စာဖတ်စာရေးခြင်း
စာဖတ်သူကို လှည့်ဖျား၍မရဟု ကျွန်တော်ထင်ပါသည်။ စာဖတ်သူသည် စာရေးသူ တကယ် Mood ဝင်၍ရေးသလား ဖျစ်ညှစ်၍ရေးသလားကို ကောင်းကောင်းသိပါသည်။ ဖတ်နေကျလူ၏လက်ရာကို တချက်ဖတ်လိုက်ရုံဖြင့် ဒီလူ ဒီတခါလည်းတကယ်ရေးလိုက်တာလား သို့မဟုတ် ဖျစ်ညှစ်ရေးထုတ်လိုက်တာလားကို သေချာပြောနိုင်ပါသည်။
စာရေးသူအနေဖြင့် (အထူးသဖြင့် အပတ်ထုတ် ဂျာနယ်များ၊ လစဉ်ထုတ်မဂ္ဂဇင်းများတွင် ရသစာပေရေးနေသူများ) တခါတရံ အချိန်မီအောင် သို့မဟုတ် ဖတ်လက် မဝေးစေရန်ရည်ရွယ်၍ ဖျစ်ညှစ်ရေးလိုက်ရသည်များ ရှိနိုင်ပါသည်။ လုပ်ကြံ၍တော့ စာတပုဒ်ကိုရေးမရဟု ကျွန်တော်ထင်ပါသည်။ လန်ကြုပ်ဇာတ်လမ်းများ စာအုပ်များရှိသော်လည်း ထိုစာများသည် စာအရတန်းမဝင်ပါ။ ခနခံပြီး ပျောက်သွားပါသည်။
ဖတ်သူအနေဖြင့်(အထူးသဖြင့် ရေးသူတယောက်၏လက်ရာကိုကြိုက်သဖြင့် သတိထားဖတ်သူများ၊ စောင့်ဖတ်သူများ) တခါတရံ အချိန်လုပြီးဖတ်ပင်ဖတ်ရငြား ဖတ်လိုက်သည်နှင့်တပြိုင်နက် သူဖတ်နေကျလက်ရာအတိုင်း မီတယ် မမီဘူးကို တပ်အပ်ပြောနိုင်ပါသည်။ ဖျစ်ညှစ်ရေးလိုက်သည့်စာဆိုလျှင်တော့ ပြောမနေနှင့်။ ဒီတခါ ဒီလူ တယ်လျှော်တာပဲဟု ဒက်ကနဲပြောနိုင်ပါသည်။
ရေးသူမှာ စာဖတ်ရပါသည်။ စာစုံအောင် မဖတ်တောင် အနည်းဆုံးတော့ သူရေးမည့်အကြောင်းအရာကို ညက်နေအောင်ဖတ်ရပါသည်။ သိမြင်ခံစားတတ်ရပါသည်။ အခြားအတွေ့အကြုံများလည်း လိုပါသည်။ ခရီးသွားစာပေရေးလျှင် ခရီးသွားရပါသည်။ စာဖတ်ရုံနှင့်သက်သက်နှင့်တော့ စာရေး၍မရနိုင်ဟုထင်ပါသည်။ အချစ်အကြောင်းသည် ဘယ်တော့မှရေးမကုန်သည့် အကြောင်းအရာဖြစ်သော်လည်း အချစ်ဝတ္ထုများဖတ်ရုံနှင့် စံကျသည့်အချစ်ဝတ္ထုတပုဒ် ဖန်တီးနိုင်သည်ဆိုခြင်းမှာ သိတ်တော့ယုတ္တိမတန်ဟုထင်ပါသည်။ ချုပ်ရလျှင် စာမဖတ်ပဲ စာရေးမရဟုဆိုနိုင်သလို စာဖတ်တိုင်းလည်း စာတကယ်မရေးနိုင်ဟုဆိုချင်ပါသည်။
ဖတ်သူမှာ အကြောင်းအရာတခုတည်းအပေါ် ရေးသူလောက် ညက်ညက်ကြေစရာမလိုပါ။ ခံစားနားလည် တတ်ရပါသည်။ စာဖတ်သူမှာ မိမိအတွေ့အကြုံကိုစာထဲတွင်ရှာရန် ဖတ်ခြင်းမဟုတ်ဘဲ စာထဲတွင် ဘာ အသစ်အဆန်းများသိရမလဲ၊ ဘာများ တွေးခေါ်သိမြင်စရာပါမလဲဆိုသည့် စိတ်အခံနှင့်ဖတ်ပါသည်။ စာတကယ်ဖတ်ပဟေ့ စာဖတ်နာပြီဟေ့ဆိုလျှင် လူတကာက လက်ဖျားခါယူရပါသည်။ ထိုသို့ စာဖတ်နာသူများနှင့်ကြုံရပါက အားကျစရာအလွန်ကောင်းပါသည်။ ထိုသူတို့သည် စာရေးဖို့အတွက် စာဖတ်နေကြခြင်းမဟုတ်ပါ။
ကျွန်တော်သည် မဖြစ်ညစ်ကျယ်စာရေးသူဖြစ်သလို မတောက်တခေါက် စာဖတ်သူလည်း ဖြစ်ပါသည်။ စာစုံဖတ်သလို စာရေးသူအစုံလည်း လက်လှမ်းမီသလောက် ဖတ်ပါသည်။ ထို့ကြောင့် အဖတ်ယဉ်နေသည့်စာရေးသူများလက်ရာကို မှတ်မိနေတတ်ပါသည်။ ထိုမျှမက ထိုစာရေးသူ တကယ်ခံစား၍ရေးလိုက်သလား ဖျစ်ညှစ်၍ရေးလိုက်သလားကို ဆဝါးကြည့်၍ရပါသည်။
လူတိုင်းလူတိုင်း စာဖတ်သူများမဖြစ်နိုင်သလို စာရေးသူများလည်း မဖြစ်နိုင်ပါ။ သို့သော် စာရေးသူများရှိနေသလို စာဖတ်နေသူများလည်းရှိနေပါသည်။ စာဖတ်ခြင်းစာရေးခြင်းမှာ ကောင်းသည့်ကိစ္စဖြစ်ပါသည်။ စာအရေးရော စာအဖတ်ပါလုပ်နိုင်ကြလျှင် ပိုကောင်းမည်ဟုထင်ပါသည်။
မျိုးမြင့်ချို။ နိုဝင်ဘာ ၂၁။ ၂၀၂၂
0 comments:
Post a Comment