံကြီးထဲကိုသာ တည့်တည့်မတ်မတ်ဝင်သွားကြပြီး စာအုပ်တွေကိုပဲ သဲသဲမဲမဲရှာနေကြတယ်။ အဝင်လမ်းရဲ့တဘက်ကနေ "အသစ်ရောက်တဲ့စာအုပ်တွေ ဒီဘက်မှာ ဒီဘက်မှာ" လို့ လူ့ဘီလူးကြီးတယောက်ကအသံဗြဲကြီးနဲ့ အော်နေတယ်။ စာအုပ်အသစ်တွေမှတ်ပြီး သွားကြည့်တော့ စစ်နဲ့ငြိမ်းချမ်းရေးတို့ ရုပ်ကမ္ဘာတို့ ဦးကြီးဘထိုက် သို့မဟုတ် မိုးနှင့်မြေကို အောင်နိုင်ခြင်းတို့ ရွှေတိဂုံကိုမြင်လျှင်တို့ စတဲ့စာအုပ်တွေ တွေ့တယ်။ "သူတို့ဟာက စာအုပ်သစ်တွေမှမဟုတ်တာ"လို့ ဘေးကလူကိုပြောတော့ "အသစ်ရောက်တာတွေလေဗျာ စာအုပ်သစ်တွေမှမဟုတ်တာ"လို့ပြောရင်း ကော့ညက်တခွက်ပေးတယ်။ 'ကျွန်တော် မသောက်တတ်ပါဘူး"ပြောတော့ "အရက်က ရေလိုပဲသောက်ရတာဗျ။ အသောက်သင်စရာမလိုသလို မတတ်စရာလည်းမရှိဘူးဗျ ဟဲဟဲ"ဆိုပြီး မျက်မှန်ကို အင်္ကျီစနဲ့ပွတ်နေတယ်။ "စာဖတ်လိုက်ဦးမဗျ"လို့ပြောပြီး စာအုပ်ပုံကြီးထဲဝင်သွားပြန်တယ်။ "တကယ်တော့ စာဖတ်တယ်ဆိုတာ စိတ်အပန်းပြေဖို့၊ ဗဟုသုတရဖို့၊ ရသတခုခုခံစားချင်လို့၊ အတွေးအခေါ်သစ် အသိသစ်အမြင်သစ်တွေရဖို့ထက် အချိန်ဖြုန်းဖို့သာ ဖတ်သင့်တယ်ဗျ"လို့ပြောတဲ့လူကြည့်လိုက်တော့ ဟယ်ရီပေါ်တာဇာတ်ကားတွေထဲ စုန်းမကြီးတွေစီးတဲ့ တံမြက်စည်းပျံကို ခွလို့။ မိုးပေါ်ပျံတက်တော့မယ့်အတိုင်း ဟန်တပြင်ပြင်နဲ့။ ကျွန်တော်လည်း ငေးမိငေးရာ ငေးနေရာကနေ လူတွေနောက်နေ ခတ်ယို့ယို့လေးလုပ်ပြီး စာအုပ်ပုံကြီးထဲ ဝင်လိုက်သွားတယ်။ စာအုပ်ပုံကြီးထဲမှာ စာတအုပ်မှမရှိဘူး။ စာအုပ်စင်တွေလည်း မရှိဘူး။ စာဖတ်နေသူလည်း တယောက်မှမရှိဘူး။ စာဆိုလို့ "လမ်းချော်တတ်သည် သတိထား"ဆိုတဲ့ ဆိုင်းဘုတ်တခုပဲ တွေ့တယ်။ အဲ့ဒါစာခေါ်လားမခေါ်ဘူးလား လူတွေက အသည်းအသန် ဝိုင်းငြင်းခုန်နေကြတယ်။ လှိုင်ခေါင်းအလွတ်ကြီးထဲမှာ မံမီရုပ်အလောင်းတွေချည်းပဲ။ ဒါ တူတာ့ခမွန်လေဆိုပြီး ရွှေမျက်နှားဖုံးနဲ့ ဘုရင်ရုပ်လည်းတွေ့တယ်။ အီဂျစ်သူကြွယ်ကြီးလို့ စာထိုးထားတဲ့ မံမီရုပ်ကြီးလည်း မာတောင့်တောင့် နဲ့ ခြောက်ခြားစရာကြီး။ သူကြွယ်ကြီးသည် သူချမ်းသာသမျှစည်းစိမ်များနှင့် နောက်ဘဝ၌လည်း သူကြွယ်ကြီးဖြစ်ကာ စည်းစိမ်ခံနေပါသည်လို့ စာတမ်းကတော့ ဘေးမှာထိုးထားတာ တွေ့တယ်။ ကစားကွင်းထဲမှာ ကလေးတွေက ဆူညံလို့။ ရေကူးကန်ထဲမှာ လူတွေ ရေကူးနေကြတယ်။ တချို့လည်း ကန်စောင်းမှာ ခုံတွေချ ဘီကီနီတွေဝတ်ပြီး ရေခဲ့မုန့်စားနေကြတယ်။ ရုပ်ရှင်လည်း ပြနေတယ်။ လမ်းလည်ကောင်မှာ ပိတ်ကားကြီးထောင်လို့။ တယောက်က ကိုရွှေဘကွ ကိုရွှေဘကွဆိုပြီး အော်နေတယ်။ ကျွန်တော်လည်း စိတ်ပျက်လက်ပျက်နဲ့ မြက်ခင်းတွေပေါ်‌လျှောက်ပြီး ပြန်လာတာ ထောက်ကြန့်ကိုရောက်တယ်။ ငယ်သူငယ်ချင်းတွေ တယောက်မှရှိတော့ဘူးလို့ လမ်းထဲက မိန်းမဝဝကြီးတယောက်က လော်စပီကာနဲ့ အသံကုန်အော်နေတယ်။ ပဌာန်းရွတ်သံတွေ ဗလီကအာဇန်ပေးသံတွေ မီးနင်းနေတဲ့ ဟိန္ဒူတွေ ဘုရားကျောင်းက ခေါင်းလောင်းသံတွေ စေတီတွေကဆည်းလည်းသံတွေ ညောင်ရွက်လေတိုးသံတွေ သေနတ်သံတွေ ဗုံးကွဲသံတွေ ဓမြဓမြ ဖမ်းဟဖမ်းဟဆိုတဲ့အသံတွေစုံနေတာပဲ။ ဘယ်နိုင်ငံလဲဗျလို့ တက္ကစီသမားကိုမေးတော့ "မသိပါဘူးဗျာ ဘယ်နိုင်ငံမှန်း"လို့ပြန်ဖြေတယ်။ ဒါနဲ့ စိတ်ပေါက်ပေါက်နဲ့ ရထားပေါတက်လိုက်တော့ ရထားက ဘာ့စ်ကားကြီးဖြစ်နေတယ်။ ဂျာနယ်လက်ပွေ့သည်တယောက်ရယ် ပန်းရောင်းတဲ့ ကလေးမလေးတယောက်ရယ် သူတောင်းစားအဖိုးအိုတယောက်ရယ် သားသည်မအေတယောက်ရယ်လည်း ကားပါ်မှပါတယ်။ ဂျာနယ်လက်ပွေ့သည်က မျက်နှာဖုံးအပြည့် မင်းအောင်လှိုင်ပုံကြီးပါတဲ့ ဂျာနယ်ကိုမြှောက်ပြရင်း "နိုင်ငံတော် နိုင်ငံတော်"နဲ့အော်တယ်။ ပြီးတော့ ဘာတွေလည်းမသိဘူး ဗလုံးဗထွေးနဲ့ပြောပြောပြီး ငိုနေတယ်။ နှာခေါင်းတွေပိတ်လိုက်တာ အသက်ရှူလို့မဝဘူး။ ပါးစပ်နဲ့အသက်ရှူရတော့ အာခေါင်တွေခြောက်တယ်။ နှာခေါင်းက ဘာလို့ပိတ်တာလဲဆိုပြီး ညှစ်ညှစ်ထုတ်ဖို့ကြိုးစားရင်း အာခေါင်ခြောက်ပြီး ရေငတ်ငတ်နဲ့လန့်နိုးသွားတယ်။ ဪ...အိပ်မက်ကိုးလို့သိပြီး အသေးစိတ်ပြန်မှတ်မိနေတာ အံ့စရာပဲ။
မျိုးမြင့်ချို။ ဒီဇင်ဘာ ၁၃။ ၂၀၂၂

Sunday, December 11, 2022

ဘောလုံးပွဲအရသာ

0 comments

“ဘောလုံးပွဲအရသာ”

ကိုဇာနည့် Zar Ni ကျေးဇူးဖြင့် ပြင်သစ်နှင့်အင်္ဂလန်ကန်သည့် ကမ္ဘာ့ဖလားဘောလုံးပွဲကို ကြည့်ဖြစ်ပါသည်။ 'ကြည့်ချင်သည် ဘယ်လိုကြည့်ရမလဲ'ဟုမေးရာ သူက သူဝယ်ထားသည့်အကောင့် User Name and Password တို့ကို ပေးပါသည်။ ဝဘ်ဆိုက်လိပ်စာရိုက်ထည့်ကာ Desktop ကွန်ပြူတာနှင့်ကြည့်ပါသည်။

နှစ်သင်းလုံး ကမ္ဘာ့ဘောလုံးလောကတွင် နံမည်ကြီးတွေ၊ ထိပ်တန်းအသင်းတွေမှန်းတော့ သိပါသည်။ သို့သော် ဘယ်အသင်းက ပိုစွမ်းသည်၊ ခြေသာသည်၊ ဘယ်အသင်း၌ ဘယ်သူတွေ၊ တိုက်စစ်မှူးတွေ၊ ဂိုးသမားတွေ၊ ကွင်းလယ်ဒိုင် ဘယ်သူဘယ်ဝါစတာတွေတော့ မသိပါ။ ပွဲတဝက်လောက်မှ စကြည့်ရသော်လည်း ပွဲဆုံးအထိ အသေအချာ စိတ်နှစ်၍ စိမ်ပြေနပြေကြည့်ပါသည်။ ဘောလုံးဆိုတာ အလုံးကြီးပါတို့ ကမ္ဘာ့ဖလားက နတ်ကြီးတယ်တို့ စသည့် စကားများကိုလည်း ရင်ဝယ်ပိုက်ထားပါသည်။ ကြည့်ချင်စိတ်သက်သက်လေးဖြင့် ဘောလုံးပွဲအရသာ” ခံရန်သာ ကြို၍ စိတ်ကိုတေထားပါသည်။ ကန်ရင် ကန်တယ်လို့မှတ်ဟူသောစိတ်ဖြင့် ဘောလုံးပွဲကြည့်မရပါ။ 

 

ကျွန်တော့်တွင် ဘယ်အသင်းကို အာပေးလိုက်မည်ဟု ကြိုတင်စဉ်းစားထားတာမရှိသလို ဘယ်အသင်းကို ပိုကြိုက်မှန်းလည်း မသိပါ။ ထို့အတူ ဘယ်အသင်းကိုနိုင်စေချင် ဘယ်အသင်းကိုရှုံးစေချင်စိတ်လည်း မရှိပါ။ ရှုံးသူထွက်ရမည့်ပွဲမှန်းသိသော်လည်း ဘယ်အသင်းကိုမှ မရှုံးစေချင်ပါ။ ဒါဆို နှစ်သင်းလုံး နိုင်စေချင်တာလားဟု မေးစရာရှိပါသည်။ ဘောလုံးတွင် နှစ်သင်းလုံးနိုင်သည်မရှိဟုထင်ပါသည်။ တသင်းနိုင်၍ တသင်းတော့ရှုံးရမည်ပင်။ ဂိုးသွင်းလျှင်တော့ ဘယ်သူ့ဖြစ်ဖြစ် ဝင်စေချင်ပါသည်။ ပင်နယ်လ်တီကန်လို့ ချော်ထွက်သွားတာမြင်လျှင် စိတ်ထဲ ကြိတ်မနိုင်ခဲမရဖြစ်ပါသည်။ ဂိုလီဘာက လှလှပပဖမ်းပြတာ၊ သက်စွန့်ဆံဖျား အတင်းဝင်ဖမ်းပြတာ၊ ဖျတ်ကနဲ ပုတ်ထုတ်လိုက်တာတွေကိုမြင်လျှင် အလွန်နှစ်ထောင်းအားရဖြစ်ပါသည်။

 

ဘောလုံးအားကစားသည် စိတ်လှုပ်ရှားစရာ အလွန်ကောင်းပါသည်။ ရင်ခုန်စရာ ကောင်းပါသည်။ စိတ်မထိန်းချင်စရာ ဖြစ်ပါသည်။ ကြည့်နေရင်းက ရင်ထဲလှပ်ကနဲဖြစ်ရသည်များ၊ စိတ်ထဲထိတ်ကနဲ ဖြစ်သွားရသည်များ၊ မထင်မှတ်ပဲ တောက်ခေါက်မိလိုက်သည်များ၊ မသိမသာ စုပ်သပ်မိလိုက်သည်များ၊ စိတ်လိုလက်ရ ချီးကျူးလိုက်မိသည်များ၊ လွှတ်ကနဲ ဆဲရေးလိုက်မိသည်များ၊ ဟေးကနဲ ပျော်လိုက်ရသည်များ၊ ဟာကနဲ အားမလိုအားမရဖြစ်ရသည်များ စသဖြင့်ရသစုံလှပါသည်။ ဒါကို ဘောလုံးပွဲအရသာဟု ဆိုရမည်ထင်ပါသည်။ အလွန် စွဲလမ်းချင်စရာဖြစ်ပါသည်။ 

 

ဘောလုံးပွဲကို တဘက်တည်းမှရပ်ပြီး တသင်းဘက်ကိုသာအားပေးမည်ဆိုလျှင် တသင်းစာအတွက် အရသာကိုပဲ ခံစားမိမည်ထင်ပါသည်။ တသင်းအတွက်ပဲပျော်နိုင်၊ ဝမ်းနည်းနိုင်၊ စိတ်လှုပ်ရှားနိုင်ဖြစ်မည် ထင်ပါသည်။ ထို့အတူ ဘောလုံးပွဲကို ဇာတိစိတ်၊ ဒေသစိတ်၊ လူမျိုးစိတ်၊ ဘာသာစိတ်များနှင့်လည်း တွဲမကြည့်မိဖို့ သတိထားရမည် ထင်ပါသည်။ ထိုအရာတွေနှင့် တွဲကြည့်မိလျှင် ဘောပွဲကြည့်ရသည်မှာ အလွန်ပင်ပန်းမည်ထင်ပါသည်။ ဒါဆို ဘောလုံးပွဲကို ဘက်မလိုက်ပဲကြည့်ရမလား၊ ကြည့်လို့ရောရမလားဟု စောကြောစရာရှိပါသည်။ ဘောလုံးပွဲအရသာကို တကယ်ခံစားလိုလျှင် “ဘက်”ဆိုသည့်သဘောကို ခွာကြည့်မှရနိုင်မည်ဟုထင်ပါသည်။ ခွာမကြည့်နိုင်လျှင် ဘောလုံးပွဲအရသာတဝက်ကိုသာ ရမည်ထင်ပါသည်။

 

ပွဲပြီးသွားပါပြီ။  ၂ ဂိုး ၁ ဂိုးဖြင့် ပြင်သစ်က အင်္ဂလန်ကိုနိုင်သွားပါသည်။ ပြင်သစ်တွေအတွက် ကျွန်တော် စိတ်ချမ်းသာပါသည်။ အင်္ဂလိပ်တွေအတွက် စိတ်ထဲမကောင်းပါ။ အင်္ဂလိပ်တွေကို နိုင်စေချင်၍လားဆိုတော့လည်း မဟုတ်ပါ။ ဘာမှန်းမသိသည့် ဝေဒနာတခု ကျွန်တော့်တွင်ကျန်ရစ်ပါသည်။ ထိုအရာကသည်ပင်လျှင် ဘောလုံးပွဲဝေဒနာ သို့မဟုတ် ဘောလုံးပွဲအရသာလား မပြောတတ်ပါ။ ကျွန်တော် ထိုဝေဒနာကို သို့မဟုတ် ထိုအရသာကို ကြိုက်တော့ အတော့်ကိုကြိုက်ပါသည်။ ကြိုက်သဖြင့် နောက်လည်း ဘောလုံးပွဲများကိုကြည့်ဖြစ်ဦးမည်ဖြစ်ပါသည်။

မျိုးမြင့်ချို။ ဒီဇင်ဘာ ၁၁။ ၂၀၂၂

အမုန်းမခံခြင်း

0 comments

“အမုန်းမခံခြင်း”

ကျွန်တော် ယနေ့ထက်ထိ အမုန်းခံပြီး စာတလုံးမရေးဖူးပါ။ ကျွန်တော် ရေးစရာရှိတာ ရေး၊ ပြောစရာရှိတာ ပြောလိုက်သည်။ မုန်းသူ မုန်း၏။ ချစ်သူ ချစ်၏။ ချစ်သူတို့က အကောင်းပြောပြီး ချီးမွမ်းသလို မုန်းသူတို့က အဆိုးပြောပြီး ဆဲရေးပြစ်တင်၏။

 

ကျွန်တော်သည် အကောင်းပြော၍အချီးမွမ်းခံရခြင်းကိုနှစ်ခြိုက်ပြီး မကောင်းပြော၍ဆဲရေးပြစ်တင်ခြင်းကို မကြိုက်ပါ။ ကျွန်တော့်နေမှုထိုင်မှုဘဝနှင့် ဖြတ်သန်းခဲ့သည့်ကာလများတွင်း အပြစ်မလွတ်သည်များ လူကဲ့ရဲ့ခံရဖူးသည်များ ရှိ၏။ အပြစ်ကင်းစင်မှုများ လူ့အချီးအမွမ်းများလည်း ရှိ၏။ ထိုကိစ္စသည် လောကဓံဖြစ်ပါသည်။ ခံကို ခံရပါသည်။

 

မြတ်စွာဘုရားသော်မှ အကဲ့ရဲ့မလွတ်နိုင်ဟုကိုးကားပြီး မိမိအကဲ့ရဲ့ခံရခြင်းကို ဖြေသိမ့်ရာမရှာဖူးပါ။ မိမိမှားသဖြင့် ခံရသည်ဟုမြင်ပြီး ခံစရာကိုရဲရဲခံပါသည်။ ခွန်းကြီးခွန်းငယ် ပြန်တုံ့ပြန်မနေပါ။ အချီးမွမ်းခံရသည့်အခါတွင်လည်း တတ်နိုင်သမျှ စိတ်အေးလက်အေးနှင့် တည်တည်ငြိမ်ငြိမ် လက်ခံလိုက်ပါသည်။ မြောက်မသွားဟု ထင်ပါသည်။

 

လူတချို့က စာကိုအမုန်းခံ၍ရေးလိုက်သည်၊ စကားကို အမုန်းခံ၍ပြောလိုက်သည်ဟု ဆိုတတ်ကြပါသည်။ သူတို့သည် အမုန်းခံရခြင်း၌ သာယာနေကြလို့လား သို့မဟုတ် လူ့ကရုဏာရလိုကြ၍လား မပြောတတ်ပါ။ ထိုသူတို့တွင် တချို့မှာ အဆိုးမြင်စိတ်အခံလေးတွေတော့ မသိမသာ ရှိနေသည်ဟု ထင်ပါသည်။ ငါ့က နင်တို့ကိုယ်စား အမုန်းခံ ပြောလိုက်ရတာဟုဆိုရင်း ကျေးဇူးအတင်ခံချင်တာလည်း ဖြစ်နိုင်ပါသေးသည်။ ကျေးဇူးအတင်ခံချင်လို့ဆိုလျှင် ကျေးပင်အစွပ်ခံရနိုင်ပါသည်။

 

လူ့သဘောမှာ ဘယ်လောက်ပင် ကျေးဇူးပြုဖူးပြုဖူး နင့်အပေါ် ငါ ဘယ်တုန်းက ဘာကျေးဇူးပြုဖူးတာ’ ဟု ပြောလိုက်လျှင် ထိုပြုဖူးသောကျေးဇူးအတွက် ဘယ်သူမှကျေးဇူး ဆက်မတင်ချင်တတ်တော့ပါ။ အဟောသိကံ ဖြစ်သွားပါသည်။ ကျေးဇူးအပြုခံရသူက တတ်နိုင်သမျှပြန်ဆပ်ရန်သာ ကြိုးစားတော့သည်။ ကျေးဇူးကို ကြွေးလို သဘောထားတော့သည်။ ကျေးဇူးပြုသူဘက်က စိတ်အထားတတ်ဖို့လိုပါသည်။ လူတချို့သည် စိတ်အနေ ကောင်းသော်လည်း စိတ်အထားမတတ်သဖြင့် ခွကျကုန်ကြတာတွေ မြင်ဖူးပါသည်။ ထို့ကြောင့် လူကြီးတွေက စိတ်နေစိတ်ထားဟု တွဲသုံးခြင်းဖြစ်ပါသည်။

 

ပြန်ကောက်ရလျှင် ကျွန်တော် အမုန်းခံ၍ စာတလုံး စကားတခွန်းမှ မပြောဖူးပါ။ ကျွန်တော် ပြောစရာရှိသည်ကို ပြောပါသည်။ ကျွန်တော့တွင် မုန်းသူ ချစ်သူရှိပါသည်။ ကျွန်တော့်အား မုန်းသူချစ်သူရှိပါသည်။ ကျွန်တော်လည်း အများသူငါလို ချစ်သူမုန်းသူတို့နှင့် နေတတ်ပါသည်။ မနေတတ်လို့ မရပါ။ ထိုအရာသည် လောကဓံဖြစ်ပါသည်။

မျိုးမြင့်ချို။ ဒီဇင်ဘာ ၈။ ၂၀၂၂

ဆဲချင်လို့ကို ဆဲတာပါ

0 comments

“ဆဲချင်လို့ကို ဆဲတာပါ”

ဒလျှိုလို့စွပ်စွဲခံရတဲ့ အမျိုးသမီးတယောက်ကို လမ်းလည်ကောင်လူမြင်ကွင်းမှာ ရိုက်နှက် ထိုးကြိတ်ကန်ကျောက်ပြီး နောက်ဆုံး မျက်နှာအဝတ်စီး ဒူးထောက်ခိုင်း နောက်ကနေပစ်သတ်ပြလိုက်တာ သူရဲကောင်းကြီးတွေပေါ့ ဟုတ်လား။ ဒီဗီဒီယိုဟာ ရောက်သွားပါပြီ ရန်သူ့လက်ထဲကို၊ တပ်ထဲမှာ ဝါဒဖြန့်နေပြီ။ ရောက်သွားလောက်ပါပြီ နိုင်ငံတကာ့ လက်ထဲကို၊  တော်လှန်ရေးသမားဆိုသူတွေလည်း ဘာထူးလဲကွာလို့ ပြောနေလောက်ပြီ။ ရောက်သွားလောက်ပါပြီ လူ့အခွင့်အရေးနဲ့ သုံ့ပန်းကိစ္စကိုင်တွယ်နေကြသူတွေဆီ၊ တချိန်ချိန်ကျ အရေးယူအပြစ်ပေးရမယ့်စာရင်းထဲ ထည့်လိုက်လောက်ကြပြီ။  ရောက်သွားပါပြီ ပြောပြောနေတဲ့ဂျီနီဗာကွန်ဗင်န်းရှင်န်းကို၊ လူတကာ့တံတွေးခွက်မှာ ပက်လက်မျောပါပြီ။ မင်းတို့လက်တွေလည်း သွေးစွန်းလက်တွေဖြစ်ပြီ။ သွေးဆာနေတဲ့နှလုံးသားနဲ့ ရမ်းကားခဲ့ကြပြီ။

 

အဲ့သလို လူစိတ်ပျောက် သရဲသဘက်စီးပြတော့ရော ကိုယ့်လူတွေက လက်ခုပ်လက်ဝါးတီး အားပေးကြမယ်ထင်လား၊ ဝေးသေး။ ရွံကြောက် ကြောက်ကုန်ကြမှာပဲ မုန်းကုန်ကြမှာပဲ။ ဒီအမျိုးသမီးဟာ ဒလျှိုအစစ်ဖြစ်တယ်ထားဦး ဒီလို လုပ်ရမှာတဲ့လား။ ဒါကို မမြင်ကွယ်ရာမှာလုပ်လည်း ဆန့်ကျင်တယ်။ ဒလျှိုဆိုသူကိုတောင် ဒီလောက်လုပ်နေတာ စစ်ပွဲကမိလာတဲ့သုံ့ပန်းဆို ဘယ်လောက် ရက်ရက်စက်စက်လုပ်မလဲက မတွေးဝံ့စရာပဲ။ ယုံလိမ့်မယ် ရန်သူ့စစ်သားက မင်းတို့ သုံ့ပန်းပေါ်လစီဆိုတာကို။ ယုံလိမ့်မယ် ရန်သူ့စစ်သားက မင်းတို့ သုံ့ပန်းပေါ်လစီကျင့်သုံးတယ် ဆိုတာကို။ မင်းတို့တွေ သူတို့လက်ကျတဲ့အခါ၊ မင်းတို့လူတွေ သူတို့လက်ကျတဲ့အခါ မတွေးဝံ့စရာပါလား။ အပြန်အလှန် အညှိုးတကြီးနဲ့ လက်စားချေသုတ်သင်နေကြမှာပဲ။ ဒါစစ်မှ မဟုတ်တာဘဲ။ ဒါတော်လှန်ရေးမှ မဟုတ်တာဘဲ။ ဒါ လူသက်သက် လိုက်သတ်နေတာပဲ။ 

 

စစ်အုပ်စုက ဖက်ဆစ်လက္ခဏာရှိသူမို့ သူလုပ်တာမဆန်းဘူးလို့ ဘယ်သူကမှ ပေယျာလကံ သဘောမထားဘူး။ ပြောနိုင်တဲ့လူ ပြောတယ်။ ဖွင့်ချနိုင်တဲ့လူ ဖွင့်ချတယ်။ ပြစ်တင်ရှုံ့ချနိုင်တဲ့လူ ပြစ်တင်ရှုံ့ချတယ်။ အပြစ်ပေး အရေးယူဖို့ တတ်နိုင်တဲ့လူ တတ်နိုင်သလိုကြိုးစားနေကြတယ်။ ခုချိန်မှာ စစ်အုပ်စုကို သူကျူးလွန်တဲ့ ပြစ်မှုတွေအတွက် စီးပွားရေးဒဏ်ခတ်တာ၊ သံတမန်ရေးဆန့်ကျင်ကန့်ကွက်တာ၊ နိုင်ငံရေးပြစ်တင်ရှုံ့ချတာကလွဲလို့ ဘာမှ အရေးယူ အပြစ်မပေးနိုင်သေးဘူး။ ရိုဟင်ဂျာအရေး ICJ တင်ပြီးတရားစွဲတာကလွဲလို့ ဘယ်ခုံရုံးမှမပို့နိုင်သေးဘူး။ ဘယ်တရားရုံးကမှ အပြစ်ပေးအရေးမယူနိုင်သေးဘူး။ အဲ့သလို ဘာမှမလုပ်နိုင်သေးချိန်မှာ မင်းတို့ကပါ လူစွမ်းကောင်းကြီးတွေလုပ်ပြီး ယောက်မမြင်းစီးထွက်ပြလိုက်ကြတာပေါ့ ဟုတ်လား။ ဒါဟာတော်လှန်ရေးဆို ဒီလို တော်လှန်ရေးမျိုးတော့  ခါးခါးသီးသီးဆန့်ကျင်တယ်။

 

ဒါကို ဘာဆင်ခြေနဲ့မှရှင်းရှင်း ကြေလည်သွားစရာမရှိဘူး။ ဒီ့အတွက် ဘယ်ဆင်ခြေမှ မခိုင်လုံဘူး။ နွေဦးတော်လှန်ရေးမှာ ဒီလို လူသတ်သမားတွေ သွေးဆာနေတဲ့ကောင်တွေဟာ မရှိအပ်တဲ့ အမှိုက်သရိုက်တွေပဲ။ နွေဦးတော်လှန်ရေးဆိုတဲ့ နတ်သုဒ္ဓါခွက်ထဲကျတဲ့ မစင်စက်တွေပဲ။

 

ဒီပို့စ်ကို ဘာနိုင်ငံရေးတွေ၊ ဘာအတွေးအခေါ်တွေ၊ ဘာသဘောတရားရေးတွေ၊ ဘာစည်းရုံးရေးတွေမှမပါဘဲ ဆဲချင်လို့သက်သက်ကိုရေးတာဖြစ်ပါတယ်။ ကျွန်တော်ဆဲတာ မကျေနပ်ရင် ကျွန်တော့်လည်း ဆဲသွားနိုင်ပါတယ်ခင်ဗျား။

မျိုးမြင့်ချို

ဒီဇင်ဘာ ၄။ ၂၀၂၂

Sunday, December 4, 2022

မဲဆောက်နေသူများ

0 comments

"မဲဆောက်နေသူများ"

၂၀၂၁ ဖေဖော်ဝါရီ မင်းအောင်လှိုင်စစ်အုပ်စုက စစ်အာဏာသိမ်းပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် မဲဆောက်ဘက် ထွက်ချလာသူတွေ သောင်းချီရှိနေပါသည်။

တချို့မှာ ပုဒ်မမျိုးစုံ အထုတ်ခံရသောကြောင့်၊ တချို့မှာ ဆန္ဒပြရာတွင် ဦးစီးဦးဆောင်ပြုခဲ့သောကြောင့်၊ တချို့မှာ CDM လုပ်ပြီး မနေဝံ့တော့သောကြောင့်၊ တချို့မှာ NUG တို့၊ CRPH တို့၊ သက်ဆိုင်ရာ PDF တို့နှင့် အလုပ်လုပ်ရန်ဖြစ်ပြီး တချို့မှာမူ အခွင့်သာခိုက် တတိယနိုင်ငံတွေထွက်ရလိမ့်နိုးနိုးနှင့် ထွက်လာကြသူတွေဖြစ်၏။ အခွင့်သာခိုက်တတိယနိုင်ငံ ထွက်ရနိုးနိုးလူတွေထဲတွင် လက်ရှိနိုင်ငံရေးနှင့်ရော အတိတ်ကနိုင်ငံရေးနှင့်ပါ ဘယ်လိုမှတိုက်ရိုက် မဆိုင်ခဲ့သူတွေပါသလို အမှန်တကယ်လုပ်ခဲ့ဖူးသည့် နိုင်ကျဉ်းဟောင်းတချို့လည်းပါကြ၏။ ပြောရလျှင် ရောကောသောကော။

ထွက်လာကြသူတွေမှာ တယောက်ချင်းထွက်လာကြသူတွေရှိသလို မိသားစုပါတပါတည်းခေါ်ပြီး ထွက်လာကြသူတွေလည်းရှိ၏။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ထွက်ချလာခဲ့ကြ၏။ တရားဝင် အတိအလင်းပြန်ဝင်ရန်မလွယ်တော့။ ခိုးပြီးပြန်ဝင်လို့မိလျှင် တရားမဝင်နယ်စပ်ဖြတ်ကျော်မှုနှင့် အဖမ်းခံရမည်။ ပုဒ်မအတပ်ခံရလို့ ထွက်ပြေးလာသူဆိုလျှင်တော့ နှစ်မှုဖြစ်သွားလိမ့်မည်။ ပြန်ရေးမလွယ်။

ထိုင်းကို အစောဆုံးထွက်ချလာသူတချို့မှာ တတိယနိုင်ငံတွေရောက်ပြီး အခြေချနေကြပေပြီ။ နောက်ပိုင်းထွက်လာသူတွေထဲမှတချို့မှာ မဖြစ်မနေဗျူးရမည့် အင်တာဗျူးမှန်သမျှလည်းပြီးပြီ၊ ဆေးစစ်တာတွေဘာတွေလည်း ပြီးပြီ။ Cultural Orientation ခေါ် ယဉ်ကျေးမှုမိတ်ဆက်သင်တန်းတွေပင်လျှင် တက်ပြီးကြပြီ။ သဘောက သူတို့ကိုလက်ခံမည့် တတိယနိုင်ငံတွေကိုထွက်ခွာဖို့ အသင့်ဖြစ်နေကြပြီ။

ထိုသူတွေထဲမှ တချို့ကို မဲဆောက်ရှိ ဈေးသက်သာသောဟိုတယ်လ်များတွင် ယာယီနေထိုင်တည်းခိုခွင့်ကို UNHCR နှင့် IOM တို့မှာ စီစဉ်ပေးသည်ဟုဆိုသည်။ ထို့ကြောင့် ဟိုတယ်လ်နေပြီး တတိယနိုင်ငံထွက်ရန် စောင့်နေသူများဟု ဆိုရမည်ဖြစ်သည်။

သို့သော် အများတကာအများစုကြီးမှာကား အပြင်မှာနေနေကြရသည်။ ပါလာသည့်ပိုက်ဆံလေးတွေ ကျစ်ကျစ်ပါအောင်ဆုပ်ပြီး အိမ်ခန်းများ ငှားနေကြရသည်။ တချို့မှာ ပြည်တွင်းကနေ ပြန်မှာသုံးကြသည်။ တချို့မှာ နိုင်ငံခြားနေဆွေမျိုး၊ မိတ်ဆွေများအထောက်အပံ့နှင့် ခြစ်ခြစ်ကုပ်ကုပ်။ တချို့မှာ ရရာအလုပ်တွေ ကြုံရာကျပန်းလုပ်ရင်း ဘဝနှင့်အသက်ကို တရက်ချင်းဆက်နေကြရသည်။ တချို့မှာ ပြည်တွင်းတွင်ကျန်ခဲ့သည့်အိမ်များ လုပ်ငန်းများ ချိတ်ပိတ်ခံလိုက်ကြရရှာသည်။

သည်ကြားထဲ ထိုင်းရဲ။ ထိုင်းလဝကများကိုလည်း ကြောက်နေကြရသည်။ အိမ်ထဲ အခန်းထဲနေလျှင် သိတ်ကိစ္စမရှိသေးသော်လည်း အပြင်ထွက်လို့ ဘာလက်မှတ်မှမပါလျှင် အဖမ်းခံရမည်။ တရားဝင် ဒဏ်ငွေဆောင်ရမည်။ တရားမဝင် လဘ်ထိုးရမည်။ ထိုသို့မလုပ်နိုင်ပါက အဖမ်းခံရကာ Detention Center များတွင်ချုပ်ထားပြီးနောက် ဗမာပြည်ဘက် ပြန် "သွန်"ခံထိမည့်အရေးရှိသည်။ ပြောရလျှင် မဲဆောက်သည် တောကြမ်းသည်။ နတ်ကြီးသည်။ အန္တရာယ်ပြွမ်းသည်။

ဒီမနက် သတင်းတခုကြားရသည်။ သတင်းက ဟိုတယ်လ်တွေမှာ နေနေကြသူများ ယခုနှစ်အကုန်တွင် ဖယ်ပေးကြရမည်။ ပြီးတော့ UNHCR က သတ်မှတ်ဆောက်လုပ်ထားသည့်နေရာများတွင်နေပြီး တတိယနိုင်ငံ ထွက်ခွာခွင့်ကိုစောင့်ရမည်ဟုဆိုသည်။

ဒီသတင်းကြားပြီး ကျွန်တော်မနေနိုင်။ ထိုင်းနှင့် မဲဆောက်ရှိအဆက်အသွယ်များကိုလှမ်းမေးပြီး သတင်းကို Confirm လုပ်သည်။ သတင်းထွက်နေတာတော့မှန်သည် အတိအကျအတည်ပြုလို့တော့ မရသေးဟုဆိုကြသည်။ သတင်းထွက်လာမှုအရ ဖြစ်နိုင်ခြေက ၂ ခုရှိနိုင်သည်ဟုဆိုသည်။

တခုက မဲဆောက်ရှိ UNCHR အသိအမှတ်ပြုပြီးသူများ တနည်းပြောရလျှင် UN တွင် Refugee အဖြစ်မှတ်ပုံတင်ပြီးသူများအားလုံး ထိုင်း-ဗမာနယ်စပ်တလျှောက်ရှိ ဒုက္ခသည်စခန်းများသို့ ဝင်ရမည်။ နောက်တခုက ၈၈ အပြီး နယ်စပ်ထွက်လာသူများအား ရပ်ရှ်ပူရီခရိုင်တွင် မနီလွိုင်စခန်းဖွင့်ပြီး ထားသလိုထားလိမ့်မည်ဆိုခြင်းပင်။ ဘယ်ဟာမှတော့ မသေချာသေး။ အတိအကျအတည်ပြုရန်လိုနေသေး၏။ နိုင်ငံအချို့ကတော့ ထိုသူများအား မနီလွိုင်လိုစခန်းသွင်းထားရန် အကြံပြုကြသည်ဟုလည်းဆို၏။

တဆက်တည်းပါလာသည့် နောက်သတင်းတခုမှာ အင်တာဗျူး အားလုံးလည်း ပြီးပြီ၊ ဆေးစစ်တာလည်း အောင်သည်၊ ယဉ်ကျေးမှုမိတ်ဆက်သင်တန်းလည်း ပြီးပြီ၊ IOM ကိစ္စတွေလည်းပြီးပြီဆိုသူများအား ၂၀၂၃ ဧပြီလောက်တွင် တတိယနိုင်ငံတွေပို့ပြီး အကုန်ရှင်းထုတ်မည်ဆိုသည့်သတင်းပင်။ စောင့်တော့ ကြည့်ရဦးမည်။

ကျွန်တော်လည်း ထိုင်း-ဗမာနယ်စပ်တလျှောက်ရှိ ဒုက္ခသည်များအတွက် စိတ်ပူရသလို မဲဆောက်နေသူများအတွက်လည်း စိတ်မောရ၏။ ထိုင်းအစိုးရလည်း အကျပ်အတည်းကြီး၏။ ဝန်ပိ၏။

Saturday, December 3, 2022

နွေဦး

0 comments
“နွေဦး”(အောက်တိုဘာလက ရေးပြီးတင်ခဲ့တာပါ)
တရုတ်၊ အမေရိကန်၊ ယူအင်န်၊ အာဆီယံ၊ အိန္ဒိယ၊ ဥရောပသမဂ္ဂ စတဲ့နိုင်ငံတွေ နိုင်ငံစုတွေကရော ဗမာ့အရေး စိတ်ပူပေးပါတယ်ဆိုတဲ့လူတွေကရော ၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာမသိမ်းမီကအခြေအနေကိုပြန်သွားဖို့ အလိုရှိနေကြပါတယ်။ တသံတည်းထွက်နေကြပါတယ်။ ဒီအခြေအနေပြန်သွားဖို့ကိုလည်း သူတို့နှုတ်ထွက်စကားတွေမှာ "ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်သွားရေး"လို့ တွင်တွင်သုံးပါတယ်။ အခြေခံလူတန်းစားတွေကသာ တိုင်းပြည်က ဘယ်အချိန်က ဒီမိုကရေစီရသွားလိုက်မှန်း မသိကြတာပါ။ သူတို့ကတော့ အဲ့ဒီအခြေအနေကို ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်နေတဲ့အခြေအနေလို့ သတ်မှတ်ကြတာဖြစ်နိုင်ပါတယ်။ သူတို့ဆီက တချက်တချက် "ဒေါ်စုနဲ့တွေ့ဆုံဆွေးနွေးပါ"လို့လည်း မပွင့်တပွင့် ပြောသံတွေကြားရပါတယ်။
ခု တိုင်းပြည်ကသွားနေတဲ့လမ်းကြောင်းက (နွေဦးတော်လှန်ရေးလို့ပြောပြော လက်နက်ကိုင်တော်လှန်ရေးလို့ဆိုဆို) စစ်အာဏာရှင်စနစ်ကို "အပြီးတိုင်အကုန်အစင်ဖျက်သိမ်းရေး" ဖြစ်နေပါတယ်။ သွေးကြွေးမှာ ဆွေးနွေးစရာမရှိ လို့တောင် ကြွေးကြော်သူ ကြွေးကြော်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးပါဆိုတဲ့တောင်းဆိုမှုမျိုးမပြောနဲ့ (လွှတ်ပေးစေချင်စိတ်အပြည့်ရှိနေဦးတောင်) ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးပါလို့ တင်းတင်းရင်းရင်း တောင်းဆိုသံတွေ တိုးတိတ်မှေးမှိန်နေပါတယ်။ ဒါကို သတိထားမိဖို့လိုပါတယ်။
လက်နက်ကိုင်တော်လှန်ရေးနည်းနဲ့ တပြည်လုံး အာဏာသိမ်းနိုင်တဲ့အထိဖြစ်လာရင်တော့ ဘာဆွေးနွေးနေစရာ လိုမလဲ။ ဒါတောင် လက်နက်ကိုင်တော်လှန်ရေးလုပ်နေရင်းက ရန်သူနဲ့ မလွှဲသာမရှောင်သာ ဆွေးနွေးရတာ စကားပြောရတာတွေရှိပါသေးတယ်။ ဘယ်အချိန် ဘယ်အခြေအနေ ဘယ်အချက်အလက်တွေအောက်မှာ ဘယ်အတိုင်းအတာအထိ အပေးအယူလုပ်မလဲ စေ့စပ်ဆွေးနွေးမလဲ ကြေအေးမလဲဆိုတာတွေက အလွန် စကားပြောပါတယ်။ အလွန်သတိကြီးကြီးထားပြီးမှ လုပ်ရပါတယ်။ တခါတလေ လောလောဆယ်မှာ တိုင်းပြည်နဲ့လူထုက နားမလည်နိုင်သေးပေမယ့် "လက်တွေ့နိုင်ငံရေး"အရ လုပ်လိုက်ရတာတွေရှိပါတယ်။ နှစ်ပေါင်းများစွာ လက်နက်ကိုင်တော်လှန်ရေးလုပ်လာတဲ့အဖွဲ့အစည်းတွေနဲ့ လူမျိုးစုတွေမှာ ဒီအတွေ့အကြုံတွေရှိတာမို့ စစ်အုပ်စုနဲ့လည်း သတိကြီးကြီးထား ထိတွေ့ဆက်ဆံနေကြတယ်လို့ ထင်ပါတယ်။ တဘက်မှာလည်း သူတို့ရဲ့နောက်ခံလူထုရဲ့ အမြင်တွေသဘောထားတွေကို စုစည်းဖော်ပြနေရပါတယ်။
လက်နက်ကိုင်တော်လှန်ရေးလို့ပြောရင် လူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းတွေကိစ္စက ထိပ်ရောက်လာတာပါပဲ။ ဗမာပြည်နွေဦးတော်လှန်ရေးကို လူမျိုးစုလက်နက်ကိုင်တော်လှန်ရေးတွေနဲ့ ခွဲပြီးစဉ်းစားလို့မဖြစ်ပါ။ တွဲစဉ်းစားရမှာပါ။ ဆက်စပ်စဉ်းစားရမှာဖြစ်ပါတယ်။ စစ်အုပ်စုက နွေဦးတော်လှန်ရေးကို "လက်နက်ကိုင်အကြမ်းဖက်မှု"လို့ သုံးပါတယ်။ ဒါပေမဲ စစ်အုပ်စုပြောသလို "လူမျိုးစုလက်နက်ကိုင် EAOs တွေကြောင့် လက်နက်ကိုင်အကြမ်းဖက်မှုတွေ ဖြစ်နေတာ"လို့ပဲ မိမိကပါလိုက်မြင်ရင်တော့ မမှန်ပါ။
နွေဦးတော်လှန်ရေးဟာ စစ်အုပ်စုနဲ့ မပြီးနိုင်မစီးနိုင် တသက်ကမ္ဘာမကြေတိုက်နေရမှာမဟုတ်ပဲ တချိန်ချိန်မှာ အပေးအယူလုပ်စေ့စပ်ဆွေးရမယ်လို့ မြင်ပါတယ်။ ဘယ်သူတွေနဲ့ ဘယ်အဖွဲ့အစည်းတွေက နွေဦးတော်လှန်ရေးကိုကိုယ်စားပြုမလဲ၊ ဘာတွေ အပေးအယူလုပ်ပြီး စေ့စပ်ကြမလဲ ကြေအေးကြမလဲ ရှေ့ဆက်ဘယ်လိုသွားကြမလဲကတော့ ရေရေရာရာမရှိသေးပါ။ စောင့်ကြည့်ရဦးမှာပါ။ တွေ့ရဦးမှာပါ။ နွေဦးဟာ တစုတည်း တဖွဲ့တည်း တယောက်တည်းရဲ့ မောင်ပိုင်ပစ္စည်းမဟုတ်ပါ။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ပွဲဝင်နေသူအားလုံးနဲ့ဆိုင်ပါတယ်။ အားလုံး ပိုင်ပါတယ်။
ချုပ်ရရင် တိုင်းပြည်ကြီး "ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ခဲ့တယ်"ဆိုတဲ့အမြင်ဟာ အလုပ်သမား လယ်သမား အခြေခံလူတန်းစားတွေအတွက်မမှန်ပါ။ နွေဦးတော်လှန်ရေးကို ရန်သူမြင်စေ့ချင်သလိုမြင်ရင် မှားပါတယ်။ နွေဦးတော်လှန်ရေးဟာ စစ်အုပ်စုနဲ့ မစေ့စပ်မဆွေးနွေးကြစတမ်း မပြီးနိုင်မစီးနိုင်တိုက်နေရမှာလည်းမဟုတ်ပါ။ နွေဦးမှာ "နိုင်ငံရေးလက်တွေ့"အရ ဆုံးဖြတ်လုပ်ကိုင်ဆောင်ရွက်ရမှာတွေရှိပါတယ်။
မျိုးမြင့်ချို
အောက်တိုဘာ ၁၇။ ၂၀၂၂

Thursday, December 1, 2022

တို့ဆေး

0 comments

“တို့ဆေး”

တို့ဆေး တကယ်ရှိမရှိကို ကျွန်တော်မသိပါ။ ရှိချင်လည်း ရှိနိုင်ပါလိမ့်မည်။ သို့သော် လူတယောက်ကို တို့လိုက်ရုံဖြင့် အသိတွေကွယ်ပျောက်သွားကာ တို့သူအလိုကျဘာမဆို လိုက်လုပ်ပေးသည်ဆိုသည်မှာတော့ အတော်လေး ထူးဆန်းသည့်ကိစ္စ ဖြစ်ပါသည်။ ကျွန်တော်တော့ မယုံနိုင်ပါ။ 

 

ဟိုတလောက ကျွန်တော်နေသည့် ဖို့တ်ဝိန်းမြို့ကလေးတွေ တို့ဆေးအတို့ခံရပြီး ရွှေတွေပါသွားသည်ဆိုသည့် ကျွန်တော်နှင့်သိသော အမျိုးသမီးတယောက်နှင့် ဆုံပါသည်။ သူက “ကျွန်မလည်း တံခါးခေါက်တော့ ဖွင့်ပေးလိုက်တယ်။ မွတ်စလင်မ်လို ဝတ်စားထားပြီး ဆလမ်တွေဘာတွေလည်း ပေးတယ်။ နုတ်ဆက်တော့ ကျွန်မကိုဖက်ပြီး ကျွန်မလည်ပင်းကို သူ့လက်နဲ့ထိလိုက်တာတော့ သိလိုက်တယ်။ နောက်တော့ လူက သတိလစ်သလို ဖြစ်သွားတယ်။ သူပြောတာတွေ အကုန်နားထောင်ပြီး သူတောင်းတဲ့အတိုင်း ကျွန်မလက်ဝတ်လက်စားတွေအကုန် ချွတ်ပေးလိုက်တဲ့အပြင် သိမ်းထားတဲ့အထဲက ရွှေတချို့ပါ ထုတ်ပေးလိုက်တယ်။ စုစုပေါင်း ရွေချည်းပဲ တဆယ်သား လောက်ရှိတယ်။ ကျောက်တွေလည်း ပါသေးတယ်။ နောက် ကျွန်မသတိပြန်လည်လာတော့ အိမ်ထဲမှာ ဘယ်သူမှ မရှိတော့ဘူး ကျွန်မတယောက်တည်းရယ်။ လူကလည်း မောနေသလိုပဲ။ အိပ်ချင်မူးတူးကြီး ဖြစ်နေတယ်။ ကိုယ်ပေါ်တော့ ဘာရွှေမှမရှိတော့ဘူး။ တော်သေးတယ် လူကို ဘာမှလုပ်မသွား”လို့ဟု တနံတလျား ပြောပါသည်။ သူ့အသံတွင် နှမျောခြင်းများစွက်နေသလို သူအမှန်ပြောတာပါဆိုသည့် အမူအယာကိုလည်း သတိထားမိပါသည်။ တခြားလူတွေဆီကလည်း ထိုဇာတ်လမ်းမျိုးတွေ တဆင့်ကြား ကြားရပါသည်။ ကွန်တော် ယုံခြင်းမယုံခြင်းထက် ပစ္စည်းတွေ ပါသွားသည့်သူတို့အတွက်တော့ စိတ်မကောင်းဖြစ်မိပါသည်။ ချွေးနှဲစာနှင့် မဟုတ်လား။ သို့သော် ကျွန်တော် တို့ဆေးဆိုသည်ကို သံသယရှိပါသည်။ စိတ်ထဲ တမျိုးဖြစ်ပါသည်။

 

သည်လိုနှင့်နေရင်း တနေ့ ကျွန်တော် ဗမာစားသောက်ဆိုင်တဆိုင်သွားပါသည်။ စားနေကျဆိုင်ဖြစ်သလို မနက်ခင်းဆိုလျှင် စားသောက်သူတွေနှင့် အမြဲပြည့်နေသည့်ဆိုင်လည်းဖြစ်ပါသည်။ စားနေတုန်း အသက်အစိတ်ခန့် မိန်းကလေးလေးတယောက် ကျွန်တော့်စားပွဲသို့လာပြီး “ဦးလေး သမီးကိုသိလား”ဟုမေးရင်း ဝင်ထိုင်ပါသည်။ “ဘယ်သူများတုန်း”မေးတော့မှ တို့ဆေးအတို့ခံရပြီး ရွှေတွေပါသွားသည့်အမျိုးသမီးကြီး၏ချွေးမမှန်း သိရသည်။ ကျွန်တော် သူ့ယောက္ခမကြီးနှင့်သိမှန်းသိတော့ သူ့ယောက္ခမကြီးအကြောင်းတွေချည်း ဖိပြောတော့သည်။ အကောင်း တစက်မှမပါ။ ကျွန်တော် စိတ်မသက်မသာဖြင့် နားသာထောင်ပေးနေသော်လည်း အင်း ပင်မလိုက်မိ။ ပြောနေရင်းမှ “ဦးလေး သူ တို့ဆေးအတို့ခံရတယ်ဆိုတာ ယုံလား”ဟုမေးပါသည်။ “အေး ငါလည်း မပြောတတ်ဘူး။ သူပြောလို့ နားတော့ထောင်လိုက်တာပဲ”ဟု မရေမရာပြန်ဖြေမိသည်။ “သူ တို့ဆေးအတို့ခံရတယ်ပြောတာ လိမ်တာဦးလေး။ အမှန်က သူ အလိမ်ခံရတာ။ ရှက်လို့ တို့ဆေးအတို့ခံရတာလို့ပြောတာ”ဟုပြောပါသည်။ ကျွန်တော် အတော် စိတ်ဝင်းစားမိပြီး “ဟုတ်လား ပြောပြပါဦး”ဟုမေးလိုက်ပါသည်။

 

“အဲ့နေ့က အိမ်မှာ သမီးလည်းရှိတယ်၊။ ဒါပေမယ့် ကိုယ့်အခန်းထဲ ကိုယ်နေ‌ နေတာ။ တံခါးလာခေါက်တာလည်း သိတယ်။ သူသွားဖွင့်ပေးပြီး ဆလာမ်ပေးတာ၊ အင်္ဂလိပ်လို မတောက်တခေါက်နဲ့  နှုတ်ဆက်တာလည်းကြားတယ်။ နောက်တော့ အဲ့ဒီမိန်းမတွေ အိမ်ထဲဝင်လာပြီး သူနဲ့ တိုးတိုးတိုးတိုးနဲ့အင်္ဂလိပ်လို ပြောနေသံတွေလည်းကြားတယ်။ သဲတော့မသဲကွဲဘူး။ ခနနေတော့ သူအိမ်ထဲဝင်သွားပြီး ဘီရိုဖွင့်ပြီး တခုခုယူတယ်ထင်တယ်။ ပြန်ထွက်လာပြီး သူတို့ စကားတွေဆက်ပြောနေကြတယ်။ စုစုပေါင်း နာရီဝက်လောက်ရှိမယ်။ နောက်တော့ ဟို မိန်းမတွေပြန်သွားတယ်။ သူတံခါးဝအထိလိုက်ပို့ပေးတာ ဆလာမ်အပြန်အလှန်ပေးနေကြတာ ကြားတယ်။ ကျွန်မအိမ်ရှေ့ထွက်လာတော့ ကျွန်မကိုလည်း ဘာမှမပြောတော့ ကျွန်မလည်း ဘာမှမမေးဘူး။ ဘာသိဘာသာပဲနေလိုက်တယ်။ နောက်နေ့ နေ့လည် ကွန်မဧည့်ခန်းထဲထိုင်နေတုန်း ကျွန်မယောက်ျားက အပြင်ကပြန်လာပြီး ဒေါကြီးမောကြီး အော်ကြီးဟစ်ကျယ်နဲ့ သူ့အမေကိုခေါ်သံကြားတော့ ကျွန်မလည်းလန့်သွားတယ်။ “ဘာဖြစ်တာလဲ အကို”ဆိုတော့ “အမာ အလိမ်ခံလိုက်ရပြီ။ သူ့ကို ပေးခဲ့တဲ့ဒေါ်လာတွေက အတုတွေ။ တော်သေးတယ်။ ငါလည်းစိတ်ထဲထင်လို့ နားလည်တဲ့လူ အရင်ပြကြည့်တာ။ မတော် အမေရိကန်ဆိုင်များ သွားသုံးမိလို့ကတော့ အဖမ်းပါခံရမှာ”လို့ပြောတယ်။ ဒီတော့မှ အကုန်ပေါ်လာတယ်။ ဟို အမျိုးသမီးတွေက သူတို့ကိုယ်သူတို့ အိုမင်န်နိုင်ငံကနေ ရောက်လာသူတွေဖြစ်ကြောင်း။ အိုမန်သူတွေက ဗမာရွှေဆို အလွန်ကြိုက်ကြောင်း။ ဈေးကြီးပေး ဝယ်ဝတ်ကြကြောင်း။ ဒါ့ကြောင့် သူတို့က ဗမာပြည်သားတွေဆီကနေ ရွှေရသမျှ လိုက်ဝယ်ပြီး အိုမင်န်ကိုပြန်ပို့ကြောင်း။ သူလည်း ရွှေရောင်းမယ်ဆို ဘယ်ဈေးပေးမယ်ဆိုတဲ့အကြောင်းတွေ အယုံသွင်းပြီး ဈေးမတန်တဆပေးပြီး ဝယ်သွားတဲ့အကြောင်းတွေပေါ့ ဦးလေးရာ”ဟု ပြော၏။ ကျွန်တော် အံ့အားလည်းသင့် ကိုယ့်ပါအလိမ်ခံရသလိုခံစားမှု ဝင်မိ၏။ 

 

“နောက်တော့ ဘာဆက်ဖြစ်ကြလဲ”ဟု ထိုကလေးမကို စူးစမ်းမိတော့ သူက “အဖွားကြီး ငိုတယ်လေ။ အဖိုးကြီးကလည်း နင်တော်တော် အသုံးမကျတဲ့မိန်းမဆိုပြီးပြောတယ်။ သားတွေကလည်း ဘာမှတော့မပြောပေမယ့် ကြည်တော့ မကြည်ကြဘူး။ ရှက်လည်းရှက်ကြတယ်။ နောက်တော့ အလိမ်ခံရတာ ဘယ်သူ့မှမပြောနဲ့။ ပြောမယ်ဆိုလည်း တို့ဆေးကြောင့်ဆိုပြီး ဇာတ်လမ်းလုပ်လိုက်တာလေ ဦးလေးရေ”ဟု ပြော၏။ “အေး..အေး.. နင်သိလည်း နင့်စိတ်ထဲထား”ဟု ကျွန်တော်ကပြောမိပါသည်။

 

ဘာ့ကြောင့်ထိုကဲ့သို့ပြောမိမှန်း ယခု ပြန်စဉ်းစားသည့်အခါ မရေရာပါ။ ကျွန်တော်လည်း သူတို့အစား ဝင်ရှက်မိလို့လား သို့မဟုတ် မတည့်သည့် ယောက္ခမအကြောင်း သူများတွေကို မကောင်းလိုက်ပြော၊ ရွာလှည့်အထုတ်ဖြည်ပြလုပ်မှာကို မနှစ်မြို့တာကြောင့်လား မပြောတတ်ပါ။ ကျွန်တော်လည်း ထိုအကြောင်းကို ဘယ်သူ့မှမပြောဟုနေသော်လည်း ခုတော့ လူသိရှင်ကြား ရေးလိုက်ရပါသည်။ ထိုအမျိုးသမီးကြီးလို လူအလိမ်မခံရစေချင်သည့် စေတနာစေ့ဆော်ခြင်းကြောင့် ဖြစ်မည်ထင်ပါသည်။ 

 

ထိုအမျိုးသမီးကြီး လိမ်တော့ အလိမ်ခံလိုက်ရတာ အမှန်ဖြစ်ပါသည်။ သို့သော်တို့ဆေးကြောင့်တော့ မဟုတ်ပါ။ 

မျိုးမြင့်ချို။ ဒီဇင်ဘာ ၁။ ၂၀၂၂

စာဖတ်စာရေးခြင်း

0 comments
စာဖတ်စာရေးခြင်း
စာဖတ်သူကို လှည့်ဖျား၍မရဟု ကျွန်တော်ထင်ပါသည်။ စာဖတ်သူသည် စာရေးသူ တကယ် Mood ဝင်၍ရေးသလား ဖျစ်ညှစ်၍ရေးသလားကို ကောင်းကောင်းသိပါသည်။ ဖတ်နေကျလူ၏လက်ရာကို တချက်ဖတ်လိုက်ရုံဖြင့် ဒီလူ ဒီတခါလည်းတကယ်ရေးလိုက်တာလား သို့မဟုတ် ဖျစ်ညှစ်ရေးထုတ်လိုက်တာလားကို သေချာပြောနိုင်ပါသည်။
စာရေးသူအနေဖြင့် (အထူးသဖြင့် အပတ်ထုတ် ဂျာနယ်များ၊ လစဉ်ထုတ်မဂ္ဂဇင်းများတွင် ရသစာ‌ပေရေးနေသူများ) တခါတရံ အချိန်မီအောင် သို့မဟုတ် ဖတ်လက် မဝေးစေရန်ရည်ရွယ်၍ ဖျစ်ညှစ်ရေးလိုက်ရသည်များ ရှိနိုင်ပါသည်။ လုပ်ကြံ၍တော့ စာတပုဒ်ကိုရေးမရဟု ကျွန်တော်ထင်ပါသည်။ လန်ကြုပ်ဇာတ်လမ်းများ စာအုပ်များရှိသော်လည်း ထိုစာများသည် စာအရတန်းမဝင်ပါ။ ခနခံပြီး ပျောက်သွားပါသည်။
ဖတ်သူအနေဖြင့်(အထူးသဖြင့် ရေးသူတယောက်၏လက်ရာကိုကြိုက်သဖြင့် သတိထားဖတ်သူများ၊ စောင့်ဖတ်သူများ) တခါတရံ အချိန်လုပြီးဖတ်ပင်ဖတ်ရငြား ဖတ်လိုက်သည်နှင့်တပြိုင်နက် သူဖတ်နေကျလက်ရာအတိုင်း မီတယ် မမီဘူးကို တပ်အပ်ပြောနိုင်ပါသည်။ ဖျစ်ညှစ်ရေးလိုက်သည့်စာဆိုလျှင်တော့ ပြောမနေနှင့်။ ဒီတခါ ဒီလူ တယ်လျှော်တာပဲဟု ဒက်ကနဲပြောနိုင်ပါသည်။
ရေးသူမှာ စာဖတ်ရပါသည်။ စာစုံအောင် မဖတ်တောင် အနည်းဆုံးတော့ သူရေးမည့်အကြောင်းအရာကို ညက်နေအောင်ဖတ်ရပါသည်။ သိမြင်ခံစားတတ်ရပါသည်။ အခြားအတွေ့အကြုံများလည်း လိုပါသည်။ ခရီးသွားစာပေရေးလျှင် ခရီးသွားရပါသည်။ စာဖတ်ရုံနှင့်သက်သက်နှင့်တော့ စာရေး၍မရနိုင်ဟုထင်ပါသည်။ အချစ်အကြောင်းသည် ဘယ်တော့မှရေးမကုန်သည့် အကြောင်းအရာဖြစ်သော်လည်း အချစ်ဝတ္ထုများဖတ်ရုံနှင့် စံကျသည့်အချစ်ဝတ္ထုတပုဒ် ဖန်တီးနိုင်သည်ဆိုခြင်းမှာ သိတ်တော့ယုတ္တိမတန်ဟုထင်ပါသည်။ ချုပ်ရလျှင် စာမဖတ်ပဲ စာရေးမရဟုဆိုနိုင်သလို စာဖတ်တိုင်းလည်း စာတကယ်မရေးနိုင်ဟုဆိုချင်ပါသည်။
ဖတ်သူမှာ အကြောင်းအရာတခုတည်းအပေါ် ရေးသူလောက် ညက်ညက်ကြေစရာမလိုပါ။ ခံစားနားလည် တတ်ရပါသည်။ စာဖတ်သူမှာ မိမိအတွေ့အကြုံကိုစာထဲတွင်ရှာရန် ဖတ်ခြင်းမဟုတ်ဘဲ စာထဲတွင် ဘာ အသစ်အဆန်းများသိရမလဲ၊ ဘာများ တွေးခေါ်သိမြင်စရာပါမလဲဆိုသည့် စိတ်အခံနှင့်ဖတ်ပါသည်။ စာတကယ်ဖတ်ပဟေ့ စာဖတ်နာပြီဟေ့ဆိုလျှင် လူတကာက လက်ဖျားခါယူရပါသည်။ ထိုသို့ စာဖတ်နာသူများနှင့်ကြုံရပါက အားကျစရာအလွန်ကောင်းပါသည်။ ထိုသူတို့သည် စာရေးဖို့အတွက် စာဖတ်နေကြခြင်းမဟုတ်ပါ။
ကျွန်တော်သည် မဖြစ်ညစ်ကျယ်စာရေးသူဖြစ်သလို မတောက်တခေါက် စာဖတ်သူလည်း ဖြစ်ပါသည်။ စာစုံဖတ်သလို စာရေးသူအစုံလည်း လက်လှမ်းမီသလောက် ဖတ်ပါသည်။ ထို့ကြောင့် အဖတ်ယဉ်နေသည့်စာရေးသူများလက်ရာကို မှတ်မိနေတတ်ပါသည်။ ထိုမျှမက ထိုစာရေးသူ တကယ်ခံစား၍ရေးလိုက်သလား ဖျစ်ညှစ်၍ရေးလိုက်သလားကို ဆဝါးကြည့်၍ရပါသည်။
လူတိုင်းလူတိုင်း စာဖတ်သူများမဖြစ်နိုင်သလို စာရေးသူများလည်း မဖြစ်နိုင်ပါ။ သို့သော် စာရေးသူများရှိနေသလို စာဖတ်နေသူများလည်းရှိနေပါသည်။ စာဖတ်ခြင်းစာရေးခြင်းမှာ ကောင်းသည့်ကိစ္စဖြစ်ပါသည်။ စာအရေးရော စာအဖတ်ပါလုပ်နိုင်ကြလျှင် ပိုကောင်းမည်ဟုထင်ပါသည်။
မျိုးမြင့်ချို။ နိုဝင်ဘာ ၂၁။ ၂၀၂၂

တောင်တက်ခြင်း

0 comments
“တောင်တက်ခြင်း”
ညက နီပေါလ်တွင် ငလျှင်ကြီးလှုပ်ချိန်၊ နိုင်ငံတကာမှ ဧဝရက်တောင်လာတက်ကြသည့် တောင်တက်သမားများ နှင်းတွေပြို၍ သေကြကြေသည့်အကြောင်း မှတ်တမ်းရုပ်ရှင်ကားကို စုပ်တသပ်သပ်နှင့် အမှတ်မထင်ကြည့်ဖြစ် ပါသည်။ စိတ်ထဲ ခုထိ မကောင်းပါ။
အလောင်းတချို့ ပြန်ဖော်ရသော်လည်း အလောင်းများစွာမှာ နှင်းထုအောက် ရေခဲထုအောက်ဖုံးပြီး အစရှာမရအောင် ပျောက်သွားပါသည်။ ထိုအလောင်းကောင်များအား ဘယ်အချိန် နှင်းတွေပျော်မှ ရေခဲတွေပျော်မှ ဖော်ရမည်ကို မတွေးတတ်ပါ။
လူတွေ တောင်ဘာကြောင့်တက်ရသည်ကိုလည်း ခုထိ နားမလည်သေးပါ။ တောင်ထိပ်တခုခုကို အသက်နှင့်ရင်းပြီး စွန့်စွန်းစားစား ခက်ရာခက်ဆစ်တက်ပြီး ထိပ်ရောက်မှ ပြန်ဆင်းလာကြသည့်အဖြစ်ကိုလည်း နားမလည်သေး။ တောင်ပေါ်တွင် အထွဋ်အမြတ်ထားရာ တခုခုရှိ၍၊ တောင်ပေါ်တွင် ဘုရားစေတီရှိ၍၊ တောင်ပေါ်တွင်ရွှေထွက်၍၊ ငါမအိုသေးကိုပြလို၍ စသည်ဖြင့် တောင်တက်ကြသည်ကို နားလည်ခံစား၍ ရပါသည်။
အသက်စွန့်ပြီးတောင်တက်သည်ဆိုလျှင် ထိုအသက်စွန့်မှုသည် ဘယ်သူ့အတွက် ဘာအကျိုးရှိသနည်း။ ကျွန်တော့အမြင်မှာတော့ ဘယ်သူ့အတွက်မှ ဘာအကျိုးမှမရှိပါ။ ဘယ်သူ့အတွက်မှ ဘာအကျိုးမှမရှိလျှင် ထိုအပြုအမူထိုလုပ်ရပ်သည် စွှန့်လွှတ်မှုဟု ခေါ်ရန်မထိုက်ပါ။ စွန့်စားမှုသာ မည်ပါသည်။ ထို လူစွန့်စားတို့၏ သတ္တိ၊ ဇွဲနှင့် ကြံ့ခိုင်မှုတွေကိုတော့ အသိအမှတ်ပြုရမည် ထင်ပါသည်။
လူအများတကာ့အများစုကြီး ရောက်နိုင်ရန်ခဲယဉ်းသည့် တောင်ထိပ်ဖျားတခုခုပေါ်သို ခြေချမိခြင်း အလံစိုက်မိခြင်းသည် ဘာ့ကြောင့် တိုင်းပြည်ဂုဏ်ဆောင်ရသနည်း။ အားကစားတခုခု၌ ထူးချွန်အောင်မြင်၍ အထွဋ်အဖျားသို့ရောက်သွားခြင်းနှင့် တောင်အမြင့်ကြီးတလုံးလုံး၏ ထိပ်ဖျားကို့ရောက်သွားရခြင်းမှာ အတူတူပဲလား။ တောင်တက်သမား၏ ခံစားမှုကတော့ အတူတူပင်ဖြစ်မည်ထင်ပါသည်။ တောင်ကို အောင်နိုင်ခြင်းထက် သူ့ကိုယ်သူအောင်နိုင်ခြင်းဟု မှတ်ယူယုံကြည်နေမည် ထင်ပါသည်။
ထိုတောင်တက်ရင်း ရှေ့ကတောင်တက်သမားတွေ သေကြကြေကြမှန်းကို သိသိနှင့် နောက်က တောင်တက်သမားတွေက မကြောက်မရွံ့ နောက်မတွန့်တက်ကြသည်။ ထပ်သေကြပြန်သည်။ ထပ်တက်ကြပြန်သည်။ တောင်တက်သံသရာ မဆုံးတော့။
ကျွန်တော် နားမလည်သည့်အကြောင်းအရာကို နားလည်သလိုပြောကြည့်ခြင်းဖြစ်ပါသည်။ နားမလည်ရင်မရေးနဲ့ဟုပြောလည်း ခံပါမည်။ နားလည်သူများအနေဖြင့် တခုခုမှတ်ချက်ရေးခဲ့စေလိုပါသည်။
မျိုးမြင့်ချို။ နိုဝင်ဘာ။ ၂၇။ ၂၀၂၂

စွန့်လွှတ်ခြင်း

0 comments
“စွန့်လွှတ်ခြင်း”
တယောက်ယောက်တော့ ပြောခဲ့ဖူးပါသည်။ ဘယ်သူမှန်းတော့ မမှတ်မိတော့ပါ။ သူက “ဘယ်အတွက်မှ ဘာယုံကြည်ချက်အတွက်မှ မိမိအသက်ကို၊ မိမိဖြစ်တည်မှုကို မစွန့်လွှတ်သင့်”ဟု ဆိုပါသည်။ သူ့တွင် အကြောင်းပြချက်ရှိနိုင်ပြီး ထို အကြောင်းပြချက်နှင့်အတူ သူ့ဘာသာ မှန်နေနိုင်မည်ထင်ပါသည်။ သို့သော် ကျွန်တော်က ဘဝင်မကျပါ။ မနှစ်ခြိုက်ပါ။
သာမန်အခြေအနေတိုင်းတွင် လူတိုင်းသည် မသေချင်ကြပါ။ အသက်ကို မစွန့်လွှတ်လိုကြပါ။ သို့သော် အခြေအနေတရပ်တွင် လူသည် သေခြင်းတရားကို ရွေးချယ်သွားပါသည်။ လူ့အဖွဲ့အစည်း အကျိုးစီးပွားအတွက် မိမိအသက်ကိုစွန့်လွှတ်ရန် ဝန်မလေးခဲ့သူများအကြောင်း ဖွဲ့ထားသည်စာများ၊ မှတ်တမ်းမှတ်ရာများ၊ အထောက်အထားများ တပုံတပင်ရှိပါသည်။
ထိုသို့ အသက်စွန့်သွားသူများအကြောင်း ဖတ်ရတိုင်း ကြက်သီးမွှေးညှင်းထသလို လေးစားဂုဏ်ယူစိတ်လည်း တဖွားဖွားပေါ်ပါသည်။ သူတို့နည်းတူ သူရဲကောင်းလည်း ဖြစ်ချင်ပါသည်။ ဤသို့ဆိုသည့်အတွက် မင်းက အသက်စွန့်ဖူးလို့လားဟု မေးစရာရှိပါသည်။ ကျွန်တော် မစွန့်ဖူး၍သာ ဤစာကို ရေးနေနိုင်ခြင်းဖြစ်ပါသည်။ ကျွန်တော့်ဘဝတွင် အသက်ကိုစွန့်ရမည့်အခြေအနေအထိ တခါမှ မရောက်ခဲ့ဖူးပါ။ ထို့ကြောင့် မစွန့်လွှတ်ခဲ့ရပါ။ ရောက်ခဲ့လျှင် ဘယ်သို့ရှိမည်ကိုလည်း မမှန်းဆနိုင်ပါ။
ယုံကြည်ချက်အတွက် ညှဉ်းပန်းနှိပ်စက်ခံရပြီး အသေခံသွားသည့်သူများ၊ အကျဉ်းထောင်များ၊ ကြိုးစင်များ၊ ကားတိုင်များ၊ အဆိပ်ခွက်များ၊ ခေါင်းဖြတ်စက်များ၊ လျှပ်စစ်ကုလားထိုင်များနှင့် လက်ဖြောင့်သေနတ်သမားတို့ လက်တွင် အသက်စွန့်သွားကြသူများ လူ့သမိုင်းတွင် အနမတဂ္ဂရှိပါသည်။ ထိုသူတို့ အသတ်ခံရမည့်ဆဲဆဲတွင် ခြောက်ခြောက်ခြားခြား တုန်တုန်လှုပ်လှုပ် ဖြစ်မသွားခဲ့ကြပါ။ သေခြင်းတရားကို ရဲရဲရင့်ရင့် တည်တည်ငြိမ်ငြိမ် ရင်ဆိုင်သွားပါသည်။ ပြောစရာရှိသည်များ၊ မှာစရာရှိသည်များကို ပြောသွားမှာသွား ကြွေးကြော်သွားခဲ့ကြပါသည်။
ဤနေရာ၌ ယုံကြည်ချက်ဆိုသည်မှာ ဘာသာရေး၊ နိုင်ငံရေး၊ အတွေးအခေါ်၊ သိပ္ပံပညာ စသဖြင့် နယ်ပယ်အမျိုးမျိုးမှ ဖြစ်နိုင်ပါသည်။ နိုင်ငံရေးတွင် ယုံကြည်ချက်ဆိုသည်မှာ ဗမာပြည်လိုနေရာတွင် အာဏာပြဿနာကို Non-Violence and Civil Disobedience နည်း၊ လက်နက်ကိုင်တော်လှန်ရေးနည်း တခုခုကို ကို ရွေးချယ်လုပ်ကိုင်ခြင်းဖြစ်ပါသည်။ စွန့်လွှတ်သူဆိုသည်မှာ ယင်းယုံကြည်ချက်ကိုဆုပ်ကိုင်ပြီး စစ်အာဏာရှင်စနစ်အား အန်တုရင်ဆိုင်သူဖြစ်ပါသည်။
လူတချို့သည် ထိုစွန့်လွှတ်ခဲ့သူတို့ရင်ဆိုင်ခဲ့ရသည့်အခြေအနေမျိုးများကို မိမိတို့ ဖြတ်သန်းခဲ့ကြရသော်လည်း ထိုသူများနည်းတူ မိမိက မစွန့်လွှတ်ခဲ့ကြသည်ကိုတွေးကာ သိမ်ငယ်ရှက်ရွံ့နေတတ်ကြပါသည်။ ဂုဏ်ငယ်သလို ခံစားနေတတ်ကြပါသည်။ ကျွန်တော့် အမြင်တွင် ထိုသို့ခံစားနေရန်မလိုပါ။ လူတွင် ခံနိုင်ရည်အတိုင်းအတာရှိသလို စွန့်လွှတ်နိုင်စွမ်း ရေချိန်လည်းမတူပါ။ ယုံကြည်ချက် နက်ရှိုင်းရာ၌လည်း မတူနိုင်ပါ။ ထိုကြောင့် သူ စွန့်လွှတ်ခဲ့သလို ငါဘာ့ကြောင့် မစွန့်လွှတ်ခဲ့ရသနည်းဟုတွေးပြီး အငုံ့စိတ်ဝင်နေစရာ မလိုပါ။ ထို့အတူ လူတိုင်းအား မစွန့်လွှတ်ရကောင်းလားဟု ပြစ်တင်စောကြောနေစရာမလိုသလို စွန့်ကိုစွန့်လွှတ်ရမည်ဟုလည်း မတောင်းဆိုအပ်၊ မမျှော်လင့်အပ်ပါ။
ယခုအခါ ဗမာပြည်၌ ဘယ်တုန်းကမှနှင့်မတူသည့် လူထုအုံကြွမှုကြီးဖြစ်နေပါသည်။ မြို့ပြနှင့်ကျေးလက်ဒေသများတွင် ဆန္ဒပြပွဲများ အလျဉ်မပြတ်ဖြစ်နေပါသည်။ တချို့ လူငယ်လူရွယ်များ လက်နက်ကိုင်တော်လှန်ရေးအထိ “တက်” သွား ကြပါသည်။ သူတို့ အောင်စိတ်ဖြင့် စစ်အာဏာကို ခုခံဆန့်ကျင်နေကြပါသည်။ သူတို့ စွန့်လွှတ်နေကြပါသည်။
ကျွန်တော်ကား သူတို့နှင့် ကိုယ်ရောစိတ်ပါလိုက်ပါနိုင်သည့်အခြေအနေ မရှိတော့။ သို့သော် ကျွန်တော် သူတို့ ဘာ့ကြောင့် လက်နက်ကိုင်ရသည်ကို နားလည်ပါသည်။ ထို့အတူ ကျွန်တော်ယုံကြည်ရာလုပ်ရင်းရခဲ့သည့် အကျဉ်းစံနှစ်ကာလများအတွက် သူတို့ကလည်းနားလည် စာနာလိမ့်မည်ဟု ယုံပါသည်။
မျိုးမြင့်ချို။ နိုဝင်ဘာ ၂၇။ ၂၀၂၂

အုန်းပြန့်

0 comments

"အုန်းပြန့်"

ကျွန်တော်တို့ ဒုက္ခသည်စခန်းနေတုန်းက တောင်ထိပ်တင်ထားတာ။ အုန်းပြန့်စခန်းမှာတော့ အမြင့်ဆုံးနေရာပဲ။ ဆောင်းဆို အေးသလားမမေးနဲ့။ လေကလည်း ဟူးဟူးရားရားနဲ့။ အကာနဲ့ ဝါးကြမ်းခင်းကလည်း လေတိုးသေးတယ်။ မိုးဆို သက်ငယ်မိုးကလည်း ယိုသေးတာ။ ဆောင်းမှာ စောင်အထပ်ထပ်ခြုံပြီး အိပ်တာတောင် အေးစိမ့်နေပုံက ရိုးတွင်းခြင်ဆီအထိလား မှတ်ရတယ်။ ဒါနဲ့ ဝါးပေါက်ကြမ်းပေါ် သံပြားခင်း မီးသွေးမီးဖိုတင် မီးမွှေးပြီးအိပ်ကြတယ်။ တရေးနိုးအေးလို့နိုးလာတော့ မီးဖိုက မီးသွေးကုန်နေပြီ။ ဒါနဲ့ပဲ ခေါင်းစွပ်ကို မျက်နှာအုပ်တဲ့အထိဆွဲချ စောင်ခေါင်းမြီးခြုံပြီး ပြန်အိပ်ရတယ်။

ဝါးတဲတွေ ဆောက်ထားပုံကလည်း ကြမ်းတပြေးတည်း လေးငါးခြောက်လုံး တဆက်တည်းဆောက်ထားတဲ့ ဝါး တဲတန်းလျားတွေ။ ခြေရင်းခေါင်းရင်း၊ တခန်းကျော် နှစ်ခန်းကျော်တွေက အိပ်ရင်း လူးလွန့်ရင်ကို ကိုယ့်ဆီလာပြီး တကျွိကျွိ တကျွကျွနဲ့ဆိုတော့ ညတိုင်းကောင်းကောင်း အိပ်ရတယ်လို့ကိုမရှိဘူး။ အိမ်ထောင်သည်တွေ ဘာညာကိစ္စများရှိပလားဆိုပြောမနေနဲ့။ ဂျိုးဂျိုးဂျင်းဂျင်းနဲ့ကိုနေတာ။ ရယ်လည်းရယ်ရတယ်။ မူးပြီး အိပ်မိတဲ့ညတွေတော့ ဆင်အော်တောင် မနိုးဘူးဆိုပါတော့။ သာမန်ညတွေတော့ အဲ့ဒီ တကျွိကျွိ တကျွကျွတွေ တဂျိုးဂျိုးတဂျင်းဂျင်းတွေနဲ့ ပြီးတာပါပဲ။ တရေးနိုး ရှူရှူးပေါက် အီအီးပါဆင်းလို့ တယောက်ယောက်ယောက်က ကြမ်းနင်းပြီး လမ်းလျှောက်ရင်တော့ ကိုယ့်ခေါင်းရင်း လာနင်းသလားမှတ်ရတယ်။ အဲ့သလိုတွေနေရင်း ကြာတော့လည်း နေသားကျသွားတာပါပဲ။ ထူးပြီးလည်း မဆန်းတော့ပါဘူး။ တယောက်တယောက်လည်း မျက်နှာပူရတာ ရှက်ရတာ အားနတာရတာ မရှိတော့ပါဘူး။

ချစ်စရာကောင်းတာက ဒုက္ခသည် အချင်းချင်းယိုင်းပင်းကြတာပဲ။ ဟိုအိမ်ဒီအိမ်က ဟင်းကောင်းလေးများချက်ပလားဆို့ ရော့ဟဲ့ လာစားဟဲ့နဲ့ကိုနေတာ။ မုန်းလေးပျားလေးများလုပ်လည်း ဝေငှစားရတာအမော။ တယောက်ယောက်က ပြဿနာတခုခုတက်လည်း ကိုယ့်လာတက်တဲ့အတိုင်း ဝိုင်းပူကြပန်ကြ မေးရမြန်းရနဲ့နေတာ။ သူ့အပူ ကိုယ့်အပူလုပ်ကြ။ သူ့ဟာသကိုယ် ကိုယ်ရယ်ရ။ ကိုယ့်ရယ်စရာ သူများဟားကြနဲ့ပေါ့။ ရေဒီယိုရှိတဲ့လူတွေကလည်း ရေဒီယိုနားထောင်ပြီး ထူးတဲ့သတင်းလေးတွေ ဝေကြမျှကြနဲ့ပေါ့။

ဒုက္ခသည်စခန်းဆိုတဲ့အတိုင်း ဒုက္ခတွေတော့ရှိတာပေါ့။ ဒါပေမယ့် အမြဲတမ်း စိတ်ဆင်းရဲစရာစိတ်ညစ်စရာတွေချည်းတော့ ဘယ်ဟုတ်ပါ့မလဲ။ တခါတလေ ပျော်စရာပါးစရာလေးတွေတော့ရှိတာပေါ့။ ပျော်စရာရွှင်စရာလေးတွေလည်း ရှိတာပေါ့။ လူတွေက ဒုက္ခကိုရော သုခကိုပါ ခံစား ခံနိုင်ကြပါတယ်။

ကျွန်တော်တို့က ဝါးစားပွဲလေးပေါ် စာအုပ်တွေတင်ပြီး စာကြည့်တိုက်ဖွင့်တယ်။ မဲဆောက်ကဆရာတွေဖိတ်ပြီး စာပေဟောပြောပွဲလုပ်တယ်။ စာပေဟောပြောပွဲဆိုပေမယ့် နိုင်ငံရေးတွေချည်းပါပဲ။ လူငယ်တချို့ဦးစီးပြီး တန်ဆောင်တိုင်မီးထွန်းပွဲနဲ့ ကလေးကာတွန်းပြပွဲတွေလုပ်တယ်။ အဲ့ဒီတုန်းက ဘယ်ကလာလို့ လျှပ်စစ်မီးရှိပါ့မလဲ။ အင်တာနက်တို့ဘာတို့ ဝေးသေး။ ဖုန်းပြောချင်ရင် သူ့ထက်ပိုမြင့်တဲ့တောင်တွေပေါ်တက်ပြီး ပြောရတယ်။ ဒါမှ လိုင်းမိတာကိုး။

ခုတော့ ဒုက္ခသည်စခန်းတွေလည်း မီးရနေပြီတဲ့။ တောင်ပေါ်ကရေကို လှောင်ကန်တွေလုပ်ပြီး တောင်အောက်ကအိမ်တွေဆီ သွယ်နိုင်ပြီတဲ့။ ရေနဲ့မီးက ၂၄ နာရီလောက်ရတယ်တဲ့။ မီးခရေခတော့ပေးရတာပေါ့။ ဘယ်အလကားရမလဲ။ မတတ်နိုင်တဲ့လူတွေတော့ ထုံးစံအတိုင်း ဖယောင်းတိုင်မီးနဲ့ ဒီဇယ်မီးခွက်နဲ့ UNHCR က ဝေတဲ့ သောက်ရေနဲ့တောင်ကျစမ်းနဲ့ပဲပေါ့။ အင်တာနက်လည်းရနေပြီတဲ့။ နိုင်ငံခြားတိုင်းပြည်တွေက အဆွေအမျိုးတွေ အသိအကျွမ်းတွေနဲ့လည်း ဗီဒီယိုချက်တင်န်းတွေလုပ်လို့ရနေပြီတဲ့။

ဘာပဲဖြစ်ဖြစ် ဗမာပြည်စစ်အုပ်စုနှိပ်စက်လို့ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး၊ စီးပွားရေး၊ စစ်ရေးတွေကြောင့် ပြေးလာရတဲ့လူတွေအတွက်တော့ အထိုက်အလျှောက်နေသာထိုင်သာရှိတဲ့အရပ်ကလေးတခုဖြစ်နေတာမှန်ပေမယ့်Refugee Status နဲ့ တတိယနိုင်ငံတွေထွက်ဖို့ကြ မလွယ်ရေးချမလွယ်ဖြစ်နေတဲ့ အနေအထားပါပဲ။ မျှော်လင့်ချက်မဲ့နေတဲ့ နိုင်ငံမဲ့နေတဲ့ လူတွေလိုပဲ နေနေကြရတာပါ။ Stress တွေ Depression တွေလည်း ရကြတာပါပဲ။ ဘာပဲဖြစ်ဖြစ်လေ စစ်အာဏာရဲ့ ဘက်ပေါင်းစုံ ဖိစီးနှိပ်စက်မှုကလွတ်နေရတဲ့အတွက် စိတ်သက်သာရာလေးတော့ ရကြမှာပါပဲ။ ပြည်ပနိုင်ငံတွေက အထောက်အပံ့ရှိသူတွေအတွက်တော့ အသက်ရှူကလေးကပိုချောင်မှာပါပဲ။

ကျွန်တော့်လို စစ်ထဲ ထောင်ထဲ နှစ်ရှည်လများနေခဲ့ရသူအတွက်တော့ ဒုက္ခသည်စခန်းကဒုက္ခဆိုတာ စာမဖွဲ့လောက်ပါဘူး။ ဘဝဆိုတာ ပူတလှည့်အေးတလှည့် ကောင်းတလှည့်ဆိုးတလှည့် စသဖြင့်တွဲနေပေမယ့် ကျွန်တော့်အတွက်တော့ ပူရတဲ့ကာလတွေ ဆိုးရတွေနှစ်တွေက များပါတယ်။

ခုတော့ အမေရိကမှာ အိမ်ထောင်လည်းကျ ဘဝလည်း အသားသေနေပြီမို့ သက်သာရာတော့ရနေတာအမှန်ပါ။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် အဝေးကြည့်ဆိုလှနေတဲ့ နေခဲ့ဖူးတဲ့ ဒုက္ခသည်စခန်းကိုလည်း အမှတ်ရနေဆဲပဲ။ လက်ရှိ အဲ့ဒီစခန်းတွေမှာ နေနေရသူတွေအတွက်လည်း စာနာနေ ပူပန်နေရုံမက နီးစပ်သူတွေကို တတ်နိုင်သလောက် မစို့မပို့လေးလည်း ရံဖန်ရံခါလှမ်းထောက်ပံ့ဆဲပါပဲ။

ဘဝရဲ့အမှတ်ရစရာများစွာထဲက ဒုက္ခသည်ဘဝတဲ့ ဒုက္ခသည်စခန်းလေးကိုတော့ ဘယ်တော့မှမေ့ရမယ်မထင်ပါဘူး။ ဘဝဆိုတာ တကယ်တော့လည်း ဒုက္ခဆင်းရဲခြင်းနဲ့ ကင်းတယ်လို့မှမရှိတာကိုး။

မျိုးမြင့်ချို။ ဒီဇင်ဘာ ၁။ ၂၀၂၂