Tuesday, October 6, 2015

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော ကိုယ်တိုင်ရေးအထုပ္ပတ္တိ တတိယပိုင်း၊ အခန်း(၁၄)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ တတိယပိုင်း၊ အခန်း(၁၄)
တတိယပိုင်း

ဤစာရေးရင်း ဤကဲ့သို့အလားတူ ကွန်မြူနစ်ကိုဆန့်ကျင်သော်လည်း ကျနော်နှင့်မိတ်ဆွေကြီးဖြစ်နေခဲ့သောပုဂ္ဂိုလ်တဦးကို သတိရမိပါသည်။ ထိုပုဂ္ဂိုလ်မှာ ဗိုလ်မှုးကြီးချစ်မြိုင်ဖြစ်ပြီး ယခုအခါ အမေရိကန်ပြည်ထောင်စုတွင် နေထိုင်လျက်ရှိပါသည်။

ထိုအင်းစိန်တိုက်ပွဲကို အပြင်းအထန်တိုက်ခိုက်နေစဉ်အတွင်း မတ်လဆန်းလောက်တွင် ထင်ပါသည်။ ကျနော်မေမြို့တွင် ချန်ထားရစ်ခဲ့သော ဇနီးသည်နှင့်သမီးငယ်တို့ ရန်ကုန်သို့ပြန်လည်ရောက်ရှိလာပါသည်။

ကျနော်မေမြို့၌ မြောက်ပိုင်းတိုင်းမှုး တာဝန်ထမ်းဆောင်နေရာမှ ဗိုလ်ချုပ်နေဝင်းက ရန်ကုန်သို့ဆင်းလာရန်ခေါ်ပြီး တောင်ပိုင်းတိုင်းမှုး တာဝန်ပေးကာ အင်းစိန်စစ်မျက်နှာကိုကြီးကြပ်ရန် စေလွှတ်လိုက်သဖြင့် သူတို့သားအမိ မေမြို့တွင်သောင်တင်ကျန်ရစ်ပါသည်။
သူတို့ကိုခေါ်ပေးရန်သွားသော ယူဘီအေလေယာဉ်မှာ မိတ္ထီလာသို့ဆင်းမိရာ ထိုနေ့နံနက်စောစောက မိတ္ထီလာကိုသိမ်းပိုက်လိုက်သော ဗိုလ်နော်ဆိုင်းဦးစီးသည့် ကရင်သောင်းကျန်းသူများက ထိုလေယာဉ်ပျံကို စီးနင်းသိမ်းပိုက်လိုက်ပါသည်။ ထိုကရင်တပ်များမှာ ပဲခူးစစ်မြေပြင်မှ ဆုတ်လာသောတပ်များ ဖြစ်ပေသည်။ ထိုနေ့မှာ ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီလ(၂ဝ) ရက်နေ့ဖြစ်သည်။

ဗိုလ်နော်ဆိုင်းသည် ထိုလေယာဉ်ဖြင့်မေမြို့သို့သွားကာ မေမြို့အချက်ပြဆက်သွယ်ရေးတပ်ဝင်းအတွင်း ကျနော် လက်နက်ြုဖတ်ထားသော ကရင်တပ်သားများကို လက်နက်တပ်ဆင်ပေးပြီး ထိုနေ့မှာပင် မေမြို့ကိုသိမ်းလိုက်ပါသည်။

ကျနော့်ဇနီးမှာ ထိုနေ့က ရန်ကုန်ကလေယာဉ်လာခေါ်မည်ဟု အကြောင်းကြားထား၍ အထုပ်အပိုးပြင်စောင့်ဆိုင်းနေရာ ညနေစောင်းသည် အထိ လာခေါ်ခြင်းမရှိဘဲ မေမြို့ကရင်သူပုန်များလက်ကျရောက်သွားပြီဟူသော သတင်းသာရရှိလိုက်ပါတော့သည်။ ထိုညတွင်းချင်းမှာပင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အရာရှိရိပ်သာတွင် ကျနော်နေရာချထားပေးသော ဗိုလ်ချုပ်စမစ်ဒွန်းက လူလွှတ်၍ သူနဲ့လာနေရန် သူတို့ သားအမိကိုလာခေါ်သဖြင့် သူတို့လိုက်သွားကြပြီး ဗိုလ်ချုပ်စမစ်ဒွန်းတို့မိသားစုနှင့် ပေါင်းနေခဲ့ကြပါသည်။ ဗိုလ်ချုပ်စမစ်ဒွန်းက ဗိုလ်ကျော်ဇောက ကျုပ်ကိုကယ်တင်စောင့်ရှောက်ခဲ့တယ်။ ဒါကြောင့်ကျုပ်ကလည်း ခင်ဗျားကိုစောင့်ရှောက်မယ်။ ကျုပ်အသက်ရှင်နေသရွေ့ ခင်ဗျားဘာမှမဖြစ်စေရဘူး စိတ်ချပါ ဟု သူ့ကိုအားပေးကြောင်း ကျနော့်ဇနီးက ကျနော့်ကို ပြန်ပြောပြပါသည်။

နောက်ရက်အချို့ကြာပြီးနောက် ဗိုလ်ချုပ်စမစ်ဒွန်းတို့မိသားစုက မြစ်ကြီးနားသို့ပြောင်းချင်ကြောင်း အကြောင်းကြားလာသဖြင့် ဗိုလ်ချုပ် စမစ်ဒွန်းမိသားစုကို မြစ်ကြီးနားသို့ပို့ပေးမည်၊ အပြန်အလှန်အားဖြင့် ဗိုလ်ကျော်ဇောမိသားစုကိုရန်ကုန်ခေါ်မည်ဟု အစိုးရနှင့်ကေအင်ဒီအိုတို့ အပေးအယူလုပ်ကာ ယူဘီအေလေယာဉ်ပျံနှစ်စီးဖြင့်စီစဉ်လိုက်မှုကြောင့် သူတို့သားအမိ ရန်ကုန်ရောက်လာခြင်းဖြစ်ပါသည်။ ကျနော်တို့လည်းထိုအချိန်ကစ၍ ဗိုလ်ချုပ်စမစ်ဒွန်းနဲ့ ကွဲသွားရာ ပြန်လည်ဆုံတွေ့နိုင်ခြင်း မရှိတော့ပေ။

ကျနော်မင်္ဂလာဒုံလေဆိပ်သို့ အကြိုလွှတ်လိုက်သော အရာရှိနှစ်ယောက်နှင့်အတူ သူတို့သားအမိရောက်လာရာ ကျနော်က ထိုအရာရှိများကို သူတို့အားတခါတည်း သုံးဆယ်မြို့ သူ့မိဘများထံပြန်ပို့ရန် စေခိုင်းလိုက်ပါသည်။ ကျနော်လည်း တဖက်တလမ်းက စိတ်အေးသွားရပါသည်။ မေမြို့ကျသွားကြောင်း ကျနော်ကြားရကတည်းက ကျနော့်ဇနီးတခုခုဖြစ်သွားက သူ့မိဘများကို ဘယ်လိုပြောရမလည်းဟုပူပန်နေမိရာ ယခုတော့ တပူအေးသွားပါတော့သည်။

ကျနော်အင်းစိန်တိုက်ပွဲအကြောင်းရေးနေစဉ် အချက်အလက်အတော်များများကို မေ့လျော့နေပြီဖြစ်၍ ကျနော်လက်ဝယ်ရှိနေသော စာအုပ် စာတမ်းများကိုလည်း မကြာခဏပြန်လည်ဖတ်ရှုရပါသည်။ ထိုအထဲက “တပ်မတော်သမိုင်း”စတုတ္ထတွဲ (၁၉၄၈-၁၉၆၂)စာအုပ်တွင် အသေးစိတ်အချက်အတော်များများ ထပ်မံတွေ့ရှိရသဖြင့် ကျနော့်ရေးသားချက်များ ပြည့်ဝပြည့်စုံသွားစေရန်အလို့ငှာ ထပ်မံဖြည့်စွက်ပြီး ကူးယူဖော်ပြလိုက်ရပါသည်။

အင်းစိန်စစ်မျက်နှာ
တပ်မတော်မှ ကရင်သေနတ်ကိုင်တပ်ရင်းများသည် ကေအင်ဒီအိုများနှင့်ပူပေါင်း၍ အတိအလင်းပုန်ကန်သဖြင့် အစိုးရက ကရင်တပ်များမှ လက်နက်သိမ်းယူရန် ၁၉၄၉ ခုနှစ် ဇန္နဝါရီလ(၃၁)နေ့တွင် အမိန့်ထုတ်ပြန်၍ ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် ဗိုလ်ချုပ်နေဝင်းကို စစ်ဦးစီးချုပ် ခန့်သည်။ ဇန္နဝါရီလ(၃၁)ရက်နေ့တွင်ပင် မင်္ဂလာဒုံရှိ ဆက်သွယ်ရေးတပ်ရင်း၌ ကရင်ရဲဘော်များသည် အရာရှိတဦးကိုပစ်သတ်ကာ လက်နက်များယူဆောင်၍ အင်းစိန်မြို့တွင်းသို့ဝင်သွားကြသည်။

နောက်တနေ့ဖေဖော်ဝါရီ(၁)ရက်နေ့တွင် အင်းစိန်မြို့တွင်းမှ ကေအင်ဒီအိုများ ထွက်လာသည်။ တောင်ပိုင်းစစ်ဌာနချုပ်နှင့် လေတပ်တို့မှ လက်နက်များသိမ်းဆည်းကာ အင်းစိန်သို့ပြန်သွားကြသည်။ ဤသို့ဖြင့် အင်းစိန်မှ ကေအင်ဒီအိုများသည် နိုင်ငံတော်အစိုးရနတပ်မတော်တို့ကို အတိအလင်းစိန်ခေါ်သောအပြုအမူများ လုပ်ဆောင်လာသဖြင့် ဖေဖော်ဝါရီလ(၄)ရက်နေ့တွင် မြောက်ပိုင်းတိုင်းမှုး ဗိုလ်မှုးကြီးကျော်ဇောသည် တောင်ပိုင်းတိုင်းမှုးတာဝန်ကို ဗိုလ်မှုးချုပ်အောင်သင်းထံမှလွှဲပြောင်းလက်ခံရယူလျက် မင်္ဂလာဒုံတဝိုက်ရှိတပ်များ၊ တပ်မှုးများနှင့် ဆွေးနွေးသည်။ ထို့နောက် ဖေဖော်ဝါရီလ(၁ဝ)ရက်နေ့တွင သမိုင်းရှိ အင်းစိန်စစ်မျက်နှာနည်းဗျူဟာဌာနချုပ်သို့ ကိုင်တိုင်လာရောက် ကွပ်ကဲသည်။ ထိုအချိန်မတိုင်မီက ဒုဗိုလ်မှုးကြီး ကြည်မောင်သည် ရန်ကုန်ပြည်ထောင်စုအရံတပ်ရင်း (ယူအေအက်ဖ်တပ်ရင်း) ကို ကွပ်ကဲလျက် သမိုင်းစစ်မျက်နှာတွင် ယာယီဦးစီးလျက်ရှိသည်။ ထိုစဉ်က ယင်းစစ်မျက်နှာတွင်ရှိသော ပြည်ထောင်စုအစိုးရတပ်ဖွဲ့များမှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ ရန်ကုန်ပြည်ထောင်စု အရံတပ်ရင်း (ယူအေအက်ဖ်)
၂။ အမှတ် (၁၈) ပြည်ထောင်စုစစ်ရဲ
၃။ အမှတ် (၂၁) ပြည်ထောင်စုစစ်ရဲ
၎။ အမှတ် (၁၅) ပြည်ထောင်စုစစ်ရဲ
၅။ ဖေဖော်ဝါရီလ(၇)ရက်နေ့တွင် ရန်ကုန်စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ တပ်ရင်း(၁)မှ တပ်စုနှစ်စုကို အမှတ်(၁) ခြေလျင်တပ်ရင်းမှ လက်နက်တပ်ဆင်ပေးပြီး မိမိတပ်စုတစုနှင့်ပေါင်း၍ မော်တာတပ်ဖွဲ့ပါ တပ်ခွဲအဖြစ် သမိုင်းစစ်မျက်နှာတွင်တာဝန်ပေးသည်။ အဆိုပါ တပ်ရင်း(၁)ရဲဘော်များသည် သရက်မှတောခိုသွားခဲ့သောတပ်ရင်းမှဖြစ်၍ စစ်ကြောရေးစခန်းတွင် ထိမ်းသိမ်းထားခြင်းဖြစ်ပေသည်။
၆။ အရံစစ်ရဲတပ်များ၊ စစ်ဝန်ထမ်းများ၊ ကျောင်းသားရဲခေါင်နှင့် သံမဏိတပ်များ
၇။ ချင်းသေနတ်ကိုင် တပ်ရင်း(၁)
၈။ ဖေဖော်ဝါရီလ ၆ ရက်မှ ၈ - ရက်အတွင်း မော်လမြိုင်ရှိ အမှတ်(၂) ကချင်သေနတ်ကိုင်တပ်ရင်းကို လေယာဉ်ဖြင့် အင်းစိန်စစ်မျက်နှာသို့ ပို့ပေးသည်။
၉။ အမှတ်(၁) ခြေလျင်တပ်ရင်း။ ဖေဖော်ဝါရီလ ၅ - ရက်နှင့် ၆- ရက်နေ့များတွင် အမှတ်(၄) ခြေလျင်တပ်ရင်းမှ တပ်စု(၂)စု အားဖြည့် ပေးထားသည်။

၁ဝ။ အမှတ်(၅) ဗမာ့သေနတ်ကိုင်တပ်ရင်း။ အစပိုင်းက ဗိုလ်မှုးလှသောင်း တပ်ဖွဲ့သာရှိခဲ့ပြီး ဖေဖော်ဝါရီလ ၈၊ ၉၊ ရက် နေ့များတွင် စစ်တွေရှိ တပ်ရင်းမှုးနှင့်တပ်ဖွဲ့များကို လေယာဉ်ဖြင့်ရွှေ့ပြောင်း ပေးပို့သည်။

၁၁။ အမှတ်(၃) ဗမာ့သေနတ်ကိုင်တပ်ရင်း ဖျာပုံမှ ဖေဖော်ဝါရီ ၇ - ရက်နေ့တွင် ရန်ကုန်သို့ရောက်ရှိလာသော်လည်း နောက်တနေ့တွင် ပြည်မှဆင်းလာသော အမှတ်(၂) ကရင်တပ်ရင်းကို ဟန့်တားတိုက်ခိုက်ရန် သာယာဝတီသို့ချီတက်ရသည်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ အင်းစိန်စစ်မျက်နှာတွင် ပါဝင်တိုက်ခိုက်နိုင်သည်။

၁၂။ ရေတပ်မှ အော်လီကွန်စက်အမြောက်နှင့် ၂၅ ပေါင်ဒါ အမြောက်တပ်ဖွဲ့။

အင်းစိန်စစ်မျက်နှာတွင် တိုက်ပွဲများ စတင်ဖြစ်ပွားသည်မှာ ထိုအချိန်ထုတ်သတင်းစာများအလိုအရ ၁၉၄၉ ခုနှစ် ဇန္နဝါရီလ ၃၁ ရက်နေ့မှပင် စတင်ခဲ့ခြင်းဖြစ်ပေသည်။ ထိုနေ့တွင် ဗိုလ်မှုးစိုးရ၊ ဗိုလ်ညွန့်ဝင်း၊ ဗိုလ်စံလှဘော်နှင့်ဗိုလ်ကျော်ဒင်တို့ဦးစီးသော ပြည်ထောင်စု စစ်ရဲတပ်ရင်းသည် သမိုင်းရှိ ခဝဲခြံကိုဝိုင်းထားပြီး လက်နက်ချခိုင်းကာ ကျိုက္ကလားနှင့်အင်းစိန်လမ်းထောင့် ရထားတွဲပျက်များရှိရာနေရာအထိ တိုက်ပွဲများဖြစ်ပွားပြီး စစ်ရဲတပ်မှ နဂါး၊ သူရိယ၊ ရွှေပြည်အေး စသော သံချပ်ကာကား ၈ စီးဖြင့်တိုက်ခိုက်သည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၅ နာရီတွင် ကရင်ကုန်း၌တိုက်ပွဲဖြစ်ပွားပြီး ကရင်တပ်များနှင့် အစိုးရအရံတပ်ဖွဲ့များ အပြင်းအထန်တိုက်ခိုက်ကြသည်။

၂ ရက်နေ့တွင် နံနက် ၇ နာရီ၌ ကြို့ကုန်းတိုက်ပွဲဖြစ်ပွားပြီး အင်းစိန်ရှိကရင်တပ်များကို တက္ကသိုလ်ဘွဲ့နှင်းသဘင်အနီး အင်းလျားကန်စောင်းမှ ၂၅ ပေါင်ဒါ အမြောက်များဖြင့် ပစ်ခတ်တိုက်ခိုက်သည်။ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ဗိုလ်မှုးလှသောင်းဦးစီးသော တပ်ရင်း(၅) သည် စော်ဘွားကြီးကုန်းနှင့်ပြည်လမ်းဆုံရှိတောင်ကုန်းကို ရယူတိုက်ခိုက်အောင်မြင်သည်။ ၁၁ ရက်နေ့တွင်မူ ခဝဲခြံကိုသိမ်းယူရရှိသည်။

၁၃ ရက်နေ့ နံနက် ၅ နာရီခွဲတွင် အစိုးရတပ်များသည် သမိုင်းတဝိုက်ထိုးစစ်ဆင်ရာ ရန်ကုန် ပြည်ထောင်စုအရံတပ်ရင်းက ဦးသော် ပန်းကန်စက်ကိုသိမ်းပိုက်ပြီး ချင်းတပ်ရင်း(၁) က ပြည်ထောင်စုအရံတပ်ရင်း၏ညာတောင်ပံဖြစ်သောနေရာကို သိမ်းယူလျက် ချင်းတပ်ရင်း(၁) ၏ ညာတောင်ပံရှိ အိမ်ဝါကြီးကို ကချင်တပ်ရင်း(၂) က သိမ်းပိုက်သည်။ ခြေလျင်တပ်ရင်း(၄) က ကချင်တပ်ရင်း(၂)၏ အရှေ့ဘက် မျက်နှာစာ ဒေသကို သိမ်းယူသည်။

ကြို့ကုန်းစစ်မျက်နှာတွင်လည်း တပ်ရင်း(၅) နှင့် ကရင်တပ်များ ပစ်ခတ်တိုက်ခိုက်ကြပြီး ကေအင်ဒီအို ၃ဝ ခန့်သည် ဝါးကင်းကုန်းသို့ ဆုတ်ခွာသည်။ အင်းစိန်တိုက်ပွဲတွင် အစပိုင်း၌ အရံတပ်ရင်း၊ စစ်ရဲ စသည်တို့ဖြင့်တိုက်ခိုက်နေရာမှ တပ်မတော်ပုံမှန်တပ်ရင်းများ ပါဝင်လာကြောင်း တွေ့ရလေသည်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ရော်ဘာခြံတိုက်ပွဲ၊ ၁၅ ရက်နေ့တွင် စောဘင်ဆင်ခြံတိုက်ပွဲများဖြစ်ပွားပြီး ကရင်တပ်များသည် ဦးစက္ကိန် ဘုန်းကြီးကျောင်းကိုပင်မအခြေခံပြု အလုံးအရင်းနှင့်ခံနေသည်။ ဦးစက္ကိန်ကျောင်းတည်နေပုံမှာ စနစ်တကျဆောက်လုပ်ထားသော ခံတပ်နှင့်တူသည်။ ကျောင်းသည် တောင်ကုန်းအမြင့်ပေါ်တွင်တည်ရှိ၍ ပတ်ပတ်လည်တွင် တိုက်ကျောင်းများရှိပြီး ယင်းတိုက်ကျောင်းများ ကိုလည်း သစ်ပင်များကအုပ်မိုးထားသည်။ ချဉ်းကပ်လာသမျှရန်သူကို ကုန်းမြင့်ပေါ်မှ အပေါ်စီးပစ်ခတ်တိုက်ခိုက်နိုင်မည်ဖြစ်သည်။ သို့ဖြစ်၍ အင်အား ၁ဝဝ ကျော်ရှိ တပ်ရင်း ၅ တပ်ဖွဲ့သည် အကျပ်အတည်းတွေ့နေရသည်။

ဤတွင် ချင်းတပ်ရင်းက ဗိုလ်တိုက်ချွန်းနှင့် ရဲဘော် ၄ ဦး တို့သည် ယခုစက်မှုတက္ကသိုလ်ဝင်းတည်ရာ ဝါးတောမှချဉ်းကပ်၍ ကျောင်းတွင်းသို့ ဝင်ရောက်ကာ စတင်း၊ ဘရင်းများနှင့် လျှပ်တပြတ်တိုက်ခိုက်သိမ်းပိုက်ရသည်။ ဦးစက္ကိန်ကျောင်းမှဆုတ်ခွာသွားသော ကေအင်ဒီအိုတို့သည် သံဆူးကြိုးဝင်းခတ်ထား၍ မြေကတုတ်ကျင်းများ သစ်ပင်အုပ်များရှိလင့်စင်များနှင့် အခိုင်အမာရှိနေသော ပြည်သူ့လုပ်ငန်းဘန်ဂလိုတွင် တပ်စခန်းချသည်။ သို့ဖြစ်၍ ဝင်ရောက်တိုက်ခိုက်သော တပ်မတော်ဘက်မှ အထိအခိုက်များပြားနေသည်။ ဤတွင် ဗိုလ်တိုက်ချွန်းနှင့်ရဲဘော် ၅ ဦးက ညတစ်နာရီတွင် သံဆူးကြိုးကို တိတ်တဆိတ်ဖြတ်၍ ဝင်ရောက်တိုက်ခိုက်သည်။ ပစ်ခတ်သံများ ကြားရချိန်တွင် နောက်မှတပ်ဖွဲ့များ ဝင်ရောက်လိုက်ပါပြီးတိုက်ခိုက်ရာ ရန်သူများထွက်ပြေးကြသည်။ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် တပ်ရင်း(၅) သည် အထိအခိုက်အကျအဆး များစွာဖြင့် မင်းဓမ္မကုန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
သာယာဝတီ ဝက်ကော်တိုက်ပွဲတွင် ကရင်တပ်ရင်း(၂) ၏ထိုးစစ်ကို အောင်မြင်စွာ ရိုက်ချိုးခဲ့သော အမှတ်(၃) ဗမာ့သေနတ်ကိုင်တပ်ရင်းသည် ရန်ကုန်သို့ ပြန်လည်ရောက်ရှိလာပြီး ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် အင်းစိန်စစ်မျက်နှာ၌ပါဝင်လာကာ ၁၉ ရက်နေ့ နေ့တစ်နာရီတွင် အငိုက်ဖမ်း၍ ကြို့ကုန်းတိုက်ပွဲဆင်နွှဲသည်။ ထိုစဉ်က အင်းစိန်စစ်မျက်နှာတွင် အာရုဏ်ဦးတိုက်ပွဲများသာ ဆင်နွှဲလေ့ရှိကြပြီး နေ့လည် နေ့ခင်းတွင် နားနေလျက် လက်ဖြောင့်တပ်သားများ၏ပစ်ခတ်မှုများသာ ရှိတတ်သည်။ ဤသို့သော အခြေအနေကို တပ်ရင်း(၃) တပ်ရင်းမှုး ဒုဗိုလ်မှုးကြီးချစ်မြိုင်ကသုံးသပ်၍ တိုက်ခိုက်ခြင်းဖြစ်ပေသည်။ တိုက်ခိုက်ရာတွင်လည်း တပ်ရင်း(၃) ကအင်းစိန်လမ်းမကြီး၏ အနောက်ဘက် ခြမ်းကိုလည်းကောင်း၊ တပ်ရင်း(၁) တပ်ခွဲနှင့် အမှတ်(၁) ခြေလျင်တပ်ရင်းတပ်ခွဲတို့က တပ်ရင်း(၃)၏ ညာတောင်ပံ လမ်းမအရှေ့ဘက်ခြမ်းကို လည်းကောင်း တိုက်ခိုက်ခဲ့ရာ ရန်သူတို့မမျှောင်လင့်ထားသောအချိန်ဖြစ်၍ တနာရီအတွင်း ရည်မှန်းချက်များကိုသိမ်းပိုက်နိုင်ခဲ့သည်။

ဖေဖော်ဝါရီလ(၂၈) ရက်နေ့တွင် တပ်ရင်း(၅)သည် ပွိုင့် ဝမ်းဝမ်းတူးတောင်ကုန်းရှေ့ရှိ တောင်ကုန်းငယ်ကို တိုက်ခိုက်သိမ်းပိုက်ရာ ဗိုလ်မှုးလှသောင်းအပါအဝင် အရာရှိအရာခံ အကြပ်တပ်သား ၈ဝ ခန့် ကျဆုံး၍ ၁၂ဝ မျှ ဒဏ်ရာရခဲ့ခြင်းကြောင့် တပ်ခွဲနှစ်ခွဲစာအင်အား လျော့နည်းသွားခဲ့သည်။ (မှတ်ချက်။ ထိုတိုက်ပွဲအသေးစိတ်ကို ကျနော်ရှေ့ပိုင်းတွင် ရေးသားခဲ့ပြီးဖြစ်ပါသည်။) သို့ဖြစ်၍ ပွိုင့် ဝမ်းဝမ်းတူး ရန်သူစခန်းကိုသိမ်းပိုက်ရန်တာဝန်ကို တပ်ရင်း(၃) က လွှဲပြောင်းယူခဲ့ရသည်။

ထိုအချိန်က ဦးစက္ကိန်ကျောင်းတွင် ဗမာ့တပ်မတော် ချင်းတပ်ရင်း(၁)က လည်းကောင်း၊ နထိုးကုန်းနှင့် မင်းဓမ္မတောင်ကုန်းတို့တွင် တပ်ရင်း(၅) က လည်းကောင်း တပ်စွဲထားပြီးဖြစ်သည်။ တပ်ရင်း(၅)တွင် အမှတ် ၁၆ ပြည်ထောင်စုစစ်ရဲတပ်မှ တပ်အချို့လည်းပါရှိသည်။ မင်းဓမ္မကုန်းမှ မြေပြင်သည် မတ်စောက်ဆင်းသွားပြီး လျှိုတခုဖြစ်ပေါ်စေကာ ထိုမှတဖန် ဝမ်းဝမ်းတူးတောင်ပေါ်သို့ မတ်စောက်စွာ တက်သွားပြန်သည်။ သို့ဖြစ်လေရာ ပွိုင့် ဝမ်းဝမ်းတူးရန်သူ့စခန်းကိုတိုက်ခိုက်ရန်မှာ အမြင့်ရှိရန်သူကို အောက်မှဆန်၍တိုက်ရမည်ဖြစ်သည်။ ဤတွင် တပ်ရင်း(၃) တပ်ရင်းမှုး ဒုဗိုလ်မှုးကြီးချစ်မြိုင်သည် ဗိုလ်လှမောင်ဦးစီးသောကွန်မန်ဒိုတပ်စု၊ ဗိုလ်ကြီးစိန်မြဦးစီးသော ကွန်မန်ဒိုတပ်ခွဲ၊ ဗိုလ်ကြီးမောင်ကျော် ဦးစီးသော နောက်ရံတပ်ခွဲ၊ ဗိုလ်ထွန်းလှဦးစီးသော စိန်ပြောင်းတပ်ခွဲများ ဖွဲ့စည်းလေ့ကျင့်ပေးသည်။

၁၉၄၉ ခုနှစ် မတ်လ ၉ ရက်နေ့ နံနက် ၂ နာရီခွဲတွင် ရည်မှန်းချက်(၁)အဖြစ် သတ်မှတ်ထားသော ပွိုင့် ဝမ်းဝမ်းတူး ဘယ်တောင်ပံကို ကွန်မန်ဒိုတပ်စုက ဝင်ရောက်တိုက်ခိုက်ရာ မိနစ်ပိုင်းအတွင်းမှာပင်သိမ်းပိုက်ရမိသည်။ ရည်မှန်းချက်(၁)ကို သိမ်းပိုက်ပြီးကြောင်း သတင်းပို့ချိန်တွင် စိန်ပြောင်းတပ်ခွဲက ရည်မှန်းချက်(၂)အဖြစ် သတ်မှတ်ထားရာသို့ မော်တာ ၁ဝ လက်ဖြင့် ဆက်တိုက်ပစ်ခတ်သည်။

သိမ်းပိုက်ပြီးဖြစ်သော ရည်မှန်းချက်(၁) နှင့် ရည်မှန်းချက်(၂)တို့မှာ ကိုက် ၅ဝ ခန့်သာကွာဝေး၍ မိမိတပ်များတွင်လည်း အထိအခိုက်ရှိခဲ့သည်။ မော်တာအပစ်ရပ်လျှင် ကွန်မန်ဒိုတပ်ခွဲမှ တပ်စုတစုက ရည်မှန်းချက်(၂)အား တိုက်ခိုက်သိမ်းပိုက်သည်။ ထို့နောက် စိန်ပြောင်းတပ်ခွဲက ရည်မှန်းချက်(၃)နေရာသို့ပစ်ခတ်ပြီး တက်ရောက်သိမ်းပိုက်သည်။ ထိုတိုက်ပွဲတွင် တပ်မတော်မှ စတီးဝပ်တင့်ကားတစီး ပါဝင်ခဲ့သည်။

စစ်ဆင်ရေးအစီအစဉ်တွင် တပ်ရင်း(၃) က ပွိုင့်ဝမ်းဝမ်းတူးအားတိုက်ခိုက်၍ ရန်သူအခြေပျက်ချိန်တွင် ပွိုင့်ဝမ်းဝမ်းတူး၏အရှေ့မြောက်ဘက် အုန်းပင်စုကို အမှတ်(၁၆) ပြည်ထောင်စုစစ်ရဲကလည်းကောင်း၊ စော်ဘွားကြီးကုန်းရှိ အင်္ဂလိပ်သင်္ချိင်းကို ကချင်တပ်ရင်း(၂)က လည်းကောင်း တိုက်ခိုက်ရန်ဖြစ်သော်လည်း ထိုတပ်များတိုက်ခိုက်မှုနောက်ကျ၍ ထိုနေရာများမှ ရန်သူများပစ်ခတ်ခြင်းခံရသော တပ်ရင်း(၃)တွင် အထိအခိုက်များခဲ့သည်။

သို့ဖြင့် မတ်လတလလုံး တိုက်ပွဲများဖြစ်ပွားပြီး ဧပြီလ ၄ ရက်နေ့တွင် စောဘဦးကြီးနှင့်အဖွဲ့က အစိုးရနှင့်ဆွေးနွေးရန် အင်းစိန်မှထွက်လာပြီး ဧပြီလ ၅ ရက်မှ ၈ ရက်နေ့အထိ အပစ်အခတ်ရပ်စဲကာဆွေးနွေးကြသည်။ သို့ရာတွင် မအောင်မြင်၍ ဧပြီလ ၈ ရက်နေ့ ညနေပိုင်းတွင် တိုက်ပွဲများပြန်လည်စတင် ဖြစ်ပွားသည်။ ဧပြီလ ၂၉ ရက်နေ့တွင် တပ်မတော်လေက အင်းစိန်အစိုးရအထက်တန်းကျောင်းနယ်မြေ၊ အင်းစိန်ထောင်၏ တောင်ဘက်နယ်မြေများကို ဗုံးကြဲတိုက်ခိုက်ပြီး မေယုစစ်သင်္ဘောမှလည်း စက်မှုကျောင်းနယ်မြေ၊ ကမ်းနားဆန်စက်များ နယ်မြေတို့ကို အမြောက်ဖြင့်ပစ်ခတ်တိုက်ခိုက်သည်။ ၁၄ ရက်မှ ၁၆ ရက်နေ့အတွင်း တပ်မတော်က တိရိစ္ဆာန်ဆေးကုသရေးသိပ္ပံကျောင်းကို တိုက်ခိုက်သိမ်းပိုက်ရရှိသည်။ မေလတွင် ချင်းတပ်ရင်း(၁) နှင့် (၂)တို့သည် မင်္ဂလာဒုံဘက်မှ စဥ့်ကူး၊ ဖော့ကန်၊ အောင်ဆန်းတို့ကို သိမ်းပိုက် လာခဲ့ရာ မေလ ၂၁ ရက်နေ့တွင် အောင်ဆန်းမြို့အလွန် စွပ်ကျယ်စက်ရှိ ကေအင်ဒီအိုများကိုတိုက်ခိုက်၍ စွပ်ကျယ်စက်ကိုရရှိသည်။ သို့ဖြင့် ၁၉၄၉ ခုနှစ် မေလ ၂၂ ရက်နေ့တွင် အင်းစိန်မြို့ကို တပ်မတော်ကအပြီးအပိုင်သိမ်းပိုက် နိုင်ခဲ့ပေသည်။
ဤသည်တို့မှာ တပ်မတော်သမိုင်း စတုတ္ထတွဲ စာအုပ်မှ ကူယူဖော်ပြချက် အဓိကဖြစ်ပါသည်။

Monday, October 5, 2015

စာခြောက်ထောင်းစားသူများ ၄ (မျိုးမြင့်ချို)

0 comments
(စာခြောက်ထောင်းစားသူများ ၄)
လူလေးယောက်နေသည့်အခန်းတွင် ကိုယ်ပိုင်ပစ္စည်း ခါးဝတ်ခါးစားနှင့် ဘုံပိုင်ပစ္စည်း ပလပ်စတစ်ဇလုံတလုံးလည်းရှိ၏။ ဘုံပိုင်ဟု ပြောရခြင်းမှာ အသား ၄ တုံးနှင့်လဲပြီး ရထားသောကြောင့်ပင်။ ဇလုံမှာ အတန်ငယ်ဟောင်းနွမ်းနေပြီ။ အရောင်ပင် ပျယ်စပြုပြီ။ အထဲတွင် အရည်တခုခုရှိနေပါက လက် ၂ ဘက်ဖြင့် ရိုရိုသေသေကိုင်ကြရ၏။ ဇလုံထိမ်းကား သခင်လူငယ်။ ဇလုံ၏အတွင်းဘက်တွင် သံချွန်ဖြင့်ခြစ်ကာ စာရေးထား၏။ စာက (စောဆာဖော ကေအင်န်ယူ)ဟု ထင်၏။ ထိုဇလုံ၏ရာဇဝင်အူပေါက်ကို စီနီယာသမားသခင်လူငယ်ပင် ရေရာတပ်အပ် မပြောနိုင်။

သို့သော် ဤဇလုံဟောင်းလေးကား ကျနော်တို့ ၄ ဦးသားအဖို့တော့ ဧရာမဣစ္ဆာသရ အဖိုးထိုက် အဖိုးတန်ပစ္စည်း။ ထိုဇလုံသည် မနက်စာ စားချိန်တွင် ၄ ယောက်စာ ပဲဟင်းခွက်။ ညနေစာချိန်တွင် တာလပေါခေါ်သည့် အရွက်ပြုတ်ရည်ခွက်။ အသားစားနေ့တွင် အသားသုတ် နယ်သည့်ခွက်။ နေ့ဖို့ညစာချန်သည့်အခါ ဟင်းအုပ်ခွက်။ ဦးဇင်း ပဲထမင်းအာရုံဆွမ်း ဘုဉ်းသည့်အခါ ဆွမ်းစားခွက်။ တနင်္ဂနွေရေနွေးရသည့်အခါ ရေနွေးခွက်။ ရေချိုးချချိန် (သဘောကောင်းသည့်ဝါဒါကျလျှင်) တယောက်တလှည့် ရေချိုးခွက်။ ပုံမှန်ဆိုလျှင် ဆီးစပ်ခန့်မြင့်သည့် ကန်ဘောင်ပေါ်ခါးကုန်းပြီး ကန်ရေဖင်ကပ်ကို ပုံစံပန်းကန်ပြားနှင့် ပက်ကယ်ပက်ကယ်ခပ်ကာ အထက်တဝက်အောက်တဝက် ချိုးရ၏။

ထိုဇလုံသည် ဘုံပိုင်ဖြစ်သဖြင့် ဇလုံနှင့်ပတ်သက်လျှင် ၄ ယောက်လုံး ပြောရေးဆိုခွင့် ရှိသည်မှန်သော်လည်း ဇလုံထိမ်းသခင်လူငယ်မှတပါး အခြားသူများက ပေါ့ပေါ့တန်တန်ပင်။ သခင်လူငယ်က ဝါကြီးသူပီပီ ဇလုံနှင့်ပတ်သက်လျှင် ကြောင့်ကြစိတ်ထား၏။ ဇလုံ၏ အသုံးဝင်တန်ဖိုးကို သူတကာထက်သိသူဟု ဆိုရမည်ထင်၏။ ထိုဇလုံ အကြောင်းမဲ့ မပျက်စီးမဆုံးရှူံးရေးမူ ချထားကြောင်း အားလုံးကို အသိပေးကြေညာထား၏။ မတော်တဆ ဖိမိနင်းမိမှာအလွန်စိုး၏။ သုံးပြီးတိုင်း ဆေးကြောပြီး အခန်းထောင့်တွင် တစောင်းလေးထောင်မှီကာ ရေစစ်အခြောက်ခံထား၏။ ရေခြောက်လျှင် သူ့ပုဆိုးခါးပုံစဖြင့် တယုတယပွတ်သပ်ကာ သူ့ခေါင်းရင်းနား မှောက်ရက်ချထား၏။ “ဆီကချွဲနေတဲ့ကြားထဲ ရေစိုနေတော့ အလေးထည့်ပြီးမလိုက်ရင် လက်ထဲကချောကျပြီးလွတ်ကျရင် ကွဲမှာဗျ”ဟုဆို၏။ တပတ်တခါ လက် ၂ သစ်ခန့် ချွဲကျိကျိကင်ပွန်းသီးဆပ်ပြာတုံးလေးများ ဝေသည့်နေ့တွင် ကျနော်တို့က ကိုယ်တိုက်ဆပ်ပြာအဖြစ်သုံးသော်လည်း သခင်လူငယ်က လက်တသစ်လောက်ကို ဇလုံဆေးရန် ချန်ထားတတ်၏။ ထိုဇလုံကိုအကြောင်းခံ၍ သခင်လူငယ်နှင့်ခေါင်းဆောင်ကြီး ခွန်းကြီးခွန်းငယ်တင်မက လက်သီးလက်မောင်းတန်းသည်အထိ ပြဿနာတက်ခဲ့ဖူး၏။ ထိုးသည့်ကြိတ်သည့်အထိတော့ မရောက်လိုက်။ ပြဿနာက မျက်နှာသစ်ခြင်းမှစကာ ဒရမ်တီးခြင်း၌ ပေါက်ကွဲထွက်ခြင်းတည်း။

မနက်အိပ်ယာထချိန်တွင် ခေါင်းဆောင်ကြီးမှတပါး အခြားသုံးယောက်က သံတိုင်ကြားမှလက်ထုတ်ကာ သောက်ရေအိုးထဲမှရေကို ကိုင်းမဲ့ဒန်ခွက် အပိန်အရှူံ့လေးဖြင့်ခပ်ကာ လက်ခုပ်ဖြင့်ခံ၍ မျက်နှာကိုပွတ်ကာပွတ်ကာ သစ်ကြ၏။ မျက်နှာသုတ်ပုဝါက ပုဆိုးခါးပုံနား။ ခေါင်းဆောင်ကြီးက “ကျုပ်က မွေးကတည်းက Sink နဲ့ သစ်လာတာဆိုတော့ ခင်ဗျားတို့လို မသစ်တတ်ဘူး”ဟု ရောက်သည့်မနက်ကတည်းက စကားခံထား၏။ သူ သစ်ပုံက သောက်ရေအိုးမှရေကို ဇလုံတဝက်ခန့်အထိထည့်ပြီး သေးဂန်ဖလားပေါ် ခါးကိုင်းခေါင်းငုံ့ကာ နဖူးစပ်မှ ဖြည်းဖြည်းချင်း ရေကုန်သည်အထိလောင်းချပြီး ဇက်ပိုးတွေဘာတွေပါ တဖြပ်ဖြပ်ရိုက် တဂျွပ်ဂျွပ်ချိုး၏။

“ခေါင်းဆောင်ကြီးပြောတဲ့ ဆင့်ဆိုတာဘာလဲဗျ”ဟု မနက်မိလ္လာချချိန် ဂန်ဖလားအတွင်းပိုင်းထဲ အဝတ်စုတ်ပတ်တုတ်ဖြင့်ဆေးချရင်း သခင်လူငယ်ကမေးတော့ “ရေပိုက်ခေါင်းဖွင့်ချပြီး လက်ဆေးမျက်နှာသစ်လုပ်တဲ့ ကြွေကန်လေးပေါ့ဗျာ၊ ဒီဂန်ဖလားလောက်ရှိတယ်”ဆိုတော့ အဟဲဆိုကာ ဘာမှဆက်မပြော။ နောက်နေ့မနက်ကြတော့ “ဒါဆိုလည်း ဂန်ဖလားအသစ်တလုံးလောက်ရှာပြီး အဲ့ထဲသစ်ချပြီးရော”ဟု ခေါင်းဆောင်ကြီးအား အငေါ်တူး၏။ ခေါင်းဆောင်ကြီးက မကြည်သလို လှန်ကြည့်သော်လည်း ဘာမှတော့ပြန်မပြော။ သို့သော် သူ့မူကား မပြောင်း။ သခင်လူငယ်က ဤတွင်ရပ်မနေ။ “ခင်ဗျား အဲ့လိုသစ်တာအရေးမကြီးဘူး ကိုမျိုးမြင့် ချီးပါတုန်း ခြေနင်းတုံးချော်ပြီး ဂန်ဖလားထဲ ဖင်ထိုင်ကျတာ ၂ ခါရှိပြီ”ဟုထပ်ပြောတော့မှ ဇလုံဖြင့်မျက်နှာသစ်သည့်မူကို မပြင်သော်လည်း နောက်နေ့မှစကာ သေးခွက်အပြင်ရေမစင်ရန် သတိထားသွား၏။

ဤနေရာတွင် ခြေနင်းတုံးအကြောင်းနှင့် ဂန်ဖလားပေါ် ချီးပါနည်းကိစ္စပြောမှသင့်မည်ထင်၏။ သို့မှသာ ကျနော် ဘယ်လိုချော်ကျနှင့် ဂန်ဖလားပေါ် အတွင်းအားသုံးချီးပါနည်းအကြောင်းကို အများသူငါ ဆဝါးမိမည်ထင်၏။
(ဆက်ပါဦးမယ်)

Saturday, October 3, 2015

၂ဝ၁၅ စက်တင်ဘာလထဲရေးဖြစ်တဲ့တိုနန့်နန့်လေးတွေ ၄ (မျိုးမြင့်ချိ)

0 comments
(တရားသာနိုင်ပါစေ)
ထိုင်းမှာ ဗြိတိန်စုံတွဲကိုသတ်တယ်ဆိုပြီး အစွပ်စွဲခံတရားရင်ဆိုင်နေရတဲ့ကလေး ၂ ယောက်ကိုလွှတ်ပေးဖို့ ကာချုပ်မင်းအောင်လှိုင်ကနေ ထိုင်းအာဏာပိုင်တွေကို မေတ္တာရပ်ခံပေးပါဆိုပြီး စာရေးတောင်းခံတယ်ဆိုတာ ဘာသဘောမှန်း နားမလည်ပါ။
အမှုနဲ့စပ်ပြီး လိုက်လုပ်ကိုင်ပေးနေသူတွေပြောနေတာက အမှုက မခိုင်လုံဘူး၊ စွဲချက်တွေ ကချော်ကချွတ်တွေ၊ ဒီအင်န်အေစစ်တော့လည်း မကိုက်ဘူး၊ မမှန်သက်သေတွေ မတရား သက်သေတွေ၊ စကားပြန်ဘက်လိုက်မှုတွေ၊ ထိုင်းပုလိပ်နဲ့မှုခင်းတပ်ဖွဲ့ရဲ့ နှိပ်စက်ညှဉ်းပန်း အဓမ္မဝန်ခံခိုင်းတာတွေ၊ ပညာရှင်တွေလက်မခံတာတွေ စတာတွေပြောရရင်တော့ အများသားပါ။ ပြောနေကြသလောက်ကြည့်ရတာ အမှုက ကွင်းလုံးကျွတ်လွတ်မယ်လို့တောင် ကောက်ချက်ဆွဲလို့ရတဲ့အထိ ဖြစ်နေပါတယ်။ ဘာကိစ္စ မင်းအောင်လှိုင်ကို ဝင်မေတ္တာရပ်ခံ ခိုင်းနေရသလဲက စဉ်းစားစရာလည်းဖြစ်သလို မသင်္ကာစရာလည်းဖြစ်ရပါတယ်။
မတရားမှုမို့ လွတ်ဖို့ကျိန်းသေလို့ လက်ဝါးရိုက်ပြီး မင်းအောင်လှိုင် ဝင်အမြတ်ထုတ် နံမည်ကောင်းယူ ကယ်တင်ရှင်လုပ်ခိုင်းမယ့်ဇယားလား။ အမှုက တကယ့်မှန်နေလို့ နည်းနည်း သက်သာလည်းမနည်းဘူးဆိုပြီး ဆွဲမိဆွဲရာ ကောက်ရိုးတမျှင် လှမ်းဆွဲနေတာလားကတော့ ကာယကံရှင်တွေသာ သိလိမ့်မယ်။
အမှုဆင်ဖမ်းတာ လုပ်ကြံစွပ်စွဲတာဆို ခုပြောနေသလောက်နဲ့တင် လွတ်ကိုလွတ်ရမှာပါ။ လွှတ်ကို လွှတ်ပေးရမှာပါ။ လွှတ်ပေးရုံတင်မက ထိုင်းအာဏာပိုင်တွေကို ပြန်တရားစွဲတာ၊ လျော်ကြေး နစ်နာကြေးတွေပါ တောင်းလို့ရပါတယ်။ တောင်းလည်းတောင်း တရားလည်းပြန်စွဲရမှာပါ။
အမှုဟာ တရားအတိုင်းဖြစ်ပါစေ။ တရားက နိုင်ပါစေ။ အမှားဆိုတာ ရှူံးကို ရှူံးပါတယ်။
၂ဝ၁၅။ အောက်တိုဘာ ၃

(အလုပ်လက်ရှိကြေး)
ဒီနေ့ အဆိုင်းမင်န့်တခုလက်ခံထားတာရှိပါတယ်။ ၂ နာရီ ၃ နာရီလောက်ကြာအောင် တရစပ်ဘာသာပြန်ပေးရမှာပါ။ အလုပ်လက်မဲ့ကြေး လျှောက်ထား ထားသူနှစ်ဦး ထရိန်နင်ယူနေတဲ့သင်တန်းအခန်းထဲမှာ သူတို့ကြားသွားထိုင်ပြီး ရှေ့က ဘိုလိုပြောနေတာကို နောက်က မိနိုင်သမျှမိအောင်လိုက်ဖမ်းပြီး လေသံနဲ့ဘာသာပြန်ရမှာပါ။ လေသံနဲ့ပြောရတာက သင်တန်းတက်နေကြသူက အယောက် ၃ဝ လောက်ရှိပါတယ်။ အခြားသူတွေ အနှောင့်အယှက် မဖြစ်အောင်ပါ။ အင်္ဂလိပ်လိုမတတ်တဲ့ အခြားလူတွေအတွက်လည်း သူတို့စကားအလိုက် စကားပြန်တွေ ဘေးကထိုင် ကြားကထိုင် အနီးကပ်ထိုင်ပြီး လေသံလေးတွေနဲ့ ပြန်ပေးရပါတယ်။
အလုပ် လုပ်သက် ဘယ်လောက်ရှိရှိ စက်ရုံပိတ်လို့ ကုမ္ဗဏီရှူံးလို့ ဒေဝါလီခံလို့ ဒါမှမဟုတ် မိမိအခြေအနေအရ ထွက်လိုက်ရလို့ဆို မစို့မပို့အလုပ်လက်မဲ့ကြေးလေးအတွက် တက်လိုက်ရတဲ့သင်တန်း လျှောက်လိုက်ရတဲ့အလုပ် ဖြည့်လိုက်ရတဲ့ဖေါင် တွေ့လိုက်ရတဲ့ အင်တာဗျူးတွေမှ နည်းလား။
တခါတလေ ကိုယ့်ဘက်က အချက်အလက်ကလေး မဆိုစလောက်မှားယွင်းမိရင်တောင် ဒီ ဆင့်ပါးစပ်နှမ်းပက်ငွေကလေးပေးဖို့ အချိန်ရွှေ့လိုက်ရတာနဲ့ အငြင်းခံရတာနဲ့ ပြန်ပြင်ပြီး အယူခံသဘောတင်ရတာနဲ့ စိတ်မောစရာပါ။ ဟိုတလောကဆို ကောင်မလေးတယောက်က နိုင်ငံသားဖြစ်ပြီးတော့ နံမည်ပြောင်းလိုက်တယ်။ (ဒီမှာက နိုင်ငံသားဖြေပြီးလို့အောင်ရင်၊ ဒါမှမဟုတ် လက်ထပ်ပြီးရင် နံမည်ပြောင်းချင်သလားမေးပြီး ပြောင်းချင်ရင်ပြောင်းလို့ရတယ်၊ မပြောင်းလည်းရတယ် ဘာမှမဖြစ်ဘူး) သူ အလုပ်ဝင်တုန်းက တနံမည် ဟော အခု အလုပ်ထွက်ပြီး အလုပ်လက်မဲ့ကြေးလျှောက်တော့ တနံမည်။
ကျန်တာတွေတူပြီး နံမည်ကွဲနေတယ် ဗယ်ရီဖီကေးရှင်န်းလုပ်ရမယ်ဆိုပြီး စာရွက်တွေ ပို့ပြီးဖြည့်ခိုင်း စိစစ်တာတွေလုပ်တာ တလကျော်ကြာသွားတယ်။ ဒီမိန်းကလေး အလုပ်လက်မဲ့ ဝင်ငွေမရှိနဲ့ တလလောက် နည်းနည်းကသီသွားတယ်။ သူတို့ဘက်က မှားရင်တော့ ဆောရီးတို့ မိုင်အပေါ်လော်ဂျီတို့ အဆင်မပြေဖြစ်သွားရတာအတွက် စိတ်မကောင်းဖြစ်ရပါတယ်တို့ တို့မှာတာဝန်ရှိပါတယ်နဲ့ပြီးသွားတာများပါတယ်။ ဒီအလုပ်လက်မဲ့ကြေးယူတာကလည်း အသက်ပြည့်လို့ အလုပ်နားချိန် ရီတိုင်းယားယူချိန်မှာ နည်းနည်း သွားသက်ရောက်တာလည်းရှိတော့ လူအများစုက အလုပ်လက်မဲ့ကြေး လျှောက်စားရတာထက် အလုပ်တခုလက်မဲ့ပြီဆိုတာနဲ့ နောက်တခုကို အပြေးအလွှားရှာကြတာပါပဲ။ ပေးတာလေးက တပဲခြောက်ပြား သင်တန်းတက်ရတာနဲ့ မကာမိတဲ့သဘောပါပဲ။ လူလွတ်တွေထက် သားသမီးရှိတဲ့အိမ်ထောင်သည်တွေဆို ပိုရှောင်ကြပါတယ် ဒီအလုပ်လက်မဲ့ကြေးကို။
ပြန်ချုပ်ရရင် အလကားသက်သက်ရနေတာမဟုတ်သလို စေတနာရေစီးကမ်းပြိုလိုက်ပြီး ပေးနေတာ မဟုတ်မှန်း လူတိုင်းသိပေမယ့်လို့ အလုပ်လက်မဲ့ဖြစ်နေချိန်မှာ နောက်အလုပ်လေးတခုမရခင်စပ်ကြားမှာ မစို့မပို့လေးဖြစ်ဖြစ် အထောက်အပံ့ရနေတယ် ဆိုတာကတော့ ကောင်းတဲ့ကိစ္စပါ။
ရွှေပြည်ကြီးမှာဆို အလုပ် လုပ်နေရက်သားနဲ့တောင် အလုပ်လက်ရှိကြေး(လုပ်ခ) အပြည့်လေးတောင် မရကြရှာပဲကိုး။ အမှားတွေအထပ်ထပ်လွန်ကျူး မတရားတွေအကြိမ်ကြိမ်အပြုခံရတာတောင် ရှေးဘဝကဝဋ်ကြွေးဆိုပြီး ကုန်းခံခိုင်းထားတာမဟုတ်လားဗျာ။
၂ဝ၁၅။ စက်တင်ဘာ ၃ဝ


(အသေစောင့်သတဲ့)
သန်းရွှေ အသေကို စောင့်နေကြတာ..တဲ့။ သေတာနဲ့ “အတိတ်က ဖြစ်ခဲ့တာတွေအတွက် စိတ်မကောင်းပါဘူး”လို့ စစ်အုပ်စုဝင်တယောက်ယောက်က ထွက်ပြောပေးမှာ..တဲ့။ ဒါဆို တောင်းပန်တယ်ဆိုတဲ့သဘောမို့ “တောင်းပန်ဖို့ တောင်းပန်ပါတယ်”ဆိုတဲ့သူတွေလည်း စိတ်ကြေနပ်မှာ..တဲ့။ ၈၈ ကနေဖွားပြီး ခု နိုင်ငံရေးနဲ့အသက်မွေးနေကြသူတွေလည်း ပျော်ကြမှာ..တဲ့။ စစ်ဗိုလ်တွေလည်း ပျော်ကြမှာတဲ့..တဲ့။ ခရိုနီတွေလည်း ပျော်ကြမှာ..တဲ့။ သား ရွှေအိုးထမ်းလာတဲ့ကိန်း ဆိုက်ကရော..တဲ့။ အရင်တလျှောက်လုံး သတ်ခဲ့ဖြတ်ခဲ့ကျူးလွန်ခဲ့တာတွေအတွက် ဘာမှ ပြန်အရေးယူလို့မရအောင် ဖွဲ့စည်းပုံနဲ့ ကိုယ့်ဘာသာ လွတ်ငြိမ်းချမ်းသာခွင့်ယူထားပြီးသားဆိုတော့ “စိတ်မကောင်းပါဘူး” လေးလောက်တော့ ပြောမှကောင်းမယ်ထင်တယ်လို့ စစ်အုပ်စုထိပ်သီးတွေ ဆုံးဖြတ်ကြသတဲ့။
၂ဝ၁၅။ စက်တင်ဘာ ၃ဝ


(အသားနွှင်သူများ)
အမဲရိုးအပုံလိုက်ကြီးပတ်လည်မှာ ဆောင့်ကြောင့်လေးတွေထိုင်ပြီး အရိုးကပ်အသားစလေးတွေ နွှင်နေတဲ့ဓာတ်ပုံကို အတော်များများ ရှယ်ကြလိုက်ကြတာ သတိထားမိတယ်။
ဘာလူမျိုး ဘာ ဘာသာဝင်ဖြစ်ဖြစ် ဘယ်နိုင်ငံမှာဖြစ်ဖြစ် မရှိနွမ်းပါးသူတွေ စားရသောက်ရမဲ့ဘဝတွေတိုင်းဟာ ဒီနည်းနှင်နှင်ပါပဲ။
အမေရိကန်လိုပြည်မှာတောင် ကုန်စုံဆိုင်ကြီး ဆိုင်သေးတွေက ရက်လွန်ခါနီး သွန်ပစ်ရတော့မယ့် အစားအသောက်အသီးအနှံတွေကို Food Bank လို Community Harvest Center လိုဟာတွေ ဘုရားကျောင်းတွေ ပရဟိတအသင်းတွေကလက်ခံပြီး မရှိဆင်းရဲသားတွေကို တဆင့်ပြန်လှူဒန်းတာရှိတဲ့ကြားက ရပ်ကွက်ထဲက စားသောက်ဆိုင်တွေနားက အမှိုက်ပုံးကြီးတွေထဲမှာ စားကြွင်းစားကျန်တွေ ရက်လွန်လို့ပစ်ထားတဲ့ အသားဗူးငါးဗူးတွေ သစ်သီးတွေကို မွှေနှောက်ထိုးဆွရှာဖွေ စားသောက်နေရသူတွေရှိပါတယ်။
ဒီအမဲအရိုးကပ် အသားစမျှင်လေးတွေ ထွင်ယူနေကြတာမြင်တော့ ရင်ထဲ မကောင်းဘူး။ ပြောချင်သိစေ့ချင်ကြတာက ရည်ရွယ်ချက်က မဘသ ဘုန်းကြီးဆိုးတွေရဲ့ အစ္စလာမ်ဘာသာနဲ့ မွတ်စလင်မ်ဆန့်ကျင်ရေး အစွန်းရောက်အတွေးအခေါ်နဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ရှုတ်ချ ဆန့်ကျင်ဖို့မှန်းသိပေမယ့် ကိုယ့်ပြည်ကဆင်းရဲသားတွေကို ခုလိုချပြကြတာတွေ့တော့ စိတ်ထိခိုက်မိတာပါပဲ။
ဒီလိုအဖြစ်မျိုးတွေဟာ ကိုယ့်ပြည်မှာမဟုတ် အခြားပြည်တွေမှာလည် မနီးရိုးစွဲဖြစ်တဲ့အကြောင်းနဲ့ ကိုယ့်ဆီကဖြစ်ရခြင်းရဲ့လက်သည်တရားခံဟာ လက်ဝါးကြီးအုပ် စစ်အရင်းရှင်စနစ်ကြောင့် ဆိုတာကို တိတိလင်းလင်းထောက်ပြကြရမှာပါ။ အလားတူပဲ မဘသအမည်ခံပြီး ဘုန်းကြီးဝတ်စားနေကြတဲ့ အားကောင်းမောင်းသန် အရွယ်ကောင်း ယောက်ျားသားကြီးတွေဟာလည်း ဝန်ထုံ့ဝန်ပိုကြီးတွေဖြစ်တဲ့အပြင် တိုင်းပြည်အသရေ ဗုဒ္ဓဘာသာပုံရိပ် ရဟန်းကောင်းတို့ရဲ့သိက္ခာ သမာဓိ ပညာကို ထိခိုက်စေတဲ့ လူသတ်ဝါဒီ ဘာသာရေးလူမျိုးရေးအစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ပယောဂကြောင့်လည်း တိုင်းပြည်ဟာ လူထုဘဝဟာ ဆင်းရဲတွင်းနက်ရပြီး ဖွပ်သထက်ညစ်နေရတာဖြစ်ကြောင်း လူတွေ သတိပိုချပ်မိကြအောင် မီးမောင်းထိုးပြဖို့လိုမယ်တွေးပါတယ်။
စစ်သားငါးသိန်းနီးပါးနဲ့ သူတို့အဆွယ်အပွားမိသားစုဝင်တွေရဲ့ စားဝတ်နေရေးကြီးကိုတင်မက မဘသအမည်ခံ လောကဖျက်ဝါဒီတွေကိုပါ လူထုက နဖူးကချွေးခြေမကျတဲ့အထိ ရုန်းကန်ရှာဖွေကျွေးမွေးနေရတာပါ။ ဒီ လူစုကြီး ၂ စုဟာ တိုင်းပြည်ရဲ့ကုန်ထုတ်လုပ်ငန်း အင်အားစုထဲလည်းမပါ ဘာအခွန်မှလည်းမဆောင်တဲ့အပြင် ပြည်သူကကျွေးလည်းထားရသေး ကြောက်လည်းကြောက်လန့်နေရသေးတဲ့ တိုင်းပြည့်ဝန်ထုံ့ဝန်ပို လူထုဝန်ထုတ်ဝန်ပိုးကြီးတွေ ဆိုတာ ခုထက်ပို ပွင့်ကျအောင် ဖွင့်ချကြဖို့လိုမယ်ထင်ပါတယ်။
အမဲရိုးပုံအသားနွှင်နေတဲ့ပုံတော့ ထပ်မတင်ကြစေလိုပါခင်ဗျား။ မေတ္တာရပ်ခံပါတယ်။
၂ဝ၁၅၊ စက်တင်ဘာ ၂၉

(အမေနှင့်….)
ဖြောင့်ဖြောင့်ကြီး ပျောက်ချက်သားရော ငြိမ်ချက်သားရောကောင်းနေတယ်။ ဟိုးတလောက လယ်သူမကြီးတွေနဲ့ နသားပါးယားလုပ်တာတွေ့တယ်။ ပြီးတော့ သူ့နယ်သူပြန်ပြီး ဘေးမဲ့ပေးခါနီးနွားကြီးလို ပန်းကုံးတွေစွပ်ပြီး လူတွေကြား ဟီးဟီးဟားဟား လိုက်လုပ်နေတာ တချက် လှစ်ကနဲတွေ့လိုက်သေးတယ်။ ခု ငုတ်နေပြန်ပြီ။ သမ္မထက်ကြီးတာ သေနတ်ဆိုပြီး ညကြီးမင်းကြီး လက်နက်ကိုင်တွေဝိုင်းပြီး ပါတီဥက္ကဌရာထူးကနေ ဖြုတ်ပြလိုက်တာမှာတင် သမ္မတဆိုတာ လုပ်ချင်တိုင်း လုပ်မရဘူးဆိုတာ သူ့တင်မက အခြားသူတွေကိုပါ အချက်ပြလိုက်တာမှာတင် ကျွတ်ကြဲသွားပုံပဲ။
နောက် ယုံတော်မူသမ္မတကြီးလည်း ရိုးရိုးစင်းစင်းမနက်ခင်းတွေ လယ်တောအိမ်တွေပြီးကတည်းက ခွေနေပုံပဲ။ ဒီတခါတော့ ဗိုလ်ချုပ်အောင်ဆန်းပုံနောက်ခံနဲ့ ဓာတ်ပုံလေးတွဲရိုက်တာထက်ကောင်းမယ့်နည်း ကြံစည်နေပုံပဲ။ ဌေးဦးကတော့ ဇယားရှိပုံပေါ်တယ်။ စစ်အုပ်စုတစုလုံးအနေနဲ့ အပွင့်ဆိုင်တွေဘာတွေ လေသံတောင် မဟတော့ဘူး။
“ဒီပွဲကတော့ တင်အေးလောက်နဲ့တင်ပြီးပါတယ်ကွာ”ဆိုပြီးလုပ်ထားတာ ခု သိတ်ဟန်မယ့်ပုံမမြင်လို့ ဆိုးသွမ်းဘုန်းကြီး(မဘသ)တွေအပြင် စွမ်းအားရှင်တွေပါ ထုတ်သုံးရပြီ။ တဘက်ကလည်း ကြံ့ဖွံ့တွေ ဗြောင်တက်နှောင့်ယှက် ကိုယ်ထိလက်ရောက်လုပ်တွေအတိ အတင့်ရဲ ဇက်ရဲလက်ရဲဖြစ်လာပြီ။
မင်းအောင်လှိုင်(မအလ)ကတော့ စစ်တန်းလျားပြန်ချိန် မရေမရာပြောပြန်ပြီ။ တင်အေးကော်မရှင်ကအတည်ပြုပေးတဲ့ ရွေးကောက်ပွဲရလဒ်ကိုလက်ခံမယ်ဆိုပြီး “ပင်း”ထားတဲ့အကြောင်း အတိအလင်းပြောပြီ။ ဘယ်အချိန် ကာချုပ်ကနေ ပင်စင်ယူမလဲအမေးကို ဖြေတာလည်းရှင်းတယ်။ ဖွဲ့စည်းပုံပုဒ်မ ၁၉၁ ကောက်ကိုင်ပြီး “ကာချုပ်ဆိုတာ သူပင်စင်ယူချင်တဲ့အချိန်မှ ယူလို့ရတယ်ကွ”လို့ပါ ငေါက်ငန်းလိုက်သေး။
အမေကတော့ နှင်းဆီစံအိမ်တော်မှာ အနားမနေနိုင်ရှာ။ အသက်အရွယ် အိုမင်းကြီးရင့်ချိန်မှာတောင် ခမျာမယ် မမောနိုင်မပန်းနိုင် “လူမကြည့်နဲ့ ပါတီကြည့် မဲပေးထောက်ခံ”ဆိုပြီး တပြည်လုံး လှည့်ဆော်သြနေတာပဲ။
ပါတီတွင်းလည်း စည်းရုံးရေးရော တည်ဆောက်ရေးရော ကဖြဲကရုန်းပဲ။ အမတ်လောင်းတွေကြည့်ပြန်တော့လည်း လောက်လောက်လားလား အားထားစရာ နည်းပါးလှတယ်။ ကိုယ်ရည်ကိုယ်သွေးပြခွင့်လည်း မရကြရှာဘူး။ အမေ့မျက်နှာကြည့်ပြီး ခေါင်းညိတ်ခေါင်းခါသဘောတွေ ကဲနေတယ်။ အမေကိုယ်တိုင်လည်း သိန်းစိန်နဲ့ ရွှေမန်း တလှည့်စီ အကစားခံလိုက်ရပြီးကတည်းက စကားရှေ့နောက်မညီတာတွေပါ ပြောတဲ့အထိပဲ။ ဘာမှန်း ရေရောရာရာ မပြောနိုင်မယ့်အဖြေ ရလဒ်တခုအတွက် မီးကုန်ယမ်းကုန်ကြဲနေပေမယ့် မီးဇာကုန်ဆီခမ်းဖြစ်မှာတော့ စိုးရိမ်မိသား။ ခြေကုန်လက်ပမ်းကျမှာလည်း ကြောင့်ကြမိသား။ အမေ့သားသမီးတွေကတော့ အမေ အမေ လုပ်နေရရင်ပဲပျော်နေတာ များပါတယ်။
ပြောရရင် ခုဖြစ်နေတဲ့ နိုင်ငံရေးအခင်းအကျင်းဟာ “စည်းကမ်းပြည့်ဝသောဒီမိုကရေစီ”နဲ့ “တသွေးတသံတမိန့်ဒီမိုကရေစီ” အားပြိုင်တဲ့သဘောမျိုးထက် သိတ်မပိုဘူးထင်တာပဲ။
၂ဝ၁၅ စက်တင်ဘာ ၂၈

(မဖျက်သောသင်္ဂျီုင်းများ)
”ဒီအတိုင်းသာဆိုလို့ကတော့ တချိန်ချိန်ကြ ကမ္ဘာကြီးမှာ သဂျိုံင်းကုန်းတွေပြည့်ပြီး လူနေစရာတောင် ကျန်ပါ့မလားမသိဘူး”လို့ မသာပို့အတူသွားတဲ့ အမေရိကန်မိတ်ဆွေက ဆိုတယ်။ “လူတွေ အဲ့လောက်ကြီးအထိတော့ အဖြစ်ခံကြမယ်မထင်ပါဘူးကွာ”လို့ ကျနော်ကပြောတော့ “အေးလေ ငါကလည်း (ဒီအတိုင်းသာဆိုလို့ကတော့)လို့ စကားခံထားတာပါ”တဲ့။ သူက ရှေ့နေပါ။ အမေရိကန်အပါအဝင် နိုင်ငံအများမှာ သဂျိုံင်းဖျက်ရိုး မရှိပါ။ မြှုတ်စရာနေရာပြည့်ရင် ထပ်မမြှုတ်တော့ပေမယ့် သဂျိုံင်းကိုတော့ မဖျက်ပါ။ မြို့လည်ကောင်မှာ ပန်းခြံထက်လှတဲ့ သဂျိုံင်းသစ်/ဟောင်းတွေမှ တပုံကြီးပါ။ လှကွန့်ပြောသလို ကြံတောကပြောသောသမိုင်းတွေနဲ့ပါ။ ရွှေပြည်ကြီးမတော့ အရထူးမယ်ဆို ဘနဖူး သိုက်တူးတဲ့အကောင်တွေ ကြီးစိုးနေလေတော့ သဂျိုံင်းလောက်မပြောနဲ့ သာသနိက အဆောက်အဦတွေတောင် ဖြိုချဖျက်ချ မီးလောင်တိုက်သွင်းကြမဟုတ်လား။
၂ဝ၁၅၊ စက်တင်ဘာ ၂၇

(အပြောင်းအလဲဆိုပဲ)
ဘရက်ခ်အိုဘားမားက လူထူထူရှိတိုင်း သူ့ စမတ်ပေါ်လစီ ဘယ့်လောက်အောင်မြင်ကြောင်း ဗမာ့စစ်အုပ်စုနဲ့ဒေါ်စုကိုဇန်းတင်ပြီး လက်မထောင်ဝင့်ဝါလေ့ရှိတာ အတော့်ကို မြင်ပျင်းကပ်ခဲ့တာ။
စစ်အုပ်စုလုပ်ထားတဲ့ ပြည်တွင်းအလှည့်အပြောင်းဟာ အန်ကယ်လ်ဆမ်အပါအဝင် ပြည်လွန်မသားနိုင်ငံကြီးတွေရဲ့စနက်မပါဘူးလို့ မငြင်းပေမယ့် ပြည်သူတရပ်လုံးရဲ့ စစ်အာဏာရှင်စနစ်ဆိုး မလိုလားမှု မုန်းတီးမှုနဲ့ နိုင်ငံရေးရေချိန်မြင့်မှုရယ် ပြည်တွင်း မျက်နှာစာပေါင်းစုံကနေ သက်လုံကောင်းကောင်းနဲ့ ကြံ့ကြံ့ခံရပ်တည်လှုပ်ရှား ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ကြတဲ့ နိုင်ငံရေးအင်အားစုတွေရယ်သာ အဓိကလို့ မြင်တယ် ပြောတယ် ရပ်ခံပါတယ်။
ကိုယ်ကသာ အဲ့သလိုတွေး အဲ့သလိုမြင် အဲ့သလိုရပ်ခံနေပေမယ့် တကယ့်လက်တွေ့မှာ အိုဘားမားပြောတာ မှားမှ မမှားဘဲကိုး။ သောက်မြင်ကပ်လည်း ငြိမ်ခံနေရမယ့်သဘော ရှိနေပါပကောလား။
သူ့တုန်းကလည်း Change နဲ့ Yes, we can နဲ့ ကော်ဇော်နီနင်းခဲ့တာမဟုတ်လား။ ခု ရွှေပြည်ကြီးက စစ်လွှတ်တော်ဝင်မယ့်သူတချို့ကလည်း အပြောင်းအလဲတို့ ပြောင်းလဲဖို့တို့ဆိုပြီး သူ့စကားကို တိုက်ရိုက်အနက်ဖလှယ်ပြီး ယူသုံးနေကြတာကိုး။
အိုဘားမားတို့များ အရှည်မြင်တတ်လိုက်တာ။ ဒါ့ကြောင့် ဘရက်ခ်ဟူစိန်အိုဘားမားပေမယ့် အိမ်ဖြူတော် တက်သွားခဲ့တာကိုး။
၂ဝ၁၅၊ စက်တင်ဘာ ၂၇

(မပြင်ရင်ဘာလုပ်မလဲ)
မဲစာရင်းနဲ့လည်း ရစရာမရှိအောင် မှားထားပေးတယ်။ မဲဆွယ်ပွဲတွေကိုလည်း စွမ်းအားရှင်တွေနဲ့ နှောင့်ယှက်ရုံမက ကိုယ်ထိလက်ရောက်ပါ ကျူးလွန်လာတယ်။ ဆိုးသွမ်းဘုန်းကြီး(မဘသ)တွေနဲ့ လူမျိုး/ဘာသာရေးမှိုင်း လှည့်တိုက်ထားတယ်။ ကြံ့ဖွံ့ကလည်း ဗြောင်ထိုးနှက်နေတယ်။ ပြည်နယ်တချို့မှာ ယမ်းပုံထားပြီးပါပြီ ရွေးကောက်ပွဲကြမှ မီးချမယ့်သဘောလည်း တွေ့ရပါတယ်။
ပြင်ပြင်မပြင်ပြင်ဝင်မှာပဲရဲ့အကျိုးဆက်ဟာ မဲပေးချိန်မှာ တဘက်သတ်အကြမ်းဖက်ခံ သွေးချောင်းစီးပြီး အလောင်းပုံဖြစ်မသွားဘူး ဘယ်သူ အာမခံနိုင်မလဲ။ အာဏာနဲ့ပတ်သက်လို့ စစ်အုပ်စုမှာ မလုပ်ဝံ့တာဘာမှမရှိပါ။ လက်ရဲဇက်ရဲ ကျားစီးဖားစီးလုပ်တဲ့စစ်အုပ်စုဟာ လူထုကိုသာကြောက်ပါတယ်။ လူထုတိုက်ပွဲသာကြောက်ပါတယ်။ လူထုနိုင်ငံရေး ရေချိန်ဟာ အမြဲမြင့်ပါတယ်။ အသင့်လည်း ရှိနေပါတယ်။ သတ္တိလည်း နိုင်ငံရေးသမားအများစုထက် ပြောင်ပါတယ်။ လှုပ်ရှားမှုတိုင်း အုံကြွမှုတိုင်း အရေးတော်ပုံတိုင်းမှာ ရှေ့ဆုံးက အသေခံအနာခံချသွားတာ ဆင်းရဲသားနင်းပြား အခြေခံလူတန်းစားတွေပါ။ အသက်ကလွဲလို့ ဘာမှဆုံးရှူံးစရာ မကျန်အောင် ဆုံးရှူံးရ ဖိနှိပ်ခံရ သွေးစုပ်ချယ်လှယ်ခံရသူတွေပါ။ သူတို့ရဲ့ ဘဝပေးအသိနိုင်ငံရေးအမြင်ဟာ လက်တွေ့ကပြဌာန်းတာမို့ လက်တွေ့အကျဆုံးပါ။ ၄၃၆ ပြင်ရေး လက်မှတ်တွေလိုက်ကောက်တော့ “ပြင်မပေးရင် ဘာလုပ်မလဲ”ဆိုတာ “ကျုပ်တို့ကတော့ တိုက်ပွဲဝင်ဖို့ အမြဲပြင်ထားတယ်”လို့ မက်ဆေ့ဂ်ျပေးတာပါ။ စကားမရှိစကားရှာ မေးတာမဟုတ်ပါ။
ရွေးကောက်ပွဲမှာ အလောင်းပုံရင် သွေးချောင်းစီးရင် အရင်ဆုံးလမ်းပေါ်ထွက်လာမှာ လူထုပါ။
၂ဝ၁၅ စက်တင်ဘာ ၂၆

(တကယ်လုပ်ရင် ကြောက်တယ်)
ဝီရသူတို့ သီတဂူတို့အုပ် စစ်တပ်ကို ကျွတ်တာကြောက်တာလည်း မပြောနဲ့။ ဟိုက သူ့အာဏာထိပါးလာပြီလို့ထင်လို့ လုပ်ပဟေ့ဆို ဘုန်းကြီးသော ကိုရင်သော ဖိုးသူတော်သော မယ်သီလသော ဘာမှ ချန်တာမဟုတ်ဘူး။ အာဏာနဲ့ပတ်သက်ရင် စစ်အုပ်စုဟာ နှမ်းတစေ့တောင်အထိမခံပဲ ကျားစီးဖားစီးလုပ်ခဲ့တာချည်းပဲ။ လုပ်နေတာပဲ။ ပါးစပ်ကသာ သူနဲ့အလွမ်းသင့်တဲ့ သူ့ဘုန်းကြီးကို ဘုရားဘုရားလုပ်တာ။ အလွမ်းမသင့်တဲ့သူဆို ပြောမနေနဲ့။ တွေးဝံ့စရာတောင်မရှိဘူး။ တကယ်တမ်း ကလန်လာရင် သူ့ဘုန်းကြီးတောင် ဘေးမဲ့ရန်မဲ့မထားဘူး။
ကိုယ့်ဘုန်းကြီးတွေကို ဓာတ်တိုင်မှာကြိုးတုပ်ပြီး သေနတ်ဒင်နဲ့ဆောင့်လိုဆောင့်၊ စစ်ကြောရေးမှာ သင်္ကန်းဆွဲချွတ်ပြီး လေယဉ်ပျံစီးခိုင်းလိုခိုင်း ခေါင်းစွပ်ပြီး ဖင်-ိုးမယ် လုပ်လိုလုပ်၊ ထောင်ထဲမှာ ပုံစံမထိုင်လို့ လေဘာချတာငြင်းလို့ ဒေါက်ခြေကျဉ်းသွင်းပြီး စစ်ခွေးတိုက်မှာ လူမဆန်အောင် ရိုက်လိုရိုက်၊ အခြားပုဒ်မတပ်ပြီး ရဲဘက်ထုတ်လိုထုတ် ထုတ်ပစ်တာပဲ။ ရဲဘက်ထုတ်တယ်ဆိုတာ မပြန်လမ်းပို့တဲ့သဘောပဲ။
လူထုဘက်က အမြဲတမ်းမားမားရပ် စစ်အာဏာရှင်စနစ်ဆန့်ကျင်တဲ့ ပြည်သူ့ဘုန်းကြီးတွေက ဒီလို သံဃာထုအပေါ် ရက်စက်ယုတ်မာမှုကို အသည်းခိုက်အောင်နာတယ်။ စစ်အုပ်စုက ပရိယယ်ပြောင်းပြီး ဘာနဲ့မျှားမျှား ခုချိန်ထိ ပါမသွားပဲ ကြံကြံ့ခံရင်ဆိုင်နေတာမြင်တော့ အားရဝမ်းသာဖြစ်မိသလို ဒီလောက်ဒုက္ခဆင်းရဲခံ စစ်တပ်အငြိုငြင်ခံ အနှိပ်စက်ခံနေရတဲ့ကြားက ယုံကြည်ချက်ကနေ တလက်မမှနောက်ဆုတ်တဲ့ စိတ်ဓာတ်ရေးရာ ခိုင်ကြည်လေးနက်မှုအပေါ် ဘာနဲ့မှတိုင်းမရတဲ့ လေးစားသမှုနဲ့ ဦးအခါခါသာညွှတ်မိတာပဲ။
၂ဝ၁၅။ စက်တင်ဘာ ၂၅




အိမ်သာသစ်ပင်များ (မျိုးမြင့်ချို)

0 comments
(အိမ်သာသစ်ပင်များ)Personal Hygiene လို့ခေါ်တဲ့ တကိုယ်ရည်သန့်ရှင်းမှုသုံးပစ္စည်းတွေကို Toiletries လို့လည်း ပြောကြပါတယ်။ ဆပ်ပြာတို့၊ ခေါင်းလျှော်ရည်တို့၊ သွားတိုက်ဆေးသွားပွတ်တံ၊ လိုးရှင်န်းတို့ စသဖြင့် ရေချိုးခန်းတွေမှာ တွေ့ရတဲ့ဟာမျိုးတွေပါ။ အမေရိကားက သာမန်လူတွေ အခြေခံလူတန်းစားတွေအိမ်မှာ ရေချိုးခန်းနဲ့အိမ်သာဆိုတာ တွဲလျက်မဟုတ်လား။ အိမ်အများစုမှာ အလှပြင်ဖို့မှန်တင်ခုံတို့ဘာတို့ သတ်သတ်ကြီး ထားတတ်တာလည်း နည်းပါတယ်။ ရေချိုးခန်းထဲတင် ကြည့်မှန် တပ်ထားတတ်ကြတာကိုး။ မနက်လင်းရင် အိမ်သာတက် ရေမိုးချိုး ခေါင်းဖြီး ကိုယ်နဲ့မျက်နှာလိမ်းစရာရှိ လိမ်းလက်ပြီး ပြီးသွားတာမျိုးပါ။ အဝတ်အစားဆိုလည်း ဖင်က နှဲ့နက်စွပ်တာစွပ်၊ ခေါင်းက စွပ်စက် ချတာချ၊ ခြေက စွပ်စက် တင်တာတင်နဲ့ ပြီးသွားရတာမျိုးပါ။ ရေချိုးခန်းထဲက နံရံကပ် ကက်ဘိနက်လေးတွေထဲမှာနဲ့ လက်ဆေးမျက်နှာသစ်ခုံလေးပေါ်မှာ ခုနပြောတဲ့ တွိုင်းလက်ထရီးစ်တွေမှနည်းလား။ ဗူးကြီးဗူးသေး အတိုအရှည် သဏ္ဍန်စုံ အရောင်စုံတွေလည်း တပုံတခေါင်းတွေ့ရမှာပါ။ ဗမာပြည်သားတွေကတော့ တခုခြင်းသဘော ခွဲခေါ်ကြတာများပါတယ်။ ဆပ်ပြာ၊ ခေါင်းလျှော်ရည် စသည်ဖြင့်ပေါ့လေ။ တချို့ကတော့ အားလုံးပါအောင် သိမ်းပြီး ရေချိုးခန်းသုံးပစ္စည်းလို့ ခေါ်တတ်ပါတယ်။ အင်္ဂလိပ်လို Toiletries လို့ပြောသူတော့ မရှိသလောက်နည်းပါတယ်။
ခရစ္စမတ်စ်လိုအချိန်မျိုးဆို မျက်နှာမွဲပေါပေါပဲပဲ အဖိုးနည်းဝန်ပါ လက်ဆောင်လေးတွေပေးဖို့ တွေးကြတယ်ဆို အဲ့ဒါလေးတွေကိုပဲ မျက်စေ့ကျကြတာများပါတယ်။ အဲ့သလိုရာသီမျိုးဆို ဆိုင်တွေမှာလည်း တွိုင်းလက်ထရီးစ်တွေ လက်မလည်အောင် ရောင်းရတာကလား။ နောက်ပြီး အဲ့ဒါတွေက အထဲကပစ္စည်းအရည်အသွေးသာ မကောင်းရှိရင်ရှိရမယ် အပြင်ပန်းအလှနဲ့ ထုပ်ပိုးထားပုံတွေ ဒီဇိုင်းတွေကတော့ သွားရည်ကျချင်စရာများတယ် မဟုတ်လား။ သူဌေးသုံး နံမည်ကြီး အကောင်းစားဘရန်းဒ်တွေလည်း ရှိတာပေါ့ဗျာ။
အေဂျင်စီတွေ အဖွဲ့အစည်းတွေ ဌာနဆိုင်ရာတွ ကုပ္မဏီတွေက လုပ်သားတွေ ဝန်ထမ်းတွေ အမှုထမ်းတွေကိုလည်း ဆိုင်ရာအလိုက် လက်ဆောင်ပေးကြတယ်ဆို အဲ့ဒါတွေပဲ များပါတယ်။ လူအများကြီးကို ပေးရတာဆိုတော့ ဒါနဲ့မှကိုက်တာကိုး။ ခရစ္စမတ်စ်နား နီးပလားဆို ဖေါက်သည် Clients တွေနဲ့ တိုက်ရိုက်ဆက်ဆံရတဲ့အဖွဲ့အစည်းတွေ အေဂျင်စီတွေ ဆေးရုံတွေလိုဟာတွေက လူမှုလုပ်သားတွေ လူမှုဆက်ဆံရေးဌာနက လူတွေက ဘယ်ဖေါက်သည်တွေကိုတော့ ဘာလက်ဆောင်တွေပေးကြမယ်ဆိုကာ လူစာရင်း ပစ္စည်းစာရင်းတွေ ပြုစုရပါတယ်။ အဲ့သလိုပြုစုတဲ့အခါ ဖေါက်သည်တွေ လိုမယ်ထင်တာတွေ သတ်သတ်ပါရသလို တွိုင်းလက်ထရီးစ်တွေကတော့ လူတိုင်းအတွက် မပါမဖြစ်သဘော ပါကိုပါရပါတယ်။
ဖို့တ်ဝိန်းက ဗမာပြည်သားတချို့ Social Workers တွေအဖြစ် အလုပ်လုပ်ကြတဲ့ အေဂျင်စီတခုကလည်း ခရစ္စမတ်စ်နီးတော့ လက်ဆောင်ပေးရမယ့်လူနဲ့ ပစ္စည်းစာရင်းတွေ ပြုစုကြပါတယ်။ ပြုစုတဲ့အထဲမယ် ဗမာပြည်သားတယောက်လည်း ပါပါတယ်။ စာရင်းလုပ်နည်းက ပေးမယ့်ပစ္စည်းတွေကို အမယ်တူရာခေါင်းစဉ်အောက်မှာ ဘယ်ရွေ့ဘယ်မျှရှိကြောင်း မိုက်ခရိုဆော့အိပ်ဇဲလ်ကိုသုံးပြီး ကွန်ပြူတာပေါ်မှာလုပ်ပြီး အဝယ်တော်ဆီပို့ရတာပါ။ အဝယ်တော်က စာရင်းအတိုင်းဝယ်ပြီးမှ ခွဲတမ်းချကြတာပါ။
တနေ့တော့ ကျနော်လည်း ကိစ္စတခုရှိတာနဲ့ အဲ့ဒီဌာနရောက်သွားတယ် ကျနော် စကားပြောရမယ့်အမျိုးသမီးက ကွန်ပြူတာထဲ စူးစိုက်ပြီးအလုပ်ရှုပ်နေတာနဲ့ ကျနော်လည်း မလှမ်းမကမ်းကခုံမှာ ထိုင်နေတယ်။ ထိုင်နေတုန်း အမျိုးသမီးဆီက တသိမ့်သိမ့်ရယ်သံ ထွက်လာတယ်။ ကျနော်လည်း ဘာများပါလိမ့် ကွန်ပြူတာထဲ ဘာသဘောကျစရာ တွေ့သွားပါလိမ့်လို့ ဖြစ်သွားတယ်။ ချောင်းသံပေးလိုက်တော့မှ ကျနော်ရှိနေမှန်းသိသွားပြီး အရယ်ရပ်သွားတယ်။ ဒါပေယ့် ကျနော့်ဘက်လှည့်လိုက်တဲ့ သူ့မျက်နှာကြီးတခုလုံးကတော့ အပြုံးနဲ့အပြည့်ပဲ။ သူ့ အရီရောအပြုံးမှာပါ လှောင်သံလှောင်ဟန် တစက်မှမပါမှန်းတော့ သိသာပါတယ်။ ကျနော့်ကိုလည်း “မျိုး ဒီမှာ လာကြည့်စမ်းပါဦး”ဆိုပြီး ရယ်သံစွက် အပြုံးမျက်နှာနဲ့ သူ့ကွန်ပြူတာကို မေးထိုးပြတယ်။ ကြည့်တော့လည်း ကွန်ပြူတာမှာက အိပ်ဇဲလ်နဲ့စီထားတဲ့ ခရစ္စမတ်စ်လက်ဆောင်စာရင်းပဲ။ ရီစရာဆိုလို့ ဘာဆိုဘာမှကို မတွေ့တာ။
ဘာများလဲလို့ သူ့ကို ထပ်မေးတော့မှ ဒီမှာလေဆိုပြီး ပစ္စည်းအမယ်ခေါင်းစဉ်တခုကို လက်နဲ့ထောက်ပြတယ်။ ရေးထားတာက Toilet Trees တဲ့။ ဒီတော့မှ သြော်..ဒါ့ကြောင့်ကိုး လို့ ကျနော်ပါ ရောပြုံးမိတာပါပဲ။
“တို့က တခါတလေမှာ တချို့အင်္ဂလိပ်အသံထွက်တွေကို နားထဲကြား ကြားသလို လက်က ချရေးလိုက်မိတတ်တာမျိုးလည်းရှိသလို စကားလုံးဇစ်မြစ် မသိတာလည်းပါပါတယ်။ နောက်ပြီး တချို့မင်းတို့အသုံးတွေ စကားလုံးတွေကလည်း နားထွေးချင်စရာတွေရှိတယ် မဟုတ်လား။ ထွေးသွားတဲ့အခါ ပြန်မေးရမှာအားနာတာ ရှက်တာမျိုးတွေရှိတာကိုတော့ ဝန်ခံရမှာပါ”လို့ ကျနော်ဆိုတော့ သူက “စကားလုံးထွေးတယ်ဆိုတာ ဘာကိုပြောတာလဲ” လို့မေးတယ်။ “ဥပမာ မင်းတို့က Family Tree လို့ပြောတယ်ဆိုပါတော့ တို့က ဒါဟာ ဆွေစဉ်မျိုးဆက်ပြဇယားကိုပြောမှန်း တန်းသိတယ်။ အဲ့သလိုပဲ တွိုင်းလက်ထရီးစ်ကိုလည်း တို့နားလည်ပြီးသားလို့ထင်ပြီး မင်းတို့ကတော့ ပြောရိုးပြောစဉ်ပြောလိုက်တာပဲ။ ဒါပေမယ့် တို့နားထဲမှာက တွိုင်းလက်နဲ့ထရီးစ်က တလုံးခြင်းစီကွဲပြီး ဝင်သွားတာ။ အဲ့သလို ဝင်ပြီးရုံတင် ရပ်သွားတာမဟုတ်ဘူး။ ဆက်တွေးတာ။ တွိုင်းလက်ကိုလည်းသိတယ်၊ ထရီးစ်ကိုလည်း သိတယ်။ တပြိုင်တည်း စိတ်မျက်စေ့ထဲ Family Tree က ဆက်စပ်ပြီး ဝင်ချလာတာ။ ဟိုကလည်း ဆွေစဉ်မျိုးဆက် အဆက်လိုက်အတွဲကြီးမဟုတ်လား။ ဆိုတော့ ဒီ တွိုင်းလက်ထရီးစ်လည်း အဲ့သလိုပဲ ဆပ်ပြာ၊ သွားတိုက်ဆေး၊ သွားပွတ်တံ၊ ခေါင်းလျှော်ရည်၊ လက်ဆေးရည် စသည်ဖြင့်အတွဲသုံးပစ္စည်းတွေအဖြစ် တတွဲကြီးဝင်ချလာတာ။ ဒီတင် Toiletries ကို Toilet Trees လို့ စကားလုံးပုံက ခေါင်းထဲဝင်လာပြီး မေးရမှာအားလည်းနာ ရှက်လည်းရှက်တာနဲ့ ခေါင်းထဲပေါ်လာတဲ့အတိုင်း လက်က ချရေးမိတာဖြစ်မှာပဲ”လို့ တနံတလျားကြီး ရှင်းပြကာကွယ်မိတာပါပဲ။
ကျနော့်စကားဆုံးတော့ သူ့မျက်နှာမှာ သဘောပေါက်နားလည်သွားတဲ့အရိပ် လက်ကနဲပေါ်လာတယ်။ အပြုံးတွေလည်း မျက်နှာပြင်မှာ တွဲရရွဲခိုလို့။ ၂ ယောက်လုံးရဲ့ ကိုယ်စီအပြုံးတွေမှာ အလှောင်တွေစိုးစဉ်းမှမပါကြောင်း သိနေကြတာမို့ စိတ်ဟာ ကြည်သန့်နေသလို ခံစားမိတာပါပဲ။

သံဃာစင်မှဆင်းကာ သံဝါသသို့တက်သွားသူများ (မျိုးမြင့်ချို)

0 comments
(သံဃာစင်မှဆင်းကာ သံဝါသသို့တက်သွားသူများ)
အမေရိကားမှာလည်း တလင်တမယားစနစ်ပဲလို့ ဥပဒေအရပြဌာန်းထားပါတယ်။ နောက်အိမ်ထောင်ပြုချင်ရင် လက်ရှိအိမ်ထောင်နဲ့ တရားဝင်ပြတ်စဲကြပါတယ်။ ကွဲကြချိန်မှာ ကလေးငယ်တွေရှိပြီး မိခင်ဘက်က အုပ်ထိမ်းခွင့်ရထားတယ်ဆို ဖခင်ဘက်က ကလေးတွေအသက်ပြည့်ချိန်ထိ သူ့ဝင်ငွေအခြေအနေ ဇနီးဟောင်းရဲ့ဝင်ငွေအနေအထား စတာတွေကြည့်ပြီး ကလေးတွေအရွယ်ရောက်ချိန်အထိ ကလေးထောက်ပံ့ကြေး ဘယ်ရွေ့ဘယ်မျှပေးရမယ်လို့ ဆိုင်ရာတရားရုံးက ဆုံးဖြတ်ပေးပါတယ်။ ဒါလည်း တသမတ်တည်းတော့ မဟုတ်ပါ။ ခြွင်းချက်တွေဘာတွေ ရှိပါတယ်။
လင်မယားပြတ်စဲကြတဲ့အခါ ပိုင်ဆိုင်မှုခွဲဝေတာတွေကလည်း အခြားလူ့အဖွဲ့အစည်းများနည်းတူ ရှိပါတယ်။ ဓလေ့ထုံးထမ်းဥပဒေလိုဟာမျိုးတော့ သတ်သတ်ကြီးမရှိပါ။ လင်ခန်းမယားခန်းပြတ် စီရင်ရာမှာလည်း မိန်းမကို အားနွဲ့သူဆိုတဲ့သဘော သတ်မှတ်တာမျိုး၊ နစ်နာရသူဆိုတဲ့သဘော သတ်မှတ်တာမျိုးထက် တရားဥပဒေအညီအမျှ သက်ရောက်စေရေးရှုထောင့်ကကြည့်ပြီး စီရင်ဆုံးဖြတ်ကြတာမျိုးပါ။ မမျှတဘူးထင်ရင် ပြန်လှန်အမှုဖွင့်တာ တရားစွဲတာတွေလည်း လုပ်ကြပါတယ်။
အိမ်ထောင်ရှင်မိန်းမဟာ ယောက်ျားကိုမှီခိုနေရတဲ့ မီးဖိုချောင် ခြင်ထောင်ခန်းနဲ့ သားမွေးမှုမှာတင် အချိန်ကုန်ရတဲ့အဖြစ်ထက် ဝင်ငွေရှာနိုင်မယ့် အမှီအခိုကင်းမယ့်ဝန်းကျင်မျိုး အခြေအနေမျိုး ဖန်တီးပေးထားတာတွေလည်း ရှိပါတယ်။ လူတန်းစားဘဝ မလွတ်မြောက်သေးသရွေ့ မိန်းမရဲ့လွတ်မြောက်ခြင်းဟာလည်း အပြည့်မရှိနိုင်ဘူးဆိုတာ မှန်ပေမယ့် တချို့လူ့အဖွဲ့အစည်းတွေမှာလို လင်ယောက်ျားအပါအဝင် ယောက်ျားသားများရဲ့ တရားလွန်ဖိစီးဖိနှိပ်မှုကနေ အထိုက်အလျှောက် သက်သာရာရနေတာတော့ အမှန်ပါ။
လက်ထပ်ကြတဲ့အခါမှာတော့ လက်လုပ်လက်စား အခြေခံလူတန်းစားတွေကတော့ သာမန်သူလိုငါလိုပဲ လက်ထပ်ကြပေမယ့် ပိုက်ဆံရှိသူတွေကတော့ လက်မထပ်ခင် ကတည်းက သူပိုင်ကိုယ်ပိုင်ဓနတွေကို သီးသန့်စာရင်းလုပ်ထားပြီး ရှေ့နေရှေ့ရပ်နဲ့ စာချုပ်စာတမ်းနဲ့သက်သေထားတတ်ကြပါတယ်။ ညားပြီးမှဖြစ်လာတဲ့ လက်ထက်ပွား အစီးအပွားတွေကိုတော့ နှစ်ဦးဆိုင်အဖြစ် သတ်သတ်ထားပါတယ်။ အဲ့သလိုထားရတာက အိမ်ထောင်များ မတော်တဆပျက်ခဲ့ရင် ပိုင်ဆိုင်မှုအငြင်းမပွားရအောင်လို့ လို့ ဆိုပါတယ်။ လင်ခန်းမယားခန်းပြတ်စဲ စီးပွားခွဲကြတဲ့အခါ လက်ထက်ပွားပစ္စည်းကိုပဲခွဲဝေယူကြပြီး နဂိုပိုင်ဥစ္စာကို မျက်စောင်းသွားခဲလို့မဖြစ်ပါ။
ဒါကို နှစ်သက်သူတွေရှိသလို နှာခေါင်းရှူံ့သူတွေလည်းရှိပါတယ်။ ဓနရှင်အိမ်ထောင်ရေးရဲ့ သန္ဓေပါအပျက်အယွင်းလို့ ပြောသူပြောသလို လူ့တကိုယ်ရည်ဆိုင်ရာအခွင့်အရေးနဲ့ လွတ်လပ်မှုအဖြစ် ကောင်းချီးပေးသူပေးပါတယ်။
တခုတော့ ရှိပါတယ် မိန်းမကို မှီခိုသူသက်သက် မီးဖိုချောင် ခြင်ထောင်ခန်းနဲ့ သားမွေးမှုမှာပဲထားလိုတဲ့ မိန်းမရဲ့ခန္ဓာနဲ့လုပ်အားတင်မက ကာမကိုပါအပိုင်စီးထားလိုတဲ့ လူ့အဖွဲ့အစည်းတွေမှာတော့ အမေရိကန်မတွေရနေတဲ့ လွတ်လပ်အမှီအခိုကင်းမှုမျိုး မျှော်လင့်ဖို့မဖြစ်နိုင်ပါဘူး။ ဒီနေရာမှာ ခုပြောတဲ့လူ့အဖွဲ့အစည်းတွေရဲ့ ကာမပိုင်သတ်မှတ်ပြောဆိုချက်ဟာ ယောက်ျားပေါ်မှာထက် မိန်းမပေါ်ပို တဘက်စောင်းနင်းသဘောဆောင်ပါတယ်။ သဘောက လင်ငယ်ထားမိတဲ့မိန်းမကို လူ့အသိုင်းအဝိုင်းကနေ ကျဉ်ပစ်တာမျိုးတွေသာလုပ်ပေမယ့် မယားငယ်ထားတဲ့ယောက်ျားကြတော့ သာမန် နှာခေါင်းရှူံ့တာ မေးငေါ့တာလောက်နဲ့ ပြီးသွားတာမျိုးပါ။
ဒီမှာဖြစ်နေတဲ့ အိမ်ထောင်ရေးစီးပွားခွဲမှုကိစ္စက ဘာသာရေး လူမျိုးရေးမတူမှု အခြေခံကနေဖြစ်တာမဟုတ်ပဲ စီးပွားရေးဘဝအခြေခံကနေ ဖြစ်နေတာဆိုတာကိုတော့ သတိချပ်မိကြမှာပါပဲ။ သူ့ပုံစံ သူ့လူမှုစီးပွား သူ့ကုန်လုပ်ဆက်ဆံရေးပုံစံနဲ့ သူ့ဟာသူ အသားကျနေတာဖြစ်သလို အကောင်းအဆိုးတွေလည်းလည်း ဒွန်တွဲနေတာပါ။ ကျနော်တို့ ယေဘုယျသဘော နားလည်ထားချက်အရ အိမ်ထောင်ပြုတယ်ဆိုတာ စီးပွားရေးအရ၊ သွေးသားကိစ္စအရ၊ မျိုးဆက်တည်တန့်ပြန့်ပွားရေးအရ ဘဝတွေပေါင်းစည်းကြတာ မဟုတ်လား။ ဒီမှာကတော့ အိမ်ထောင်စီးပွားမှုဘဝကိုပဲ နှစ်ပိုင်းခွဲထားတာလို့ပြောလည်း မှားမယ်မထင်ပါဘူး။
ရွှေပြည်ကြီးမှာလည်း လူ့အခွင့်အရေးကို ကမ်းကုန်အောင် ဗလက်ကာယပြုထားတဲ့ မျိုးစောင့်ဥပဒေကြောင့် ဘာသာတူတူ/မတူတူ လူမိန်းမ လူယောက်ျားတွေ အိမ်ထောင်ပြုကြတော့မယ်ဆိုရင် မညားခင် သူပိုင်ကိုယ်ပိုင်က သတ်သတ် လက်ထက်ပွားကသတ်သတ် စာရင်းထားတာမျိုးတွေ ဖြစ်လာမယ်ထင်တယ်။ လင်မယားဆိုတာ တသက်လုံးပေါင်းရမယ်လို့ ဘယ်သူကမှ အတင်းအကျပ်ပြုရမယ့်ကိစ္စမှ မဟုတ်တာ။ အခြေအနေအမျိုးအမျိုး အကြောင်းရင်းခံအမျိုးတွေကြောင့် အချိန်မရွေးကွဲတာပြဲတာ အိုးသစ်အိမ်သစ်ထူထောင်တာတွေလည်း ရှိရမှာပါပဲ။
မိန်းမနဲ့ယောက်ျားအိမ်ထောင်ပြုတယ်ဆိုတာ ဘုရားကျောင်းမှာ ဘိသိတ်ဆရာရှေ့မှာ နှစ်ဘက်မိဘတွေရှေ့မှာ ဘုရားရှေ့မှာ သေသည်အထိ မဖေါက်ပြန်သောအချစ် မယွင်းသောမေတ္တာတွေနဲ့ ရိုးမြေကျတိုင်ပေါင်းပါ့မယ်လို့ ဘယ်လိုပဲသစ္စာရေတွေ သောက်သောက်၊ ဘယ်လိုပဲ စာချုပ်စာတမ်းတွေရှိရှိ၊ နှုတ်ကတိတွေထားထား၊ ဘယ်ဘုရားတွေပဲတိုင်တိုင် ဆက်ပေါင်းနေလို့ ပိုဆိုးဖို့ပဲရှိတော့တယ်လို့ နှစ်ဘက်စလုံးက ဒါမှမဟုတ် တဘက်ဘက်ကမြင်သွားပြီဆို ကိုယ့်လမ်း ကိုယ်လျှောက်ကြရတာပဲ မဟုတ်လား။
အိမ်ထောင်ရှိရက်နဲ့ (မိန်းမရော ယောက်ျားပါ) နောက်တယောက်နဲ့ ဇာတ်လမ်းဖြစ်ကြတာတွေကိုလည်း ဘေးအမြင်တွေနဲ့သွားဆုံးဖြတ်လို့ ဘယ်တော့မှ မမှန်နိုင်မယ့် သူတို့လင်မယားခြင်းသာသိတဲ့ လိင်မှုဘဝတွေလည်းရှိပါတယ်။ ဒါကိုသွားပြီး ဖမ်းဆီးထောင်ချတယ်ဆိုတာ အတော့်ကို စက်ဆုပ်ရွံရှာစရာ အော့နှလုံးနာစရာ ညာဏ်ပညာနည်းပါးမှုလို့ ပြောရမှာပါ။ ခုချိန်ကတည်းက ပြတ်ပြတ်သားသား ဆန့်ကျင်တိုက်ဖျက်မထားရင် နောက်ဆို ရှေး ဂျူးနဲ့ အာရဗ်လူ့အဖွဲ့အစည်းတွေကလို ခဲနဲ့ပေါက်သတ်တွေဘာတွေတောင် ဖြစ်လာမယ်ထင်တယ်။
လူတွေရဲ့ လိင်မှုဘဝ မိသားစုဘဝ စီးပွားရေးဘဝ မျိုးဆက်တည်တန့် ပြန့်ပွားရေးဘဝတွေထဲကပြဿနာတွေကို တရားမျှတတဲ့၊ ဘယ်ဘာသာရေး ဘာလူမျိုးရေးအစွဲမှ အစွန်းမှမပါတဲ့ချဉ်းကပ်မှုမျိုး ဥပဒေမျိုးနဲ့သာ ထိန်းသိမ်းပေးရမှာပါ။
သံဃာစင်နဲ့ထိုက်တဲ့သူမှန်ရင် သံဝါသထဲခေါင်းတိုးမဝင်ပါဘူး။