“တို့ဆေး”
တို့ဆေး တကယ်ရှိမရှိကို ကျွန်တော်မသိပါ။ ရှိချင်လည်း ရှိနိုင်ပါလိမ့်မည်။ သို့သော် လူတယောက်ကို တို့လိုက်ရုံဖြင့် အသိတွေကွယ်ပျောက်သွားကာ တို့သူအလိုကျဘာမဆို လိုက်လုပ်ပေးသည်ဆိုသည်မှာတော့ အတော်လေး ထူးဆန်းသည့်ကိစ္စ ဖြစ်ပါသည်။ ကျွန်တော်တော့ မယုံနိုင်ပါ။
ဟိုတလောက ကျွန်တော်နေသည့် ဖို့တ်ဝိန်းမြို့ကလေးတွေ တို့ဆေးအတို့ခံရပြီး ရွှေတွေပါသွားသည်ဆိုသည့် ကျွန်တော်နှင့်သိသော အမျိုးသမီးတယောက်နှင့် ဆုံပါသည်။ သူက “ကျွန်မလည်း တံခါးခေါက်တော့ ဖွင့်ပေးလိုက်တယ်။ မွတ်စလင်မ်လို ဝတ်စားထားပြီး ဆလမ်တွေဘာတွေလည်း ပေးတယ်။ နုတ်ဆက်တော့ ကျွန်မကိုဖက်ပြီး ကျွန်မလည်ပင်းကို သူ့လက်နဲ့ထိလိုက်တာတော့ သိလိုက်တယ်။ နောက်တော့ လူက သတိလစ်သလို ဖြစ်သွားတယ်။ သူပြောတာတွေ အကုန်နားထောင်ပြီး သူတောင်းတဲ့အတိုင်း ကျွန်မလက်ဝတ်လက်စားတွေအကုန် ချွတ်ပေးလိုက်တဲ့အပြင် သိမ်းထားတဲ့အထဲက ရွှေတချို့ပါ ထုတ်ပေးလိုက်တယ်။ စုစုပေါင်း ရွေချည်းပဲ တဆယ်သား လောက်ရှိတယ်။ ကျောက်တွေလည်း ပါသေးတယ်။ နောက် ကျွန်မသတိပြန်လည်လာတော့ အိမ်ထဲမှာ ဘယ်သူမှ မရှိတော့ဘူး ကျွန်မတယောက်တည်းရယ်။ လူကလည်း မောနေသလိုပဲ။ အိပ်ချင်မူးတူးကြီး ဖြစ်နေတယ်။ ကိုယ်ပေါ်တော့ ဘာရွှေမှမရှိတော့ဘူး။ တော်သေးတယ် လူကို ဘာမှလုပ်မသွား”လို့ဟု တနံတလျား ပြောပါသည်။ သူ့အသံတွင် နှမျောခြင်းများစွက်နေသလို သူအမှန်ပြောတာပါဆိုသည့် အမူအယာကိုလည်း သတိထားမိပါသည်။ တခြားလူတွေဆီကလည်း ထိုဇာတ်လမ်းမျိုးတွေ တဆင့်ကြား ကြားရပါသည်။ ကွန်တော် ယုံခြင်းမယုံခြင်းထက် ပစ္စည်းတွေ ပါသွားသည့်သူတို့အတွက်တော့ စိတ်မကောင်းဖြစ်မိပါသည်။ ချွေးနှဲစာနှင့် မဟုတ်လား။ သို့သော် ကျွန်တော် တို့ဆေးဆိုသည်ကို သံသယရှိပါသည်။ စိတ်ထဲ တမျိုးဖြစ်ပါသည်။
သည်လိုနှင့်နေရင်း တနေ့ ကျွန်တော် ဗမာစားသောက်ဆိုင်တဆိုင်သွားပါသည်။ စားနေကျဆိုင်ဖြစ်သလို မနက်ခင်းဆိုလျှင် စားသောက်သူတွေနှင့် အမြဲပြည့်နေသည့်ဆိုင်လည်းဖြစ်ပါသည်။ စားနေတုန်း အသက်အစိတ်ခန့် မိန်းကလေးလေးတယောက် ကျွန်တော့်စားပွဲသို့လာပြီး “ဦးလေး သမီးကိုသိလား”ဟုမေးရင်း ဝင်ထိုင်ပါသည်။ “ဘယ်သူများတုန်း”မေးတော့မှ တို့ဆေးအတို့ခံရပြီး ရွှေတွေပါသွားသည့်အမျိုးသမီးကြီး၏ချွေးမမှန်း သိရသည်။ ကျွန်တော် သူ့ယောက္ခမကြီးနှင့်သိမှန်းသိတော့ သူ့ယောက္ခမကြီးအကြောင်းတွေချည်း ဖိပြောတော့သည်။ အကောင်း တစက်မှမပါ။ ကျွန်တော် စိတ်မသက်မသာဖြင့် နားသာထောင်ပေးနေသော်လည်း အင်း ပင်မလိုက်မိ။ ပြောနေရင်းမှ “ဦးလေး သူ တို့ဆေးအတို့ခံရတယ်ဆိုတာ ယုံလား”ဟုမေးပါသည်။ “အေး ငါလည်း မပြောတတ်ဘူး။ သူပြောလို့ နားတော့ထောင်လိုက်တာပဲ”ဟု မရေမရာပြန်ဖြေမိသည်။ “သူ တို့ဆေးအတို့ခံရတယ်ပြောတာ လိမ်တာဦးလေး။ အမှန်က သူ အလိမ်ခံရတာ။ ရှက်လို့ တို့ဆေးအတို့ခံရတာလို့ပြောတာ”ဟုပြောပါသည်။ ကျွန်တော် အတော် စိတ်ဝင်းစားမိပြီး “ဟုတ်လား ပြောပြပါဦး”ဟုမေးလိုက်ပါသည်။
“အဲ့နေ့က အိမ်မှာ သမီးလည်းရှိတယ်၊။ ဒါပေမယ့် ကိုယ့်အခန်းထဲ ကိုယ်နေ နေတာ။ တံခါးလာခေါက်တာလည်း သိတယ်။ သူသွားဖွင့်ပေးပြီး ဆလာမ်ပေးတာ၊ အင်္ဂလိပ်လို မတောက်တခေါက်နဲ့ နှုတ်ဆက်တာလည်းကြားတယ်။ နောက်တော့ အဲ့ဒီမိန်းမတွေ အိမ်ထဲဝင်လာပြီး သူနဲ့ တိုးတိုးတိုးတိုးနဲ့အင်္ဂလိပ်လို ပြောနေသံတွေလည်းကြားတယ်။ သဲတော့မသဲကွဲဘူး။ ခနနေတော့ သူအိမ်ထဲဝင်သွားပြီး ဘီရိုဖွင့်ပြီး တခုခုယူတယ်ထင်တယ်။ ပြန်ထွက်လာပြီး သူတို့ စကားတွေဆက်ပြောနေကြတယ်။ စုစုပေါင်း နာရီဝက်လောက်ရှိမယ်။ နောက်တော့ ဟို မိန်းမတွေပြန်သွားတယ်။ သူတံခါးဝအထိလိုက်ပို့ပေးတာ ဆလာမ်အပြန်အလှန်ပေးနေကြတာ ကြားတယ်။ ကျွန်မအိမ်ရှေ့ထွက်လာတော့ ကျွန်မကိုလည်း ဘာမှမပြောတော့ ကျွန်မလည်း ဘာမှမမေးဘူး။ ဘာသိဘာသာပဲနေလိုက်တယ်။ နောက်နေ့ နေ့လည် ကွန်မဧည့်ခန်းထဲထိုင်နေတုန်း ကျွန်မယောက်ျားက အပြင်ကပြန်လာပြီး ဒေါကြီးမောကြီး အော်ကြီးဟစ်ကျယ်နဲ့ သူ့အမေကိုခေါ်သံကြားတော့ ကျွန်မလည်းလန့်သွားတယ်။ “ဘာဖြစ်တာလဲ အကို”ဆိုတော့ “အမာ အလိမ်ခံလိုက်ရပြီ။ သူ့ကို ပေးခဲ့တဲ့ဒေါ်လာတွေက အတုတွေ။ တော်သေးတယ်။ ငါလည်းစိတ်ထဲထင်လို့ နားလည်တဲ့လူ အရင်ပြကြည့်တာ။ မတော် အမေရိကန်ဆိုင်များ သွားသုံးမိလို့ကတော့ အဖမ်းပါခံရမှာ”လို့ပြောတယ်။ ဒီတော့မှ အကုန်ပေါ်လာတယ်။ ဟို အမျိုးသမီးတွေက သူတို့ကိုယ်သူတို့ အိုမင်န်နိုင်ငံကနေ ရောက်လာသူတွေဖြစ်ကြောင်း။ အိုမန်သူတွေက ဗမာရွှေဆို အလွန်ကြိုက်ကြောင်း။ ဈေးကြီးပေး ဝယ်ဝတ်ကြကြောင်း။ ဒါ့ကြောင့် သူတို့က ဗမာပြည်သားတွေဆီကနေ ရွှေရသမျှ လိုက်ဝယ်ပြီး အိုမင်န်ကိုပြန်ပို့ကြောင်း။ သူလည်း ရွှေရောင်းမယ်ဆို ဘယ်ဈေးပေးမယ်ဆိုတဲ့အကြောင်းတွေ အယုံသွင်းပြီး ဈေးမတန်တဆပေးပြီး ဝယ်သွားတဲ့အကြောင်းတွေပေါ့ ဦးလေးရာ”ဟု ပြော၏။ ကျွန်တော် အံ့အားလည်းသင့် ကိုယ့်ပါအလိမ်ခံရသလိုခံစားမှု ဝင်မိ၏။
“နောက်တော့ ဘာဆက်ဖြစ်ကြလဲ”ဟု ထိုကလေးမကို စူးစမ်းမိတော့ သူက “အဖွားကြီး ငိုတယ်လေ။ အဖိုးကြီးကလည်း နင်တော်တော် အသုံးမကျတဲ့မိန်းမဆိုပြီးပြောတယ်။ သားတွေကလည်း ဘာမှတော့မပြောပေမယ့် ကြည်တော့ မကြည်ကြဘူး။ ရှက်လည်းရှက်ကြတယ်။ နောက်တော့ အလိမ်ခံရတာ ဘယ်သူ့မှမပြောနဲ့။ ပြောမယ်ဆိုလည်း တို့ဆေးကြောင့်ဆိုပြီး ဇာတ်လမ်းလုပ်လိုက်တာလေ ဦးလေးရေ”ဟု ပြော၏။ “အေး..အေး.. နင်သိလည်း နင့်စိတ်ထဲထား”ဟု ကျွန်တော်ကပြောမိပါသည်။
ဘာ့ကြောင့်ထိုကဲ့သို့ပြောမိမှန်း ယခု ပြန်စဉ်းစားသည့်အခါ မရေရာပါ။ ကျွန်တော်လည်း သူတို့အစား ဝင်ရှက်မိလို့လား သို့မဟုတ် မတည့်သည့် ယောက္ခမအကြောင်း သူများတွေကို မကောင်းလိုက်ပြော၊ ရွာလှည့်အထုတ်ဖြည်ပြလုပ်မှာကို မနှစ်မြို့တာကြောင့်လား မပြောတတ်ပါ။ ကျွန်တော်လည်း ထိုအကြောင်းကို ဘယ်သူ့မှမပြောဟုနေသော်လည်း ခုတော့ လူသိရှင်ကြား ရေးလိုက်ရပါသည်။ ထိုအမျိုးသမီးကြီးလို လူအလိမ်မခံရစေချင်သည့် စေတနာစေ့ဆော်ခြင်းကြောင့် ဖြစ်မည်ထင်ပါသည်။
ထိုအမျိုးသမီးကြီး လိမ်တော့ အလိမ်ခံလိုက်ရတာ အမှန်ဖြစ်ပါသည်။ သို့သော်တို့ဆေးကြောင့်တော့ မဟုတ်ပါ။
မျိုးမြင့်ချို။ ဒီဇင်ဘာ ၁။ ၂၀၂၂
0 comments:
Post a Comment