“စွန့်လွှတ်ခြင်း”
တယောက်ယောက်တော့ ပြောခဲ့ဖူးပါသည်။ ဘယ်သူမှန်းတော့ မမှတ်မိတော့ပါ။ သူက “ဘယ်အတွက်မှ ဘာယုံကြည်ချက်အတွက်မှ မိမိအသက်ကို၊ မိမိဖြစ်တည်မှုကို မစွန့်လွှတ်သင့်”ဟု ဆိုပါသည်။ သူ့တွင် အကြောင်းပြချက်ရှိနိုင်ပြီး ထို အကြောင်းပြချက်နှင့်အတူ သူ့ဘာသာ မှန်နေနိုင်မည်ထင်ပါသည်။ သို့သော် ကျွန်တော်က ဘဝင်မကျပါ။ မနှစ်ခြိုက်ပါ။
ထိုသို့ အသက်စွန့်သွားသူများအကြောင်း ဖတ်ရတိုင်း ကြက်သီးမွှေးညှင်းထသလို လေးစားဂုဏ်ယူစိတ်လည်း တဖွားဖွားပေါ်ပါသည်။ သူတို့နည်းတူ သူရဲကောင်းလည်း ဖြစ်ချင်ပါသည်။ ဤသို့ဆိုသည့်အတွက် မင်းက အသက်စွန့်ဖူးလို့လားဟု မေးစရာရှိပါသည်။ ကျွန်တော် မစွန့်ဖူး၍သာ ဤစာကို ရေးနေနိုင်ခြင်းဖြစ်ပါသည်။ ကျွန်တော့်ဘဝတွင် အသက်ကိုစွန့်ရမည့်အခြေအနေအထိ တခါမှ မရောက်ခဲ့ဖူးပါ။ ထို့ကြောင့် မစွန့်လွှတ်ခဲ့ရပါ။ ရောက်ခဲ့လျှင် ဘယ်သို့ရှိမည်ကိုလည်း မမှန်းဆနိုင်ပါ။
ယုံကြည်ချက်အတွက် ညှဉ်းပန်းနှိပ်စက်ခံရပြီး အသေခံသွားသည့်သူများ၊ အကျဉ်းထောင်များ၊ ကြိုးစင်များ၊ ကားတိုင်များ၊ အဆိပ်ခွက်များ၊ ခေါင်းဖြတ်စက်များ၊ လျှပ်စစ်ကုလားထိုင်များနှင့် လက်ဖြောင့်သေနတ်သမားတို့ လက်တွင် အသက်စွန့်သွားကြသူများ လူ့သမိုင်းတွင် အနမတဂ္ဂရှိပါသည်။ ထိုသူတို့ အသတ်ခံရမည့်ဆဲဆဲတွင် ခြောက်ခြောက်ခြားခြား တုန်တုန်လှုပ်လှုပ် ဖြစ်မသွားခဲ့ကြပါ။ သေခြင်းတရားကို ရဲရဲရင့်ရင့် တည်တည်ငြိမ်ငြိမ် ရင်ဆိုင်သွားပါသည်။ ပြောစရာရှိသည်များ၊ မှာစရာရှိသည်များကို ပြောသွားမှာသွား ကြွေးကြော်သွားခဲ့ကြပါသည်။
ဤနေရာ၌ ယုံကြည်ချက်ဆိုသည်မှာ ဘာသာရေး၊ နိုင်ငံရေး၊ အတွေးအခေါ်၊ သိပ္ပံပညာ စသဖြင့် နယ်ပယ်အမျိုးမျိုးမှ ဖြစ်နိုင်ပါသည်။ နိုင်ငံရေးတွင် ယုံကြည်ချက်ဆိုသည်မှာ ဗမာပြည်လိုနေရာတွင် အာဏာပြဿနာကို Non-Violence and Civil Disobedience နည်း၊ လက်နက်ကိုင်တော်လှန်ရေးနည်း တခုခုကို ကို ရွေးချယ်လုပ်ကိုင်ခြင်းဖြစ်ပါသည်။ စွန့်လွှတ်သူဆိုသည်မှာ ယင်းယုံကြည်ချက်ကိုဆုပ်ကိုင်ပြီး စစ်အာဏာရှင်စနစ်အား အန်တုရင်ဆိုင်သူဖြစ်ပါသည်။
လူတချို့သည် ထိုစွန့်လွှတ်ခဲ့သူတို့ရင်ဆိုင်ခဲ့ရသည့်အခြေအနေမျိုးများကို မိမိတို့ ဖြတ်သန်းခဲ့ကြရသော်လည်း ထိုသူများနည်းတူ မိမိက မစွန့်လွှတ်ခဲ့ကြသည်ကိုတွေးကာ သိမ်ငယ်ရှက်ရွံ့နေတတ်ကြပါသည်။ ဂုဏ်ငယ်သလို ခံစားနေတတ်ကြပါသည်။ ကျွန်တော့် အမြင်တွင် ထိုသို့ခံစားနေရန်မလိုပါ။ လူတွင် ခံနိုင်ရည်အတိုင်းအတာရှိသလို စွန့်လွှတ်နိုင်စွမ်း ရေချိန်လည်းမတူပါ။ ယုံကြည်ချက် နက်ရှိုင်းရာ၌လည်း မတူနိုင်ပါ။ ထိုကြောင့် သူ စွန့်လွှတ်ခဲ့သလို ငါဘာ့ကြောင့် မစွန့်လွှတ်ခဲ့ရသနည်းဟုတွေးပြီး အငုံ့စိတ်ဝင်နေစရာ မလိုပါ။ ထို့အတူ လူတိုင်းအား မစွန့်လွှတ်ရကောင်းလားဟု ပြစ်တင်စောကြောနေစရာမလိုသလို စွန့်ကိုစွန့်လွှတ်ရမည်ဟုလည်း မတောင်းဆိုအပ်၊ မမျှော်လင့်အပ်ပါ။
ယခုအခါ ဗမာပြည်၌ ဘယ်တုန်းကမှနှင့်မတူသည့် လူထုအုံကြွမှုကြီးဖြစ်နေပါသည်။ မြို့ပြနှင့်ကျေးလက်ဒေသများတွင် ဆန္ဒပြပွဲများ အလျဉ်မပြတ်ဖြစ်နေပါသည်။ တချို့ လူငယ်လူရွယ်များ လက်နက်ကိုင်တော်လှန်ရေးအထိ “တက်” သွား ကြပါသည်။ သူတို့ အောင်စိတ်ဖြင့် စစ်အာဏာကို ခုခံဆန့်ကျင်နေကြပါသည်။ သူတို့ စွန့်လွှတ်နေကြပါသည်။
ကျွန်တော်ကား သူတို့နှင့် ကိုယ်ရောစိတ်ပါလိုက်ပါနိုင်သည့်အခြေအနေ မရှိတော့။ သို့သော် ကျွန်တော် သူတို့ ဘာ့ကြောင့် လက်နက်ကိုင်ရသည်ကို နားလည်ပါသည်။ ထို့အတူ ကျွန်တော်ယုံကြည်ရာလုပ်ရင်းရခဲ့သည့် အကျဉ်းစံနှစ်ကာလများအတွက် သူတို့ကလည်းနားလည် စာနာလိမ့်မည်ဟု ယုံပါသည်။
မျိုးမြင့်ချို။ နိုဝင်ဘာ ၂၇။ ၂၀၂၂
0 comments:
Post a Comment