"အိပ်မက်ပေမယ့်"
စာအုပ်ပုံကြီးဟာ တော်တော့ကိုကြီးပါတယ်။ တောင်ပူစာတခုစာလောက်ကို ရှိပါတယ်။ လူတွေက စာအုပ်ပုံကြီး ပတ်ချာလည်မှာ ခေါင်းမဖော်နိုင်အောင် စာတွေဖတ်ကြတယ်။ လက်က စာအုပ်ချတယ်ရယ်လို့မရှိသလို မျက်လုံးတွေကလည်း စာအုပ်ဆီကနေ မခွာကြဘူး။ သိန်းစည်နဲ့သန်းဦးက စာအုပ်ပုံကြီးဆီလာတဲ့လူတွေကို စာအုပ်ပုံကြီးရှေ့ကနေပြီး ကရာတေးကစားပြတယ်။ လူတွေက ငဲ့စောင်းတောင် မကြည့်ကြဘူး။ ဆောင်းမင်းသမီးလေး ဝင်းဝင်းအေးတို့ ဆောင်းအငြိမ့်လည်း ကပြနေတယ်။ လူရွှင်တော်တွေက ဆံပင်ရှည်တွေ ဂျင်းဘောင်းဘီတွေ တီရှပ်တွေနဲ့။ တက်တူးတွေကလည်း ကိုယ်လုံးပြည့်။ တယောက်ကတော့ မိမွေးတိုင်း ဖမွေးတိုင်း အဝတ်ချည်းစည်းနဲ့ ဗလာကျင်းလို့။ လူတွေက ဒါကိုလည်း စိတ်မဝင်စားကြဘူး။ စာအုပ်ပုံကြီးထဲကိုသာ တည့်တည့်မတ်မတ်ဝင်သွားကြပြီး စာအုပ်တွေကိုပဲ သဲသဲမဲမဲရှာနေကြတယ်။ အဝင်လမ်းရဲ့တဘက်ကနေ "အသစ်ရောက်တဲ့စာအုပ်တွေ ဒီဘက်မှာ ဒီဘက်မှာ" လို့ လူ့ဘီလူးကြီးတယောက်ကအသံဗြဲကြီးနဲ့ အော်နေတယ်။ စာအုပ်အသစ်တွေမှတ်ပြီး သွားကြည့်တော့ စစ်နဲ့ငြိမ်းချမ်းရေးတို့ ရုပ်ကမ္ဘာတို့ ဦးကြီးဘထိုက် သို့မဟုတ် မိုးနှင့်မြေကို အောင်နိုင်ခြင်းတို့ ရွှေတိဂုံကိုမြင်လျှင်တို့ စတဲ့စာအုပ်တွေ တွေ့တယ်။ "သူတို့ဟာက စာအုပ်သစ်တွေမှမဟုတ်တာ"လို့ ဘေးကလူကိုပြောတော့ "အသစ်ရောက်တာတွေလေဗျာ စာအုပ်သစ်တွေမှမဟုတ်တာ"လို့ပြောရင်း ကော့ညက်တခွက်ပေးတယ်။ 'ကျွန်တော် မသောက်တတ်ပါဘူး"ပြောတော့ "အရက်က ရေလိုပဲသောက်ရတာဗျ။ အသောက်သင်စရာမလိုသလို မတတ်စရာလည်းမရှိဘူးဗျ ဟဲဟဲ"ဆိုပြီး မျက်မှန်ကို အင်္ကျီစနဲ့ပွတ်နေတယ်။ "စာဖတ်လိုက်ဦးမဗျ"လို့ပြောပြီး စာအုပ်ပုံကြီးထဲဝင်သွားပြန်တယ်။ "တကယ်တော့ စာဖတ်တယ်ဆိုတာ စိတ်အပန်းပြေဖို့၊ ဗဟုသုတရဖို့၊ ရသတခုခုခံစားချင်လို့၊ အတွေးအခေါ်သစ် အသိသစ်အမြင်သစ်တွေရဖို့ထက် အချိန်ဖြုန်းဖို့သာ ဖတ်သင့်တယ်ဗျ"လို့ပြောတဲ့လူကြည့်လိုက်တော့ ဟယ်ရီပေါ်တာဇာတ်ကားတွေထဲ စုန်းမကြီးတွေစီးတဲ့ တံမြက်စည်းပျံကို ခွလို့။ မိုးပေါ်ပျံတက်တော့မယ့်အတိုင်း ဟန်တပြင်ပြင်နဲ့။ ကျွန်တော်လည်း ငေးမိငေးရာ ငေးနေရာကနေ လူတွေနောက်နေ ခတ်ယို့ယို့လေးလုပ်ပြီး စာအုပ်ပုံကြီးထဲ ဝင်လိုက်သွားတယ်။ စာအုပ်ပုံကြီးထဲမှာ စာတအုပ်မှမရှိဘူး။ စာအုပ်စင်တွေလည်း မရှိဘူး။ စာဖတ်နေသူလည်း တယောက်မှမရှိဘူး။ စာဆိုလို့ "လမ်းချော်တတ်သည် သတိထား"ဆိုတဲ့ ဆိုင်းဘုတ်တခုပဲ တွေ့တယ်။ အဲ့ဒါစာခေါ်လားမခေါ်ဘူးလား လူတွေက အသည်းအသန် ဝိုင်းငြင်းခုန်နေကြတယ်။ လှိုင်ခေါင်းအလွတ်ကြီးထဲမှာ မံမီရုပ်အလောင်းတွေချည်းပဲ။ ဒါ တူတာ့ခမွန်လေဆိုပြီး ရွှေမျက်နှားဖုံးနဲ့ ဘုရင်ရုပ်လည်းတွေ့တယ်။ အီဂျစ်သူကြွယ်ကြီးလို့ စာထိုးထားတဲ့ မံမီရုပ်ကြီးလည်း မာတောင့်တောင့် နဲ့ ခြောက်ခြားစရာကြီး။ သူကြွယ်ကြီးသည် သူချမ်းသာသမျှစည်းစိမ်များနှင့် နောက်ဘဝ၌လည်း သူကြွယ်ကြီးဖြစ်ကာ စည်းစိမ်ခံနေပါသည်လို့ စာတမ်းကတော့ ဘေးမှာထိုးထားတာ တွေ့တယ်။ ကစားကွင်းထဲမှာ ကလေးတွေက ဆူညံလို့။ ရေကူးကန်ထဲမှာ လူတွေ ရေကူးနေကြတယ်။ တချို့လည်း ကန်စောင်းမှာ ခုံတွေချ ဘီကီနီတွေဝတ်ပြီး ရေခဲ့မုန့်စားနေကြတယ်။ ရုပ်ရှင်လည်း ပြနေတယ်။ လမ်းလည်ကောင်မှာ ပိတ်ကားကြီးထောင်လို့။ တယောက်က ကိုရွှေဘကွ ကိုရွှေဘကွဆိုပြီး အော်နေတယ်။ ကျွန်တော်လည်း စိတ်ပျက်လက်ပျက်နဲ့ မြက်ခင်းတွေပေါ်လျှောက်ပြီး ပြန်လာတာ ထောက်ကြန့်ကိုရောက်တယ်။ ငယ်သူငယ်ချင်းတွေ တယောက်မှရှိတော့ဘူးလို့ လမ်းထဲက မိန်းမဝဝကြီးတယောက်က လော်စပီကာနဲ့ အသံကုန်အော်နေတယ်။ ပဌာန်းရွတ်သံတွေ ဗလီကအာဇန်ပေးသံတွေ မီးနင်းနေတဲ့ ဟိန္ဒူတွေ ဘုရားကျောင်းက ခေါင်းလောင်းသံတွေ စေတီတွေကဆည်းလည်းသံတွေ ညောင်ရွက်လေတိုးသံတွေ သေနတ်သံတွေ ဗုံးကွဲသံတွေ ဓမြဓမြ ဖမ်းဟဖမ်းဟဆိုတဲ့အသံတွေစုံနေတာပဲ။ ဘယ်နိုင်ငံလဲဗျလို့ တက္ကစီသမားကိုမေးတော့ "မသိပါဘူးဗျာ ဘယ်နိုင်ငံမှန်း"လို့ပြန်ဖြေတယ်။ ဒါနဲ့ စိတ်ပေါက်ပေါက်နဲ့ ရထားပေါတက်လိုက်တော့ ရထားက ဘာ့စ်ကားကြီးဖြစ်နေတယ်။ ဂျာနယ်လက်ပွေ့သည်တယောက်ရယ် ပန်းရောင်းတဲ့ ကလေးမလေးတယောက်ရယ် သူတောင်းစားအဖိုးအိုတယောက်ရယ် သားသည်မအေတယောက်ရယ်လည်း ကားပါ်မှပါတယ်။ ဂျာနယ်လက်ပွေ့သည်က မျက်နှာဖုံးအပြည့် မင်းအောင်လှိုင်ပုံကြီးပါတဲ့ ဂျာနယ်ကိုမြှောက်ပြရင်း "နိုင်ငံတော် နိုင်ငံတော်"နဲ့အော်တယ်။ ပြီးတော့ ဘာတွေလည်းမသိဘူး ဗလုံးဗထွေးနဲ့ပြောပြောပြီး ငိုနေတယ်။ နှာခေါင်းတွေပိတ်လိုက်တာ အသက်ရှူလို့မဝဘူး။ ပါးစပ်နဲ့အသက်ရှူရတော့ အာခေါင်တွေခြောက်တယ်။ နှာခေါင်းက ဘာလို့ပိတ်တာလဲဆိုပြီး ညှစ်ညှစ်ထုတ်ဖို့ကြိုးစားရင်း အာခေါင်ခြောက်ပြီး ရေငတ်ငတ်နဲ့လန့်နိုးသွားတယ်။ ဪ...အိပ်မက်ကိုးလို့သိပြီး အသေးစိတ်ပြန်မှတ်မိနေတာ အံ့စရာပဲ။
မျိုးမြင့်ချို။ ဒီဇင်ဘာ ၁၃။ ၂၀၂၂
Pages
ဂိုးလ်ဒင်န်းမွန်းနဲ့ဗျူးတာပါ
က်ေနာ္စာသင္ေနတာပါ
Blog Archive
Followers
Search This Blog
You can replace this text by going to "Layout" and then "Page Elements" section. Edit " About "
Tuesday, December 13, 2022
အိပ်မက်ပေမယ့်
at
9:27 AM
Posted by
myo
0
comments
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment